Chapter 8
Viewers 329

အခန်း (၈) - အာကာသထောင်

 

 

 

တံခါးစောင့်နတ်ဘုရားနှစ်ပါး သူ့ဘေးတွင် ရပ်နေသည့်အခါ ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် ခန္ဓာကိုယ်တစ်ခုလုံး ထုံကျင်သွားသကဲ့သို့ ခံစားရသည်။ ခေါင်းမူးအော့အန်နေလျှင်ပင် သူတို့အား မကျေမနပ်ဖြစ်စေမည်ကို အထူးသဖြင့် ဆာအာ့ယန်ကို မကျမနပ်ဖြစ်စေမည်ကို အထူးသတိထားနေမိသည်။

 

သို့သော် သူတို့သည် သူ့အားချန်ရစ်ပြီး ချပ်ပြားဝိုင်းထံသို့ သွားနေသည်ကို မြင်ရသောအခါ အနည်းငယ် စိတ်မကောင်းဖြစ်မိသည်။

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက ခေတ္တမျှ စဉ်းစားနေမိပြီး နောက်ဆုံးတွင် မနေနိုင်တော့ဘဲ ကလေးကို ခေါ်ပြီး သူတို့နောက်သို့ တုန်ရီစွာဖြင့် လိုက်သွားသည်။

 

ချူစစ် သူတို့၏ တုန်လှုပ်ထိတ်လန့်နေသော ခြေသံများအား ကြားပြီး မျက်ခုံးပင့်ကာ နောက်ပြန်လှည့်ကြည့်လျက် ပြောလိုက်သည်။ 

 

"မင်းတို့နောက်ကို သရဲလိုက်နေတာလား?" 

 

သူတို့ကြားတွင် ခြောက်မီတာခွဲလောက်သာ ခြားသော်လည်း ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက ဤမျှ စိုးရိမ်နေသေးသည်။

 

သရဲဆိုသည်မျိုး မရှိသည်မှာ မှန်သော်လည်း ဤအပိုင်းအစတစ်ခုလုံးတွင် အလင်း၏ ရင်းမြစ်အဖြစ် နဂါးတိုင်တစ်ခုတည်းသာ ရှိပြီး ၎င်းမှ ထွက်ရှိသော အလင်းမှာ နက်ပြာရောင် အလင်းပြန်ရောင်ခြည်ဖြစ်သည်။ လူတစ်ယောက်သည် မည်မျှပင် ချောမောလှပနေပါစေ ဤအလင်းရောင် အောက်တွင်ဆိုလျှင် အမှန်ပင် သရဲပုံပေါက်နေမည် ဖြစ်သည်။

 

ကလေး၏ မျက်နှာအား ငါးစက္ကန့်ထက်ပိုပြီး ကြည့်နေမိလျှင်တောင်မှ သူ အနည်းငယ် ကြောက်လာမိသည်။

 

ဤကဲ့သို့အရာများကို အခြားသူအား ပြောပြခြင်းသည် ပြဿနာမရှိသော်လည်း ချူစစ်ကဲ့သို့လူမျိုးအား ပြောပြရမည်ဆိုလျှင် ကိုယ့်ကိုယ်ကိုယ် သူ့ပါးစပ်ထဲ ထည့်ကျွေးလိုက်သကဲ့သို့ ဖြစ်သွားလိမ့်မည်။ ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက ခေါင်းမာစွာဖြင့် မေးစေ့ကိုမော့ပြီး ပြောလိုက်သည်။ 

 

"ဘာမှမဟုတ်ပါဘူး… ကျွန်တော်ပြောချင်တာက အာကာသထောင်ရဲ့ အစိတ်အပိုင်းတစ်ခုကို ဉာဏ်ရည်တုရှိတဲ့ လေယာဉ်တစ်စီးအဖြစ် သတ်မှတ်လို့ရတယ်… ဒါက ကျွန်တော် ကျွမ်းကျင်တဲ့ နယ်ပယ်ထဲမှာ ပါတယ်… ဒီလေယာဉ်ရဲ့ တံခါးတွေက ဖွင့်ရတာ အရမ်းဂရုစိုက်ရတယ် အထူးသဖြင့်-"

 

သူ စကားမဆုံးမီမှာပင် ချူစစ်သည် ကျွမ်းကျင်စွာဖြင့် တံခါးဘေးမှ ခလုတ်တစ်ခုအား နှိပ်လိုက်သည်။

 

