Chapter 01
"ယွီကော! မြန်မြန်လုပ်စမ်း! ဘာတွေအဲ့လောက်ကြာနေတာလဲ?"
ချိုက်ချွန်းဟွားက တံခါးဝကနေ လှမ်းအော်လိုက်သည်။ "အချိန်ကိုလည်း ကြည့်ဦး! သတို့သားဘက်က
လာနေပြီ။ မျက်နှာချေ မြန်မြန်လိမ်းတော့!"
"ဒါပေမဲ့ ဒေါ်လေး... ဂျုံနယ်လို့ မပြီးသေးဘူးလေ”
အတွင်းဘက်မှ တစ်စုံတစ်ယောက်က ပြန်ဖြေလိုက်သည်။
"တော်ပြီ! ထားလိုက်တော့။ မြန်မြန်လုပ်!"
ချိုက်ချွန်းဟွားက စိတ်မရှည်စွာ ငေါက်လိုက်သည်။ "လုရွာက လူတွေ လမ်းတစ်ဝက်တောင်
ရောက်နေပြီလို့ လာပြောသွားတယ်"
ချိုက်ချွန်းဟွားက နှာမှုတ်လိုက်၏။ သူတို့ဆီမှာ ရှစ်နှစ်လုံးလုံး
အလကားနေ အလကားစားလာတဲ့ မိဘမဲ့လင်းယွီလိုကောင်က အခုမှ ငွေဆယ်တေးလ် ယူလာပေးနိုင်တာလေ...
ဘယ်လောက်တောင် တွက်ခြေကိုက်လိုက်လဲ! သူမက ကြမ်းပြင်ပေါ် တံတွေးထွေးချလိုက်ရင်း အိပ်ရာခင်းနှင့်
အဝတ်အစားကဲ့သို့ ခန်းဝင်ပစ္စည်းများအတွက် ငွေ နှစ်တေးလ် သုံးလိုက်ရသည်ကို နှမြောတသဖြစ်နေဆဲပင်။
နှစ်တေးလ်!... သူမရင်ထဲ နာကျင်ရသည်။
မှိန်ဖျော့ဖျော့အခန်းထဲတွင် ပိန်လှီသော ကောတစ်ယောက်
ထိုင်နေပြီး အမျိုးသမီးအချို့က သူ့ဘေးတွင် ရှုပ်ယှက်ခတ်နေသည်။ ပုံမှန်ဆိုလျှင် သူ ဤအခန်း၌
မနေရ၊ ထင်းတဲတွင်သာ အိပ်လေ့ရှိသည်။ သို့သော်ငြား ယနေ့က သူ့မင်္ဂလာဆောင်ဖြစ်သဖြင့် အတင်းအဖျင်းပြောခံရမည်စိုးသော
ချိုက်ချွန်းဟွားက သူ့အား ဝမ်းကွဲညီမလေး ယွဲ့နျန်း၏ အခန်းသို့ ရွှေ့ခိုင်းထားခဲ့လေ၏။
သူ့မျက်နှာကို မျက်နှာချေလိမ်းပေးနေသော အဘွားအို၏
လက်ကြမ်းများကြောင့် လင်းယွီ၏ ပါးပြင်များ နီရဲကာ အကွက်လိုက်ဖြစ်နေသော်လည်း သူက အသံတစ်ချက်မထွက်ပေ။
သူ့အဒေါ်၏ ရိုက်နှက်ဆဲဆိုခြင်းများနှင့် ယှဉ်လျှင် ဤနာကျင်မှုက ပြောပလောက်စရာ မရှိ။
ပျော်စရာကောင်းသော နေ့ရက်ဖြစ်သင့်သော်လည်း လင်းယွီ၏
မျက်နှာပေါ်တွင် ပျော်ရွှင်ရိပ်မတွေ့ရပေ။ ခြံဝင်းထဲတွင် လူရှင်းနေပြီး ပွဲလမ်းသဘင်
အငွေ့အသက်လည်း မရှိ။ လင်းယွီ ဝတ်ဆင်ထားသော အနည်းငယ်နွမ်းပါးပြီး ကိုယ်နှင့်မတော်သည့်
မင်္ဂလာဝတ်စုံအနီမှလွဲ၍ ကျောက်မိသားစုတွင် ကောတစ်ယောက်ကို မင်္ဂလာဆောင်ပေးနေသည့် အရိပ်အယောင်
လုံးဝမတွေ့ရချေ။
မင်္ဂလာဝတ်စုံကိုပင် ရွာထဲက တခြားကောတစ်ယောက်ဆီမှ
၁၅ ဝမ်မျှဖြင့် တစ်ပတ်နွမ်း ဝယ်ပေးထားခဲ့ခြင်းဖြစ်၏။
တွန့်တိုတတ်သော ချိုက်ချွန်းဟွားက အကူအညီအတွက် အိမ်နီးနားချင်း
