အခန်း (၁၇) - အစီအစဉ်တစ်ခု စဉ်းစားခြင်း
ကြမ်းသုတ်ဝတ်ဆံပင်နှင့်လူသည် ကျိုးပဲ့နေသောအစအန၏အစွန်းမှ လျှောကျခြင်းအား ရပ်တန့်ရန် ခက်ခဲလာချိန်တွင် သူ၏ခြေကျင်းဝတ်ကို တစ်စုံတစ်ဦး၏လက်ဖြင့် ဆုပ်ကိုင်လာသည်ကို သူခံစားမိလိုက်ပြီး လျှောကျမှုသည် ရုတ်တရက် ရပ်တန့်သွားသည်။
"ဘယ်သူလဲ?!"
ဂျင် ခက်ခဲစွာပင် ခေါင်းလှည့်ကြည့်လိုက်သည်။
"ဘယ်သူပဲဖြစ်ဖြစ်… ကျေးဇူးပြုပြီး လက်မလွှတ်လိုက်ပါနဲ့!"
သူသည် သွားများကြိတ်ကာ ဤစကားကို ပြောလိုက်ပြီး စကားလုံးတစ်လုံးချင်းစီသည် သူ၏နှုတ်ခမ်းများကြားမှ လေးနက်စွာ ထွက်လာသည်။
သူ့အား ဆွဲထားသူသည် အမည်းရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး အောက်ဆီဂျင်မျက်နှာဖုံး တပ်ဆင်ထားကာ ည၏အမှောင်နှင့် ရောနေသောကြောင့် သူ၏ပုံရိပ်ကို အတိအကျမြင်နိုင်ခြင်းမရှိပေ။
'ဆာအာ့ယန်လား?’
ဖြစ်နိုင်သည်မှာ အောက်ဆီဂျင်မျက်နှာဖုံးကြောင့်ဖြစ်မည်။ ဂျင်၏ ပထမဆုံးထင်မြင်ချက်သည် ဆာအာ့ယန်ပင် ဖြစ်သည်။
ဤအတွေးသည် သူ၏စိတ်ထဲတွင် လျှပ်တပြက်ပေါ်လာသည်နှင့်တပြိုင်နက် သူသည် အစွန်းတွင် ချိတ်ကျန်နေသော ချူစစ်အား အော်ဟစ်ပြောလိုစိတ်ပင် ဖြစ်ပေါ်လာသည်။
"ငါတို့ တကယ်ပဲ ကယ်တင်ခံရတော့မယ်"
အဘယ်ကြောင့်ဆိုသည်ကိုမူ သူကိုယ်တိုင်လည်း မသိပေ။
သို့သော် မကြာမီ သူနားလည်သွားသည်မှာ သူ့အား ဆွဲကိုင်ထားသူသည် ဆာအာ့ယန် မဖြစ်နိုင်ဟူ၍ပင်။
အကြောင်းမှာ ထိုလူသည် ခြေဖျားကို မြေကြီးအတွင်းထိအောင် ခိုင်မြဲစွာထောက်ပြီး ခန္ဓာကိုယ်ကို နောက်ပြန် အတင်းဆွဲထားသည့် ပုံစံမှာ လူတစ်ယောက်တည်းက လူသုံးယောက်အား ဆွဲတင်ရန် ဧကန်မုချ ခက်ခဲနေပုံပေါ်သောကြောင့်ပင်။
မည်သည့်အကြောင်းကြောင့် မသိ။ သူ့စိတ်ထဲတွင် ထိုထောင်ပြေးသာ ဖြစ်ခဲ့လျှင် ဤမျှခက်ခဲမည်မဟုတ်ကြောင်း ခံစားရသည်။ ဟုတ်ပေသည်... မည်သည့်အရာကမှ သူ့အတွက် ခက်ခဲမည်မဟုတ်ပေ။ သူသည် ရလဒ်အမျိုးမျိုးရှိသည့် အရာရာတိုင်းကိုပင် လုပ်နိုင်သကဲ့သို့ ခံစားရသည်။
ဤသည်မှာ အဘယ်ကြောင့်ဆိုသည်ကို သူကိုယ်တိုင်လည်း မသိပြန်ပေ။
