Chapter 1
Viewers 763

အခန်း ၁

 

 

လင်းချွမ် မြို့၏ နွေဦးလေပြေမှာ အေးမြလျက်ရှိ၏။ လမ်းဘေးတစ်ဖက်တစ်ချက်ရှိ Bauhinia အပင်များမှာလည်း ပွင့်ဖတ်များ ဝေဆာနေပြီဖြစ်သည်။ အသစ်ဖွင့်လှစ်ထားသော နို့လက်ဖက်ရည်ဆိုင် ရှေ့တွင် မိန်းကလေးအချို့မှာ ဝန်ထမ်းများ အော်ဒါပြင်ဆင်ပေးသည်ကို စောင့်ဆိုင်းနေကြ၏။

 

 

“အိုမိုင်ဂေါ့... Weibo ရဲ့ ထိပ်တန်းသတင်းတွေကို ကြည့်ပြီးပြီလား နှလုံးသားရဲ့ ဝန်ခံချက်၂ က မကြာခင် ရိုက်ကူးတော့မယ်တဲ့" 

 

 

“မဟုတ်မှလွဲရော... တကယ်ကြီးလား!”

 

 

“ဖျော်ဖြေရေး သတင်းတွေ တင်ပေးတဲ့ ဘလော့ဂါ အုပ်စုကလည်း အကုန်တင်နေကြတာပဲ အစစ်ဖြစ်ဖို့များတယ်"

 

 

“အား... ငါတော့ အတွဲအသစ်တွေကို ထပ်ပြီး အားပေးလို့ရဦးမယ်!”

 

 

“ဒီတစ်ခေါက်မှာ ဘယ်သူတွေ ပါမလဲမသိဘူးနော် အရင်တစ်ခေါက်က ထောင်ကျစ် CP ကို ငါ တအားသဘောကျတာ"

 

 

“ဟုတ်ပ... ဒီတစ်ခေါက် ဘယ်မြို့မှာ ရိုက်မလဲဆိုတာ သိလား ဒီမှာပဲ ဖြစ်ပါစေလို့ ဆုတောင်းရမယ်"

 

 

“တစ်ယောက်ယောက် ပြောတာတော့ ဟိုင်နင်းမှာလို့ ကြားမိသလိုပဲ" 

 

 

သူတို့ပြောနေကြသည်မှာ ပြီးခဲ့သည့်နှစ်က ရှင်းခုန်း Tv မှ ထုတ်လွှင့်ခဲ့သည့် 'နှလုံးသားရဲ့ ဝန်ခံချက်' အမည်ရှိ အချစ်နယ်ပယ် လက်တွေ့ဘဝရိုက်ကူးရေး အစီအစဉ်အကြောင်း ဖြစ်သည်။ ထိုအစီအစဉ်မှာ အနုပညာရှင်များနှင့် သာမန်လူများကို ဖိတ်ခေါ်ကာ အတွဲများအဖြစ် ကျပန်းတွဲပေးခြင်းပင်။ 'နှလုံးသားရဲ့ ဝန်ခံချက်' သည် တရုတ်နိုင်ငံ၏ ပထမဆုံးသော အချစ်နယ်ပယ် အစီအစဉ်မဟုတ်သော်လည်း ထုတ်လွှင့်သည့် အချိန်မှစ၍ နာမည်ကြီးခဲ့ပြီး Dban တွင် ရမှတ် ၉.၀ အထိ ရရှိခဲ့၏။

 

 

ယခုနှစ်တွင်လည်း 'နှလုံးသားရဲ့ ဝန်ခံချက်' ၏ ဒုတိယမြောက် ရာသီအား နွေဦးရာသီတွင် စတင်ရိုက်ကူးတော့မည်ဖြစ်သည်။

 

 

“ဟယ်လို... လူကြီးမင်းရဲ့ Bobo Taro Milk Green ရပါပြီ” 

 

 

ဝန်ထမ်းတစ်ဦးက သူတို့၏ စိတ်လှုပ်ရှားစွာ စကားပြောဆိုမှုကို ဖြတ်၍ ခေါ်လိုက်၏။

 

 

“အော်... ကျေးဇူးပါ" 

 

 

အနီရောင် အားကစားဂျာကင် ဝတ်ဆင်ထားသော မိန်းကလေးမှာ သူမ၏ ဖျော်ရည်ကို ယူကာ လှည့်ထွက်သွားရင်း တန်းစီနေသူများဘက်သို့ ပေါ့ပေါ့ပါးပါး လှမ်းကြည့်လိုက်ရာမှ ရုတ်တရက် တောင့်ခဲသွားသည်။

 

 

