Chapter 21
Viewers 1k

အပိုင်း (၂၁) - မျက်​တောင်များ

 

 

စုကျီဆွေ့က နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်ခွာကာ ကုယီလန်၏ နွေးထွေးသည့် ပွေ့ဖက်မှုမှ ရုန်းထွက်သွားပြီး သူ့အား တင်းကျပ်စွာ ရစ်ပတ်ထားသည့် အပူရှိန်များကြားမှ လွတ်မြောက်အောင် ပြုလုပ်လိုက်သည်။

 

 

"ခင်ဗျား… ဘယ်လိုသိတာလဲ…" စုကျီဆွေ့က သိလိုစိတ် ပြင်းပျကာ စကားလမ်းကြောင်းလည်း ပြောင်းချင်နေခဲ့သည်။

 

 

ကုယီလန်က လက်တစ်ချက် ​ဝေ့ယမ်းလိုက်သည်နှင့်  တံခါး၌ ကျောက်ရုပ်ကဲ့သို့ ရပ်နေသော သက်တော်စောင့်သည် ရှေ့တို့ ချက်ချင်းတိုးလာကာ ရိုသေစွာဖြင့် ကားသော့ယူကာ ကားရပ်နားရာနေရာသို့ ထွက်ခွာသွားသည်။

 

 

သက်တောင်စောင့် ထွက်သွားပြီးချိန်၌ ကုယီလန်က ဖုန်းထုတ်၍ ရမ်းလိုက်ကာ ကောင်လေး ‌အနီးသို့ ခြေနှစ်လှမ်းတိုးသွားသည်။

"ဂျင်မ်မှာ တစ်နာရီပဲကြာပြီး ခြေလှမ်းရာဂဏန်းလောက် လမ်းလျှောက်ရုံနဲ့ မင်းရဲ့ နှလုံးခုန်နှုန်း အဲ့လောက် မြန်နေရတာလား…"

 

 သူ့ဖုန်းမျက်နှာပြင်ပေါ်တွင် မြင်ရသူကို ​မျက်စိကန်းစေလောက်မည့် အဆင့်သတ်မှတ်ချက်ဇယားတစ်ခု ရှိနေလေသည် ။ စုကျီဆွေ့ ၎င်းကို ကြည့်ပြီး မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့  တောင့်သွားခဲ့သည်။

 

…Wechat ခြေလှမ်းအရေအတွက်??…

 

 

​သူ ဂျင်မ်ထဲတွင် ဂနာမငြိမ်ဖြစ်ကာ ဟိုဟိုဒီဒီ လျှောက်လှမ်းနေခဲ့မိသည်။

 

 

​ရလဒ်အနေဖြင့် သူ၏ Wechat ခြေလှမ်းအရေအတွက်မှာ ပြေးနေသူတစ်ယောက်ကဲ့သို့ အရှိန်အဟုန်ဖြင့် တိုးမသွားသလို ၊ ဖုန်းမေ့ကျန်ခဲ့သူပမာ ငြိမ်သက်နေလေသည်။ 

 

 

ယင်းအစား  နှလုံးခုန်နှုန်းများက တဖြည်းဖြည်းပို၍ ထိုးတက်လာနေစဥ်တွင် ခြေလှမ်းများမှာမူ နှေးကွေးစွာသာ တက်လာနေခဲ့သည် ။

 

 

စုကျီဆွေ့က ခေါင်းငိုက်စိုက်ကျသွားရာ ကြည့်ရသည်မှာ စိတ်ဓာတ်ကျနေပုံပင် ။ ကောင်ငယ်လေးမှာ ပုစ္ဆာတပုဒ်အား စာမျက်နှာတော်တော်များများအထိ သေချာစွာ တွက်ထားသော်လည်း နောက်ဆုံးအဖြေထုတ်ချိန်၌ မှားယွင်းစွာ ကူးမိသကဲ့သို့—  လုံးဝ ကျရှုံးသွားသည့် ခံစားချက်အား ခံစားနေရသည်။ မြောင်းထဲသို့ မှောက်လဲသည့်ပမာတည်း။

 

 

" နောက်တစ်ခု ကျန်သေးတယ်…" ကုယီလန်က ထပ်ပြောပြန်သည်။ "နောက်ဆုံးအကြိမ်က မင်း ရေခဲသေတ္တာထဲက ရေတွေအကုန် ယူသွားခဲ့တာကို မှတ်မိသေးလား…"

 

 

စုကျီဆွေ့က လက်ချောင်းများချိုးကာ ရေတွက်ကြည့်လေသည်။

 

 

ကောင်ငယ်လေးက အသေအချာ မှတ်မိနေဆဲ ဖြစ်သည်။ ထိုနေရာတွင်မရှိသည့် ပြဿနာကို ဖန်တီးရန်အတွက် သူနှင့် အိမ်တော်ထိန်းဖြစ်သူက  ရေများအားလုံးကို ဝှက်ထားခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖြင့် ကုယီလန်မှာ ကောင်ငယ်လေး၏ စွပ်ပြုတ်အား မြည်းစမ်းရပေလိမ့်မည်။ သို့မှသာ ကောင်ငယ်လေး အနေဖြင့် မီးဖို​​ချောင်သို့ ဝင်ခွင့် ပိတ်ခံရမည် ဖြစ်သည်။

 

 

"အဲ့အချိန်ကတည်းက ရေခဲသေတ္တာကို စောင့်ကြည့်စနစ် တပ်ထားပြီးပြီ… စစ်တမ်းအသေးစိတ်ကို အချိန်နဲ့တပြေးညီ မှတ်တမ်းတင်ထားတယ်လေ…"

 

 

ကုယီလန်က ဖုန်းထဲမှ တစ်စုံတစ်ခုအား လှန်​လှောကြည့်ကာ အသံထွက်၍ ဖတ်ပြ၏ ။ "၁၄:၃၅မှာ သရက်သီး စတော်ဘယ်ရီ နဂါးမောက်သီးကို ယူသွားခဲ့တယ်… ၁၄:၅၉မှာ အသီးတွေပြန်ထားပြီး ဆိုဒါကိုထုတ်သွားပြန်တယ်…"

 

 

"ဆယ့်လေးနာရီ ငါးဆယ့်ကိုး …" ကုယီလန်က မျက်ခုံးပင့်လိုက်ပြီး အချိန်ကို အလေးပေးပြောသည် ။ "အိမ်အကူတွေ အလုပ်ချိန်ဇယားအတိုင်း ရောက်လာဖို့ထက် ဘာလို့ တစ်မိနစ် စောနေရတာလဲ…"

