အခန်း ၆ - ဝေလငါးအုပ်များ
သူတို့သည် တတိယထပ်မှ ခုန်ချလိုက်သော်လည်း မြေပြင်သို့ ရောက်ရှိရန် စက္ကန့်ပိုင်းမျှသာ ကြာခဲ့သည်။
အလွန်ရှုပ်ထွေးသော အခြေအနေအတွင်း၌ တစ်စုံတစ်ခုသည် သူတို့ရှိရာသို့ လေထဲမှ လွင့်လာခဲ့သည်။ ၎င်းသည် တည်ငြိမ်လျှပ်စစ်လော၊ သို့မဟုတ် အခြားအရာလောဆိုသည်ကို မခန့်မှန်းနိုင်ဘဲ စူးရှကျင်တက်သည့် ခံစားမှုမျိုးကိုသာ ရခဲ့သည်။
ချူစစ်၏ ကျောပြင်သည် မြေကြီးနှင့် ထိမိသွားသည့်အခါ သူသည် မသိစိတ်မှ ခေါင်းကို ကာကွယ်လိုက်သည်။ သို့သော် ပြန်လည်ရုန်းမထွက်နိုင်သော ပြင်းထန်သည့် တိုက်ခတ်မှုသည် သူ၏ စိတ်ကို လှုပ်ခတ်သွားစေပြီး ခေတ္တမျှ စိတ်လွတ်သွားသကဲ့သို့ ခံစားရသည်။
“မင်းကို ငါဖမ်းမိပြီ”
အသံတစ်ခုသည် ရုတ်တရက် သူ၏ နားထဲ၌ ရိုက်ခတ်လာခဲ့သည်။
“ဘယ်သူလဲ”
ချူစစ် အလိုလိုသိစိတ်အရ ဘေးတစောင်း လှိမ့်ထွက်သွားပြီး မြေပြင်ပေါ်တွင် ဒူးတစ်ဖက် ထောက်ချလိုက်ကာ ပတ်ဝန်းကျင်အား လျင်မြန်စွာ စစ်ဆေးကြည့်လိုက်သည်။
သူတို့သည် မြေကွက်လပ်အတွင်း ကျရောက်နေခဲ့ကြပြီး သူ့ပတ်ဝန်းကျင်တွင် ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူနှင့် ကလေးမှလွဲ၍ အခြားမည်သူမျှ မရှိပေ။
“’ဘယ်သူလဲဆိုတာ ဘာလဲ! ခုနကပေါက်ကွဲမှုကရော ဘယ်ကလဲ! ငါတစ်ခုခုနဲ့ ထိမိသွားသလိုပဲ!”
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် သူ့ကိုယ်သူ မြေကွက်လပ်၏ထောင့်သို့ လွှင့်ပစ်လုနီးပါး ဖြစ်သွားပြီး ကျောပြင်နှင့် နံရံကိုမှီထားကာ အရိပ်ထဲဝယ်ပုန်းလျက် ကလေးအား တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားသည်။
“ငါ့ကို စောနက တစ်ယောက်ယောက်က စကားပြောလာတယ်”
ချူစစ်သည်လည်း နံရံဘက်သို့ ရှောင်ဖယ်ရင်း ပြောလိုက်သည်။
“ငါလား… ငါက အော်ပဲအော်တာပါ!”
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် မယုံနိုင်စရာမျက်လုံးများဖြင့် နေရာအနှံ့အား စစ်ဆေးရင်း ချက်ချင်းပြန်ဖြေလိုက်သည်။
ချူစစ် မျက်ခုံးကြုံ့သွားသည်။
“မင်းမဟုတ်ဘူး”
ထိုအသံသည် ရောထွေးနေသော အခြေအနေထဲတွင် မပီမသ ဖြစ်နေခဲ့သော်လည်း လူငယ်တစ်ယောက်၏ အသံ ဖြစ်နိုင်သည်။ သူ ယခင်က ဤအသံအား မကြားဖူးသော်လည်း နားထဲတွင်မူ ထူးထူးဆန်းဆန်း ရင်းနှီးနေသကဲ့သို့ ခံစားရသည်။
သူ သေသေချာချာ မစဉ်းစားနိုင်ခင်မှာပင် မိုးကောင်းကင်မှ လေတိုက်သံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြန်သည်။
“ဘုရားရေ”
ကြမ်းသုတ်၀တ်ဆံပင်နှင့်လူသည် အံ့အားသင့်ပြီး မယုံနိုင်ဖြစ်စွာနှင့် မျက်နှာကို မော့လိုက်သည်။
ငွေရောင်ရှိပြီး ကြီးမားသော ချိတ်ကြိုး သုံးစင်းက အပေါ်မှ တန်းလန်းကျနေသည်။
ထိုကြိုးများ ဖြတ်သန်းသွားသော လေထုတစ်လျှောက်တွင် တရွှီရွှီအသံများ မြည်နေသည်။ ထိုအသံသည် လူ၏အမွေးများကို ထောင်သွားစေသည်။
သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် ဤစိုးရိမ်စိတ်များက စိတ်လှုပ်ရှားမှု သက်သက်ကြောင့် မဟုတ်ဘဲ တည်ငြိမ်လျှပ်စစ်ကြောင့် ဖြစ်ကြောင်း သိရှိလိုက်ရသည်။
ချိတ်ကြိုးများ မြေပြင်ပေါ်သို့ လျင်မြန်စွာ ကျရောက်လာသည်ကို သူတို့ အကူအညီမဲ့စွာနှင့် ကြည့်နေရသည်။ ထိုအရာသည် ကျွန်းတစ်ခုလုံးအား လှုပ်ခါစေသည်။ ပြင်းအားမှာ အလွန်ကြီးမားလှသဖြင့် သူတို့သည် လုံးဝထိုင်မနေနိုင်ဘဲ ဒစ်ပြားပေါ်တွင် လှိမ့်နေသော စကျင်ကျောက်များကဲ့သို့ လူးလှိမ့်နေကြရသည်။
