အခန်း (၁၄) - ညဉ့်နက်သန်းခေါင် အချက်ပေးခြင်း
၁၂၃ ရက်၊ ၁၂ နာရီ၊ ၇ မိနစ်နှင့် ၂၁ စက္ကန့်;
၂၀ စက္ကန့်;
၁၉ စက္ကန့်;
၁၈ စက္ကန့်
…
နောက်ပြန်ရေတွက်မှုသည် စိုးရိမ်ဖွယ်ရာ ကောင်းနေသော်လည်း အမှန်တွင် ယခုအချိန်ထိ ချူစစ်၏ ကျန်ရှိသောသက်တမ်းကို သူ့အား သတိပေးနေခြင်းသာ ဖြစ်သည်။
၎င်းသည် သူ၏ ‘လက်ရှိ’ သက်တမ်းပင် ဖြစ်သည်။
နောက်ပြန်ရေတွက်မှု မကုန်ဆုံးမီ သင့်တော်သော ပြုပြင်ထိန်းသိမ်းမှုများ ပြုလုပ်ပါလျှင် နံပါတ်သည် ၎င်း၏ မူလတန်ဖိုးသို့ ပြန်တိုးသွားပြီး နောက်ပြန်ရေတွက်မှု ပြန်စမည်ဖြစ်သည်။
နောက်ပြန်ရေတွက်မှု သုညရောက်ပြီး ၂၄ နာရီအတွင်း ပြန်လည်သတ်မှတ်ခြင်းမရှိပါလျှင် ‘လက်ရှိ’ ဆိုသော စကားလုံးသည် ထာဝရ ပျောက်ကွယ်သွားမည်ဖြစ်ပြီး သုညရောက်သည့် အခိုက်အတန့်သည် ချူစစ်၏ လက်တွေ့ဘဝအဆုံးသတ်ချိန် ဖြစ်လာပေမည်။
ဤကိရိယာသည် ချူစစ်၏ ခန္ဓာကိုယ်အတွင်းတွင် နှစ်ပေါင်းများစွာ တည်ရှိခဲ့သည်။
စီဒါတောအတွင်းရှိ ဗီလာတွင် နှစ်စဉ် နှစ်ပတ်ကြာ အားလပ်ရက်ယူခြင်းသည် ဤကိရိယာအား ထိန်းသိမ်းပြုပြင်ရန်အတွက် ဖြစ်ပြီး ချူစစ် နောက်ထပ် ခြောက်လတိုင်တိုင် ဤကမ္ဘာပေါ်တွင် ကောင်းမွန်စွာ ဆက်လက်ရှင်သန်နိုင်စေရန် သေချာစေ၏။
ကိရိယာအား စတင်ထည့်သွင်းချိန်တွင် ချူစစ် ဆရာဝန်အား ကန့်ကွက်ခဲ့ပြီး မေးမြန်းခဲ့သည်။
“ဒီပစ္စည်းကို နည်းနည်းလေး ပိုပြီး သဘောဝကျအောင် လုပ်လို့မရဘူးလား? ဥပမာ- ကြောက်စရာကောင်းတဲ့ နောက်ပြန်ရေတွက်ခြင်းကို ဖယ်ရှားပစ်ရင်ကော? တံခါး' ဖွင့်လိုက်တိုင်း 'တစ်ခ်'ဆိုတဲ့ အသံထွက်နေရင်၊ ကျွန်တော်က ဘာနဲ့တူနေမယ်လို့ ထင်လဲ ?"
