Ch 4
Viewers 4k

Chapter 04


ဝေ့ချင်းရှန်၏ မျက်နှာထားမှာ တည်ကြည်လေးနက်နေပြီး အနည်းငယ် အေးစက်စက်နိုင်လှသည်။ သူ့တွင် သူကိုယ်တိုင်ပင် သတိမထားမိသော အကျင့်တစ်ခုရှိသည်... စိတ်လှုပ်ရှားနေလျှင် မျက်နှာသေ ဖြစ်သွားတတ်ခြင်းပင်။


လူအုပ်ကြီးက သူ့ကို မင်္ဂလာခန်းမထဲသို့ တွန်းပို့လိုက်ရာ လင်းယွီလည်း ထိုအသံများကို ကြားလိုက်ရသည်။ သူက ဒူးပေါ်ရှိ မင်္ဂလာဝတ်စုံစကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်ထားမိသည်။


ဝေ့ချင်းရှန် တံတွေးတစ်ချက် မျိုချလိုက်ပြီး ဘေးနားမှ စနောက်သံများကြားတွင် ပုဝါနီကို ဖြည်းညှင်းစွာ မတင်လိုက်သည်။ လင်းယွီက ခေါင်းငုံ့ထားပြီး ဘေးပတ်ဝန်းကျင်မှ လူများကို မကြည့်ရဲပေ။ ဝေ့ချင်းရှန်သည်ပင် လင်းယွီ၏ မျက်နှာကို သေချာမမြင်ရဘဲ မင်္ဂလာဝတ်စုံနီအောက်မှ ပေါ်ထွက်နေသော ဖြူဝင်းနုနယ်သည့် လည်တိုင်ကိုသာ တစွန်းတစ မြင်လိုက်ရသည်။


လူအုပ်ကြီးက လင်းယွီကို ခေါင်းမော့ရန် တိုက်တွန်းကြပြီး ဝေ့အာ့တို့ မိသားစုကလည်း ပွဲကြည့်ရန် တိုးဝှေ့ ဝင်ရောက်လာ၏။ ဝေ့ချင်းရှန်လိုလူက လှပသော သတို့သားလောင်းကို လက်ထပ်နိုင်လိမ့်မည်ဟု သူတို့ မယုံကြည်ကြပေ။


ဆိုရလျှင် ဝေ့ချင်းရှန်သည် ကံဆိုးပြီး မိဘမရိုသေသူဖြစ်ကြောင်း ကောလာဟလများက ရွာထဲတွင် ပျံ့နှံ့နေခဲ့သည် မဟုတ်ပါလား။ မည်သည့် မိန်းကလေးကောင်းကမှ ဤစွန့်စားမှုကို ပြုလုပ်ချင်မည် မဟုတ်ပေ။


ဝေ့ချင်းရှန်သည် လင်းယွီ နေရခက်နေသည်ကို သတိထားမိလိုက်ပြီး လူအုပ်ကြီးကို ပြန်လွှတ်ရန် လှည့်ပြောလိုက်သည်။

“ယွီကော ဒီနေ့ ပင်ပန်းနေပြီ... ပြန်ကြပါတော့။ နောက်နေ့မှ ဧည့်ခံပါ့မယ်”


အရပ်ရှည်ပြီး ခန့်ညားထည်ဝါသော ဝေ့ချင်းရှန်ကြောင့် ဘေးမှကြည့်နေသူများ ငြိမ်ကျသွားပြီး အခန်းထဲမှ ထွက်ခွာသွားသည်။ သူတို့ ထွက်သွားမှသာ လင်းယွီ သက်ပြင်းချနိုင်တော့သည်။


ပုဝါနီကို ဖယ်ရှားလိုက်ပြီ ဖြစ်သော်လည်း လင်းယွီမှာ ဝေ့ချင်းရှန်၏ မျက်နှာကို မမြင်ရသေးပေ။ သူ ကြောက်လည်းကြောက်၊ စိတ်လည်း လှုပ်ရှားနေသည်။ လူတိုင်း အခန်းထဲမှ ထွက်သွားပြီးနောက် သူက တံခါးဘက်သို့ တိတ်တဆိတ် မော့ကြည့်လိုက်သည်။


ဝေ့ချင်းရှန်က ဧည့်သည်များကို ခြံဝင်းထဲထိ လိုက်ပို့ပြီး တံခါးပိတ်ရန် ပြန်လှည့်လာ၏။ မထင်မှတ်ဘဲ သူတို့နှစ်ဦး မျက်လုံးချင်း ဆုံသွားရာ လင်းယွီက ပျာပျာသလဲ ခေါင်းငုံ့လိုက်သည်။


