Ch 1 (Arc 1)
Viewers 1k

ARC 1 - အမြောက်စာဇာတ်ကောင်၏ ပြန်လည်မွေးဖွားခြင်း


🌠 Chapter 1



အပျင်းကြီးသော စာရေးဆရာက အချိန်ကုန်သက်သာချင်သဖြင့် နိဒါန်းကို ကျော်လိုက်ပြီး ဇာတ်လမ်းကို လျင်မြန်စွာ စတင်လိုက်လေသည်။ ထို့ကြောင့် ကုပိုင် နိုးလာချိန်တွင် သူက သေဆုံးပြီးဖြစ်လေ၏။


***


ကြယ်ရောင်စုံသော ကောင်းကင်ကြီးက ဝန်းရံနေပြီး ကြယ်များအပြည့်ရှိနေကာ အခြားအရာများ မရှိချေ။ အအေးဓာတ်ကြောင့် နှလုံးသားအောက်ခြေမှ အထီးကျန်သော ခံစားချက်များက မြင့်တက်လာလေသည်။


ကုပိုင်၏ဝိညာဉ်က လေထဲတွင် အချိန်အတော်ကြာ လွင့်မျောနေလေသည်။ မည်သည့်အရာများ ဖြစ်ပျက်နေသည်ကို မသိသော်လည်း သူသေသွားသည်ကို သိလေ၏။ 


ပတ်ဝန်းကျင်ရှိ အရာများကို အစစ်အမှန်ဟု ခံစားနေရပြီး သူ့ခန္ဓာကိုယ်က ဖောက်ထွင်းမြင်နေရသဖြင့် အိပ်မက်မက်နေသည်ဟု ကိုယ့်ကိုယ်ကိုယ် အရူးမလုပ်နိုင်ချေ။ သူ့ကံက အမြဲတမ်းမကောင်းသဖြင့် လေယာဉ်ပေါက်ကွဲသည့် မတော်တဆမှုတွင် သူအသက်ရှင်မည်ဟု လုံးဝမထင်ပေ။


“မင်း အသက်ရှင်ချင်လား…”

ရုတ်တရက် ကြယ်များကြားမှ ခံစားချက်ကင်းမဲ့ပြီး အေးစက်တည်ငြိမ်နေသော စက်ရုပ်ကဲ့သို့ အသံတစ်သံ ထွက်ပေါ်လာလေသည်။


ကုပိုင်က ငေးကြောင်ကြောင်ဖြစ်နေပြီး ပြန်မတုံ့ပြန်ပေ။ လက်ရှိအခြေအနေကို သူ အမှန်ပင် မသိချေ။ 


ကောင်ကင်ဘုံနဲ့ရော ငရဲနဲ့ရော မတူဘူး… ဒါက တကယ်ပဲ ဘာကြီးလဲ…


ကုပိုင်က မယုံသင်္ကာဖြစ်နေပြီး ထိုအသံလာရာနေရာကို ရှာရန် လှည့်ပတ်ကြည့်လိုက်၏။

“ခင်ဗျားက ဘယ်သူလဲ…”


ထိုအသံက ပြောလေသည်။

“ငါဘယ်သူဆိုတာက အရေးမကြီးပါဘူး.. အရေးကြီးတာက မင်းက ပျောက်ကွယ်တော့မယ်… ငါ မင်းကို ရှင်သန်ဖို့အတွက် အခွင့်အရေးပေးနိုင်တယ်…”


“ပျောက်ကွယ်တော့မယ်ဆိုတာက ဘာကိုဆိုလိုတာလဲ…”

ကုပိုင်က ထက်မြက်စွာဖြင့် အဓိကအချက်ကို ဖမ်းဆုပ်လိုက်သည်။


“မင်းက သေသွားပြီ… အခုချိန်မှာ မင်းက အားနည်းနေတဲ့ ဝိညာဉ်တစ်ကောင်ပဲ… မင်းပျောက်ကွယ်သွားရင် ပြန်လည်ဝင်စားနိုင်ဖို့ အခွင့်အရေး မရှိတော့ဘူး… ဆိုလိုတာက ဘယ်တော့မှ ပြန်လည်မဝင်စားနိုင်တော့ဘူး…”


