🐍Chapter 121
အချိန်များ တရွေ့ရွေ့ ကုန်ဆုံးသွားသလို နွေဦးမှသည် ဆောင်းသို့ ပြောင်းခဲ့ပြန်သည်။ မြွေပေါက်လေးများ၏ ကြီးထွားမှုနှုန်းက ယင်ရှောင်ရှောင်း ထင်ထားသည်ထက်ပင် ကျော်လွန်နေသည်။ ငါးနှစ်အတွင်း မြွေပေါက်လေးများက တစ်မီတာကျော် အရှည်ရှိနေပြီ ဖြစ်သည်။ ပုံမှန်အားဖြင့် သူတို့၏ ခန္ဓာကိုယ်မှာ ယင်ရှောင်ရှောင်းနှင့် မော့လောင်တတို့အား မယှဥ်နိုင်သေးသော်လည်း ယခင်ကထက် ပိုပြီး ထုထည်ကြီးမားလာသည်။ ကိုးကောင်မြောက်လေးမှာမူ သူ့ကြီးထွားမှုနှုန်းက ယင်ရှောင်ရှောင်းကို ဆွံ့အသွားစေသည်။ ဒီလောက် ထွားကျိုင်းလာဖို့ အဲဒီကလေး ဘာတွေစားမှန်း သူတကယ်မသိပေ။ အခြားမြွေပေါက်ငယ်များနှင့် ယှဥ်လျှင် သူ့ကြီးထွားမှုနှုန်းက အလွန်မြန်ဆန်နေခြင်း ဖြစ်သည်။
မနက်စောစောစီးစီး ယင်ရှောင်ရှောင်း အိပ်ရာမှ နိုးလာပြီး အသိလည်လာသောအခါ ဂူပတ်ပတ်လည်ကို ကြည့်လိုက်မိသည်။ မော့လောင်တကိုတော့ ဘယ်နေရာမှာမှ မမြင်မိချေ။
ယင်ရှောင်ရှောင်း၏ အတော်အသင့် ကောင်းမွန်နေသော စိတ်အခြေအနေလေးမှာ လုံးလုံး ပျက်စီးသွားရတော့သည်။ ဒီလောက်ဆိုရင် တော်လောက်ပြီ! ယင်ရှောင်ရှောင်း စိတ်ထဲတွင် ခါးခါးသီးသီး တွေးလိုက်မိသည်။ အစပိုင်းမြွေ ပေါက်လေးများ ငယ်ရွယ်စဥ်အချိန်က သားကောင်များကို ဖမ်းပြီးရှာကျွေးရန် တဟေးတန်အတွက် လွယ်ကူခဲ့သည်။ သို့သော် ထိုမြွေငယ်များ တဖြေးဖြေး ကြီးလာသည်နှင့် သူတို့ကို ကျွေးရမည့် အစာပမာဏသည်လည်း ကြီးလာခဲ့သည်။ ထို့ကြောင့် တစ်နေ့မှာ အားအားယားယားနေလိုက် နောက်တစ်နေ့မှာ အသေအကျေ ပင်ပန်းပြီး အစာထွက်ရှာလိုက် မဖြစ်ရလေအောင် တဟေးတန်က မြွေငယ်များ၏ အစားစားချိန်ကို ပြောင်းလဲပြီး သူကိုယ်တိုင် နေ့တိုင်း အမဲလိုက်ထွက်ခဲ့သည်။ မြွေငယ်များ ဗိုက်ပြည့်ရလေအောင် နေ့တိုင်းဆိုသလို နေ့တစ်ဝက်လုံးလုံး အစာရှာထွက်သည်။ ထိုသို့နှင့် သူနှင့် တဟေးတန် နှစ်ကောင်တည်း တစ်နေကုန် အတူရှိရသည့် နေ့ရက်များ မရှိတော့သည်မှာ ကြာလှပြီဖြစ်သည်။
