အခန်း (၂၀) မစ္စထန်၊ မြို့တော်ဝန် ထန်ဆီ ဖုန်းဆက်ဖို့ လိုမလား
Viewers 666


ထန်မော့အာ၏ လှပသောမျက်နှာလေးမှာ ခဏချင်းပင် သေလူကဲ့သို့ ဖြူလျော့သွားပြီး နဖူးတွင် အကြောများထောင်ကာ အသက်ကို ပြင်းပြင်းရှူနေရသည်။ 


သူမသည် တစ်သက်လုံး အလိုလိုက်ခံခဲ့ရသူဖြစ်ရာ ယခုကဲ့သို့ နာကျင်မှုကို တစ်ခါမှ မခံစားခဲ့ဖူးပေ။ 


သူမ၏ နဖူးပေါ်တွင် ချွေးစေးများ ထွက်လာသည်ကို ခံစားမိပြီး ခါးကို ကာကွယ်သည့်အနေဖြင့် လက်ဖြင့် မြဲမြဲဆုပ်ကိုင်ထားမိသည်။


ခဏအကြာတွင် ဒေါသတကြီး အော်ဟစ်သံတစ်ခု လေထဲတွင် ဟိန်းထွက်လာ​၏။


"မင်းတို့လူတွေ ဒီမှာ ဘာလုပ်နေကြတာလဲ"


"လမ်းဖယ်ပေးကြစမ်း"


ဈေးဝယ်စင်တာမှ ငှားရမ်းထားသော လုံခြုံရေးအဖွဲ့နှင့် အနက်ရောင်ဝတ်စုံဝတ် သက်တော်စောင့်များမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေသောနေရာသို့ ပြေးဝင်လာကြသည်။ 


သူတို့သည် လူအုပ်ကို ရှင်းထုတ်လိုက်ပြီး စုကျယ် ဖြတ်သန်းသွားနိုင်ရန် လူသားတံတိုင်းတစ်ခု ပြုလုပ်ပေးလိုက်ကြသည်။ 


စုကျယ်သည် ငုံ့လိုက်ပြီး ဒဏ်ရာအပြင်းအထန်

ရထားသော ဟန်ရှောင်းဝမ်ကို ပွေ့ချီလိုက်ကာ ထန်မော့အာကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။


"ထန်မော့အာ၊ ရှောင်းဝမ်က မင်းရဲ့ညီမအရင်းပဲ"


"သူ့ကို လှေကားပေါ်ကနေ တွန်းချဖို့ မင်းဘယ်လိုတောင် ရက်စက်နိုင်ရတာလဲ"


"မင်းမှာ လူစိတ်ရော ရှိရဲ့လား"


စုကျယ်က ထန်မော့အာကို အံကြိတ်ကာ ကြိမ်းမောင်းလိုက်သည်။


ထန်မော့အာသည် သတိကြီးစွာဖြင့် သူမ၏ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ လမ်းသွားလမ်းလာအများအပြားက သူမကို လက်ကိုင်ဖုန်းများဖြင့် ဗီဒီယိုရိုက်နေကြသည်ကို သတိထားမိလိုက်သည်။ 


သူမသည် စုကျယ်​၏  ရွံရှာဖွယ်မျက်နှာကို ကြည့်ပြီးနောက် စုကျယ်​၏ ရင်ခွင်ထဲတွင်ရှိနေသော ဟန်ရှောင်ဝမ်ထံ အကြည့်ရောက်သွားသည်။ 


ဟန်ရှောင်းဝမ်မှာ အသက်ငင်နေသကဲ့သို့ ရှိနေပြီး မျက်နှာတစ်ခုလုံးတွင် သွေးစွန်းနေကာ သူမဝတ်ထားသော အဝါရောင်ဂါဝန်မှာလည်း စုတ်ပြတ်နေသဖြင့် ဒဏ်ရာရထားသော ခြေထောက်များနှင့် ခန္ဓာကိုယ်မှာ ပေါ်ထွက်

နေသည်။ 


သူမ၏ သနားစဖွယ် အခြေအနေကို ကြည့်ပြီး မည်သူမဆို စိတ်မကောင်း ဖြစ်မိကြမည်သာ။ 


သို့သော်လည်း သူမသည် ထန်မော့အာကို စိုက်ကြည့်ရင်း နှုတ်ခမ်းထောင့်တွင် ထိတ်လန့်ဖွယ်ရာ အပြုံးတစ်ခုကို ဆင်မြန်းထားခြင်း။


သူမသည် ဟန်ရှောင်းဝမ်၏ ထောင်ချောက်ထဲသို့ တည့်တည့်တိုးမိသွားပြီဖြစ်ကြောင်း ထန်မော့အာ နောက်ကျမှ သိလိုက်ရသည်။