ထိုအသံက အလွန်စိတ်ရှည်လေသည်။


ထိုအသံ ပြောသည်ကဲ့သို့ပင် ကုပိုင်မှာ သူ့ခန္ဓာကိုယ်က မကြာမီ ပျောက်ကွယ်သွားမည့်သကဲ့သို့  ပိုပြီးဖောက်ထွင်းမြင်နိုင်လာကာ သူ့ဝိညာဉ်က ပိုပြီးအားနည်းလာသည်ကို ခံစားရလေသည်။


ထာဝရ မတည်ရှိတော့မည့် ခံစားချက်က လွန်စွာမကောင်းပေ။ သူ မသေချင်ပေ။


အမှန်တရားက မည်မျှပင် ရက်စက်စေကာမူ မိဘမဲ့ဂေဟာတွင် သူပထမဆုံး စဉ်းစားတတ်သည့်အချိန်မှစပြီး သူ့စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိလေသည်။


အသက်ရှင်ပြီး ပိုကောင်းတဲ့ ဘဝမှာ ရှင်သန်ရမယ်… 


ဤသည်က သူ့အိပ်မက်ဖြစ်လေသည်။


သို့ရာတွင် ကောင်းကင်ဘုံမှ ပြုတ်ကျလာသော ဤပိုင်မုန့်က ယုံကြည်နိုင်စရာ မရှိသဖြင့် သူ တုံ့ဆိုင်းနေပြီး အမှောင်ထုကို ဆက်လက်စူးစမ်းလိုက်လေသည်။


“ကျွန်တော်အသက်ရှင်ချင်တယ်… ဒါပေမဲ့ ခင်ဗျားလိုချင်တာဘာလဲ…”


“ငါလိုချင်တာက ငါ့ရဲ့လက်အောက်ငယ်သားအဖြစ် ငါပြောတဲ့ကမ္ဘာတွေကိုဝင်ပြီး မစ်ရှင်ပြီးအောင် လုပ်ဆောင်ရမယ်…”


ထိုအသက်က အေးစက်နေကာ ခံစားချက်မရှိပေ။


“ကျွန်တော်လုပ်ရမယ့် မစ်ရှင်တွေက ဘာလဲ…”

ကုပိုင်က ဆက်မေးလိုက်သည်။


ထိုအသံက ပြန်ဖြေရန် အလျင်မလိုပေ။ တစ်ခဏခန့် တိတ်ဆိတ်သွားပြီးနောက် အနက်ရောင်ဟင်းလင်းပြင်က ပြောင်းလဲသွားပြီး ဖျတ်ခနဲအလင်းများဖြင့် စာအုပ်များပေါ်လာကာ လေထဲတွင် ပျံဝဲနေလေသည်။


“မင်းတွေ့တဲ့အတိုင်းပဲ ဒီစာအုပ်တွေက ဇာတ်လမ်းတွေပဲ… ဒါတွေက အမှန်တကယ် တည်ရှိနေတဲ့ ဇာတ်လမ်းတွေပဲ… ဒီစာအုပ်ထဲမှာရှိတဲ့ ဇာတ်ကောင်တွေအားလုံးမှာ သူတို့မွေးဖွားလာတဲ့အချိန်ကပြီး ဝိညာဉ်တွေရှိတယ်…”


“မင်း ဒီကမ္ဘာတွေကိုဝင်ပြီး ငါ့ကို အကူအညီတောင်းတဲ့လူတွေရဲ့ ဆန္ဒတွေကို ဖြည့်ဆည်းပေးစေချင်တယ်… မစ်ရှင်ပြီးမြောက်သွားရင် အဲ့ကမ္ဘာတွေမှာပဲ ဆက်နေသွားလို့ရတယ်… မစ်ရှင်ကျရှုံးရင် မင်း ထာဝရ ပျောက်ကွယ်သွားလိမ့်မယ်… အခုလက်ရှိ ဝိညာဉ်အခြေအနေနဲ့တောင် မတည်ရှိနိုင်တော့ဘူး…”


“ပြောရရင် ကျွန်တော်အသက်ရှင်ရင်တောင် တခြားလူရဲ့ ခန္ဓာကိုယ်ကို သုံးရမှာပေါ့…”


ကုပိုင်က အနည်းငယ် စိုးရိမ်နေလေသည်။ သူ အသက်ရှင်ချင်၏။


တခြားတစ်ယောက်အဖြစ် ရှင်သန်ရမယ်ဆိုရင် ငါ့ဘဝက အဓိပ္ပာယ်ရှိပါဦးမလား…


သူ တုံ့ဆိုင်းနေသည်ကို ခံစားမိသွားပုံရကာ ထိုအသံက တစ်ခဏခန့် တိတ်ဆိတ်နေပြီးနောက် ထပ်မံထွက်ပေါ်လာလေသည်။

