Ch 3
Viewers 592

အခန်း3)


စုကျင်းက ဆူညံပြီး အနှောင့်အယှက်ကိုပေးတတ်သော ကလေးများကို မုန်းတီးသည်။


ထို့ကြောင့် လိမ္မာယဉ်ကျေးသော ကလေးတစ်ယောက်ကို ရှာဖွေပေးလျှင် အဆင်ပြေပေလိမ့်မည်။


စုကျင်းနှင့် နှစ်ပေါင်းများစွာ လက်တွဲလာခဲ့သောကြောင့် ကျိုးယန်ရှားက သူ့ အနုပညာရှင်၏ စရိုက်နှင့် ကိုယ်ရည်ကိုယ်သွေးများကို ကောင်းစွာ နားလည်ထား၏။



 အကျဉ်းချုပ်၍ ပြောရလျှင် နူးညံ့မှုကို တုံ့ပြန်တတ်ပြီး အတင်းအကျပ် လုပ်သည်ကိုတော့ လက်မခံသူဟု ပြောရပေလိမ့်မည်။


အကယ်၍ သူ၏လက်တွဲဖော်က လူဆိုးလေးဖြစ်နေပြီး၊ အရှက်မရှိဘဲ အသံပြဲနှင့် အော်ဟစ်တတ်သူ ဖြစ်နေပါက စုကျင်းနှင့် ထိပ်တိုက်တွေ့လျှင် အပြန်အလှန် ပျက်စီးကြပေလိမ့်မည်။ 


သို့သော် အကယ်၍ ကလေးက လိမ္မာယဉ်ကျေးနေပါက စုကျင်းအနေဖြင့် ကလေးနှင့် အငြင်းပွားရန်အတွက်ကို ရှက်နေပေလိမ့်မည်။




စုကျင်းက သူ၏ မန်နေဂျာက သူ့ကို အပိုင်ကိုင်ထားနိုင်ပြီဖြစ်ကြောင်းကို သတိမထားမိပေ။


သူ မျက်မှောင်ကြုတ်လိုက်မိသည်။  ထိုshowတွင် ပါဝင်ပြီး စိမ်းသက်နေသော ကလေးများနှင့် ထိတွေ့ရမည့်အရေးကို တွေးမိလျှင် ဦးရေပြားများပင် စပ်ဖြင်းဖြင်းဖြစ်လာခဲ့၏။


“ခင်ဗျား ဘာပဲပြောပြော၊ ကျွန်တော်က ဒီအစီအစဉ်ထဲမှာ ပါဝင်မှာ မဟုတ်ဘူး!”


ဤသို့ပြောရင်း စုကျင်းက ယနေ့ညတွင် အထုပ်အပိုးပြင်ပြီး လဝက် သို့မဟုတ် တစ်လလောက် ထွက်ပြေးရန်နှင့် ဤမုန်တိုင်း ငြိမ်သက်သွားမှသာ ပြန်လာရန်အတွက် တိတ်တဆိတ် ဆုံးဖြတ်လိုက်လေသည်။


ကျိုးယန်ရှားက သူ့ကို ဤအစီအစဉ်တွင် ပါဝင်ရန် အတင်းအကျပ် လုပ်နိုင်လိမ့်မည်ဟု သူ မယုံကြည်ပေ။



 ကျိုးယန်ရှားသည်လည်း စုကျင်းကို အတင်းအကျပ် လုပ်ရန်ရည်ရွယ်ချက် မရှိပေ။


သူ မလာခင်ကတည်းက စုကျင်း ဤသို့တုံ့ပြန်မည်ကိုတွေးထားသည်ပင်။


 

ယခု စုကျင်း၏ မျက်နှာအမူအရာကို ကြည့်ရုံနှင့် စုကျင်းက မည်သည့်အရာကိုလုပ်ချင်နေပြောင်း ကျိုးယန်ရှားက ခန့်မှန်းမိနေခဲ့ပြီ။




“မင်း အရင်က ဒီ Reality Show မှာ ပါဝင်ဖို့ကို သဘောတူခဲ့ဖူးတယ်”


ကျိုးယန်ရှား၏ စကားကို ကြားလျှင်  စုကျင်းက မသိစိတ်ဖြင့် ပြန်လည်၍ တုံ့ပြန်လိုက်လေ၏။


“ကျွန်တော် ဘယ်တုန်းက ဒီအစီအစဉ်မှာပါဖို့ သဘောတူခဲ့လို့လဲ!”