ရဲစခန်းအတွင်း၌။


ရဲစခန်းမှ ရဲအရာရှိများသည် ထန်မော့အာကို ကြည့်ကာ အကျပ်ရိုက်နေကြသည်။ 


သူမသည် မြို့တော်ဝန်၏ သမီးဖြစ်နေသောကြောင့်ပင်။ 


သူမသည် တမင်တကာ တိုက်ခိုက်မှုကျူးလွန်ခဲ့သည်ဆိုသော်ငြားလည်း သူမကို မည်သူမျှ မပြစ်မှားဝံ့ကြပေ။


ထန်မော့အာက မည်သည့်ခံစားချက်မျှ မရှိသောလေသံဖြင့် အေးစက်စွာ ပြောလိုက်သည်။


"ကျွန်မ ဟန်ရှောင်းဝမ်ကို မတွန်းခဲ့ပါဘူး"


"သူဘာသာသူ လှေကားပေါ်က လိမ့်ကျသွားတာပါ"


"ကျွန်မစကားကို မယုံရင် ဈေးဝယ်စင်တာက CCTV တွေကို စစ်ဆေးကြည့်လို့ ရပါတယ်"


"မစ္စထန်၊ ကျွန်တော်တို့ ဗီဒီယိုတွေကို ရထားပြီးပါပြီ"


"ဒါပေမဲ့ သူမရဲ့ကျောဘက်က ကင်မရာဘက်ကို လှည့်နေတာမို့ မစ္စထန်က သူ့ကို တွန်းချလိုက်တာလားဆိုတာကိုတော့ အတည်မပြုနိုင်သေးဘူး ဖြစ်နေတယ်"


ဟန်ရှောင်းဝမ်သည် အရာအားလုံးကို အကွက်ကျကျ စီစဉ်ထားကြောင်း သိလိုက်ရသည့်အတွက် ထန်မော့အာ ဆက်လက်၍ ရှင်းပြမနေတော့ပေ။ 


ဟန်ရှောင်းဝမ်က နောက်ကို ကိုယ်တိုင်ဆုတ်သွားခြင်းဖြစ်သည်ကို မည်သူမျှ ယုံမည်မဟုတ်သကဲ့သို့ သူမကိုယ်တိုင်ပင် မျက်မြင်တွေ့ခဲ့ရသော်လည်း ထိုကဲ့သို့ ရက်စက်မှုကို မယုံနိုင်အောင် ဖြစ်နေမိသည်။


"မစ္စထန်၊ အာမခံနဲ့ လွှတ်ပေးဖို့ ရှေ့နေစီစဉ်ပေးနိုင်အောင် မြို့တော်ဝန်ထန်ဆီ ဖုန်းဆက်ဖို့ လိုမလား"


"ဖုန်းမဆက်ဘူးဆိုရင်တော့ ကျွန်တော်တို့ ခင်ဗျားကို ထိန်းသိမ်းထားရပါလိမ့်မယ်" 


ရဲအရာရှိက သေချာစဉ်းစားပြီးမှ ပြောလိုက်သည်။


သူမ ဒီမှာ မနေချင်ပေ။


ထန်မော့အာ အတန်ကြာ စဉ်းစားလိုက်သည်။ 


စဉ်းစားပြီးနောက် သူမသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို တိုးတိုးလေးချလိုက်ကာ လက်ကိုင်အိတ်ထဲမှ ဖုန်းကို ထုတ်လိုက်သည်။ 


သူမ၏ လက်ချောင်းလေးများဖြင့် သူမ၏ဖခင် ထန်ဟိုင်၏ ဖုန်းနံပါတ်ကို ရိုက်နှိပ်လိုက်သည်။


ဖုန်းတစ်ချက်မြည်ပြီးနောက် တစ်ဖက်မှ ပြန်ထူးလာ​၏။


"ဟယ်လို၊ ဘယ်သူပါလဲရှင့်"


ဖုန်းထဲမှ အသံမှာ ထန်ဟိုင်၏ အသံမဟုတ်ဘဲ သူ၏ အမျိုးသမီးအတွင်းရေးမှူး ဖြစ်နေသည်။


"ဟယ်လို၊ ကျွန်မ ထန်မော့အာပါ"


"မစ္စထန်၊ မင်္ဂလာပါ"


"ဘာကူညီပေးရမလဲရှင့်"


"ကျွန်မ အဖေ ဘယ်မှာလဲ"


"မြို့တော်ဝန်ထန် အစည်းအဝေးလုပ်နေပါတယ်

ရှင့်"


"မှာစရာရှိရင် ပြောထားခဲ့လို့ ရပါတယ်၊ အစည်းအဝေးပြီးတာနဲ့ ကျွန်မ ပြောပေးပါ့မယ်"


"အော်... ရပါတယ်၊ မပြောတော့ပါဘူး..." 