ယင်ရှောင်ရှောင်း ဒေါသတကြီးနှင့် ဂူအပြင်သို့ ထွက်လာလိုက်ရာ ဂူရှေ့ကွင်းပြင်ကျယ်ကြီးတွင် နေပူဆာလှုံရင်း လဲလျောင်းနေသည့် မြွေငယ်ကိုးကောင်ကို တွေ့လိုက်ရသည်။
ယင်ရှောင်ရှောင်း ဂူထဲမှ ထွက်လာသည်ကို ပထမဆုံး တွေ့လိုက်သူမှာ ပိုင်ကျားဟေး ဖြစ်သလို တစ်ပြိုင်နက်တည်းတွင် ယင်ရှောင်ရှောင်း မျက်နှာပေါ်မှ ဒေါသကိုလည်း သတိထားမိသွားသည်။ ထို့ကြောင့် ပိုင်ကျားဟယ် ဇဝေဇဝါနှင့် လဲလျောင်းနေရာမှ ထရပ်လိုက်သည်။ အခြား မြွေငယ်ရှစ်ကောင်လည်း ယင်ရှောင်ရှောင်းကို သတိထားမိသွားပြီး တစ်ကောင်ပြီး တစ်ကောင် ထလာကြသည်။
မော့ရှောင်မန်းက ယင်ရှောင်ရှောင်းနှင့် မျက်နှာချင်းဆိုင် လာရပ်ပြီး ပျော်ပျော်ရွှင်ရွှင် အပြုံးလေးနှင့် ပြောလာသည်။
"ပါပါး... နိုးပြီပေါ့"
ယင်ရှောင်ရှောင်းလည်း သူ့မျက်နှာထက်ရှိ ဒေါသထွက်နေသော အမူအရာကို အတတ်နိုင်ဆုံး ဖယ်ရှားပြီး စိတ်တည်ငြိမ်အောင် အသက်ဝဝ ရှူလိုက်သည်။ ထို့နောက် အပြုံးတစ်ခု ပန်ဆင်လျက် ညင်သာစွာ မေးလိုက်သည်။
"ရှောင်မန်း...သားတို့ဖေဖေဘယ်မှာလဲ"
"ဖေဖေကအစာသွားရှာတယ်လေ"
ရှောင်မန်းက ခေါင်းလေးစောင်းငဲ့ရင်း ချစ်စဖွယ်ကောင်းစွာ ပြန်ဖြေလာသည်။ ကံမကောင်းစွာဖြင့် ယခုအချိန်တွင် ယင်ရှောင်ရှောင်းက ရှောင်မန်း ချစ်စရာကောင်းကောင်း မကောင်းကောင်း ဂရုမစိုက်အားပေ။
မော့ရှောင်မန်း၏ အဖြေကြောင့် ယင်ရှောင်ရှောင်း မအံ့ဩမိသလို သူပိုပြီး စိတ်ဆိုးမာန်ဆိုး ဖြစ်သွားသည်။ မျက်စောင်းထိုးကာ သူ့ရှေ့ရှိ မြွေငယ်များကို ခပ်တည်တည်ကြည့်လျက် ပြောလိုက်သည်။
"ကလေးတို့...စည်းလုံးမှုဆိုတာဘာလဲသိလား"
"စည်းလုံးမှု"
ကလေးငယ်များက တစ်ခဏမျှ စဥ်းစားပြီး ခေါင်းယမ်းပြလာကြသည်။
ယင်ရှောင်ရှောင်းက ဆက်ပြောသည်။
"ကိုယ့်ကိုယ်ကိုယ် သန်မာတယ်လို့ ထင်ကြလား"။
ထိုမေးခွန်းအဆုံး ပိုင်ကျားဟယ်မှလွဲ၍ ကျန်မြွေငယ်များက ခေါင်းခါလာကြသည်။
ထိုအခါ ယင်ရှောင်ရှောင်းက တရစပ်ပြောသည်။
"အဲဒါဆိုရင်...ကလေးတို့သန်မာပြီးအင်အားကြီးချင်ကြလား"
ပိုင်ကျားဟယ်မှလွဲ၍ ကျန်မြွေငယ်များက အသည်းအသန် ခေါင်းညိတ်ကြပြန်သည်။
"သိပ်ကောင်းတယ်"