ဆရာဝန်၏ အမည်မှာ ရှောက်သွမ့်ဖြစ်ပြီး အမြင့်ဆုံးအဆင့်ရှိ သိမ်းငှက်ဖြူစစ်ဆေးရုံမှ ဆရာဝန်ဖြစ်သည်။ သူသည် ဉာဏ်ရည်တုစက်ပစ္စည်း ကုထုံးနယ်ပယ်တွင် အာဏာရှိသောပညာရှင်တစ်ဦး ဖြစ်သော်လည်း လူနာများနှင့် အမြဲတစေ အချေအတင် ငြင်းခုံနေတတ်သည့် အဖိုးကြီးတစ်ဦးလည်း ဖြစ်သည်။
ဆရာဝန်ကြီးရှောက်သွမ့်သည် လူနာများအား ‘'သုံးခုသောအရာအား မလုပ်ရ' မူဝါဒကို အမြဲတစေ ကျင့်သုံးခဲ့သည်။ အထူးသဖြင့် အုပ်ချုပ်ရေးမှူးချူစစ်ကဲ့သို့သော သူ၏ ချောမောလှပသော ရုပ်ရည်ဖြင့် တစ်နေ့လုံး မဆီမဆိုင် စကားများနေသူများအတွက်ပင် ဖြစ်သည်။
မကြွားဝါရ၊ မျက်နှာမလိုက်ရ၊ ပြန်မပြောရ၊ အရာအားလုံးကိုလည်း ငြင်းပယ်ရမည်ဟူ၍ ဖြစ်သည်။
ထိုအချိန်က အုပ်ချုပ်ရေးမှူးချူစစ်၏ ခန္ဓာကိုယ် ဘယ်ဘက်ခြမ်းသည် ဉာဏ်ရည်တုစက်ပစ္စည်းများအား ပြင်းထန်စွာ ငြင်းပယ်မှုရှိခဲ့ပြီး သွေးယိုခြင်း၊ ဓာတ်မတည့်ခြင်းနှင့် အဖျားကြီးခြင်းတို့ ပြောင်းလဲဖြစ်ပေါ်နေခဲ့သည်။ မျက်လုံးနှစ်ဖက်စလုံးရှိ ပတ်တီးများကို ဖယ်ရှားပြီးခါစ ဖြစ်ပြီး သူသည် အန္တရာယ်ကင်းရှင်းသောအခြေအနေသို့ မရောက်ရှိသေးသော်လည်း ကုသရေးစက်ပစ္စည်းများကို ထိုးကန်ဖျက်စီးနေဆဲ ဖြစ်သည်။
ဆရာဝန်ကြီးရှောက်သွမ့်ကား မျက်နှာသေဖြင့် ချူစစ်အား ဆေးထိုးရန် အနားရှိ သူနာပြုငယ်ကို အမိန့်ပေးခဲ့ကာ စက်ပစ္စည်းပေါ်ရှိ အချက်အလက်များကို စောင့်ကြည့်လျက် ပြောခဲ့သည်။
“နေ့ညမရွေး အလုပ်ရှုပ်နေရင် အသက်ကိုပါ လျစ်လျူရှုတတ်တဲ့ မင်းလိုမျိုး ရူးနေတဲ့ငတုံးက နောက်ဆုံးအချိန်မတိုင်ခင် စက်ပြင်ဆင်ရမှန်းတောင် မေ့နေမှာစိုးလို့ နောက်ပြန်ရေတွက်စနစ်နဲ့ သတိပေးထားတာ… သတ်ဖို့ဆိုတာ ဝေးလို့၊ ဒီကိရိယာတွေလည်း အလကားတော့ မဖြစ်စေချင်ဘူးလေ”
“ဒီစက်ကို သေချာဂရုစိုက်ဖို့လိုတယ်၊ ဒီဂြိုဟ်ပေါ်မှာ စုစုပေါင်း အစုံ ၂၀ပဲရှိတာ၊ ဒီစက်နဲ့ မင်းရဲ့ DNA ချိတ်ဆက်ပြီးသွားရင် အခြားသူတွေက ထပ်သုံးလို့မရတော့ဘူး”
ရှောက်သွမ့်က ပြောဆိုလျက် လက်အိတ်စွန်းဖြင့် ချူစစ်၏ ဒဏ်ရာနှင့် ဉာဏ်ရည်တုစက်ကြားက ချိတ်ဆက်မှုကို ဖြည်းညင်းစွာ ထိုးကြည့်နေသည်။
သူ အထိုးခံနေရခြင်းကြောင့် ချူစစ် ဒေါသထွက်နေသော်လည်း လက်ရှိအခြေအနေအား လက်ခံလိုက်ရသည်။
“တစ်” နောက်ပြန်ရေတွက်သံကို ပုံမှန်အားဖြင့် လုံးဝမကြားရပေ။ သို့သော် ချူစစ်သည် သူ၏အရိုးများနှင့်ကပ်၍ တည်ရှိနေသော သူ၏သက်တမ်းကို တစ်ခါတစ်ရံ ခံစားရသည်။ ဤတွက်ချက်မှုသည် နှစ်ပေါင်း ၁၀ နှစ်နီးပါး ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ကမ္ဘာကြီးပေါက်ကွဲခါနီး တစ်နာရီအလိုတွင် သူသည် ဗီလာတွင် ထိန်းသိမ်းမှုအသစ်တစ်ခုအား ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။