ထန်မော့အာ ဖုန်းချလိုက်သည်။


သူမနှင့် သူမ၏ဖခင်မှာ အလှမ်းဝေးကွာသော ဆက်ဆံရေးရှိကြသည်။ 


အထူးသဖြင့် သူမ၏ဖခင် နောက်အိမ်ထောင်ပြုပြီး မိသားစုအသစ်တစ်ခု ထူထောင်ပြီးနောက်ပိုင်းတွင် ပို၍ဆိုးလာသည်။ 


သူမ၏ မောင်လေးမှာ သူမထက် ငါးနှစ်ငယ်ပြီး မွေးရာပါ စကားပြောမသန်သူ ဖြစ်သည်။ 


ထို့ကြောင့်ပင် သူမ၏ဖခင်မှာ သားငယ်လေးအပေါ်တွင်သာ အာရုံစိုက်နေခြင်း ဖြစ်နိုင်ပေသည်။


ပြန်စဉ်းစားကြည့်မည်ဆိုလျှင် လွန်ခဲ့သော ၂၁ နှစ်အတွင်း သူတို့သားအဖ စကားပြောခဲ့သည့်စာကြောင်းရေမှာ ၁၀၀ ပင် ပြည့်မည်မထင်ပေ။


သူမသည် အခက်ခဲဆုံးအချိန်များတွင်ပင် သူမ၏ဖခင်ထံမှ မည်သည့်အကူအညီကိုမျှ မတောင်းခံခဲ့ဖူးပေ။


ယခု အခက်အခဲနှင့် ကြုံလာရသည့်အခါ သူမ မည်သူ့ကို အားကိုးရမည်နည်း။


ထန်မော့အာသည် သူမ၏မိခင် ချင်ယာဝန် ၏ ဖုန်းနံပါတ်ကို ရှာဖွေနေစဉ်မှာပင် သူမ၏ ဖုန်းမျက်နှာပြင် လင်းလာသည်။ 


ချင်ယာဝန်ဆီမှ ဖုန်းခေါ်ဆိုမှု ဝင်လာခြင်းပင်။


ဖုန်းမျက်နှာပြင်ပေါ်တွင် 'မေမေ' ဟူသော အမည်ကို မြင်လိုက်ရသဖြင့် ထန်မော့အာ၏ ရင်ထဲတွင် နွေးထွေးသွားပြီး စိတ်လှုပ်ရှားသွားသည်။ 


သူမသည် ဖုန်းကို အမြန်ကိုင်လိုက်ကာ "ဟယ်လို၊ မေမေ"


"မင်း အခု ဘယ်မှာလဲ"


ချင်ယာဝန်၏ အသံမှာ အေးစက်လှပြီး လိုရင်းကိုသာ မေးလိုက်သည်။


ထန်မော့အာ ခဏတာ တုံ့ဆိုင်းသွားပြီးမှ ပြန်ဖြေလိုက်သည်။


"သမီး ရဲစခန်းမှာပါ"


"ငါ အခုချက်ချင်း လာခဲ့မယ်" 


ချင်းယာဝန်က ဖုန်းချလိုက်သည်။


"မစ္စအာမခံပေးမယ့်သူ လာမှာလား"


ရဲအရာရှိက သံသယရှိသော မျက်လုံး၊ အသံများဖြင့် မေးလိုက်သည်။


ထန်မော့အာက သူမ၏ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး ပြန်ဖြေလိုက်သည်။


"လာ... လာပါလိမ့်မယ်"


သူမ ပြန်ဖြေပြီးပြီးချင်းမှာပင် ချင်ယာဝန် ရောက်ရှိလာသည်။ 


သူမသည် အသက် ၄၅ နှစ်ရှိပြီဖြစ်သော်လည်း နုပျိုကာ ကျော့ရှင်းနေဆဲဖြစ်​၏။


သူမသည် အနက်နှင့် အဖြူရောင်စပ်ထားသော ဝတ်စုံကို ဝတ်ဆင်ထားပြီး ကျောပြင်ပေါ်တွင် လှပသော ဆံနွယ်ရှည်များ တွန့်လိမ်ကျနေသည်။ 


သူမသည် ပထမဆုံးရုပ်ရှင်ရိုက်ကူးပြီးကတည်းက ဂုဏ်သိက္ခာရှိသောဆုကို ဆွတ်ခူးနိုင်သည့် အသက်အငယ်ဆုံး မင်းသမီးဖြစ်ခဲ့ပြီး နှစ်အတော်ကြာသည့်တိုင် သူမသည် လှပကျော့ရှင်းနေဆဲပင်။ 


သူမသည် မိခင်ကောင်းတစ်ယောက်၏ ပုံရိပ်ကို အမှန်တကယ်ပင် ကောင်းမွန်စွာ သရုပ်ဖော်နေခြင်းပင်။