သတ္ထုပြားတံခါးနှစ်ချပ်သည် အလိုအလျောက် ရွေ့သွားပြီး အတွင်းတွင် ဝှက်ထားသည့် စကင်ဖတ်စက်တစ်ခု ပေါ်လာသည်။

 

ဤတစ်ကြိမ်သည် မျက်ဝန်းရောင်ခြည်စကင် ဖတ်သည်ထက် အနည်းငယ်ပိုရှုပ်​ထွေးသည်။ အနီရောင်အလင်းတန်းသည် ချူစစ်အား ခေါင်းမှခြေဖျားအထိ စကင်ဖတ်လိုက်ပြီး စခရင်ပေါ်တွင် အရိုးပုံစံနှင့် DNA ကုဒ်များ ချက်ချင်းပေါ်လာသည်။ ဒေတာတန်ဖိုးများ ပြသပြီးနောက်တွင် စာကြောင်းနှစ်ကြောင်း ပေါ်လာသည်။

 

အထောက်အထားအတည်ပြုပြီး

 

ခွင့်ပြုချက်ရရှိပြီး

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ : "... ငါမပြောခဲ့ဘူးလို့ မှတ်လိုက်ပါတော့"

 

"ကျေးဇူးပဲ… ဒါပေမယ့် ဒါကလည်း ငါ့လုပ်ပိုင်ခွင့်ထဲမှာပဲ ရှိတယ်" 

 

ချူစစ် ပခုံးတွန့်ပြလိုက်သည်။

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် စိတ်ဓာတ်ကျသွားပြီး ယခုချိန်ထိ အရေးကြီးသော အလုပ်များအတွက် သူ့ကိုအသုံးမချနိုင်သေးသောကြောင့် သူသည် အသုံးမဝင်သူပင်ဖြစ်နေမည်ဟု စဉ်းစားမိနေသည်။

 

"အဲဒီထဲမှာ ဘာတွေရှိလဲ? အစားအသောက်တွေကော ရှိလား? ငါ အရမ်းဗိုက်ဆာနေလို့ လူတောင်စားချင်နေပြီ"

 

ဆာအာ့ယန်က ရုတ်တရက် ခေါင်းလှည့်ပြီး သူ့အား ပြုံးပြလိုက်သည်။ 

 

"တော်တော်တူတာပဲ… ငါလည်း စားချင်နေပြီ"

 

“...”

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် တိတ်တဆိတ်ပင် ထိတ်လန့်သွား၏။

 

ထိုလူသည် ပြုံးသည့်အခါ ချောမောသော်လည်း ဤမျက်နှာအမူအရာသည် ပုံမှန်မျက်နှာထားထက် ပို၍ ကြောက်စရာကောင်းနေသည်။

 

ဤချပ်ပြား၏ ဉာဏ်ရည်တုစနစ်သည် အဆင်မပြေလှသော်လည်း ၎င်းသည် အာကာသထောင်၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေဆဲပင်ဖြစ်သည်။ 

 

ထောင်၏ တံခါးများသည် အခြားနေရာများထက် အလွှာ ပိုမိုများပြားပြီး ဖွင့်ရန် လုပ်ငန်းစဉ်မှာ အတော်ပင် ရှုပ်ထွေးလှသည်။

 

စက်ပစ္စည်းများ လည်ပတ်သံသည် အဆက်မပြတ် အသံမြည်နေပြီး သူတို့စကားပြောနေစဉ်အတွင်း အလွှာနှစ်ထပ် ထပ်မံပွင့်သွားပြီဖြစ်သည်။

 

ဆာအာ့ယန်သည် သူယူလာခဲ့သည့် ပစ္စည်းများနှင့် ပတ်သက်၍ အလွန် ယုံကြည်မှုရှိသည်။ သူက လက်တစ်ဖက်ကို အိတ်ကပ်အတွင်းထည့်ကာ တတိယမြောက် အလွှာပွင့်နေသည့် သတ္ထုတံခါးကို ညွှန်ပြကာ ပြောသည်။ 

 

"အဆင့်မြင့် အုပ်ချုပ်ရေးမှူးကြီး ချူစစ်… မကြာခင် မင်း လတ်ဆတ်တဲ့ အစားအစာရယ်၊ ဝိုင်နဲ့ ဆေးလိပ်တွေပါတဲ့ စားပွဲတစ်ခုကို တွေ့ရတော့မယ်… ငါ့ကို ကျေးဇူးတင်သင့်တယ် မဟုတ်​လား"

