Ch 10
Viewers 438

၁၉၇၀ ကျေးလက်မှာ ဖရဲသီးစားမယ် 


အပိုင်း ၁၀





ဤဆိုင်မှာ ငွေဒင်္ဂါးများ ရောင်းချသော ဆိုင်ဖြစ်သည်။ ဒင်္ဂါးပေါ်ရှိ ရုပ်ပုံမှာ ယွမ်တထုံ မဟုတ်ဘဲ ဟွမ်တထုံဖြစ်နေသော်လည်း ပုံစံမှာ အတူတူပင်။ မှန်ပါသည်၊ ဤအပြိုင်စကြာဝဠာ၏ သမိုင်းကြောင်းတွင် လူအမည်များသာ ကွဲပြားပြီး ကျန်အရာအားလုံးမှာ အတူတူပင် ဖြစ်သည်။



ထျဲလန်ယန်က တစ်ပြားချင်းစီကို သေချာကြည့်လိုက်ရာ အားလုံးမှာ အစစ်များဖြစ်ကြောင်း တွေ့ရသည်။ သူမ အသေအချာ ကြည့်နေသည်ကို မြင်သောအခါ ငွေဒင်္ဂါးရောင်းသည့် အမျိုးသမီးကြီးက အမြန်ပြောခဲ့သည်။ "ဒီမှာ ငွေဒင်္ဂါး အပြား ၂၀ ရှိတယ်၊ အကုန်ယူမယ်ဆိုရင် ဆန် ၅ ကျင်းပဲ ပေးပါ။"



ထျဲလန်ယန်၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။ ဤဒင်္ဂါးများမှာ သာမန်ပုံစံများ ဖြစ်သော်လည်း အနာဂတ်တွင် တစ်ပြားလျှင် နှစ်ထောင်၊ သုံးထောင်ခန့် တန်ကြေးရှိရာ အပြား ၂၀ ဆိုလျှင် အနည်းဆုံး သောင်းဂဏန်းအထိ ရနိုင်ပေသည်။ ဆန် ၅ ကျင်းဆိုသည်မှာ ရွှေနှင့်လဲရသကဲ့သို့ သူမအတွက် အလွန်ပင် တွက်ခြေကိုက်လှသည်။



ထျဲလန်ယန် ချက်ချင်း သဘောမတူသေးဘဲ ထပ်မေးလိုက်သည်။ "တခြား ထူးခြားတဲ့ ငွေဒင်္ဂါးတွေရော ရှိသေးလား။"



ဤအမျိုးသမီးကြီးဆီတွင် အစစ်အမှန်များသာ ရှိနေသဖြင့် အခြား ပစ္စည်းကောင်းများ ရှိနိုင်သေးသည်ဟု သူမ တွေးမိသောကြောင့် ဖြစ်သည်။



"ရှိတာပေါ့။" အမျိုးသမီးကြီးက သူမ၏ အိတ်ကပ်ထဲမှ ရွှေရောင်သန်းနေသော ငွေဒင်္ဂါးတစ်ပြားကို ထုတ်လိုက်ပြီး ရယ်မောကာ ပြောသည်။ "နောက်တစ်ပြား ကျန်သေးတယ်၊ ဒါပေမယ့် အပေါ်က ရုပ်ပုံက နည်းနည်း ရုပ်ဆိုးတယ်၊ တခြား ထိပ်ပြောင်တွေနဲ့မတူဘဲ ဦးထုပ်အမြင့်ကြီး ဆောင်းထားတာ။ အပြင်ထုတ်မပြရဲလို့ပါ၊ အကုန်ဝယ်မယ်ဆိုရင် ဒါကို လက်ဆောင်ပေးပါ့မယ်။"



ထျဲလန်ယန်၏ မျက်လုံးများ ပြူးသွားရသည်။ နေပါဦး၊ သူမ ဘာကို မြင်လိုက်ရတာလဲ။ နဂါးပျံရွှေဒင်္ဂါးပဲ။ လေလံပွဲတွေမှာ သန်းနဲ့ချီပြီး စျေးခေါ်ကြတဲ့ အပြားမျိုးပါလား။



ထျဲလန်ယန်၏ ရင်များ တဒိတ်ဒိတ် ခုန်လာသော်လည်း စိတ်လှုပ်ရှားမှုကို ထိန်းကာ ပြောလိုက်သည်။ "ကျွန်မကို ကြည့်ခွင့်ပြုပါဦး။"