“လွန်ခဲ့တဲ့ တစ်လက မင်း (၂၃) ခုမြောက် အလုပ်ကမ်းလှမ်းမှုကို ငြင်းပယ်ခဲ့တုန်းက ငါ မင်းနဲ့ သဘောတူညီချက်တစ်ခုကို လုပ်ခဲ့တယ်လေ၊


တကယ်လို့ နောက်တစ်လကြာတဲ့အထိ မင်း ဘယ်အလုပ်ကိုမှ လက်မခံသေးဘူးဆိုရင် ငါတို့ရဲ့ သဘောတူညီချက်ပါ စည်းကမ်းချက်တွေကို မချိုးဖောက်ဘဲ မင်းကို အလုပ်တစ်ခုကို ပေးလို့ရတယ်”


“ဒီတိုက်ခန်းထဲမှာ..  အခုရှိနေတဲ့ ဒီထမင်းစားပွဲ ဘေးနားမှာပဲ”


စုကျင်း၏ မျက်နှာအမူအရာက တဖြည်းဖြည်း တောင့်တင်းသွားရလေ၏။


ကျိုးယန်ရှား ထိုအကြောင်းကို ဖော်ပြလိုက်သည်နှင့် သူ ထိုအချိန်က အခြေအနေကို ပြန်လည်၍ အမှတ်ရလာခဲ့သည်။


ကျိုးယန်ရှားက ဆက်ပြောလိုက်လေ၏။


“ငါတို့က သဘောတူထားတဲ့ မူဝါဒတွေအရဆိုရင် .. “


“ပထမအချက် : အလုပ်ကြေညာချက်က ဘယ်လို တရားမဝင်တာ ဒါမှမဟုတ် ရာဇဝတ်မှုမျိုးနဲ့မှ မပတ်သက်ရဘူး”


“ဒုတိယအချက်:  အလုပ်ကြေညာချက်က ဘယ်လို 

CP (couple) ပရိုမိုးရှင်းမျိုးနဲ့မှ မပတ်သက်ရဘူး”


စုကျင်း၏ မျက်နှာက နီရဲရာမှ ဖြူလျော်သွားသည်ကို ကြည့်ရင်း ကျိုးယန်ရှားက တည်ငြိမ်စွာဖြင့် ပုံမှန်အရှိန်အတိုင်းပင် ဆက်လက်ပြောနေခဲ့သည်။


“ဘယ်ဘက်ကပဲ ကြည့်ကြည့်  မင်းက ဘယ်ကိုသွားမလဲ ဘေဘီက သတ်မှတ်ချက်တွေနဲ့ အပြည့်အဝကို ကိုက်ညီနေတယ်၊


ဒါပေါ့၊ မင်း ကလေးတွေကို တကယ့်မကြိုက်ဘူးဆိုတာ ငါ သိပါတယ်၊ 


ဒါကြောင့် ထုတ်လုပ်ရေးအဖွဲ့နဲ့လည်း အကြိမ်ကြိမ် ကြိုတင်ညှိနှိုင်းထားပြီးပြီ၊


သူတို့က လူရွေးပွဲမှာ မင်းနဲ့ အတူတွဲဖို့ကို အသင့်တော်ဆုံးကလေးကို ရွေးချယ်လိမ့်မယ်၊


အဲဒီရွေးချယ်မှုကိုလည်း ငါကကိုယ်တိုင် ကြီးကြပ်ပေးသွားမယ်”


ကျိုးယန်ရှား၏ ဖိအားပေးမှုနှင့် ဖျောင်းဖျမှုတို့ ပေါင်းစပ်လိုက်သည့်အချိန်တွင် စုကျင်း၏ လေသံက နူးညံ့လာခဲ့၏။


“ကလေးထိန်းရတဲ့ Variety Show ပဲ ဖြစ်ရမှာလား၊ တခြား Variety Show တစ်ခုခုကို ရွေးလို့မရဘူးလား၊ တကယ်လို့ မရတော့ဘူးဆိုရင်လည်း ကြော်ငြာရိုက်တာမျိုးပဲ ဖြစ်ဖြစ် လက်ခံလိုက်မယ်လေ!”


