အခန်း (၁၉) - အရှေ့မျှော်စင်၏ ထူးဆန်းဖြစ်ရပ်
"ငါ့ရဲ့ချစ်သောလေးတို့ရေ… ထွက်လာပြီး လူကြီးမင်းတွေကို ကြိုဆိုလိုက်ကြတော့၊ နောက်ပြန်ဆုတ်မနေနဲ့တော့"
ထန်က သူ၏လက်ခလယ်တွင် ချိတ်ဆွဲထားသော လက်ကိုင်မီးအိမ်လေးကို ဖွင့်လိုက်ပြီး အဖြူရောင်အလင်းတန်းဖြင့် ပြတင်းပေါက်တန်းကို ညွှန်းလိုက်သည်။
"မြန်မြန်ထွက်လာကြတော့"
"မင်းကို ဘယ်နှကြိမ်ပြောပြီးပြီလဲ… လက်ခလယ်မှာ မီးအိမ်လေးမချိတ်နဲ့တော့၊ မင်းလက်ခလယ်ထောင်ပြလိုက်တိုင်း ငါ့မသိစိတ်ကနေ မင်းမျက်နှာကို တစ်ချက်လောက် ပိတ်ရိုက်ချင်စိတ် ပေါ်လာတယ်"
အတွင်းမှလူတစ်ဦးက လက်ဖဝါးပြင်ဖြင့် မျက်နှာကိုကာလျက် ဆဲဆိုသည့် စကားသံနှင့်အတူ အိမ်ထဲမှထွက်လာသည်။
ချူစစ်၏ လက်ချောင်းများသည် လှုပ်ရှားမှုနှင့်အတူ သူကိုင်ထားသော ဆက်သွယ်ရေးကိရိယာကို လှည့်ပစ်လိုက်ကာ သူ၏အိတ်ကပ်ထဲသို့ ပြန်ထည့်လိုက်သည်။
သူသည် ထန်၏လက်ချောင်းရှိ မီးရောင်ဖြင့် အလင်းပြထားသော လူစုကို မျက်ဝန်းမှေးကာ ကြည့်လိုက်သည်။
ပထမဆုံးလူသည် မန်လီမြို့မျိုးရိုးအမွေအနှစ်အဖြစ် ထင်ရှားသော အလှပဆုံး မိန်းကလေးတစ်ဦးဖြစ်သည်။ ကြယ်များပြွတ်သိပ်နေသောည၌ပင် သူမ၏အသားအရေသည် ဖြူဖွေးနေပြီး ရှည်လျားသော အညိုရောင်ဆံပင်ကို ခေါင်းနောက်ဘက်တွင် အမြင့်စည်းထားသည်။ သူမသည် စွပ်ကျယ်အင်္ကျီအကျပ်နှင့် စစ်ဘောင်းဘီကို ဝတ်ဆင်ထားပြီး လက်မောင်းပေါ်ရှိ တစ်ဆယ် စင်တီမီတာရှည်သော အမာရွတ်ကို ဂုဏ်ယူစွာ ပြသထားသည်။
သူမသည် ပထမဦးစွာ မျက်နှာပေါ်တွင် ခံစားချက်မရှိဟု ထင်ရသည့် ပုံစံဖြင့် လက်ခလယ်နှစ်ချောင်းကို ထန်၏ နှာခေါင်းရှေ့တွင် ထောင်ပြလိုက်ပြီးနောက် မောက်မာကာ ပျင်းရိသည့် ပုံစံဖြင့် မျက်စောင်းထိုးလျက် အမှောင်ထဲရှိ ချူစစ်၏ မျက်နှာကို ဖြတ်ခနဲကြည့်လိုက်သည်။
ထို့နောက် သူမ၏ လှပသော အပြာရောင်မျက်လုံးများသည် ရုတ်တရက် ကျယ်လာတော့သည်။
"ဘာလဲဟ..."