ချိတ်ကြိုးများသည် ကျွန်း၏ အစွန်းတစ်လျှောက် တိကျစွာ လှိမ့်ဆင်းသွားကာ အောက်ခြေသို့ ရောက်ရှိသွားသည်။
သတ္ထုချိတ်ကြီးများ၏ ချွန်ထက်သော အစွန်းများသည် ကျောက်ဆောင်ကမ်းပါးများအား ခိုင်မြဲစွာ ချိတ်တွယ်လိုက်ပြီး တိုက်မိသံသည်လည်း ချွန်ထက်သော မြည်သံကဲ့သို့ ကြားရသည်။
ကျွန်း၏အပိုင်းအစသည် ထိုချိတ်ကြိုး သုံးစင်းဖြင့် ခိုင်ခံ့စွာ ချိတ်ဆွဲခံလိုက်ရသည်။
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် ထိန်းချုပ်မရသော တုန်ခါမှုများကြားတွင် နံရံအား အကြိမ်ကြိမ် မျက်နှာချင်းဆိုင် တိုက်မိနေရင်း ဆူညံသံများကြား ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။
“ဒါတွေက ဘာတွေလဲ!!!”
ဆူညံသံများသည် အလွန်များပြားလှသဖြင့် ချူစစ်ကြားနိုင်ရန် သူသည် ဤမျှ ကျယ်လောင်စွာ အော်ဟစ်ခဲ့ရသည်။
“ဒါက မင်းကို သည်းမခံနိုင်တော့တဲ့ ယန်ဆိုတဲ့အကြမ်းဖက်သမား နောက်ဆုံးတော့ ထကြွသောင်းကျန်းလာတာလား?!!!”
“ပါးစပ်ပိတ်ထားစမ်း!”
ချူစစ်က ပြောလိုက်သည်။
ဤစကားမဆုံးမီတွင်ပင် ကြယ်များဖြာထွက်နေသော ကောင်းကင်မှ ငွေရောင်အရာဝတ္ထုကြီးတစ်ခုသည် ဖြည်းဖြည်းချင်း ထွက်ပေါ်လာသည်။
၎င်းသည် အရွယ်အစားအမျိုးမျိုးရှိ၍ ပြားချပ်နေသော စက်ဝိုင်းများဖြင့် ဖွဲ့စည်းထားပြီး ကြည့်လိုက်လျှင် သံမဏိပင့်ကူများ စုရုံးနေသည့်ပုံစံမျိုး ဖြစ်နေသည်။
ထိုကြိုးသုံးစင်းမှာ ယင်းသံမဏိပင့်ကူမှ ဆွဲချထားခြင်းပင်ဖြစ်သည်။
၎င်းပေါ်လာသည့်အခိုက်အတန့်တွင် ချူစစ်၏ မျက်နှာထားသည် ပြောင်းလဲသွားသည်။
“အာကာသထောင်လား?”
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ : “ဘယ်လို!!! အာကာသထောင်က ဘာလို့ ငါတို့ကို ဖောက်ခွဲချင်နေတာလဲ?!”
စီဒါသစ်တောအားထက်ပင် ကြီးမားသော ဤဧရာမအရာဝတ္ထုကြီးသည် အန္တရာယ်ရှိသူများကို ပို့ဆောင်ရန် အသုံးပြုသော အာကာသထောင်မှလွဲ၍ အခြားမဟုတ်ပေ။ ဆာအာ့ယန်သည် ထိုနေရာ၌ နေထိုင်သင့်သူဖြစ်သည်။
ကမ္ဘာဂြိုဟ်ပေါ်ရှိ လူတိုင်းသည် အာကာသထောင်နှင့် ၎င်း၏အဓိပ္ပာယ်ကို သိရှိကြသော်လည်း ၎င်းကို ဤကဲ့သို့သော အခြေအနေနှင့် ဤကဲ့သို့သော ရှုထောင့်မှ မည်သူမျှ မကြည့်ရှုဖူးကြပေ။
ယင်းလူဆိုးများစုရုံးရာ စခန်းကြီးသည် တစ်နေ့တွင် သူတို့၏ ခေါင်းထက်၌ ပေါ်လာမည်ဆိုသည်ကို မည်သူကမျှ စဥ်းစားမိမည်မဟုတ်ချေ။
သို့သော် ချူစစ်သည် ဤကြီးမားသော တည်ဆောက်မှုအား ကောင်းစွာ သိရှိထားသည်။
ချိတ်ကြိုးသုံးချောင်းသည် ထူထဲသည်ဟု မထင်ရသော်လည်း အံ့ဩစရာကောင်းစွာ ခိုင်မာမှုရှိသည်။ နောက်ဆုံးတွင် အာကာသထောင်ကို ဖွဲ့စည်းထားသော ချပ်ပြားဝိုင်းများသည် ဤပစ္စည်းဖြင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။ ၎င်းသည် ကျယ်ပြန့်သော ကြယ်တာရာခရီးအတွင်း နှစ်ပေါင်းရာချီ၍ ဆွဲငင်ခံရပြီးနောက်တွင်ပင် ပျက်စီးမှုနှုန်းသည် ၁၇% ထက်နည်းနေဆဲဖြစ်သည်။
ထိုကဲ့သို့သောအရာသည် ဤကျွန်းကို မြှောက်တင်ရန်ဆိုသည်မှာ လက်တစ်ချောင်း မြှောက်ရုံမျှပင် လွယ်ကူသည်။
ထို့အပြင် ချိတ်ကြိုး၏ထိပ်ဖျားရှိ ချိတ်သည် ခွက်နေပြီး ၎င်းအတွင်းရှိ ရှုပ်ထွေးသော တည်ဆောက်မှုသည် ပစ်မှတ်တစ်ခုအား အောင်မြင်စွာ ဖမ်းမိသည့် အချိန်တွင် စွမ်းအားပြင်းသော စက်ကွင်းတစ်ခုကို ဖန်တီးနိုင်သည်။
ဟင်း...