သို့သော် နောက်တစ်စက္ကန့်အတွင်းမှာပင် သူ စိတ်ငြိမ်သွားခဲ့သည်။ အကြောင်းမှာ တွဲလောင်းချိတ်ခံထားရသည့် ချူစစ်သည်လည်း တုန်လှုပ်သွားကာ မျက်မှောင်ကြုတ်ရင်း မရည်ရွယ်ဘဲ "ဆာအာ့ယန်လား" ဟု မေးမိသည်ကို မြင်လိုက်ရသောကြောင့်ပင်။
'ကြည့်လေ… အုပ်ချုပ်ရေးမှူးကြီးရဲ့ ဦးနှောက်ပါ ချို့ယွင်းသွားပြီ’
သူတို့၏ ဦးနှောက်များ တစ်ခုပြီးတစ်ခု ချို့ယွင်းနေချိန်တွင် လူတစ်ယောက်တည်းက သုံးယောက်ကို ဆွဲတင်နေရသော ကောင်းကင်တမန်သည် စကားစပြောလိုက်သည်။
"ငါ ဘယ်သူပဲဖြစ်ဖြစ်၊ နည်းနည်းလေး ပိုအားစိုက်လုပ်စမ်းပါ! အဖိုးလက်က ကျိုးတော့မယ်ကွ!"
"ငါ့အူတွေ ထွက်ကျတော့မလိုပဲ..."
ဂျင်က နာကျင်မှုကို ခံစားရပြီး ငိုကြွေးတော့မည့်ပုံပင် ပေါက်နေသည်။
"အုပ်ချုပ်ရေးမှူးကြီး…အစီအစဉ်တစ်ခု စဉ်းစားပါဦး! ငါ့ခြေထောက်ထားစရာ နေရာရှိလား?"
အောက်ဆုံး၌ တွဲလောင်းချိတ်ခံထားရသော ချူစစ်ကား သူများလက်အောက် အလွယ်တကူ မခံလိုသော်လည်း ယခုမူ သူက အောက်ဆုံးတွင် ရှိနေသည်။
သို့ဖြင့် သူစဉ်းစားတွေးခေါ်ရန် စတင်လိုက်သည်။
အုပ်ချုပ်ရေးမှူးကြီးချူစစ်၏ လူကို ကယ်တင်ခြင်းနှင့် စိတ်သက်သာရာရစေခြင်း နည်းလမ်းများသည် အလွန်ပင် ထူးခြားလှသည်။
သူသည် ကျောပိုးအိတ်ကို ကိုင်ထားသော လက်ကို ပါးစပ်ထံသို့ မြှောက်တင်လိုက်ပြီး သွားများဖြင့် လက်ကောက်ဝတ်ရှိ ကွင်း၏ အပေါက်မှ သတ္တုတောင့်ကလေးများမှ တစ်လုံးကို ဆွဲထုတ်လိုက်သည်။
ဂျင် မှန်းထားသကဲ့သို့ပင် ထိုသတ္တုတောင့်ကလေးများသည် ဗုံးတစ်မျိုးပင် ဖြစ်သည်။
သို့သော် ဤဗုံးအမျိုးအစားသည် အတန်ငယ်ထူးခြားသည်။ ၎င်းသည် ဆူညံသံမရှိသော ဗုံးတစ်မျိုးဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်ကာ သိမ်မွေ့သည်။ ၎င်း၏ အားနည်းချက်မှာ ပေါက်ကွဲနိုင်သော ဧရိယာ အတန်ငယ်သေးငယ်ခြင်း ဖြစ်သော်လည်း ၎င်း၏ အားသာချက်မှာ အပြင်ဘက်လှိုင်း တွန်းကန်အား ပိုမိုပြင်းထန်ခြင်း ဖြစ်သည်။
၎င်းသည် တိတ်တဆိတ် ပေါက်ကွဲစေကာ မိမိတို့၏လူအား အနည်းငယ် ပိုဝေးရာသို့ တွန်းပို့နိုင်သည်။
