Chapter 3
Viewers 1k

အပိုင်း ၃

 

 

ရုတ်တရက်ဆိုသလိုပင် မကြာသေးမီက မက်ခဲ့သော အိပ်မက်ဆိုးများမှ မြင်ကွင်းများသည် စုကျီဆွေ့၏ စိတ်ထဲတွင် လျှပ်တစ်ပြက် ဖြတ်ပြေးသွား၏။

 

အန္တရာယ်နှင့် စိတ်ပျက်အားငယ်မှုတို့ဖြင့် ပြည့်နေသည့် ထိုကြောက်မက်ဖွယ် အိပ်မက်များထဲတွင် သူက ကူကယ်ရာမဲ့ပြီး—ရှင်ခြင်းနှင့် သေခြင်းကြား၌ ပိတ်မိနေခဲ့သည်။ ထို့အပြင် ယခုအခါ၊ ထိုအိပ်မက်များထဲ၌ သူ့အား ကယ်တင်ရန် အရာအားလုံးကို စွန့်စားခဲ့သော ထိုလူ၏မျက်နှာက တစ်ဦးတည်းအဖြစ် ပေါင်းစပ်သွားခဲ့ချေပြီ။ ၎င်းက သူ၏ ရှေ့တွင် ရပ်နေသော ထိုလူ၏ မျက်နှာနှင့် အတူတူပင် ဖြစ်နေသည်။

 

လူအုပ်က ရို့ကို ရိုက်နှက်ခဲ့သော ထိုလူထံမှ သတိဖြင့် အကွာအဝေးကို ထိန်းသိမ်းကာ ဆက်လက် ဆုတ်ခွာနေကြ၏။

 

လူစိမ်းများက သူ့အား ပိတ်ထားခြင်း မရှိတော့သောအခါ၊ စုကျီဆွေ့ နောက်ဆုံးတွင် သူ၏ တင်းမာနေသော ကျောရိုးက စတင် ပြေလျော့လာသည်ကို ခံစားလိုက်ရသည်။

 

သူ စကားပြောရန် ပါးစပ်ဖွင့်လိုက်သည်နှင့် ရို့က သွားများကို တင်းတင်းကြိတ်ကာ ဖြတ်ပြောလိုက်သည်။

 

"လူကြားထဲက ဒီလို အကြမ်းဖက်တာ—ရှေ့နေရဲ့ စာသာ စောင့်နေလိုက်။ မင်းကို ပျက်စီးပြီး အရှက်ရတဲ့အထိ တရားစွဲဖို့ ငါ အကောင်းဆုံး ဥပဒေအဖွဲ့ကို ငှားပစ်မယ်.."

 

ထိုလူက မတုံ့ပြန်၊ ဂရုမစိုက်​​ခြင်းမရှိသလိုပင်။

 

သို့သော် ထိုတည်ငြိမ်သော သဘောထားက ရို့ကို ပို၍ပင် ဒေါသထွက်စေသည်။ သူက ထရပ်ရန် ရုန်းကန်ပြီး ရုတ်တရက် လက်ဖြန့်ကာ ထိုလူ၏ လက်ကောက်ဝတ်ကို ဆုပ်ကိုင်လိုက်၏။ သူ့အား ဖမ်းဆွဲချရန် အသင့်ရှိနေပုံရသည်။

 

ဤအကွာအဝေးမှပင် စုကျီဆွေ့ လူအုပ်ဆီမှ အသံများ ကြားလိုက်ရပြီး၊ လူများက လျင်မြန်စွာ နောက်သို့ ဆုတ်သွားသော အသံကိုလည်း ကြားလိုက်ရ၏—သူတို့က မကြာမီ ဖြစ်လာမည့်အရာကို ကြောက်ရွံ့နေကြသကဲ့သို့ပင်။

 

ထင်သည့်အတိုင်းပင်၊ ထိုလူက စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် သူ၏ လျှာကို ‘ကျစ်’ ဟု မြည်အောင် ပြုလိုက်၏။ ထို့နောက် လူတိုင်း၏ ရှေ့တွင် သူ၏ လက်မကို လက်ချောင်းများနှင့် ပွတ်တိုက်၍ လက်ကောက်ဝတ်ကို လှည့်ကာ၊ ရုတ်တရက် ဆုပ်ကိုင်ထားသော အားကို တင်းလိုက်၏။ သူ့လက်ရှိ သွယ်လျပြီး သွေးကြောများ ထွက်နေသော အနေအထားက လှုပ်ရှားမှုနောက်ကွယ်မှ ခွန်အားကို ပြသနေသည်။

 

တစ်ခဏချင်းအတွင်းမှာပင် အခြေအနေက ပြောင်းပြန်လှန်သွားချေပြီ။

 

မဆိုင်းမတွပင်၊ သူက ရို့၏ လက်မောင်းရိုးကို ဆုပ်ကိုင်ကာ ပြင်းထန်စွာ လိမ်ချိုးလိုက်သည်။

 

အဆစ်များ နေရာရွေ့သွားသော ကြေကွဲဖွယ် အသံတစ်ခု ထွက်ပေါ်လာပြီးနောက်၊ ရို့၏ ပြင်းထန်သော အော်ဟစ်သံက ဆက်လက် ထွက်ပေါ်လာသည်။

 

ထိုလူက လွှတ်ပေးလိုက်ပြီး၊ ယခင်ကထက်ပင် ပိုမို အေးစက်သော အမူအရာဖြင့် နာကျင်စွာ ကော့ပျံတက်နေသော ရို့အပေါ်၌ ရပ်နေ၏။ သူ၏ အသံက ရေခဲပမာ အေးစက်နေသည် :  "ကလပ်က  Cctv တွေက ပျက်နေတာ။ အဲ့ဒီက လုံခြုံရေးဝန်ထမ်းတွေကလည်း အားလုံး တလေသံတည်း ပြောနေကြတယ်။ ဒါ့အပြင် မျက်မြင်သက်သေတွေက မင်းကို—”

