Chapter 4
Viewers 1k

အခန်း ၄ - ပန်းတိုင်

 

"အလုပ်မဖြစ်ပါက ဖန်းဟု ပေးပို့ပါ။" 

 

ဂုဏ်ယူပါတယ်။ ပန်းတိုင်သို့အောင်မြင်စွာ ရောက်ရှိပါပြီ။

 

ပိုင်လော့ဖုန်း ဓာတ်မီးကိုင်ပြီး ရှေ့ဆုံးမှနေရာယူ၏။ ကားပေါ်မှပထမဆုံးဆင်းသူ ဖြစ်၍ရှေ့ဆုံးမှ ဦးဆောင်သင့်သူမှာ သူဖြစ်သော်ငြား ဆံပင်အမဲနှင့်လူသည် သူ့အားအရပ်ပုကာ စက္ကူရုပ်လိုပိန်သည်ဟု စောဒကတက်ကာ သူ့နောက်မှလျှောက်စေခဲ့သည်။

 

ပိုင်လော့ဖုန်းက အမှန်ပင် အလွန်ပိန်၏။ စီးကရက်ကိုက်ထားသည့် မီးခိုးရောင်ဆံပင်နှင့်လူမှာ ဓာတ်မီး ကိုင်ပြီး နောက်ဆုံးမှ စောင့်ကြပ်လိုက်ပါလာသည်။

 

၎င်းတို့လူစုသည် ဥမင်လိုဏ်ခေါင်းအတွင်း စီတန်းလျှောက်လာကြသည်။ လိုဏ်ခေါင်းမှာ ကျဥ်းပြီး ရှည်၏။ ခြေသံများနှင့် တီးတိုးသံများပြည့်နေပြီး ၎င်းတို့ရှေ့မှမြင်ကွင်းထဲ၌ အလင်းရောင်ဟူ၍ မတွေ့ရချေ။

 

အမှောင်ထဲ ခဏအကြာ လျှောက်ကြပြီးနောက် လူတစ်ဦးမှ မေးခွန်းထုတ်လာသည်။ "အဲ့မှာထွက်ပေါက်ရောရှိပါ့မလား။ ဘတ်စ်ပေါ်ကဆင်းလာတာ အကြံကောင်းဟုတ်ပါ့မလား။"

 

"ဆင်းတောင်ဆင်းလာပြီပဲ။ စကားမများနဲ့တော့။" နောက်တစ်ဦးသည် ဝင်​ဖြေ၏။

 

မေးမိသည့်လူမှာ ကသိကအောက်နှင့် အသံတိတ်သွားသည်။

 

"အိုး..." ဆံပင်အနက်နှင့် လူဆီမှ တိုတိုတုတ်တုတ် အသံ ထွက်လာသည်။

 

ပိုင်လော့ဖုန်း သူ့အနားကပ်ကာ အရှေ့သို့ကျော်ကြည့်လိုက်သည်။ ၎င်းတို့ရှေ့၌ 

အလင်းရောင် မှိန်မှိန်ပေါ်လာပြီး လိုဏ်ခေါင်း၏ ထွက်ပေါက်ရှိနေ၏။ ထွက်ပေါက်အားတွေ့ရလေပြီ။

 

"ထွက်ပေါက်တွေ့ပြီ။" ဆံပင်အနက်နှင့်လူမှ ပြောသည်။

 

"ထွက်ပေါက်တဲ့..."

 

"ဘုရားရေ၊ နောက်ဆုံးတော့ထွက်ပေါက်တွေ့ပြီ။"

 

"နာရီဝက်လောက်တောင် လမ်းမလျှောက်လိုက်ရဘူးမလား။"

 

အချင်းချင်း ပြောဆိုကြရင်း လူအုပ်ကြီးမှာ စိတ်သက်သာရာရသဖြင့် သက်ပြင်းချသူချ၊ ရင်ဘတ်ထုသူထု ဖြစ်နေကြသည်။

 

"သွားကြမယ်။" ဆံပင်အနက်နှင့်လူမှ ပြောလာ၏။

 

အားလုံးမှာ စိတ်ပေါ့ပါးစွာနှင့် တက်ညီလက်ညီတုံ့ပြန်ကြပြီး လိုဏ်ခေါင်းထဲမှ ချက်ချင်းထွက်ရန်ပြင်ကြတော့သည်။