ဝေ့ချင်းရှန်လည်း လင်းယွီကို သေချာကြည့်လိုက်သည်။ သူတို့ ပထမဆုံးအကြိမ် တွေ့ဆုံစဉ်က လင်းယွီ၏ မေးဖျားသွယ်သွယ်လေးကိုသာ သူ သတိထားမိခဲ့သည်။ ယနေ့ လင်းယွီက ဆံပင်ကို တင်ထုံးထားသဖြင့် သူ့ခင်ပွန်းသည်လေး၏ပုံစံကို နောက်ဆုံးတော့ မြင်ခွင့်ရလိုက်သည်။ တုံးတုံး ပြောသလိုပင်... တကယ့်ကို ရုပ်ရည်ချောမောသော ခင်ပွန်းသည်လေးပါပင်။။


ဝေ့ချင်းရှန်၏ စိတ်အစဉ်က ပြီးခဲ့သော ဆောင်းရာသီ အမဲလိုက်ထွက်စဉ်က အချိန်ကာလဆီသို့ လွင့်မျောသွားသည်။ ထိုစဉ်က မြွေပါဖြူလေးတစ်ကောင်သည် တွင်းဝမှနေ၍ ခေါင်းပြူကြည့်ခဲ့သည်။ သူ လှုပ်ရှားလိုက်သည်နှင့် ထိုသတ္တဝါလေးက လျင်မြန်စွာ ပြန်ဆုတ်ခွာသွားခဲ့သည်။ ထိုအကောင်လေးက အလွန်ငယ်ရွယ်ပုံရပြီး သူ့ကို ကြည့်သောမျက်လုံးများက မျက်ရည်ဝိုင်းနေသဖြင့် သူ မဖမ်းခဲ့ပေ။


နူးညံ့သိမ်မွေ့သော အရာတစ်ခုက သူ့နှလုံးသားကို လာရောက်ထိမှန်သကဲ့သို့ ခံစားလိုက်ရသည်။ သူ့ခင်ပွန်းသည်လေး၏ မျက်လုံးများက သူလွှတ်ပေးလိုက်သော မြွေပါလေး၏ မျက်လုံးများနှင့် တူနေသည်။ လင်းယွီက ထိုသတ္တဝါလေးလိုပင် ရှက်ကြောက်တတ်သူ ဖြစ်သည်။


ဝေ့ချင်းရှန်က လင်းယွီရှိရာ အနောက်မှ တံခါးကို ဖြည်းညှင်းစွာ ပိတ်လိုက်ပြီး သူ့ကို တိတ်တဆိတ် အကဲခတ်နေသည်။ ခင်ပွန်းသည်လေးက မြွေပါလေးလိုပင် ကြောက်ရွံ့တတ်သည့် သတ္တဝါလေးတစ်ကောင်နှင့် တူလှသည်။


တံခါးပိတ်သွားမှ လင်းယွီ စိတ်သက်သာရာ ရသွားသည်။ ဝေ့ချင်းရှန်ကမူ အပြင်ဘက်မှ ဧည့်သည်များကို ဆက်လက်နှုတ်ဆက် ပို့ဆောင်နေသည်။ ဆွေမျိုးရင်းချာများက ကူညီရန် ကျန်ရစ်ခဲ့သည်… အမျိုးသားများက ငှားရမ်းထားသော စားပွဲများကို ပြန်ပို့ပေးပြီး အမျိုးသမီးများက ပန်းကန်ယောက်ခွက်များကို ဆေးကြောကာ ပြန်ပို့ပေးခဲ့သည်။


ဒေသခံဧည့်သည်များက ပြန်ချိန်တွင် ကိုယ့်ထိုင်ခုံနှင့် စားပွဲများကို ကိုယ်တိုင် သယ်သွားကြသဖြင့် အိမ်ရှင်ဘက်က လိုက်ပို့ပေးစရာ မလိုတော့ပေ။ လမ်းတစ်လျှောက်တွင် သူတို့က ဤမျှကောင်းမွန်သော ဧည့်ခံပွဲ ကျင်းပပေးသည့် ဝေ့ချင်းရှန်ကို တဖွဖွ ချီးကျူးနေကြသည်။


နောက်ကျမှပြန်သော အဒေါ်ကြီးအချို့က ပြတင်းပေါက်အောက်တွင် ရစ်သီရစ်သီဖြင့် အတွင်းသို့ ချောင်းကြည့်ကြသည်။ လင်းယွီ ခေါင်းမော့လိုက်သည်ကို မြင်သောအခါ သူတို့က ရယ်မောလိုက်လေ၏။

“အ... ဖူလန်အသစ်စက်စက်လေးက တကယ် ချောတာပဲဟေ့!”