 

ထိုလူ၏ အကြည့်က သူ့ထံသို့ လျှပ်တစ်ပြက် ရောက်လာပြီးနောက် ပြန်ရွှေ့သွားသည်ကို စုကျီဆွေ့ ခံစားလိုက်ရသည်။

 

သို့သော် စုကျီဆွေ့ စဉ်းစားမိသမျှက ထိုလူ၏ နက်ရှိုင်းပြီး နူးညံ့သော အသံသာ ဖြစ်သည်—၎င်းက လက်တွေ့အားဖြင့် စွဲမက်ဖွယ်ကောင်းလွန်းလှသည်။ ထိုလူ၏ စကားများထဲရှိ ရည်ရွယ်ချက်ကို သူ လုံးဝ သဘောမပေါက်ခဲ့ပေ။

 

"မင်းက ငါ့ကို အရင် စိန်ခေါ်ခဲ့တာ" ဟု ထိုလူက သူ၏ လက်ကောက်ဝတ်ကို ဆန့်ထုတ်ရင်း ဆက်ပြောလိုက်၏။ "ငါ လုပ်ခဲ့သမျှ အရာအားလုံးက တရားမျှတတဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ခြင်းအောက်မှာ ရှိတယ်"

 

မည်သည့်အရာများကို တွေ့ကြုံခဲ့ဖူးသည်ကို ရှင်းရှင်းလင်းလင်း သိသော ရို့က ထိုစကားများထဲမှ ဖုံးကွယ်ထားသော သတိပေးချက်ကို နားလည်သွား၏။ သူက ဒေါသထွက်ကာ အော်ဟစ်လိုက်သည်။ "မင်း!! %#&*#—ငရဲမှာ ဆွေးမြေ့ ပုပ်သိုးနေပါစေ…"

 

ထိုလူကတော့ လုံးဝ ဒေါသထွက်ပုံမပေါ်ပေ။ သူက မျက်နှာသေဖြင့် ပြန်ဖြေလိုက်သည်။ "ဘုရားသခင်က အရာအားလုံးကို သိမြင်တော်မူပြီး ကရုဏာတော်ထားတယ်။ ဘုရားသခင် မင်းကို ကောင်းချီးပေးပါစေ"

 

သူက "အရာအားလုံးကို သိမြင်တော်မူ" ဆိုသော စကားကို အလေးပေး ပြောဆိုလိုက်ရာ ရို့၏ သွေးကို ပို၍ပင် ဆူပွက်စေခဲ့သည်။ သို့သော် သူ နောက်ထပ် အော်ဟစ်ရန် အချိန်မရမီ လုံခြုံရေးအစောင့်များက နောက်ဆုံးတွင် ဝင်ရောက်လာပြီး သူ့အား ဆွဲထုတ်သွားကြ၏။

 

ရို့တစ်ယောက် ရုန်းကန်ပြီး ကျိန်ဆဲနေစဉ်၊ စုကျီဆွေ့က အနီးနားရှိ မိန်းကလေးတစ်ဦး၏ အသက်ရှူသံပြင်းပြင်းနှင့် တိုးတိုးလေး ပြောသံကို ကြားလိုက်ရသည်။ "သူက အရမ်း ဟော့တာပဲ"

 

သို့သော် သူမ၏ သူငယ်ချင်းက သူမ၏ ပခုံးများကို ချက်ချင်း ဆွဲကိုင်ကာ လှုပ်ခါလိုက်ပြီး၊ ထိုလူက မည်မျှ ကြောက်မက်ဖွယ်ကောင်းကာ ကြမ်းတမ်းပြီး၊ ရက်စက်သည်ကို အရေးတကြီး သတိပေးလိုက်၏။ "သူ့ရုပ်လေးနဲ့တင် အလှည့်စားမခံရစေနဲ့…"

 

မိန်းကလေး၏ မှင်တက်နေသော အမူအရာကို မြင်သောအခါ၊ စုကျီဆွေ့ ဘာမှ ပြောစရာမရှိဘဲ ကျန်ရစ်ခဲ့သည်။

 

 

ထိုလူက လူအုပ်ကို ဝေ့ဝဲကြည့်လိုက်ရာ၊ တစ်ခဏချင်းအတွင်းမှာပင် ကြည့်ရှုသူများက လန့်သွားသော ငှက်များကဲ့သို့ တစ်ကွဲတစ်ပြားစီ ဖြစ်သွားကြပြီး၊ အသက်ဘေးမှ ထွက်ပြေးသကဲ့သို့ ထွက်ပြေးသွားကြချေပြီ။

 

ထိုမြင်ကွင်းပြီးနောက်၊ မည်သူမျှ "ဖြစ်ပွားရာ နေရာ" သို့ ထပ်မံ ချဉ်းကပ်ဝံ့ခြင်း မရှိတော့ပေ။ ဧည့်ခန်းကောင်တာရှိ တန်းစီရာနေရာက သူတို့နှစ်ဦးသာ ကျန်ရှိသည်အထိ ချက်ချင်း လျော့နည်းသွား၏။

 

ထိုမိန်းကလေး၏ သူငယ်ချင်း ပြောခဲ့သော စကားများကို စဉ်းစားမိသောကြောင့်၊ စုကျီဆွေ့ အချိန်အတော်ကြာ တုံ့ဆိုင်းနေခဲ့သည်။ နောက်ဆုံးတွင် ထိုလူ့ဆီသို့ လှည့်ကာ ရှက်ကိုးရှက်ကန်းနှင့် တိုးတိုးလေး ပြောလိုက်၏။ "ခင်ဗျားက အရမ်း ချောတာပဲ"

 