သူတို့နောက်တွင် လီမွန်အဝါရောင်ဟူဒီ အပွကြီးကို ဝတ်ဆင်ထားသော ကောင်လေးတစ်ယောက်မှာ အထူးတလည် ပေါ်လွင်နေ၏။ သူ၏ နူးညံ့သော ဆံပင်များက နေရောင်အောက်တွင် ရွှေရောင်ဖျော့ဖျော့ တောက်ပနေပြီး ဖြူဝင်းသော အသားအရေနှင့် နုနယ်သော မျက်နှာသွင်ပြင် ရှိလေသည်။ သူ၏ ပါးစပ်တွင် ချိုချဉ်လုံး တစ်ခုကို ငုံထားပြီး ရင်ဘတ်တွင် အားကစားလွယ်အိတ်လေး တစ်လုံးကို လွယ်ထား၏။ သူက ဟူဒီ၊ ဂျင်းဘောင်းဘီနှင့် ဘွတ်ဖိနပ်တို့ကို ရိုးရိုးရှင်းရှင်းနှင့် ပေါ့ပေါ့ပါးပါး ဝတ်ဆင်ထားသည်။

 

 

သူက ခေါင်းငုံ့ထားပြီး အနီးနားရှိ မိန်းကလေးများက သူ့ကို ခိုးခိုးကြည့်နေကြသည်ကို လုံးဝ သတိမထားမိပေ။

 

 

ဝမ်ချီ သူ၏ မန်နေဂျာဖြစ်သူ ဂျင်ကောထံမှ ပေးပို့လာသော စာကို ဖတ်နေခြင်းဖြစ်သည်။ ဂျင်ကောက သူနှင့် သူ၏ လက်ထောက်အတွက် ဟိုင်နင်းသို့ ပျံသန်းရန် လေယာဉ်လက်မှတ်များကို ဝယ်ယူပြီးပြီဖြစ်ကြောင်း ပြောထား၏။

 

 

ဟုတ်ပါသည်၊ ဝမ်ချီမှာ 'နှလုံးသားရဲ့ ဝန်ခံချက်' ၂ ကို စတင်ရိုက်ကူးရန် ဟိုင်နင်းသို့ မကြာမီ ထွက်ခွာရတော့မည်ဖြစ်သည်။

 

 

စောစောက မိန်းကလေးများ ပြောနေသည်ကို သူ ကြားခဲ့ရ၏။ ထိုအစီအစဉ် အမည်ကို ကြားလိုက်ရသည့် ခဏတွင် သူ တွေးမိသည်မှာ နောက်တစ်လလုံးလုံး နားရက်မရှိ အလုပ်လုပ်ရတော့မည်ဟူသော အချက်ပင်ဖြစ်သည်။

 

 

သူ၏ ခံစားချက်မှာ ပြောမပြတတ်အောင် ရှုပ်ထွေးနေ၏။

 

 

ဝမ်ချီက ဂျင်ကော၏ စာကို ပြန်လည်ဖြေကြားလိုက်သည်။ ထို့နောက် တန်းစီရမည့် အလှည့်ရောက်လာသဖြင့် သူက ရှေ့သို့ တိုးသွားကာ မီနူးကို ဖတ်ရန် မျက်နှာကို မော့လိုက်၏။

 

 

နို့လက်ဖက်ရည်ဆိုင်ရှိ ဝန်ထမ်းအများစုမှာ အသက် ၂၀ အရွယ် မိန်းကလေးများ ဖြစ်ကြသည်။ လတ်ဆတ်ပြီး နီမြန်းသော နှုတ်ခမ်းရှိသည့် ကောင်လေးတစ်ယောက် သူတို့ရှေ့တွင် ရပ်နေသည်ကို မြင်လိုက်ရသောအခါ ကောင်တာရှိ ဝန်ထမ်းလေးမှာ ပြုံးစိစိဖြစ်သွား၏။

 

 

“မင်္ဂလာပါ Mango Passionfruit Double Shot တစ်ခွက်နဲ့ Mint Milk Green Tea တစ်ခွက် ပေးပါ နှစ်ခွက်လုံး အအေးပဲ၊ Mint Green Tea ကို သကြားလျှော့ပေးပါ" 

 

 

“ရပါပြီ!”