ရယ်သံများကို ကြားလိုက်ရသဖြင့် လင်းယွီက ခေါင်းကို အမြန်ငုံ့လိုက်သည်။ ဝေ့ချင်းရှန်က သူတို့ကို မတားမြစ်သော်လည်း ညင်သာစွာ သတိပေးလိုက်သည်။

“အဒေါ်တို့ရာ... ယွီကောကို မခြောက်ကြပါနဲ့။ သူက အရှက်အကြောက်ကြီးတယ်”


အဒေါ်ကြီးများက တခစ်ခစ် ရယ်မောကြသည်။

“ချင်းရှန်က သူ့ခင်ပွန်းလေးကို တကယ် ဂရုစိုက်ရှာသားပဲ”


အပြင်ဘက်မှ ပန်းကန်ယောက်ခွက်သံများကို ကြားရသဖြင့် ဧည့်သည်များ ကုန်သလောက်ရှိပြီမှန်း လင်းယွီ သိလိုက်သည်။ တွေဝေနေပြီးနောက် သူ သတ္တိမွေးကာ ဝတ်စုံစကို ဆုပ်ကိုင်ရင်း အပြင်သို့ ထွက်လာခဲ့၏။


“ကျွန်... ကျွန်တော် ကူလုပ်ပေးမယ်လေ”

သူက အထစ်ထစ်အငေါ့ငေါ့ ပြောလိုက်သည်။


အဒေါ်ကြီးများက သူ့နား ဝိုင်းလာကြသည်။

“ကူစရာမလိုပါဘူး... သွားပြန်နားနေ... သွားပြန်နားနေ... တခြားလုပ်စရာတွေ ရှိသေးတယ်!”


သူတို့၏ စနောက်မှုကြောင့် လင်းယွီ မျက်နှာ ရဲတက်လာရာ အဒေါ်ကြီးများက ရယ်မောကြသည်။ ထိုစဉ် ဝေ့ချင်းရှန် ရောက်လာပြီး သူ့ကို ကယ်တင်လိုက်သည်။

“ယွီကောက ရှက်တတ်လို့ပါ။ ဒီနေ့ ကူညီပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်”


ဟယ်တာ့နျန်းလည်း ကူညီရန် ကျန်နေခဲ့သလို ဟယ်တုံးတုံးလည်း မပြန်သေးပေ။ သူက ပြေးလာပြီး လင်းယွီ၏ လက်ကိုဆွဲကာ အထဲသို့ ခေါ်သွားသည်။

“အခု လုပ်စရာ ဘာမှမရှိတော့ဘူး။ မရီး သွားနားတော့”


အဒေါ်ကြီးများ ပန်းကန်ဆေးပြီး၍ ပြန်ရန်ပြင်ကြသည်။ သူတို့က ဆွေမျိုးရင်းချာများဖြစ်၍ ပြန်ခါနီးတွင် ဝေ့ချင်းရှန်က တစ်ယောက်လျှင် မြေပဲတစ်ဆုပ်စီ လက်ဆောင်ပေးလိုက်ရာ ဝမ်းသာအားရ ပြန်သွားကြသည်။


ဟယ်တာ့နျန်းနှင့် ဟယ်တုံးတုံးတို့ကို လိုက်ပို့ချိန်တွင် ဝေ့ချင်းရှန်က ဟယ်တုံးတုံးကို ကြက်ဥပြုတ် တစ်လုံးပေးပြီး ဟယ်တာ့နျန်းကို သကြားလုံးနှစ်လုံးနှင့် ဆီစိမ်စက္ကူဖြင့် ထုပ်ထားသော အသားပေါင်းအချို့ ပေးလိုက်ရာ သူမမှာ မျက်နှာပေါ်မှ အရေးအကြောင်းများ ပိုနက်သွားသည်အထိ ပြုံးသွားလေသည်။

“ချင်းရှန်ရယ်... မင်းကလည်း အားနာစရာကြီး”