 

 

စုကျီဆွေ့က ထိုနေရာတွင်ပင် ကျောက်တုံးကဲ့သို့ တောင့်တင်းသွားသည် ။ 

 

 

ကောင်ငယ်လေးအနေဖြင့် စက္ကန့်မလွဲသတ်မှတ်ထားသော တိကျသည့် အချိန်ဇယားအား အသုံးပြု၍ ထွက်ပြေးပါလျှင် ကုယီလန်သည်လည်း ၎င်းကိုသုံး၍ ကိုက်ညီမှုမရှိသည်များအား ဖော်ထုတ်နိုင်ရန် လွယ်ကူပေသည်။

 

 

စုကျီဆွေ့က ရေရွတ်လိုက်မိသည်။

"… ခင်ဗျားက အံ့ဩစရာပဲ…"

 

 

ကောင်ငယ်လေး၏ နားရွက်များက နီရဲနေပြီး ချီးကျူးစကားပင် ကြောင်ကြောင်တောင် ထင်ရသည်။ ချို့ယွင်းနေသော Chatbotကဲ့သို့ နှုတ်ခမ်းက ပိတ်လိုက်ဖွင့်လိုက် ဖြစ်နေသော်လည်း ရိုးသားပုံပေါ်နေပြီး ပါးမို့မို့များသည်လည်း မြင်ရသူများက ဆွဲညှစ်ပြီး မည်မျှ နူးညံ့သည်ကို စမ်းသပ်ကြည့်ချင်စိတ် ဖြစ်ပေါ်စေသည် ။

 

 

ကုယီလန်က ခေတ္တရပ်ပြီး ဆက်ပြောလိုက်သည် … "တကယ်တော့ မင်း ဘယ်အချိန်မှာ ထွက်ပြေးဖို့ ကြိုးစားမလဲဆိုတာ ခန့်မှန်းဖို့အတွက်   သဲလွန်စအများကြီး ကြည့်စရာ မလိုဘူး…"

 

 

'ဒီနေ့က မင်းထွက်ပြေးဖို့ နောက်ဆုံး အခွင့်အရေးပဲ… ညနေ သုံးနာရီက ဝန်ထမ်းတွေ ပထမထပ်က ထွက်သွားတဲ့တစ်ခုတည်းသော အချိန်ပဲလေ… ဘယ်လိုနည်းလမ်းပဲသုံးသုံး မင်းအတွက် တစ်ခုတည်းသော အခွင့်အလမ်းပဲ…"

 

 

"ဒီလို နောက်ကြောင်းပြန် ခြေရာခံတာကို သဘောမကျပါဘူး… တခြားသက်သေတွေ မရှိရင်တောင် ဒီနည်းလမ်းမျိုးကို သုံးပြီး မင်းကိုမဖမ်းဘူး…"

 

 

စုကျီဆွေ့က မေးခွန်းထုတ်လိုက်သည်။

"ဘာလို့များလဲ…"

 

 

ကုယီလန်က ခေတ္တမျှ စဉ်းစားလိုက်ပြီး အလားတူသည့်အချက်တစ်ခုနှင့် ပြောသည်။

"ဒီလိုမျိုး အဆင့်ကျော်တွေးတာက ကွက်လပ်ဖြည့်နဲ့ တခုရွေး မေးခွန်းတွေအတွက်ပဲ အဆင်ပြေတာ... စီပီအိတ်အိုရဲ့ နောက်ဆုံး စာမေးပွဲမှာက ဘောင်ကန့်မထားဘူးဆိုတာ မင်းလည်းသိပါတယ် …'

 

 

 

ကုယီလန်က မော့ကြည့်လိုက်သည်။ "မေးချင်တာတစ်ခုခုများ ရှိသေးလား…"

 

 

စုကျီဆွေ့က လက်ခံယုံကြည်သွားပြီး ငြင်းခုန်စရာ မရှိတော့သည့်အတွက် ခေါင်းခါပြလိုက်၏ ။

 

 

"ဒါဆို ဆွေးနွေးနေတာကို ပြန်သွားကြမယ်…" ကုယီလန်က ပြောသည်။ "ထွက်ပြေးတာကို မိသွားပြီဆိုတော့… အပြစ်ပေးခံရမယ်လို့ ဆိုလိုတာပဲ…"

 

 

စုကျီဆွေ့က ကြက်သေ,သေသွား၏ ။ သူ၏ စိတ်တွင်လည်း အိပ်ခန်းအတွင်းမှ ကြာပွတ်အား မြင်ယောင်မိလိုက်သည်။

 

 

ထို့နောက် ကောင်ငယ်လေးက တုန်ခါသွားပြီး ခေါင်းကို အုပ်ကာ ရုတ်တရက် ထိုင်ချလိုက်၏ ။သူ့အသံနှင့် ခန္ဓာကိုယ်မှာမူ တုန်ယင်နေသည် : "ကျွန်တော့်ကို မရိုက်ပါနဲ့…"

 

ကုယီလန် : "……"

 

“ထစမ်းပါ”ကုယီလန်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည် ။

 

 

ကုယီလန်က လှုပ်ရှားမှု မပြုတော့မှသာ စုကျီဆွေ့ နောက်ဆုံး၌ သက်သာရာရသွားပြီး သက်ပြင်းတစ်ချက် ချလိုက်သည်— အန္တရာယ်မရှိကြောင်း သိ၍ မြေတွင်းထဲမှ ချောင်းကြည့်နေသည့် ကြောက်တတ်သော ယုန်ကလေးကဲ့သို့ပင် ။  ထို့နောက် တံခါးဘောင်အား ကိုင်ပြီး ဖြေးဖြေးချင်း မတ်တပ်ရပ်လာသည်။

 

 

ထိုအချိန်၌ ထိုအမျိုးသားပြောလာသော စကားကို ကြားလိုက်ရသည်။

"အထုပ်တွေပြင်ထား… သဘက်ခါကစပြီး ငါနဲ့အတူ လိုက်နေရမယ်…"

 

 

စုကျီဆွေ့က လက်ချော်သွားပြီး  ‌ကြမ်းပြင်ပေါ်သို့ အသံကျယ်လောင်စွာနှင့် လဲကျလုနီးပါး ဖြစ်သွားသည်။