ချူစစ် ခေါင်းညိတ်ပြလိုက်သည်။
"ဒီနှုတ်ဆက်မှုကို လက်ခံလိုက်ပါမယ်၊ မစ္စလဲ့ဖန်ရေ"
လဲ့ဖန်သည် လက်ချောင်းများကို လျင်မြန်စွာ ရုပ်သိမ်းလိုက်ပြီး ခြေဖျားနေရာတွင် ပြန်လှည့်ကာ ခြေဖနောင့်များကို မြေကြီးဖြင့် ရိုက်ခတ်လျက် စစ်မျက်နှာချင်းဆိုင် အနေအထားဖြင့် အားရပါးရ ဦးညွှတ်လိုက်သည်။
"ကျေးဇူးပြုပြီး နောက်တစ်ကြိမ် ထပ်ကြိုးစားခွင့်ပြုပါ… မတွေ့ရတာကြာပြီ အုပ်ချုပ်ရေးမှူးကြီး!"
ထိုသို့ အော်ဟစ်လိုက်သည်နှင့် သူမ၏နောက်ကွယ်ရှိ လူများသည်လည်း ချူစစ်၏မျက်နှာကို တစ်ဦးပြီးတစ်ဦး ရှင်းရှင်းလင်းလင်း မြင်တွေ့လိုက်ကြသည်။ သူတို့သည် ရုတ်တရက် သူတို့၏အဖေကို တွေ့သွားသကဲ့သို့ ပြေးလာကြပြီး ခြေဖနောင့်များကို ဆောင့်လျက် အော်ကြသည်။
“သေရော”
၎င်းက မြေကြီးတုန်သွားသည်ဟု ထင်ရလောက်သည်အထိ ဆူညံသွားသည်။
ချူစစ် : "..."
လူတိုင်းက ရုတ်တရက် တုန်လှုပ်သွားပြီး ထပ်မံအော်ဟစ်ကြသည်။
“အုပ်ချုပ်ရေးမှူးကြီး မင်္ဂလာပါ!"
ချူစစ်၏ အကြည့်သည် သူတို့၏ မျက်နှာများကို တစ်ခုပြီးတစ်ခု စစ်ဆေးသွားသည်။ ထူးဆန်းစွာပင် ထိုနေရာတွင် ရပ်နေသော လူငါးဦးစလုံးသည် သူ့ထံမှ လေ့ကျင့်သင်ကြားခံခဲ့ရသူများ ဖြစ်သည်။
"မတွေ့ရတာ ကြာပြီ"
ချူစစ်က လက်ချောင်းနှစ်ချောင်းဖြင့် သူ၏မျက်ခုံးကို ထိလိုက်သည်။ လေ့ကျင့်ရေးစခန်းမှ ထွက်ခွာပြီးကတည်းက သူသည် ဤကဲ့သို့သော စစ်တပ်စနစ်နှင့် နှုတ်ဆက်ခြင်းကို မပြုလုပ်တော့ပေ။
ဆာအာ့ယန်သည် သူ ပထမဆုံး ပေါ်ထွက်လာချိန်က ဤသို့ ပြုလုပ်ခဲ့သော်လည်း သူ၏ဟန်က ပျင်းရိလွန်းပြီး စစ်တပ်စနစ်နှင့် နှုတ်ဆက်ခြင်းကို ပြက်ရယ်ပြုသကဲ့သို့ ဖြစ်နေခဲ့သည်။ နှုတ်ဆက်ခံရသူက ဖိနပ်နှင့်မပစ်ခဲ့လျှင်ပင် ကံကောင်းသည်ဟု ဆိုရမည်။ ထို့ကြောင့် သူ ပြန်နှုတ်မဆက်ခဲ့သည်က မဆန်းလှပေ။
လဲ့ဖန်က မျက်လုံးကစားကာ ခေါင်းကိုစောင်းပြီး ဂျင်နှင့် ကလေးကို ထပ်မံကြည့်လိုက်သည်။
"ဒီကျစ်ဆံမြီးနဲ့ လူချောလေးနဲ့ ဒီကလေးငယ်လေးက ဘယ်သူတွေလဲ?"
သူမက နှုတ်ခမ်းကို လျက်လိုက်ပြီး ပြောသည်။
"သူတို့ကိုကြည့်ရတာနဲ့တင် ငါ ဗိုက်ဆာလာပြီ၊ ငါအသားတွေ မစားရတာအတော်ကြာပြီ"
ဂျင် : "..."