စုကျင်းက ကျိုးယန်ရှားကို ဖျောင်းဖျရန်အတွက် ကြိုးစားနေဆဲပင်။ 


“မင်းမှာ အလုပ်နှင့်ပတ်သက်တဲ့ ကြေညာချက်ကမရှိတာ နှစ်လတောင်ရှိနေပြီ၊ လူမှုကွန်ရက်စာမျက်နှာမှာလည်း ဘာမှမတင်ထားဘူး၊


ကြော်ငြာတွေကနေ နာမည်အရှိန်အဝါကို ပြန်ရအောင်လုပ်ပေးနိုင်တယ်ဆိုရင်တောင်၊ 


ဒါက ရုပ်ကိုပြသတာပဲ ရှိမယ်၊  အပြန်အလှန် ဆက်ဆံမှု မရှိဘူး၊ ပရိသတ်တွေအတွက်ကို ခံစားချက်က ကွာခြားသွားလိမ့်မယ်” 


ကျိုးယန်ရှားက စိတ်ဓာတ်ကျနေသော စုကျင်း၏ အမူအရာကို ကြည့်ရင်း သူ၏ မျက်မှန်ကို ပင့်မ,လိုက်လေသည်။ 


“လက်ရှိအခြေအနေကို ထည့်တွက်ရင် ‘မင်း ဘယ်ကိုသွားမလဲ ဘေဘီ ‘က အသင့်တော်ဆုံး အလုပ်ပဲ”


ကျိုးယန်ရှား ထုတ်မပြောလိုက်သော တခြားအကြောင်းရင်းများကလည်း ရှိသေး၏။


စုကျင်းအတွက် အခုအချိန်တွင် အလိုအပ်ဆုံးအရာမှာ လူကြိုက်များမှုမဟုတ်ဘဲ အရွယ်စုံလူတန်းစားများ၏ သိရှိနားလည်မှုပင်။


ကျောင်းတွင်းအချစ်ဇာတ်လမ်းဖြင့် ပွဲဦးထွက်ပြီးနောက်တွင် စုကျင်းက တခြားသော အချစ်ဇာတ်လမ်းတွဲ အများအပြားကို လက်ခံခဲ့သည်။


ထိုဇာတ်လမ်းတွဲများ၏ အားသာချက်က လူကြိုက်များမှုဟူသော အခြေခံကောင်းကို တည်ဆောက်ပေးနိုင်ပြီး လူငယ်များ၏ ချစ်ခင်မှုကို လျင်မြန်စွာရရှိစေခြင်းပင်။


သို့သော် ထိုအရာများနှင့် ယှဉ်လျှင် အရွယ်စုံလူတန်းစားကြားတွင် အောင်မြင်မှုကတော့ အတော်လေး လိုအပ်နေသေး၏။


ဤReality Show မှာ စုကျင်း၏ အောင်မြင်မှုကို အရွယ်စုံလူထုကြားတွင် မြှင့်တင်ရန်အတွက် ကျိုးယန်ရှား စီစဉ်ထားသော အရေးကြီးသည့် ခြေလှမ်းတစ်ခု ဖြစ်ပေသည်။


စုကျင်း စိတ်ရှုပ်ထွေးနေဆဲဖြစ်ကြောင်းကို မြင်လျှင် ကျိုးယန်ရှားက နောက်ဆုံးလက်နက်ကို တည်ငြိမ်စွာဖြင့် ထုတ်သုံးလိုက်လေတော့၏။


“ဒါနဲ့ စကားမစပ် .. မင်းရဲ့ မိဘတွေက လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ မင်းကို ဘလိုင်းဒိတ် လုပ်ပေးချင်တယ်လို့ ပြောနေကြတယ်၊


တကယ်လို့ ငါ့ဘက်ကနေ သူတို့ကို မင်းမှာ အခုလက်တလော ဘာအလုပ်မှ မရှိဘူးလို့ ပြောလိုက်ရင်...”


စုကျင်းတစ်ယောက် အပ်ဖြင့် အထိုးခံလိုက်ရသကဲ့သို့ ထခုန်လိုက်မိပြီး ကျိုးယန်ရှားကို တုန်ယင်စွာဖြင့် လက်ညှိုးထိုး၍ အော်ဟစ်လိုက်လေသည်။


“ခင်ဗျားကတော့! ယုတ်မာလိုက်တာ! အရှက်မရှိတာပဲ!”