 

 

အော်ဒါမှာပြီးနောက် ဝမ်ချီက ဘေးသို့ဖယ်ကာ စောင့်ဆိုင်းနေလိုက်သည်။ သူ၏ ဖုန်းက ထပ်မံ မြည်လာပြန်၏။ တစ်ဖက်မှ ပြောလိုက်သည့် စကားကြောင့် ဝမ်ချီ၏ မျက်နှာမှာ ရှက်ကိုးရှက်ကန်း ဖြစ်သွားသည်။

 

 

“အင်းပါ၊ အင်းပါ... ဒီမှာပဲ စောင့်နေမယ်" 

 

 

အော်ဒါ သုံးခုစာ ကျန်ရှိနေသေး၏။ ဝမ်ချီ သူ၏ လက်များကိုဟူဒီအိတ်ကပ်ထဲသို့ ထည့်ကာ ဆိုင်ရှေ့တွင် မှီ၍ ရပ်နေလိုက်သည်။ ခဏအကြာတွင် ဆွယ်တာအင်္ကျီ ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးက ပြေးလာ၏။

 

 

သူ ဖျော်ရည်များ ရရှိသည့်အချိန်တွင် ဝမ်ချီက အိတ်ထဲမှ တစ်ခွက်ကို ထုတ်၍ သူမအား ကမ်းပေးလိုက်သည်။ 

 

 

“ရော့... ဒါ နင့်အတွက်"

 

 

သူ၏ လက်ထောက်ဖြစ်သူ စန်းစန်းက သူ့ကို အားကိုးရာမဲ့သော အကြည့်ဖြင့် ကြည့်ကာ ပြော၏။ 

 

 

“ဘာလို့ နို့လက်ဖက်ရည်ကို ထပ်ဝယ်တာလဲ ဂျင်ကောသိရင် ဆူခံရဦးမယ်" 

 

 

ဝမ်ချီက သူ၏ လက်ထဲရှိ ဖျော်ရည်ကို ညွှန်ပြကာ ဖြေသည်။

 

 

“ငါက သစ်သီးဖျော်ရည် သောက်နေတာလေ"

 

 

စန်းစန်း: “...”

 

စောစောက မိန်းကလေးများမှာလည်း လှမ်းကြည့်နေကြ၏။ စန်းစန်းက အထူးတလည် လှပနေခြင်းမျိုး မဟုတ်သော်လည်း သန့်ရှင်းသပ်ရပ်ပြီး ကြည့်ရသည်မှာ စိတ်ချမ်းသာဖွယ် ရှိသည်။ သူတို့က ဝမ်ချီနှင့် နီးစပ်ပုံရသဖြင့် သူမအား သူ၏ ရည်းစားဟု ထင်မှတ်ကာ စိတ်ပျက်သွားကြ၏။

 

 

သူတို့ရှေ့တွင် ဖျော်ရည်ဝယ်နေသည့် ကောင်လေးမှာ တကယ်တမ်းတွင် အနုပညာရှင် တစ်ဦးဖြစ်ကြောင်း မည်သူမျှ သတိမထားမိကြပေ။ အကာအကွယ်မပါ၊ ဦးထုပ်မပါ၊ ရုပ်ဖျက်မထားဘဲ လူအများကြားတွင် လမ်းလျှောက်နေသော်လည်း မည်သူကမျှ မှတ်မိခြင်း မရှိသည်မှာ သူက မည်မျှအထိ လူမသိသူမသိ ဖြစ်နေသည်ကို ဖော်ပြနေ၏။

 

 

သူတို့သည် နောက်နှစ်ရက်တွင် ထွက်ခွာကြမည်ဖြစ်သည်။ လင်းချွမ် နှင့် ဟိုင်နင်းမှာ သိပ်မနီးလှသဖြင့် လေယာဉ်ဖြင့်ပင် နှစ်နာရီ၊ သုံးနာရီခန့် ကြာမြင့်မည်ဖြစ်သည်။

 

 

ငှားရမ်းထားသော တိုက်ခန်းသို့ ပြန်ရောက်သောအခါ စန်းစန်း သူမ၏ လက်ဖက်ရည်ကို သောက်ရင်း ဝမ်ချီ၏ နောက်မှ ခုန်ဆွခုန်ဆွ လိုက်လာ၏။ အထဲဝင်လိုက်သည်နှင့် သူမက တံခါးနောက်ရှိ ဖိနပ်စင်ဆီသို့ တန်းတန်းမတ်မတ် သွားကာ ပန်းရောင် ယုန်ရုပ်ဖိနပ်တစ်စုံကို ထုတ်ယူလိုက်သည်။

 

 

“ချီ‌ကော ခရီးဆောင်အိတ်က ဘယ်မှာလဲ” 

 

 

ဧည့်ခန်းထဲတွင် မတွေ့သဖြင့် သူမ မေးလိုက်သည်။ သူမ မှတ်မိသလောက်ဆိုလျှင် များသောအားဖြင့် ထောင့်တစ်နေရာတွင် ရှိနေတတ်၏။

 

 

“အိပ်ခန်းထဲမှာ" 

 

 