သူသည် ခြောက်ကပ်နေသော အသံဖြင့် ရယ်မောပြီး ချူစစ်နောက်သို့ ဝင်ပုန်းလိုက်ကာ အသံတိုး၍ ပြောသည်။
"မင်းရဲ့လူတွေက ဘာလို့အမြဲတမ်း လူသားစားတဲ့အကြောင်းပဲ ပြောနေကြတာလဲ?"
ချူစစ်က ပြောသည်။
"လေ့ကျင့်ရေးစခန်းမှာ ပေါ်ထွက်လာတဲ့ အပြစ်အားလုံးရဲ့ အဓိကတရားခံက စာအုပ်ထဲက အနုတ်လက္ခဏာရဲ့ ဥပမာပဲ၊ မင်းသူ့ကိုသွားပြီး တိုင်ကြားလို့ရတယ်"
ဤ အလွန်မယဉ်ကျေးသော စကားပြောဟန်သည် ဆာအာ့ယန် အကြိုက်ဆုံးဖြစ်သည်။ သူသည် အနားယူရေးစခန်းတွင်ရှိစဉ်က လူနာများစွာထံ ပျံ့နှံ့စေခဲ့ပြီး လေ့ကျင့်ရေးစခန်းသို့ ဝင်ရောက်ပြီးနောက် သူ၏အသင်းဖော်များထံ ပျံ့နှံ့စေခဲ့ကာ မမျှော်လင့်ဘဲ မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပျံ့နှံ့သွားခဲ့သည်။
နောက်ပိုင်းတွင် မည်သူကအစပြုခဲ့သည်ကို မည်သူမျှမသိတော့ပေ။ အကြောင်းမှာ "ဆာအာ့ယန်" ဟူသော အမည်သည် လေ့ကျင့်ရေးစခန်း၏ အမည်းစက် ဖြစ်လာခဲ့ပြီး သူသည် ရှောင်ကြဉ်ရမည့် တားမြစ်ထားသော အဆိပ်ဖြစ်လာခဲ့ကာ ဆယ်စုနှစ်ကျော်ကြာ လေ့ကျင့်သူများအပြင် လေ့ကျင့်ရေးသားများအထိ လူတိုင်းက ရှောင်ကြဉ်ရမည့် တားမြစ်ထားသော အကြောင်းအရာတစ်ခု ဖြစ်လာခဲ့သည်။
"ဒီလူက..."
ထန်က ဂျင်ကိုညွှန်ပြလျက် စကားနှစ်လုံးပြောပြီး အသံတိမ်သွားသည်။
"ဂျင် ဖာဂပ်စ်"
ဂျင်က အလေးအနက်ဖြင့် သူ၏အမည်ကိုဖြေကြားပြီး ကလေးငယ်၏ ခေါင်းကို ပုတ်ပေးလိုက်သည်။
"ဒါကတော့ ငါ့သမီးပါ"
"ချစ်စရာကောင်းတဲ့ ကလေးလေးပဲ၊ မင်းနဲ့တော့ တကယ်ကိုမတူဘူး"
ထန်က ချီးကျူးလိုက်သည်။
ဂျင် : "..."
'မင်းတို့လေ့ကျင့်ရေးစခန်းမှာ လူစကား ပြောတတ်တဲ့သူ တစ်ယောက်မှ မရှိဘူးလား?’