ကျိုးယန်ရှား၏ နှုတ်ခမ်းထောင့်စွန်းမှ အပြုံးကတော့ ပြောင်းလဲမသွားခဲ့ပေ။


“ဒါဆိုရင်တော့ မင်းရဲ့ ယုတ်မာပြီး အရှက်မရှိတဲ့ မန်နေဂျာ ရှာပေးထားတဲ့ Variety Showက..”


“ကောင်းပြီ ကောင်းပြီ! ကျွန်တော် အဲဒီအစီအစဉ်ကို သွားမယ်၊ ရပြီလား”


စုကျင်းက စိတ်မဝင်စားသကဲ့သို့ ဟန်ဆောင်၍ လက်တစ်ဖက်ကို အိတ်ထဲသို့ထည့်ပြီး ပြောလိုက်လေသည်။


“ဒီအစီအစဉ်မှာ ကျွန်တော် ဝေဖန်တိုက်ခိုက်ခံရလို့ ထုတ်လွှင့်မှုက အဆင်မပြေဖြစ်သွားရင်တော့ ကျွန်တော့်ကို အပြစ်မတင်နဲ့ဦး!” 



*



လူရွေးပွဲနေရာမှ ထွက်လာပြီးနောက်တွင် ထောင်ထောင်တစ်ယောက် ဝန်ထမ်းများ၏ လမ်းညွှန်မှုဖြင့် မတိုင်မီက အမျိုးသမီးရှိရာသို့ ပြန်လည် ခေါ်ဆောင်ခြင်းကို ခံလိုက်ရသည်။ 


စနစ်၏ သတိပေးချက်ကို စိတ်ထဲတွင် မှတ်သားထားရင်းဖြင့် ထောင်ထောင်တစ်ယောက် သူမ၏ ခြေတံတိုလေးများဖြင့် ထိုအမျိုးသမီးနောက်သို့ အစွမ်းကုန်လိုက်နေခဲ့လေ၏။


နွေရာသီ၌ ရိုက်ကူးရေးစတူဒီယိုထဲ၌ အလွန် ပူပြင်းလွန်းသည်။


နေမင်းကြီးက ကောင်းကင်ယံတွင် မီးဖိုကြီးတစ်ခုကဲ့သို့ ရှိနေပြီး မြေပြင်ကလည်း ပူပြင်းခြောက်သွေ့နေလေ၏။


ထောင်ထောင်မှာ အစားကြူးမကောင်းဆိုးဝါးလေး ဖြစ်သော်လည်း လက်ရှိတွင် လူသားကလေးငယ်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသောကြောင့် ခြေတစ်လှမ်းချင်းစီက အကွာအဝေးအနည်းငယ်သာ ခရီးရောက်နိုင်ခဲ့သည်။


အရှေ့မှ အမျိုးသမီးကို အမှီလိုက်ရန်အတွက် ထောင်ထောင်တစ်ယောက် သူမ၏ ခြေတိုလေးများကို ခက်ခဲစွာ လှုပ်ရှားနေရ၏။


ထိုအမျိုးသမီးက တစ်လှမ်းလှမ်းလိုက်တိုင်း ထောင်ထောင်က သုံးလှမ်းခန့် လှမ်းနေရရှာသည်။


မကြာမီ အဝါရောင်ဂါဝန်လေးနှင့် ကလေးမလေးမှာ ချွေးများဖြင့် ရွှဲနစ်သွားရလေတော့သည်။


သို့သော် ထိုအမျိုးသမီးကတော့ ထောင်ထောင်ကို တစ်ချက်ကလေးမျှ လှည့်မကြည့်ခဲ့ပေ။


ထောင်ထောင်က ထိုအမျိုးသမီး၏ အနောက်မှ လိုက်ရင်း လမ်းကြားလေးများထဲသို့ လှည့်ပတ်သွားလာရ ပြီးနောက်တွင် ပျက်စီးယိုယွင်းနေသော သစ်သားတံခါးတစ်ခု၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။


တံခါး ပွင့်သွားသည်နှင့်  ပိန်လှီ၍ အသားမည်းသော ကောင်လေးတစ်ယောက် ခုန်ထွက်လာခဲ့သည်။


သူက ထောင်ထောင်ကို မြင်ချိန်တွင်  သွားကို ဖြဲပြီးပြောလိုက်လေသည်။


“ ကောင်းကျိုးမရှိတဲ့ကလေး ပြန်လာပြီ!” 