ဝမ်ချီက ဆိုဖာပေါ်သို့ ပစ်လှဲချလိုက်ပြီး ရီမုကို ကောက်ယူကာ တီဗီဖွင့်လိုက်ပြီး ဖုန်းကို စတင်နှိပ်နေသည်။ ခဏအကြာတွင် တီဗီဖန်သားပြင်ပေါ်၌ ရသစုံရှိုးတစ်ခု ပြသလာ၏။

 

 

စန်းစန်းက မီးဖိုချောင်တွင် သစ်သီးများ လှီးဖြတ်နေရင်း ပန်းကန်ကို ယူလာကာ တီဗီဖန်သားပြင်ကို ကြည့်လိုက်ပြီး ချက်ချင်းပင် မှတ်မိသွားသည်။

 

 

“နှလုံးသားရဲ့ ဝန်ခံချက်' လား"

 

 

ဝမ်ချီက သူမကို လှမ်းကြည့်ကာ ဘာမှမပြောဘဲ ပန်းသီးတစ်စိတ်ကို ခက်ရင်းဖြင့် ထိုးယူလိုက်၏။ 

 

 

"အင်း... လေ့လာနေတာ"

 

 

“ရာသီ ၂ က အရင်နဲ့ မတူဘူးလို့ ကြားတယ်၊ အချိန်နဲ့တစ်ပြေးညီ တိုက်ရိုက်ထုတ်လွှင့်မှာတဲ့" 

 

 

စန်းစန်းက ပြောလိုက်သည်။

 

 

“တခြား ဘာထူးသေးလဲ"

 

 

“ဖြစ်နိုင်တာကတော့... အော်၊ ချီကောရဲ့ CP က ဘယ်သူလဲဆိုတာ သိပြီလား" 

 

 

“မသိသေးဘူး ကြိုသိခွင့်ရှိလို့လား"

 

 

သူ စကားပြောပြီးသည်နှင့် ဝမ်ချီ၏ ဖုန်းမြည်လာသည်။ ၎င်းမှာ ဂျင်ကောထံမှ ဗီဒီယိုခေါ်ဆိုမှုပင်။

 

 

သူ ဖုန်းဖြေလိုက်သည်နှင့် ဟားတိုက်ရယ်မောသံကြီးမှာ စပီကာမှ တဆင့် ထွက်ပေါ်လာ၏။

 

 

ဝမ်ချီ: “?”

 

 

စန်းစန်း: “...”

 

 

ဂျင်ကောမှာ ဆယ်စက္ကန့်ခန့် ရယ်မောပြီးမှ စကားပြောနိုင်တော့သည်။ 

 

 

“ရှောင်ချီငါတို့တော့ နာမည်ကြီးပြီး ဖီးနစ်ငှက်တွေ ဖြစ်တော့မယ်ဟေ့!”

 

 

...ဒါက ရုတ်တရက်ကြီးပါလား

 

 

ဝမ်ချီက သတိထား၍ မေးလိုက်၏။ 

 

 

“ဘာကို ဆိုလိုတာလဲ"

 

 

“မင်းကို ဘယ်သူနဲ့ ကျပန်းတွဲပေးထားလဲ သိလား”

 

 

စန်းစန်း၏ သိလိုစိတ်မှာ ချက်ချင်း မြင့်တက်သွားသည်။ 

 

 

"ဘယ်သူလဲ!”

 

 

“ကျန်းစီဟန်း! ကျန်းလောင်ရှီး လေ! ဟားဟားဟားဟား!” 

 

 

ဂျင်ကောကထပ်မံ ရယ်မောပြန်သည်။

 

 

“ဘာ... တကယ်ကြီးလား!"

 

 

ဝမ်ချီ စန်းစန်းကို အားကိုးရာမဲ့စွာဖြင့် ကြည့်လိုက်၏။ သူမမှာ သူ့ထက်ပင် ပို၍ စိတ်လှုပ်ရှားနေပြီး ဆိုဖာပေါ်တွင် ခြေဗလာဖြင့် မတ်တပ်ရပ်နေသည်။

 

 

“အား... ဒါဆိုရင် ညီမရဲ့ အိုင်ဒေါလ်ကို တစ်လလုံးလုံး အနီးကပ် မြင်ရတော့မှာပေါ့!”