ယင်ရှောင်ရှောင်းက အသံမြှင့်ပြီး ပြောလိုက်သည်။
"စည်းလုံးမှုက ကလေးတို့ကို ပိုပြီး သန်မာအားကြီးစေတယ်... တစ်ခြားမြွေတွေက သားတို့ကို အနိုင်ကျင့်ချင်ရင်တောင်မှ သားတို့ စည်းလုံးနေရင်... သူတို့ အနိုင်ကျင့်လို့ရမှာ မဟုတ်ဘူး"
ယင်ရှောင်ရှောင်းက တစ်ခဏမျှ ရပ်လိုက်ပြီး ဆက်ပြောသည်။
"ယင်ရွှမ်ကျန်း...သားတို့ယင်မြွေလေးကောင်က...တစ်ကောင်တည်းအားနဲ့ဆိုရင်အားကြီးတဲ့မြွေပွေးတွေကိုအနိုင်မပိုင်းနိုင်ဘူးဆိုပေမဲ့...သားတို့တွေစည်းစည်းလုံးလုံးနဲ့စုပေါင်းပြီးတိုက်ခိုက်ရင်...တစ်ဖက်ရန်သူထက်ပိုပြီးအားကြီးလာမှာ"
ယင်ရှောင်ရှောင်း၏ ဩဝါဒစကားကြောင့် မြွေငယ်များမှာ အလွန်တရာမှ စိတ်အားထက်သန်လာကြပြီး အင်အားကြီးလာစေရန် မည်သို့မည်ပုံ ပြုမူဆောင်ရွက်ရမည်ကို သိချင်နေကြသည်။
ယင်ရှောင်ရှောင်းက ပိုပြီးပြုံးလာကာ ဆက်ပြောပြန်သည်။
"ပါပါးမေးမယ်...ပါပါးတို့မြွေပွေးမျိုးနွယ်စုတွေထဲမှာ...လက်တွဲဖော်ကတော့ထားလိုက်ပါ...လက်တွဲဖော်မရှိသေးတဲ့အချိန်မှာတစ်ကောင်တည်းလျှောက်သွားနေတဲ့မြွေပွေးမျိုးရှိလို့လား"
မြွေငယ်များက ခေါင်းညိတ်သည်။
"ယင်မြွေတစ်ကောင်ကဟုန်မြွေတစ်ကောင်နဲ့ထိပ်တိုက်ရင်ဆိုင်ရရင်...ယင်မြွေအနိုင်ရဖို့ကသိပ်ပြီးအလားအလာမရှိဘူး...ဒါပေမဲ့ယင်မြွေနှစ်ကောင်လောက်နဲ့ဟုန်မြွေတစ်ကောင်ထိပ်တိုက်တွေ့ခဲ့ရင်ရော...ယင်မြွေနှစ်ကောင်ကသူတို့အချင်းချင်းစည်းစည်းလုံးလုံးနဲ့ပူးပေါင်းပြီး...ဟုန်မြွေကိုရင်ဆိုင်လိမ့်မယ်ဆိုပါစို့...အဲဒီလိုဆိုရင်...ယင်မြွေကဟုန်မြွေကိုနိုင်လိမ့်မယ်လို့ထင်လား"
ထိုစကားအဆုံး မြွေငယ်များက တစ်ကောင်နှင့်တစ်ကောင် ကြည့်နေကြသည်။ သူတို့၏ စိတ်ထဲတွင် တစ်ခုခုကို နားလည်လာသလို ခံစားရသည်။
"ဒီလိုအင်အားမျိုးက...လက်တွဲဖော်မရှိသေးတဲ့အချိန်မှာပဲသုံးဖို့ပြောတာနော်...ဘယ်လိုပဲဖြစ်ဖြစ်ကိုယ့်ရဲ့ဘဝလက်တွဲဖော်က...ကြားလူဝင်လာမှာကိုသဘောကျမှာမဟုတ်ဘူးလေ...ဒါပေမဲ့သားတို့သိထားရမှာက...သိပ်မကြာခင်ရောက်လာတော့မဲ့အနာဂတ်အချိန်မှာ...ပါပါးနဲ့ဖေဖေကသားတို့ကို....သားတို့ရဲ့ဘဝလက်တွဲဖော်ကိုရှာဖွေဖို့အတွက်...တစ်ကောင်တည်းအပြင်ထွက်ခိုင်းလိမ့်မယ်ဆိုတာပဲ...ကိုယ်ရဲ့လက်တွဲဖော်ကိုတစ်ချို့ကတော့ချက်ချင်းရှာတွေ့သွားကြပေမဲ့...တစ်ချို့ကလည်းနှစ်နဲ့ချီကြာတာရှိတယ်...အဲဒီအချိန်မှာစည်းလုံးညီညွတ်မှုကအရေးအကြီးဆုံးပဲ"
