အခန်း(14) ဖယောင်းရုပ်ပြတိုက် (14)
ကျင်းဟိုင်၏ ဆဲဆိုသံမှာ ဝမ်ရှင်းဖင်း၏ အကြည့်ကြောင့် ပြန်လည် တိတ်သွားရ၏။
သူ့အနေဖြင့် သူတို့ကို အထင်သေးလွန်းသော ဤဂိမ်းကိုသာ ကျိန်ဆဲချင်တော့သည်။ စာတစ်ခုလုံးက အင်္ဂလိပ်ဘာသာဖြင့် ရေးသားထားခြင်း ဖြစ်ပေသည်။
ထိုကောင်လေးက သူတို့ကို ငတုံးများကဲ့သို့ ဖြစ်စေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့ခြင်းပင်။
နောက်ဆုံးတွင် ထိုစာစောင်ကို စားပွဲပေါ်တွင်သာ ဖြန့်ခင်းလိုက်ကြလေတော့သည်။
ကျောက်ရူနှင့် ဝမ်ရှောင်ရှောင်တို့က တက္ကသိုလ်ကျောင်းသူများ ဖြစ်၍ စာထဲမှအကြောင်းအရာ၏ ယေဘုယျအဓိပ္ပာယ်ကို နားလည်နိုင်ရန် နှစ်ယောက်အတူ ပူးပေါင်းပြီးအဖြေဖော်ခဲ့ပြသည်။
ထိုအချိန်တွင် မစ္စတာဟောက်စ်က အခန်းထဲသို့ ရုတ်တရက် ဝင်ရောက်လာခဲ့သည်။
သူက ထမင်းစားပွဲပေါ်ရှိ စာကို တစ်ချက်လှမ်းကြည့်လိုက်ပြီးနောက် လေအရှိန်ကဲ့သို့ မြန်ဆန်လှသော ခြေလှမ်းများဖြင့် သူတို့၏ရှေ့သို့ ပြေးဝင်လာခဲ့လေ၏။
သူ၏ မျက်နှာအမူအရာမှာ အလွန်ပင် ရက်စက်ကြမ်းကြုတ်လွန်းပြီး သူတို့ကို စိုက်ကြည့်လာသည်။
ကျောက်ရူတစ်ယောက် အလွန်အမင်း ထိတ်လန့်သွားကာ အလန့်တကြား အော်ဟစ်မိလေသည်။
ဝါရင့်ကစားသမား သုံးဦးသည်ကား NPC မှ တစ်စုံတစ်ရာ လုပ်ဆောင်တော့မည်ကို ကြိုတင်သိရှိသကဲ့သို့ နောက်သို့ ဆုတ်သွားခဲ့ကြသည်။
“သူ ယူလာတာပါ! သူ ယူခဲ့တာ!”
လင်းချန်ချန်က သူမ၏ မျက်လုံးများကို တင်းတင်းပိတ်ကာ ချန်ချိုက်ရှင်းကို လက်ညှိုးထိုးပြပြီး အော်ဟစ်လာတော့သည်။
“သူ တတိယထပ်ကို တက်သွားတာ၊ ကျွန်မတို့နဲ့ ဘာမှမဆိုင်ပါဘူး ကျေးဇူးပြုပြီး ကျွန်မကို မသတ်ပါနဲ့.. ကျေးဇူးပြုပြီး ကျွန်မကို မသတ်ပါနဲ့”
လင်းချန်ချန် ထိုစကားများကို ပြောဆိုနေချိန်တွင် ယွမ်ကျို့ဝမ်၏ မျက်နှာအမူအရာက မည်မျှအထိ အေးစက်ပြီး ထိတ်လန့်တုန်လှုပ်ဖွယ် အမူအရာဖြစ်နေကြောင်းကို မည်သူမျှ သတိမထားမိလိုက်ကြပေ။
သူ၏ မျက်နှာက မစ္စတာဟောက်စ်ထက်ပင် ပိုမို၍ ကြောက်မက်ဖွယ်ကောင်းကာ အေးစက်နေခဲ့သည်။
*
လူလေးဦး သေဆုံးခဲ့ပေပြီ။
လင်းချန်ချန်သည်က မည်သည့်အရာကိုမှ မသိနားမလည်သော အသစ်စက်စက်ကစားသမားမဟုတ်တော့သကဲ့သို့ ညသန်းခေါင်ကျော်တွင် အပြင်ထွက်သို့ခြင်း၏ အကျိုးဆက်ကိုလည်း ကောင်းစွာနားလည်နေခဲ့ပြီးပေပြီ။