 

 

ဂျင်ကောက မေးစရာပင် မလိုတော့ပေ၊ ထိုဘက်ခြမ်းမှ ရှုပ်ထွေးနေမည့် အခြေအနေကို သူ ပုံဖော်ကြည့်နိုင်သည်။

 

 

ဝမ်ချီက မေးလိုက်၏။ 

 

 

"ငါက နင့်ရဲ့ အိုင်ဒေါမဟုတ်ဘူးလား"

 

 

သူ မှတ်မိသလောက်ဆိုလျှင် စန်းစန်းသူ၏ လက်ထောက်အဖြစ် စတင်လုပ်ကိုင်စဉ်၊ လွန်ခဲ့သော နှစ်လခန့်က သူတို့သုံးယောက် ညနှောင်းပိုင်း မုန့်ထွက်စားကြရင်း ကြိုက်နှစ်သက်သည့် အနုပညာရှင်များအကြောင်း ပြောခဲ့ဖူးသည်။

 

 

စန်းစန်းက ထိုစဉ်က ဤသို့ ပြောခဲ့ဖူး၏။ 

 

 

“တကယ်တော့ ညီမက စီနီယာ ဝမ်ချီကို အရမ်းသဘောကျတာ” 

 

 

ဟုတ်သည်၊ စီနီယာ ပင်။ သူတို့သည် တက္ကသိုလ်တစ်ခုတည်းမှ ဖြစ်ပြီး ဝမ်ချီက နှစ်နှစ်ကြီး၏။

 

 

စန်းစန်းကလည်း အတိတ်ကို ပြန်သတိရကာ ရယ်မောလိုက်သည်။ 

 

 

“အင်း...ရုပ်ရှင်ဧကရာဇ်ကျန်းရဲ့ ကားတွေကို ကြည့်ပြီးတဲ့နောက်တော့ ဒီလူက ညီမရဲ့ အကြိုက်ဆုံး ဖြစ်သွားတာပဲ"

 

 

ဝမ်ချီ: “..."

 

 

သူက သက်ပြင်းချကာ နောက်သို့ ဖြည်းညှင်းစွာ မှီချလိုက်၏။

 

 

ဂျင်ကောက စန်းစန်း၏ အိုင်ဒေါအကြိုက်ကို စိတ်မဝင်စားပေ။ သူက ဆက်ပြောလိုက်သည်။

 

 

"အစမှာ အတွဲတွေ တွဲပေးထားပေမဲ့ ပထမ သုံးရက်အတွင်းမှာ မင်းတို့ ဆက်တွဲမလားဆိုတာ ဆုံးဖြတ်လို့ရတယ် အဆင်ပြေရင်တော့ ကောင်းတာပေါ့ အဆင်မပြေရင် တခြားတစ်ယောက်နဲ့ ပြောင်းတွဲလို့ရတယ်"

 

 

ဝမ်ချီမှာ ထိုစကားကို ကြားသောအခါ အစီအစဉ်၏ ပုံစံမှာ ရာသီ ၁ နှင့် သိပ်မကွာခြားကြောင်း သိလိုက်၏။

 

 

“ဒါပေမဲ့ ရှောင်ချီအလေးအနက် ပြောတာနော်၊ အဲဒီ ပထမ သုံးရက်မှာ သတိထား မင်းရဲ့ CP က အခု အနုပညာလောကမှာ ထိပ်တန်း အနုပညာရှင်ပဲ မင်းလုပ်သမျှ အရာအားလုံးကို သူ့ရဲ့ ပရိသတ်တွေနဲ့ ကြည့်ရှုသူတွေက စောင့်ကြည့်နေကြမှာ အမှားသေးသေးလေး လုပ်မိတာနဲ့ သူတို့က မင်းကို ဆုတ်ဖြဲပစ်ကြလိမ့်မယ်"

 

ဝမ်ချီက အနုပညာလောကနှင့် မစိမ်းပေ၊ သူ မည်သို့အလုပ်လုပ်ရမည်ကို သိသည်။ ယခုအချိန်အထိ သူက လူမသိသူမသိ ဖြစ်နေခဲ့သဖြင့် ဂျင်ကောက သူ့ကို သတိပေးရန် မလိုအပ်ခဲ့ခြင်းသာ ဖြစ်သည်။

 

 

သို့သော် ယခုတစ်ကြိမ်မှာ မတူပေ၊ 'နှလုံးသားရဲ့ ဝန်ခံချက်' မှာ သာမန် အစီအစဉ် မဟုတ်ဘဲ ရှင်းခုန်း Tv ၏ ယခုနှစ်အတွက် အကြီးကျယ်ဆုံး စီမံကိန်း ဖြစ်သည်။

 

 

သူ သတိထားရမည့် အရာများကို တွေးတောရင်း ဝမ်ချီမှာ ရိုက်ကူးရေးပင် မစရသေးမီ ပင်ပန်းနွမ်းနယ်နေလေ၏။

 

 

ဂျင်ကောက ဖုန်းမချမီ အချက်အလက် အချို့ကို ထပ်မံပြောကြားခဲ့သည်။ စန်းစန်းက ဝမ်ချီ၏ စိတ်မပါသော မျက်နှာကို ကြည့်ကာ သူ့ ပုခုံးကို ညင်သာစွာ ပုတ်ပေးလိုက်၏။

