Chapter 25
Viewers 1k

အပိုင်း ၂၅ - ဖြတ်သန်းနေသောရထား (အခန်း ၁၇)

 

 

"မင်းတို့ ဘာအကြောင်းပြောနေကြတာလဲ။" စပယ်ယာက မေးလာခြင်းပင်။

 

 

ပိုင်လော့ဖုန်း မော့ကြည့်သောအခါ သူ့မျက်နှာ၌ စိတ်မရှည်မှုနှင့် ရှုပ်ထွေးမှုများ ရောယှက်နေ၏။ သူက ပိုင်လော့ဖုန်းကို တွန်းထုတ်ကာ ကြေမွသွားသည့် အဝတ်ကိုပြန်ဖြန့်ချနေသည်။ "မင်းတို့ဘာတွေ အော်ပြောနေမှန်း မသိပေမယ့် ငါမင်းတို့နဲ့ အချိန်မဖြုန်းနိုင်ဘူး။"

 

 

သူတံခါးဖွင့်၍ အပြင်သို့ခြေလှမ်းလိုက်သည်။

 

 

"စုယွီ" ပိုင်လော့ဖုန်း သူ့အားခေါ်ကာ တားသော်လည်း မမှီတော့ချေ။ စပယ်ယာ ရထားပထမတွဲထဲ ဝင်ရောက်ကာ မြင်ကွင်းထဲမှ ပျောက်သွားတော့သည်။

 

 

သူအပြင်ထွက်လိုက်ရန် ပြင်သောအခါ ကျန်းမုန့်ရီက သူ့ကော်လာကိုဆွဲ၍ ဆူပူလာ၏။ "မင်းရူးနေလား။ ဘာထွက်လုပ်မလို့လဲ။"

 

 

ပိုင်လော့ဖုန်း ကြောင်နနနှင့် သူ့အားပြန်ကြည့်လာသည်။ "ဟမ်"

 

 

"စည်းမျဥ်းကိုမတွေ့ဘူးလား။ လက်မှတ်တွေက အသုံးမဝင်တော့ဘူး။"

 

 

ပိုင်လော့ဖုန်း တစ်စက္ကန့်လောက် ကြောင်နေမိ၏။ "သြော်"

 

 

"ငါတို့သူ့ကို ရှာမှရမယ်။" ရှုရှင်းကပြောလာသည်။ "သူလွတ်သွားရင် ငါတို့အားလုံးသေမှာနော်။"

 

 

ရှုရှင်းက ပိုင်လော့ဖုန်းအား အလောသုံးဆယ်ဖြစ်နေသည့် မျက်လုံးများနှင့်ကြည့်နေ၏။

 

 

သူ့မျက်လုံးများက စူးရှလွန်းသဖြင့် ပိုင်လော့ဖုန်း စကားမပြောရဲပေ။ ရှုရှင်းက အလောတကြီး နှိုးဆော်လာသည်။ "မြန်မြန်သွားသတ်ကြလေ။ သူတစ်ခါသေဖူးပြီးပြီပဲ။ ပြန်မှမသက်မရှင်နိုင်တော့တာ။"

 

 

"မင်းလုပ်မှဖြစ်မယ်။" လီချန်စစ်ကအော်ပြောလာသည်။ "မင်းသူ့ကို သတ်ရင်သတ်၊ မဟုတ်ရင် ငါတို့ကိုသတ်ရမယ်။"

 

 

အော်ဟစ်သံများနှင့်အတူ မျက်လုံးအားလုံးက ပိုင်လော့ဖုန်းဆီရောက်နေ၏။ ပါးစပ်မှမမြင်ရသော ဓားများထုတ်လွှတ်ကာ သူ့လက်ထဲသို့ ထည့်ပေးနေကြသည်။

 

 

ရုတ်တရက် သူနားမလည်နိုင်သော အကြောက်တရားတစ်ခု ပိုင်လော့ဖုန်း၏ ခန္ဓာကိုယ်တွင်းသို့ ရောက်လာ၏။ ဤခရီးတွင် သရဲတစ္ဆေများစွာနှင့် ရင်ဆိုင်ခဲ့ရပြီး ဘယ်သောအခါမှ သူမကြောက်ခဲ့ဖူးသော်လည်း ယခုသူနှင့်အတူ သေသေရှင်ရှင် အတူဖြတ်ကျော်ခဲ့ကြသူများ၏ အကြည့်များအောက် သူကြောက်ရွံ့လာသည်။