 

 

ထိုညနေ၌ ကုယီလန်က ဖြေးရှင်းရမည့် ကိစ္စများ ရှိနေသည်။

 

 

အိမ်တော်ထိန်း၏ စကားအရ ကုမ္ပဏီ၌ ပြဿနာရှိနေသည့်အတွက် စုကျီဆွေ့နှင့်အတူ တီဗွီကြည့်ရာတွင် အဖော်ပြုနိုင်မည် မဟုတ်။ သို့သော်လည်း စုကျီဆွေ့က တီဗွီကြည့်ပြီးသည်နှင့်  စာကြည့်ခန်းရှိ သခင်လေးကုထံ သွားရောက်နိုင်ပေသည် ။

 

 

ခုနှစ်နာရီ နှစ်ဆယ်မိနစ်၌ ကောင်ငယ်လေးက ဧည့်ခန်းအတွင်းထိုင်နေကာ သူ့မျက်တောင်ရှည်များကို ခပ်လျက် ရှုပ်ထွေးသောအကြည့်ဖြင့် ဘေးမှ ခုံအလွတ်အား စိုက်ကြည့်နေမိသည်။

 

 

ထိုအမျိုးသား ရှိမနေသည့်အတွက် သူ့အား မည်သူကမျှ စောင့်ကြည့်နေမည်မဟုတ်ရာ ကောင်ငယ်လေးအနေဖြင့် အရှက်မရှိစွာနှင့် သတင်းအစား ကာတွန်းကား ကြည့်နိုင်သော်လည်း စုကျီဆွေ့က တခုခု‌လိုနေသည်ဟု ခံစားနေရဆဲပင် ။

 

 

ယင်းကား —ဤကမ္ဘာ၌ ကြောက်မက်ဖွယ်ကောင်းသော လူများနှင့် ပြည့်နှက်နေသော်ငြား— အနည်းငယ် အထီးကျန်နေသည့် ခံစားချက်နှင့် တူနေ၏ ။

 

 

ခန္ဓာကိုယ်တစ်ဝက်က သူ့ရှေ့ရှိ စားပွဲပုလေးပေါ်တွင် မှောက်လျက်၊ ပြိုင်ပွဲအတွက် ပြင်ဆင်သည့် စာအုပ်ပေါ်၌ အကြောင်းပြချက်မရှိစွာဖြင့် အမှတ်တမဲ့ ရေးခြစ်နေမိသည် ။

 

 

ကာတွန်းကား ပြီးဆုံးရန် အချိန်အတန်ကြာသည်ဟု ထင်မှတ်ရပြီး နောက်ဆုံးတွင် အမှောင်ကျပြီး ပြီးဆုံးသွားခဲ့သည် ။

 

 

စုကျီဆွေ့က စာအုပ်အားပိုက်၍ လှေကားပေါ်သို့ အရှိန်ဖြင့် ပြေးတက်သွားသည်။

 

 

စံအိမ်၏ ခေတ်မီနည်းစနစ်များ၌ ကောင်ငယ်လေး၏ လက်ဗွေရာ ထည့်သွင်းထားရာ သူက  တံခါးများစွာအား ဖြတ်သန်းသွားနိုင်သည်။ တတိယထပ်မှ ဓာတ်ခွဲခန်း သို့မဟုတ် စတုတ္ထထပ်မှ ဂျင်မ်ရုံတို့ကိုလည်း လွတ်လပ်စွာဝင်ထွက်နိုင်သည်။

 

 

သို့ရာတွင်မူ သူအခန်းတိုင်းအား ဖွင့်နိုင်မည်ဟု သေချာမနေခဲ့ပေ —  ကုယီလန်၏ အိပ်ခန်းနှင့် စာကြည့်ခန်းကဲ့သို့ အခန်းများသို့ ဝင်ထွက်ခွင့်ရမည်၊ မရမည် မသေချာပေ ။

 

 

သူက တံခါးကို အရင်ခေါက်ပြီးမှသာ လက်ဗွေဖြင့် စာကြည့်ခန်းတံခါးကို ဖွင့်လိုက်သည်။

 

 

ကလစ်ဟူသော အသံနှင့်အတူ တံခါးပွင့်သွားခဲ့သည် ။

 

 

စုကျီဆွေ့ : !

 

 

ကုယီလန်က သစ်သားစားပွဲကြီးနောက်မှ သားရေခုံ၌ မှီကာ ထိုင်နေသည် ။ တံခါးဖွင့်သံကြားသောအခါ သူ့ မျက်လုံးကိုပင့်၍ ကြည့်လိုက်သည်။ 

 

 

စုကျီဆွေ့က စာအုပ်အား ချထားလိုက်ပြီး ကုယီလန်၏ ဘေးရှိ ကုလားထိုင်တစ်ခုဆွဲယူကာ ထိုင်လိုက်သည်။

 

 

 ထိုသူက ကောင်ငယ်လေးထက် သိသိသာသာကို အရပ်ရှည်သူပင်။ ထို့ကြောင့် ကုလားထိုင်အပိုမှာ သူနှင့် ကိုက်ညီမှုမရှိပေ ။ ကောင်ငယ်လေးက ထိုင်ခုံ၌ ထိုင်လိုက်ချိန်တွင် ခြေထောက်မှာ ကြမ်းပြင်ဖြင့် ထိမနေဘဲ ဖြူဖွေးနေသော ခြေတံရှည်လေးများကို လွှဲယမ်းနေမိသည် ။

 

 

ကုယီလန်က စားပွဲအစွန်းမှ စာအုပ်အား ယူလိုက်ပြီး လှန်​ကြည့်၏ ။

 

 

ထိုစာအုပ်မှာ တစ်ချိန်က ကုယီလန် လေ့လာဖူးသည့် စာအုပ်ဖြစ်နေရာ သူ၏ထက်ရှသော မှတ်ဉာဏ်ကြောင့် ပုစ္စများအား အခြေခံအားဖြင့် ရင်းနှီးနေလေသည်။

 

 

စုကျီဆွေ့က ထိုအမျိုးသား၏ ဦးဆောင်မှုကို အသားကျနေသူပင်။ ထို့ကြောင့် သူစကားပင် ပြောဆိုရန်မလိုဘဲ — နားမလည်သည့် ပုစ္ဆာများအား အနီဝိုင်းခြင်း သို့မဟုတ် လက်ဖြင့် ထောက်ပြရုံဖြင့် ကုယီလန်က နားလည်သွားသည်။