သို့သော်လည်း ဤအခိုက်အတန့်တွင် သူမက ချန်ချိုက်ရှင်းအား တတိယထပ်သို့ တက်ခဲ့ကြောင်းနှင့် စာကို ယူလာခဲ့ကြောင်း တိုက်ရိုက်ပင်လက်ညှိုးထိုးပြကာ အပြစ်ပုံချလိုက်သည်။
ဧည့်ခန်းထဲတွင် တိတ်ဆိတ်မှုတို့က လွှမ်းမိုးသွားလေ၏။
အုံ့မှိုင်းနေသော ပတ်ဝန်းကျင်၌ အေးစက်သော လေအေးတို့က တိုးဝင်လာသောကြောင့် အငွေ့အသက်မှာ ပို၍ပင် ထိတ်လန့်ဖွယ် ကောင်းလာခဲ့သည်။
နေရာတွင်ရှိနေသူအားလုံး၏ မျက်နှာအမူအရာတို့မှာ မတူကွဲပြားစွာဖြစ်နေကြသော်လည်း လူတိုင်းက NPC ထံသို့သာ အာရုံရောက်နေကြပြီး မစ္စတာဟောက်စ် မည်သို့အရေးယူမည်ကို စောင့်ကြည့်နေကြလေ၏။
အထူးသဖြင့် ကျင်းဟိုင်၏ မျက်နှာအမူအရာက အားရကျေနပ်မှုတို့ဖြင့် ပြည့်နှက်နေပြီး သူ၏မျက်ဝန်းများက သူတပါး၏ဒုက္ခအတွက် ပျော်ရွှင်နေကြောင်း ထင်ရှားနေခဲ့သည်။
NPC ၏ စကားကို ချိုးဖောက်ခဲ့သည့်အတွက် ထိုလူသစ်ကို သေလူအဖြစ် သူ ယူဆထားခဲ့ပေပြီ။
မစ္စတာဟောက်စ်၏ တောင့်တင်းနေသော မျက်နှာက ပြင်းထန်လွန်းသောစိတ်ခံစားချက်ကြောင့် တဆက်ဆက် တုန်ယင်လာပြီး သူ၏ အေးစက်သည့် အကြည့်တို့ကလည်း ချန်ချိုက်ရှင်းထံ၌ ရက်စက်ကြမ်းကြုတ်စွာ ရောက်ရှိနေခဲ့သည်။
ချန်ချိုက်ရှင်း၏ နှလုံးခုန်သံက ရပ်တန့်သွားသကဲ့သို့ပင်။ သူ၏ စိတ်ထဲတွင် ဗလာဖြစ်သွားသော်လည်း သူ၏ ညီငယ်လေးမှ စိတ်လိုက်မာန်ပါ မလုပ်မိစေရန်အတွက် ယွမ်ကျို့ဝမ်၏ လက်ကို ညင်သာစွာ ဆုပ်ကိုင်ထားလိုက်သည်။
NPC က တတိယထပ်ကို မတက်ရန် တားမြစ်ထားခဲ့ဖူးသော်လည်း သူ တက်သွားချိန်တွင် သေဆုံးခြင်း မရှိခဲ့သကဲ့သို့ NPC ကလည်း အခင်းဖြစ်ပွားရာနေရာတွင် သူတို့ကို တိုက်ရိုက်မတွေ့ရှိခဲ့ပေ။
အားလုံး အဆင်ပြေသွားမှာပါ။
အရာအားလုံးက သေချာပေါက် အဆင်ပြေသွားလိမ့်မယ်။
ချန်ချိုက်ရှင်း သူ၏ စိတ်ကို တဖြည်းဖြည်း ပြန်လည်တည်ငြိမ်အောင် ထိန်းချုပ်လိုက်ပြီး မစ္စတာဟောက်စ်ကို ကြည့်ကာ တည်ငြိမ်သည့်အမူအရာကို ပြန်လည် ထိန်းချုပ်လိုက်၏။
ထို့နောက် သူက အပြုံးတစ်ခုဖြင့် ယဉ်ကျေးစွာ ဆိုလိုက်လေ၏။
“အချိန်ကိုက်ရာက်လာတာပဲ မစ္စတာဟောက်စ်၊ ကျွန်တော်တို့ ခင်ဗျားကို အကြာကြီး ဒုက္ခပေးခဲ့ပေမဲ့ သေသေချာချာ စကားစမြည် မပြောဖြစ်သေးဘူးမလား”
လူတိုင်း : “???”
ကျင်းဟိုင် : ဒီလူသစ်ကောင်ကတော့ ရူးသွားပြီထင်တယ်။
NPC .. သူ့ကို ချက်ချင်းပဲ သတ်ပစ်လိုက်စမ်းပါ!