“အဒေါ်ဟယ်... အများကြီး ကူညီပေးတဲ့အတွက် ကျေးဇူးပါဗျာ။ ကလေးတွေစားဖို့ သကြားလုံး ယူသွားလိုက်ပါဦး”


ဝေ့ချင်းရှန်၏ မင်္ဂလာဝတ်စုံကို ဟယ်တာ့နျန်း ချုပ်ပေးခဲ့ခြင်းဖြစ်ပြီး ဟယ်တုံးတုံးကလည်း အများကြီး ကူညီပေးခဲ့သည်။ ဝေ့ချင်းရှန်က အကူအညီတောင်းစရာရှိ၍ ဤမျှ ရက်ရက်ရောရော ပေးကမ်းခြင်း ဖြစ်သည်။ နွေဦးပေါက်ဝတ် အင်္ကျီလက်ရှည်တစ်ထည်နှင့် ဖိနပ်အသစ်တစ်ရံ ချုပ်ပေးရန် ဟယ်တာ့နျန်းကို သူ အကူအညီတောင်းလိုက်သည်။


ဟယ်တာ့နျန်းက ထပ်ခါတလဲလဲ သဘောတူလိုက်သည်။

“ရတာပေါ့... ရတာပေါ့၊ ဒါပေမဲ့ မင်းခင်ပွန်းသည်လေးရဲ့ ခြေထောက်က ဘယ်ဆိုဒ်လဲ အဒေါ် မသိဘူးလေ”


“အဒေါ်... ယွီကော ခြေထောက်က တုံးတုံး ခြေထောက်နဲ့ အတူတူလောက်ပါပဲ။ သူ့အတိုင်း ချုပ်ပေးလိုက်ရင် ရပါတယ်”


“အဒေါ်လည်း အဲ့လိုထင်တာပဲ။ ယွီကောက တုံးတုံးနဲ့ အရွယ်တူလောက်တယ်... နည်းနည်း ပိုပိန်တာပဲ ရှိတာ”


ဟယ်တာ့နျန်းနှင့် တုံးတုံးတို့ကို ပြန်ပို့ပြီးနောက် ဝေ့ချင်းရှန် မီးဖိုချောင်ဘက်သို့လှည့်ပြီး စားကြွင်းစားကျန်များကို ရှင်းလင်းလိုက်သည်။ မနက်ဖြန်ကျရင် နွေဦးပေါက်ဝတ် အဝတ်အစားအတွက် အထည်စ သွားဝယ်ရန် သူ စိတ်ကူးထားသည်။ သူ့ခင်ပွန်းသည်လေး မချုပ်တတ်လျှင် ဟယ်တာ့နျန်းကို နောက်ထပ်တစ်စုံ ထပ်ချုပ်ခိုင်းရပေမည်။


ဝေ့ချင်းရှန်က အအေးဒဏ်ကို မကြောက်သဖြင့် နွေဦးဝတ်စုံကို ပြောင်းလဲဝတ်ဆင်ထားပြီးဖြစ်သည်။ သို့သော် သူ့ခင်ပွန်းသည်လေးမှာ ပိန်လှီပြီး စောစောက ဝေါယာဉ်ပေါ်မှ ဆင်းလာချိန်တွင် လက်များ အေးစက်နေသည်။ နွေးနွေးထွေးထွေးရှိစေရန် အပေါ်ထပ်အင်္ကျီ လိုအပ်နေသေးသည်။


ဝေ့ချင်းရှန်က အသားဟင်းလက်ကျန်များကို သိမ်းဆည်းလိုက်သည်။ သူ ပြင်ဆင်ထားသော အသားများနှင့် တောကြက်သား အများစုမှာ ကုန်သလောက် ရှိနေပြီ။ ကျန်ရှိသည်များကို အိုးထဲထည့်ကာ အဖုံးအုပ်ထားလိုက်သည်။


“သားကြီး... အလုပ်ရှုပ်နေတုန်းလား”


ဝေ့လောင်ထိုက်သည် စောစောက ထွက်သွားသော်လည်း ဝေးဝေးမရောက်သေးပေ။ ဝေ့ချင်းရှန်က ဟယ်မိသားစုကို အသားနှင့် သကြား ပေးလိုက်သည်ကို မြင်သောအခါ သူမ၏ သားကြီးလက်ထဲတွင် ပိုက်ဆံရှိနေသေးသည်ဟု တွေးလိုက်သည်။ ထို့အပြင် ယနေ့ ဧည့်ခံပွဲလုပ်ထားတော့ ထမင်းဟင်းကျန်များ ရှိနေမှာ သေချာသည်။ သူ့မိခင်အနေဖြင့် အိမ်သို့ အနည်းငယ် ယူသွားခြင်းက ကျိုးကြောင်းဆီလျော်သည်ဟု သူမ ယူဆလေသည်။