 

 

ထိုသို့ ပြုမူခြင်းက လူမှုရေးစိုးရိမ်သောက ရှိသူများအတွက် အကောင်းဆုံးသော ဆက်သွယ်မှုပေတည်း ။

 

 

ကုယီလန်မှ မေးခွန်းများအား ကြည့်နေစဉ်၌ ကောင်ငယ်လေးက ပျင်းလာကာ ကျယ်ပြန့်လှသည့် စာကြည့်ခန်းအား ဝေ့ကြည့်လိုက်သည်။

 

 

အခန်း၏ အပြင်အဆင်က အနက်နှင့် မီးခိုးရောင်ဖြစ်သည်။ မျက်နှာကျက်သည်လည်း မြင့်မားလှကာ စာအုပ်စင်များသည်လည်း မျက်နှာကျက်ထိ ရှိနေကြသည်။ ထို့ကြောင့် ရိုးရှင်းတည်ငြိမ်​သော လေထုကို ဖြစ်ပေါ်စေသည်။

 

 

 

အနက်နှင့် မီးခိုးရောစပ်ခြင်းမှာ ဗြဟ္မစရိယကျင့်သူ၏ အလှတရားကို ဖော်ညွှန်းသည်ဟု စုကျီဆွေ့က အွန်လိုင်း၌ ဖတ်ထားဖူးသည်။

 

 

ယခုအချိန်၌ ကုရိလန်၏ စနစ်တကျရှိလှသော နေရာတွင် ထိုင်နေရသည်မှာ ထိုသို့သော တည်ငြိမ်အေးစက်သည့် ဖိအားကို လက်တွေ့ခံစားနေရသကဲ့သို့ပင်။

 

 

သူ့အကြည့်က စားပွဲထံ ပြန်ရောက်လာပြီး ကုယီလန်အား မေးခွန်းထုတ်ရန် ကြံလိုက်ချိန်၌ သွေးကဲ့သို့ အနီရောင် စွန်းထင်းနေသည်ကို မြင်လိုက်ရ၍ အေးခဲသွားတော့၏ ။

 

 

တရုတ်လက်ဖက်ရည်ခွက်၌ အမျှင်ကဲ့သို့အရာများရှိနေပြီး နွေးထွေးသောအရည်ထဲဝယ် ဖြေးညှင်းစွာ ပြန့်ကားလာနေသည် ။ ၎င်းက လက်ဖက်ရည်အား အနီဖျော့ဖျော့အရောင်စွန်းထင်းစေသည့်အတွက် ထိုမြင်ကွင်းကြောင့် စုကျီဆွေ့၏ နှလုံးခုန်နှုန်း မြန်သွားခဲ့ရသည် ။

 

 

 

သို့ဖြစ်ရာ မျက်စိရှေ့တွင် ရှိနေသူအား သဘာဝကျကျ စိုက်ကြည့်နေမိသည်။

 

 

ကုယီလန်က မျက်လုံးများကို အောက်ချကာ ဝိုင်းပြထားသည့် မေးခွန်းများအား အေးအေးဆေးဆေး  ကြည့်နေသည်။ သူ့လက်ကိုရွေ့လိုက်ပြီး ထို့နောက်တွင် မှတ်စုများအား  ဖိအားရှိသည့်လက္ခဏာမပြဘဲ ချရေးနေသည် ။

 

 

ကုယီလန်၏ ဘေးတိုက်မျက်နှာမှာ မေးရိုးများ ထင်ရှားပြီး တည်ကြည်နေသည့်အတွက် စုကျီဆွေ့က သူ့ထံမှ အမြဲတစေ အကြည့်လွဲရန်ခက်သည်ကို  တွေ့ရှိခဲ့သည် ။

 

 

သို့ရာတွင်မူ ယခုအခြေအနေ၌ တစ်စုံတစ်ခုက ကွဲပြားနေသည်ကို သတိပြုမိခဲ့သည်။

 

 

—ကုယီလန်ရဲ့ နှုတ်ခမ်းမှာ သွေးတွေလား?

 

 

—စိတ်ဖိစီးလို့ သွေးအန်လိုက်တာများလား…

 

 

စုကျီဆွေ့၏ အကြည့်က ကွန်ပျူတာ မော်နီတာထက်မှ ငွေကြေးမှတ်တမ်းအား အာရုံစိုက်မိသည်။ ထို့နောက်တွင် နှုတ်ခမ်းအား အနည်းငယ်ဖွင့်ကာ ယခုတစ်ကြိမ်တွင် နှုတ်မှ လွတ်ခနဲမထွက်သွားဘဲ တီတိုးပြောလိုက်သည်။ "ခင်ဗျား စိတ်မကောင်းဖြစ်နေတာလား…"

 

 

ကုယီလန်၏ လက်မှ ဘောပင်သည် လှုပ်ရှားမှု ရပ်တန့်သွား၏ ။ သူ့ မျက်ဝန်းများကို တိတ်တဆိတ် ပင့်တင်ကာ ကောင်ငယ်လေး၏ မျက်ဝန်းဖြင့် အကြည့်ချင်းဆုံသွားသည်။

 

 

"ကျွန်တော့်ကို ပြောလို့ရပါတယ်…" စုကျီဆွေ့က တုန်ရီစွာဖြင့် ပြောလိုက်သည်။ "ကျွန်တော်…ကျွန်တော်… ဘယ်သူ့ကိုမှ ပြန်မပြောပါဘူး…"

 

 

အချိန်တစ်ခုအကြာ အတူတူကုန်ဆုံးပြီးနောက်တွင် စုကျီဆွေ့၏ စကားပြောစွမ်းရည် တိုးတက်သည်— သူက စကားပြောရာတွင် အချို့စကားလုံးများကို အနည်းငယ် ပိုမိုမြန်ဆန်စွာ အသုံးပြုလာသည် ။

 

 

‌သူ၏ အရောင်ဖျော့ဖျော့ မျက်ဝန်းများကြောင့် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း မည်သည့်ရှုထောင့်ကပင်ကြည့်ကြည့် မျက်ဝန်းအစုံသည် အစစ်မှန်ဆုံး ကျောက်မျက်ရတနာများသဖွယ် တလက်လက် တောက်ပနေသည်။

 

 