 

 

“ချီကော၊ ဒီအစီအစဉ် ပြီးရင် ကော နာမည်ကြီးလာမှာပါ"

 

 

ဝမ်ချီက သက်ပြင်းချကာ တည်ငြိမ်စွာ ပြောလိုက်သည်။ 

 

 

“စန်းစန်းဒီကမ္ဘာပေါ်မှာ ချီကောအနှစ်သက်ဆုံးက ဘာလဲဆိုတာ နင်သိပါတယ်... လှဲနေပြီး အလုပ်မသွားရတာလေ"

 

 

စန်းစန်းက မျက်နှာသေဖြင့် ပြောလိုက်၏။

 

 

“ဒါပေမဲ့ ကောက ပိုက်ဆံပြတ်တော့မယ်”

 

 

“...” 

 

 

ဝမ်ချီမှာ သုံးစက္ကန့်ခန့် တောင့်ခဲသွားပြီးနောက် ခုန်ထကာ အိပ်ခန်းထဲမှ သူ၏ ခရီးဆောင်အိတ်ကို ဆွဲထုတ်လာသည်။ 

 

 

“ငါ အခုပဲ အိတ်ပြင်မယ်! ဒီအစီအစဉ်ကို ငါက တက်ကြွလန်းဆန်းပြီး စိတ်ဓာတ်အပြည့်နဲ့ သွားမှာ!”

 

 

စန်းစန်းက အေးအေးဆေးဆေး ပြန်ထိုင်ကာ သူမ၏ အစီအစဉ်ကို ဆက်ကြည့်နေ၏။ သူမ ပြောနိုင်သည်မှာ 'ပိုက်ဆံသည် စွမ်းအားကြီးမားသော အရာဖြစ်သည်' ဟူ၍သာ ဖြစ်သည်။

 

 

ဟိုင်နင်းသို့ ထွက်ခွာမည့်နေ့တွင် ဝမ်ချီနှင့် သူ၏ လက်ထောက်တို့က လေဆိပ်သို့ ကားဖြင့် သွားခဲ့ကြ၏။

 

 

လေယာဉ်ဆင်းသက်ပြီး သူတို့၏ ခရီးဆောင်အိတ်များကို ယူပြီးနောက် ဝမ်ချီ ဂျင်ကောထံသို့ သူတို့ ဘေးကင်းစွာ ရောက်ရှိကြောင်း စာပို့လိုက်သည်။ မန်နေဂျာမှာ သူ၏ ကလေးများ နှစ်ယောက်တည်း သွားနေရသကဲ့သို့ စိုးရိမ်နေခြင်းပင်။

 

 

ရိုက်ကူးရေး မစတင်သေးပေ။ ထုတ်လုပ်ရေးအဖွဲ့က အတွဲ သုံးတွဲ၊ စုစုပေါင်း လူ ခြောက်ဦးကို ရိုက်ကူးရေး နေရာနှင့် နီးသော ဟိုတယ်တစ်ခုတွင် တည်းခိုရန် စီစဉ်ပေးထား၏။ နောက်တစ်နေ့တွင် သူတို့ကို တစ်ဦးစီ သီးခြားစီ စေလွှတ်မည်ဖြစ်သည်။

 

 

ဝမ်ချီက Check-in ဝင်ပြီးနောက် စန်းစန်း၏ အခန်းမှာ သူ၏ ဘေးတွင်ပင် ဖြစ်သည်။

 

 

မကြာမီ သူ၏ အခန်းတံခါးကို ခေါက်သံ ကြားလိုက်ရ၏။ စန်းစန်းဟု ထင်မှတ်ကာ ဝမ်ချီက တံခါးဖွင့်လိုက်ရာ လည်ပတ်ကြိုးနှင့် တံဆိပ်ကို ဆွဲထားသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးကို တွေ့လိုက်ရသည်။

 

 

ထိုအမျိုးသားက နွေးထွေးစွာ ပြုံးပြ၏။ 

 

 

“မင်္ဂလာပါ ဝမ်လောင်ရှီးကျွန်တော်က အစီအစဉ်ရဲ့ ဝန်ထမ်းတစ်ယောက်ပါ ဒါက လောင်ရှီးရဲ့ လုပ်ဆောင်ရမယ့် ကတ်ပြားနဲ့ ဖုန်းပါ"

 

 

“အော်... ကျေးဇူးပါ" 

 

 

ဝမ်ချီက ထိုပစ္စည်းများကို လက်ခံလိုက်သည်။

 

 

“ကောင်းပါပြီ၊ ဒါဆိုရင် အနှောင့်အယှက် မပေးတော့ပါဘူး အနားယူလိုက်ပါဦး"

 

 