ထိုစကားကို ပြောပြီးသည်နှင့် ချီးကျူးစကားက အရမ်း ပေါ့ပေါ့ဆဆ ဖြစ်နေသည်ဟု သူ ခံစားလိုက်ရသည်။ ထို့ကြောင့် သူ၏ အသုံးနည်းသော ဝေါဟာရများကို အလျင်အမြန် မွှေနှောက်ရှာဖွေပြီး ထပ်ထည့်လိုက်သည်။ "ပြီးတော့... အရမ်းလည်း သန်မာတာပဲ"

 

သူ ထင်ယောင်ထင်မှား ဖြစ်နေလားတော့ မသိ၊ သို့သော် ထိုလူက တစ်စက္ကန့်လေးမျှ ရပ်တန့်သွားသည်ကို သူ မြင်လိုက်ရသည်ဟု ထင်မိသည်။

 

ထိုအခါမှသာ စုကျီဆွေ့ သူက ခေါင်းငုံ့ထားခဲ့သည်မှာ အချိန်အတန်ကြာနေပြီး ထိုလူ၏ မျက်နှာကို ကောင်းကောင်း မကြည့်ရသေးကြောင်း သဘောပေါက်သွား၏။

 

သူ၏ အားနည်းသော ချီးမွမ်းခြင်းကို ပို၍ ယုံကြည်ရအောင် ပြုလုပ်ရန်၊ သူက သူ၏ ဦးထုပ်အနားကို အလျင်အမြန် မ,ကာ အပေါ်သို့ မော့ကြည့်လိုက်၏—သူတို့၏ မျက်လုံးများ ဆုံမိသည့် ခဏတွင် စုကျီဆွေ့က  နောက်တစ်ကြိမ် ချက်ချင်း အောက်သို့ ပြန်ငုံ့ချလိုက်မိသည် ။ 

 

ထိုလူ၏ မျက်နှာသွင်ပြင်များက ထင်ရှားပေါ်လွင်ပြီး၊ သူ၏ မျက်လုံးများက နက်ရှိုင်းပြီး မင်ကဲ့သို့ နက်မှောင်နေသည်။ တောက်ပစွာ မီးထွန်းထားသော ကလပ်၏ ဧည့်ခန်း၌ပင် ၎င်းတို့က အလင်းပြန်ခြင်း လုံးဝ မရှိ—အဆုံးမရှိသော တွင်းနက်ကြီးကဲ့သို့၊ အေးစက်ပြီး လေးလံကာ၊ တစ်စုံတစ်ဦးကို တစ်ကိုယ်လုံး မြိုချနိုင်မည့်အလား။

 

"အင်း" ထိုလူက ချက်ချင်းပင် သူ၏ တည်ငြိမ်သောအခြေအနေသို့ ပြန်ရောက်လာသည်။ သူက ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်ပြီးနောက်၊ သူ၏ အိတ်ကပ်မှ SVIP ကတ်ပြားတစ်ခုကို ဆွဲထုတ်ကာ ဧည့်ခံကောင်တာဆီသို့ ဦးတည်သွား၏—ယခင်က ဖြစ်ပျက်ခဲ့သော ပဋိပက္ခမှာ အရေးမပါသော အသေးအဖွဲ့ ကိစ္စတစ်ခုမျှသာ ဖြစ်သည့်အလားပင်။

 

စုကျီဆွေ့၏ မျက်လုံးထဲသို့ တောက်ပသော အနီရောင် အရိပ်တစ်ခု လျှပ်ခနဲ ဝင်လာသည်။

 

စုကျီဆွေ့က လန့်သွားပြီး၊  ထိုလူ၏ လက်မောင်းကို အလျင်အမြန် ဆွဲယူကာ သူ၏ ဖြူဖျော့ဖျော့ လက်ချောင်းဖြင့် ထိုလူ၏ လက်မောင်းကို ထောက်ပြလိုက်သည်။ "ခင်ဗျား သွေး‌တွေထွက်နေတယ်…"

 

ဆွဲခံရခြင်းကြောင့် ထိုလူ ရပ်တန့်သွားပြီး သူ၏ လက်မောင်းကို ငုံ့ကြည့်လိုက်၏။

 

ယခင်က အားစိုက်ထုတ်မှုကြောင့် သူ၏ လက်မောင်းရိုးပေါ်ရှိ ဒဏ်ရာက ပြန်ပွင့်လာပြီး၊ သွေးလတ်လတ်ဆတ်ဆတ်များက ပတ်တီးများမှ စိမ့်ထွက်ကာ သူ၏ အဖြူရောင် အကျီလက်ကို စွန်းထင်းနေ၏—၎င်းက မြင်မကောင်းသည့် မြင်ကွင်းတစ်ခုပင်။

 

စုကျီဆွေ့ သူ၏ ကျောပိုးအိတ်ကို လျင်မြန်စွာ ဆွဲချွတ်ပြီး အိတ်ထဲရှိပစ္စည်းများကို ထိတ်လန့်တကြား ကမန်းကတန်း ရှာဖွေနေသည်။ အချိန်အတော်ကြာ မွှေနှောက်ပြီးနောက်၊ အနည်းငယ်မျှသာ အထောက်အကူ ဖြစ်နိုင်မည့် ကာတွန်း ပလာစတာ တချို့ကိုသာ ရှာတွေ့ခဲ့သည်။

 

သူက ရှက်ရှက်နှင့် ချစ်စရာကောင်းသော ကာတွန်းတိရစ္ဆာန်ပုံများကို  လှမ်းပေးသော်ငြားလည်း၊ ထိုလူက ၎င်းတို့ကို မယူခဲ့ချေ။ သူက အေးစက်စက် ငြင်းပယ်လိုက်သည်။ "မလိုဘူး"

 

ဒဏ်ရာက သူ့ကြောင့် ဖြစ်ခဲ့ရသောကြောင့် စုကျီဆွေ့၏ မျက်လုံးများတွင် စိုးရိမ်သော မျက်ရည်များ ရစ်ဝဲလာ၏။ သူက အေးခဲစွာ ရပ်နေပြီး၊ ဘာလုပ်ရမှန်း မသိတော့ပေ။