 

ဤသို့ပြောရန် သူ့တွင် အကြောင်းပြချက် ရှိပေသည်။

 

ချူစစ်သည် မျက်လုံးမှိတ်လျက်နှင့်ပင် အာကာသထောင်တစ်ခုလုံး၏ မြေပုံကို ရေးဆွဲနိုင်သည်။ ယခင်က အခြေအနေများ ရှုပ်ထွေးနေခဲ့ပြီး သူသည် အနည်းငယ် စိတ်ရှုပ်နေခဲ့သော်လည်း ယခု စိတ်ငြိမ်သက်သွားသောအခါ သူသည် ချပ်ပြား၏ တည်နေရာကို သူ့စိတ်ထဲရှိ မြေပုံနှင့် တိုက်ကြည့်ကာ မှတ်မိသွားသည်။

 

 

ဤချပ်ပြားသည် အရှေ့ဘက်တွင် အထူးချုပ်နှောင်အခန်းများ တန်းစီလျက်ရှိပြီး အပြင်ဘက်အနီးတွင် အမှတ်(၂) စောင့်ကြည့်ရေးဗဟိုဌာန၊ အနောက်ဘက်တွင် အကျဉ်းထောင်အစောင့်များ၏ လုံခြုံရေးဂိတ်နှင့် အမှတ်(၄) လောင်စာသိုလှောင်ရုံတို့ တည်ရှိသည်။ ဤအရာများသည် လက်ရှိအချိန်တွင် ချူစစ်အတွက် အရေးမကြီးတော့ပေ။ အရေးအကြီးဆုံးမှာ ဤချပ်ပြား၏ အလယ်ဗဟိုတွင် ထမင်းစားခန်းတစ်ခု ရှိနေခြင်းပင်ဖြစ်သည်။

 

ထမင်းစားခန်းသည် အံ့ဩဖွယ် နေရာတစ်ခုပါပေ။

 

ပြောရမည်ဆိုလျှင် ထိုနေရာအား နိဗ္ဗာန်ဘုံဟု ဆိုလျှင်ပင် မမှားနိုင်ပါ။

 

အအေးထိန်းတောင့်အတွင်းမှ ထွက်လာချိန်မှစ၍ ချူစစ်သည် လူတစ်ယောက်ကိုပင် ဝါးမြိုနိုင်လောက်သည်အထိ ဆာလောင်နေခဲ့သည်။ သို့သော် ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူနှင့် ကလေးကိုမူ အတင်းအကျပ်မျိုချရန် မတတ်နိုင်ခဲ့ဘဲ ဆာအာ့ယန်ကိုမူ မကြေညက်နိုင်မည်ကို စိုးရိမ်နေခဲ့ရသည်။

 

အသုံးဝင်မည့်အရာများကို ရှာဖွေမည်ဟု သူဆိုခဲ့သော်လည်း အမှန်တွင် ယင်းသည် အားလုံးသိသော အကြောင်းအရာပင်ဖြစ်သည်။ ပထမဆုံးလုပ်ရမည့်အရာမှာ ဗိုက်ဝသည်အထိ စားရန် ဖြစ်သည်။

 

သတ္ထုတံခါးငါးထပ်သည် နောက်ဆုံးတွင် လုံးဝပွင့်သွားခဲ့သည်။

 

အထူးအခြေအနေတစ်စုံတစ်ရာ မဖြစ်ခဲ့ပါက သူတို့သည် အစောင့်များ၏ အခန်းများရှိ လမ်းကြောင်းကို မြင်တွေ့ခဲ့ရမည်ဖြစ်ပြီး အတွင်းတွင် မည်သည်ကိုမျှမသိဘဲ စိတ်ရှုပ်ထွေးနေသည့် အစောင့်များ ရှိနေကောင်းရှိနေမည်။ သို့သော် ပုံမှန်လုပ်ထုံးလုပ်နည်းအရ ဤချပ်ပြားသည် အဓိကအကျဉ်းထောင်မှ ခွဲထုတ်ခံရမည့်အချိန် မတိုင်မီတွင် အားလုံးသည် ရွှေ့ပြောင်းသွားကြပြီး ဖြစ်သင့်သည်။

 

သို့သော် ချူစစ်သည် တံခါးဝမှတစ်ဆင့် ဖြတ်သန်းပြီးနောက်တွင် မျက်မှောင်ကြုံ့လိုက်သည်။

 