ဆယ်နှစ်တာကာလ… ယခုဆိုလျှင် သူသည် ဤအခြေအနေအား နေသားကျနေပြီဖြစ်သည်။
ထို့ကြောင့် ချူစစ်သည် မျက်လုံးများကို မှိတ်လိုက်ပြီး အအေးခန်းအတွင်း နှစ်ပေါင်း ငါးဆယ်ကြာမှုကြောင့် ဤကိရိယာတွင် ပျက်စီးမှုကြီးကြီးမားမား မဖြစ်ခဲ့ကြောင်း သေချာစေရန် လျင်မြန်စွာ စစ်ဆေးလိုက်ကာ အရေပြားကို ပြန်ပိတ်လိုက်သည်။
သူရှင်သန်နိုင်သည့် ရက်အရေအတွက်သည် သုံးလုံးဂဏန်းအတွင်းတွင် ရှိနေဆဲဖြစ်ပြီး အခြားသော ထိန်းသိမ်းမှုပေးနိုင်သည့် နေရာကို ရှာဖွေရန် လုံလောက်သည်။
နောက်ပြန်ရေတွက်မှုသည် တစ်လုံးဂဏန်းအဆင့်သို့ မရောက်သရွေ့ မွေးရာပါ စိတ်ဓာတ်ကြံ့ခိုင်သော အုပ်ချုပ်ရေးမှူး ချူစစ်သည် အေးဆေးတည်ငြိမ်စွာ ရှိနေဦးမည်ဖြစ်သည်။
ချူစစ် ရေချိုးခန်းအတွင်းသို့ ဝင်သွားပြီး အပူငွေ့ကြောင့် ဖန်တံခါးများ ချက်ချင်း မှုန်ဝါးသွားသည်။
စီးဆင်းသွားသည့် ရေသံများကြား၌ သူ့ဦးခေါင်းပေါ်တွင် တပ်ဆင်ထားသည့် ဆက်သွယ်ရေးစက်လေးမှ ရုတ်တရက် ဆူညံသံနှစ်ချက် ကြားလိုက်ရသည်။ ချူစစ်က လက်ကိုင်ပဝါယူရန် ဆန့်ထုတ်ထားသည့် လက်ကို ချက်ချင်းရပ်လိုက်သည်။
ဤဆက်သွယ်ရေးစက်သည် ထောင်တစ်ခုလုံး၏ သတိပေးချက်နှင့် ဆက်သွယ်ရေးစနစ်တို့ဖြင့် ချိတ်ဆက်ထားပြီး အရေးပေါ်အခြေအနေများတွင် အသုံးပြုလေ့ရှိသည်။ လုံခြုံရေးအဆောက်အဦးရှိ ဝန်ထမ်းများသည် နှစ်စဉ် မရေမတွက်နိုင်သော အရေးပေါ်အခြေအနေများအား ကိုင်တွယ်ဖြေရှင်းရသဖြင့် ဤကဲ့သို့သော အရာများကို အလွန်အမင်း အာရုံခံနိုင်ကြသည်။
ချူစစ် တစ်စက္ကန့်ထက်လျော့သော အချိန်တိုအတွင်း တုံ့ဆိုင်းသွားပြီးနောက် ရေချိုးဘုံဘိုင်ခလုတ်ကို ပိတ်လိုက်ကာ စိုစွတ်နေသော သူ၏တိုတောင်းသည့် ဆံပင်ကို နောက်သို့ သပ်တင်လိုက်ပြီး ခန္ဓာကိုယ်ကို အလျင်အမြန် ရေသုတ်၍ အဝတ်အစားများကို ဝတ်ဆင်ကာ ရေချိုးခန်းမှ ထွက်လာခဲ့သည်။
သူသည် သူ၏အင်္ကျီကို လက်တစ်ဖက်တည်းဖြင့် ကြယ်သီးတပ်နေပြီး တံခါးကို သော့ဖွင့်ရန် အဆင်သင့်ဖြစ်နေချိန်တွင် ဆက်သွယ်ရေးစက်၏ တစ်ဖက်ခြမ်းမှ လူသည် ရုတ်တရက် ချောင်းဆိုးသံ ထွက်လာပြီး လည်ချောင်းကို ရှင်းကာ ဆွဲငင်သော အသံဖြင့် ပြောလိုက်သည်။
“အုပ်ချုပ်ရေးမှုးကြီး၊ ကိုယ့်အခန်းထဲမှာ ရေပူမရဘူး”
ချူစစ် : “...”