“ဟုတ်တယ်… ဒါပေမဲ့ မစ်ရှင်ပြီးမြောက်ရင် အနာဂတ်မှာ ပြန်လည်မွေးဖွားဖို့ အခွင့်အရေးတစ်ခု ငါမင်းကို ပေးနိုင်တယ်… ဝိညာဉ်ဘဝမှာ နေပြီး မစ်ရှင်တွေကိုလုပ်မလား… ချက်ချင်း အပျောက်ကွယ်ခံမလား… မင်းမှာ ရွေးချယ်ဖို့  နာရီဝက်အချိန်ရတယ်…”


“မစ်ရှင်လုပ်ဖို့ ရွေးတယ်…”


ကုပိုင်က တုံ့ဆိုင်းမနေတော့ချေ။ သူက လူသားတစ်ယောက် မဟုတ်တော့ဘဲ ရှင်သန်နေသည့် ခန္ဓာကိုယ်က အခြားလူ၏ အရေပြားဖြစ်သော်လည်း အနည်းဆုံး ထာဝရပျောက်ကွယ်သွားသည်ထက် ပိုကောင်းလေသည်။


သူ မသေချင်ပေ။ လူသားများက လောဘကြီး၏။ ထူးဆန်းသောအသံက သူ မစ်ရှင်ပြီးလျှင် ပြန်လည်မွေးဖွားနိုင်သည့် အခွင့်အရေးရှိသည်ဟု မပြောလျှင်ပင် အနည်းဆုံး ယခုအချိန်၌ သူ မသေချင်ပေ။ 


“အမည်-ကုပိုင်… အသက်-၂၃နှစ်… သဘောတူညီချက်ကို စာချုပ်ချုပ်ဆိုပြီး…”


ထိုစကားများ ပေါ်ပေါက်လာပြီးနောက် ဘေးပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်က ပြောင်းလဲသွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် တစ်စုံတစ်ခုက သူ့ခန္ဓာကိုယ်ထဲသို့ ဝင်လာပြီး သူ၏ ဖောက်ထွင်းမြင်ရသော ဝိညာဉ်ကို အလွန်သက်တောင့်သက်သာရှိသည့် ခန္ဓာကိုယ်အစစ်အမှန်တစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်လေသည်။


အသက်ရှင်နေသော ခံစားချက်နှင့် ကုပိုင်က သူ့ခန္ဓာကိုယ်ကို ထိကြည့်ကာ အလွန်ကျေနပ်နေလေသည်။ ငယ်ရွယ်သော မျက်နှာလေးတွင် စစ်မှန်သော အပြုံးတစ်ပွင့်ကို ပြသထားလေသည်။


ဤသည်က သူမွေးဖွားလာသည့် ပုံစံဖြစ်၏။ ‘စစ်မှန်သည်’ ဟူသော စကားလုံးက သူထွက်လာခဲ့သည့် နှလုံးသားမည်းနက်နေသော မိဘမဲ့ဂေဟာနှင့် မလိုက်ဖက်သော်လည်း သူက စစ်မှန်ကြည်လင်သော မျက်နှာလေးဖြင့် ကြီးပြင်းလာခဲ့လေသည်။


ဤသည်မှာ သူ့အား ထူးဆန်းသောအသံက မစ်ရှင်လုပ်ရန် ရွေးချယ်ရခြင်း၏ အကြောင်းပြချက်တစ်ခု ဖြစ်နိုင်လေသည်။ စစ်မှန်သောလူတစ်ယောက်က သစ္စာရှိပြီး အလုပ်ကြိုးစားသော လက်အောက်ငယ်သားတစ်ယောက် ဖြစ်နိုင်လေသည်။


အမှန်တွင် သူ၏ ပင်ကိုစရိုက်က စစ်မှန်ရိုးသားခြင်းမရှိချေ။ သို့ရာတွင် ‘ပညာရှိဟူသည် အခြေအနေကို လိုက်လျောညီထွေလက်ခံသည်’ ဟူသော စကားကို သိလေသည်။


ထို့ကြောင့် အခြေအနေကို မြန်မြန်လက်ခံလိုက်ပြီး လူသူကင်းမဲ့သော ဟင်းလင်းပြင်ထဲတွင် အရှုံးပေးလိုက်ခြင်း ဖြစ်လေသည်။