"ဒီမစ္စတာဖာဂပ်စ်က သစ်တုံးကြီးထဲက အဆိပ်ပါတဲ့ဆူးတွေ စူးနေတယ်၊ ဒီလိုပဲဆက်ရပ်နေရရင် ငိုတော့မှာပဲ၊ လဲ့ဖန်… ဆေးနည်းနည်းယူဖို့ ကူညီပါဦး"
ထန်က ပြောပြီး ပတ်ဝန်းကျင်ကို ထပ်မံကြည့်ရှုကာ လူအားလုံးကို အကြီးဆုံးအခန်းသို့ ခေါ်ဆောင်သွားသည်။
"သွားပြီး စကားပြောကြရအောင်"
ချူစစ်သည် ထန်၏ကြည့်ရှုမှုအတိုင်း ပတ်ဝန်းကျင်ကို ထပ်မံကြည့်ရှုလိုက်သည်။
စခန်းတည်ရှိရာနေရာသည် အဆင့်ဆင့်မြင့်မားသော သစ်ပင်များဖြင့် ဝန်းရံထားသည်။ ခြောက်သွေ့ကျိုးပဲ့နေသော သစ်ကိုင်းသစ်ရွက်များသည် ရစ်ယှက်ကာ ဖြတ်ကျော်နေပြီး စခန်းကို သဘာဝအလျောက် ဝိုင်းရံထားသော အသိုက်တစ်ခုကဲ့သို့ ဖြစ်နေသည်။
ဖြစ်နိုင်ခြေရှိသော သစ်ပင်များမှလွဲ၍ ပတ်ဝန်းကျင်တွင် အခြားသက်ရှိများ၏ လက္ခဏာရပ်များ မတွေ့ရပေ။
"ဒါကတော့ ငါတို့ရဲ့ ထမင်းစားခန်းပါ၊ တွေ့ဆုံခန်းလည်းဖြစ်သလို ဧည့်သည်ရှိရင်လည်း ဧည့်ခန်းအဖြစ်သုံးတယ်"
ထန်က အတိုချုပ်မိတ်ဆက်သည်။
"ဟိုဘက်မှာ အခန်းနည်းနည်းရှိတယ်… ငါ့ဟာ၊ ဂျိုးရဲ့ဟာနဲ့ လဲ့ဖန်ရဲ့ဟာတွေက အလယ်မှာ၊ ဟိုးအဝေးဆုံးဘက်မှာတော့ လျိုနဲ့ ဂိုင်းရဲ့ဟာတွေရှိတယ်၊ ဟိုဘက်ကတော့ စောင့်ကြည့်ရေးအခန်း"
ထမင်းစားခန်းအတွင်း၌ လျှပ်စစ်မီးဖိုနှစ်မျိုးတွဲကို ဝန်းရံထားသော အနိမ့်ပိုင်း ချိုင့်ခွက်ပုံစံ ထိုင်ခုံအနည်းငယ်ရှိသည်။ ၎င်းပေါ်တွင် အလွန်ရုပ်ဆိုးသော အိုးတစ်လုံးတည်ထားကာ၊ မည်သည့်အရာဖြစ်ကြောင်းမသိရသော အရာတစ်ခုခုကို ချက်ပြုတ်နေသည်။
လူအားလုံးသည် ထိုင်ခုံများတွင် ထိုင်လိုက်ကြသည်။ လဲ့ဖန် အခန်းများစွာကို ဖြတ်သန်းပြီး ဆေးသေတ္တာတစ်လုံးကို ထုတ်ယူကာ ဂျင်ထံသို့ ခေါင်းညိတ်ပြလိုက်သည်။
"သွားပြီး နံရံဘေးက သေတ္တာပေါ်မှာ လှဲချလိုက်… ဘောင်းဘီချွတ်"
ဂျင် : "???"