သူသည် ချက်ချင်း ရပ်တန့်သွားခဲ့သည်။
လျှပ်စစ်သော့သို့ သူထိုးသွင်းလိုက်သော လက်ချောင်းသည် တစ်ဝက်တွင် ရပ်တန့်သွားခဲ့ပြီး နံရံရှိ ခေါ်ဆိုမှုခလုတ်ကို နှိပ်ကာ ပြောလိုက်သည်။
“ဆာအာ့ယန်၊ မင်းဦးနှောက်မှာ ပြဿနာရှိနေတာလား?”
ဆက်သွယ်ရေးစက်မှ ဆူညံသံနှစ်ချက် ကြားရပြီး ပြန်ဖြေသည်။
“ဟုတ်မယ်၊ ငါလည်း အဲဒီလို ထင်တယ်”
ချူစစ် : “...မင်းက ငါ့ရဲ့ သောက်ကျိုးနည်း အိမ်နီးချင်းလေ… တံခါးခေါက်တာလိုမျိုး ရိုးရိုးရှင်းရှင်းကိစ္စကိုတောင် သင်ပေးဖို့ လိုနေသေးတာလား”
ဆာအာ့ယန် : “ ကိုးကြိမ်မှာ ရှစ်ကြိမ်လောက် မင်းက တံခါးဖွင့်မပေးဘူးလေ… အဲဒါကြောင့် ငါ ဒီလို ဆက်သွယ်လိုက်တာ”
ချူစစ် ပါးစပ်ဟကာ ဆဲချင်သေးသော်လည်း ဆက်သွယ်ရေးစက်မှ ဆူညံသံထွက်ပေါ်လာပြီး ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူ၏ အသံထွက်လာသည်။
“မင်းတို့ နှစ်ယောက် ဘာလုပ်နေကြတာလဲ? ငါ့ကို သေလောက်အောင် ခြောက်နေတာပဲ...”
ချူစစ် : “...”
ဆာအာ့ယန်ဆိုသည့် စိတ်မနှံ့သောလူအား သူ အလွန်အမင်း ဒေါသထွက်နေသောကြောင့် ဆက်သွယ်ရေးစက်သည် အများသူငှာ ထုတ်လွှင့်သည့်စနစ်ဖြစ်ကြောင်း မေ့သွားခဲ့သည်။
ချူစစ် မျက်ဝန်းအား အလုပ်ပေးလိုက်ပြီး သူ့ကိုယ်ပေါ်ရှိ စိုစွတ်နေသော အင်္ကျီကို ငုံ့ကြည့်လျက် ခုတင်ဘေးသို့ လျှောက်သွားကာ မျက်နှာအမူမရာမပြောင်းဘဲ ထိုင်လိုက်သည်။ ထို့နောက် ခုတင်ဘေး၌ တပ်ဆင်ထားသော ဆက်သွယ်ရေးစက်ရှိ နံပါတ် ၃ ကို နှိပ်လိုက်ပြီး အခန်းနံပါတ် ၃ ဘေးအခန်းရှိ ဆာအာ့ယန်ထံသို့ တိုက်ရိုက်ချိတ်ဆက်လိုက်သည်။
“အတွင်းလိုင်း တစ်လိုင်းတည်း ဆက်သွယ်ရေးကို မင်းသုံးတတ်အောင် မသင်ထားဘူးလား”
ချူစစ် စိတ်ဆိုးနေသော လေသံဖြင့် မေးလိုက်သည်။
ဤတစ်ကြိမ်တွင် ဆာအာ့ယန်၏အသံသည် ဆက်သွယ်ရေးစက်မှ မထွက်လာတော့ပေ။
“ငါသုံးတတ်တယ်၊ ဒါပေမယ့် မင်းရေချိုးနေမယ်ထင်လို့လေ၊ တစ်လိုင်းတည်း ဆက်သွယ်ရေးရဲ့ ချိတ်နိုင်တဲ့ အကွာအဝေးက ရေချိုးခန်းထိ မရောက်ဘူး”