မြွေငယ်များက အသေအချာ ဂရုတစိုက် နားထောင်နေကြသည်။ ယင်ရှောင်ရှောင်း၏ ရှည်လျားထွေပြားလှသော ဩဝါဒကို နားထောင်ပြီးနောက် မော့ကျင်းကျီက တွန့်ဆုတ်တွန့်ဆုတ်နှင့် မေးလာသည်။
"ဒါပေမဲ့ပါပါးရယ်....မြွေပွေးတွေကအချင်းချင်းဖော်ဖော်ရွေရွေရှိကြတယ်မဟုတ်ဘူးလား...ယင်မြွေနဲ့ဟုန်မြွေကဘာလို့တိုက်ခိုက်ကြမှာလဲ"
ထိုအခါ ဘေးတွင်ရှိနေသည့် ပိုင်ကျားဟေးက တိတ်တဆိတ် ပြုံးလိုက်သည်။
ယင်ရှောင်ရှောင်းက စကားလမ်းကြောင်း ပြောင်းလိုက်သည်။
"အဲဒါဆိုရင်ပါပါးကထပ်မေးမယ်...ဘယ်လိုတိရစ္ဆာန်မျိုးကိုစားရတာအကြိုက်ဆုံးလဲ"
အစားအသောက်အကြောင်း ပြောသောအခါမြွေငယ်များ၏ မျက်ဝန်းများက တစ်လက်လက် တောက်ပလာသည်။
"သားကခြင်္သေ့သားကြိုက်တယ်"
"ကျား"
"ကျားသစ်ကမှအရသာရှိတာ"
"သစ်ကုလားအုတ်ကအရသာအရှိဆုံးပဲ"
မြွေငယ်တစ်ကောင်ချင်းစီက အစားအသောက် အကြိုက်မတူကြသောကြောင့် ဖြေလာသည့် အဖြေများကလည်း တစ်ယောက်တစ်ပေါက်နှင့် ကွဲပြားသည်။
ထိုမြွေငယ်များကို ကြည့်ရင်း ယင်ရှောင်ရှောင်း တိတ်တခိုး သက်ပြင်းချလိုက်မိသည်။ တစ်ကောင်တစ်ပေါက် ပြောနေကြသော အသံများ ငြိမ်သွားမှ ယင်ရှောင်ရှောင်းလည်း ဆက်ပြောသည်။
"အဲဒါဆိုရင်...အနာဂတ်မှာသားတို့တစ်ကောင်တည်းနေတဲ့အချိန်ကျရင်...ကိုယ့်အကြိုက်ဆုံးသားကောင်ကိုဖမ်းနိုင်မလား"
ယင်ရှောင်ရှောင်း၏ စကားအဆုံး မြွေငယ်လေးများမှာ ပြဿနာတစ်ခုခု ရှိနေကြောင်း သဘောပေါက်သွားကြသည်။
ယခုအချိန်အထိ သူတို့စားသမျှကို ဖေဖေကိုယ်တိုင် ရှာဖမ်းပေးလာခြင်း ဖြစ်သည်။ ဒါပေမဲ့ သူတို့ဖေဖေက ဘယ်သူမလို့လဲ။ မြွေပွေးမျိုးနွယ်စုရဲ့ ခေါင်းဆောင် တစ်ဖြစ်လဲ အင်အားအကြီးဆုံး မြွေပွေးတစ်ကောင် ဖြစ်သည်။ ဖေဖေက သားကောင်များကို ကိုယ်တိုင်ဖမ်းနိုင်သော်လည်း သူတို့ကမူ ကိုယ်တိုင်မဖမ်းနိုင်သေးပေ။ သူတို့ညီအစ်ကိုများထဲတွင် မော့မြွေများ ပါသော်လည်း မော့မြွေတိုင်းက သားကောင်းဖမ်းနိုင်စွမ်း ရှိကြသည်မဟုတ်ချေ။