"ရော့... ကြည့်လေ" အမျိုးသမီးကြီးက ပေါ့ပေါ့ပါးပါးပင် ကမ်းပေးလိုက်သည်။ ထျဲလန်ယန်က ယူ၍ သေချာစွာ စစ်ဆေးကြည့်ရာ အနားသတ်များမှာ သေသပ်ပြီး အလေးချိန်မှာလည်း အချိုးကျလှသည်။ အရောင်မှာ အထပ်ထပ်ရှိပြီး ခေါက်ကြည့်လိုက်သော အသံမှာလည်း သာယာကြည်လင်လှသည်။



ပွင့်သွားပြီ။ တကယ့်ကို ပွင့်သွားပြီ။ ထျဲလန်ယန်၏ ခေါင်းထဲတွင် နောက်ခံတေးသံများ ဆူညံသွားပြီး ကချင်စိတ်ပင် ပေါက်လာတော့သည်။



"ဒီပုံစံက တော်တော်လေး ထူးခြားတာပဲ... ဒါကို တကယ်ပဲ ကျွန်မကို ပေးမှာလား။"



အမျိုးသမီးကြီးက ရယ်မောလိုက်သည်။ "အစ်မကြီး ကြိုက်တယ်ဆိုရင် ယူသွားပါ၊ ရပါတယ်။"



ထျဲလန်ယန်၏ စိတ်ထဲတွင် အနည်းငယ် အားနာစိတ် ဖြစ်ပေါ်လာသော်လည်း ချက်ချင်းပင် အသိတရားက အစားထိုးဝင်ရောက်လာသည်။ သတိထားစမ်း။ ဒီခေတ်က ရွှေ၊ ငွေ၊ ရတနာ၊ ရှေးဟောင်းပစ္စည်းနဲ့ ပန်းချီကားတွေ အမှိုက်သရိုက်လို တန်ဖိုးမရှိဘဲ ထမင်းတစ်ပန်းကန်လောက် အဖိုးမတန်တဲ့ ခေတ်ပဲ။



သူမသာ မယူပါက ဤပစ္စည်းမှာ ထောင့်တစ်နေရာတွင် ဖုန်တက်ပြီး ပျက်စီးသွားပေလိမ့်မည်။ သူမအတွက် သိမ်းဆည်းထားခြင်းက ပို၍ ကောင်းသည်။ တန်ဖိုးနည်းနည်းနှင့် ပစ္စည်းကောင်း ရရှိခြင်း၏ အဓိပ္ပာယ်မှာ ဤသည်ပင် မဟုတ်ပါလား။ ဘာပဲဖြစ်ဖြစ် သူမအနေဖြင့် ထိုက်တန်သော အဖိုးအခကို ပေးလိုက်မည်။



"ကျွန်မ ဒီဒင်္ဂါးပုံစံကို သဘောကျတယ်၊ ဒီလိုလုပ်ရအောင်... အလကားတော့ မယူပါဘူး၊ ကျန်တဲ့ ဒင်္ဂါးတွေနဲ့ ဒီတစ်ပြားအပါအဝင် အားလုံးအတွက် ဆန် ၂၀ ကျင်း ပေးပါ့မယ်၊ ဘယ်လိုလဲဟင်။"



ထျဲလန်ယန်တွင် ကိုယ်ချင်းစာစိတ် အနည်းငယ်ရှိသော်လည်း များများစားစားတော့ မဟုတ်ပေ။ သူမတွင် စုဆောင်းငွေများစွာ ရှိသော်လည်း နေ့စဉ် အသုံးစရိတ်များကလည်း များလှသလို နေရာလွတ်ထဲမှ ကောက်ပဲသီးနှံများကလည်း မထွက်သေးသဖြင့် ချွေတာနိုင်သမျှ ချွေတာရဦးမည်။



"ရတာပေါ့။ အစ်မကြီးက တကယ့်ကို စိတ်သဘောထား ကောင်းတာပဲ။" အမျိုးသမီးကြီးမှာ ဝမ်းသာလွန်းသဖြင့် မျက်လုံးများပင် နီမြန်းလာသည်။



အိမ်ရှိ ဆန်အိုးမှာ ဗလာဖြစ်နေသဖြင့်သာ ဤနေရာသို့ အန္တရာယ်ကြားမှ လာရောက်ရောင်းချခြင်း ဖြစ်သည်။ သူမ၏ ယောက္ခမမှာလည်း အိပ်ရာထဲ လဲနေသည်မှာ ကြာပြီဖြစ်ပြီး နောက်ဆုံးအချိန်တွင် ထမင်းဝဝလင်လင် စားချင်သည်ဟု တဖွဖွ ပြောနေရှာသည်။