ဂြိုဟ်သိမ်ဂြိုဟ်မွှားအကျိုးအပဲ့အပိုင်း၏ အောက်ခြေမှ တုန်ခါသံတစ်ခု ပေါ်ထွက်လာပြီး ကြီးမားသော တွန်းကန်အားပါရှိသည့် စွမ်းအင်စက်ကွင်းတစ်ခုသည် ဖွဲ့စည်းပြီးဖြစ်သည်။ မတားဆီးနိုင်သော ဟန်ဖြင့် ချိတ်၏ဆွဲငင်အားနှင့် ပေါင်းစပ်ကာ ကျိုးပဲ့နေသော အပိုင်းအား အပေါ်သို့ တွန်းတင်လိုက်သည်။
ထိုအခိုက်တွင် ချူစစ်နှင့် သူ၏အပေါင်းအပါများသည် အလွန်ပင် စိတ်မသက်မသာဖြစ်ခဲ့ရသည်။
ဤမျှပြင်းထန်သော တုန်ခါမှုအောက်တွင် နှစ်ပေါင်းငါးဆယ်ကြာ စွန့်ပစ်ခံထားရသော မြေကွက်လပ်၏ နံရံသည် နောက်ဆုံးတွင် ပြိုလဲသွားခဲ့သည်။ လွင့်စင်သွားသော ဖုန်မှုန့်များသည် မပျောက်မပျက်သကဲ့သို့ မြေပြင်သို့လည်း မကျ ၊ အပေါ်သို့ ပြန်တက်သွားကြသည်။ နံရံအပျက်အစီးများသည်လည်း တဂျွတ်ဂျွတ်မြည်သံဖြင့် တုန်ခါနေခဲ့သည်။
“ငါ့အခြေအနေက ဆိုးလိုက်တာ! ဆံပင်ကနေ အပေါ်ကို ဆွဲတင်ခံနေရသလိုပဲ!”
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက အသံကျယ်ကျယ်ဖြင့် အော်လိုက်သည်။
“ငါတို့ လွတ်နိုင်သေးရဲ့လား!!”
“ကံဆိုးတာပဲ… မလွတ်နိုင်လောက်ဘူးထင်တယ်”
ချူစစ် ထိုသို့ ပြောသော်လည်း ငြိမ်ငြိမ်ထိုင်နေရန်ကား ရည်ရွယ်ချက်မရှိခဲ့ပါ။
ဖုန်များအလုံးအရင်းနှင့် ဖြတ်သန်းသွားပြီး သူမျက်ခုံးကြုံ့ကာ ချောင်းဆိုးလိုက်ပြီး ရောထွေးမှုများကြားဝယ် ပတ်ဝန်းကျင်အား လျင်မြန်စွာ ကြည့်လိုက်သည်။
မှန်သည်… သူ ဆာအာ့ယန်အား ပေးလိုက်သည့် နေရာတစ်နေရာ ရှိနေသေးသည်။
“ဒီဘက်ကို”
ချူစစ်က ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူအား အော်ခေါ်ကာ ပြိုလဲနေသောနံရံကို ခုန်ကျော်ပြီး အစွန်းဆီသို့ ခုန်ချလိုက်သည်။
သူတို့၏ အခြေအနေသည် အလွန် ရောထွေးနေသောကြောင့် ကလေးနှင့် ကြမ်းသုတ်ဝတ်ဆံပင်ရှိလူကို သူဘယ်နှကြိမ် ဆွဲခဲ့ရ၍ သူသည်လည်း ဘယ်နှကြိမ်မျှ အခြားသူများဆီမှ ဆွဲယူခံခဲ့ရသည် ဆိုသည်အား သူကိုယ်တိုင်ပင် သေချာမသိနိုင်တော့ပေ။ သူ့အား မည်သူဆွဲတင်ကြောင်း သေချာစွာ မကြည့်ရသေးမီမှာပင် သူသည် ချောက်ကမ်းပါးပေါ်သို့ လှိမ့်ကျခုန်ကျော်ပြီး အခြားမြေပြင်တစ်ခုထံသို့ ရောက်သွားခဲ့သည်။
“မင်းရဲ့ ဒုံးပျံလက်နက်ကို ခဏပေးငှားပါလား”
တိုးရှရှအသံတစ်ခုက သူ့နားထဲ၀င်လာသည်။
သို့သော် တစ်ဖက်လူ စကားမဆုံးခင်မှာပင် ချူစစ်သည် အလိုအလျောက် သူ၏ R-72 ကို ပြင်ဆင်ပြီးသားဖြစ်သည်။
“ပါးစပ်ပိတ်!”