သူလိုချင်တဲ့ အမူအရာမျိုး မြွေငယ်များ၏ မျက်နှာထက်တွင် ပေါ်လာသောအခါ ယင်ရှောင်ရှောင်း အလွန်ကျေနပ်သွားသည်။ မြွေငယ်လေးများက သူ့ထောင်ချောက်ထဲ ဝင်လာပြီ ထင်ပါရဲ့။
"မင်းတို့မှာအဖြေရှိလိမ့်မယ်လို့ပါပါးယုံတယ်"။
ယင်ရှောင်ရှောင်းက ဆက်ပြောသည်။
"တစ်ကောင်တည်းဆိုရင် သားကောင်တွေကို ဖမ်းနိုင်လောက်မှာ မဟုတ်ဘူးဆိုပေမဲ့... ကိုးကောင်လုံး အတူတူ တညီတညွတ်နဲ့ စည်းစည်းလုံးလုံး ဝိုင်းဖမ်းကြရင် သားကောင်တွေကို လွယ်လွယ်လေးနဲ့ ဖမ်းနိုင်လိမ့်မယ်"
"ပါပါးပြောတာမှန်တယ်"
ယင်တဟန်က အရင်ဆုံး ထောက်ခံပြောဆိုလာသည်။
"ကိုယ်ကြိုက်တဲ့ အစားအစာ စားနိုင်ဖို့အတွက်... သားတို့က စည်းစည်းလုံးလုံးနဲ့ အတူတူ အမဲလိုက်ရမယ်"
မော့ချင်မင်းကလည်း လိုက်ပြောသည်။
ပိုင်ကျားဟေးမှလွဲ၍ အခြားမြွေငယ်များက သားကောင်များကို အမဲလိုက်ရန်အတွက် အတူတကွ စုပေါင်းလုပ်ဆောင်ကြမည်ဟု ဆုံးဖြတ်လိုက်ကြသည်။
ယင်ရှောင်ရှောင်းလည်း နောက်ဆုံးတွင် သူရည်ရွယ်ထားသည့် အချက်ကို ပေါ်လွင်အောင် ပြောတော့သည်။
"ကဲ... အခု သားကောင်အတူဖမ်းဖို့ ဆုံးဖြတ်လိုက်ကြပြီဆိုတော့... လက်တွေ့ အကောင်အထည် ဖော်ကြတော့လေ... အဖွဲ့လိုက် အမဲလိုက်မယ်ဆိုရင် အချင်းချင်း နားလည်မှုရယ်... ပူးပေါင်းလုပ်ဆောင်မှု ကောင်းဖို့လိုအပ်တယ်...အဲ ဒီအတွက်ဆိုရင် လေ့ကျင့်မှုနဲ့ အချိန်လည်းလိုတယ်... ဒါမှမဟုတ် အချိန်ပေး မလေ့ကျင့်ပဲနဲ့ သားကောင်တစ်ကောင် ဖမ်းနိုင်မယ်လို့ ကိုယ့်ဘာသာကိုယ် ထင်နေကြတာလား... အဲဒီလိုတွေးနေရင်တော့ လုံးဝမဖြစ်နိုင်ဘူးလို့ ပြောပါရစေ... အမဲလိုက်ဖို့အတွက် ကလေးတို့ အများကြီး အချိန်ပေးပြီး လေ့ကျင့်ရဦးမယ်"
"အဲဒါဆိုရင်...သားတို့ကဘယ်လိုလုပ်ရမှာလဲ"
မော့ပိုင်လုက မေးလာသည်။
ယင်ရှောင်ရှောင်းက တစ်ခဏမျှ စဥ်းစားချင်ယောင်ဆောင်ပြီး ပြောလိုက်သည်။