ယခု ဆန်အများကြီး ရပြီဖြစ်ရာ ဆန်ပြုတ်ကို ပို၍ ခပ်ပျစ်ပျစ်ချက်ပေးနိုင်ပြီဖြစ်ပြီး သူမ၏ ယောက္ခမလည်း သက်သာလာနိုင်ကောင်းပါရဲ့။ မဟုတ်ပါက သူမတစ်ယောက်တည်း ကျန်ခဲ့လျှင် အသက်ဆက်ရန် ခက်ခဲလိမ့်မည်။



အမျိုးသမီးကြီးသည် ငွေဒင်္ဂါး ၂၁ ပြားကို လက်ကိုင်ပ၀ါဖြင့် ထုပ်ပြီး ထျဲလန်ယန်ပေးသော ဆန်နှင့် လဲလှယ်လိုက်သည်။ ဆန်ရသည်နှင့် သူမသည် ပစ္စည်းများကို သိမ်းဆည်းကာ အိမ်သို့ပြန်ရန် ပြင်တော့သည်။



ဘေးမှ လူငယ်လေးမှာ အားကျသွားပြီး ထျဲလန်ယန်ကို အမြန်ပြောခဲ့သည်။ "အစ်မကြီး... အစ်မက ငွေဒင်္ဂါးတွေ ကြိုက်တယ်ဆိုတော့ ကျွန်တော့်ဆီမှာလည်း ပစ္စည်းတစ်ခု ရှိတယ်၊ ကြည့်မလား။"



ထိုလူငယ်၏ ဆိုင်တွင် တန်ဖိုးမရှိသော လက်လုပ် အရုပ်ကလေးများသာ ရှိသည်။ ထျဲလန်ယန်က ယခင်က ကြည့်ပြီးသား ဖြစ်သော်လည်း ယခု သူက ပြောလာသဖြင့် ရပ်မေးလိုက်သည်။ "ဘာပစ္စည်းလဲ။"



လူငယ်က ပစ္စည်းတစ်ခုကို အမြန်ကမ်းပေးသည်။ "ဒါလေးပါ။" ဝါး... ဒါက ငွေတုံးတစ်တုံးပါလား။



ထျဲလန်ယန် - "ခုနက ဆိုင်ပေါ်မှာ မတွေ့ပါလား၊ ဘယ်မှာ ထားထားတာလဲ။"



လူငယ်လေး - "ဩော်... ဒီမှာ လေတိုက်လို့ ဆိုင်ခင်းတဲ့ အဝတ်အောက်မှာ ကျောက်ခဲတွေနဲ့ ဖိထားတာပါ။"



ထျဲလန်ယန် - …



ယခုအခါ ဤငွေတုံးမှာ အစစ်ဖြစ်ကြောင်း သူမ သေချာသွားပြီဖြစ်ပြီး အခြေအနေမှာလည်း အလွန်ကောင်းမွန်ရာ အနာဂတ်တွင် ငွေသိန်းချီ တန်ဖိုးရှိပေလိမ့်မည်။ ဒါကိုလည်း သူမ ယူရမည်။



ထျဲလန်ယန် - "ဒါက အဆောင်လက်ဖွဲ့အသေးစားလေးအနေနဲ့ဆိုရင်တော့ မဆိုးပါဘူး၊ ဘယ်လောက် ပေးရမလဲ။"



လူငယ်လေး - "အစ်မ စိတ်ကြိုက်သာ ပေးပါ၊ ဆန် သုံးကျင်း၊ ငါးကျင်းလောက်ဆို ရပါပြီ။"



ထျဲလန်ယန် - "ကျွန်မဆီမှာ ဆန် သိပ်မကျန်တော့ဘူး၊ အဲဒီအစား ၁၀ ယွမ် ပေးပါ့မယ်။"



လူငယ်၏ မျက်လုံးများ ဝင်းခနဲ ဖြစ်သွားသည်။ "ဟုတ်ကဲ့၊ ကျေးဇူးတင်ပါတယ် အစ်မကြီး။" သူ၏ အမေအတွက် မွေးနေ့လက်ဆောင် ဝယ်ရန် ငွေရပြီ မဟုတ်ပါလား။



လူငယ်မှာ အလွန်ဝမ်းသာသွားပြီး ထျဲလန်ယန်ကို သစ်သားရုပ်ကလေး နှစ်ရုပ် လက်ဆောင်ပေးခဲ့သည်။ "ကျေးဇူးတင်တဲ့ အနေနဲ့ ဒါလေးတွေ လက်ခံပေးပါ အစ်မကြီး၊ ကျွန်တော် ကိုယ်တိုင် လုပ်ထားတာပါ။"