သူ ထိုသို့ပြောဆိုပြီးမှသာ ဒုံးပျံလက်နက်အား ငှားသုံးချင်သူသည် ဆာအာ့ယန်ဖြစ်နေသည်ကို သဘောပေါက်လိုက်သည်။
သို့သော် ထိုအခိုက်တွင် သူ့လက်များသည် ဦးနှောက်ထက်ပင် ပိုမြန်နေခဲ့ပြီး သူတုံ့ပြန်မိချိန်တွင် ဒုံးပျံလက်နက်ဖြင့် အခြားတစ်ဖက်သို့ လှည့်ကာ ပစ်လိုက်ပြီးဖြစ်သည်။
နောက်ဆုံးထွက် R-72 ဒုံးပျံလက်နက်သည် အံ့ဩစရာကောင်းသည့် ပစ်ခတ်အားနှင့် ဒြပ်ထုခွဲထုတ်နိုင်စွမ်းရှိပြီး ဒုံးပျံဆယ်လုံးအား တစ်ဆက်တည်း ပစ်ခတ်နိုင်စွမ်းရှိသည်။
ဗုန်း! ဗုန်း! ဗုန်း!
ပေါက်ကွဲမှုများသည် တစ်ခုပြီးတစ်ခု မြေပြင်အား လှုပ်ခတ်စေပြီး ဒုံးကျည်ကိုးလုံးသည် မျက်စိတစ်မှိတ်အတွင်း ထွက်သွားခဲ့သည်။
မြေပြင်ပေါ်သို့ လဲကျသွားသော ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် ငေးကြောင်နေခဲ့ပြီး မြေပြင်ကို လှုပ်ခတ်စေသော ပေါက်ကွဲမှုကြောင့် တုန်လှုပ်သွားခဲ့ရသည်။
ချူစစ်သည် အလွန်တိုတောင်းသော အချိန်အတွင်း ပစ်မှတ်အားထိအောင်ပစ်ရန် ဂရုစိုက်ချိန်ရှိခဲ့မည်မဟုတ်ဟု သူ သံသယရှိခဲ့သည်။ သို့သော် ဒုံးကျည်များသည် စံချိန်မှီ စက်လှိုင်းတစ်ခုအသွင်ဖြင့် ပေါက်ကွဲသွားပြီး ဂြိုဟ်သိမ်ဂြိုဟ်မွှား၏ အပိုင်းအစများသည် ထပ်မံ ကျိုးပဲ့ပြိုကျသွားကာ ထိုလှိုင်းတစ်လျှောက် တစ်ခုပြီးတစ်ခု ဆုံးရှုံးသွားခဲ့သည်။
ယင်းလှိုင်း၏ တစ်ဖက်တွင် အာကာသထောင်၏ ချိတ်ကြိုးများဖြင့် ချိတ်ဆွဲထားသော မြေစာပိုင်းဖြစ်သည့် အနက်ရောင် စီဒါသစ်တောကြီးရှိပြီး လှိုင်း၏ တစ်ဘက်ခြမ်းတွင်မူ သူတို့ ယခင်က နေထိုင်ခဲ့သော ဗီလာနှင့် အလင်းရောင်ထုတ်လွှတ်နေဆဲ ဖြစ်သော နဂါးတိုင်ရှိသည်။
နဂါးတိုင်ပါသောမြေသည် ချိတ်ဆွဲအားမှ လွတ်မြောက်ကာ ပြန်လည် ကျဆင်းသွားသည်။ ထိုဖြစ်စဉ်အတွင်း ၎င်းသည် သူတို့ရပ်နေသော ထောင့်တစ်နေရာကို တိုက်မိပြီး အနည်းငယ်ပိုကြီးသော ကျွန်းတစ်ခုအဖြစ် ပြန်လည်ပေါင်းစည်းသွားသည်။
သို့သော် “ကြီးသည်” ဆိုသည်မှာ နှိုင်းယှဉ်ချက်တစ်ခုသာဖြစ်သည်။
ရှေ့နောက် ပေါင်းကာ မျက်စိဖြင့် ခန့်မှန်းကြည့်ပါလျှင် စတုရန်းမီတာ လေးဆယ်ခန့်ရှိမည် ဖြစ်သည်။
ထိုအချိန်တွင် ရပ်နေသူ သို့မဟုတ် လဲကျနေသူ အနည်းငယ်သည် တိတ်ဆိတ်စွာဖြင့် ဤကျွန်းတွင် ကပ်နေကြပြီး သီးခြားကျွန်းရှိ ဝေလငါးအုပ်ကဲ့သို့ အငိုက်မိသွားကြသည်...။
ချူစစ်သည် ဒုံးကျည်ထွက်သွားပြီဖြစ်သော ဒုံးပျံလက်နက်အား ကိုင်ဆောင်လျက် အာကာသထောင်မှ ဖမ်းယူထားသော မြေပြင်အား ခေါင်းစောင်းကြည့်လျက် မျက်နှာအမူအရာမပြောင်းဘဲ ပြောလိုက်သည်။
“ငါ့အိမ်နဲ့ ငါ့လူတွေ”
ဤသို့ပြောပြီးသည့်နောက် သူ့မျက်၀န်းများကို နှိမ့်ချလိုက်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်...။
ကောင်းလိုက်တာ... ဤပိုကြီးသည့်ကျွန်းပေါ်တွင် လုံခြုံရေးအဆောက်အဦးအုပ်ချုပ်ရေးမှူး၊ အကြမ်းဖက်သမား ဆာအာ့ယန်၊ ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူတို့ ပါဝင်နေပြီး ပျော်ရွှင်ချမ်းမြေ့စရာကောင်းလှပါသည်...။
အိမ်ခြံမြေနှင့် လက်အောက်ငယ်သားများကို ဆုံးရှုံးသွားသည့် အုပ်ချုပ်ရေးမှူးချူစစ်၏ စိတ်အခြေအနေသည် လုံးဝမကောင်းပေ။ သူက ဆာအာ့ယန်ကို အာရုံစိုက်ကြည့်ကာ အပေါ်မှ ရုတ်တရက် တိုက်ခိုက်လာသည့် အာကာသထောင်အား ညွှန်ပြရင်း မေးလိုက်သည်။
“မင်း ရှင်းပြဖို့လိုတယ် မထင်ဘူးလား?”