ချူစစ် သတ္တုတောင့်၏အောက်ခြေကို လျှာဖျားဖြင့် ဖိထားပြီး သွားများဖြင့် ဖြေလျှော့လိုက်သည်။
နဂါးတိုင်ကြီး၏ ဒြပ်ဆွဲအားစနစ်သည် အနည်းငယ် ရောထွေးနေခဲ့ကာ သွားရာလမ်းကြောင်း အနည်းငယ် ကောက်ကွေ့နေသော်လည်း သတ္တုတောင့်ကလေးသည် မျက်စိတစ်မှိတ်အတွင်း ချူစစ်၏ ခြေထောက်များအောက် မီတာဆယ်ဂဏန်းခန့် အကွာသို့ ကျဆင်းသွားပြီး ရုတ်တရက် ပေါက်ကွဲသွားခဲ့သည်။
ဆူညံသံကို ကန့်သတ်ထားမှုသည် အလုပ်ဖြစ်သော်လည်း ပေါက်ကွဲမှု၏ တွန်းကန်အားသည် မယုံနိုင်စရာကောင်းစွာ ပြင်းထန်နေဆဲဖြစ်သည်။
မီးလျှံများ လျှပ်တစ်ပြက် လင်းလက်သွားချိန်တွင် တွဲလောင်းကျန်ရစ်နေသော လူသုံးဦးသည် ပျံတက်သွားကြသည်။
ဂျင် ဘေးသို့ လဲကျသွား၍ လူးလိမ့်ပြီး အနည်းငယ်ကြာမှ ရပ်တန့်သွားသည်။
လူသုံးဦးကို ဆွဲတင်နေရသော ကောင်းကင်တမန်သည်လည်း မြေပြင်ပေါ်သို့ လဲကျသွားသည်။ မီးခိုးမှုန်များထဲ၌ အိတ်နက် နှစ်လုံးသည် ရုတ်တရက် လွင့်ထွက်လာပြီး တောင်ပုံယာပုံ ဒိုင်းခနဲ အသံမြည်လျက် ပြုတ်ကျလာသည်ကို သူ အံ့အားသင့်စွာ ငေးကြည့်နေမိသည်။
"ဘာလဲကွာ?!"
ထိုကောင်းကင်တမန်သည် ကြမ်းတမ်းစွာ အော်ဟစ်လိုက်သည်။
ဘမ်း၊ဘမ်း
အိတ်နက်နှစ်လုံးသည် တစ်ချိန်တည်း၌ပင် ကျရောက်လာပြီး မြင့်တက်လာသော မီးခိုးမှုန်များလည်း နောက်ဆုံးတွင် ကြွေကျပျောက်ကွယ်သွားသည်။
ချူစစ်သည်လည်း ဘေးသို့လှိမ့်ကျသွားကာ မြေပြင်ပေါ်သို့ ကျရောက်သွားပြီး သူ၏ လက်တစ်ဖက်ဖြင့် ကလေးငယ်လေးကို ပွေ့ဖက်ထားသည်။ သူ၏အခြားတစ်ဖက်တွင် ရှိသော တံတောင်ဆစ်သည် မာကျောသည့် မြေပြင်ကို အားပြုကာ အုပ်ကာထားပြီး လက်ဝါးဖြင့် ကလေးငယ်၏ခေါင်းကို ကာကွယ်ပေးထားသည်။
ထိုကောင်းကင်တမန်သည် အံ့အားသင့်စွာ ငေးမောပြီး မြေကြီးပေါ်တွင် လှဲနေဆဲဖြစ်ကာ ထထိုင်ရန် မေ့လျော့နေဆဲ ဖြစ်သည်။ သူသည် မယုံနိုင်ဖွယ်ရာအဖြစ်ကို ပြောလိုက်သည်။
"ငါက မင်းတို့ကို နည်းနည်းလေး အားစိုက်လုပ်ဖို့ပဲ ပြောတာ၊ နည်းနည်းလေးကွ၊ မင်းတို့က ကိုယ့်ကိုယ်ကိုယ် ဗုံးနဲ့ပေါက်ချလိုက်တာလား???"