အမျိုးသမီးအနည်းငယ်ကိုသာ ဖိတ်ထားသည်။ နွေဦးအစ၏ အအေးဓာတ်ရှိနေသေးသဖြင့် အကူအမျိုးသမီးများက
အင်္ကျီထူထူ ဝတ်ထားကြသော်လည်း လင်းယွီ၏ နွေဦးရာသီဝတ် မင်္ဂလာဝတ်စုံမှာမူ အလွှာတစ်ထပ်တည်းသာ
ဖြစ်၍ အအေးဒဏ်ကြောင့် ထုံကျင်နေရှာသည်။
လင်းယွီသည် ရုပ်သေးရုပ်လေးတစ်ရုပ်ကဲ့သို့ ငြိမ်သက်စွာထိုင်နေပြီး
အမျိုးသမီးများက သူ့ကို မျက်နှာချေမှုန့်တို့ခြင်း၊ ဆံပင်ဖြီးပေးခြင်းနှင့် မိတ်ကပ်လိမ်းခြယ်ခြင်းများကို
ပြုလုပ်ပေးနေကြသည်။ မျက်နှာချေမှုန့် ခပ်ပါးပါးတစ်လွှာက သူ၏ ဖြူဖျော့သော အသားအရေကို
သက်သာစေပြီး အက်ကွဲနေသော နှုတ်ခမ်းပေါ်တွင် နှုတ်ခမ်းနီအဆီ အနည်းငယ် တင်လိုက်သောအခါ
အတော်အတန် ကြည့်ကောင်းသွားသည်။
သူ့ဆံပင်ကို ပြင်ပေးနေသည့် အိမ်နီးချင်း အဒေါ်လီက
သက်ပြင်းချလိုက်သည်။ "ယွီကောက သူ့အမေနဲ့ တကယ်တူတာပဲ။ သူ့အမေခေတ်တုန်းကဆို ရွာဆယ်ရွာမှာ
အလှဆုံးပဲလေ။"
လင်းယွီသည် ကျောက်မိသားစုနှင့် ၇ နှစ်၊ ၈ နှစ်ခန့်
နေထိုင်ခဲ့သော်လည်း အမြဲတမ်း ခေါင်းငုံ့ထားတတ်ပြီး စကားပြောရန် ကြောက်ရွံ့တတ်သူဖြစ်သည်။
ယနေ့မှသာ ဆံပင်ကို သပ်သပ်ရပ်ရပ် ထုံးဖွဲ့လိုက်သည့်အခါ လူတိုင်းက သူ၏ သိမ်မွေ့သော ရုပ်ရည်သွင်ပြင်ကို
မြင်တွေ့လိုက်ရသည်… မျက်လုံးဝိုင်းကြီးများနှင့် ပိန်လှီနေသော်လည်း တွေ့ရခဲသည့် အလှတရားမျိုးပင်ဖြစ်လေသည်။
လူအုပ်ထဲမှ လူတစ်ယောက်က သက်ပြင်းချလိုက်မိသည်။ နှမြောစရာပါလား။
လင်းယွီ လက်ထပ်ရမည့်သူမှာ လုရွာမှ ဆင်းရဲသော မုဆိုးတစ်ယောက်ဖြစ်ပြီး အသက်နှစ်ဆယ်ပြည့်ခါနီးအထိ
ကံဆိုး၍ ဆင်းရဲလွန်းသောကြောင့် မည်သူမျှ လက်မထပ်ချင်သူဖြစ်သည်။ သူ့အိမ်မှာလည်း ပျက်စီးယိုယွင်းနေသော
ကောက်ရိုးတဲတစ်လုံးသာဖြစ်၏။
စောစောက မင်္ဂလာဝတ်စုံ လဲပေးနေစဥ် အမျိုးသမီးများက
လင်းယွီ၏ လက်မောင်းမှ အညိုအမည်းကွက်များကို သတိထားမိလိုက်သည်။ ထိုဒဏ်ရာများမှာ မပျောက်သေးဘဲ
သူ အရိုက်ခံထားရသည်ကို သက်သေပြနေသည်။ ချိုက်ချွန်းဟွားက တင်တောင်းငွေ ဆယ်တေးလ် အတွက်နှင့်
ရက်ရက်စက်စက် လုပ်ရက်လေသည်။
လက်ထပ်ရာတွင် ကောများက အမျိုးသမီးများလောက် လူကြိုက်မများသဖြင့်
ကောတစ်ယောက်၏ တင်တောင်းငွေမှာ နည်းပါးလေ့ရှိသည်… ဝေ့ချင်းရှန် ပေးသော ဆယ်တေးလ်ဆိုသည်မှာ
တကယ်ကို ရက်ရောလွန်းလှပါသည်။
အဒေါ်လီက ရွံရှာစွာဖြင့် ကြမ်းပြင်ပေါ် တံတွေးထွေးလိုက်သည်။