‘အင်း… မင်းပြောတာလည်း မှန်ပါတယ်’
ချူစစ်၏မျက်နှာသည် မပြောင်းလဲဘဲ ရှိနေဆဲဖြစ်ပြီး ဂရုမစိုက်စွာဖြင့် ဆက်သွယ်မှုကို ဖြတ်တောက်လိုက်သည်။
နှစ်စက္ကန့်အကြာတွင် ခုတင်ဘေးရှိ ဆက်သွယ်ရေးစက်သည် နောက်တစ်ကြိမ် ‘ဒင်းဒင်းဟူ၍ ‘မြည်ပြီး အလိုအလျောက် ချိတ်ဆက်သွားသည်။
“အုပ်ချုပ်ရေးမှူးကြီး၊ ကျွန်တော် စကားမပြီးသေးဘဲ ဖုန်းချတာက မယဉ်ကျေးဘူးနော်”
ချူစစ် ပွင့်ပွင့်လင်းလင်းပြောလိုက်သည်၊
“ငါက ဘယ်တော့မှ မယဉ်ကျေးခဲ့ဘူး။”
ဆာအာ့ယန် အော်ရယ်လိုက်တော့၏။
“ဒါဆို… မင်းရေချိုးခန်း ခဏငှားလို့ရမလား?”
ချူစစ် ဆံပင်အား ရေသုတ်နေလျက် ပြန်ဖြေသည်။
“ငါအရင်က အခန်းနံပါတ် ၃ မှာ အစားအသောက်ရှာခဲ့တယ်ဆိုတာ သတိပေးချင်တယ်… သောက်ရေစစ်ဆေးတုန်းက ဘုံဘိုင်ခေါင်းကို စမ်းကြည့်ခဲ့တာ၊ ရေပူလည်း လုံလုံလောက်လောက် ရှိတယ်၊ ငါအိပ်တော့မယ်၊ မင်းကို အိပ်မက်ဆိုးတွေချည်းပဲ မက်ပါစေလို့ ဆုတောင်းပေးပါတယ်”
ပြောပြီးသည်နှင့် သူသည် ဆက်သွယ်ရေးလိုင်းအား အပြီးအပိုင်ပိတ်လိုက်ကာ ညအချိန် မနှောက်ယှက်ရန် လုပ်ဆောင်ချက်ကို ဖွင့်လိုက်ပြီး အခန်းနံပါတ် ၃ ၏ ဆက်သွယ်ရေးကုဒ်ကို ပိတ်ပင်တားမြစ်စာရင်းထဲသို့ ထည့်လိုက်သည်။
ဆာအာ့ယန်အကြောင်း အနည်းငယ် သိသူတိုင်းသည် သူက အလွန်အစွန်းရောက်ပြီး ထူးဆန်းသောစရိုက်ရှိသူ ဖြစ်ကြောင်း သိကြသည်။ တိတိကျကျဆိုရလျှင် ဤကမ္ဘာရှိ လူအများစုသည် သူ၏မျက်လုံးအတွင်းတွင် သာမန်လေထုသဖွယ်သာ ဖြစ်သည်။ သူသည် လူများကို စိတ်ဝင်စားခြင်းမရှိဘဲ သဘာဝအတိုင်းပင် မြင်တွေ့လိုခြင်းပင် မရှိချေ။
သူ့၏ စိတ်ဝင်စားမှုကို ရနိုင်သူများသည် နှစ်မျိုးသာရှိသည်။
ပထမအမျိုးအစားမှာ သူ့ထက် ပိုမိုအန္တရာယ်ရှိပြီး ထိန်းချုပ်ရခက်သူများ ဖြစ်သည်။ ပို၍အန္တရာယ်များလေလေ သူ ပို၍စိတ်ဝင်စားလေလေဖြစ်သည်။ သို့သော် ထိုကဲ့သို့သောသူများသည် ရှားပါးလှသည်။
ဒုတိယအမျိုးအစားမှာ သူလိုအပ်သောအရာတစ်ခုခု ပိုင်ဆိုင်ထားသူများဖြစ်ပြီး သူထိုအရာအား လိုချင်သောကြောင့် ထိုသူ့အား အာရုံစိုက်တတ်သည်။