“ဟုတ်ကဲ့... သွားလိုက်ပါဦး"

 

 

ဝမ်ချီက တံခါးပိတ်ကာ ကုတင်ပေါ်တွင် ထိုင်လိုက်သည်။ လုပ်ဆောင်ရမည့် ကတ်ပြားကို ဖွင့်ကြည့်လိုက်ရာ ကြိုဆိုသည့်စာနှင့် ရိုက်ကူးရေး မည်သို့လုပ်ဆောင်မည်ဟူသော မှတ်စုများကို တွေ့လိုက်ရ၏။

 

 

ဥပမာအားဖြင့်၊ ရိုက်ကူးရေးကာလအတွင်း ကိုယ်ပိုင်ဖုန်းများကို သုံးခွင့်မပြုပေ။ ပါဝင်သူအားလုံးသည် ထုတ်လုပ်ရေးအဖွဲ့မှ ပေးထားသော ဖုန်းများကိုသာ အသုံးပြုရမည်ဖြစ်သည်။ ကိုယ်ပိုင်ဖုန်း သုံးရန် လိုအပ်ပါက ကင်မရာများနှင့် ဝေးရာတွင် အသုံးပြုရမည်ဖြစသည်။

 

 

အခြား စည်းကမ်းတစ်ခုမှာ ချိန်းတွေ့စရိတ်များကို ကိုယ်ပိုင်ငွေဖြင့် ပေးဆောင်ရမည် ဖြစ်သည်။

 

 

ထို့ပြင်၊ အစီအစဉ်၏ အဆင့်တိုင်းက ဂိမ်းတစ်ခုဖြင့် ပြီးဆုံးမည်ဖြစ်သည်။ ဂိမ်းငါးခုတွင် ရမှတ်အများဆုံး ရရှိသူက နှစ်ရက်တစ်ည အပျော်စီးသင်္ဘော ခရီးစဉ်သို့ အတူလိုက်ရန် တစ်ဦးအား ဖိတ်ခေါ်နိုင်၏။

 

 

ရမှတ်များကို အတွဲလိုက်မဟုတ်ဘဲ တစ်ဦးချင်းစီ ရရှိခြင်းဖြစ်ကြောင်း ဝမ်ချီသတိပြုမိသည်။ ၎င်းမှာ လူများက အတွဲများကို အလယ်တွင် ပြောင်းလဲနိုင်သောကြောင့် ဖြစ်သင့်၏။

 

 

ထုတ်လုပ်ရေးအဖွဲ့မှ ပေးထားသော ဖုန်းတွင် App အနည်းငယ်သာ ထည့်သွင်းထားသည်။ အခြေခံစနစ် App များနှင့် WeChat သာ ပါဝင်သဖြင့် ပါဝင်သူများမှာ အချင်းချင်းနှင့် ဝန်ထမ်းများကို ဆက်သွယ်နိုင်၏။

 

 

ဝမ်ချီက ဖုန်းနှင့် ကတ်ပြားကို ကော်ဖီစားပွဲပေါ်တွင် တင်လိုက်သည်။ သူ၏ ကိုယ်ပိုင်ဖုန်းကို ကောက်ယူလိုက်ရာ လွန်ခဲ့သော သုံးမိနစ်က စန်းစန်းထံမှ ညစာထွက်စားမလားဟု မေးထားသော စာကို တွေ့လိုက်ရ၏။

 

 

သူတို့ ညနေ ၅ နာရီခန့်တွင် ရောက်ရှိခဲ့ကြသည်။ ကိုယ်လက်သန့်စင်ပြီးနောက် စားရန် အချိန်တန်ပြီဖြစ်သသည်။

 

 

ဝမ်ချီက OK စတစ်ကာဖြင့် ပြန်ကြားလိုက်၏။ ထို့နောက် သူ၏ ဖုန်းဘက်ထရီမှာ အားနည်းနေသဖြင့် အားသွင်းထားလိုက်သည်။

 

 

နာရီဝက်အကြာတွင် စန်းစန်းတံခါးလာခေါက်၏။ ဝမ်ချီမှာ အဖြူရောင် အင်္ကျီအထူ လဲထားပြီးဖြစ်သည်။ ဟိုင်နင်းတွင် လင်းချွမ် ထက် ပို၍ အေး၏။ အိမ်တွင် အင်္ကျီပါးတစ်ထည်နှင့် လုံလောက်သော်လည်း ဤနေရာတွင်မူ အင်္ကျီအထူ လိုအပ်သည်။

 