အိမ်နီးချင်းများနှင့် ရွာသားများ၏ အမြင်ကပ်ခြင်းကို ခံရသော ချိုက်ချွန်းဟွားသည် ယခုတစ်ခါတော့
တော်တော်လွန်သွားပြီဖြစ်သည်။ ငွေစလေး နည်းနည်းရဖို့အတွက် လင်းယွီကို ဆင်းရဲမွဲတေသည့်နေရာသို့
ပို့ရုံမက မင်္ဂလာဝတ်စုံအသစ်တစ်ထည်ပင် ချုပ်မပေးခဲ့ပေ။
လင်းယွီ၏ ဦးလေး ကျောက်ကျားကျူး ဆိုလျှင်လည်း သူရဲဘောကြောင်သော
လူတစ်ယောက်ပင်။ လင်းယွီ၏ သွေးသားရင်း ဖြစ်ပါလျက် ကာကွယ်ပြောဆိုပေးမည့် စကားတစ်ခွန်းပင်
မဟရဲချေ။
အဒေါ်လီက သူ့အမေအကြောင်း ပြောလိုက်သည်ကို ကြားလိုက်ရသဖြင့်
လင်းယွီ၏ မျက်ဝန်းအိမ်များ နီရဲလာသည်။ သူက ပေါင်ပေါ်ရှိ မင်္ဂလာဝတ်စုံစကို တင်းတင်းဆုပ်ကိုင်ရင်း
စိတ်ထဲမှ တိုးတိုးလေး ရေရွတ်လိုက်သည်။ "အဖေ... အမေ... ရှောင်ယွီ ဒီနေ့ အိမ်ထောင်ပြုရတော့မယ်"
လင်းယွီ၏ မိခင်မှာ ကျွမ်းကျင်သော ပန်းထိုးပညာရှင်တစ်ဦးဖြစ်ပြီး
စာသင်သားတစ်ဦးနှင့် လက်ထပ်ခဲ့ကာ သူတို့၏ နေ့ရက်များမှာ သာယာပျော်ရွှင်ဖွယ်ကောင်းသဖြင့်
လူအများ အားကျခဲ့ရသည်။ သို့သော် ကံဆိုးမိုးမှောင်ကျချင်တော့ နန်းတွင်းစာမေးပွဲ ဖြေရန်သွားရင်း
သူ့ဖခင် ပျောက်ဆုံးသွားခဲ့ပြီး မကြာမီပင် သူ့မိခင်မှာလည်း ရင်ကွဲနာကျပြီး ဆုံးပါးသွားခဲ့ရသည်။
အသက် ၈ နှစ်အရွယ်တွင် လင်းယွီကို သူ့ဦးလေး ကျောက်ကျားကျူးက
ခေါ်ယူစောင့်ရှောက်ခဲ့သည်။ သူ့အဒေါ်က သူ့ကို မုန်းတီးပြီး ပါးစပ်ပေါက်အပိုတစ်ခုဟုသာ
သဘောထားကာ အညစ်ပတ်ဆုံး၊ အပင်ပန်းဆုံး အလုပ်များကိုသာ အတင်းအဓမ္မ ခိုင်းစေခဲ့၏။ ဘဝက
ကြမ်းတမ်းခက်ထန်သော်လည်း လင်းယွီသည် ဇွဲလုံ့လဖြင့် ကြီးပြင်းလာခဲ့သည်။
ရုတ်တရက်ဆန်သော ဤလက်ထပ်ပွဲကို တွေးမိရင်း လင်းယွီ၏
မျက်နှာ အုံ့မှိုင်းသွားသည်။ ဆင်းရဲသော မိသားစုသို့ ဝင်ရောက်ရမည်ကို သူ ဝန်မလေးသော်လည်း
လွန်ခဲ့သော ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့် ကိစ္စက သူ့စိတ်ကို လေးလံစေသည်။
ဤကဲ့သို့ ကမန်းကတန်း လက်ထပ်ရခြင်းမှာ စာသင်သားဖြစ်သော
သူ့ဝမ်းကွဲအစ်ကို၏ စာလေ့လာမှုကို အနှောင့်အယှက်ဖြစ်စေရန် သူက ဖြားယောင်းသွေးဆောင်သည်ဟု
သူ့အဒေါ်၏ စွပ်စွဲမှုကြောင့် ဖြစ်သည်။ ဤသည်မှာ သူ့အား အိမ်ကနေ အမြန်ဆုံးမောင်းထုတ်ချင်သည့်
လှည့်ကွက်တစ်ခုသာ ဖြစ်သည်။
လင်းယွီမှာ ဤလက်ထပ်ပွဲကို တိတ်တဆိတ် လက်ခံရုံမှလွဲ၍
ရွေးချယ်စရာ မရှိခဲ့ချေ။ တစ်ဖက်လူက ဘဝကြမ်းတမ်းသည်ဖြစ်စေ၊ မိဘကို မရိုသေသူဖြစ်စေ သူ