သူ၏ရာထူးသည် တစ်နှစ်ပတ်လုံး အန္တရာယ်အမျိုးမျိုးအား ကိုင်တွယ်ဖြေရှင်းရန် လိုအပ်သောကြောင့် အချို့အရာများနှင့် ပတ်သက်၍ သူ့တွင် အလွန်အမင်း အာရုံခံစားမှုရှိသည်။

 

ဤခရီးဆောင်လမ်းကြောင်းသည် တစ်စုံတစ်ရာ မှားယွင်းနေပေသည်။

 

အကျဉ်းထောင်အစောင့်အခန်းရှစ်ခန်းသည် ပိတ်ထားပြီး သေးငယ်သော ပြတင်းပေါက်များပင် အလုံပိတ်ထားသည်။ ချူစစ်သည် တံခါးများကို လှမ်းကြည့်လိုက်သည်။ တံခါးများကို တစ်ခန်းချင်း ကြည့်နေရင်း လမ်းလျှောက်ခြင်းကိုလည်း မရပ်သွားပေ။ သူသည် တံခါးလက်ကိုင်များအား နှိပ်ကြည့်သည့်အခါ အတွင်းမှ မြည်သံများကို ကြားရသည်။

 

ဤကဲ့သို့တုံ့ပြန်မှုမျိုးသည် ဉာဏ်ရည်တုစနစ်ဖြင့် သော့ခတ်ထားသောအခါမှသာ ဖြစ်တတ်သည်။

 

"ဘာလို့ ဒီလောက်မှောင်နေရတာလဲ? ဒီလမ်းမှာ မီးလင်းနေမယ်ထင်ထားတာ… ဒီအပိုင်းက မပေါက်ကွဲခင်က အသုံးပြုနေတဲ့ နေရာမဟုတ်ဘူးလား" 

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ၏အသံသည် စိတ်ရှုပ်ထွေးမှုများဖြင့် ပြည့်နေပြီး သူ၏ လည်ချောင်းသည်လည်း အနည်းငယ်မျှ တင်းနေသယောင် ရှိသည်။

 

ဆာအာ့ယန်သည် ချူစစ်နောက်မှ လိုက်နေပြီး အကျဉ်းထောင်အစောင့်အခန်းများအား အလွန် စိတ်ဝင်စားနေသကဲ့သို့ သူ့မျက်လုံးများသည် တံခါးတိုင်းကို အထက်အောက် စုံဆန်ကြည့်နေသည်။ 

 

"အကုန်သော့ခတ်ထားတာလား? စိတ်ပျက်စရာပဲ… ငါက ရေချိုးဖို့ အခန်းတစ်ခန်း ငှားချင်နေတာ"

 

ဤပတ်ဝန်းကျင်တွင် ချူစစ်သည် မသိမသာ တင်းမာနေပြီး စကားပြောသံများမှလွဲ၍ ပတ်ဝန်းကျင်မှ အသေးစားလှုပ်ရှားမှုတိုင်းကို အာရုံခံနေ၏။

 

အထူးသဖြင့် ဆာအာ့ယန်၏ စကားများသည် လုံးဝအဓိပ္ပာယ်မရှိသောကြောင့် သူ့စကားအား လျစ်လျူရှုလိုက်သည်။

 

အကျဉ်းထောင်အစောင့်အခန်းရှစ်ခန်းအား အမြန်ဖြတ်သန်းပြီးနောက် လမ်းပြသူဖြစ်သည့် ချူစစ်သည် လမ်း၏အဆုံးထိ ရောက်သွားသည်။ လမ်းထောင့်ကို လှည့်ပြီး နောက်ထပ်တံခါးတစ်ချပ်ကို ဖြတ်လိုက်ရုံဖြင့် ထမင်းစားခန်းကို မြင်ရတော့မည်ဖြစ်သည်။

 

ချူစစ် တံခါးကို အလျင်အမြန်မဖွင့်ဘဲ လမ်းအဆုံးတွင်ရပ်ကာ ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုလိုက်သည်။

 

"အခု ငါတို့ ဘာလုပ်ကြမှာလဲ" 

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် ချူစစ် ခြေလှမ်းမစရသေးသည်ကိုမြင်ပြီး မေးလိုက်သည်။

 

ချူစစ်က ပြောလိုက်သည်။

 

“စားမယ်”

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူက တွေဝေသွားသည်။

 

"ဒါပေမယ့် ဒီနေရာက နည်းနည်းထူးဆန်းနေတယ်… စစ်ဆေးကြည့်​ပြီးတော့ ဘေးကင်းမှ သွားသင့်တယ်မလား"

 

ချူစစ်က သူ့စစ်ဆေးမှုအား ရုပ်သိမ်းလိုက်ပြီး ပြောလိုက်သည်။

 

“အရင်စားမယ်”

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ :  "...." 