 

ထို့နောက်၊ ထိုလူ၏ စကားသံကို နောက်တစ်ကြိမ် ကြားလိုက်ရ၏။ "ဒဏ်ရာက ပြန်ပွင့်သွားတာ။ ငါ ပြန်ရောက်ရင် ထပ်ပြီး ပတ်တီးစည်းလိုက်မယ်။ ဒါက ဘာမှ မပြင်းထန်ပါဘူး "

 

ဤအခြေအနေတွင် သူ၏ သေးငယ်သော ကာတွန်း ပလာစတာများက အသုံးမဝင်ကြောင်းကို စုကျီဆွေ့ ကောင်းကောင်း သိပေသည်။

 

သူက စိုးရိမ်ကြောင်း ပြသချင်သော်ငြားလည်း၊ သူ၏ စကားပြောစွမ်းရည်မှာ အလွန် ဆိုးရွားလှသည်။ အချိန်အတော်ကြာ ရုန်းကန်ပြီးနောက်၊ နောက်ဆုံးတွင် တောင့်တင်းသော မေးခွန်းတစ်ခုကို ညှစ်ထုတ်လိုက်၏။ "ဘယ်-ဘယ်လို... ဖြစ်ခဲ့တာလဲ?"

 

သူ့အား လမ်းပိတ်ရပ်နေသော ကောင်လေးကို ထိုလူက ကြည့်လိုက်ပြီး၊ တစ်စုံတစ်ခုကို စဉ်းစားနေသကဲ့သို့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ခဏအကြာတွင်၊ သူက ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်၏။ "အဘွားတစ်ယောက်ကို လမ်းကူးဖို့ ကူညီပေးတုန်း ကားနဲ့ ပွတ်မိတာ။ မင်းနဲ့ ဘာမှမဆိုင်ဘူး"

 

စုကျီဆွေ့ မှင်တက်သွား၏။

 

ဤမျှ သန်မာပြီး စွမ်းရည်ရှိသော ထိုလူက အဘွားအိုတစ်ဦးအား လမ်းဖြတ်ကူးရန် ကူညီပေးရလောက်အောင်  ဖြောင့်မတ်ပြီး သနားကြင်နာတတ်သူလည်း ဖြစ်လိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ!

 

 

ငယ်စဉ်ကတည်းက ဗေဒင်ဆရာများသည် သူက မကောင်းသော လူမျိုးများကို ဆွဲဆောင်တတ်ကြောင်း သတိပေးခဲ့ကြ၏။ ထင်သည့်အတိုင်းပင်၊ သူ ကြုံတွေ့ရသော လူစိမ်းအများစုက ရို့ကဲ့သို့—ရုပ်ပိုင်းဆိုင်ရာ နှောင့်ယှက်သူများ—သို့မဟုတ် သူ့ကို အသရေဖျက်ပြီး အနိုင်ကျင့်သူများသာ ဖြစ်သည်။

 

သို့သော် ယနေ့... သူက တကယ်ကို လူကောင်း တစ်ဦးနှင့် တွေ့ဆုံခဲ့ရချေပြီ!

 

စုကျီဆွေ့၏ မျက်လုံးများတွင် မျက်ရည်များ ရစ်ဝဲလာ၏။ ထိုခဏတွင်၊ ထိုလူထံမှ ထွက်ပေါ်လာသော တရားမျှတမှု၏ ခံစားချက်က သူ၏ စွဲမက်ဖွယ်ကောင်းသော အသံ၏ သက်ရောက်မှုထက်ပင် ပိုမို တောက်ပနေသကဲ့သို့ ဖြစ်နေသည်။

 

ထိုလူက သူ့အား ကျော်တက်သွားပြီး လှမ်းပြောလိုက်သည်။ "မင်းကလည်း မင်းရဲ့ ID ကို အပြီးတိုင် ဖျက်သိမ်းတော့မှာ မလား? လုပ်နည်းကို ကြည့်ထား"

 

ထိုသို့ဆိုလိုက်သောအခါ၊ စုကျီဆွေ့ ထို့သူ့နောက်မှ  ဧည့်ခံကောင်တာဆီသို့ အလျင်အမြန် လိုက်သွား၏—ထိုလူ၏ ကောင်တာပေါ်တွင် တင်လိုက်သော တောက်ပသည့် အနက်ရောင်နှင့် ရွှေရောင် ကတ်ပြားကြောင့် သူ ခဏတာ မျက်စိစူးသွားခဲ့သည်။

 

Speedsters Racing Club ဆိုသည်မှာ ခေတ်မီ ပြုပြင်ပြောင်းလဲရေး နည်းပညာများနှင့် အဆင့်မြင့် စက်ပစ္စည်းများ ငှားရမ်းပေးခြင်းကြောင့် ကမ္ဘာတစ်၀န်းတွင် အလွန်လူသိများ ကျော်ကြားသော ကလပ်တစ်ခုဖြစ်သည်။ ထိုကလပ်တွင် VIP သို့မဟုတ် SVIP အသင်း၀င်တစ်ဦး ဖြစ်လာရန်အတွက် ငွေကြေးအမြောက်အမြား ရင်းနှီးမြှုပ်နှံရမည်ဖြစ်ပြီး သိန်းရာဂဏန်းမှ သန်းဂဏန်းအထိ ကုန်ကျနိုင်သည်။ 

 