 

ထိုအချိန် နောက်ဆုံးမှ ပါလာသည့် ဆံပင်မီးခိုးရောင်နှင့်လူသည် နောက်ကျောဖက်မှ အေးစက်မှုအား ခံစားလို​က်ရသဖြင့် ခပ်နှေးနှေးလျှောက်ကာ နောက်သို့လှည့်ကြည့်သည်။

 

သူ့အရှေ့မှလျှောက်သည့် လူသည် အသံကြားသဖြင့် လှည့်ကြည့်သောအခါ ဆံပင်မီးခိုးရောင်နှင့်လူမှ ဓာတ်မီးအားမြှောက်၍ ဘေးဘီကြည့်နေသည်ကိုတွေ့ရ၏။

 

"တစ်ခုခုဖြစ်လို့လား ၊ အစ်ကိုကြီး။" သူမေးလိုက်သည်။

 

အလွန်တိုးသည့် အသံတစ်ခုထွက်လာပြီး မီးခိုးရောင်ဆံပင်နှင့်လူမှ ကြားသဖြင့် အသံလာရာ ဓာတ်မီးထိုးကြည့်သော်လည်း ဘာမှမတွေ့ရပေ။

 

သူ၏ရုတ်တရက်တုံ့ပြန်မှုသည် ယုန်များ အလန့်တကြား ခေါင်းလှည့်သည်နှင့်တူ၍ သူ့အားမေးမြန်းနေသူမှ ခပ်ဖွဖွရယ်သည်။ "ဘာဖြစ်လို့လဲ။"

 

"မင်းကြားလိုက်လား။" မီးခိုးရောင်ဆံပင်နှင့်လူမှမေးသည်။ "အခုလေးတင် ထွက်လာတဲ့အသံကို။"

 

"ဟင်...မကြားပါဘူး။" တစ်ဖက်လူမှပြန်ဖြေသည်။ "တစ်ခုခုကြားလို့လား။ ဘယ်လိုအသံမျိုးလဲ။"

 

မီးခိုးရောင်ဆံပင်နှင့်လူမှာ ပြန်မဖြေပေ။ ဓာတ်မီးကိုသာ ကျစ်ကျစ်ဆုပ်ထားပြီး မီးအလင်းရောင် ရောက်နိုင်သည့် နေရာ၏အလွန်ရှိ အမှောင်ထုကိုသာ စိုက်ကြည့်နေသည်။

 

အနောက်မှ လူများ၏ ထူးဆန်းသည့် အပြုအမူကို အရှေ့မှလူများ သတိထားမိသွားကြသည်။ တောင့်တောင့်ကြီးရပ်နေသည့် နှစ်ယောက်ကို အားလုံး လှည့်ကြည့်လာ၏။ လူတစ်ဦးသည် ၎င်းတို့အား အော်ပြောလာသည်။ "ဘာလုပ်နေတာလဲ။ မြန်မြန်မှီအောင်လျှောက်လေ။"

 

"သရဲကားတွေမှာဆို နော​က်မှာကျန်ရစ်တဲ့သူမှ သေတတ်တယ်နော်။"

 

လိုဏ်ခေါင်းအတွင်း လေစိမ်းများ တိုက်လာသည်။ အပြင်ဖက်၌ မိုးရွာနေပုံရပြီး မိုးပေါက်ကျသံများကြားရ၏။

 

မီးခိုးရောင်ဆံပင်နှင့်လူနှင့် အတူ ရပ်နေသည့်လူမှာ ကြက်သီးများထလာပြီး လက်မောင်းနှစ်ဖက်အား ပွတ်ကာ ပြောလာသည်။ "ဘာမှမရှိပါဘူးအစ်ကို၊ လာပါ။ သူတို့ကိုအမှီလိုက်..."

 

သူ့ စကားပင် မဆုံးသေးဘဲ အနောက်မှ အသံထွက်လာသည်။

 

ဖတ်...ဖတ်...

 

ပွတ်သံ.....ခြစ်ကုတ်သံ....