ဝေ့ချင်းရှန်က သူမကို လှမ်းမခေါ်သလို သူမရှိရာဘက်သို့ လှည့်ပင်မကြည့်ပေ။ သူက ပန်းကန်လုံးထဲမှ လက်ကျန် ဝက်သားပေါင်းနှင့် အခြားအရာများကို အိုးထဲထည့်ကာ အဖုံးအုပ်နေလိုက်သည်။


ဝေ့ချင်းရှန် ပြန်မပြောသည်ကို မြင်သောအခါ ဝေ့လောင်ထိုက်က တဲ့တိုးပင် ပြောလိုက်သည်။

“သားကြီး... ဒီနေ့ ဝက်သားပေါင်းက တော်တော်နူးပြီး အိနေတာပဲ။ အမေစားဖို့ ကွက်တိပဲ။ အိမ်ပြန်ယူသွားဖို့ နည်းနည်းလောက် ပေးစမ်းပါ”



“ကျွန်တော် မှတ်မိသလောက်တော့ ကျွန်တော်တို့ မိသားစု ခွဲပြီးပြီလေ။ စာချုပ်စာတမ်း သွားယူပြီး ပြပေးရဦးမလား”


ဝေ့ချင်းရှန်၏ မျက်နှာ အေးစက်သွားသည်။ သူ မိသားစုခွဲထွက်ခဲ့ရသည့် အကြောင်းရင်းမှာ သူ နှစ်ပေါင်းများစွာ စုဆောင်းထားသမျှ ငွေများကို သူတို့ ဖြုန်းတီးပစ်လိုက်ရုံ သက်သက်မဟုတ်၊ မိုးထဲလေထဲ အမဲလိုက်ထွက်ရင်း သူ နေမကောင်းဖြစ်ချိန် ဆေးဖိုးအတွက် ကြေးပြားတစ်တွဲ လိုအပ်သည်ကိုပင် သူ့မိခင်က ထုတ်မပေးဘဲ ငြင်းဆန်ခဲ့ခြင်းကြောင့် ဖြစ်သည်။ သူ လုံးဝ စိတ်ပျက်အားလျော့သွားခဲ့ပြီး ဘာမှမယူဘဲ မိသားစုခွဲထွက်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။


မိသားစုခွဲစဉ်က သူ နှစ်တွေအကြာကြီး ရှာဖွေစုဆောင်းထားသမျှ ငွေစများကို ပြန်မယူတော့ကြောင်း သူ ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။ ထိုငွေများကို မိသားစုသံယောဇဉ်ကြွေးဆပ်သည်ဟု သဘောထားလိုက်ပြီး ထိုအချိန်မှစ၍ သူတို့သည် ကိုယ့်လမ်းကိုယ်လျှောက်ကာ တစ်ဦးနှင့်တစ်ဦး မည်သို့မျှ မသက်ဆိုင်တော့ချေ။


နှစ်ကာလများတစ်လျှောက် ဝေ့ချင်းရှန် စုဆောင်းထားသောငွေမှာ ငွေ ဆယ်တေးလ်၊ ရှစ်ဆယ်တေးလ်ထက် မနည်းပေ။ ဝေ့မိသားစုက ထိုငွေများကို အသုံးပြုပြီး အစိမ်းရောင် အုပ်ကြွပ်မိုး အိမ်နှစ်လုံး ဆောက်လုပ်ခဲ့သလို ဝေ့အာ့ကိုပင် မိန်းမပေးစားခဲ့သေးသည်။ သို့သော်ငြား သူ့မိခင်က သူ့ဆေးဖိုးအတွက် ကြေးပြားတစ်ပြား ထုတ်ပေးဖို့ရန် ဝန်လေးနေခဲ့၏။


ဝေ့ချင်းရှန်၏ ပြတ်သားရက်စက်မှုကို မြင်သောအခါ ဝေ့လောင်ထိုက်က ကျယ်လောင်စွာ စတင်ဆဲဆိုလေတော့သည်။

“ဝေ့ချင်းရှန်... ကျေးဇူးကန်းတဲ့ကောင်! မိဘကို မရိုသေတဲ့ သားမိုက်!”