 

 

သူတို့၏မျက်လုံးများက ဝံပုလွေများ ကျားများနှင့်တူကာ သူ့အားအရှင်လတ်လတ် ကိုက်စားတော့မည့်ပုံပင်။

 

 

သူတို့အော်ဟစ် ငြင်းဆိုနေကြစဥ် ရထားတွဲ၏ အဆုံးဖက်မှ ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာ၏။

 

 

အားလုံးလှည့်ကြည့်သောအခါ ရထားတွဲ၏ အလယ်တည့်တည့်၌ ရပ်နေသည့် စပယ်ယာအားတွေ့ရသည်။

 

 

ပထမတွဲမှ ခရီးသည်များက တိတ်တဆိတ်စားသောက်နေကြဆဲပင်။

 

 

ဒုတိယတွဲသို့ သွားသည့်တံခါးမှာ ပုံပျက်နေပြီး ယခုနမှအသံသည် တစ်စုံတစ်ခုက ထိုတံခါးနှင့် တိုက်မိရာမှ ထွက်လာခြင်းဖြစ်မည်။

 

 

ထူးဆန်းသည်မှာ ရထား၏တံခါးနှင့် ပြတင်းများအားလုံး ပိုမှောင်မိုက်လာ၍ တစ်ဖက်အား အသေအချာ မမြင်ရပေ။

 

 

အားလုံး အသံတိတ်နေကာ လေထုထဲ၌ ဖော်ပြရန်မလွယ်သည့် တင်းမာမှုများပြည့်နေ၏။

 

 

ယခုနထက် ပိုကျယ်သည့် အသံသည် ရထားတွဲတစ်ဖက်ဆီမှ ထပ်မံထွက်ပေါ်လာပြီး တံခါးကပို၍ ကွေးသွားတော့သည်။

 

 

ထိုတိုက်ခိုက်မှုကြောင့် ရထားတွဲတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားပြီး စပယ်ယာက ခြေမခိုင်တော့ဘဲ ဘေးသို့လဲကျသွား၏။

 

 

 

အသံသည် သူ့ခေါင်းနောက်မှ ထွက်လာသည်ဟုထင်ရပြီး ရုတ်တရက် သူ့ဦးခေါင်းခွံမှာ စူးရှစွာနာကျင်လာသည်။ ကမ္ဘာကြီး ချာချာလည်နေသဖြင့် ဘေးမှခုံတစ်လုံးကို အတင်းဖမ်းဆုပ်ထားရ၏။ ပတ်ဝန်းကျင်မှ အရာအားလုံး တွန့်လိမ်ကောက်ကွေးလာပြီး တစ်စက္ကန့်အတွင်း မြင်ကွင်းအားလုံး ပြောင်းလဲသွားသည်။

 

 

ပထမတွဲထဲ၌ ရှိနေသော်လည်း ယခုနက ကြမ်းပြင်ပေါ်ရှိ အလောင်းများကို စားသောက်နေကြသည့် ခရီးသည်များသည် ယခုထိုင်ခုံ၌ အစီအရီ ထိုင်နေကြ၏။ တံခါးအား အဆက်မပြတ် ထုရိုက်သံများက အကြိမ်ရေပိုစိပ်လာသည်။

 

 

"စုယွီ" သူ့အား တစ်ယောက်ယောက်ခေါ်နေ၏။

 

 

လှည့်ကြည့်သောအခါ ပိုင်လော့ဖုန်း မဟုတ်သည့် ရင်းနှီးနေသည့် မျက်နှာနှင့်လူသည် ခြေလှမ်းအနည်းငယ် အကွာ၌ရပ်နေသည်။ အသက်ကြီးကြီး၊မုတ်ဆိတ်ဗရပွ၊ အရောင်အဆင်းမဲ့စွာ ဝတ်စားထားသည့် ဆံပင်ငှက်သိုက်နှင့်လူ။ တပ်ထားသည့်မျက်မှန်သည် မျက်ကွင်းညိုများအား မဖုံးပေးနိုင်ချေ။ ပင်ပေါင်ဘောလုံးလို ပြူးကျယ်နေသည့်မျက်လုံး၊ အကြောက်တရား ပြည့်နှက်နေသည့် အမူအရာနှင့် အော်ပြောလာ၏။ " ပြေးတော့"

 

 