 

​​ခြေသံလိုလို...တစ်ခုခုအား မြေကြီးပေါ် တရွတ်ဆွဲလာပြီး ကြမ်းပြင်နှင့်ပွတ်တိုက်ကာ စည်းချက်ကျကျ ဖိနှိပ်ပွတ်တိုက်နေသည့် အသံနှင့်တူ၏။ 

 

တစ်လှမ်းချင်း တစ်လှမ်းချင်း အမှောင်ထဲမှ အသံသည် ပိုနီးကပ်လာသည်။

 

လူတိုင်း ထိုအသံကိုကြားကာ တစ်ယောက်ပြီးတစ်ယောက် နောက်လှည့်ကြည့်မိကြ၏။

 

အမှောင်ထဲ၌ တစ်စုံတစ်ရာရှိနေသည်။

 

မည်သူမှမသိနိုင်သည့် တစ်စုံတစ်ရာရှိနေသည်။

 

တိတ်ဆိတ်မှုနှင့်အတူ အမှောင်ထုထဲမှ မီးခိုးရောင်ဆံပင်နှင့်လူ၏ မီးရောင်အောက်သို့ လူသေကဲ့သို့ဖျော့တော့နေသည့် မျက်နှာလေးခုပေါ်လာ၏။

 

၎င်းတို့သည် ဘတ်စ်ကားပေါ်မှ စက္ကူအရုပ်လေးရုပ်ပင်ဖြစ်ပြီး ထိတ်လန့်စရာအပြုံး၊ စက္ကူမျက်လုံးများ၊ အနီရောင်ဆေးခြယ်ထားသော ပါးနှစ်ဖက်စီနှင့် တဖြည်းဖြည်းနီးကပ်လာကြသည်။

 

အပြည့်အဝ အသက်မသွင်းရသေးသည့် လူများနှင့်တူပြီး လေးလံသည့်ခြေလှမ်းများနှင့် ကိုးရိုးကားရား လမ်းလျှောက်နေကြ၏။

 

ကုတ်ခြစ်သံများသည် ၎င်းတို့၏ဖိနပ်နှင့် ကြမ်းပြင်ပွတ်တိုက်မှုမှ ထွက်နေခြင်းပင်။

 

အားလုံးမှာ လူသေများလို ဖြူဖျော့ကာ မျက်နှာများရှုံ့တွသည်အထိ ကြောက်ရွံ့နေကြသည်။

 

ဆံပင်မီးခိုးရောင်နှင့်လူမှ ဓာတ်မီးအားအရှေ့ဖက်ပြန်လှည့်ကာ "ပြေးကြ"ဟုအော်၏။

 

သူအော်လိုက်သည်နှင့် ပိုင်လောဖုန်းမှ ဓာတ်မီးကို ပိတ်ကာ ရှေ့ဆုံးမှ ပြေးတော့သည်။

 

ဆံပင်အနက်နှင့်လူမှာ ဒုတိယနေရာမှ​ပြေးနေပြီး သူတို့နောက်၌ စုချာဖြစ်သည်။ သူမ နောက်သို့လှည့်ကြည့်လျက် "ပြေးကြ...မ​ပြေးရင်သေလိမ့်မယ်။"ဟု အော်ရန်လည်း မမေ့ပေ။

 

ထိတ်လန့်ကြောက်ရွံ့နေသော လူများသည် နောက်ဆုံးတွင် အိပ်မက်ဆိုးမှ နိုးထလာကြပြီး တောင့်ခဲနေရာမှ အသိဝင်ကာ ရုန်းရင်းဆန်ခတ် ပြေးကြတော့သည်။

 

"မြန်မြန်ပြေး။" ဆံပင်မီးခိုးရောင်နှင့်လူက ပြောခြင်းဖြစ်သည်။ "အပြင်ရောက်သွားရင်တောင် မနားဘဲဆက်ပြေး။"

 

သူတို့လိုဏ်ခေါင်းမှ ထွက်လာပြီးနောက် ကောင်းကင်မှာ မှောင်မဲနေဆဲပင်။ လမ်းမပေါ် လမ်းမီးတိုင် တစ်ခုမျှမရှိသည့်အပြင် မိုးဖွဲများပင်ကျနေ၏။

 

ပိုင်လော့ဖုန်း ဓာတ်မီးနှင့် ဟိုဟိုဒီဒီထိုးကြည့်သောအခါ သူ့ရှေ့တွင် ပေါ်လာသည့်အရာမှာ အုတ်ဂူများအပြည့်နှင့် ကြီးမားညစ်ပတ်သည့် သုသာန်ဖြစ်နေ၍ နောက်မှပါလာသည့် ဆံပင်အနက်နှင့်လူမှ "စောက်ပြသာနာပဲ။"ဟုထဆဲတော့သည်။