ဆာအာ့ယန်က ခေါင်းမော့လိုက်ပြီး လျှာထိပ်နှင့် ပါးပြင်ကို ဖိထားရင်း ဤကြီးမားသည့် တည်ဆောက်မှု၏ အောက်ခြေပိုင်းအား မျက်စိစောင်းကာ ကြည့်နေသည်။ ခဏအကြာတွင် သူသည် ချူစစ်ကို ကြည့်လိုက်ပြီး ပျင်းရိစွာနှင့် လက်ကို မြှောက်ကာ နဖူးအား ထိလိုက်ပြီး လူဆိုးပီသစွာ အလေးပြုရင်း စကားကို ဆွဲငင်စွာ ပြောလိုက်သည်။
“အစီရင်ခံပါတယ်၊ အာကာသထောင်က ခင်ဗျားရဲ့ လုပ်ပိုင်ခွင့်အောက်မှာ ရှိသင့်တယ်ထင်တာပဲ၊ ခင်ဗျား မူးဝေနေတာလား”
ချူစစ် : ‘သေလိုက်ပါလား!’
‘ငါ ခေါင်းမူးနေတာ လုံးဝမဟုတ်ဘူး’
အာကာသထောင်သည် သူ့လုပ်ပိုင်ခွင့်အောက်တွင် ရှိနေသင့်သည်ကြောင့် သူ ပြဿနာအား ချက်ချင်းသိရှိသွားသည်။
ဆာအာ့ယန်သည် ထောင်ပြေးဖြစ်ပြီး စကြဝဠာတစ်ခုလုံးက သူ့အား လိုက်လံဖမ်းဆီးနေသင့်သည်။ သူ့လက်မောင်းပေါ်ရှိ ထိန်းချုပ်ကိရိယာသည် မပျက်စီးသေးဘဲ အာကာသထောင်သည် စင်တီမီတာအထိ တိကျစွာ သူ့တည်နေရာအား ရှာဖွေနိုင်သည်။ ထိန်းချုပ်ကိရိယာ၏ ရောင်ခြည်ဖြာနိုင်သည့် အကွာအဝေး အတွင်း၌ဆိုလျှင် ခန္ဓာကိုယ်အား တိုက်ရိုက် ထိခိုက်မှု ပေးနိုင်သည်။
သို့သော် ယခုအခါ အာကာသထောင်သည် ဤသို့ရောက်ရှိလာပြီး ၎င်း၏ ချိတ်ကြိုးများသည် ဆာအာ့ယန်ထံသို့ ဦးတည်မထားပေ။ ပုံမှန်အခြေအနေတွင် ထိုသို့သောအမှားသည် ထောင်စီမံခန့်ခွဲရေးအဖွဲ့အား စုပေါင်းနုတ်ထွက်ရန် လုံလောက်နေပေသည်။
ပို၍ပြဿနာဖြစ်စေသည်မှာ ချူစစ်၏ ဆက်သွယ်ရေးကိရိယာသည် ပိတ်မထားဘဲ သူ၏ ဆက်သွယ်ရေးလိုင်းသည် ထောင်၏အာဏာရှိစာရင်းထိပ်ဆုံးတွင် ရှိနေဆဲဖြစ်သည်။
တိုက်ခိုက်မှုဖြစ်ပွားချိန်တွင် သူ၏ တည်နေရာသည် ထောင်၏ ကြယ်မြေပုံ မျက်နှာပြင်ပေါ်တွင် သိသာထင်ရှားစွာ အနီရောင်ဖြင့် မှတ်သားထားမည်ဖြစ်သည်။ စီမံခန့်ခွဲရေးအဖွဲ့သည် မျက်စိမမြင်လျှင်တောင်မှ ထိုချိတ်ကြိုးများအား ၎င်းတို့၏ အထက်လူကြီးထံသို့ ကျရောက်စေရန် ခွင့်ပြုမည်မဟုတ်ပေ။
ထိုသို့ဆိုလျှင် ဤနည်းလမ်းသည် ပုန်ကန်ထကြွခြင်းအဖြစ် ဦးတည်နေသည်။
ဤကဲ့သို့ထူးဆန်းမှုများ ပေါင်းစပ်သွားခြင်းက ချူစစ်အား ဆာအာ့ယန်မှာ တစ်ခုခုလုပ်ရန် ကြံစည်ထားခြင်းဖြစ်သည်ဟု သံသယဖြစ်စေသည်။
“ဒီမျက်လုံးလှလှလေးတွေနဲ့ ကိုယ့်ကိုမကြည့်ပါနဲ့ အချစ်ရယ်”
ဆာအာ့ယန်က လက်နှစ်ဖက်မြှောက်ကာ ပြောလိုက်သည် ။