လက်ခံရပေမည်။ ထိုလူက လူကောင်းမဟုတ်လျှင် နောက်ထပ် ကျောက်မိသားစုလို အခြေအနေမျိုးသာ
ဖြစ်ပေလိမ့်မည်။
အခန်းထဲတွင် ၁၂ နှစ်အရွယ် ကျောက်ယွဲ့နျန်းက လင်းယွီကို
ဖက်တွယ်ကာ ငိုကြွေးနေသည်။ လင်းယွီက ခါးသက်သက် ပြုံးလိုက်ပြီး မိန်းကလေးငယ်၏ ခေါင်းကို
ပုတ်ပေးလိုက်သည်။ "ယွဲ့နျန်း၊မငိုနဲ့တော့။"
ကျောက်မိသားစုတွင် လင်းယွီ စိတ်မချဆုံး အရာမှာ သူ့ထက်
လေးနှစ်ငယ်သော ဤဝမ်းကွဲညီမလေးပင် ဖြစ်သည်။ လင်းယွီ ကျောက်မိသားစုသို့ စရောက်စဉ်က ကျောက်ယွဲ့နျန်းမှာ
၄ နှစ်အရွယ်သာ ရှိသေးပြီး တံခါးနောက်ကနေ သူ့ကို ကြောက်ကြောက်ရွံ့ရွံ့ဖြင့် ချောင်းကြည့်ခဲ့ဖူးသည်။
ချိုက်ချွန်းဟွားက သမီးထက် သားကို ပိုချစ်ပြီး သားဖြစ်သူ
ကျောက်တာ့ကျစ်ကို ငယ်စဉ်ကတည်းက အလိုလိုက်ခဲ့သည်။ ကျောက်ယွဲ့နျန်းကိုမူ လင်းယွီကသာ ပြုစုပျိုးထောင်ခဲ့ရသလိုဖြစ်ပြီး
နေရာတိုင်း သူ့နောက် တကောက်ကောက် လိုက်တတ်သည်။ သူတို့နှစ်ယောက်သည် ထင်းကောက်ရန်နှင့်
တောဟင်းရွက်များခူးရန် တောင်ပေါ်သို့ အတူတူ သွားလေ့ရှိခဲ့သည်။
လင်းယွီကို လောဆော်ပြီးနောက် ချိုက်ချွန်းဟွား မီးဖိုချောင်သို့
ပြန်ဝင်သွားသည်။ ထုံးစံအရ သမီး သို့မဟုတ် ကောတစ်ယောက် မင်္ဂလာဆောင်လျှင် ဆွေမျိုးများနှင့်
မျိုးနွယ်စုဝင်များကို ဖိတ်ကြားပြီး ကျွေးမွေးရသည်။ သို့သော်ငြား လင်းယွီတွင် ဆွေမျိုးမကျန်တော့သလို
ကျောက်မိသားစုဝင်များကို ဖိတ်ကြားရန်လည်း မဖြစ်နိုင်ပေ။ ဖိတ်လိုက်လျှင် စားပွဲဝိုင်းပေါင်းများစွာစာ
တောင်းဆိုကြပေလိမ့်မည်။
ချိုက်ချွန်းဟွားက ထိုသို့လုပ်ရန် အင်မတန် စေးနှဲလွန်း၏။
လင်းယွီကို နှုတ်ဆက်ဖို့ ရွာထဲက အမျိုးသမီး သုံးလေးယောက်လောက်ကိုသာ ဖိတ်ထားသော်လည်း
နေ့လယ်စာတော့ ကောင်းကောင်း ကျွေးရပေမည်။ ကုန်ကျစရိတ်အတွက် ညည်းညူရင်း သူများတွေ သူ့ထမင်းဟင်းများ
လာစားသည်ကို တတွတ်တွတ် ဆဲဆိုကာ ထမင်းကျန်များကို ပေါင်းနေလေသည်။ နောက်ဆုံးတွင် သူမက
စိတ်မရှည်စွာဖြင့် လှမ်းအော်လိုက်သည်။ "ကျောက်ကျားကျူး! ကျောက်ကျားကျူး! မီးလာမွှေးစမ်း!"
အိမ်ရှေ့ခန်းမ၌ အလုပ်မရှိ အကိုင်မရှိ ထိုင်နေသော
ကျောက်ကျားကျူးမှာ နောက်ဆုံးတွင် မထချင်ထချင် ထလာပြီး လျှောက်လာခဲ့၏။ ချိုက်ချွန်းဟွားက
သူ့အား လှမ်းငေါက်လိုက်သည်။
“ဘာလုပ်နေလို့ ဒီလောက်ကြာနေရတာလဲ!”