 

အုတ်ဂူများမှာ နေရာအပြည့်ရှိနေပြီး ၎င်းတို့ကြား၌ လမ်းကျဥ်းလေးသာရှိ၏။

 

ပိုင်လော့ဖုန်း၏ လျင်မြန်သောမျက်လုံးများသည် မြေကြီးပေါ်မှ ကျိုးပဲ့နေသော ဆိုင်းဘုတ်ဆီ ရောက်သွားသည်။ ဆိုင်းဘုတ်ရှိမြှားမှာ လမ်းကျဥ်းလေးအားညွှန်ပြနေ၏။

 

"ဟိုမှာ..." ပိုင်လော့ဖုန်း ဆိုင်းဘုတ်အား ထိုးပြ၍ အော်ပြောလိုက်သည်။ "ဆိုင်းဘုတ်။ သူတို့ပြောတဲ့ဆိုင်းဘုတ်။ ဒီလမ်းအတိုင်းသွားမယ်။ မနားတမ်းပြေးကြ။ ဆိုင်းဘုတ်နောက်လိုက်ပြီး ဂိမ်းထဲ ဝင်ရောက်ရမယ်ဆိုတာ ဒါကိုပြောတာဖြစ်မယ်။"

 

ဆံပင်အနက်နှင့်လူက သူ့စကားအား လက်ခံသည်။ ပိုင်လော့ဖုန်းက ကျဉ်းမြောင်း၍ အကွေ့အကောက်များသည့် လမ်းအတိုင်းပြေးသည်။

 

မိုးကမစဲသေး။ အတန်ကြာပြေးပြီးသည်နှင့် ၎င်းတို့အား မြူခိုးများရစ်ဝိုင်းလာ၏။

 

"တွေ့ပြီ။"

 

နှစ်မိနစ်ခန့်ပြေးပြီးနောက် ရှေ့၌တစ်စုံတစ်ခုပေါ်လာသည်။

 

စုချာက မှုန်ဝါးဝါးသာ တွေ့ရသည့် အဝေးမှ သံမဏိဂိတ်တံခါးနှင့် လုံခြုံရေးတဲအားထိုးပြသည်။

 

"အဲ့ဒါပဲ။ တံခါးကို ကျော်မှရမယ်။ ပိုင်လော့ဖုန်း နင်အပေါ်တက်လို့ရလား။"

 

အချင်းချင်းအော်ပြောကြပြီး သူတို့က ဂိတ်ဆီရောက်လာကြသည်။

 

အနီးကပ်တွေ့ရသောအခါ အလျားလိုက်နှင့် ဒေါင်လိုက်သံတန်းများအား ကြက်ခြေခတ်ထားသည့် သံတခါးအား ရင်းနှီးနေသလို ပိုင်လော့ဖုန်း ခံစားလိုက်ရ၏။

 

"ငါတက်လို့ရတယ်။" သူပြန်​ဖြေလိုက်သည်။

 

သံတံခါးရှေ့ရောက်သောအခါ သံချေးများတက်ကာ အိုဟောင်းသည့်တံခါး ဖြစ်ကြောင်းသိလိုက်ရ၏။

 

ပိုင်လော့ဖုန်း ခုန်တက်ကာ သံတန်းများကိုကိုင်လျက် တံခါးပေါ်တက်၍ တစ်ဖက်သို့လွှားခနဲခုန်ဆင်းလိုက်သည်။

 

သူ့နောက်မှ ဆံပင်အနက်နှင့်လူမှာ ပို၍မြန်သည်။ သံတန်းအားကိုင်ကာ ခပ်မြန်မြန် ခြေဆောင့်တက်ပြီး အခက်အခဲမရှိ ခုန်ဆင်းလာသည်။

 

ပန်းရောင်ကြိုက်သည့် စုချာမှာမူ ပိုအထင်ကြီးစရာကောင်းသည်။ ဆံပင်အနက်နှင့်လူထက် သူမသည် ပိုမြန်သည်။ သံတန်းအားကိုင်လျက် ဘားနွဲသလိုတစ်ချက်တည်းနှင့် လွှားခနဲ ခုန်တက်လာပြီး သံတန်းများကိုပင် သူမ အားမကိုးရပေ။

 