ဂျင်လည်း စက္ကန့်အနည်းငယ်ကြာ အံ့အားတသင့် ငေးမောနေပြီးနောက် လှဲချလိုက်ကာ လှိမ့်သွားပြီး ချောက်ကမ်းပါးဘက်သို့ တုန်တုန်ရီရီဖြင့် သွားလျက် ထပ်တလဲလဲ ရွတ်ဆိုနေမိသည်။
"မင်းတို့က ကိုယ့်ကိုယ်ကိုယ် ဗုံးနဲ့ပေါက်ချလိုက်တာလား..."
ချူစစ်ကား အမှန်စင်စစ်တွင် ပေါက်ကွဲမှု၏ အဓိကတွန်းအားကို ခံခဲ့ရကာ မြေပြင်ပေါ်သို့ လှိမ့်ကျပြီးနောက်တွင် ကလေးငယ်လေးကို ဆက်လက်ကာကွယ်ပေးထားသည်။ သူ၏ ပခုံးနှင့် ကျောရိုးတစ်ခုလုံးသည် အရိုးများ ကျိုးပြီး ပြန်စီထားရသကဲ့သို့ပင် ခံစားနေရသည်။
သူခေါင်းငုံ့ပြီး အတော်ကြာသည်အထိ ငြိမ်နေခဲ့မှသာ အခြေအနေသည် ဖြည်းဖြည်းချင်း ပြန်လည် ကောင်းမွန်လာခဲ့သည်။
ဂျင် လက်နှစ်ဖက်ကို မြှောက်ပြပြီး သူ့ကိုထိရန် အနည်းငယ်ကြောက်နေကာ စိုးရိမ်ပူပန်စွာဖြင့် မေးမြန်းလာသည်။
“သတိရှိသေးရဲ့လား? ခေါင်းက နာနေလား? လှုပ်လို့ရလား? ဘယ်နေရာက သက်သောင့်သက်သာမရှိ ဖြစ်နေလဲ? ပါးစပ်ထဲမှာ သွေးတွေပါနေလား—"
သူ၏ စိုးရိမ်ပူပန်သော စကားများ မပြီးဆုံးမီတွင် ချူစစ်သည် သူ့ထံသို့ လက်ချောင်းတစ်ချောင်း ထောင်ပြလိုက်သည်။
ဂျင် ချက်ချင်းပင် စကားများရပ်တန့်သွားကာ သတိထားပြီး စောင့်ကြည့်နေလိုက်သည်။
မိနစ်အနည်းငယ်ကြာပြီးနောက် ချူစစ်သည် နောက်ဆုံးတွင် ကလေးငယ်၏ခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်ပြီး မေးသည်။
“တစ်နေရာရာက ထိခိုက်မိသွားသေးလား"
ကလေးငယ်လေးသည် လုံးဝမထိတ်လန့်သကဲ့သို့ ထိခိုက်ဒဏ်ရာလည်း မရှိခဲ့ပေ။ သူမသည် ချူစစ်၏ လက်ဝါးအောက်တွင် မျက်တောင်ခတ်လိုက်ပြီး ခေါင်းကို ခါလိုက်သည်။
"ငါ့ကတော့ သေလောက်အောင် လန့်သွားတယ်..."