“ငါ မင်းကို ကျွေးမွေးစောင့်ရှောက်လာတာ ဒီလောက်နှစ်တွေကြာပြီ... ခွေးတစ်ကောင် မွေးထားတာကမှ တော်သေးတယ်! မင်းကို မွေးတုန်းက မင်းကြောင့် ငါ သေလုမျောပါး ဖြစ်ခဲ့ရတာဟဲ့... ကောင်စုတ်! အဲ့ဒီနေ့တုန်းက မင်းကို ကျင်အိုးထဲ နှစ်သတ်ပစ်လိုက်ရမှာ! မင်းက မိဘတွေကို ဒုက္ခပေးရုံမကဘူး၊ မင်းခင်ပွန်းကိုပါ ဒုက္ခပေးမယ့်ကောင်! ကျိန်စာသင့်နေတဲ့ အဖော်မဲ့ဂြိုလ်ဆိုးကောင်!”


သူမက သူ့အား ကျိန်ဆဲသည်ကို ကြားသောအခါ ဝေ့ချင်းရှန်က မတုန်မလှုပ် နေခဲ့သည်။ သို့သော်ငြား သူမက သူ့ခင်ပွန်းသည်ကိုပါ ဒုက္ခပေးမည်ဟု စွပ်စွဲလိုက်သောအခါ သူ့မျက်နှာ အေးစက်သွားသည်။ ဒါက လင်းယွီကိုပါ ကျိန်စာတိုက်လိုက်တာ မဟုတ်ဘူးလား…


“ထွက်သွား... မသွားရင်တော့ ကျွန်တော့်ကို ရိုင်းပြတယ်ဆိုပြီး အပြစ်မတင်နဲ့”


ဝေ့ချင်းရှန်၏ မျက်နှာ မည်းမှောင်သွားပြီး ဆုပ်ထားသော လက်သီးများပေါ်တွင် သွေးကြောများ ထောင်ထလာသည်။ ဝေ့လောင်ထိုက်သည် သူ့ကို အနည်းငယ် ကြောက်လန့်သွားပြီး တီးတိုးရေရွတ် ဆဲဆိုရင်း ထွက်ခွာသွားသည်။


အိမ်ထဲတွင်ရှိသော လင်းယွီသည် သူမ၏ ယုတ်မာသော စကားများကို ကြားလိုက်ရသည်။ သူ အခန်းထဲမှ ထွက်လာရာ ဝေ့လောင်ထိုက် ပြန်ထွက်သွားသည်ကို တွေ့လိုက်ရပြီး သူမက သူ့ကို ကျိန်စာသင့်သော အဖော်မဲ့ဂြိုဟ်ဆိုးဟု အော်ဟစ်ဆဲဆိုနေဆဲပင်။


ဝေ့ချင်းရှန်၏ မျက်နှာထားကလည်း မကောင်းလှပေ၊ ပုံမှန်ထက်ပင် ပို၍ ကြမ်းကြုတ်ခက်ထန်နေပုံရသည်။


လင်းယွီသည် မူလကတည်းက ဝေ့ချင်းရှန်ကို အနည်းငယ် ကြောက်ရွံ့နေပြီးဖြစ်ရာ ယခုအခါ ပို၍ စိုးရိမ်ပူပန်လာမိသည်။ သို့ပေသိ ဤလူကပင် စောစောက သူ့ကို စောင်ခြုံပေးခဲ့ပြီး ခေါက်ဆွဲ ချက်ကျွေးခိုင်းခဲ့သည် မဟုတ်ပါလား။ လင်းယွီ သတ္တိမွေးလိုက်ပြီး ကြောက်လန့်နေသော မြွေပါလေးတစ်ကောင်လို တုန်ရီလျက် လျှောက်သွားကာ ဝေ့ချင်းရှန်၏ အင်္ကျီလက်စကို အသာအယာ ဆွဲလိုက်သည်။

“ခင်ဗျား... ခင်ဗျားက မဟုတ်ပါဘူး”


ဝေ့ချင်းရှန်၏ အသံမှာ အေးစက်ပြီး မာထန်နေသည်။

“ဘာမဟုတ်တာလဲ”


“ခင်ဗျားက ကျိန်စာသင့်နေတဲ့ အဖော်မဲ့ဂြိုဟ်ဆိုး မဟုတ်ပါဘူး”