စုယွီဘာမှ မတုံ့ပြန်နိုင်ခင် သူ့အားခေါ်နေသည့်အသံကို ရှေ့တည့်တည့်မှ ထပ်ကြားရပြန်သည်။ "စုယွီ"

 

 

သူလှည့်ကြည့်လိုက်သောအခါ ပထမတွဲ၌မဟုတ်ဘဲ အတွဲနံပါတ် ၁၀ လောင်စာဆီအခန်းဆီ ရောက်နေ၏။

 

 

အခန်းထဲရှိ မီးလင်းဖိုကြီးသည် မီးတောက်များမသုံးဘဲ သရဲများ၏ အငြှိုးအတေးများဖြင့် လောင်ကျွမ်းနေသည်။

 

 

မီးလင်းဖို၏ တံခါးပွင့်လာပြီး အတွင်းကနေ အော်ဟစ်သံ၊ ရယ်မောသံ၊ ငိုသံများနှင့် လက်များထွက်လာကာ မီးလင်းဖို၏ အနားသတ်အား ကုတ်ခြစ်ရင်း အကူအညီတောင်းနေကြ၏။

 

 

သူ့အနောက်တွင် ရှိနေသူက ရုတ်တရက်ကြီး ရှေ့သို့ရောက်လာသည်။

 

 

တုန်ရီနေသည့် လက်များနှင့် လေးထောင့်ပုံသဏ္ဍာန် အရာဝတ္ထုတစ်ခုကို ကိုင်ထားပြီး ကြောက်ရွံ့မှုကြောင့် နှုတ်ခမ်းများပင် တုန်နေ၏။ သူ့အား လွှမ်းမိုးနေသည့် စိတ်ခံစားချက်များကို ချုပ်တည်းထားရသဖြင့် မျက်နှာကြွက်သားများပင် တွန့်လိမ်နေသည်။

 

 

"မသွားပါနဲ့။" လူအိုကြီး၏အသံက တုန်ခါနေ၏။ "အရမ်းနောက်ကျနေပြီ။"

 

စပယ်ယာက သူ့အသံသူ ပြန်ကြားလိုက်သည်။ "မသွားရင် ဘာဆက်လုပ်ရမလဲ၊ ကျွန်တော်....."

 

 

"မင်းသွားရင်သေမှာ။" အဖိုးကြီး၏ အော်သံကြောင့် သူတုန်လှုပ်လာ၏။

 

 

"မင်းသွားရင်သေလိမ့်မယ်။ ဒါငါရပ်ခဲ့တဲ့နေရာပဲ။"

 

 

"မင်းအမေကရော။" ထိုစကားလုံးသည် အဖိုးကြီး၏ အရှိုက်ကိုထိသွားပုံရသည်။ မျက်လုံးများက ရုတ်တရက် တောက်ပလာပြီးနောက် ရုတ်တရက် ပြန်မှေးမှိန်သွားလေ၏။

 

 

အဖိုးကြီးက ကြွက်သားများအား ဖိအားပေးကာ အကျည်းတန်စွာ ပြုံးပြလာသည်။

 

 

"ငါ ငါအခု အမေနဲ့ အတူရှိနေပြီလေ။ အောက်မှာပြန်တွေ့ကြမယ်။"

 

 

စပယ်ယာသည် လည်ပင်းအား တစ်ခုခုဖိထားသလို ခံစားရပြီး စကားမပြောနိုင်တော့ပေ။

 

 

"ဆင်းတော့ စုယွီ။" အဖိုးကြီးကသူ့အား စိတ်မပါသလိုကြည့်၍ အက်ရှရှအသံနှင့်ပြောလာသည်။ "ဒီတစ်ခါ ငါမင်းအတွက် သေပေးလိုက်မယ်။ မင်းက ပရိုဂရမ် ရေးတဲ့သူကိုရှာပြီး ပါးတစ်ချက်လောက်တော့ ရိုက်ပေးရမယ်။"

 

 

"မင်းအမှတ်က ငါတို့အားလုံးထက် မြင့်တယ်။"

 

 

"မင်း...နိုင်ချင်နိုင်လောက်တယ်။ ငါကအမြဲ အောက်ရောက်နေတာ။ မင်းနောက်သာမလိုက်ရင် ဒီထိတောင်မရောက်ဘူး။ အမေ့ကိုလည်း မကယ်နိုင်တော့ဘူး။ မင်းကတော့ ကယ်နိုင်ရမယ်။"