တံခါးထိပ်ရောက်သည်နှင့် သူမ နောက်သို့ပြန်လှည့်ကြည့်ကာ အော်ပြောလာ၏။ "လာခဲ့ကြ။"

 

သူတို့နောက်ရှိလူအုပ်မှာ လဲကျလိုက်၊ထလိုက်နှင့် ပြေးလာနေကြသည်။ ကြောက်ရွံမှု၊ မိုးရေနှင့် ချောနေသည့်ကြမ်းပြင်၊ စိုနေသောသံတန်းများကြောင့် အများစုမှာ မိမိရရ ဆုပ်ကိုင်နိုင်စွမ်းမရှိကြပေ။

 

စုချာက တံခါးပေါ်ခွလျက် တက်လာသည့်လူများအား ဆွဲတင်ပေးသည်။ ထိုမြင်ကွင်းအားတွေ့သောအခါ ဆံပင်အနက်နှင့်လူမှ သံတန်းအားကျားကန်၍ အပေါ်ပြန်တက်လာပြီး တစ်ခြားတစ်ဖက်၌နေရာယူကာ တက်လာမည့်လူများအား ကူညီပေးလာ၏။

 

အားနည်းသူဖြစ်သည့် ပိုင်လော့ဖုန်းသည် အောက်၌သာနေပြီး ဆင်းလာသူများအား ထိန်းပေးနေသည်။ အချိန်ကုန်သက်သာရန် "ခုန်၊ခုန်ချလိုက်။ အနောက်မှာ လူတွေ ကျန်သေးတယ်။ မြန်မြန်ခုန်ကြ။"ဟု အော်မိ၏။

 

အပြိုပြိုအလဲလဲနှင့် တစ်ဖွဲ့လုံးဂိတ်တံခါးပေါ် ရောက်လာကြသည်။

 

​ဆံပင်မီးခိုးရောင်နှင့်လူမှာ နောက်ဆုံးဖြစ်၏။ တစ်ခြားသူများအား အမြန်တက်ရန်လောရင်း နော​က်သို့မပြတ် လှည့်ကြည့်နေမိသည်။

 

သုသာန်မှာ တံခါးနှင့်ကပ်လျက်တွင်ရှိပြီး စက္ကူရုပ်များက လိုက်လာနေဆဲပင်။

 

ကံကောင်းသည်မှာ လမ်းများမှာ ကျဥ်းသဖြင့် အရုပ်များအား အချိန်ပိုကြာစေပြီး အဖွဲ့အတွက်အချိန်ပိုရစေသည်။

 

နောက်ဆုံးမှ ရေပါက ဒုတိယလူ ဂိတ်တံခါးပေါ်တက်နေစဥ် စက္ကူရုပ်များက မြူအုပ်ကြားထဲမှ ထွက်လာသည်။ လေးလံသောခြေလှမ်းများနှင့် လျှောက်နေကြသော်လည်း ၎င်းတို့၏အရှိန်မှာ ကြောက်စရာကောင်းအောင် မြန်လာ၏။

 

ဒုတိယနေရာမှလူ ဂိတ်ပေါ်ရောက်သည်နှင့် မီးခိုးရောင်ဆံပင်နှင့်လူမှာ အိတ်ကို တံခါးပေါ်ပစ်တင်၍ သံတန်းအားကိုင်ကာ ခြေဆောင့်ပြီး စုချာထက်ပိုမြန်သည့် အရှိန်နှင့်တစ်ချက်တည်း ခုန်တက်လာသည်။

 

သူတံခါး၏တစ်ဖက်သို့ရောက်သည်နှင့် စက္ကူရုပ်များက နေရာ၌ပင်ရပ်တံ့ကုန်ကြ၏။

 

ဂိတ်တံခါးနှင့် လေး-ငါးမီတာအကွာ၌ ငြိမ်သက်စွာရပ်နေကြပြီး လူသားများအား စိုက်ကြည့်နေကြသည်။

 

အားလုံးမှာ အသက်ရှုမဝဖြစ်နေကြပြီး ညအမှောင်ထုထဲသို့ ဓာတ်မီးများထိုးကာ အရုပ်များအား ပြန်လှည့်ကြည့်နေကြ၏။

 

မည်သို့ဖြစ်စေ ၎င်းတို့သည် ရှေ့သို့​​ခြေတစ်လှမ်းပင်မတိုးလာကြပေ။ 

 