လင်းယွီက သတ္တိမွေးပြီး သူ့ကို မော့ကြည့်ကာ သူ၏စိတ်ရင်းမှန်ကို သိစေရန် ကြိုးစားရင်း ပြောလိုက်သည်။


သို့သော် ဝေ့ချင်းရှန်က အရပ်ရှည်လွန်းနေသည်။ လင်းယွီ ခြေဖျားထောက်ပြီး လည်ပင်းဆန့်ကြည့်လျှင်ပင် ထိုလူ၏ သေသပ်လှပသော မေးရိုးကိုသာ မြင်ရသည်။


ဝေ့ချင်းရှန်က ခေါင်းအနည်းငယ် ငုံ့ကြည့်လိုက်ရာ ကောလေး၏ မျက်ဝန်းအိမ်များ နီရဲနေသည်ကို တွေ့လိုက်ရသည်။ သနားကြင်နာစိတ်များ ဝင်ရောက်လာပြီး သူက လေသံကို လျှော့လိုက်သည်။

“မင်း မကြောက်ဘူးလား”


လင်းယွီက ခေါင်းကို အခိုင်အမာ ခါပြလိုက်သည်။

“မကြောက်ပါဘူး။ အဖေက ပျောက်သွားတယ်... အမေကလည်း ဆုံးသွားပြီ။ တစ်ယောက်ယောက်က ကျိန်စာသင့်တဲ့ အဖော်မဲ့ဂြိုဟ်ဆိုး ဖြစ်ရမယ်ဆိုရင် အဲ့ဒါ ကျွန်တော်ပါပဲ။ ခင်ဗျား မဟုတ်ပါဘူး”


“ကိုယ့်ကိုယ်ကိုယ် အဲ့လို မပြောနဲ့”


ဝေ့ချင်းရှန်သည် သူ့ကိုယ်သူ ဆွေမျိုးသံယောဇဉ် နည်းပါးသူဟု အမြဲမှတ်ယူထားပြီး တစ်ခါတစ်ရံ ထိုကောလာဟလများက အမှန်ဖြစ်နေမည်ကိုပင် ကြောက်ရွံ့မိတတ်သည်။


“ပြန်နားတော့”


လင်းယွီက အင်္ကျီလက်စကို လွှတ်လိုက်ပြီး အခန်းထဲသို့ အမြန် ပြေးဝင်သွားသည်။ စောစောက သူတို့နှစ်ဦး အလွန် နီးကပ်ခဲ့သဖြင့် သူ့မျက်နှာများ ပူထူနေလေသည်။


အခန်းထဲတွင် တစ်ယောက်တည်း ထိုင်နေရင်း လင်းယွီ ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ အပြင်ဘက်တွင် ဝေ့ချင်းရှန်က ခြံဝင်းကို တံမြက်စည်းလှည်းနေသည်။ ခဏကြာတော့ သူက မုန့်အချို့နှင့် ရေနွေးကြမ်း ယူလာပြီး လင်းယွီအတွက် ထားပေးကာ အပြင်ပြန်ထွက်သွားသည်။


ကျောက်မိသားစုတွင် အလုပ်ရှုပ်နေကျ ဖြစ်သော လင်းယွီသည် ရုတ်တရက် အားလပ်သွားသဖြင့် နေရထိုင်ရ မသက်မသာ ဖြစ်လာသည်။ နောက်ဆုံးတွင် သူ အပြင်ထွက်လာပြီး ခြံဝင်းသန့်ရှင်းရေးလုပ်နေသော ဝေ့ချင်းရှန်ကို ကူညီပေးလိုက်သည်။ ထိုအခါမှသာ ဝေ့ချင်းရှန်၏ နေအိမ်ကို သူ သေချာကြည့်ခွင့် ရလိုက်သည်။


၎င်းမှာ ရွှံ့နံရံ၊ သက်ငယ်မိုး အိမ်တစ်လုံးဖြစ်ပြီး အခန်းသုံးခန်း ခွဲထားသည်… အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းမနှင့် စပါးကျီခန်း တစ်ခန်း တို့ဖြစ်သည်။