“ငါ တကယ်ကို ဘာမှရှင်းပြစရာမရှိဘူး”
“တစ်နေ့မှာ ငါ့ခေါင်းကို သေနတ်မှန်သွားရင်တော့ မင်းစကားကို တစ်ကြိမ်လောက် ယုံကြည်မိနိုင်လောက်တယ်”
ချူစစ်က ကျေးဇူးလုံးဝမတင်စွာပင် ပြန်ဖြေလိုက်သည်။
ဆာအာ့ယန်က ရယ်လိုက်ပြီး ပြောသည်။
“ငါတို့ ခင်လာတာက အကောင်သေးသေးလေးတစ်ကောင်တောင် အရွယ်ရောက်နေနိုင်လောက်တဲ့အထိ ကြာနေပြီကို မင်းကရက်စက်တယ်… ငါတကယ်စိတ်မကောင်းဘူး”
မင်းက စိတ်မကောင်းဖြစ်တယ်ပေါ့… ငါ့ဖင်ကြီးကို စိတ်မကောင်းဖြစ်နေလိုက်…။
ချူစစ် ပါးစပ်ဟပြီး ပြန်ဖြေလိုက်သည်။
“အဲဒီအကောင်လေး ပြာဖြစ်သွားရင်တောင် ငါက ဒီလိုပဲဖြစ်နေဦးမှာ”
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ : “ ဒါက ဘယ်လိုဥပမာမျိုးလဲ”
“ခင်မင်ရင်းနှီးစွာနဲ့ သတိပေးလိုက်မယ်၊ ငါ့ကို အနိုင်ကျင့်ဖို့ အချိန်ရှိရင် မင်းအိမ်နဲ့ လက်အောက်ငယ်သားတွေကို အရင်ကြည့်သင့်တယ်နော်”
ဆာအာ့ယန်က လက်နှစ်ဖက်အား ဆက်မြှောက်ထားရင်း သူ့၏လက်နက်ချမှုမှာ စိန်ခေါ်ဟန် အပြည့်ရှိနေသည်။
“နောက်တစ်ခါ သူတို့ကိုပြန်မြင်ရဖို့က နှစ်ပေါင်း ငါးဆယ်လောက် ကြာလိမ့်မယ်ထင်တယ်”
ငွေရောင်ခြယ်ထားပြီး အဖြူရောင်ရှိသည့် အာကာသထောင်သည် ကျွန်းတစ်ခုလုံးကို ကောင်းကင်သို့ မြှောက်တင်ထားပြီး “ပင့်ကူဝမ်းဗိုက်”သည် ပါးစပ်ဖွင့်ကာ မြိုချရန် အသင့်ရှိနေသည်။
ထောင်၏ အပြင်ဘက်အခွံသည် အပြာရောင် အလင်းကွင်းများ လည်ပတ်နေပြီး၊ တစ်ဖက်မှတစ်ဖက်သို့ လှိုင်းထသကဲ့သို့ ပျံ့နှံ့နေသည်— ဆိုလိုသည်မှာ စတင်၍ ခုန်ကူးရန် အသင့်ဖြစ်နေပြီဖြစ်သည်။
ဤအရာအား လူနှစ်ယောက်သုံးယောက်၏ စွမ်းအားနှင့် မည်သို့မျှ တားဆီး၍မရနိုင်ပါ။
အာကာသထောင်၏ ခရီးစဉ်ရည်ရွယ်ချက်အား ချူစစ် နားမလည်နိုင်သော်လည်း အနည်းငယ်သက်သာရာရစေသည့် အချက်တစ်ခုရှိသည်။
ယခု အာကာသထောင်အား မည်သူက ထိန်းချုပ်နေပါစေ၊ သူတို့၏ အစီအစဉ်သည် မည်သည်ပင် ဖြစ်နေပါစေ၊ သူ့လက်အောက်ငယ်သားများသည် ယခုချိန်ထိ ဘေးကင်းနေဦးမည်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မည်သူ့အတွက်မဆို အအေးထိန်းတောင့်သည် အလကားမဖြစ်၍ ဖြစ်သည်။ ယခုကဲ့သို့ အသုံးပြုနေလျှင်ပင် အပြင်မှ အအေးထိန်းတောင့်အား ဖွင့်ရန် ခဲယင်းလှသည်။
သို့သော် အိမ်အတွက်မူ ...