ထိုကဲ့သို့ များပြားလှသော ငွေကြေးကို ရင်းနှီးမြှုပ်နှံထားရသည့်အတွက်ကြောင့် အသင်း၀င်အဖြစ်မှ ရုပ်သိမ်းလိုပါက ကိုယ်တိုင်ကိုယ်ကျ လာရောက်ဆောင်ရွက်မှသာလျှင် ဖြစ်မည်ဖြစ်သည်။ ထို့အပြင် မိမိ ရင်းနှီးမြှုပ်နှံထားသော ငွေကြေးများ၏ ၂၀% ကိုသာ ပြန်လည်ရရှိနိုင်မည်ဖြစ်ပြီး ကလပ်၏ အမည်ပျက်စာရင်းတွင်လည်း သုံးနှစ်တိုင်တိုင် ပါ၀င်နေမည်ဖြစ်သည်။

 

ထို့ကြောင့် လုံးဝ မလိုအပ်ပါက မည်သူမျှ ဖျက်သိမ်းရန် မရွေးချယ်ကြချေ။

 

သာမန် အကြောင်းရင်း နှစ်ခုမှလွဲ၍—မိသားစု ဒေဝါလီခံပြီး ငွေကြေးကို အမြန် လိုအပ်ခြင်း၊ သို့မဟုတ် မျိုးဆက်က သဘောမတူသဖြင့် ထိုနေရာမှ ထွက်ခွာရန် တောင်းဆိုခြင်းတို့ ဖြစ်သည်။

 

စုကျီဆွေ့ကတော့ ဒုတိယအုပ်စုထဲတွင် ပါဝင်သည်။

 

ဒါဆို... ဒီလူကရော ဘာဖြစ်လို့လဲ?

 

အသင်းဝင်မှု ဖျက်သိမ်းခြင်း လုပ်ငန်းစဉ်က ရှည်လျားပြီး ပင်ပန်းသည်- စာဖြင့် ရေးသားထားသော လျှောက်လွှာများ၊ ရပ်စဲရေး စာချုပ်များ၌ လက်မှတ်ရေးထိုးခြင်း၊ ကလပ်ပစ္စည်းများ ပြန်လည်ပေးအပ်ခြင်း၊ ဖုန်းပေါ်ရှိ ဒစ်ဂျစ်တယ် ID ကိုပင် ဖျက်ပစ်ရခြင်းတို့ ပါဝင်သည်။

 

အဓိက ရှယ်ယာရှင် တစ်ဦးအနေဖြင့် ထိုလူက အဆင့်များကို နှလုံးသွင်းထားသည်မှာ ထင်ရှားသည်။

 

စုကျီဆွေ့၏ ခေါင်းက သိလိုစိတ်ဖြင့် တဝီဝီ မြည်နေပြီး၊ အသေးစိတ်အချက်အလက်များကို လုံးဝ စုပ်ယူနိုင်ခြင်း မရှိချေ။ သို့တိုင်၊ ထိုလူ၏ လက်မောင်းဒဏ်ရာကို အချိန်မီ မကုသရသေးမည်ကို စိုးရိမ်သောကြောင့်၊ ထိုလူက သူ့အား လှမ်းကြည့်လိုက်သည့်အခါတိုင်း သူက လိမ္မာပါးနပ်စွာ ခေါင်းညိတ်ပြ၏—ကြိုးစားစွာ သင်ယူနေသကဲ့သို့ပင်။

 

"ဒါက ရှင့်ရဲ့ အသုံးစရိတ် အကျဉ်းချုပ်နဲ့ အသင်းဝင်မှု အပ်ဒိတ်တွေရဲ့ မှတ်တမ်းပါ။ Speedsters Club ကို ရွေးချယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ တစ်နေ့နေ့ကျရင် ရှင်နဲ့ ထပ်တွေ့ရဦးမယ်လို့ မျှော်လင့်ပါတယ်"  ဝန်ထမ်းက အရိုအသေပေးကာ၊ တုန်ယင်နေသော လက်များဖြင့် စာရွက်စာတမ်းများကို ပေးအပ်လိုက်ပြီး အသံကလည်း အနည်းငယ် တုန်နေ၏။

 

ထိုလူက ဖိုင်ကို ယူကာ၊ စုကျီဆွေ့ကို တစ်ချက်ကြည့်ပြီး ပြောလိုက်သည်။ "ဂွတ်ဘိုင်"

 

စုကျီဆွေ့ သူ၏ လက်ကလေးကို အလျင်အမြန် ဝှေ့ယမ်းပြလိုက်သည်။ ထိုလူ၏ အရပ်ရှည်ပြီး ဖြောင့်တန်းသော ပုံရိပ်သည် သူ့ရှေ့မှ ပျောက်ကွယ်သွားမှသာ သူက ထပ်ခါတလဲလဲ စက်ကဲ့သို့ တီးတိုးရွတ်ဆိုလိုက်၏။ "တစ်-တစ်နေ့နေ့တော့ ထပ်တွေ့... ကြမယ်နော်"

 

"ဟဲလို၊ ရှင်လည်း အသင်းဝင် ID ကို ဖျက်သိမ်းဖို့ လာတာလား?" ဟု ဧည့်ခံကောင်တာမှ ဝန်ထမ်းက လေးစားစွာဖြင့်  သတိထားကာ မေးလိုက်သည်။

 

စုကျီဆွေ့ လှည့်ကြည့်ပြီး ခေါင်းညိတ်လိုက်၏။ သူ၏ လည်ပင်းတွင် ချိတ်ထားသော ID ကတ်ပြားကို ဂရုတစိုက် ဖယ်ရှားလိုက်သည်—တစ်ချိန်တည်းမှာပင် ထိုအနက်ရောင် VIP ကတ်ပြားပေါ်တွင် ရွှေရောင်ဖြင့် ရိုက်နှိပ်ထားသော နာမည်ကို တိတ်တဆိတ် ထပ်ခါတလဲလဲ ရွတ်ဆိုနေခဲ့သည်။

 

ကုယီလန်။

 

. . . . .