ဂျင်က သူတို့နှစ်ဦးစလုံး ပြဿနာမရှိကြောင်း မြင်ရသည့်အခါ ရှည်လျားစွာ သက်ပြင်းချလိုက်သည်။
သူသည် ချူစစ်၏ ပွေ့ဖက်ထားသော လက်တို့မှ ကလေးငယ်လေးအား သတိကြီးစွာဖြင့် ယူပြီး စိုးရိမ်ပူပန်စွာဖြင့် ထပ်မံစစ်ဆေးကြည့်လိုက်သည်။
ထို့နောက် ချူစစ် ထိုင်လိုက်ပြီး လည်ပင်းနောက်ဘက်နှင့် ပခုံးများကို ပွတ်သပ်ကာ အဆစ်များကို လှည့်ပတ်လှုပ်ရှားလိုက်ပြီး ကိုယ်ပေါ်ရှိ အမှိုက်သရိုက်နှင့် ဖုန်မှုန့်များကို သုတ်လိုက်သည်။
ထိုကောင်းကင်တမန်သည် ခေတ္တမျှ ရပ်တန့်ငေးမောနေပြီးနောက် "ချီးပဲ" ဟု ထပ်မံပြောကာ မတ်တတ်ရပ်ပြီး အိတ်နက်နှစ်လုံးကို သယ်ယူလိုက်သည်။
"ဟေ့၊ ဒါတွေက လေးလိုက်တာ..."
"မင်းတို့တွေ ဘယ်သူတွေလဲ?"
ထိုကောင်းကင်တမန်၏ အသံသည် အောက်ဆီဂျင်မျက်နှာဖုံးအောက်မှ ထွက်ပေါ်လာပြီး အလွန်နုနယ်သန်မာကာ မောက်မာသောအသံဖြင့် ဆိုလာသည်။
"အဖိုးမှာ ဒီအိတ်နက်နှစ်လုံးရှိနေပြီ၊ ယုတ္တိတန်တဲ့ ရှင်းလင်းချက်မပေးဘူးဆိုရင် ပြန်မပေးဘူး"
ဂျင် အံ့အားသင့်သွားသည်။
"ဒါပေမယ့် ခုနကတင် မင်း ငါတို့ကို ကယ်တင်ပေးတာပဲလေ?"
"အဲဒါနဲ့ ဒါနဲ့က တစ်ခြားစီပါကွာ"
ထိုကောင်းကင်တမန်က သူ၏ မေးစေ့ကို ကုတ်ခြစ်လျက် ပြောသည်။
ချူစစ် မီးခိုးငွေ့များကြောင့် ချောင်းဆိုးလိုက်ပြီး သူ၏အသံမှာ အနည်းငယ်ပြာနေကာ ထိုကောင်းကင်တမန်ဘက်သို့ လက်ညွှန်ပြရင်း ပြောသည်။
"ကျေးဇူးပြုပြီး မျက်နှာဖုံးကို ချွတ်ပြပါ၊ မင်းမျက်နှာကို ငါကြည့်ချင်တယ်… မင်းအသံကို ငါ နည်းနည်း ရင်းနှီးသလိုပဲ၊ အထူးသဖြင့် 'အဖိုး' ဆိုတဲ့ အခေါ်အဝေါ်ပဲ"
ထိုကောင်းကင်တမန်က ဆဲဆိုလျက် ပြောသည်။
"ဘာဖြစ်လို့လဲ? မင်းပြောလိုက်တာနဲ့ အဖိုးက ချွတ်ပြရမှာလား? ဒီလိုလှည့်စားမှုတွေ အဖိုး အရင်က ကစားဖူးပြီးသားပါကွာ-"
ချူစစ်က ဂရုမစိုက်သကဲ့သို့ ပခုံးတွန့်ပြပြီး မတ်တတ်ထရပ်ကာ လက်ဖဝါးပြင်ဖြင့် မျက်နှာကို သုတ်လိုက်၍ တွေးကြည့်ကာ ပြောလိုက်သည်။
"...ထန်? လုံခြုံရေးအဆောက်အဦး အထူးလေ့ကျင့်ရေးစခန်း တတိယအသုတ်က လူနဲ့တူတယ်"
ထန် တုန်လှုပ်သွားသည်။
"မင်းက ဘယ်သူလဲ?"