 

 

စပယ်ယာက ပါးစပ်ဟသော်လည်း စကားတစ်လုံးမှ မထွက်လာချေ။

 

 

"ဒီကထွက်ရင် မင်းကောင်လေးကိုခေါ်ပြီး ငါ့ဆီလာလည်။"

 

 

"ငါ S မြို့ရဲ့ သုသာန်တစ်ခုခုမှာ ရှိနေလိမ့်မယ်။"

 

 

အဖိုးကြီးက အားတင်းကာ ပြုံးပြနေသော်လည်း အကျည်းတန်နေဆဲပင်။

 

 

"ငါ့ကိုကတိပေး"

 

 

သူဘာမှ ပြန်မပြောနိုင်ခဲ့ပေ။

 

 

ရထားအတွင်း၌ လေအေးများ တိုက်ခတ်နေသော်လည်း သူ့ခန္ဓာကိုယ်က လောင်မြိုက်နေ၏။ သူတံခါးဘောင်အား ဖိကိုင်ထားရင်း ခေါင်းတဆတ်ဆတ်ငြိမ့်ပြနေမိသည်။

 

 

အဖိုးကြီးကရယ်ရင်း အော်ပြောလာ၏။ "အားတင်းထားဦး။" သူကလက်ထဲမှ အရာဝတ္ထုကို မီးလင်းဖိုအတွင်း ပစ်သွင်းလိုက်သည်။

 

 

သူသည် ဆုံးဖြတ်ချက် ချပြီးပုံပေါ်ကာ စပယ်ယာကသူ့အား စကားဆက်ပြော၍ ဆွဲဆောင်ချင်ပါသော်လည်း သူ့အနေအထားအရ စကားမပြောနိုင်သေးချေ။ နာကျင်မှုနှင့် အော်ဟစ်သံများအား သူခံစားမိ၏။

 

 

လောင်ကျွမ်းမှုသည် ထိုအဖိုးကြီးအား ဝါးမြိုနေသည်ကို သူငေးကြည့်နေရသည်။

 

 

မိုးခြိမ်းသံနှင့်အတူ ရထားပေါက်ကွဲသွားပြီး သူလွင့်ထွက်လာ၏။

 

 

မူးဝေနေရင်း အေးစက်သည့်ကြမ်းပေါ် သူဆက်တိုက်လှိမ့်နေရာမှ ခေါင်းနောက်ကို မာကျောသည့်အရာတစ်ခု ဝင်ဆောင့်ကာ နာကျင်လာသည်။

 

 

သွေးကြောင့် အမြင်အာရုံများ ဝေဝါးလာ၏။

 

 

ညာဖက်မျက်လုံးထိခိုက်ကာ ဖွင့်၍မရတော့။

 

 

နားထဲတဝီဝီသံများကြားနေရပြီး တစ်ကိုယ်လုံး နာကျင်လာသည်။

 

 

သူကျိုးကျေနေခဲ့ပြီး လှုပ်ပင်မလှုပ်နိုင်ချေ။

 

 

နှင်းများကျလာသည်။

 

 

သူ့ဦးခေါင်းနောက်မှ နာကျင်မှုကနေတဆင့် ဝင်တိုက်မိသည့် အရာဝတ္ထုကို သူအာရုံခံမိလာ၏။

 

 

တဒေါင်ဒေါင် အချက်ပေးသံများ သူကြားနေရသည်။

 

 

လှည့်ကြည့်သောအခါ ပေါက်ကွဲမှုကြောင့် မျက်နှာပြင်ကွဲနေသည့်ဖုန်းသည် ထုတ်လွှင့်ခန်းမှထွက်ကာ မူလမျက်နှာပြင်သို့ ရောက်နေသည်ကို တွေ့ရ၏။

 

 

ဖုန်း၏မျက်နှာပြင်၌ အဖြူအပြာစင်းကြား ဝတ်စုံနှင့်ကောင်လေးက ပန်းများကိုင်ထားသည်။

 

 

သူမျက်နှာပြင်ကိုကြည့်ကာ ပြုံးနေမိ၏။

 

 