ကျောက်ကျားကျူးသည် တင်တောင်းငွေ ဆယ်တေးလ်ကို အိတ်ထဲထည့်ထားရသဖြင့်
စိတ်အခြေအနေကောင်းနေပြီး သူ့မိန်းမနှင့်အပြိုင် ဖက်ပြီး ရန်မဖြစ်ချင်တော့။ သူက ရိုးရိုးလေးပဲ
ပြောလိုက်သည်။
“နေ့လယ်စာကို အနည်းဆုံးတော့ ကြည့်ပျော်ရှုပျော်ဖြစ်အောင်
လုပ်စမ်းပါကွာ။ သူများတွေ ငါတို့ကို လှောင်ရယ်နေပါဦးမယ်”
ချိုက်ချွန်းဟွားက လက်ဖြန့်တောင်းရင်း ပြန်ပက်လိုက်သည်။
“ပေါက်ကရတွေ! ဘယ်ပိုက်ဆံနဲ့ လုပ်ရမှာလဲ? ငါတို့မိသားစုမှာ
ဒီကောင် အလကားကပ်စားနေတာ နှစ်တွေကြာပြီ။ ပိုက်ဆံက ဘယ်ကထွက်လာမှာလဲ? ရှင် ပိုက်ဆံပေးမှာမို့လို့လား”
ကျောက်ကျားကျူးက သူမကို လျစ်လျူရှုပြီး လက်ကို တွန်းဖယ်လိုက်သည်။
အခန်းငယ်လေးထဲတွင် အဒေါ်လီက လင်းယွီ အမြဲသုံးနေကျ
သစ်သားဆံထိုးလေးဖြင့် ဆံပင်ထုံးဖွဲ့ပေးနေသည်။ ထိုအချိန်တွင် ကျောက်တာ့ကျစ်သည် ပြတင်းပေါက်မှတစ်ဆင့်
ချောင်းကြည့်ရင်း တံတွေးတစ်ချက် မျိုချလိုက်မိသည်။ လင်းယွီ ဤမျှလောက် ရင်သပ်ရှုမောဖွယ်
ကောင်းနေလိမ့်မည်ဟု သူ ထင်မထားခဲ့မိ။ သူစောစောကသာ သိခဲ့လျှင် ယခုအချိန်မတိုင်ခင်ကတည်းက
အခွင့်ကောင်းယူခဲ့မိမှာ အမှန်ပင်။ ခုတော့ နောက်ကျသွားခဲ့ပြီ။ ထိုဆင်းရဲသား မုဆိုးကသာ
ဤဆုလာဘ်ကို ခံစားရတော့မည်ဖြစ်သည်။
ထိုနေ့က ကျောက်တာ့ကျစ်သည် မသင့်လျော်သော ပန်းချီကားများကို
ကြည့်ပြီးနောက် ရမ္မက်ဆန္ဒများ ပြင်းပြနေခဲ့သည်။ လင်းယွီ ရေလာပို့ချိန်တွင် သူက ဆွဲဖက်ရန်
ကြိုးစားခဲ့၏။ လင်းယွီမှာ ရုပ်ရည်ရိုးရှင်းသော်လည်း ကောတစ်ယောက်ဖြစ်နေဆဲပင်၊ ကျောက်တာ့ကျစ်၏
ဆန္ဒများကို ဖြေဖျောက်ပေးနိုင်သူ ဖြစ်သည်။ သို့ပေသော်ငြား ဘာမှမဖြစ်မီမှာပင် သူ့မိခင်က
မိသွားခဲ့လေသည်။
ထိုအဖြစ်အပျက်ကြောင့်ပင် ချိုက်ချွန်းဟွားက ဤလက်ထပ်ပွဲကို
အလျင်စလို စီစဉ်လိုက်ရခြင်း ဖြစ်သည်။ ယခုအခါ လင်းယွီကို သပ်သပ်ရပ်ရပ် ပြင်ဆင်ထားသည်ကို
မြင်လိုက်ရသောအခါ ကျောက်တာ့ကျစ်မှာ ပို၍ပင် နာကြည်းခံပြင်း ဖြစ်ရလေသည်။
ချိုက်ချွန်းဟွားသည် ညှိုးရော်နေသော မုန်လာဥအချို့ကို
ဆေးကြောရန် ယူလာစဉ် သူမ၏သားဖြစ်သူက အခန်းထဲသို့ ခိုးကြည့်နေသည်ကို မြင်သွားလေသည်။ သူမသည်
ဇလုံကို ပစ်ချကာ ဒေါသတကြီး လျှောက်သွားပြီး သူ့နားရွက်ကို ဆွဲ၍ တရွတ်တိုက် ဆွဲခေါ်လာခဲ့သည်။
“ဘာကြည့်နေတာလဲ! အဲ့ဒီ မြေခွေးလေးက နင့်စိတ်ကို ယောက်ယက်ခတ်အောင်
လုပ်နေတာ! နင် ဒီနှစ်တွေအကြာကြီး စာသင်သား ဖြစ်မလာတာ အဲ့ဒီကောင်ကြောင့်ပဲ!”