ဟိုတယ်နှင့် နီးသောနေရာတွင် စားသောက်ဆိုင်ငယ်လေးများစွာ ရှိ၏။ သူတို့က ဆိုင်တစ်ခုကို ရွေးချယ်ကာ ညစာ စားလိုက်ကြပြီး သူတို့ စားသောက်ပြီးချိန်တွင် မိုးချုပ်နေပြီဖြစ်သည်။ လမ်းဘေးရှိ စားသောက်ကုန်ဆိုင်များတွင် မီးများလင်းနေပြီး အသားကင်၊ ပန်ကိတ်နှင့် အချိုပွဲများ၏ အနံ့မှာ လေထဲတွင် ပျံ့လွင့်နေ၏။

 

 

ဘေးနားတွင် ကြီးကြပ်မည့် ဂျင်ကောမရှိသဖြင့်လည်းကောင်း၊ စန်းစန်းမှာလည်း တက္ကသိုလ်မှ ဘွဲ့ရခါစ ဖြစ်သဖြင့်လည်းကောင်း သူမ စားစရာများကို မစားဘဲ မနေနိုင်ပေ။ ဝမ်ချီကလည်း သူမအား တားမြစ်ခြင်း မပြုပေ။ သူတို့ ဟိုတယ်သို့ ပြန်ရောက်သည့်အချိန်တွင် နှစ်ယောက်လုံး လက်ထဲ၌ အိတ်များစွာ ပါလာခဲ့သည်။

 

 

သူတို့ ဟိုတယ်ဧည့်ခန်းသို့ လမ်းလျှောက်ဝင်လာစဉ် ရှေ့ကောင်တာတွင် ရပ်နေသော အမျိုးသား သုံးဦးကို ဝမ်ချီသတိပြုမိလိုက်၏။ အလယ်တွင် ရှိနေသော သူမှာ အရပ်ရှည်ပြီး ကိုယ်လုံးကိုယ်ပေါက် တောင့်တင်းသည်။ နောက်ကျောမှ ကြည့်လျှင်ပင် သူ၏ သွင်ပြင်မှာ ထူးခြားနေပြီး ပုခုံးကျယ်ကာ ခြေတံရှည်၏။ သူသည် သံလွင်စိမ်းရောင် Puffer ဂျာကင်နှင့် ရှေ့တိုးဦးထုပ်ကို ငိုက်၍ ဆောင်းထားသဖြင့် နှာခေါင်းနှင့် နှုတ်ခမ်းကိုသာ မြင်ရသည်။

 

 

ဝမ်ချီ ခဏမျှ လှမ်းကြည့်ပြီးနောက် မျက်နှာလွှဲကာ ဓာတ်လှေကားဘက်သို့ ဦးတည်လိုက်၏။

 

 

စန်းစန်းက အနားသို့ တိုးကပ်ကာ မနက်ဖြန် ဘယ်အချိန် ထွက်ရမည်ကို တိုးညှင်းစွာ မေးလာသည်။ လက်ထောက်များနှင့် မန်နေဂျာများသည် အနုပညာရှင်များနှင့် ကားတစ်စီးတည်း လိုက်နိုင်သော်လည်း ကင်မရာရှေ့တွင် ပေါ်လာခွင့်မရှိပေ။

သူတို့နှစ်ဦးမှာ ကပ်ရပ်လျက် တိုးတိုးတိတ်တိတ် စကားပြောနေကြပြီး အရှေ့ကောင်တာမှ အမျိုးသား သုံးဦး သူတို့နောက်သို့ လိုက်လာသည်ကို လုံးဝ သတိမထားမိခဲ့ကြချေ။

 

 

ဝမ်ချီက ပြောလိုက်သည်။  

 

 

“မနက်ဖြန် နင် ငါ့ကို နှိုးဖို့ မမေ့နဲ့နော်"

 

 

"ဘယ်အချိန်လဲ ကောကို မနှိုးခင် နာရီဝက်လောက် အရင်ထရမှာ"

 

 

စန်းစန်းကပြန်ဖြေ၏။

 

 

ဝမ်ချီက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။ 

 

 

“ဘာလို့လဲ အချိန်မှန်ပဲ နှိုးလေ"

 

 

စန်းစန်း:  “ကောက အိပ်ရာထရ ခက်တယ်ဆိုတာ ကိုယ့်ကိုယ်ကိုယ် သတိမထားမိဘူးလား"

 

 

ဝမ်ချီ: “...အော်"

 

 

သူ စကားပြောပြီးသည်နှင့် သူ၏နောက်မှ တိုးညှင်းသော ရယ်သံတစ်ခုကို ကြားလိုက်ရသည်။ ဝမ်ချီလည်း အလိုအလျောက် ခေါင်းကို လှည့်ကြည့်လိုက်ရာ လျှာထိုးဦးထုပ်အောက်မှ နက်မှောင်သော မျက်ဝန်းတစ်စုံနှင့် ဆုံလိုက်ရလေ၏။