မစ္စတာဟောက်စ် ချန်ချိုက်ရှင်း၏ အရေပြားနှင့် အရိုးများကို တဖြည်းဖြည်း ဝါးမြိုပစ်တော့မည့်အလား ချန်ချိုက်ရှင်းကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့သည်။
လူတိုင်းက မစ္စတာဟောက်စ် တိုက်ခိုက်တော့မည်ဟု ထင်မှတ်နေချိန်တွင် သူက ခေါင်းညိတ်ပြပြီး ပြောလာခဲ့သည်။
“ဟုတ်တယ်၊ ငါက ကလေးတွေကို ကူညီရတာ ဝါသနာပါသလို မင်းတို့အားလုံးနဲ့ စကားပြောရတာကိုလည်း သဘောကျတယ်၊
ဒါပေမဲ့ မင်းကလွဲပြီး ကျန်တဲ့သူတွေအားလုံးက ငါ့ကို ကြောက်နေကြသလိုပဲ၊ မင်းကတော့ တကယ်ကို ထူးခြားတဲ့ ကောင်ငယ်လေးတစ်ယောက်မယ်ရမယ်”
သူ၏ စကားလုံးများ၌ အေးစက်ပြီး သတ်ဖြတ်လိုသည့် အရိပ်အငွေ့များ ပါဝင်မနေခဲ့ပါက အလွန်နူးညံ့သိမ်မွေ့ကာ ကြင်နာတတ်သည်ဟု ထင်မှတ်ဖွယ် ရှိပေသည်။
‘ထူးခြားတဲ့ကောင်ငယ်လေး’ ဖြစ်သွားသော ချန်ချိုက်ရှင်း : “...”
မဟုတ်သေးဘူးလေ တာ့ကော။ သူ့ကို အဲဒီလို အသုံးအနှုန်းမျိုးနဲ့တော့ နာမည်မတပ်သင့်ဘူးနော်။
မည်သည့် အချစ်ရေးအတွေ့အကြုံမျှ မရှိဖူးသော ဂေးတစ်ဦးဖြစ်သူ ချန်ချိုက်ရှင်းမှာ ‘ကောင်ငယ်လေး’ ဟူ၍ ပထမဆုံးအကြိမ် ခေါ်ဝေါ်ခံလိုက်ရသောကြောင့် အတော်လေး နေရခက်သွားရသည်။
“လာခဲ့လေ၊ ငါ လက်ဖက်ရည်ကြမ်း တစ်အိုးလောက် ဖျော်လိုက်မယ်၊ ငါတို့ ခဏလောက် ထိုင်ပြီး စကားပြောကြတာပေါ့”
မစ္စတာဟောက်စ်က ထိုသို့ပြောပြီးနောက် မီးဖိုချောင်သို့ လှည့်ထွက်သွားလေ၏။
စားသောက်ခန်းထဲတွင်တော့ အလွန်ပင် တိတ်ဆိတ်နေ၏။ မတိုင်ခင်က လေထုအခြေအနေကြောင့် ခေါင်းမထုတ်ရဲသူများက ယခုအချိန်တွင် ချန်ချိုက်ရှင်းကို ရှုပ်ထွေးသော အကြည့်များဖြင့် ကြည့်လာခဲ့ကြသည်။
ချန်ချိုက်ရှင်းက လင်းချန်ချန်၏ သနားစရာကောင်းစွာ တုန်ယင်နေမှုကို လျစ်လျူရှုကာ လှောင်ရယ်လိုက်သည်။
“သွားကြရအောင်၊ မစ္စတာဟောက်စ်က လက်ဖက်ရည်သောက်ရင်း စကားပြောဖို့ ဖိတ်နေပြီ၊ မသွားတဲ့လူတွေက လိမ္မာတဲ့ကလေး မဟုတ်ဘူးနော်”
မစ္စတာဟောက်စ်က မီးဖိုချောင်ထဲ၌ ရှိနေခဲ့သည်။ သူတို့အားလုံးက ယခုလေးတင် ‘ရှင်သန်ခြင်းနှင့် သေဆုံးခြင်းကြား အခြေအနေ’ ကို ကြုံတွေ့ခဲ့ရသည့် မည်သူကမျှ ထိုဖိတ်ကြားမှုကို မငြင်းဆန်ရဲကြပါချေ။
လူတိုင်းက ဧည့်ခန်းထဲသို့ ကျိုးနွံလိမ်မာစွာ သွားခဲ့ကြလေ၏။