“အား... အား! အမေရာ... ကျွန်တော်က ယွီကောကို လိုက်ပို့ချင်ရုံပါ!”
“ပြောရမလား! နင့်အခန်းနင်ပြန်ပြီး စာသွားကျက်စမ်း!”
ကျောက်တာ့ကျစ်မှာ မလိုလားစွာဖြင့် ဒေါသတကြီး အခန်းပြန်ဝင်သွားရသည်။
တွေးလေ နှမြောလေ ဖြစ်ကာ စောစောကတည်းက လက်ဦးမှု မယူမိခဲ့သည်ကို နောင်တရလေ ဖြစ်နေသည်။
ယခုတော့ အရာအားလုံး နောက်ကျသွားခဲ့ပြီ။ သူသည် စူစူအောင့်အောင့်ဖြင့် ကုတင်ပေါ်တွင်
လှဲချလိုက်ပြီး ဝှက်ထားသော မတော်တရော် ပန်းချီကားများကို ထုတ်ကြည့်နေလိုက်တော့သည်။
အခန်းထဲရှိ လူတိုင်း ချိုက်ချွန်းဟွား၏ စကားများကို
ကြားလိုက်သည်။ တုံ့ပြန်မှုများကတော့ အမျိုးမျိုးပင်။ လင်းယွီ၏ မျက်နှာမှာ ဖြူဖျော့သွားသည်။
လင်းယွီ ကြီးပြင်းလာသည်ကို စောင့်ကြည့်ခဲ့သော အိမ်နီးချင်း
အဒေါ်လီမှာ ရွံရှာစွာဖြင့် တံတွေးထွေးလိုက်သည်။ ချိုက်ချွန်းဟွားက ဘာလို့ ဒီလောက်တောင်
ယုတ်မာရတာလဲ။ လင်းယွီလို လိမ္မာရေးခြားရှိပြီး အဒေါ်လီရဲ့ အမေအိုကြီးကို ရေခပ်ပေးလေ့ရှိတဲ့
ကလေးတစ်ယောက်ကို ဘယ်လိုလုပ် ဒီလိုစွပ်စွဲရက်တာလဲ။
အဒေါ်လီက ဒေါသတကြီး ရေရွတ်လိုက်သည်။ ယနေ့က လင်းယွီ၏
မင်္ဂလာနေ့ဖြစ်ပါလျက် ချိုက်ချွန်းဟွားက လူအများရှေ့တွင် အိမ်ထောင်မပြုရသေးသော ကောတစ်ယောက်၏
ဂုဏ်သိက္ခာကို ဗြောင်ကျကျ ပုတ်ခတ်စော်ကားနေသည်။ သတို့သားဘက်ကများ ဒီစကားတွေကို ကြားသွားရင်
ဘယ်လိုပြဿနာတွေ တက်လာမလဲ ဘယ်သူသိနိုင်မလဲ…
ထိုစဉ် အခြားအိမ်နီးချင်းတစ်ဦးဖြစ်သူ စွင်းကျားရှီဖုကမူ
မနေနိုင်မထိုင်နိုင် မီးလောင်ရာလေပင့်လုပ်ကာ လင်းယွီကို အဓိပ္ပာယ်ပါပါ လှမ်းကြည့်လိုက်သည်။
အမိုးတစ်ခုတည်းအောက်မှာ ဘာတွေဖြစ်ပျက်ခဲ့လဲ ဘယ်သူသိမှာလဲ? အထူးသဖြင့် လင်းယွီက ဒီလောက်
ရုပ်ချောလာတဲ့အချိန်မှာလေ။
(T/N စွင်းကျားရှီဖု= စွင်းအိမ်တော်က ချွေးမ)
ကျောက်တာ့ကျစ်က ဆယ်နှစ်အရွယ်တွင် ထုံရှန့်စာမေးပွဲ
အောင်မြင်ပြီး ထုံရှန့်တစ်ဦးဖြစ်လာပြီးကတည်းက ချိုက်ချွန်းဟွားမှာ မိုးမမြင်လေမမြင်
ဖြစ်လာခဲ့ပြီး သူ့သားကို အရာရှိကြီးများ၏ သမီးပျိုများနှင့် လက်ထပ်ပေးရန် အိပ်မက်မက်နေခဲ့သူ
ဖြစ်သည်။
အဒေါ်လီက စွင်းကျားရှီဖုကို စူးစူးဝါးဝါး လှမ်းကြည့်လိုက်ရာ
စွင်းကျားရှီဖုမှာ မျက်နှာပူပူဖြင့် အကြည့်လွှဲသွားသည်။
အရာအားလုံး အသင့်ပြင်ဆင်ပြီးချိန်မှာပင် ကလေးတစ်သိုက်
ခြံဝင်းထဲသို့ ပြေးဝင်လာပြီး အော်ဟစ်လိုက်ကြသည်။
“သတို့သား ရောက်ပြီ! သတို့သား ရောက်ပြီ!”