ထျဲလန်ယန်က မငြင်းဘဲ လက်ခံလိုက်သည်။ "ကျေးဇူးပါပဲ။" သူမ၏ အသိတရားသည် နောက်နောင်တွင် နာကျင်မနေတော့ပေ။ ဤကဲ့သို့သော အခြေအနေမျိုးတွင် သူမ ပေးသင့်သလောက် ပေးခဲ့ပြီးပြီ မဟုတ်ပါလား။



ထို့နောက် ထျဲလန်ယန်သည် အဖိုးတန် ရှေးဟောင်းဆေးကျမ်း အချို့ကို တွေ့လိုက်ရသည်။ ၎င်းတို့ကို ရောင်းနေသော အမျိုးသမီးကြီးမှာ ဆံပင်ဖြူဖြူ၊ အရေးအကြောင်းများဖြင့် ဖြစ်သည်။ သူမ၏ခင်ပွန်းမှာ တရုတ်တိုင်းရင်းဆေး ဆရာကြီးတစ်ဦးဖြစ်သော်လည်း ယခုအခါ ခြေထောက်ကျိုးသွားပြီး ဆေးကုရန် ငွေမရှိသဖြင့် လာရောက်ရောင်းချခြင်း ဖြစ်ကြောင်း သနားစဖွယ် ပြောပြရှာသည်။



ထျဲလန်ယန်သည် ထိုဆေးကျမ်း အားလုံးကို ဝယ်ယူလိုက်ပြီး ၃၀ ယွမ်နှင့် ဆန် ၁၀ ကျင်း ပေးလိုက်သည်။ သူမကိုယ်တိုင်လည်း ဤကျမ်းများကို လေ့လာရန် စီစဉ်ထားသဖြင့် တန်ဖိုးမှာ တစ်မျိုးတစ်ဖုံ ထူးခြားနေသောကြောင့် အနည်းငယ် ပိုပေးလိုက်ခြင်း ဖြစ်သည်။



အမျိုးသမီးကြီးမှာ အလွန်ဝမ်းသာသွားပြီး ထျဲလန်ယန်ကို ဒူးထောက်ကန်တော့ရန်ပင် ပြင်နေတော့သည်။ "သမီးလေးရယ်... သမီးက တကယ့်ကို လူကောင်းလေးပါ၊ အဘွား တကယ်ကို ကျေးဇူးတင်ပါတယ်ကွယ်။"



သူမသည် ဆန်တစ်ကျင်း၊ နှစ်ကျင်းလောက်သာ ရမည်ဟု ထင်ထားခဲ့သော်လည်း ယခုကဲ့သို့ အများကြီး ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ ယခုအခါ သူမ၏ ခင်ပွန်းမှာ သေဘေးမှ လွတ်မြောက်နိုင်ပြီ ဖြစ်သည်။ အသက်ရှင်နေသရွေ့ မျှော်လင့်ချက် ရှိနေသေးသည် မဟုတ်ပါလား။



"တကယ် ကျေးဇူးတင်ပါတယ်..." အမျိုးသမီးကြီးမှာ မျက်ရည်များ ဝဲလျက် ဤစကားကိုသာ ထပ်တလဲလဲ ပြောနေရှာသည်။



ထျဲလန်ယန် - "ကျေးဇူးတင်စရာ မလိုပါဘူး အဘွား၊ ဒါက အပြန်အလှန် လဲလှယ်ကြတာပဲလေ။" တရုတ်တိုင်းရင်းဆေးပညာမှာ နက်နဲကျယ်ဝန်းပြီး ရှည်လျားသော သမိုင်းကြောင်း ရှိသဖြင့် လေ့လာသင့်သော ပညာရပ်တစ်ခု ဖြစ်သည်။ ဤကဲ့သို့သော ရှားပါးစာအုပ်များကို စုဆောင်းနိုင်ခြင်းမှာ သူမအတွက်လည်း ဂုဏ်ယူစရာပင်။



ထို့နောက် ထျဲလန်ယန်သည် အခြားဆိုင်များမှ ရှေးဟောင်းပစ္စည်း ဆယ်ခုကျော်ကို ထပ်မံစုဆောင်းခဲ့သည်။ မင်နှင့် ချင်မင်းဆက် ကြေးဒင်္ဂါးများ၊ တန်မင်းဆက် ကြွေထည်များ၊ အမွှေးတိုင်ထွန်းသည့် ခွက်များ၊ ရှေးဟောင်း ကျောက်စိမ်းဆွဲသီးများ စသည်တို့ကို စုစုပေါင်း ၁၀၀ ယွမ်ကျော်ဖြင့် ဝယ်ယူခဲ့သည်။