"စောင့်ဦး… စောင့်ဦး၊ ထိုင်လိုက်၊ ဆေးနဲ့ ဇာဂနာကို ငါ့ကိုပေး၊ မင်းကိုယ်မင်း မိန်းကလေးမှန်းလည်း သတိရပါဦးဟ"
ကလေးမျက်နှာပုံစံရှိသော ဂျိုးက ဝင်ရောက်စွက်ဖက်ရန် အမြန်ပြေးလာပြီး ဂျင်ကို ကရုဏာသက်ကာ သူ၏အခန်းထဲသို့ ခေါ်ဆောင်သွားပြီး လူများကြည့်ရှုနေချိန်တွင် ဘောင်းဘီချွတ်ရမည့် ရှက်ဖွယ်ရာမှ ကင်းဝေးစေခဲ့သည်။
အခန်းတံခါး ပိတ်သွားသည်နှင့်တစ်ပြိုင်နက် လဲ့ဖန်သည် ချူစစ်ဘေးရှိ ထိုင်ခုံတွင် ထိုင်လိုက်ပြီး သူ့ထံသို့ ကိုင်းညွှတ်ကာ ပြောသည်။
"အုပ်ချုပ်ရေးမှူးကြီး၊ ဒီစခန်းက မကြာသေးခင်ကမှ တည်ဆောက်ပြီးစပဲ ရှိသေးတယ်၊ အခန်းတွေလည်း သိပ်မများဘူး၊ နောက်မှ ထန်နဲ့ဂျိုးကို အတူတူပြောင်းခိုင်းလိုက်မယ်၊ လျိုနဲ့ဂိုင်းကိုလည်း အတူနေခိုင်းပြီး အရင်ဆုံး အခန်းနှစ်ခန်းဖယ်ပေးလိုက်မယ်… ပစ္စည်းကိရိယာတွေ စုပြီးသွားရင် အခန်းနည်းနည်း ထပ်ချဲ့လို့ရတယ်"
"မင်းတို့ ဘာလို့ဒီမှာရောက်နေတာလဲ?"
ချူစစ်က မေးပြီးနောက် ထပ်ပြောလိုက်သည်၊
"ဒါပေါ့၊ စကားလုံးတွေကို သေချာရွေးပြောပါ"
လူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကြပြီး နောက်ဆုံးတွင် ထန်ကပဲ ပါးစပ်ဖွင့်လိုက်သည်။
"တကယ်တော့ ဒီအခြေအနေမှာ ပြောလို့မရတာ ဘာမှမရှိဘူး"
လဲ့ဖန်က "ဟင်း" ဆိုပြီး အသံပြုကာ ပြောသည်။
"ငါတို့ကို တစ်ချိန်တည်းမှာပဲ တာဝန်ပေးခံလိုက်ရတယ်၊ ဘာနီခံတပ်ကိုလာပြီး အရှေ့မျှော်စင်ရဲ့ ဆယ့်ခြောက်ထပ်နဲ့ မြေအောက်ထပ်နှစ်ထပ်ကို တိတ်တဆိတ်ရှင်းလင်းဖို့ပဲ၊ အချိန်ကဒီအတိုင်း တောင်းဆိုထားတာ၊ ငါးရက်အတွင်း ရှင်းလင်းပြီးဖြစ်ရမယ်"
ချူစစ်က ထိုအကြောင်းကို ကြားရသည်နှင့် မျက်မှောင်ကြုတ်လိုက်သည်။
"ရှင်းလင်းဖို့..."
မူလဘာနီခံတပ်ဖြစ်ရပ်သည် ၅၆၆၇ ခုနှစ်တွင် ဖြစ်ပွားခဲ့သည်။ အစပျိုးမှုမှာ ဘာနီခံတပ်မှ ပေးပို့သော စာတို၏ လျှို့ဝှက်သင်္ကေတ အမှားကြောင့် ဖြစ်ပြီး ယင်းသည် လျှို့ဝှက်ဖော်ထုတ်ခံရကာ စစ်ဌာနနှင့် အထွေထွေအစိုးရအတွင်းရှိ သူပုန်အုပ်စုတစ်စုသည် အခြားဂြိုဟ်များနှင့် ပူးပေါင်းခဲ့သည်။