ချူစစ်၏မျက်နှာသည် ချက်ချင်းပင် အေးစက်သွားသည်။ သိုလှောင်ခန်းမှ ထွက်ခွာသည့်အခါ သူ အလိုအလျောက် ဖျက်စီးသည့် စနစ်အား ဖွင့်ခဲ့မိသည်။
ကောင်းသည့်အချက်သည် ခိုး၀င်ခံရမည်ကို စိတ်ပူရန်မလိုအပ်ပေ။ ဆိုးသည့်အချက်မှာ... ဗီလာသည် ပေါက်ကွဲရန် မဝေးတော့ခြင်း ဖြစ်သည်။
အသေအချာပင် “ပင့်ကူဝမ်းဗိုက်” ပိတ်သွားသည့်အချိန်တွင် ကမ္ဘာကြီးအား လှုပ်ခတ်စေသည့် ပေါက်ကွဲသံကြီးအား ကြားလိုက်ရသည်။
ဆာအာ့ယန်သည် အံ့အားသင့်သွားပြီး လှည့်ကြည့်လိုက်သောအခါ ခုန်ကူးမှုအတွက် အပြာရောင်လှိုင်းများနှင့် တုန်ခါနေသည့် အာကာသထောင်တစ်ခုလုံးအား မြင်လိုက်ရသည်။ သူ့ဝမ်းဗိုက်ထဲမှ မီးခိုးများ ထွက်နေပြီး အတော်လေး... ရှက်စရာကောင်းနေသည်။
ဆာအာ့ယန်သည် ရုတ်တရက် မျက်လုံးကို ပြုံးရွှင်စွာ ကွေးညွတ်ကာ ပျင်းရိစွာဖြင့် ဝမ်းသာအားရပြောလိုက်သည်။
“အစီရင်ခံပါရစေခင်ဗျာ၊ မင်းရဲ့ ကိုယ့်လက်ကို အကျိုးခံပြီး သူများပေါင်ရိုးကို ဖြတ်ရိုက်တတ်တဲ့ စရိုက်လေးကို ကိုယ် သိပ်ကြိုက်တာပဲ”
ပေါက်ကွဲမှုကြောင့် အချို့သော ကိရိယာများ အလုပ်လုပ်သွား၍လားမသိ၊ အာကာသထောင်၏ သိမ်းပြီးသား ချိတ်ကြိုးများသည် ရုတ်တရက် ပြန်ကျလာကြသည်။
ပြင်းထန်သည့် စွမ်းအင်စက်ကွင်းသည်လည်း အနည်းငယ် ရောထွေးသွားခဲ့သည်။
နဂါးတိုင်ကြောင့် ဖြစ်ပေါ်လာသည့် မမြင်ရသော ဒြပ်စင်အဝိုင်းသည် ထိုအရာအား မတားဆီးနိုင်သည့် ဆွဲငင်အားကိုဖြစ်စေပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ချိတ်ကြိုးကို ဆွဲယူလိုက်သည်။ ချိတ်ကြိုးအား ဆွဲယူနေသည့် ကြီးမားသည့် မမြင်ရသော လက်တစ်ချောင်းရှိသကဲ့သို့ လူအုပ်၏ ခေါင်းအထက်ထိ ရောက်ရှိသွားသည်။
ဟင်း...
ချူစစ်၏ ဦးရေပြားသည် စူးရှသွားပြီး သူချက်ချင်းပင် နောက်သို့ဆုတ်လိုက်သည်။
သူ့တုံ့ပြန်မှုသည် မြန်သော်လည်း နဖူးထောင့်တွင် သွေးစက်လေးတစ်စက် ယိုစိမ့်ထွက်ကျလာသည်။ စွမ်းအင်စက်ကွင်းအား မမြင်ရသည့် ဒြပ်စင်အဝိုင်းမှ တစ်စိတ်တစ်ပိုင်း ချေဖျက်လိုက်သော်လည်း ကျန်ရှိသည့် စွမ်းအင်သည် လူကို ထိခိုက်စေနိုင်သည့် အဆင့်ရှိသေးသည်။
သို့သော် ချူစစ် လက်ဖဝါးပြင်နှင့် နဖူးအားသုတ်လိုက်သည့်အချိန် ချောင်ကျနေသော ချိတ်ကြိုးအား လက်တစ်ဖက်သည် ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။
လက်ဗလာဖြင့် ဆုပ်ကိုင်လိုက်ခြင်းဖြစ်သည်။
ဆုပ်ကိုင်ထားသည့် လက်သည် ရှည်လျားပြီး သွယ်လျကာ ထင်ရှားနေသော သွေးကြောမျှင်များက မကျိုးပျက်နိုင်သည့် ခွန်အားကို ပြသနေသည်။
ထိုသည်မှာ ဆာအာ့ယန်၏ လက်ပင်ဖြစ်သည်။
စွမ်းအင်စက်ကွင်း၏ အနှောင့်အယှက်ကြောင့် ခေါင်းကိုက်နေရသည့်အချိန်တွင် ချူစစ်သည် အံ့အားသင့်စွာ လှည့်ကြည့်လိုက်ပြီး သူ့၏ပထမဆုံး တုံ့ပြန်မှုက “မင်းနဲ့ထိုက်တန်တယ်” ဆိုသည်မဟုတ်ဘဲ “စိတ်မကောင်းစရာပဲ” ဟူ၍ဖြစ်သည်။