စပယ်ယာ၏ နှင်းပုံထဲလဲနေကာ ခန္ဓာကိုယ်သည် အပူနှင့်အအေးဒဏ်ကို ပြိုင်တူခံစားနေရသည်။ ဖုန်းကအနည်းငယ် လှမ်းနေသဖြင့် လက်ဆန့်ထုတ်ကာ ဆွဲကြည့်သော်လည်း ပေါက်ကွဲမှုမှထွက်လာသည့် အပိုင်းအစများသာ စမ်းမိပြီး သူ့ခန္ဓာကိုယ်မှ သွေးစိမ့်ထွက်ကာ အသားစများအောက်မှ အရိုးများကိုပင် တွေ့နေရ၏။

 

 

နာကျင်မှုကို အံကြိတ်ကာခံ၍ လက်ဆန့်ထုတ်ကာ ဖုန်းပေါ်မှလူဆီ ရောက်အောင်ကြိုးစားသော်လည်း သူမလုပ်နိုင်ခဲ့။

 

 

နှင်းများထူထပ်လာပြီး ပေါက်ကွဲသွားသည့် ရထား၏ အပျက်အစီးများက အနီးအနား၌ လောင်ကျွမ်းနေကြပြီး အလွန်နီးသော်လည်း အလှမ်းဝေးနေသည့်ဖုန်းအား သူအခုထိ မကောက်ယူနိုင်သေးပေ။

 

 

ထိုအချိန်၌ သေအံ့မူးမူးပြပွဲလို ပုံရိပ်များ ဆက်တိုက်ပေါ်လာနေသည်။

 

 

ပုံရိပ်များကိုကြည့်ရင်း ကျလာသည့်မျက်ရည်များက မြင်ကွင်းကိုဝေဝါးစေပြီး ဒဏ်ရာများပေါ်စီးကျနေ၏။

 

 

သူအံကြိတ်သောအခါ  သူ့အသက်ရှူသံများက တစ်ဆို့လာပြီး ရှိုက်သံများထွက်လာသည်။

 

 

တိုးတိုးကလေး ရေရွတ်နေသည့် သူ့အသံကိုသူ ပြန်ကြားနေရ၏။

 

 

"အားဖုန်း"

 

 

"အားဖုန်း"

 

 

ရုတ်တရက် သူ့လက်ကောက်ဝတ် ဆွဲယူခံလိုက်ရပြီး သူလှည့်ကြည့်လိုက်သောအခါ သူမကောက်ယူနိုင်ခဲ့သည့် ဖုန်းမျက်နှာပြင်ပေါ်မှ ကောင်လေးက သူ့အားဆုပ်ကိုင်ထားသည်။

 

 

ကောင်လေးကအရွယ်ရောက်ကာ လူပျိုပေါက်အရွယ်မှ အမျိုးသားတစ်ဦးဖြစ်လာပြီး ပိုရင့်ကျက်လာကာ အရင်က အနက်ရောင်ဆံပင်များက အခုဖြူစွတ်နေ၏။

 

 

လူငယ်ကသူ့အားဆွဲကာ စပယ်ယာခန်းဆီ ပြေးနေသည်။

 

 

 

သူဘာမှ မတုံ့ပြန်နိုင်ခင် အနောက်မှအသံထွက်လာသည်။

 

 

သူခေါင်းလှည့်ကြည့်လိုက်၏။

 

 

ဒုတိယတွဲ၏တံခါးက လုံးလုံးပွင့်နေလေပြီ။

 

 

သရဲအုပ်ကြီးသည် တံခါးဝ၌ အချင်းချင်းတွန်းထိုးနေကြပြီး အထဲသို့ အလုအယက် ဝင်ရောက်နေကြသဖြင့် အော်ဟစ်သံများ ထွက်ပေါ်နေသည်။

 

 

သို့သော် အရေအတွက် များလွန်းသဖြင့် အနက်ရောင် တံခါးတစ်ချပ်ပေါ်လာလေ၏။

 

 

ပထမတွဲမှ သရဲများထရပ်နေကြသည်။ တစ်ချို့၏ပါးစပ်ထဲ၌ ခြေချောင်းလက်ချောင်းများ ထည့်ထားသော်လည်း ဝါးနေသည်ကိုရပ်ကာ သူ့အားကြည့်နေကြသည်။ သူရှေ့သို့ ခြေလှမ်းအနည်းငယ် ပြေးပြီးနောက် ရထားတံခါးပွင့်ကာ သရဲအုပ်ကြီးက အထဲသို့ရောက်ရှိလာ၏။

 

စပယ်ယာက ပြောနေသည်ကို ရပ်ကာပိုင်လော့ဖုန်းအား လွတ်၍လက်ကိုဝေ့လိုက်သည်။

 