စစ်ဌာနမှူးကြီးနှင့် အထွေထွေအစိုးရ၏ ခေါင်းဆောင်တို့သည် အလျင်အမြန် တုံ့ပြန်ခဲ့ပြီး ချက်ချင်းပင် ဘာနီခံတပ်တစ်ခုလုံးကို ပိတ်ဆို့ခဲ့ကာ အထက်အောက် အားလုံးကို စစ်ဆေးရန် လေးငါးရက်မျှ ကြာခဲ့သည်။ ထိုနေရာတွင် အလုပ်လုပ်ကိုင်နေသူ လူပုဂ္ဂိုလ်များဖြစ်စေ သိုလှောင်ထားသော စာတိုအမျိုးမျိုးဖြစ်စေ တစ်ခုမျှ လွတ်မသွားစေရဘဲ စစ်ဆေးခဲ့သည်။
သံသယရှိသော လူပုဂ္ဂိုလ်အားလုံးကို နေရာတကျ အကျဉ်းချထားခဲ့ပြီး ပါဝင်ပတ်သက်နေသော စမ်းသပ်မှုနှင့် သုတေသနစီမံကိန်းအမျိုးမျိုးကို ရပ်ဆိုင်းခဲ့သည်။
ထို့ကြောင့် သူပုန်များသည် လက်နက်ကိုင်တိုက်ခိုက်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ကြီးမားသော တိုက်ပွဲသုံးခုဖြစ်ပွားခဲ့သည်။ တစ်ခုမှာ စစ်ဌာန၏ တတိယမြေသား သုတေသနစခန်းတွင် ဖြစ်သည်။ ထိုစဉ်က ချူစစ်၏ မွေးစားဖခင် ကျန်းချီလည်းရှိနေခဲ့သည်။ သူ၏ပုဂ္ဂလိကဓာတ်ခွဲခန်းသည် အပေါ်ဆုံးထပ်တွင်ရှိသည်။ ဖြစ်နိုင်သည်မှာ သူသည် အချက်အလက်များကို စောင့်ကြည့်နေစဉ် သို့မဟုတ် ခုံကိုမှီပြီး မျက်လုံးမှိတ်ထားစဉ် သူပုန်များသည် N11 ရောင်ခြည်လက်နက်ကို အသုံးပြုကာ သူနှင့် သူ၏ဓာတ်ခွဲခန်းကို ပြာမှုန်တစ်မှုန်မျှ မကျန်ရစ်စေဘဲ ထာဝရ ပျောက်ကွယ်သွားစေခဲ့သည်။
ကျန်ရှိသော နှစ်ခုအနက် တစ်ခုမှာ လင်းယုန်ဖြူ ညီလာခံအဆောက်အဦးတွင် ဖြစ်ပြီး အခြားတစ်ခုမှာ ဘာနီခံတပ်၏ အရှေ့မျှော်စင်တွင် ဖြစ်သည်။
ထိုစဉ်က အရှေ့မျှော်စင်သည် အပြင်းထန်ဆုံး ပစ်ခတ်မှုဒဏ်ကို ခံခဲ့ရသဖြင့် အပေါ်ဆုံးမှ အောက်ခြေအထိ အကြီးအကျယ် ပျက်စီးခဲ့သည်။ နောက်ပိုင်း ရှင်းလင်းရာတွင် ရှင်းလင်းရေးအဖွဲ့သည် တစ်လကြာ မရပ်မနား အလုပ်လုပ်ခဲ့ရသည်။ ထို့နောက် ဘာနီခံတပ်ကို ထာဝရပိတ်ပင်ခဲ့သည်။
ထာဝရပိတ်ပင်ထားသော နေရာတစ်ခုကို ၄၆ နှစ်အကြာတွင် ရုတ်တရက် တိတ်တဆိတ် ရှင်းလင်းရန် လူစေလွှတ်ခဲ့သည်လား? မည်သည်ကိုရှင်းလင်းမည်နည်း?
"ထူးဆန်းတယ်မလား?"