​စုချာမှာ အခုမှသက်​ပြင်းချနိုင်ပြီး ပုခုံးမှအိတ်အား ရင်ဘတ်သို့ပြောင်းလွယ်ကာ ဇစ်ဖွင့်၍ ပန်းရောင်ထီးအား ယူထုတ်ပြီး မိုးဒဏ်အားခုခံရန်ဖွင့်လိုက်သည်။

 

"ကြောက်လို့သေတော့မလို့။" စုချာက ပြောသည်။

 

ကျန်သည့်လူများမှာ သူမကဲ့သို့ မတည်ငြိမ်နိုင်ဘဲ လေတိုးခံရသည့် သစ်ရွက်များလို တုန်ရီနေကြ၏။

 

အခြေအနေအားလုံး တည်ငြိမ်သွားမှ သူတို့က ကြောက်ရကောင်းမှန်းသိကြသည်။ အားလုံး စိတ်မတည်ငြိမ်ကြသလို အနည်းစုမှာ ငိုယိုနေကြ၏။

 

ကောင်လေးတစ်ယောက်မှာ ခံနိုင်ရည် ကုန်ဆုံးသွားသလို အသက်ရှုသံများပင် မူမမှန်တော့ပေ။ မျက်လုံးပြူးကာ မျက်ရည်များစီးကျနေပြီး အတော်ကြာမှ မျက်နှာအား သုတ်ပစ်ကာ တုန်ရီစွာမေးလာ၏။

 

"ဒါကဘာကြီးလဲ။ ဒါတွေကရောဘာအတွက်လဲ။"

 

မည်သူမှသူ့အား ပြန်မ​ဖြေသလို သူသည်လည်းအဖြေကို ကြားချင်စိတ်ရှိမနေပေ။

 

မီးခိုးရောင်ဆံပင်နှင့်လူမှာ သူ့အနားလာကာနှစ်သိမ့်သည်။ "အခုလုံခြုံသွားပြီ။"

 

သူတို့ကျော်တက်လာသည့် တံခါးအား သူ ပြန်လှည့်ကြည့်မိ၏။ အထပ်ထပ်ရစ်ပတ်ထားသည့် သံကြိုးများနှင့် တွဲလောင်းကျနေသည့် သံသော့ခလောက်ကြီးရှိသော်လည်း သံချေးများတက်နေပြီဖြစ်သည်။

 

စုချာ ထိုသော့ခလောက်အား တွေ့၍သာ ပိုင်လော့ဖုန်းအား ဂိတ်ကို ကျော်တက်ရန် ပြောခဲ့ခြင်းဖြစ်မည်။

 

သော့အားအကြိမ်ကြိမ် ဆွဲဆောင့်ကြည့်သောအခါ အတော်လေးခိုင်ခံ့သည်ကိုတွေ့ရ၏။ ပြီးနောက် ဂိတ်တံခါးအား ကိုင်ကာ လှုပ်ခါကြည့်လိုက်သည်။

 

ထိုနောက်လှည့်ထွက်လာပြီးပြော၏။ "တံခါးကခိုင််တယ်။ အရုပ်တွေရောက်လာရင်တောင် မဖောက်နိုင်လောက်ဘူး။"

 

သို့မှသာ အားလုံးသက်ပြင်းချနိုင်ကြသည်။

 

ပိုင်လော့ဖုန်းက အလေးမထားဟန်နှင့်ပြောလာသည်။ "အရုပ်တွေဂိတ်ကို မကျော်တက်လာဘူးလို့ အာမခံနိုင်သရွေ့ပေါ့။"

 

အားလုံးအသက်ရှူပင် ရပ်သွားကြပြန်သည်။

 

ဆံပင်မီးခိုးရောင်နှင့်လူမှာ နှုတ်ခမ်းဖြဲမဲ့ရွဲ့ကာ ပိုင်လော့ဖုန်းအား စိုက်ကြည့်လာသည်။

 

ပိုင်လော့ဖုန်းမှာ ရန်ဖြစ်ရန်စိတ်မပါဟန်နှင့် ဓာတ်မီးအားပြန်ဖွင့်ကာ နေရာမှထွက်သွားလေ၏။

 

ဂိတ်အနီးရှိ အဆောက်အဦးလေးဆီ ရောက်သောအခါ အထဲသို့ကြည့်ရန် ဓာတ်မီးအား မြှောက်ကိုင်လိုက်သည်။