ချူစစ်က သူသည် ပထမအမျိုးအစားမဟုတ်ဘဲ ဒုတိယအမျိုးအစားသာဖြစ်မည်ဟု ယုံကြည်သည်။
ဆာအာ့ယန်၏ ရည်မှန်းချက်နှင့် ပတ်သက်၍မူ သူ ကြိုတင်ခန့်မှန်းနိုင်သည်။ ချူစစ်ကို အသုံးချ၍ ရွှေနက်ထိန်းချုပ်ကိရိယာအား ဖယ်ရှားလိုခြင်းသာ ဖြစ်နိုင်သည်။
အမှန်တိုင်းပြောရလျှင် ယခုအခါ ဂြိုဟ်ပင် ပျက်စီးသွားပြီဖြစ်ရာ ထိန်းချုပ်ကိရိယာအား ဖယ်ရှားရန် လုံးဝမဖြစ်နိုင်သည်တော့ မဟုတ်ပေ။
သို့သော် ချူစစ်တစ်ဦးတည်း၏ လုပ်ပိုင်ခွင့်အာဏာဖြင့် ဤအရာကို အမှန်တကယ် ဆောင်ရွက်နိုင်မည် မဟုတ်ချေ။
သို့သော် သူသည် ဆာအာ့ယန်အား ယခင်က ပြောပြဖူးသည့်တိုင် ထိုစိတ်မနှံ့သူသည် ယုံကြည်လိမ့်မည်လော?
သေချာပေါက် ယုံမည် မဟုတ်ပေ။
အကြောင်းမှာ ကြီးမြတ်သော အုပ်ချုပ်ရေးမှူး ချူစစ်သည် မဆီမဆိုင် စကားများလွန်းပြီး ဤနယ်ပယ်တွင် သူ၏အထင်အမြင်သည် အလွန်ဆိုးရွားနေသောကြောင့်ဖြစ်သည်။ သူသည် ရံဖန်ရံခါ နှလုံးသားဖွင့်ပြီး စိတ်ရင်းမှန်ဖြင့် အမှန်တရားများကို ပြောသော်လည်း သူ့အား မည်သူတစ်ဦးတစ်ယောက်ကမျှ မယုံကြည်ကြပေ။
ချူစစ် သူ၏ဆံပင်ကို တစ်ဝက်လောက် ခြောက်အောင်သုတ်ပြီးနောက် တစ်ယောက်အိပ် အိပ်ရာပေါ်သို့ လဲလျောင်းလိုက်သည်။
အအေးထိန်းတောင့်အတွင်း၌ ကုန်ဆုံးခဲ့ရသော နှစ်ပေါင်း ၅၀ သည် ဇီဝလုပ်ငန်းဆောင်ခြင်းများ ယာယီရပ်ဆိုင်းထားရသည့် အချိန်ဖြစ်ပြီး ပုံမှန်အိပ်စက်ခြင်းမဟုတ်သည့်အတွက် အဖြစ်အပျက်အထူးအဆန်းများအား တစ်စုတစ်စည်းတည်း ကြုံတွေ့ခဲ့ရသော ချူစစ် အလွန်အိပ်ငိုက်နေပြီး မျက်လုံးမှိတ်လိုက်သည်နှင့် အိပ်ပျော်တော့သွားသည်။
သူသည် ၅၇၀၂ ခုနှစ်၏ ဆောင်းရာသီကို ထပ်မံ မြင်မက်မိသည်။
ယင်းဆောင်းရာသီသည် အလွန်အေးခဲလွန်းပြီး လျန့်နန်ပြည်နယ်၌ တစ်လလုံး နှင်းကျခဲ့ကာ နှင်းထူထပ်လှသည့် မီရာတောင်တန်းဆိုလျှင် ပြောစရာပင် မလိုတော့ချေ။
လေယာဉ်ပျက်ကြီး၏ ဧရာမအပိုင်းအစများသည် မီရာတောင်တန်း၏ အန္တရာယ်အရှိဆုံး ကျောက်ဆောင်များကြားတွင် ကျဆင်းနေသည်။