 

ကုယီလန်သည် အစောပိုင်းက အခြေအနေကို  ဖန်တီးပေးခဲ့သောကြောင့် ဝန်ထမ်းများက ပို၍ပင် ထိရောက်စွာ အလုပ်လုပ်ကြသည်။

 

စုကျီဆွေ့၏ ID ဖျက်သိမ်းခြင်း လုပ်ငန်းစဉ်က လျင်မြန်စွာ ပြီးဆုံးသွားခဲ့သည် —သူသည် စကားတစ်ခွန်းမျှ ပြောရန် မလိုခဲ့၊ ခေါင်းငုံ့ကာ လက်မှတ်ရေးထိုးရုံသာ လို၏။ သူ၏ ဆိုရှယ်လ်ကြောက်ရောဂါအတွက်တော့ အလွန် အဆင်ပြေလှသည်။

 

သူ၏ ဖျက်သိမ်းခြင်း လက်မှတ်ကို ရရှိသည်နှင့် စုကျီဆွေ့ သူ၏ ဦးထုပ်အနားကို ဆွဲချပြီး တစ်စက္ကန့်မျှ အချိန်မဖြုန်းဘဲ ကားပါကင်နေရာသို့ တည့်တည့် ပြေးသွားတော့သည်။

 

 

"လည်ပင်းက ဘာဖြစ်တာလဲ? ရဲတွတ်နေရော"  စုမင်ယွီက သူ့အား သိလိုစိတ်ဖြင့် ကြည့်ကာ မေးလိုက်သည်။

 

ထိုအခါမှ စုကျီဆွေ့ သူ၏ နှလုံးသားက အပြေးအလွှား ကဆုန်ပေါက်နေပြီး သူ၏ မျက်နှာက နှာခေါင်းစည်းအောက်မှ ပူလောင်နေကြောင်း သဘောပေါက်သွား၏။

 

သူက ဖျက်သိမ်းခြင်း ဖောင်ကို သူ၏ အစ်ကိုအား ပေးလိုက်ပြီး၊ ထိုင်ခုံခါးပတ်ကို ပတ်နေစဉ် အနည်းငယ် အပြစ်ရှိသလို တီးတိုး ပြောလိုက်သည်။ "ပြေးလာတာ"

 

ကံကောင်းစွာဖြင့် စုမင်ယွီက ဆက်မမေးတော့ပေ။ သူက စာရွက်စာတမ်းကို ယူကာ၊ စုကျီဆွေ့ကို စာရွက်တစ်ရွက်နှင့် ဘောပင်တစ်ချောင်း ပေးပြီးနောက် ကားကို စတင်မောင်းနှင်လိုက်သည်။

 

စုကျီဆွေ့ စာရွက်ကို ကြည့်လိုက်၏—

 

 

“အီလက်ထရွန်အချင်းချင်းအပေါ် သက်ရောက်မှုမရှိဘူးဟု ယူဆကာ အက်တမ်နံပါတ် Z နှင့် အက်တမ်ပုံစံကို လေ့လာကြည့်ကြပါစို့၊ ယူဆချက်အနေဖြင့်…”

 

စုကျီဆွေ့ : ?

 

"မင်းပဲ စာကျက်ချင်သပါ့ဆို? ကဲ၊ စကျက်တော့" စုမင်ယွီက လမ်းကို ကြည့်ရင်း ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

 

ဝတ္ထုထဲ မကူးပြောင်းမီက စုကျီဆွေ့သည် Physics အဓိကဘာသာရပ်ဖြင့် တက္ကသိုလ်ကျောင်းသားဖြစ်ခဲ့ပြီး၊ ပြိုင်ပွဲပုံစံ ပြဿနာများနှင့် ကင်းကွာနေသည်မှာ ကြာပြီဖြစ်သည်—ထို့အပြင် ကူးပြောင်းခြင်းမှ ဖြစ်ပေါ်လာသော မှတ်ဉာဏ်ဆုံးရှုံးမှုကလည်း အထောက်အကူ မဖြစ်ခဲ့ပေ။

 

ကံကောင်းစွာဖြင့်၊ ပြဿနာက အခြေခံ-အဆင့်သာ ဖြစ်သည်။ ပုံကို မြင်လိုက်သည်နှင့်၊ force analysis နှင့် conservation ဖော်မြူလာများ—စွမ်းအင်၊ angular momentum—တို့က သူ၏ စိတ်ထဲသို့တွင် အလိုအလျောက် ပြန်ပေါ်လာတော့သည်။

 

စုကျီဆွေ့ မသိလိုက်သည်မှာ စုမင်ယွီက သူ့အား သူ၏ မျက်လုံးထောင့်မှ အချိန်တိုင်း စောင့်ကြည့်နေခဲ့ခြင်းပင်။

 

သူ၏ ညီလေးက စိတ်လိုက်မာန်ပါရှိပြီး အကြောင်းအရာများကို ခက်ခက်ခဲခဲ စဉ်းစားတတ်သူဖြစ်ကြောင်း သူ သိသည်။ ဤမေးခွန်းက မဖြစ်နိုင်သည့်အရာ မဟုတ်သော်ငြားလည်း၊ သူ့အား စိတ်ဓာတ်ကျစေရန် ရည်ရွယ်ချက်သာရှိသည်—သူ့အား သူ့ဘာသာသူ နောက်ဆုတ်သွားစေရန် ဒီဇိုင်းထုတ်ထားသည့် ခက်ခဲသော ပြိုင်ပွဲပုံစံ ပြဿနာတစ်ခုပင်။

 

ပြဿနာက ရှည်လျားပြီး၊ ဒေတာများနှင့် မရင်းနှီးသော ကိန်းရှင်များဖြင့် ပြည့်နှက်နေသည်။ ကျွမ်းကျင်သော ပြိုင်ပွဲဝင်များပင်လျှင် စာရွက်ကို နှစ်ပိုင်းဖြဲကာ အော်ဟစ်ချင်စိတ် ပေါ်ပေါက်နိုင်သည်။

 

ဒီလောက်ဆိုရင်တော့ သူ့ရဲ့ ညီလေးက…

 

စုမင်ယွီ၏ လက်က စတီယာရင်ပေါ်တွင် အနည်းငယ် တောင့်သွားပြီး၊ သူ၏ ဘေးဘက်အမြင်က တစ်စုံတစ်ရာကို ဖမ်းမိလိုက်၏။

 

—သူ၏ ညီလေးက မေးခွန်းကို ဖတ်ပြီးရုံသာမက၊ ဘောပင်ကို ထုတ်ပြီး စာရွက်ပေါ်တွင် အာရုံစိုက်ကာ၊ သေသေချာချာ ရေးသားနေချေပြီ။

 

စုမင်ယွီ : ???