 

အဆောက်အဦးသည် ဂိတ်တံခါးကဲ့သို့ပင် ဖုန်အထပ်ထပ်နှင့် ပြတင်းပေါက်ဘောင်များ၊ နံရံများ ပေါက်ပြဲနေပြီး လုံခြုံရေးဂိတ်နှင့်တူသည်။

 

ညစ်ပတ်လှသည့် ပြတင်းပေါက်အား ဓာတ်မီးနှင့်ထိုးကာ အထဲသို့ ပိုင်လောဖုန်း ချောင်းကြည့်နေ၏။

 

အတွင်း၌ ဖုန်အလိမ်းလိမ်းနှင့် အိပ်ရာ၊ကုတင်၊အဝတ်ဗီရိုနှင့် လျှပ်စစ် ရေနွေးအိုးဟောင်း တစ်လုံးရှိသည်။

 

ပြတင်းပေါက်ဘောင်ပေါ်၌ ​ခြောက်သွေ့ကာ ဖုန်များကပ်နေသည့် ပန်းအိုးတစ်လုံးအား တွေ့ရ၏။

 

လူမနေသည်မှာ အတော်ကြာနေသည့်ပုံပင်။

 

မိုးကရုတ်တရက် ပိုသည်းထန်လာသည်။ ဓာတ်မီးအား အဆောက်အဦးဆီမှ ရွေ့လိုက်သောအခါ တံခါးနှင့်ကပ်လျက် နံရံပေါ်၌ ကြေညာဘုတ်ပြားတစ်ချပ်အားတွေ့ရ၏။

 

နံရံအောက်ပိုင်းတွင် ရွံ့များပေနေပြီး ဘုတ်မှာအတော်ညစ်ပတ်နေသည်။ မိုးရေကြောင့်သာ အညစ်အကြေးများ အနည်းငယ်စင်ကြယ်လာ၏။

 

ဆံပင်အနက်နှင့်လူမှာ သူ့အနားရောက်လာသည်။ "ဘာကြီးလဲ။"

 

"မသိဘူး။" ပိုင်လော့ဖုန်း ပြန်​ဖြေလိုက်သည်။

 

ပိုင်လော့ဖုန်း လွယ်အိတ်ထဲမှ တစ်ရှူးအစိုများယူထုတ်ကာ ဘုတ်ပြားအား သန့်ရှင်းသည်အထိ ပွတ်တိုက်လိုက်သည်။

 

ဘုတ်ပြားမှာအတော်ကြာပြီဖြစ်ကာ စာလုံးများမှိန်နေသော်လည်း အကြောင်းအရာများအား ဖတ်၍ရဆဲပင်။

 

(xxx ဘူတာရုံ)

 

(ထွက်ခွာချိန် ၂း၁၂ မှ ၃း၀၄)

 

(ထွက်ခွာချိန် ၂း၁၂ မှ ၃း၀၄)

 

အောက်ဖက်၌ တူညီသောထွက်ခွာချိန်များကိုသာ ထပ်ခါထပ်ခါရေးထားသည်။

 

"ရထားက တစ်စင်းတည်းကို အချိန်ကိုဘာလို့ ထပ်ခါထပ်ခါရေးထားတာလဲ။" ပျက်နေသည့် အခွေကဲ့သို့ ဆံပင်အနက်နှင့်လူမှရေရွတ်သည်။

 

"ဒါ...ငါတို့ရထားထင်တယ်။" ပိုင်လော့ဖုန်းက ဓာတ်မီးအားနေရာအနှံ့ထိုးကာပြောလာသည်။ "ဒီနေရာက xxx ဘူတာရုံဖြစ်လောက်တယ်။"

 

"ဒီတော့ Wish ကိုသွားဖို့ ဒီဘူတာရုံကိုလာပြီး ရထားစီးရမယ့်သဘောပေါ့။" ဆံပင်အနက်နှင့်လူမှ ပြန်​ပြောသည်။ "စိတ်ပျက်စရာပဲ။ ဂိမ်းလေးတစ်ခုကိုများ ဘာလို့ဒီလောက်ရှုပ်ထွေးနေရတာလဲ။"

 