စာသားအတိုင်းပင် ‘ကြားတွင်’ ဖြစ်သည်။
၎င်း၏ ပျက်စီးနေသော ဘယ်ဘက်ဆင်းယာဉ်တောင်ပံသည် အရှေ့ဘက်ကျောက်ဆောင်ပေါ်၌ တင်နေပြီး မီးလောင်နေသော ညာဘက်ဆင်းယာဉ်တောင်ပံသည် အနောက်ဘက်ကျောက်ဆောင်ပေါ်တွင် တင်ရှိနေကာ ၎င်း၏ အလယ်ပိုင်းကိုယ်ထည်သည် လေထဲတွင် မတည်မြဲစွာ ချိတ်ဆွဲလျက်ရှိသည်။အိပ်မက်ထဲရှိ ချူစစ်၏ အခြေအနေသည် ထိုအချိန်က လက်တွေ့အခြေအနေနှင့် အတူတူပင်ဖြစ်ပြီး မည်သည့်ပြောင်းလဲမှုမျှ မရှိခဲ့ပေ။
သူ၏ ဘယ်ဘက်ခန္ဓာကိုယ်အပိုင်းသည် ထွက်ပေါက်တံခါးအတွင်းတွင် ရှိနေဆဲဖြစ်သော်လည်း၊ ထွက်ပေါက်တံခါးတစ်ခုလုံးသည် အလုံးစုံပျက်စီးနေပြီး ပုံပျက်နေသည်။ သူ၏ ခန္ဓာကိုယ်တစ်ဝက်နီးပါးသည် အရိုးအမှုန်များကဲ့သို့ ကြေမွနေပြီး နာကျင်မှုကိုပင် မခံစားရတော့သည်အထိ ဖြစ်နေသည်။
ထို့အပြင် သူ၏ ညာဘက်ခန္ဓာကိုယ်အပိုင်းသည် လေယာဉ်ပျက်အတွင်း၌ အန္တရာယ်ရှိစွာ ချိတ်ဆွဲလျက်ရှိပြီး သူ့လက်ဖြင့် သုံးနှစ်အရွယ်ကလေးတစ်ဦးကို ကိုင်ထားသည်။ ထိုကလေး၏ခြေထောက်များသည် ပေထောင်ချီနက်ရှိုင်းသော ချောက်ကမ်းပါးအထက်တွင် ရှိနေသည်။ သူလက်လျှော့လိုက်သည်နှင့်၊ ထိုကလေးသည် ငိုကြွေးရန် အချိန်ပင်မရှိဘဲ ပျောက်ကွယ်သွားလိမ့်မည်။
အမှန်တွင် သူ့အတွက်ဆိုလျှင် သုံးနှစ်အရွယ်ကလေးတစ်ယောက်သည် လေးလံသည်မဟုတ်ပါ။
သို့သော် ထိုအလွန်အေးခဲသော တောင်တန်းများကြားရှိ ဆောင်းမုန်တိုင်းကြား၌ အကူအညီမရှိဘဲ ကလေးတစ်ဦးအား လက်တစ်ဖက်တည်းဖြင့် ကိုင်ထားပါလျှင် တစ်နာရီအတွင်း လက်များကား အားပြတ်သွားတတ်ပေသည်။
ထို့အပြင် ချူစစ်ကား ၁၃ နာရီကြာ ဆက်လက်ကိုင်ထားခဲ့သည်။
သူကိုယ်တိုင်ပင် ကျန်ရှိသော စိတ်အားထက်သန်မှု အနည်းငယ်ကိုသာ အားကိုးပြီး ဆက်လက်အားတင်းနေရသည်။