အဒေါ်လီက လင်းယွီကို ကုတင်ပေါ်တွင် အမြန်ကူထိုင်စေပြီး
ခေါင်းပေါ်သို့ မင်္ဂလာပုဝါနီ လွှမ်းခြုံပေးရင်း မှာလိုက်သည်။
“ယွီကော... ခဏနေ အခမ်းအနားမှူး ပြောသမျှကို နားထောင်ပြီး
သူခိုင်းတဲ့အတိုင်း လုပ်နော်”
ပုဝါအောက်မှနေ၍ လင်းယွီက ခေါင်းအသာညိတ်ပြသည်။ မရေရာသော
အနာဂတ်ကို ရင်ဆိုင်ရမည်ဖြစ်၍ စိုးရိမ်ပူပန်မှုကို မခံစားရဖို့ မဖြစ်နိုင်ပေ။ သူက စိတ်သဘောထားပြည့်ဝသူနှင့်
တွေ့ဆုံရပါစေဟုသာ တိတ်တဆိတ် ဆုတောင်းလိုက်မိသည်။
အပြင်ဘက်တွင် ဗြောက်အိုးသံများ ပျံ့လွင့်လာပြီး တိတ်ဆိတ်နေသော
ခြံဝင်းလေးမှာ ရုတ်ခြည်း ဆူညံကာ သက်ဝင်လှုပ်ရှားသွားသည်။
အဒေါ်လီ တံခါးဝမှ ချောင်းကြည့်လိုက်ရာ သတို့သားကို
တွေ့လိုက်ရသည်။ သူ့မိသားစုမှာ တာ့လီရွာမှဖြစ်ပြီး တစ်နာရီခရီးခန့် သွားရသည်။ ကောလာဟလ
သတင်းများအရ ထိုသူမှာ နာမည်ဂုဏ်သတင်း မကောင်းသလို အတော်လေး ဆင်းရဲသည်ဟု ဆိုသော်လည်း
သူမကိုယ်တိုင်တော့ တစ်ခါမှ မမြင်ဖူးချေ။
သတို့သားမှာ လူအုပ်ထဲတွင် ပေါ်လွင်နေပြီး တခြားသူများထက်
ခေါင်းတစ်လုံးခန့် ပိုရှည်ကာ မင်္ဂလာဝတ်စုံနီကို ဝတ်ဆင်ထားသည်။ သူ့မျက်နှာမှာ ခန့်ညားချောမောပြီး
ခန္ဓာကိုယ်မှာ တောင့်တင်းခိုင်မာသည်။ ကြည့်ရသည်မှာ အနည်းငယ် ရက်စက်ကြမ်းကြုတ်ပုံ ပေါက်သော်လည်း
မင်္ဂလာနေ့ဖြစ်၍ နှုတ်ခမ်းထောင့်တွင် အပြုံးရိပ်ရေးရေး ထင်ဟပ်နေသည်။
သတို့သားမှာ ဤမျှ ရုပ်ရည်သန့်ပြန့်လိမ့်မည်ဟု အဒေါ်လီ
ထင်မထားမိခဲ့ပေ။ ကောလာဟလများထဲကလို မိဘကို မရိုသေသော လူဆိုးပုံနှင့် မတူချေ။ သူမ သက်ပြင်းချလိုက်ပြီး
လင်းယွီဘေးသို့ ပြေးသွားကာ ပြောလိုက်သည်။
“ယွီကော... မင်းရဲ့ခင်ပွန်းကို ကြည့်ရတာ အလုပ်ကြိုးစားမယ့်ပုံပဲ”
"ခင်ပွန်း" ဟူသော စကားကြောင့် လင်းယွီ၏
ရင်တစ်ခုလုံး လှုပ်ရှားသွားသည်။ ခင်ပွန်း... ဟုတ်သားပဲ၊ သူ ဒီနေ့ အိမ်ထောင်ပြုရတော့မှာလေ။
သတို့သားက သူ့ကိုပွေ့ချီပြီး ဝေါယာဉ်ပေါ်သို့ တင်ပေးချိန်တွင်
လင်းယွီ မူးဝေနေဆဲပင်။ ထိုလူ၏ လက်မောင်းများက သန်မာပြီး ရင်ခွင်က နွေးထွေးလှသည်။
လင်းယွီ၏ မင်္ဂလာဝတ်စုံမှာ ပါးလွှာပြီး အကြာကြီး
ထိုင်နေခဲ့ရသဖြင့် အအေးဒဏ်ကြောင့် ကိုယ်ခန္ဓာမှာ ထုံကျင်နေသည်။ သတို့သား၏ ကိုယ်ငွေ့က