"ဒီလိုလုပ်ကြရအောင်...မနက်ဖြန်ကနေစပြီးသားတို့ဖေဖေကိုအမဲလိုက်မထွက်ခိုင်းတော့ဘူး...အဲဒီအစားသားတို့ဘာသာသားတို့အမဲလိုက်ရမယ်...ဒီလိုမျိုးများများလေ့ကျင့်ပေးမှသားတို့အချင်းချင်းကြားထဲကပူးပေါင်းလုပ်ဆောင်မှုတွေတိုးတက်လာလိမ့်မယ်"
မြွေငယ်လေးများက ယင်ရှောင်ရှောင်း၏ နည်းလမ်းကို အလွန်အမင်း သဘောတူထောက်ခံကြသည်။ သူတို့အားလုံး မနက်ဖြန်ကို စိတ်လှုပ်ရှားစွာ စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။
ဘေးတွင် တစ်ချိန်လုံး တိတ်တဆိတ် နားထောင်နေသည့် ပိုင်ကျားဟေးက နောက်ဆုံးတွင် သူ့ပါပါးပြောလိုက်သော စကားလုံးများ၏ အကြံအစည်နှင့် ရည်ရွယ်ချက်ကို သဘောပေါက် နားလည်သွားသည်။ ထို့နောက် မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
"သားမသွားဘူးနော်"
"ဟင်...ဘာလို့လဲ"
ယင်ရှောင်ရှောင်းက မေးလာသည်။
"ဘာလို့လဲဆိုတော့..."
ပိုင်ကျားဟေး ယင်ရှောင်ရှောင်းအား ခပ်ရေးရေး ပြုံးပြလိုက်သည်။
"သားရဲ့အကြိုက်ဆုံးအစားအစာကယုန်လေ...ယုန်တစ်ကောင်ကိုဖမ်းဖို့အတွက်အဖွဲ့လိုက်ကြီးသွားစရာမှမလိုတာ"
အာ... ဒီလိုဆိုရင် တဟေးတန်က ကိုးကောင်မြောက်လေးအတွက် အစာထွက်ရှာပေးရဦးမှာပေါ့။ ယင်ရှောင်ရှောင်း စိတ်ထဲတွင် မချိတင်ကဲ ဖြစ်သွားသည်။ သူလိုချင်တာ ဒီလိုအခြေအနေ မဟုတ်ခဲ့ပေ။
"ဒါပေမဲ့...ယုန်တစ်ကောင်လောက်ကိုတော့သားဘာသာသားဖမ်းတတ်ပါတယ်...ဖေဖေဖမ်းပေးစရာမလိုပါဘူး"
ပိုင်ကျားဟေးက ဆက်ပြောလာသည်။
ထိုအခါမှ ယင်ရှောင်ရှောင်းလည်း စိတ်အေးသက်သာသွားကာ သက်ပြင်းချနိုင်တော့သည်။
ဒီလိုပုံစံမျိုး ဘယ်အဖေကမှ လုပ်ပေးမှာ မဟုတ်ဘူး။
"အရူးပေါက်လေး...နိုးနေပြီလား"
မော့လောင်တ ပြန်ရောက်လာပြီး သူ့ပါးကို လှစ်ကနဲ နမ်းတော့မှ အတွေးနယ်ကျွံနေသော ယင်ရှောင်ရှောင်း အသိပြန်ဝင်လာတော့သည်။ ခြင်္သေ့အသေတစ်ကောင်နှင့်အတူ ပြန်လာသော မော့လောင်တကို မြင်သောအခါ ယင်ရှောင်ရှောင်း နှာခေါင်းရှုံ့လိုက်မိသည်။
"တဟေးတန်...ခင်ဗျားကတကယ်နှေးတာပဲ"
"အင်း"
မော့လောင်တက သားကောင်ကို ပစ်ချကာ ယင်ရှောင်ရှောင်း၏ နှုတ်ခမ်းပါးကို လှမ်းနမ်းရင်း အပြုံးလေးဖြင့် ပြောလာသည်။