"ဆန္ဒကြီးကြိးမားမားတွေကို ဖြည့်စည်းချင်ရင် ဂိမ်းကရောလွယ်နေပါ့မလား။" ပိုင်လော့ဖုန်း သူ့အား ကြည့်လိုက်သည်။ "ကြည့်ရသလောက်တော့ ဒါကဂိမ်းထဲဝင်မယ့် ခရီး မဟုတ်လောက်ဘူး။ ဂိမ်းကစနေတာကြာပြီ။"

 

ဆံပင်အနက်နှင့်လူမှာ ခဏကြောင်သွားပြီးမှ ကြောင်တောင်တောင်နှင့်ရယ်သည်။ "မဖြစ်နိုင်ဘူး။ မင်းပြောတာအမှန်ဆို အနည်းဆုံးတော့အချက်ပြရမှာပေါ့။"

 

ထိုအချိန်၌ အားလုံး၏ဖုန်းများအသံမြည်လာသည်။

 

ဖုန်းသံမှာ ကြောက်စရာ၊ ကြက်သီးထစရာကောင်းသည့် ကြောင်တောင်တောင် ရယ်သံဖြစ်နေ၍ တစ်ချို့မှာတွန့်ခနဲ ဖြစ်သွားကြသလို တစ်ချို့မှာ အလန့်တကြားနှင့် ထပင်ခုန်မိကြသည်။

 

ပိုင်လောဖုန်း ဖုန်းယူထုတ်ကြည့်သောအခါ မျက်နှာပြင်၌ ကျောချမ်းစရာကောင်းအောင် ရယ်ပြနေသည့် Wish အက်ပ်၏ပုံကိုတွေ့ရ၏။

 

(ထုတ်လွှင့်သူများ၊ တစ်စုံတစ်ရာ အလုပ်မဖြစ်ပါက မေပယ်လ်ဟုပို့စ်တင်ပါ။ ပန်းတိုင်ကိုရောက်လာကြလို့ ဂုဏ်ယူပါတယ်)

 

(Wish ကမ္ဘာမှကြိုဆိုပါတယ်)

 

(ထုတ်လွှင့်သူ အသိအမှတ်ပြုခြင်းအား အတည်ပြုပြီးပါပြီ။ လက်မှတ်ရယူခြင်းအဆင့်အား မကြာမီစတင်မည်။ ထုတ်လွှင့်ခန်းသို့ဝင်ရန် လင့်ခ်အားနှိပ်ပြီး ပထမဆုံးထုတ်လွှင့်မှုအားစတင်ပါ)

 

(ကံမကောင်းစွာဖြင့် သင်တို့သည် ယခုမှ စာရင်းသွင်းပြီးစီးကာ လက်မှတ်ရယူခြင်းအဆင့်သို့ မရောက်ကြသေး၍ ထိုအဆင့်အတွက် မည်သည့်အမှတ်မှ ရမည်မဟုတ်ပါ)

 

(သို့သော် စိတ်မပူပါနဲ့။ လက်မှတ်ရယူခြင်း အဆင့်အား အောင်မြင်ကာ (ဒုတိယအဆင့်မှစ၍) အမှတ်များစတင် လက်ခံရရှိမည်)

 

(ရည်မှန်းချက် ကြီးကြီးထားပြီး ကြိုးစားကြပါ)

 

(တိုက်ရိုက်ထုတ်လွှင့်မှုကို စရန် ထိုနေရာကိုနှိပ်ပါ။ စတင်ထုတ်လွှင့်သည်နှင့် အဆင့်အတွင်း ဝင်ရောက်ရန် ညွှန်ကြားချက်များ ပေါ်လာမည်ဖြစ်သည်။)

 

မိုးရေစက်များက ဖုန်းမျက်နှာပြင်ပေါ်ကျနေ၏။ ပိုင်လော့ဖုန်း ရေစက်များအား အင်္ကျီလက်နှင့်သုတ်ပြီး လင့်ခ်ကို နှိပ်လိုက်သည်။

 

ဖုန်းစာမျက်နှာမှ အက်ပ်အတွင်း ရောက်ရှိသွားသည်။ တခြားသော ထုတ်လွှင့်ရေး အက်ပ်များကဲ့သို့ပင် ခွင့်ပြုချက်နှင့် နေရာချမှုများအား အတည်ပြုပြီးနောက် ထုတ်လွှင့်မှု စတင်ပြီဖြစ်၏။