“လောင်ရှီး… ကျွန်တော် မစ်ရှင်ကိုစဖို့ အသင့်ဖြစ်ပြီ…”


“ကောင်းပြီ… ကမ္ဘာထဲကိုဝင်တော့… မစ်ရှင်မပြီးခင် သေသွားရင် ထာဝရပျောက်ကွယ်သွားမယ်ဆိုတာကို သတိရ…”


ထူးဆန်းသောအသံက ခံစားချက်မရှိဘဲ အေးစက်နေဆဲဖြစ်လေသည်။ ကုပိုင်က မူးဝေလာပြီး သတိမေ့သွားတာ သူ့ခန္ဓာကိုယ်က အဖြူရောင်အလင်းအဖြစ် ပြောင်းလဲသွားကာ ကမ္ဘာထဲသို့ ဝင်သွားလေသည်။


*****


“လုရုန်ချင်း… မင်း ဒီမှာ ဖြည်းဖြည်းချင်း ပျော်လို့ရတယ်…”


အသိစိတ်ပြန်ရလာပြီးနောက် ကုပိုင်မှာ အမျိုးသမီးတစ်ယောက်၏ ဝင့်ကြွားနေသောအသံကို သူ့နားထဲတွင် ကြားလိုက်ရလေသည်။ ထို့နောက် သူမက ဒေါက်ဖိနပ်သံ တဂွက်ဂွက်နှင့် ထွက်သွားလေ၏။


ထို့နောက် သူ မတုံ့ပြန်နိုင်သေးမီတွင် သူ့ခန္ဓာကိုယ်ထဲ၌ အပူလှိုင်းတစ်ခုကို ခံစားလိုက်ရပြီး အနည်းငယ် မူးဝေလာကာ အလိုဆန္ဒများ မြင့်တက်လာလေသည်။


သူက ညည်းညူမိသွားပြီး ခန္ဓာကိုယ်က အလိုအလျောက် ကွေးသွား၏။ ထို့နောက် ခြေထောက်များကို ချုပ်ထားလျက် နှုတ်ခမ်းကိုကိုက်ပြီး မျက်လုံးဖွင့်လိုက်လေသည်။


သူရောက်နေသည်က KTVခန်းတစ်ခုဖြစ်ပြီး စခရင်တွင် သီချင်းဖွင့်ထားလေ၏။ ပတ်ဝန်းကျင်က မှောင်မည်းနေကာ စားပွဲပေါ်တွင် မုန့်များရှိပြီး အသီးပန်းကန်များက ကြမ်းပြင်တွင် ပြန့်ကျဲနေကာ အခန်းကရှုပ်ပွနေလေသည်။


ကုပိုင်က လက်ရှိအခြေအနေကို မသိသော်လည်း သူ့ပင်ကိုအသိစိတ်အရ တစ်ခုခုမှားနေသည်ကို ခံစားရလေသည်။


မစ်ရှင်မပြီးမြောက်မီ သူသေဆုံးလျှင် ထာဝရပျောက်ကွယ်သွားမည်ဟု ထူးဆန်းသောအသံက ပြောခဲ့သည်ကို ရှင်းရှင်းလင်းလင်း မှတ်မိလေသည်။ ထို့ကြောင့် ယခုအချိန်တွင် သူလုပ်ရမည့် မစ်ရှင်အား ရှာဖွေရန် အရေးကြီးလေ၏။


ခန္ဓာကိုယ်က မသက်မသာဖြင့် ပူလောင်လာသောကြောင့် စားပွဲသို့ ကုပ်တွယ်သွားကာ ရေခဲရေတစ်ခွက်ကို သောက်လိုက်သည်။ ထို့နောက် အခြားလူများ အထဲသို့ ဝင်လာမည်ကို ကာကွယ်ရန် တံခါးကို လော့ချပြီးနောက် မျက်လုံးမှိတ်ကာ ဇာတ်ကြောင်းကို လက်ခံလိုက်လေသည်။


ဤကမ္ဘာ၏ မစ်ရှင်က ပြန်လည်မွေးဖွားလာသော အမျိုးသမီးက ကံကြမ္မာကို ပြောင်းလဲကာ လက်စားချေမည့် ဇာတ်ကြောင်းဖြစ်လေသည်။


ဤစာအုပ်ထဲရှိ ဇာတ်လိုက်အမျိုးသမီးက အိမ်ခြံမြေစီးပွားရေးလုပ်ငန်းရှင်၏ သမီးဖြစ်သူ ဝူကျန်းကျန်း ဖြစ်လေသည်။