ကုယီလန်က စက္ကန့်အနည်ငယ်မျှ နှုတ်ဆိတ်နေပြီး နောက်ဆုံးတွင် ပြောလာသည်။ "ငါ စိတ်မကောင်းဖြစ်နေတာ မဟုတ်ဘူး…"

 

 

သူ၏ လေသံက တည်ငြိမ်ကာ အေးစက်နေပြီး လျစ်လျူရှုခြင်းနှင့် တစ်သီးတစ်သန့်ဆန်ခြင်းများ အပြည့်ဖြစ်နေသည် ။  သို့သော်လည်း စကားပြောရန် နှုတ်ခမ်းများကို ဖွင့်လိုက်ချိန်၌ သွားများအကြားတွင် အလားတူ ထိတ်လန့်ဖွယ်ရာ အနီရောင်များ စွန်းထင်နေသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

 

 

—မစ္စတာကုက ‌လျှို့ဝှက်ချက်အများကြီးကို ဖုံးကွယ်ထားပါလားဟု စုကျီဆွေ့ တွေးမိသည် ။

 

 

သူက ထိုအမျိုးသားကို အလွန်လေးနက်စွာ စိုက်ကြည့်၍ အင်တာနက်မှ လေ့လာထားဖူးသမျှထဲမှ ချီးကျူးစကားများကို အထစ်အထစ်အငေါ့ငေါ့နှင့် ဆိုလိုက်သည်။ "ခင်ဗျားရဲ့ မျက်တောင်တွေက… တကယ်ရှည်တာပဲ… သူတို့က လှတယ်…"

 

သူ့စိတ် ထင်ယောင်ထင်မှား ဖြစ်နေခြင်းကြောင့်လားမသိ ၊ ထိုစကားပြောလိုက်ချိန်၌ စာကြည့်ခန်း၏လေထုသည် အပူချိန်မြင့်တက်လာသယောင် ထင်ရသည် — ၎င်းက အသက်ရှူရန်ပင် အလွန်အမင်း ခက်ခဲလာသည်ကို ရှာတွေ့ခဲ့သည် ။

 

 

စက္ကန့်အနည်းငယ် ကြာပြီးနောက် ကုယီလန်က ဘောပင်အား လက်မှချ၍ မေးခွန်းထုတ်လာသည်။ "ငါ့ကို ပြောနေတာလား…"

 

 

"အင်း…" စုကျီဆွေ့က ပြင်းပြင်းထန်ထန် ခေါင်းငြိမ့်လိုက်သည်။

 

 

'ဒါကြောင့် ငါ့စာအုပ်မှာ လျှောက်ရေးခြစ်ထားတာလား…' ကုယီလန်က ဘောပင်အား လှည့်နေသည်ကို ရပ်လိုက်ပြီး ဘောပင်အဖျားနှင့် အစမ်းလေ့ကျင့်စာအုပ်ကို ထောက်ပြကာ ပြောလိုက်သည်။

 

 

ဘောပင်နှင့် ထောက်ပြထားသည့်နေရာအား ကြည့်လိုက်သောအခါ စာအုပ်၏ ညာဘက်အောက်ထောင့်တွင် မျက်လုံးပြူးပြူး၊ ပါးနီနီနှင့် ဝဝကစ်ကစ် ယုန်ရုပ်လေးတစ်ရုပ်ကို တွေ့လိုက်ရသည်။ ၎င်းမှာ သူအရင်က ဆွဲခဲ့ဖူးသည့် ယုန်ရုပ်လေးနှင့် အတူတူပင်  ။ သူက ထိုသို့သော ချစ်စရာကောင်းသည့် ရုပ်ပုံများ ရေးဆွဲနေကျဖြစ်သည်။

 

ကာတွန်းကြည့်နေချိန်၌ ဖြစ်ကတက်ဆန်း ရေးဆွဲခဲ့ပြီးနောက် လုံးဝကို မေ့နေလေသည်။

 

"တောင်း… ဝောင်းပန်ပါတယ်…"

 

 

ကုယီလန်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။ "ဘယ်အပိုင်းကို နားမလည်တာလဲ…"

 

 

စုကျီဆွေ့က အမြဲလိုလိုပင် ရိုးသားလှသည်ဖြစ်ရာ လွယ်လင့်တကူပင် အာရုံပြောင်းသွားခဲ့သည် ။ ပုစ္စာတစ်ပုဒ်၏ လုပ်ဆောင်ချက်အဆင့်တစ်ခုကို ထိုးပြီး မော့ကြည့်လိုက်သည် ။  "ဒီအပိုင်း မရဘူး…"

 

 

 

ကုယီလန်က ပြန်ဖြေသည် “အင်း… မင်းက ဟမ်မီတိုနီယန် ညီမျှခြင်းကို သင်ဖူးတာလား…"

 

 

စုကျီဆွေ့က သိုးမွှေးလုံးလေးကဲ့သို့ အားပါးတရ ခေါင်းညိမ့်လိုက်သည်။

 

 

ကုယီလန်၏ ​တည်ငြိမ်သောအသံမှာ  ကြည်လင်ပြတ်သားပြီး နက်ရှိုင်းလှသဖြင့်— တယောအကြီးကို နူးညံစွာ တီးခတ်နေသံသည် တစ်ဦးတစ်ယောက်၏ နားအတွင်းတွင် ညင်ညင်သာသာ ပဲ့တင်ထပ်နေသကဲ့သို့ပင် ဖြစ်နေ၏ ။  စုကျီဆွေ့ အပြည့်အဝ အာရုံစိုက်သွားစေရန် အချိန်အကြာကြီး မယူလိုက်ရပေ ။ သူ့အာရုံအလုံးစုံသည် ပြိုင်ပွဲမေးခွန်းပုစ္ဆာကို ဖြေရှင်းရာ၌ အပြည့်အဝ အာရုံစိုက်ထားခဲ့သည် ။

 

 

သူတို့က ပုစ္ဆာတစ်ပုဒ်ပြီးသွားချိန်တွင် ကုယီလန်က လည်ချောင်း  ခြောက်လာသည့်အတွက် သူ့လည်စေ့ကို အနည်းငယ်လှုပ်ရှားလိုက်ပြီး သူ့ဘေးရှိ ရေခွက်ထံသို့ လက်လှမ်းလိုက်သည်။

 

 

စက္ကန့်အနည်းငယ်အတွင်းတွင် စုကျီဆွေ့က တွေးတောခြင်းမရှိဘဲ ရေခွက်ထံ လက်လှမ်းနေသည့် ကုယီလန်၏ လက်အား ဖမ်းဆုပ်လိုက်သည်။