နွေးထွေးသဖြင့် လင်းယွီမှာ အလိုအလျောက်ပင် ထိုလူ၏ရင်ခွင်ထဲသို့ တိုးဝင်ကာ အနွေးဓာတ်ကို
ရှာဖွေလိုက်မိသည်။
ဝေ့ချင်းရှန်သည် သူ့ဖူလန်ငယ်လေး၏ လှုပ်ရှားမှုကို
သတိထားမိလိုက်သည်။ သူ ခဏမျှ တောင့်တင်းသွားပြီးမှ သူ့ဖူလန်ကို သေချာပွေ့ဖက်ကာ ရှေ့ဆက်လျှောက်လိုက်သည်။
ထိုနေ့က သူ လင်းယွီကို အဝေးကနေသာ လှမ်းမြင်ခဲ့ဖူးသည်။
ပိန်လှီသော ကောလေးတစ်ယောက် မြေကြီးပေါ်တွင် ဝပ်တွားကာ ထင်းကောက်နေပုံမှာ အလွန် သေးကွေးလှသည်။
အကြောင်းတစ်ခုခုကြောင့် သူ သနားသွားမိပြီး လက်ထပ်စာချုပ်အတွက် ငွေ ဆယ်တေးလ်ကို သုံးမိခဲ့လေ၏။
စေ့စပ်ပြီး သုံးရက်အကြာတွင် မင်္ဂလာဆောင်ရခြင်း ဖြစ်သော်လည်း
သူက အဆင်သင့် ပြင်ဆင်ထားပြီး ဖြစ်သည်။ ဆောင်းရာသီ အမဲလိုက်ထွက်စဉ်က ရရှိထားသော သားကောင်
အများအပြားကို သိုလှောင်ထားသဖြင့် မင်္ဂလာပွဲမှာ ကမန်းကတန်း ဖြစ်လွန်းပုံ မပေါက်ပေ။
လင်းယွီအား လူကောင်သေးမှန်း သူ သိထားသော်လည်း သူ့ဖူလန်ငယ်လေးကို
ရင်ခွင်ထဲ ပွေ့ဖက်လိုက်မှသာ ငှက်မွေးလေးတစ်စလို ပေါ့ပါးပြီး ပိန်လှီလွန်းကြောင်း သူ
သတိထားမိလိုက်သည်။
လင်းယွီ ပါသွားသောအခါ ကျောက်ယွဲ့နျန်းမှာ အနောက်မှလိုက်ပါရင်း
ထိန်းမနိုင်သိမ်းမရ ငိုကြွေးကာ လှမ်းခေါ်ရှာသည်။
“အစ်ကို!”
ဆန့်ကျင်ဘက်အားဖြင့် ကျောက်ကျားကျူးနှင့် ချိုက်ချွန်းဟွားတို့မှာ
ဝန်ထုပ်ဝန်ပိုးကြီး လျော့သွားပြီဖြစ်၍ ဝမ်းသာအားရ ဖြစ်နေကြသည်။
လိုက်သွားရန် ပြင်နေသော ကျောက်ယွဲ့နျန်းကို ချိုက်ချွန်းဟွားက
ဆွဲဖမ်းလိုက်ပြီး ခပ်တိုးတိုး ခြိမ်းခြောက်လိုက်သည်။
“ဆက်ငိုနေရင် နင့်ကို မီးဖိုချောင် ပို့ပြီး ထမင်းချက်ခိုင်းလိုက်မယ်!”
လင်းယွီသည် ကျောက်ယွဲ့နျန်း၏ ငိုသံကို ကြားလိုက်ရသဖြင့်
မျက်ဝန်းများ နီရဲလာပြီး မျက်ရည်များ စီးကျလာသည်။
ဝေ့ချင်းရှန်သည် သူ့လက်ခုံပေါ်သို့ ကျရောက်လာသော
မျက်ရည်များ၏ အပူငွေ့ကို ခံစားမိလိုက်သည်။ သူက နှစ်သိမ့်သည့်အနေဖြင့် သူ့ခင်ပွန်းသည်လေးကို
အသာအယာ ပုတ်ပေးလိုက်သည်။
ဘေးမှ ကြည့်နေသော ကလေးများမှာ ဆူညံစွာ အော်ဟစ်နေသည်။
ရုတ်တရက် တစ်ယောက်ယောက်က အော်ပြောလိုက်လေသည်။
“သတို့သမီးအသစ်ရဲ့ ဖိနပ်မှာ အပေါက်ကြီး! ဟားဟား!”