ဝူမိသားစုက B မြို့တော်တွင် ထိပ်တန်းမဟုတ်သော်လည်း ချမ်းသာသော အထက်တန်းလွှာမိသားစုတစ်စု ဖြစ်လေ၏။ လူချမ်းသာအများစုကဲ့သို့ ဝူမိသားစု၌ တရားမဝင်ကလေးများ ရှိလေသည်။


သို့ရာတွင် ဝူကျန်းကျန်းက ဝူမိသားစု၏ ပထမဇနီးမှမွေးသော ကလေးဖြစ်ကာ မိသားစုထဲတွင် မြင့်မားသော အဆင့်အတန်း ရှိလေသည်။ သူမ၏အဖေက သူမအား အလွန်ချစ်လေ၏။ သူမက ထိုကဲ့သို့ ချမ်းသာသောမိသားစုတွင် ကြီးပြင်းလာပြီး မိဘများထံမှ အချစ်ခံရလေသည်။ ထို့ကြောင့် သူမ၏စရိုက်က အလွန်နုံအပြီး သူမ၏စိတ်က အလွန်ရိုးရှင်းလေသည်။


ချမ်းသာသောမိသားစု၏ အာဏာလုပွဲကြားတွင် နေထိုင်ရာ၌ ရိုးစင်းသော စိတ်ထားရှိသည့်လူများက အဆုံးသတ်မကောင်းပေ။ ထို့ကြောင့် သူမ၏အမေ ကွယ်လွန်ပြီးချိန်တွင် သူမက အကာအကွယ်မဲ့သွားပြီး တရားမဝင်ကလေးများအတွက် ပြိုင်ဘက်မဟုတ်တော့ချေ။ 


မစ္စတာဝူက သူမအား ချစ်သော်လည်း ကုမ္ပဏီအလုပ်များကြောင့် သူမအား အချိန်ပြည့် မစောင့်ရှောက်နိုင်ချေ။ တရားမဝင်သမီးတစ်ယောက်၏ ကြံစည်မှုဖြင့် သူမ၏အခြေအနေက ပိုမိုဆိုးရွားလာခဲ့လေသည်။


မူလတွင် သူမအားချစ်ခဲ့သော အဖေက သူမအား ပိုမိုမုန်းတီးလာလေ၏။ သူမဘေးရှိ သူငယ်ချင်းများက တရားမဝင်သမီးအား သဘောကျလေသည်။ သူမသဘောကျပြီး နှစ်ပေါင်းများစွာ လိုက်ခဲ့ကာ နောက်ဆုံးတွင် သူမနှင့် နီးစပ်လုနီးပါးဖြစ်နေသည့် ကောင်လေးပင်လျှင် သူမအပေါ် တဖြည်းဖြည်း ပြောင်းလဲသွားပြီး တရားမဝင်သမီးကို သဘောကျသွားလေသည်။


သူမက အလွန်ဒေါသထွက်ပြီး တရားမဝင်သမီးကို တိုက်ခိုက်ခဲ့သော်လည်း သူမ၏ အရည်အချင်းများက နိမ့်ပါးလေ၏။ တရားမဝင်သမီးက သူမအား အဓမ္မကျင့်ရန် တစ်စုံတစ်ယောက်အား ခိုင်းစေခဲ့ကာ ထိုဓာတ်ပုံများက ပျံ့နှံ့သွားပြီး သူမ၏ဂုဏ်သတင်းမှာ ဖျက်ဆီးခံလိုက်ရလေသည်။


ထိုအချိန်မှစပြီး သူမ၏ဘဝက အောက်ဆုံးသို့ ရောက်သွားသဖြင့် လူတိုင်းက သူမအား မုန်းတီးကာ အထင်အမြင် သေးကြလေသည်။ သူမက နိုင်ငံထဲတွင် ဆက်မနေနိုင်တော့သဖြင့် သူမအဖေက သူမအား နိုင်ငံခြားသို့ ပို့လိုက်ရလေသည်။