"အချစ်လေးအတွက်... ကိုယ် ပျားရည်တွေ ယူလာပေးတယ်... ဒါပေမဲ့ ပျားအုံကိုလည်းသယ်ရ... ခြင်္သေ့ကိုလည်း ဆွဲလာရတော့... မမှောက်ကျအောင် အသေအချာ ဖြည်းဖြည်းချင်း သွားနေရတယ်လေ"
"ဟင်...ပျားရည်လား"
ယင်ရှောင်ရှောင်း အပျော်လွန်သွားကာ မော့လောင်တရှေ့မှ ဖြတ်ပြေးသွားတော့သည်။ သို့သော် မော့လောင်တက ယင်ရှောင်ရှောင်းကို ပျားရည် အကန့်အသတ်နှင့် စားရန် ထိန်းချုပ်ထားသောကြောင့် ယင်ရှောင်ရှောင်း အဆက်မပြတ် ညည်းညူနေမိသည်။
ပျော်ရွှင်စွာဖြင့် မျက်လုံးများ မှေးကျဥ်းလျက် ပျားရည်စားနေသော ယင်ရှောင်ရှောင်းကို မော့လောင်တက အချစ်အပြည့်ဖြင့် ကြည့်နေသည်။ မြွေငယ်များကလည်း သူတို့မျက်စိရှေ့ရှိ ပျော်ရွှင်ဖွယ်မြင်ကွင်းကို ကြည့်ရင်း ရယ်နေကြသည်။ ထို့နောက် မော့လောင်တနှင့် ယင်ရှောင်ရှောင်းကို သီးသန့်အချိန်နေရာပေးရန် တစ်ကောင်ပြီးတစ်ကောင် ထွက်သွားကြတော့သည်။ ပိုင်ကျားဟေးက နောက်ဆုံးမှ ထွက်သွားသည်။ မထွက်သွားမီ ပိုင်ကျားဟေးက မော့လောင်တကို "ဟွန်း" ကနဲ အသံနှစ်ခါ ပြုသွားသည်။ မွေးတည်းက နှစ်ကောင်သား အစေးမကပ်သောကြောင့် မော့လောင်တလည်း ပိုင်ကျားဟေးကို လျစ်လျူရှုထားလိုက်သည်။
ညနေစောင်းအချိန် ဂူအနက်ဆုံးအပိုင်းထဲတွင် မြွေငယ်လေးများက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြသည်။ ထိုစဥ် တစ်ချိန်လုံး နိုးနေသည့် ယင်ရှောင်ရှောင်းက မော့လောင်တကို ထိုးဆိတ်လိုက်သည်။
ထိုအခါ မော့လောင်တက ချက်ချင်းနိုးလာသည်။
"ဟင်...ဘာလဲ"
ယင်ရှောင်ရှောင်းက မော့လောင်တအနားသို့ ကပ်လာရင်း နားအနားတွင် တီးတိုးပြောလိုက်သည်။
"တဟေးတန်...မနက်ဖြန်ကနေစပြီးကလေးတွေအတွက်ခင်ဗျားအမဲလိုက်ထွက်စရာမလိုတော့ဘူး"
"ဘာလို့လဲ"
မော့လောင်တကဇဝေဇဝါနှင့်ပြန်မေးသည်။
ထိုသို့နှင့် ယင်ရှောင်ရှောင်းလည်း နေ့ခင်းပိုင်းက အကြောင်းအရာများကို အကျဥ်းချုပ်ပြီး ပြန်ပြောလိုက်မိသည်။
"အခုကနေစပြီး...ကျွန်တော်မနိုးမချင်း...ခင်ဗျားကျွန်တော်နဲ့အတူအိပ်လို့ရပြီ"