 

‘ကောင်းပြီ… မင်းလည်း ဗိုက်ဆာနေပြီ ထင်တယ်’

 

အမှန်တော့ သူပြောနေစဉ်မှာပင် ချူစစ်သည် သူ့နောက်တွင်ရှိသည့် လူများ ပုန်းအောင်းနေနိုင်သော နေရာများစွာအား ကြည့်ပြီးသွားခဲ့ပြီး အားလုံးသည် ဗလာဖြစ်နေခဲ့သည်။ သို့မဟုတ် ယခုချက်ချင်းတွင် ခြိမ်းခြောက်မှုကား မရှိနိုင်ပေ။

 

"နောက်တစ်စက္ကန့်မှာ ကျည်ဆန်နဲ့ ခေါင်းပေါက်သွားနိုင်တဲ့ အန္တရာယ်ကလွဲလို့ တခြားဘာကမှ ငါတို့ရဲ့ စီမံအုပ်ချုပ်ရေးမှူးကြီး ချူစစ်ကို စားသောက်တာကနေ မတားဆီးနိုင်ဘူး" 

 

ဆာအာ့ယန်က သူ့လက်မောင်းကို ချူစစ်၏ဘေးမှ ဖြတ်ပြီး နောက်ဘက်ရှိ ထမင်းစားခန်းတံခါးကို တွန်းဖွင့်လိုက်ရင်း ပျင်းရိနေသကဲ့သို့ ပြောလိုက်သည်။

 

 

"မဟုတ်ဘူးလား… အချစ်"

 

တံခါးသည် သော့မခတ်ထားဘဲ တွန်းလိုက်သည်နှင့် ပွင့်သွားသည်။

 

တံခါးက နံရံကို "ဘုန်း" ဟူသည့် အသံအကျယ်ကြီးနှင့် ရိုက်မိသွား၏။

 

မြည်သံတစ်ချို့ကိုလည်း ကြားလိုက်ရပြီး ရုတ်တရက် ဖုန်မှုန့်များ ထလာသည့် သစ်သားသေတ္တာဟောင်းကြီးတစ်လုံးကို ဖွင့်လိုက်ရသည်နှင့် ဆင်တူနေပေသည်။

 

ချူစစ်၏ ခေါင်းထဲတွင် ထမင်းစားခန်းသည် ဗလာဖြစ်နေပြီး ခုံနှင့်စားပွဲများသည် အရေးပေါ်ထွက်ပြေးကြစဥ်က စောင်းသွားနိုင်သည်။ ကြမ်းပြင်ပေါ်တွင် ငတုံးအချို့က ချန်ရစ်ခဲ့သည့် ဖိနပ်များပင် ရှိနေနိုင်သည်ဟု မြင်ယောင်မိထားသည်။

 

သို့သော် နောက်ဘက်ရှိ ဘားတန်းနံရံတစ်ခုလုံးကို ဖုံးထားသော ကိုယ့်ဘာသာ ယူစားရသည့် အစားအစာများမူ ပကတိအတိုင်း ရှိနေသင့်သည်။

 

ကောင်းပြီ… ပန်းကန်တစ်ချို့လည်း ကြမ်းပြင်ပေါ် ကျသွားနိုင်သည်။

 

သို့သော် မည်သို့ပင်ဖြစ်စေ ဤကဲ့သို့သော အခြေအနေမျိုးတော့ ရှိမနေသင့်ပါပေ…။

 

စားပွဲနှင့်ခုံများကို နံရံတစ်ဘက်တွင် အထပ်လိုက် စုပုံထားပြီး အလယ်ဗဟိုတွင် ကျယ်ပြန့်သည့် နေရာလွတ်ကြီးတစ်ခု ချန်ထားကာ ထိုနေရာတွင် လှောင်အိမ်များနှင့် ပြည့်နေပြီး ထိုလှောင်အိမ်များထဲတွင် မလှုပ်ရှားနေသည့် လူများ ရှိနေသည်။ သူတို့၏ လက်မောင်းများတွင် အမည်းနှင့် ရွှေရောင်ကွင်းများ ရှိနေပြီး မျက်နှာများသည် ဖြူဖပ်ဖြူရော်ဖြစ်​​နေကာ​ သူတို့၏ ရှုပ်ပွနေသည့် ဆံပင်များသည် လျှပ်စစ်ဓာတ်လိုက်ထားသော ကြက်များကဲ့သို့ပင် လှောင်အိမ်ထဲမှ ထိုးထွက်နေသည်။