သို့ရာတွင် နိုင်ငံခြားသို့ထွက်သွားခြင်းကလည်း တရားမဝင်သမီး၏ အကြံအစည်များမှ မလွတ်မြောက်နိုင်သည်ကို လုံးဝမထင်ထားခဲ့ပေ။ သူမ၏ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှုက အထိုးနှက်ခံလိုက်ရပြီး မူးယစ်ဆေးစွဲကာ လောင်းကစားကို ခုံမင်လာခဲ့သဖြင့် သူမ၏အဖေက အလွန်ဒေါသထွက်သွားကာ သမီးအဖြစ်မှ စွန့်လွှတ်ခဲ့လေသည်။ အဆုံး၌ သူမက လမ်းမပေါ်တွင်ဆေးလွန်ပြီး သေဆုံးခဲ့ရလေ၏။


ဝူကျန်းကျန်းသေသည့်အချိန်တွင် အလွန်ငယ်ရွယ်သေးပြီး အသက်(၂၀)သာ ရှိသေးသည်။ ထိုအချိန်က ငယ်ရွယ်မှု၏ အကောင်းဆုံးနှစ်များဖြစ်သဖြင့် သူမက မကျေမနပ်ဖြစ်ခဲ့လေ၏။


သူမ ပြန်လည်မွေးဖွားလာပြီးနောက် ပြင်းပြသော မကျေနပ်ချက်များ၊ မုန်းတီးမှုများနှင့် စတင်လက်တုံ့ပြန်ခဲ့လေသည်။


သူမက သူမ၏အဖေကိုလည်း လက်တုံ့ပြန်မည်ဖြစ်၏။ သူမ၏အမေအပေါ် သူမအဖေ၏ သစ္စာမဲ့မှုများကြောင့်သာ မဟုတ်လျှင် တရားမဝင်သမီးက တည်ရှိနေမည်မဟုတ်ပေ။ သူမဘဝကို ဖျက်ဆီးခဲ့သော မိန်းမယုတ်မကိုလည်း လက်တုံ့ပြန်ပြီး သူမအား ဒုက္ခပေးခဲ့သော လူအားလုံးကို ပြန်ပေးဆပ်ရအောင် လုပ်မည်ဖြစ်လေသည်။


အတိတ်ဘဝမှ မှတ်ဉာဏ်များကိုသုံးပြီး တရားမဝင်သမီးက အိမ်ထဲသို့ဝင်မလာမီတွင် သူမကိုယ်သူမ သန်မာအောင်ကြိုစားပြီး မာနကြီးသော မင်းသမီးလေးအဖြစ်မှ အသိဉာဏ်ကြွယ်သော အမျိုးသမီးတစ်ယောက်အဖြစ် ပြောင်းလဲခဲ့လေသည်။


နောက်ဆုံးတွင် တရားမဝင်သမီးက အိမ်သို့ဝင်လာချိန်တွင် သူမ၏ လက်စားချေမည့် အစီအစဉ်ကို စတင်ခဲ့ပြီး ထောင်ချောက်များစွာ ချခင်းထားလိုက်၏။ သူမအချစ်ဆုံးရည်းစားကို လုယူခဲ့ရုံသာမက သူမ၏အတိတ်ဘဝတွင် အဓမ္မကျင့်ခံခဲ့ရသည်ကိုလည်း တရားမဝင်သမီးအား ပြန်ခံစားရအောင်လုပ်ကာ ကိုယ့်လုပ်ရပ်၏ အကျိုးကို ကိုယ်ကိုယ်တိုင် ပြန်ခံစားစေခဲ့လေသည်။


သွားတစ်ချောင်းအတွက် သွားတစ်ချောင်းပင်ဖြစ်၏။ ဓာတ်ပုံများကိုလည်း ဖြန့်ကာ တရားမဝင်သမီး၏ ဖြူစင်သောပုံရိပ်နှင့် ဂုဏ်သတင်းကို ဖျက်ဆီးလိုက်သည်။ သူမ၏ ယခင်ဘဝကကဲ့သို့ သူမက တရားမဝင်သမီးအား ဆေးစွဲပြီး လောင်းကစားစွဲအောင် လုပ်ခဲ့၏။


သူမ၏ အတိတ်ဘဝတွင် သူမအား အနိုင်ကျင့်တိုက်ခိုက်ခဲ့သော လူများနှင့် သူမအဖေလည်း ကျန်ရှိသေးသည်။ အခွင့်ရသည်နှင့် အားလုံးကို ပြန်လက်တုံ့ပြန်ခဲ့လေသည်။ 


မူရင်းခန္ဓာကိုယ်ပိုင်ရှင်က သူမ လက်စားချေခဲ့သည့် အမြောက်စာဇာတ်ကောင်တစ်ယောက် ဖြစ်လေသည်။



🌠🌠🌠