 

 

အသားချင်းး ထိမိချိန်၌ ပူနွေးမှုမှာ မီးတောက်အလားပင်။ စုကျီဆွေ့မှာ တကိုယ်လုံး ပူထူသွားရသည်။ ချက်ချင်းပင် လက်ပြန်ရုတ်လိုသော်လည်း ထိတ်လန့်သွားကာ အတွေးများပင် ရပ်သွားသည့်အတွက် လက်မောင်းကို လေထဲတွင်ပင် နေရခက်စွာ မြောက်လျှက် ရှိနေတော့သည်။

 

 

ကုယီလန်က မျက်နှာတစ်ခုလုံး နီရဲနေသည့် ကောင်လေးအား စိုက်ကြည့်ခဲ့သည်။ ထိုအခြေအနေ၌ပင် သူက တည်ငြိမ်နေပြီး ပြတ်ပြတ်သားသား မေးလိုက်သည်။ "ဘာဖြစ်လို့လဲ…"

 

 

စုကျီဆွေ့ သူ၏ ဦးနှောက်အား အပြင်းအထန် အလုပ်ပေးနေမိသည် ။

 

 

သူက ကုယီလန်အား သွေးရှိနေသောခွက်ကို မထိစေလို— သို့သော်လည်း ကုယီလန်နှင့် မတူစွာပင် သူက ရုတ်တရက် စကားလမ်းကြောင်းပြောင်းရန် မကျွမ်းကျင်ပေ။

 

 

ထို့နောက်တွင် အလင်းအလျင်ကဲ့သို့ပင် ကျပန်းမှတ်ဉာဏ်တစ်ခု ပေါ်လာသည်— အစ်ကိုဖြစ်သူ ပြောခဲ့ဖူးသည့် ကုယီလန်က ရုပ်ပိုင်းဆိုင်ရာအရ ထိတွေ့မှုအား မကြိုက်ကြောင်းကို သတိရလာသည် ။ သူက စဥ်းစားတွေးခေါ်ခြင်းမရှိဘဲ လွတ်ကနဲ ပြောလိုက်မိသည် ။ “ကျွန်တော့်ကို ရိုက်မှာလား…" 

 

 

ကုယီလန် : ?

 

 

ကုယီလန် သူ့လက်အား ပြန်ရုတ်ကာ ကောင်ငယ်လေးအား မျက်မှောင်ကြုံ့၍ ကြည့်လိုက်သည်။

 

 

ကုယီလန်က ရေခွက်အား ဆုပ်ကိုင်ရန် ကြိုးစား​​ခြင်း မရှိသည်ကို မြင်သောအခါမှ စုကျီဆွေ့က စိတ်သက်သာရသွားကာ သက်ပြင်းကို ချလိုက်ပြီး နူးညံ့စွာနှင့် မသဲမကွဲ ပြောလိုက်သည် ။ "ကလပ်မှာတုန်းက… တယောက်ယောက်က လာထိတယ်လေ…ပြီးတော့ ခင်ဗျားက…သူ့ကို ရိုက်ခဲ့တယ်…"

 

 

ကုယီလန်က မျက်ခုံးပင့်လိုက်သည် ။  သူ့အတွက်သူ ရှင်းပြခြင်းမရှိဘဲ စကားလုံးအနည်းငယ်ကို ရိုးရှင်းစွာ တွေဝေခြင်းမရှိ ပြောလာသည် ။ "သူ့ကို ရိုက်တာက ဘာလို့လဲဆိုတော့ ရိုက်သင့်တယ် ခံစားရလို့…"

 

 

"ဒါဆို ကျွန်တော့်ကိုကော ရိုက်ချင်စိတ် ရှိနေလား…" စုကျီဆွေ့က သူ့အား စူးစိုက်စွာ ကြည့်လျက် မေးသည်  ။

 

 

ကုယီလန် : ??

 

 

ကုယီလန်က ခေတ္တမျှ စဥ်းစားပြီးနောက် ပျက်ရယ်ပြုသောလေသံဖြင့် ပြောလာသည် ။ “ စောစောက မရိုက်ချင်ဘူး… ဒါပေမဲ့ အခုတော့ ရိုက်ချင်လာပြီ ”

 

 

ထိုစကား ပြောပြီးနောက် နှစ်ဦးသား စကားမဆိုတော့ပေ ။ စုကျီဆွေ့က တိုးညင်းသောအသံဖြင့် ပြောလာချိန်မှသာ သူတို့အကြား တိတ်ဆိတ်ငြိမ်သက်နေမှုက ပျောက်သွားသည် ။ "ကျွန်တော်… အပြင်မသွားလို့ မရဘူးလား…"

 

 

"မရဘူး…" ကုယီလန်က စကားပြန်ဖြေသည်။

 

 

ထို့နောက်တွင် လေ့ကျင့်ရေး စာအုပ်အား လှန်ကြည့်လိုက်ပြီး အပူစွမ်းအင်ဆိုင်ရာနှင့် အလင်းဆိုင်ရာအပိုင်းများတွင် ရပ်ကာ သူ့လက်ဆစ်ဖြင့် စာမျက်နှာအား ထောက်ပြသည် ။ "မနက်ဖြန်အားတယ်… နားမလည်သေးတာတွေကို စုထားပြီးရင် ငါ့ဆီယူလာခဲ့…"

 

 

ထို့နောက် သူက လုံးဝ နှုတ်ဆိတ်နေသော ကောင်လေးအား ကြည့်လိုက်သည် ။

 

 

စုကျီဆွေ့၏ မျက်ဝန်းများက ရီဝေနေကာ နှုတ်ခမ်းကိုက်ထားပြီး တချို့အကြောင်းအရာများကြောင့် နက်ရှိုင်းစွာ စိတ်မသက်မသာဖြစ်နေပုံရ​ကာ — ငိုတော့မည့်ကဲ့သို့ မျက်ရည်ကျလုဆဲဆဲ ဖြစ်နေ၏ ။

 

 

ကုယီလန်က လေးတွဲ့စွာ မပြောမီ စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေခဲ့သည် ။ "ငါက အပြင်ကို မကြာခဏ သွားရတယ်လေ… ငါတို့လက်ထပ်ပြီးရင် မင်းလည်း တစ်ခါတစ်လေ သွားရမယ်…"

 

 