 

သူတို့ အိမ်ပြန်ရောက်ပြီး ကားဂိုဒေါင်ထဲသို့ မောင်းဝင်သောအခါ၊ စုမင်ယွီ အတွင်းသို့ ဝင်ရန်ပင် မစောင့်နိုင်တော့ပေ။ သူက သူ၏ ညီလေး ပေးလိုက်သော စာရွက်ကို ယူလိုက်ပြီး၊ သံသယများကတော့ မပျောက်သေးပေ—

 

သို့သော် လိပ်ပုံ သို့မဟုတ် သူ့အား လှောင်ပြောင်သော "ဘလာ ဘလာ ဘလာ" ပုံကြမ်းအစား၊ မှန်ကန်သော ဖြေရှင်းနည်း၏ ရှင်းလင်းစွာ ရေးသားထားသော အဆင့်များကို သူ မြင်လိုက်ရ၏။ တွေးခေါ်ပုံကလည်း လျော်ကန်သင့်မြတ်သလို အဖြေကလည်း... မှန်ကန်နေသည်။

 

ယခုအခါ စုမင်ယွီ၏ အလှည့်ဖြစ်ပြီး သူ မှင်တက်သွား၏။

 

ခေါင်းကို ထိမိတာက တကယ်ကြီး လျှို့ဝှက်ပါရမီရှင်တစ်ယောက်ကို နှိုးဆွပေးနိုင်တာလား?

 

ထိုအချိန်တွင် စုကျီဆွေ့က သူ၏ လက်မောင်းကို ဆွဲလိုက်၏။ သူ၏ ကြည်လင်ပြီး လှပသော မျက်လုံးများက သူ့အား မော့ကြည့်ကာ ပြောလိုက်သည်။ "စာကျက်ချင်တယ်"

 

စုမင်ယွီ၏ ပါးစပ်က ကတုန်ကယင်ဖြစ်သွားသည်။ ခဏရပ်ပြီးနောက်၊ သူက စကားလုံးတစ်လုံးကို အတင်းအကျပ် ညှစ်ထုတ်လိုက်သည်။

 

"...ကျက်"

 

. . . . .

 

 

ပြိုင်ပွဲအတွက် ပြင်ဆင်ထားသော ပစ္စည်းများ စုပုံနေသည်ကို မြင်သောအခါ၊ စုကျီဆွေ့ CPHO အတွက် လေ့ကျင့်ခဲ့ရသော ထိုညပေါင်းများစွာသို့ ပြန်လည်ပို့ဆောင်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။

 

ယခုရှိနေသည့် တစ်ခုတည်းသော ကွာခြားချက်မှာ စာအုပ်များအားလုံး အသစ်ဖြစ်နေခြင်းပင်—ထို့အပြင် သူ၏ ဦးနှောက်က သူ၏ ယခင်စွမ်းဆောင်ရည်၏ ထက်ဝက်ခန့်သာ ပြန်လည်ကောင်းမွန်လာသေးသည်။

 

"ဆွေ့‌ဆွေ့က ပညာတွေ ဆက်သင်ဖို့ စဉ်းစားနေတာလား?" စုပါးပါးက သူ၏ မျက်မှန်ကို ချိန်ညှိကာ မေးလိုက်သည်။

 

နိုင်ငံရေးနယ်ပယ်မှ ဝါရင့် နိုင်ငံရေးသမားတစ်ဦးအနေဖြင့်၊ သူက လူအများစုထက် လူအမျိုးမျိုးကို ကြုံတွေ့ဖူးပြီး အကဲဖြတ်နိုင်စွမ်းလည်းရှိသည်။ မည်မျှပင် ထူးဆန်းသော အခြေအနေများနှင့် ကြုံခဲ့ပါစေ သူက တည်တည်ငြိမ်ငြိမ် အေးအေးစေးစေးနှင့် ရင်ဆိုင်နိုင်ပြီး မတုန်လှုပ်ဘဲ အမြဲတမ်း တည်ငြိမ်သော စကားတစ်ခုကိုသာ ပြောဆိုလေ့ရှိသည်။

 

စုကျီဆွေ့ အသည်းအသန် ခေါင်းညိတ်လိုက်ပြီးနောက် သူ၏ အစ်ကိုကို လက်ညှိုးထိုးပြလိုက်သည်။

 

"မင်းအစ်ကိုတက်ခဲ့တဲ့ တက္ကသိုလ်ကနေ ဘွဲ့ရချင်တာလား?" စုပါးပါးက ချက်ချင်း သဘောပေါက်သွား၏။ "ဒါဆိုရင် မင်းကို အမေရိကန် အထက်တန်းကျောင်းနဲ့ ကောလိပ်ကို ဘာလို့မပို့ပေးရမှာလဲ? အဲ့ဒီကနေတစ်ဆင့် A တက္ကသိုလ်ကို ပြန်လာနိုင်တာ သေချာတယ်လေ—ပိုလွယ်တာပေါ့"

 

 

စုကျီဆွေ့ ခေါင်းကို ထိုနည်းအတိုင်း အားစိုက်ခါယမ်းပြီး စာအုပ်ပုံကို လက်ညှိုးထိုးကာ ခိုင်မာစွာ ထပ်ခါတလဲလဲ ပြောလိုက်သည်။ "စာကျက်ချင်တယ်"