ကံကောင်းထောက်မစွာပင် စမ်းသပ်အဖွဲ့ အများစုသည် အရေးပေါ်လေယာဉ်ဆင်းသည့် အချိန်တွင် အသက်ကယ် ဖန်ပြွန်များနှင့်အတူ ပစ်ထုတ်ခံခဲ့ရသည်။ ကြိုးတစ်ချောင်းကို ခြေချော်ပြီး လေယာဉ်တံခါးမှ ချော်ထွက်သွားသော ကလေးနှင့် သူတို့ကိုကယ်တင်ခဲ့သည့် ချူစစ်တို့သာ ထွက်ပြေးရန် အကောင်းဆုံးအချိန်ကို လွတ်ခဲ့ပြီး ပေါက်ကွဲနေသော လေယာဉ်တံခါးအတွင်းတွင် ပိတ်မိသွားကာ မီရာတောင်တန်းထဲသို့ ကျဆင်းသွားခဲ့ကြသည်။
သူတို့သည် ထိုနေရာတွင် ၁၃ နာရီကြာ တွဲလောင်းကျနေခဲ့ရသည်။
အိပ်မက်ထဲ၌ပင် ချူစစ်သည် လူကို သတိလစ်ပြီး စိတ်အားထက်သန်မှု ဆုံးရှုံးစေသည့် ထိုအေးခဲမှုမျိုးအား ရှင်းရှင်းလင်းလင်း ခံစားရဆဲဖြစ်သည်။
လေယာဉ်၏ လက်နက်သိုလှောင်ခန်း ပေါက်ကွဲသည့်အခါ မျက်စိစူးစေသော အလင်းတန်းကြောင့် သူ၏မျက်လုံးများတွင် မခံနိုင်သည့် နာကျင်မှုလည်း ရှိသည်။
နောက်ဆုံးတွင် သူသည် ထိုဒဏ်ရာဒဏ်ချက်အတွင်း သတိလစ်သွားခဲ့ပြီး နောက်တစ်ကြိမ် နိုးလာသည့်အခါ သိမ်းငှက်ဖြူ စစ်ဆေးရုံ၏ အထူးကြပ်မတ်ကုသရေးဌာနတွင် လဲလျောင်းနေပြီဖြစ်သည်။ ဆရာဝန်ကြီး ရှောက်သည် သူ၏ပုံသေဖြစ်သော မျက်နှာသေဖြင့် သူ့အား ပြောခဲ့သည်။
“အသက်ကယ်လို့ရတာ တကယ်ကို ကံကောင်းတယ်၊ မင်းရဲ့ဘယ်ဘက်ခန္ဓာကိုယ် ၇၀% က ပြင်းပြင်းထန်ထန် ပျက်စီးနေတယ်၊ ဉာဏ်ရည်တုစက်ပစ္စည်းတွေ အသုံးပြုရတော့မယ်...”
အိပ်မက်ထဲရှိ ဒေါက်တာရှောက်စကား၏ ဒုတိယတစ်ဝက်သည် မပီမသဖြစ်နေပြီး သတိပေးချက်သံကြောင့် ကြားဖြတ်ခံရကာ ထိုအသံသည် ဝေးရာမှ နီးလာပြီး ပို၍ရှင်းလာသည်သာမက ပို၍ကြမ်းတမ်းလာသည်...။
နှစ်စက္ကန့်အကြာတွင် ချူစစ် ရုတ်တရက် သတိထားမိလိုက်သည်။ ထိုသတိပေးချက်သံသည် အိပ်မက်ထဲမှ အသံမဟုတ်ပါ!
အကျဉ်းထောင်အစောင့်အခန်း နံပါတ် ၂ တွင် ချူစစ် ခုတင်ပေါ်မှ အလျင်အမြန် လှိမ့်ထလာခဲ့သည်။
ခေါင်မိုးတွင် တပ်ဆင်ထားသော ဆက်သွယ်ရေးစက်မှ ထွက်ပေါ်နေသည့် နားကန်းလုနီးပါး သတိပေးသံသည် ရပ်တန့်သွားခြင်းမရှိသေးပေ။
သူသည် ခုတင်ဘေးမှ စားပွဲပေါ်ရှိ ဆက်သွယ်ရေးစက်ကို ကောက်ယူကာ သူ၏အိတ်ကပ်အတွင်းသို့ ထည့်လိုက်ပြီး တံခါးမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်ခွာသွားသည်။
“SkyEye? ဘာဖြစ်နေတာလဲ—“