ထန်က သူ၏မျက်နှာအမူအရာကိုမြင်သည်နှင့် ပြောလိုက်သည်။
"ကျွန်တော်တို့လည်း အဲ့တုန်းက ထူးဆန်းတယ် ထင်ခဲ့ကြတယ်၊ ဒါပေမယ့် S-အဆင့် လျှို့ဝှက်စာတာဝန်ဖြစ်နေတော့ ပိုမေးခွင့်မရခဲ့ဘူး… အုပ်ချုပ်ရေးမှူးကြီး၊ ကျွန်တော်တို့ အရှေ့မျှော်စင်ကိုရောက်မှပဲ ဒီတာဝန်က ဘယ်လောက်တောင် အဓိပ္ပာယ်မရှိလဲဆိုတာ သိလိုက်ရတယ်"
ထန်က "ဖူး" ဟု အသံထွက်ပြီး လက်ဟန်ခြေဟန်ဖြင့် ပြောသည်။
"အစတုန်းက ကျွန်တော်တို့က လျှို့ဝှက်ပစ္စည်းတွေ ရှင်းတာ ဒါမှမဟုတ် အဆင့်မြင့်ပစ္စည်းတွေကို ဝှက်ထားတာလို့ ထင်ခဲ့ကြတာ၊ ဒါပေမယ့် နောက်ဆုံးကျတော့ အားလုံးက သတ္တုအပိုင်းအစတွေနဲ့ ကျိုးပဲ့နေတဲ့ ကွန်ဆိုးတွေ၊ ကွဲအက်နေတဲ့ ဖန်မျက်နှာပြင်တွေ၊ ပြတ်ကျန်နေတဲ့ ကြိုးတွေပဲ... ငါတို့က ကြမ်းပြင်တွေကိုပဲ တံမြက်စည်းလှည်းနေရတာ!"
"ငါးရက်အကြာမှာ နောက်ဆုံးထပ်ကို ရှင်းလင်းပြီးတဲ့အခါ ချက်ချင်းဆုတ်ခွာဖို့ အမိန့်ရလိုက်တယ်"
လဲ့ဖန်က ပြောသည်။
"အမှန်တိုင်းပြောရရင် ဒါက အရမ်းထူးဆန်းတယ်လို့ ကျွန်မ အမြဲထင်နေခဲ့တာ၊ အထူးသဖြင့် အမိန့်ထဲမှာ အရှေ့က တောင်ကုန်းတွေကနေ ဂူရာမြစ်ကြောင်းအတိုင်း ရွှံ့နွံ့ဧရိယာကို သွားရင် ကျွန်မတို့ကိုကြိုဖို့ လေယာဉ်ရှိတယ်လို့ သေသေချာချာ ပြောထားတယ်၊ ကံကောင်းတာက အခြေအနေတချို့ကြောင့် နှစ်နာရီ အချိန်ဆွဲခံလိုက်ရတယ်၊ မဟုတ်ရင်..."
"မဟုတ်ရင် ဂြိုဟ်ပေါက်ကွဲတဲ့အချိန်မှာ၊ ရေခဲအအေးခန်းတွေ ဘယ်လိုဖြစ်မလဲဆိုတာ မပြောတတ်ဘူး၊ ခိုလှုံစရာနေရာရှာဖို့တောင် အချိန်မရဘဲ တိုက်ရိုက်တွန်းကန်လှိုင်းထဲ ရောက်သွားမှာပဲ"
ထန်က စဉ်းစားပြီး ထပ်ပြောလိုက်သည်။
"ဒါပေမယ့် အဲဒါက အထူးဆန်းဆုံးတော့ မဟုတ်ဘူး"
ချူစစ် : "အိုး? ဘာထပ်ရှိသေးတာလဲ?"
"အထူးဆန်းဆုံးကတော့ ငါတို့နိုးလာတဲ့ နောက်ပိုင်းမှာပဲ"
ထန်က ရှင်းပြသည်။
"ငါတို့က လွန်ခဲ့တဲ့နှစ်လလောက်က စပြီး လူတစ်ယောက်ပြီး တစ်ယောက် နိုးလာကြတယ်၊ အစက အရှေ့မျှော်စင်ရဲ့ မြေအောက်ခန်းမှာ နေခဲ့ကြတယ်၊ ဒါပေမယ့် ငါတို့ တချို့..."
သူက ချဲ့ကားစွာပင် တုန်ရီကာ ပြောသည်။
"တချို့ထူးဆန်းတဲ့ အရာတွေနဲ့ ကြုံရတယ်၊ အဲဒီမှာ ဆက်နေဖို့ တကယ်မဖြစ်နိုင်တော့ဘူး၊ အဲဒါကြောင့် ဒီကိုပြောင်းဖို့ အများကြီး ကြိုးစားခဲ့ရတယ်"
စာရေးသူတွင် ပြောစရာရှိသည်-
မစ္စတာယန် နောက်အခန်းမှာ ပေါ်လာမယ်~