မနက်နိုးလာချင်းချင်း ယင်ရှောင်ရှောင်း အရင်ဆုံးမြင်ချင်သည့် အရာမှာ မော့လောင်တပင် ဖြစ်သည်။ ညအိပ်ရာဝင်သည့် အခါတိုင်းတွင်လည်း မော့လောင်တ၏ ရင်ခွင်ထဲတွင်သာ အိပ်စက်လိုသည်။
မော့လောင်တက အချိန်အတော်ကြာ တိတ်ဆိတ်သွားသည်။
"ကိုယ်တောင်းပန်ပါတယ်"
"ခင်ဗျားအမှားမှမဟုတ်ပဲ"
"နောက်ထပ် နှစ်နှစ်ပဲ စောင့်လိုက်နော်... နောက်နှစ်နှစ်နေရင် ကိုယ်သူတို့အားလုံးကို မောင်းထုတ်ပေးမယ်... အဲဒီအခါကျရင် ကိုယ်တို့နှစ်ကောင်တည်းပဲ"
"အင်း...ကျွန်တော်တို့နှစ်ကောင်တည်း"
မျှော်လင့်ထားသလိုပင် မနက်အစောပိုင်းတွင် မြွေငယ်များက ရဲရင့်တက်ကြွစွာဖြင့် ဂူထဲမှ ထွက်သွားကြပြီး မော့လောင်တက ယင်ရှောင်ရှောင်း မနိုးမချင်း ရစ်ပတ်ဖက်တွယ်ထားသည်။
ထိုအချိန်မှစ၍ မော့လောင်တ ပိုပြီး သက်သောင့်သက်သာ ဖြစ်သွားကာ မြွေငယ်လေးများ မရှိခင်အချိန်ကလို ပြန်ဖြစ်သွားသည်။ ယင်ရှောင်ရှောင်းကလည်း အတော်လေး စိတ်ကျေနပ်နေသည်။ သို့သော် မြွေငယ်လေးများ၏ အမြင်တွင်မူ ဤအရာက သိပ်ကောင်းသည့်အရာတော့ မဟုတ်ပေ။ မည်သို့ပင်ဆိုစေ သူတို့အားလုံးက ငယ်လွန်းပြီး အဆိပ်ကလည်း သိပ်မပြင်းသေးပေ။ ထို့အပြင် သူတို့၏ အစွယ်များကလည်း တိရစ္ဆာန်တို့၏ မာကျောသော အစိတ်အပိုင်းတစ်ချို့ကို မထိုးဖောက်နိုင်သေးချေ။
မြွေငယ်များက နောက်ပြန်လှည့်ကာ လက်လျှော့ချင်သော်လည်း ယင်ရှောင်ရှောင်းက ဆက်ကြိုးစားရန် အချိန်တိုင်း အားပေးသည်။ မော့လောင်တနှင့် ချစ်ကြည်နူး တစ်တီတူးနေသည့် အချိန်များကို ယင်ရှောင်ရှောင်းက ဖျက်စီးခွင့်ပေးမည် မဟုတ်ပေ။
ထို့ကြောင့် မြွေငယ်များလည်း အံကြိတ်ကာ တောင့်ခံနေရသည်။ သို့သော် မကြာမီတွင် အောင်မြင်မှု၏ ချိုမြိန်သော အရသာကို သူတို့ မြည်းစမ်းခွင့် ရသွားသည်။ သူတို့၏ ကိုယ်ပိုင်အစွမ်းအစကို သုံးပြီး သားကောင်ဖမ်းနေနိုင်ပြီ ဖြစ်သည်။ ရလဒ်အနေနှင့် မြွေငယ်များက သားကောင်ဖမ်းရန် ပိုပိုပြီး စိတ်အားထက်သန်လာကြသည်။ ယင်ရှောင်ရှောင်း မြတ်နိုးတန်ဖိုးထားရသော အိပ်မက်လေးကလည်း အမှန်တကယ် ဖြစ်လာခဲ့သည်။
[🤣🤣🤣 ကလေးတွေဘဝကမလွယ်ကူနေဘူး]