 

သူတို့၏ အသွင်အပြင်ကိုကြည့်ရုံဖြင့် သူတို့သည် လှောင်အိမ်ထဲတွင် ကြာမြင့်စွာ ပိတ်မိနေကြောင်း သိနိုင်သည်။

 

တံခါးပွင့်သွားသည်ကို မြင်ရ​သောအခါ သူတို့က ချက်ချင်းပင် စိတ်ရှုပ်ထွေးမှုထဲမှ လွတ်မြောက်သွားပြီး သူတို့၏ လက်များ၊ ခြေများရှိ သံကြိုးများကို အသုံးပြု၍ သတ္တုလှောင်အိမ်ကို အသက်အန္တရာယ်ရှိသကဲ့သို့ ခေါက်လာတော့သည်။

 

"ဝိုး-" 

 

ဆာအာ့ယန်က နှာခေါင်းရှုံ့လိုက်သည်။ 

 

"ထမင်းစားခန်းက ဘယ်တုန်းက ကြက်ခြံဖြစ်သွားတာလဲ? ဟင်းလျာက အတော်လေးများတယ်၊ ဒါပေမယ့် နည်းနည်းတော့ အနံ့ဆိုးနေပြီ"

 

လှောင်အိမ်ထဲရှိ သူများသည် ခေတ္တမျှ ရပ်တန့်သွားသော်လည်း သူ့ထံမှ ထိုစကားအားကြားပြီးနောက် ပို၍ စိတ်လှုပ်ရှားသွားကြကာ လှောင်အိမ်များကို ပိုမိုကျယ်လောင်စွာ ခေါက်ကြတော့သည်။

 

ချူစစ်က ပထမဆုံး ဤနေရာတွင် ရှိမနေသင့်သည့် လှောင်အိမ်များကို လျစ်လျူရှုကာ ဘားနောက်ဘက်ရှိ စားစရာများရှိသင့်သည့်စင်ကို လှမ်းကြည့်လိုက်သည်။

 

သို့သော် ထိုနေရာတွင် မည်သည်မျှမရှိဘဲ လတ်ဆတ်သော အစားအစာဆိုသည်မှာ ဝေးစွ၊ မြက်ပင်တစ်ပင်တောင် မရှိပါချေ!

 

ဗိုက်ဆာနေသော အုပ်ချုပ်ရေးမှူးချုပ် ချူစစ်၏ စိတ်သည် ချက်ချင်းပင် ကျဆင်းသွားခဲ့သည်။

 

သူက မျက်မှောင်ကြုံ့ကာ မျက်နှာညိုးငယ်စွာဖြင့် ထိုလှောင်အိမ်များထံသို့ မျက်နှာပြန်လှည့်လိုက်ရသည်။ 

 

"ငါ့မှာ မေးခွန်းနှစ်ခုရှိတယ်"

 

“မေးလေ”

 

ဆာအာ့ယန်က မျက်ခုံးပင့်၍ ပြန်ဖြေသည်။

 

ချူစစ် : "ပထမတစ်ခုက မင်းထောင်ကလွတ်တုန်းက ဘာတွေများ လုပ်ခဲ့တာလဲ၊ အာကာသထောင်က ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ… ဒုတိယတစ်ခုက ဒီ... အနံ့ဆိုးနေတဲ့ အသားတွေကို ငါတို့ ဘယ်လိုခွဲမလဲ၊ တစ်ဝက်စီလား"

 

လှောင်အိမ်ထဲရှိ ဆူညံသံများသည် ရုတ်တရက် ရပ်တန့်သွားပြီး အနံ့ဆိုးနေသော အသားများသည် တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

 

ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ : "...” 

 

‘အုပ်ချုပ်ရေးမှူးကြီး… ခင်ဗျားက အခုအချိန်မှာ အုပ်ချုပ်ရေးမှူးတစ်ယောက်နဲ့ မတူတော့ဘူး… အကြမ်းဖက်သမား နံပါတ်(၂) နဲ့ တူနေပြီ’