ခဏအကြာတွင် မစ္စတာဟောက်စ်က လက်ဖက်ရည်အိုးနှင့် ခွက်များ တင်ထားသော လင်ဗန်းကို ကိုင်ဆောင်ကာ ရောက်ရှိလာခဲ့သည်။ သူက ချန်ချိုက်ရှင်းအတွက် အရင်ဆုံး တစ်ခွက် ငှဲ့ပေးလိုက်လေ၏။
လက်ဖက်ရည်ခွက်မှ အခိုးအငွေ့များက ထွက်ပေါ်နေပြီး သင်းပျံ့သော ရနံ့လေးများကလည်း ပျံ့လွင့်နေခဲ့သည်။
ချန်ချိုက်ရှင်းအနေဖြင့် မူလက ထိုလက်ဖက်ရည်ခွက်ကို လှမ်းယူရန် အစီအစဉ်မရှိပေ။ ဤ NPC က သူ့ကို မျက်စိစူးနေသည်ဖြစ်၍ လက်ဖက်ရည်ထဲတွင် တစ်စုံတစ်ခု ပါရှိနိုင်မည်လား မသိနိုင်ပါချေ။
သို့သော်လည်း မစ္စတာဟောက်စ်က လက်ဖက်ရည်ခွက်ကို ကိုင်ထားဆဲဖြစ်ပြီး သူ့ကို အုံ့မှိုင်းသောအကြည့်များဖြင့် စိုက်ကြည့်နေခဲ့သည်။ သူတို့နှစ်ဦးက တစ်ဦးကိုတစ်ဦး အကဲခတ်နေခဲ့ကြပြီး အခြေအနေသည်လည်း တင်းမာလာခဲ့၏။
“ကောကော၊ ကျွန်တော် ရေဆာတယ်”
ယွမ်ကျို့ဝမ်က ရုတ်တရက် စကားစပြောလာပြီး လက်ဖက်ရည်ခွက်ကို ကြည့်ကာ သူ၏လျှာလေးဖြင့် သပ်ပြလိုက်လေ၏။ သူ၏အမူအရာက ‘ကျွန်တော် ရေဆာနေပြီ၊ ရေသောက်ချင်တယ်’ ဟု ပြောနေသည့်အတိုင်းပင်။
မစ္စတာဟောက်စ်က သူ၏ တောင့်တင်းသော ခေါင်းကို ယွမ်ကျို့ဝမ်ရှိရာဘက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်၏။
ချန်ချိုက်ရှင်းမှာ ညီငယ်လေး တစ်ခုခု လွဲချော်ပြောဆိုမိမည်ကို စိုးရိမ်သောကြောင့် လက်ဖက်ရည်ခွက်ကို အမြန်လှမ်းယူလိုက်သည်။
သို့သော် မမျှော်လင့်စွာဖြင့် ထိုညီငယ်လေးက သူ၏လက်ထဲမှ ခွက်နားသို့ တိုးကပ်လာပြီး ခေါင်းငုံ့ကာ လက်ဖက်ရည်တစ်ဝက်ခန့်ကို အလျင်အမြန်ပင် မော့သောက်လိုက်လေ၏။
သူ၏ အရှိန်က လျှင်မြန်လွန်းသောကြောင့် ချန်ချိုက်ရှင်းတစ်ယောက် အချိန်မီ တားဆီးရန် အခွင့်အရေးပင် မရှိခဲ့ပါချေ။
“ကျေးဇူးတင်ပါတယ် ဘော့စ်”
ယွမ်ကျို့ဝမ်၏ အသံက ကလေးသံလေးများရောနှောနေခဲ့ပြီး လက်ဖက်ရည်သောက်ပြီးနောက်တွင် ပျော်ရွှင်စွာ ပြောလာခဲ့သည်။
“ကောကော၊ ဒီလက်ဖက်ရည်က အတော်လေး သောက်လို့ကောင်းတယ် ကောကောလည်း သောက်သင့်တယ်နော်”
“…”
တိတိ မင်းရဲ့ အမူအရာတွေက ကြော်ငြာအရောင်းဝန်ထမ်းတွေနဲ့တူနေပြီ။
ချန်ချိုက်ရှင်းအနေဖြင့် သူ၏လက်ထဲမှ လက်ဖက်ရည်ထဲတွင် တစ်စုံတစ်ခု ပါဝင်နေသည်ဟု သံသယရှိနေသော်လည်း ယွမ်ကျို့ဝမ်က မျှော်လင့်ချက်အပြည့်ဖြင့် သူ့ကို စိုးရိမ်တကြီး စောင့်ကြည့်နေခဲ့လေ၏။