စုကျီဆွေ့က ဂဏာမငြိမ်ဖြစ်ကာ လက်ချောင်းများကို ထိလျက် နူးနူးညံ့ညံ့ ပြန်ဖြေသည် ။ "ကောင်းပါပြီ…"

 

 

"ဆက်သွားကြမလား…" ကုယီလန်က မူလစာမျက်နှာသို့ ပြန်လှန်လိုက်သည်  ။

 

 

စုကျီဆွေ့က  ခပ်တိုးတိုးနှင့် အင်းဟုသာ တုံ့ပြန်သည်။

 

 

စာကြည့်ခန်းအတွင်းရှိ လေထုမှာမူ ထူးထူးခြားခြား တင်းမာနေသည် ။ စုကျီဆွေ့ သူ့မျက်လုံးများကို နိမ့်ချထားပြီး သူမတွက်နိုင်သည့် ပုစ္ဆာအား ကုယီလန်မှ ဖြေရှင်းပေးနေသည်ကို ကြည့်နေသည် ။ ညိုးနွမ်းနေသော ခရမ်းသီးကဲ့သို့ပင် သူက လုံးဝ အားလျော့နေသည် ။

 

 

နှစ်နာရီခန့် ကြာပြီးချိန်၌ ကုယီလန်က စာအုပ်ပိတ်၍ ကောင်ငယ်လေးအား ပြန်ပေးသည်။

 

 

စုကျီဆွေ့က ၎င်းကို လက်နှစ်ဖက်ဖြင့် ယူကာ ညင်ညင်သာသာ ပြောလိုက်သည် ။ “ကျေးဇူးတင်ပါတယ် ” ထို့နောက် ပြေးထွက်သွားခဲ့သည် ။

 

 

 

ကုယီလန်က သူ့အနောက်ရှိ တံခါးကို နာခံစွာဖြင့် ပိတ်သွားသော ကောင်လေး၏ နောက်ကြောင်းပုံပန်းသဏ္ဌာန်ကို ကြည့်ကာ ထို့နောက် မျက်ဝန်းနက်များကို ဖြေးညှင်းစွာ ပိတ်ချလိုက်ပြီး  တိတ်တဆိတ် သက်ပြင်းချလိုက်‌သည်။

 

 

သူ့အခန်းထဲ ပြန်ရောက်သောအခါ  စုကျီဆွေ့က တံခါးပိတ်ကာ လေ့ကျင့်ရေးစာအုပ်အား စားပွဲပေါ် တင်လိုက်သည်။ ထို့နောက်တွင် သူ၏ ပါးဖောင်းဖောင်းလေးများဖြင့် လေမှုတ်ထုတ်လိုက်ပြီး တွေးတောမှု စတင်တော့သည်။

 

 

ကုယီလန်က ဘာပြောခဲ့လဲ…?  “ နောက်တစ်ကြိမ်ဆိုရင် ပုစ္ဆာအားလုံးကို စုစည်းပြီး တစ်ခါတည်း ယူလာခဲ့ ” ၎င်းက သူ့အား နေသားမကျသော ခံစားချက် ဖြစ်စေ၏ ။ နောက်တနေ့၌ အတူတကွ စာလေ့လာခြင်းက နောက်ဆုံးဖြစ်မည်ဟု ခံစားမိနေသည်။ 

 

 

ထိုသို့သာဆိုလျှင် သူ့အနေဖြင့် ကုယီလန် ဘေးတွင် နောက်တစ်ကြိမ် ထိုင်နိုင်မည် မဟုတ်သကဲ့သို့ ၊ ထိုနက်ရှိုင်းပြီး သာယာသော အသံဖြင့် ပုစ္ဆာများအား ဖြေရှင်းနေသည်ကို ကြားရန်လည်း မဖြစ်နိုင်တော့ချေ ။

 

 

ကြောက်ရွံစိတ်များက တွားသွားဝင်ရောက်လာခဲ့သည် ။

 

 

သို့သော်လည်း သူသည် မည်သည့်အရာအား ကြောက်ရွံနေသည်ကို မသိပေ ။  ကုယီလန်အား ဘယ်တော့မှ မတွေ့ရတော့မည်ကို ကြောက်ရွံခြင်းပေလော သို့မဟုတ် ရူပဗေဒအား သင်ပြမည့်သူ မရှိမည်ကို စိုးရိမ်ခြင်းပေလော ။

 

 

သူက အပြင်မထွက်လို ၊ ကုယီလန်နှင့် ခွဲခွာရမည်ကိုလည်း မလိုလား ။

 

 

သူ့အခန်းထဲမှ လှပသော ရွှေရောင်လှောင်အိမ်ကြီးအတွင်းတွင်သာ  ထာဝရ နေထိုင်ချင်သည်။ ရူပဗေဒပုစ္ဆာများအား နီးနီးကပ်ကပ် ရှင်းပြပေးနိုင်မည့်သူလည်း လိုအပ်၏ ။ ထို့အပြင် ကုယီလန်၏ လျှို့ဝှက်ချက်များကိုလည်း သိလိုသည်။

 

 

ယခုအချိန်၌ သူ၏ ပုံမှန်လှည့်ကွက်များအားလုံး ကျရှုံးသွားခဲ့ပေရာ ၊ စုကျီဆွေ့က အခန်းထဲ​ရှိ သစ်သားဗီရိုအား အကူအညီမဲ့စွာဖြင့်  ကြည့်မိသွားသည်။

 

 

အမြော်အမြင်ရှိသော​ အိမ်တော်ထိန်းက ကုယီလန်ကား ဗီရိုအတွင်းမှ အရာများအား အထူးတလည် နှစ်သက်ကြောင်း ပြောခဲ့ဖူး၏ ။

 

 

စုကျီဆွေ့က ၎င်းတို့ကို ပုဂ္ဂိုလ်ရေးအရ ဂရုမစိုက်သော်လည်း  ကြိုးစားကြည့်နိုင်ပေသည် ။ 

 

 

နောက်တစ်နေ့မနက်ခင်းတွင် စုကျီဆွေ့က စောစော နိုးလာပြန်သည် ။ အလျင်အမြန် ဆေးကြောပြီးနောက်တွင်  ထူးဆန်းသော အရာများနှင့် ပြည့်နှက်နေသည့် သစ်သားဗီရိုကြီးအား ဖွင့်လိုက်သည် ။

 

 