 

စုပါးပါးက သူ့အား နောက်တစ်ကြိမ် စတင်စည်းရုံးရန် ပြင်ဆင်နေသည်ကို မြင်သောအခါ၊ စုမားမားက မျက်လုံးများကို လှန်လိုက်သည်။ "ဆွေ့ဆွေ့ကို ယုံလိုက်ပါ။ အခုချက်ချင်း ပညာရေးရုံးကို ဖုန်းဆက်လိုက်"

 

ရွေးချယ်စရာ မရှိသောကြောင့် စုပါးပါးက အရှုံးပေးလိုက်ပြီး သူ၏ ဖုန်းကို ထုတ်လိုက်သည်။

 

မြို့တော်အစိုးရအတွင်းမှ သူ၏ ဆက်သွယ်မှုများကြောင့် စုကျီဆွေ့၏ အထက်တန်းကျောင်းရှိ ပညာရေးဆိုင်ရာ ညွှန်ကြားရေးမှူး၏ နံပါတ်ကို တစ်ခဏလေးအတွင်း ရရှိလိုက်သည်။

 

သူက ဖုန်းကို စပီကာ ဖွင့်ကာ စားပွဲပေါ်တွင် ချထားလိုက်သည်။

 

"ဟဲလို?" ဒါရိုက်တာကျန်းက ဖုန်းကို ကိုင်လိုက်သည်။

 

စုပါးပါးက အခြေအနေကို ရှင်းပြလိုက်သည်။ ဒါရိုက်တာကျန်းတစ်ယောက် အလန့်တကြားဖြစ်သွားပြီး ကျောင်း၏ ပြိုင်ပွဲ အစီအစဉ်မှ အဖွဲ့ခေါင်းဆောင်ကို အမြန် ခေါ်ယူကာ နှစ်ဦးသား ဖုန်းပေါ်တွင် ပူးပေါင်းတိုင်ပင်ဆွေးနွေးရန် စတင်လုပ်ဆောင်ကြ၏။

 

"မစ္စတာ စု၊ ပြိုင်ပွဲတွေ လျှောက်ဝင်တာက ဖြတ်လမ်း မဟုတ်ဘူးနော်—ပြိုင်ပွဲတွေဝင်ရုံနဲ့ ကောလိပ်ဝင်ခွင့်စာမေးပွဲတွေမှာ ပိုတော်သွားတယ်လို့ မဆိုနိုင်ဘူး။ ပြိုင်ပွဲတွေက အရည်အချင်းကို အဓိကထားတာ..."

 

သူ၏ စိတ်ပူနေသော သားငယ်လေးကို လှမ်းကြည့်လိုက်ပြီး စုပါးပါးက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။ "ကျွန်တော်တို့ အကုန်စဉ်းစားပြီးသားပါ။ သူကြိုးစားချင်တယ်ဆိုရင် ကျွန်တော်တို့ သူ့ကို အားပေးရမယ်"

 

ကျောင်း၏ ပြိုင်ပွဲ အစီအစဉ်မှ အဖွဲ့ခေါင်းဆောင်က သူ့အား ဆက်လက် စည်းရုံးရန် ကြိုးစားလိုက်သည်။ "ကျောင်းသားအများစုက Physics ပြိုင်ပွဲအတွက် ပြင်ဆင်တာကို အလယ်တန်းကျောင်းရဲ့ တတိယနှစ်မှာ စကြတာ။ စုကျီဆွေ့က အခုမှ အထက်တန်းကျောင်းရဲ့ ဒုတိယနှစ်ကိုပဲ တက်နေသေးတာဆိုတော့ ဝိဇ္ဇာကနေ သိပ္ပံကို {Eco ကနေ Bio} ပြောင်းဖို့ဆိုတာ…..အခက်အခဲတွေ အများကြီးရှိနိုင်တယ်" 

 

စုပါးပါး၏ ပါးစပ်က အံ့ဩစွာဖြင့် အနည်းငယ် ပွင့်သွား၏။

 

သူ၏ မှတ်ဉာဏ်ထဲတွင် ဆွေ့ဆွေ့က နှစ်ပေါင်းများစွာ အတန်းကျော်ခြင်း၊ အတန်းပြန်ကျခြင်းများ ပြုလုပ်ခဲ့သည်။ မကြာသေးမီက အသိပေးစာအရ သူသည် အတန်းပြန်ကျနေကြောင်း ဖော်ပြထားပြီး၊ ပထမနှစ်ကို ပြန်လုပ်နေသည်ဟု သူ ယူဆခဲ့သည်။ ဒါဆို သူတို့မှာ အချိန်ပို အနည်းငယ် ရနိုင်သေးသည်။

 

...ဒီကောင်ဆိုးလေးက ဘယ်တုန်းက ဒုတိယနှစ်ကို ရောက်သွားတာလဲ?

 

တစ်ချိန်တည်းမှာပင် စုကျီဆွေ့၏ ပါးစပ်ကလည်း ပို၍ပင် ကျယ်လာခဲ့သည်။

 

ဝိဇ္ဇာကနေ သိပ္ပံကို ပြောင်းတာ? ဝိဇ္ဇာကနေ သိပ္ပံကို ပြောင်းတယ်ဆိုတာ ဘာကိုပြောတာလဲ?

 

မူရင်းပိုင်ရှင်က အထက်တန်းကျောင်းတွင် ဝိဇ္ဇာဘာသာရပ်ကို သင်ယူနေကြောင်းကို မည်သူမျှ သူ့အား ပြောပြခဲ့ခြင်း မရှိချေ။

 

သူက ဖြတ်လမ်းလေး ယူချင်ရုံပါ၊ သိပ္ပံပါရမီရှင်ကြီးလို့ သဘောထားခံရပြီး သုတေသနအတွက် မဖမ်းမခံချင်ဘူး။ အားးးး!