သူစကားပြောပြီးသည်နှင့် ချူစစ်က ချဉ်းကပ်လာပြီဖြစ်ကာ အသံမပြာတော့ပေ။
"အိုး... မင်းတို့ လေ့ကျင့်ရေးသားတွေ ဖြစ်နေတုန်းက မင်းတို့ကို လေ့ကျင့်ပေးခဲ့တဲ့သူက ငါပဲ"
ထန် : "..."
သူ့လက်ထဲရှိ အိတ်နက်နှစ်လုံးသည် ဒိုင်းခနဲ ပြုတ်ကျသွားသည်။
"အုပ်ချုပ်ရေးမှူးကြီး... ချူလား?"
ချူစစ်သည် အနားသို့ ချဉ်းကပ်လာလျက် သူ၏အင်္ကျီလက်ကို တံတောင်ဆစ်အထိ ခေါက်တင်လိုက်ပြီး ထန်ဘက်သို့ ခေါင်းညိတ်ပြသည်။
" အဖိုးရေ... မှတ်ဉာဏ်ကောင်းလိုက်တာ"
"..."
ထန်သည် ထွက်ပြေးရန် စဉ်းစားမိနေမိသကဲ့သို့ ခြေနှစ်လှမ်း ပြန်ဆုတ်ပြီးနောက် လက်ရှိအခြေအနေကို ပြန်သတိရလာကာ ယဉ်ကျေးစွာဖြင့် အိတ်နက်များကို ပြန်ကောက်ယူပြီး ချူစစ်ထံ ပေးလိုက်သည်။
"ဟေ့... ကျွန်တော့်ကို မနောက်ပါနဲ့လားဗျာ၊၊ အဲဒါက ကျွန်တော်မှားသွားတာပါ၊ အဓိကက လက်ရှိအခြေအနေက ထူးခြားနေတော့ သတိထားရတယ်လေ”
"ဘယ်လိုမျိုးလဲ?"
ချူစစ်က မေးလိုက်သည်။
"ဒါက နည်းနည်း ရှည်တယ်..."
ထန်က ဘယ်ညာကြည့်လိုက်သည်မှာ ဤနေရာတွင် ရှင်းပြရန် ရည်ရွယ်ထားပုံ မရပေ။
"ခင်ဗျားတို့ ဘာလို့ခိုးဝင်လာ... အင်း... ဒီကိုရောက်လာတာလဲ?"
"ငါတို့ မူရင်းအပိုင်းအစမှာတုန်းက မတော်တဆမှုဖြစ်ခဲ့တယ်၊ ဆက်နေလို့မရတော့ဘူး… နေရာပြောင်းလို့ရမလားလို့ ကြည့်ဖို့လာတာ"
ချူစစ်သည် အိမ်နီးချင်းထံ အလည်လာသကဲ့သို့ ရိုးရှင်းစွာပင် ပြောလိုက်သည်။
ထန် :"..."
သူသည် ပတ်ဝန်းကျင်ကို ထပ်မံကြည့်ရှုကာ တစ်စုံတစ်ရာအတွက် သတိထားနေဟန်ရှိပြီး ချူစစ်နှင့် အခြားသူများထံ လက်ဝဲပြကာ ပြောလိုက်သည်။
"ငါနဲ့ လိုက်ခဲ့၊ အရင်ဆုံး စခန်းကို ပြန်ကြရအောင်"
ချူစစ်က မျက်ခုံးပင့်ကြည့်လာသည်။
"စခန်းလား?"
ထန်က ပြောသည်။
"ဟုတ်တယ်၊ ဟုတ်တယ်… နားလို့ရတဲ့အခါ အကုန်ရှင်းပြတာပေါ့"
သူတို့သည် ထန်နောက်သို့ လိုက်ပြီးနောက် မျက်စိတစ်မှိတ်အတွင်း သစ်တောအတွင်းတွင် ပျောက်ကွယ်သွားကြသည်။
ဂျင်က ချူစစ်အား တိုးညှင်းစွာ မေးသည်။
"ဘယ်လိုလေ့ကျင့်ရေးစခန်းလဲ? မင်းက သူတို့ကို ခေါင်းဆောင်ခဲ့တာလား? သူတို့က ယုံကြည်ရလား?"