သိပ္ပံစမ်းသပ်မှုတစ်ခုကို လုပ်ဆောင်နေသကဲ့သို့ အစစအရာရာ စေ့စပ်သေချာလွန်းသည့် ပြင်ဆင်မှုများ ပြုလုပ်ပြီးနောက် အချိန်ကိုက်ပင် အခန်းပြင်ထွက်ကာ ကုယီလန်၏ အခန်းသို့ ဦးတည်လိုက်သည်။

 

 

 ကောင်ငယ်လေးက ဖိနပ်ပင် မစီးထားဘဲ ထွက်လာခြင်းဖြစ်၏ ။ ဆီးနှင်းကဲ့သို့ ​ဖျော့တော့သော သူ၏ခြေဖဝါးနှင့် ခြေသလုံးလေးများမှာ မနက်ခင်းတွင် လှပစွာ ပနံသင့်နေလေသည် ။ သို့ရာတွင် ငွေရောင်ကြိုးများဖြင့် ရစ်ပတ်ထားခြင်းက သူ့အား ပို၍ ပေါ်လွင်စေကာ ရင်သပ်ရှုမောဖွယ်​ကောင်းအောင် ပြုလုပ်နေသကဲ့သို့ပင် ။

 

 

သူ့ခန္ဓာကိုယ်မှ အဝတ်အစားဟုပင် ခေါ်ရခက်သည့် အထည်ပေါ်ဝယ် အိတ်ကပ်ပင် မပါပေ။ ထိုသို့ဖြစ်ရခြင်းမှာ စုကျီဆွေ့အနေဖြင့် အသံသွင်းစက် ထည့်မထားနိုင်ရန်ဖြစ်သည်။

 

 

သူ လဲကျမသွားစေရန် ရှည်လျားပြီး သွယ်လျသော ချိန်းကြိုးများအား လက်နှစ်ဖက်ဖြင့် မြှောက်တင်ထားရသည့်အတွက် အသံဖမ်းစက်အား သူ့သွားများကြားတွင် ကိုက်ပြီး ယူရုံမှတစ်ပါး ရွေးချယ်စရာမရှိ ။ နှေးကွေးစွာ လျှောက်လမ်းနေစဥ်တွင်  သံကြိုးများ အတူတကွ တိုက်မိရာမှ ကြွပ်ဆတ်သော သတ္တုအသံများ ထွက်ပေါ်နေသည် ။

 

 

ကောင်လေး၏ အသွင်အပြင်မှာ ဝေးလံသောကုန်းမြေ ၊ တိုင်းတပါးမှရောက်လာသော ကောင်လေးနှင့်ပင် တူနေသည်။ ငွေကြိုးများမှ ထွက်လာသည့်အသံနှင့် ခြေလှမ်းတို့မှာလည်း စည်းချက်ကျနေ၏ ။

 

 

ကံကောင်းထောက်မစွာဖြင့် ကုယီလန်၏ အိမ်ခန်းမှာ ဘေးချင်းကပ်တွင် ရှိနေသည် ။

 

 

စုကျီဆွေ့ တံခါးအရှေ့တွင် ရပ်လိုက်ပြီး တံခါးခေါက်ရန် သူ့လက်ကို မြှောက်လိုက်ရုံသာ ရှိသေးသော်ငြား  စက္ကန့်အနည်းငယ်အကြာတွင် တံခါးမှာကား အတွင်းဘက်မှ အလိုအလျောက် ပွင့်လာခဲ့သည် ။

 

 

ကုယီလန်က ဆေးကြောသန့်စင်ပြီးခါစနှင့် တူနေသည် ။ မျက်လုံးအောက်တွင် အရိပ်များရှိနေပြီး မျက်ခွံများမှာမူ ပင်ပန်းနွမ်းနယ်မှုကြောင့် ငိုက်စိုက်ကျနေသည် ။ စုကျီဆွေ့အား မြင်လိုက်ရချိန်၌ အပြင်သို့ လှမ်းမည့်ခြေလှမ်းများ ရပ်တန့်သွားပြီး ကြောင်သွားတော့သည်။

 

 

စုကျီဆွေ့က ပါးစပ်မှ အသံသွင်းစက်အား ဖယ်ရှားလိုသည့်အတွက် သူကိုင်ဆွဲထားသော သံကြိုးအား ကုယီလန်ထံ အရင်ပေးလိုက်သည် ။

 

ကုယီလန်က မတ်တပ်ရပ်နေဆဲဖြစ်ပြီး သူ့အားစူးစိုက်စွာ စိုက်ကြည့်နေသည် ။ များများစားစား ခုခံခြင်း မရှိဘဲ ပေးလာသည့် သံကြိုးကို လက်ခံလိုက်သည် ။

 

 

စုကျီဆွေ့က အသံသွင်းစက်အား ဖယ်ကာ သက်ပြင်းတစ်ချက် အသာအယာ မှုတ်ထုတ်လိုက်သည် ။ကုယီလန်က  သူ့အိမ်စာအား စစ်ဆေးနိုင်စေရန်  အသံဖမ်းစက်မှ ခလုတ်ကို နှိပ်မည်အပြု ထိုခဏ၌ သူ၏ အနောက်မှ ကျယ်လောင်သည့် အသံကို ကြားလိုက်ရသည်။

 

 

 

စုကျီဆွေ့နှင့် ကုယီလန်တို့ နှစ်ဦးလုံး အသံလာရာသို့ ကြည့်မိကြ၏ ။

 

 

လှေကားထိပ်၌ အိမ်တော်ထိန်းက ကြောင်အစွာ ရပ်နေပြီး သူ၏ လက်မှ ဖိုင်တွဲများက ကြမ်းပြင်၌ ကျနေကာ ဆီးနှင်းကဲ့သို့ ဖြူဖွေးသော စာရွက်ဖြူများက ကြွေကျနေသော သစ်ရွက်များအလား  ပြန့်ကျဲနေလေသည်။

 

 

ထိုသူက ကြက်သေသေကာ ရပ်နေပြီး  စုကျီဆွေ့၏ လည်ပင်းမှ လည်ပတ်နှင့် ကုယီလန်၏ လက်မှ ကြိုးတို့အား ထိတ်လန့်စွာဖြင့် စိုက်ကြည့်နေလေသည်။

 

 

သူ၏ မျက်နှာအမူအရာတွင် ပြောထားသည်မှာ —မုချဧကန် မယုံကြည်နိုင်ကြောင်းပင် ။