အိမ်ဘေးတွင် မီးဖိုချောင် ဖြစ်ပုံရသော ပုပုနိမ့်နိမ့် အဆောက်အအုံလေး တစ်ခုရှိသည်။ ခြံဝင်းကို သစ်သားတိုင်များဖြင့် ခြံစည်းရိုးခတ်ထားသည်။ ခြံဝင်းက ကျယ်ဝန်းပြီး ယခင်က စိုက်ပျိုးခဲ့သော အရာများရှိသော်လည်း နွေဦးအစ ဖြစ်သောကြောင့် မည်သည်မျှ မစိုက်ရသေးပေ။


လင်းယွီသည် အနောက်ဘက်မှ ခွေးဟောင်သံကိုလည်း ကြားလိုက်ရသည်။ အိမ်နီးချင်းတစ်ဦးဦး၏ ခွေးဟု ထင်လိုက်သဖြင့် သူ သတိမထားမိပေ။


သူက ဝေ့ချင်းရှန် ဆင်းရဲမည်ကို မကြောက်ပေ၊ အလုပ်မလုပ်ချင်သူ သို့တည်းမဟုတ် စိတ်ထားမကောင်းသူနှင့် တွေ့ဆုံရမည်ကိုသာ ပိုစိုးရိမ်သည်။


ယနေ့ တုံးကော ပြောပြသည်များကို ကြားပြီးနောက် ဝေ့ချင်းရှန်သည်လည်း သူ့လိုပင် သနားစရာကောင်းမှန်း လင်းယွီ နားလည်သွားသည်။


ခြံဝင်းသန့်ရှင်းရေး ပြီးဆုံးချိန်တွင် နေဝင်နေပြီဖြစ်သည်။ လင်းယွီသည် လုပ်လက်စများကို အမြန်ချပြီး ညစာပြင်ဆင်ရန် မီးဖိုချောင်သို့ ဝင်သွားသည်။ သူက အိုးအဖုံးကို လှပ်လိုက်သောအခါ အသားပုံကြီးကို တွေ့လိုက်ရသည်။


လင်းယွီ၏ ပထမဆုံး တုံ့ပြန်မှုမှာ အသားပမာဏများပြား၍ အံ့သြခြင်းမဟုတ်ဘဲ စိတ်မသက်မသာ ဖြစ်မိခြင်းဖြစ်သည်။ သူ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။ သူ့ဦးလေးနှင့် အတူနေထိုင်စဉ်က အိမ်တွင် အသားဟင်း ရှိတိုင်း ချိုက်ချွန်းဟွားက သူ့ကို အပြင်ထွက်ပြီး အလုပ်လုပ်ရန် ခိုင်းစေတတ်သည်။


လင်းယွီသည် ကိုယ့်အခြေအနေကို သိသဖြင့် ထမင်းစားချိန်တွင် အိမ်ပြန်မလာဘဲ ရှောင်နေတတ်သည်။ သူပြန်ရောက်ချိန်တွင် ကျောက်မိသားစုက စားသောက်ပြီးစီးနေပြီ ဖြစ်သည်။ ဗိုက်ဆာလွန်း၍ မြည်တမ်းနေသော်လည်း သူက ရေအေးသောက်ပြီး ဆာလောင်မှုကို ဖြေဖျောက်ရသည်။ ကံကောင်းလျှင် ယွဲ့နျန်းက သူ့အတွက် ပေါက်စီတစ်လုံး ခိုးဝှက်ချန်ထားပေးတတ်သဖြင့် အနည်းငယ် သည်းခံနိုင်ခဲ့၏။


ယခုအခါ အိုးအပြည့်ရှိသော အသားဟင်းနှင့် ရင်ဆိုင်လိုက်ရသဖြင့် လင်းယွီမှာ အမှားလုပ်မိ၍ လူမိသွားသော ကလေးတစ်ယောက်လို ဘာလုပ်ရမှန်းမသိ ဖြစ်နေသည်။ သူက မင်္ဂလာဝတ်စုံနီကို ဆုပ်ကိုင်ရင်း တုံ့ဆိုင်းစွာဖြင့် ထွက်လာခဲ့၏။ စကားပြောရန် ပါးစပ်ဟလိုက်သော်လည်း အသံထွက်မလာပေ။ သူ့ရှေ့မှ လူအား မည်သို့ခေါ်ရမည်မှန်း မသေချာသဖြင့် နာမည်ကို ထုတ်မပြောနိုင် ဖြစ်နေသည်။


ဝေ့ချင်းရှန်က မော့ကြည့်လိုက်သည်။

“ဘာဖြစ်လို့လဲ။ ဟင်းမချက်တတ်လို့လား။ ကိုယ်ပဲ ချက်လိုက်မယ်”