ပစ္စည်းများကို ကျောပိုးအိတ်ထဲ သေသေချာချာ ထည့်ပြီးနောက် ထျဲလန်ယန်သည် မှောင်ခိုစျေး၏ နောက်ဖေးတံခါးမှ လျင်မြန်စွာ ထွက်လာခဲ့သည်။ သူမသည် နာရီဝက်ခန့် လမ်းလျှောက်ပြီးနောက် လူသူကင်းဝေးသော နေရာတစ်ခုတွင် နေရာလွတ်ထဲသို့ ကိုယ်ယောင်ဖျောက် ဝင်သွားလိုက်သည်။



နေရာလွတ်ထဲ ရောက်သည်နှင့် ထျဲလန်ယန် စိတ်အေးသွားရသည်။ ဝါးအိမ်ကလေး၏ ဧည့်ခန်းထဲတွင် ယနေ့ဝယ်လာသော ပစ္စည်းများမှာ ပုံနေတော့သည်။ ထျဲလန်ယန်သည် ၎င်းတို့ကို တစ်ခုချင်းစီ စနစ်တကျ စီစဉ်လိုက်သည်။



ကုန်ပစ္စည်းဆိုင်တွင် ဝယ်ခဲ့သော ဂျုံမှုန့်၊ ကြက်ဥနှင့် အခြားပစ္စည်းများအတွက် ၁၈ ယွမ် ၆၀ ဆင့် ကုန်ကျခဲ့သည်။ ထို့နောက် အမဲသား ၃၀ ကျင်းအတွက် ၁၂၀ ယွမ် ကုန်ကျခဲ့သည်။



မှောင်ခိုစျေးတွင်မူ ကြက်နှင့် ဘဲအတွက် ၅၀ ယွမ်၊ ဝက်သားနှင့် နံရိုးအတွက် ၈၀ ယွမ်၊ ဆန်နှင့် ဂျုံမှုန့်များအတွက် ၃၀ ယွမ်ကျော် ကုန်ကျခဲ့သည်။ ပန်းသီး၊ ငှက်ပျောသီးနှင့် လိမ္မော်သီးများအတွက် ၁၅၅ ယွမ်၊ ကူပွန်များအတွက် ၄၀ ယွမ်နှင့် ရှေးဟောင်းပစ္စည်းများအတွက် ၂၀၀ ယွမ်နီးပါး ကုန်ကျခဲ့သည်။



ခြုံငုံကြည့်လျှင် ယနေ့တစ်နေ့တည်းမှာပင် ၅၀၀ ယွမ်ကျော် ကုန်ကျခဲ့သည်။



သူမ၏ စုဆောင်းငွေ ၄၂၀၀ ယွမ်ထဲမှ ၅၀၀ ယွမ် နုတ်လိုက်လျှင် ၃၇၀၀ ယွမ်ခန့်သာ ကျန်တော့သည်။



တစ်နေ့တည်းနှင့် ဤမျှကုန်သွားသည်မှာ ငွေသည် တကယ်ပင် အသုံးမခံလှပါလား။



ထျဲလန်ယန်သည် ဖိအားအနည်းငယ် ခံစားလိုက်ရသည်။



မနက်ဖြန်တွင် သူမသည် မျိုးစေ့များ ဝယ်ယူရန် ဆိုင်သို့ သွားရဦးမည်။



ထိုမျိုးစေ့များကို နေရာလွတ်ထဲတွင် စိုက်ပျိုးပြီး အသီးအနှံများ ထွက်လာပါက ကိုယ့်ဘာကိုယ် စားနိုင်သလို ပြန်ရောင်းပြီး ငွေရှာနိုင်မည် မဟုတ်ပါလား။



သို့သော်လည်း ယနေ့သည် အောင်မြင်သော နေ့တစ်နေ့ ဖြစ်ခဲ့သည်။



ထိုရှေးဟောင်းပစ္စည်းများ၏ တန်ဖိုးမှာ အနာဂတ်တွင် သန်းပေါင်းများစွာ ရှိပေလိမ့်မည်။



သူမသည်လည်း သူဌေးမလေးတစ်ဦး ဖြစ်လာတော့မည်။



တကယ့်ကို အလန်းစားပါပဲ။



ရှေ့ဆက်ပြီး သူမသည် ပို၍ ကြိုးစားကာ ပစ္စည်းများ စုဆောင်းရင်း ချမ်းသာလာမည့် အိပ်မက်ကို အကောင်အထည် ဖော်ရဦးမည်။