 

ဘာမှဖြစ်မလာ။

 

 

"ဟင်"

 

 

"ဘာဟင်နေတာလဲ။" ပိုင်လော့ဖုန်းကသူ့အား ရထားရှေ့ပိုင်းသို့ ဆွဲပြေးရင်းဆူဆဲတော့သည်။ "သူကမင်းကို သတ်ချင်နေတာ။ သရဲတွေကိုသတ်ခွင့် မင်းကိုပေးထားဦးမလား။ မင်းမှာစွမ်းအားရှိမရှိကို စောက်ဖန်တီးသူက ဆုံးဖြတ်ခွင့်ရှိတယ်ကွ။"

 

 

ပိုင်လော့ဖုန်းကပြောရင်း သူ့အားရထားတွဲဆီဆွဲသွင်း၏။

 

 

သူတို့အထဲမရောက်ခင် သရဲတစ်ကောင်က အရှိန်နှင့်ပြေးလာသည်။

 

 

စပယ်ယာ လှည့်ကြည့်သောအခါ ထိုသရဲ၏ သွေးများကပ်နေသည့် အစွယ်များနှင့် ပါးစပ်ကြီးသည် ပိုင်လော့ဖုန်း၏ လည်ပင်အားချိန်ရွယ်ထားသည်ကို တွေ့လိုက်ရ၏။

 

 

စပယ်ယာက သူ့လက်ကိုရုန်းကာ ပိုင်လော့ဖုန်းအား ရထားတွဲထဲ တွန်းပို့လိုက်သည်။

 

 

ပိုင်လော့ဖုန်း ဟန်ချက်ပျက်ကာ လဲကျသွား၏။

 

 

သူမော့ကြည့်သောအခါ စပယ်ယာလည်း ရထားတွဲထဲ ရောက်နေပြီဖြစ်သည်။

 

 

ကျန်းမုန့်ရီက အားကုန်သုံး၍ တံခါးအားပိတ်သော်လည်း သရဲ၏ခန္ဓာကိုယ် တစ်ဝက်ခန့်က အထဲရောက်နေ၍ ပိတ်ရန်မလွယ်ပေ။

 

 

သူ၏လက်များသာ အထဲရောက်လာပါက မတွေးရဲစရာပင်။ စပယ်ယာက သူ့လက်အားထုတ်ကာ တံခါးဝကို ပိတ်ဆို့ရန်ကြိုးစားသောအခါ သရဲက သူ့လက်အားကိုက်ချသည်။

 

 

စပယ်ယာ၏ မျက်နှာသည် နာကျင်မှုကြောင့် တွန့်လိမ်သွားကာ အော်သံပင်ထွက်လာ၏။

 

 

"စုယွီ" ပိုင်လော့ဖုန်းက အော်ခေါ်လာသည်။

 

 

"ဓားပေး" သူနာကျင်နေသည့်ကြားက အော်ပြောနေရ၏။ "တစ်ယောက်ယောက်မှာတော့ ဓားပါတယ်မလား။"

 

 

ပိုင်လော့ဖုန်း သူ့တွင်ဓားပါသည်ကို သတိရကာ လွယ်အိတ်ထဲမှ ယူထုတ်၍ ဓားအိမ်ကိုချွတ်ကာ ပြေးတက်လာပြီး ခရီးသည်၏မျက်နှာအား ဓားနှင့်ထိုးချလိုက်သည်။

 

 

သွေးပုပ်များနှင့် အပုပ်ရည်များ ပန်းထွက်ကာ သရဲကအော်ဟစ်ပြီး ကိုက်ထားသည်ကို လွှတ်ပေးလာ၏။

 

 

ကျန်းမုန့်ရီက တံခါးကို အတင်းဆောင့်ပိတ်လိုက်သည်။

 

 

စပယ်ယာက ချက်ချင်းခွေလဲကျလာသဖြင့် ပိုင်လော့ဖုန်းကသူ့ကိုဖမ်းကာ အလန့်တကြား အော်ခေါ်နေ၏။ "စုယွီ၊စုယွီ"

 

 

"အဆင်ပြေပါတယ်" စပယ်ယာက နာကျင်နေသည့်ကြားမှပြုံးကာ ပိုင်လော့ဖုန်း၏ မျက်လုံးများအား စိုက်ကြည့်လာသည်။ "ကိုယ်မသေပါဘူး။"