ချန်ချိုက်ရှင်းတစ်ယောက် အခြေအနေကို စဉ်းစားကြည့်လိုက်၏။ ဤကလေး၏ဘော့စ်အနေဖြင့် သူကြောက်ရွံ့နေ၍ မဖြစ်ပါချေ။ သို့နှင့် ကျန်ရှိနေသော လက်ဖက်ရည်များကို ကုန်စင်အောင်မော့သောက်လိုက်လေသည်။
ဤသည်က အတော်လေး ပုံမှန်ဆန်လွန်းသော လက်ဖက်ရည်သာ ဖြစ်ပေ၏။ သို့သော်လည်း လက်ဖက်ရည်အစစ် ဖြစ်ပေသည်။
မစ္စတာဟောက်စ်၏ နှုတ်ခမ်းထောင့်များက လှုပ်ခတ်သွားခဲ့သည်။ သူက ပြုံးပြရန် ကြိုးစားနေပုံရသော်လည်း လူတိုင်း၏ မျက်စိထဲတွင်တော့ ထိုအပြုံးက အမှန်တကယ်ပင် ထူးဆန်းလွန်းပေ၏။
ဆိုရလျှင် သူ၏ အကြံအစည်များ အောင်မြင်သွားသည့်အတွက် အောင်ပွဲခံနေသကဲ့သို့ပင်။
သူက အေးစက်အုံ့မှိုင်းစွာဖြင့် ထပ်မံမေးမြန်းလာခဲ့သည်။
“လက်ဖက်ရည် သောက်ချင်တဲ့သူတွေ ရှိသေးလား”
“ဟင့်အင်း ဟင့်အင်း ၊ ကျွန်မ မသောက်ချင်ဘူး”
ကျောက်ရူက တုန်ရီသောအသံဖြင့် ငြင်းဆိုလိုက်သည်။
သူမ၏စကားကိုကြားလျှင် မစ္စတာဟောက်စ်သည်လည်း အတင်းအကျပ် မတိုက်တွန်းတော့ဘဲ သူ၏ အကြည့်တို့က ကျန်ရှိနေသူများထံသို့ ဝေ့ဝိုက်သွားတော့၏။
ကျောက်ရူဘက်မှ ငြင်းဆိုသော်လည်း မည်သည့်အရာမှ မဖြစ်ကြောင်းကို မြင်လျှင် လင်းချန်ချန်သည်လည်း သူမ၏နောက်မှ လိုက်၍ ငြင်းဆိုလိုက်ပေသည်။
ထိုကဲ့သို့သော ထူးဆန်းသည့်လူ ပေးသည့်အရာကို သူမ လုံးဝ မသောက်ချင်ပေ။
ဝါရင့်ကစားသမားများက စဉ်းစားနေခဲ့ကြသည်။
ပုံမှန်အားဖြင့် ထိတ်လန့်ဖွယ်ရာ ဂိမ်းများတွင် ဇာတ်လမ်းတိုးတက်စေရန်အတွက် အထောက်အကူပြုမည့် ‘အချက်’တစ်ခု အမြဲတမ်းရှိတတ်သည်။ ဝမ်ရှင်းဖင်းအနေဖြင့် ‘လက်ဖက်ရည်သောက်ရင်း စကားပြောခြင်း’က ထိုအချက်ဖြစ်မည်ဟု တွေးလိုက်မိ၏။
သို့သော် ရွေးချယ်ခွင့်က ကစားသမား၏ လက်ထဲတွင်သာ ရှိနေပြီး သောက်ခြင်း၊ မသောက်ခြင်းတို့၏ နောက်ဆက်တွဲမှာ အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းတို့ဖြစ်နိုင်ပေသည်။
ထို့အပြင် လက်ဖက်ရည်သောက်ခြင်းက ဂိမ်း၏ အဆုံးအဖြတ်အပေါ် သက်ရောက်မှုမရှိဘဲ မည်သည့်အရာကို ရွေးချယ်သည်ဖြစ်စေ အရေးမကြီးသည့် အမျိုးအစားမျိုးလည်း ဖြစ်နိုင်ပေသေးသည်။
ဝမ်ရှင်းဖင်းအနေဖြင့် သူ၏အသက်နှင့် ရင်းပြီး မစမ်းသပ်ရဲသော်လည်း အခြေအနေကို မထိန်းချုပ်နိုင်တော့ပေ။ နောက်ဆုံးတွင် သူက အံကိုတင်းတင်းကြိတ်ပြီးပြောလာခဲ့သည်။
“ကျေးဇူးပြုပြီး.. ကျွန်တော့်ကိုလည်း တစ်ခွက်လောက် ပေးပါဦး”
*