ချူစစ် အုပ်ချုပ်ရေးမှူးအဖြစ် အမှတ်(၅)ရုံးသို့ ရာထူးတိုးမခံရမီ လုံခြုံရေးအဆောက်အဦး၏ အထူးလေ့ကျင့်ရေးစခန်းတွင် ကာလကြာမြင့်စွာ နေထိုင်ခဲ့သည်။
၎င်းသည် လုံခြုံရေးအဆောက်အဦးအောက်ရှိ အရေးအကြီးဆုံးနေရာများထဲမှ တစ်ခုဖြစ်ပြီး အထူးသီးသန့်အရည်အချင်း အမျိုးမျိုးအတွက် ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်သင်ကြားမှုများ ပေးအပ်ကာ လုံခြုံရေးအဆောက်အဦး၏ အထူးတာဝန်ထမ်းဆောင်မှုများအတွက် သူရဲကောင်းများ သိုလှောင်ရာနေရာ ဖြစ်သည်။ ထိုအရပ်မှ ထွက်လာသော လေ့ကျင့်ရေးသားများသည် တာဝန် စတင်ထမ်းဆောင်သည်နှင့်တစ်ပြိုင်နက် မတည်ရှိသည့်လူများကဲ့သို့ ဖြစ်သွားကြသည်။
သူတို့တွင် တည်ငြိမ်သောအမည်၊ တည်ငြိမ်သောအလုပ်၊ တည်ငြိမ်သောမိသားစုနှင့် မိတ်ဆွေများ... စသည်တို့ နောက်ထပ်ရှိတော့မည် မဟုတ်ပေ။ မပြောင်းလဲနိုင်သော သစ္စာရှိမှုတစ်ခုတည်းသာ ကျန်ရစ်ခဲ့သည်။
ချူစစ်သည် လေ့ကျင့်ရေးသားအဖြစ် နှစ်နှစ်ကြာပြီး ဆယ်စုနှစ်ကျော်ကြာပြီးနောက် အုပ်ချုပ်ရေးမှူးလေ့ကျင့်ရေးအရာရှိအဖြစ် ငါးနှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သဖြင့် ဤအကြောင်းကို အလွန်နားလည်သည်။
သူ ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ယုံကြည်လို့ရတယ်”
ဂျင် သူနောက်သို့ ခြေလှမ်းအနည်းငယ် ထပ်လိုက်ပြီး အနည်းငယ်စိုးရိမ်နေဆဲဖြစ်ကာ ထပ်မံပြောသည်။
"လေ့ကျင့်ရေးစခန်းက လူတစ်ယောက်ယောက်နဲ့ ဥပမာပေးလို့ရမလား? ငါသိထားတဲ့သူဆိုရင် ပိုကောင်းမယ်"
ချူစစ် : "ငါ"
ဂျင် : "ငါသိတယ်…. ငါသိတယ် ၊ ငါဆိုလိုချင်တာက... တခြားတစ်ယောက်ယောက်ရှိလား?"
ချူစစ် ထိုစကားကိုကြားသောအခါ စက္ကန့်ပိုင်းမျှတွေးပြီးနောက် တောက်ခေါက်ကာ ပြောလိုက်သည်။
"ဟုတ်တယ်၊ မင်းသိထားတဲ့သူတစ်ယောက် အဲဒီလေ့ကျင့်ရေးစခန်းမှာ ရှိခဲ့ဖူးတယ်၊ ဒါပေမယ့် သူကတော့ နှစ်ငါးဆယ်အတွင်း တစ်ခုတည်းသော ဖတ်စာအုပ်ထဲက အနုတ်လက္ခဏာရဲ့ ဥပမာပဲ"
ဂျင် : "ဘယ်သူလဲ..."
ချူစစ် : "ဆာအာ့ယန်"
ဂျင် : "..."
‘မင်းတို့တွေ ဘဝမှာ ဘယ်လိုမျိုးတွေ ကြုံခဲ့ရတာလဲကွာ?!’