ထိုလှပသည့်လက်သည် ချိတ်ကြိုး၏ သတ္ထုမျက်နှာပြင်နှင် ထိတွေ့လိုက်သောအခါ ဆူပွက်နေသည့်ဆီအတွင်းသို့ ရေတစ်စက်ကျသကဲ့သို့ တရှဲရှဲအသံမျိုး ထွက်လာသည်မှာ ကြားရုံနှင့်တင် အရေပြားပဲ့ထွက်သွားသကဲ့သို့ ခံစားရပြီး နာကျင်မှုကား ထူးဆန်းလှသည်။
သို့သော် ဆာအာ့ယန်သည် “ဟစ်” ဆိုသည့် အသံလေးတစ်ချက်သာ ထွက်ပြီး ထိုအသံသည် သူ့အတွက် လွယ်ကူသည် ဆိုသည့် သဘောရောက်ပေသည်။
သူက လက်ကောက်ဝတ်အား လှုပ်ရမ်းလိုက်လျက် သူဆုပ်ကိုင်ထားသည့် ချိတ်ကြိုးအား မြေပြင်ပေါ်ဝယ် လူတစ်ယောက်အမြင့်ရှိသည့် နဂါးတိုင်ထံသို့ ပစ်လိုက်ပြီးလျှင် လက်ကို ခါချလိုက်ကာ ဆိုသည်။
“ချစ်ရတဲ့ အုပ်ချုပ်ရေးမှူးကြီးက ကျွန်တော့်ကို ဒီလောက်ကျယ်တဲ့ မြေကိုပေးခဲ့မှတော့ ကျွန်တော်လည်း တစ်ခုပြန်ပေးသင့်တာပေါ့”
ဤလူဆိုးသည် အခြားသူများ သူ့စကားအား မကြားမည်ကို စိုးရိမ်နေသကဲ့သို့ “ကျယ်ပြန့်တယ်” ဆိုသည့် စကားလုံးကိုပင် အထူးတလည် ထည့်ပြောလိုက်ပေသေးသည်။
ချိတ်ကြိုး၏ ကွေးညွှတ်လွယ်သည့် သတ္တုသည် နဂါးတိုင်အား ပတ်ပတ်လည် အကြိမ်ကြိမ် ရစ်ပတ်ပြီး နဂါးတိုင်မှ ချက်ချင်းထုတ်လိုက်သည့် အပြုသဘောစွမ်းအင်စက်ကွင်းကြောင့် ခိုင်မာစွာ စုပ်ယူခံလိုက်ရ၍ သေချာစွာ ချည်နှောင်ထားသကဲ့သို့ ဖြစ်သွားသည်။
ချိတ်ကြိုးတစ်ခုလုံး၏ ဂုဏ်သတ္တိသည် နဂါးတိုင်၏ အောက်ခြေမှ အပေါ်ထိပ်အထိ လွှမ်းမိုးသွားပြီး မျက်စိတစ်မှိတ်အတွင်းတွင်ပင် အာကာသထောင်နှင့် ဆက်သွယ်ထားသော အဆုံးအထိ ပျံ့နှံ့သွားသည်။
ထိုအချိန်တွင် အာကာသထောင်၏ အဓိကအပိုင်းသည် အောင်မြင်စွာ ခုန်ကူးပြီး ကြယ်များကြားတွင် ပျောက်ကွယ်သွားပြီဖြစ်ကာ ဤသေးငယ်သည့် ပြောင်းလဲမှုကြောင့် ချက်ချင်းရပ်တန့်၍မရတော့ပေ။ မဟုတ်လျှင် အာကာသအချိန်အတွင်း ချက်ချင်း နှစ်ပိုင်းကွဲပြီး ပျက်စီးကာ ပျောက်ကွယ်သွားမည်ဖြစ်သည်။
ဗုန်း! ဗုန်း! ဗုန်း!
ရှေ့ဘက်မှ ပြားချပ်နေသော အရာသည် စဉ်ဆက်မပြတ် ကျည်ဆန်များ ပစ်ခတ်ခံလိုက်ရသည်။
ရှေ့နှင့်နောက်ရှိ ပြားချပ်သော အရာများကြားမှ ချိတ်ကြိုးသည် မျက်စိတစ်မှိတ်အတွင်း အမှုန့်ပမာဏအထိ ဖောက်ကွဲခံလိုက်ရပြီး ဆက်သွယ်မှု ပြတ်တောက်သွားချိန်တွင် အာကာသထောင်တစ်ခုလုံးသည် ခြေရာလက်ရာမကျန် ၊ အောင်မြင်စွာ ခုန်ကူးပျောက်ကွယ်သွားခဲ့သည် ။ ၎င်းမှ ကျန်ရစ်ခဲ့သော တစ်ခုတည်းသောအရာမှာ ချိတ်ကြိုးဖြင့် ဆွဲထားသော နောက်ဆုံးချပ်ပြားဝိုင်းပင် ဖြစ်သည်။
ဆာအာ့ယန်သည် အက်ကွဲနေသော သူ့လက်အား မြှောက်ပြလိုက်ကာ ပြောလိုက်သည်။
“အတော်လေး စိတ်လှုပ်ရှားစရာကောင်းတာပဲ”
ထို့နောက် သူသည် ချူစစ်ထံသို့ ပြုံးပြလျက် ချိတ်ကြိုးနှင့် ၎င်း၏ ချိတ်ဆက်ထားသော အာကာသထောင်အစိတ်အပိုင်းအား ညွှန်ပြလိုက်သည်။
“အချစ်ရေ… မင်းကို စွန်ပျံတစ်ကောင် လက်ဆောင်ပေးမယ်”
ချူစစ်: “...”
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ : “ဒါက ဘယ်လို စွန်ပျံမျိုးလဲ!”