ချွေးများဖြင့် ရွှဲနစ်နေသော ထောင်ထောင်မှာ ထိုနေရာတွင်ပင် ကြောင်အမ်းအမ်းဖြင့် ရပ်နေမိခဲ့သည်။ 


ထိုကောင်လေး၏ အကြည့်နှင့် ဆုံတွေ့ချိန်တွင် သူ သုံးလိုက်သော စကားလုံးက သူမကို ဖော်ပြနေခြင်းဖြစ်ကြောင်းကို သူမ ဝေဝါးစွာ သိလိုက်လေ၏။


ထိုစကားလုံးများ၏ အဓိပ္ပာယ်ကို နားမလည်သော်လည်း ထိုကောင်လေးထံမှ ထွက်ပေါ်လာသော မကောင်းသောစိတ်သဘောထားကို ထောင်ထောင်၏ သားရဲဗီဇအရ အာရုံခံမိခဲ့သည်။


“စနစ်ကျဲကျဲ၊ ကောင်းကျိုးမရှိတဲ့ကလေးဆိုတာက ဘာအဓိပ္ပာယ်လဲ”


ထောင်ထောင်၏ မေးခွန်းကို ကြားလျှင် စနစ်က ချက်ချင်းပင် အဖြေပေးလိုက်လေသည်။


စနစ် : [ကောင်းကျိုးမပေးတဲ့မိန်းကလေးဆိုတာက ... ပိုက်ဆံကုန်ရုံပဲ လုပ်တတ်တဲ့ မိန်းကလေးကိုပြောတာပါ၊


အဲဒါက မိန်းကလေးတစ်ယောက်ကို ရှုံ့ချတဲ့ အသုံးအနှုန်းတစ်ခုပါပဲ၊


ဘာလို့လဲဆိုတော့ သူမ အိမ်ထောင်ပြုတဲ့အချိန်မှာ မိသားစုဘက်က လက်ဖွဲ့ငွေပေးရတာဖြစ်လို့ တခြားမိသားစုဆီကို ပိုက်ဆံပို့ပေးရတယ်လို့ ပြောချင်တာ]




“စနစ်ကျဲကျဲ၊ ထောင်ထောင်က ပိုက်ဆံကုန်စေတဲ့ မိန်းကလေးလား”


စနစ် : [ မဟုတ်ရပါဘူး! ]


ထောင်ထောင်က အထဲမှ ပျော်ရွှင်နေသော မိသားစုကို ခေါင်းမော့ကြည့်လိုက်မိ၏။


မတိုင်မီက ထောင်ထောင်ကို အေးစက်စွာ ဆက်ဆံခဲ့သည့် အမျိုးသမီးက ယခုအချိန်တွင် အပြုံးများပြည့်နေကာ ထိုကောင်လေးကို စကားပြောနေခဲ့သည်။


“ဟောက်ဟောက်၊ ဒီနေ့ ကျောင်းမှာ လိမ္မာရဲ့လား”


ကောင်လေးက ဂုဏ်ယူစွာဖြင့် ခေါင်းကိုမော့ပြီးပြောလိုက်လေသည်။


“ဒီနေ့ ကျောင်းမှာ ကျွန်တော်က အတော်ဆုံးပဲ! မီတာ (၁၀၀) အပြေးပြိုင်ပွဲမှာ ပထမရတယ်!”


“အိုး ငါတို့ရဲ့ ဟောက်ဟောက်လေးက တော်လိုက်တာ! ဒီည မင်းကို ကောင်းကောင်း ဆုချရမယ်! ကြက်ပေါင်ကြီးတစ်ချောင်း စားမလား”


“မစားချင်ဘူး၊ ကြက်ကြော်ပဲ စားချင်တာ!”


“ကောင်းပြီလေ၊ ကြက်ကြော် စားကြတာပေါ့” 


အတိင်းပိုင်းမှ လိုက်ကာက ဆွဲဖွင့်ခံရလိုက်ပြီးနောက်တွင် မုတ်ဆိတ်မွှေးများနှင့် အမျိုးသားတစ်ဦး ထွက်လာကာ ကောင်လေး၏ ခေါင်းကို ပုတ်လိုက်လေ၏။


အိမ်ထဲမှ လူများက ဆူညံပွက်လောရိုက်နေသော်လည်း တံခါးဝတွင် တစ်ယောက်တည်း ရပ်နေသော ကလေးမလေးကိုတော့ မည်သူကမျှ သတိမထားမိကြပေ။


ထိုအခိုက်တွင် စင်္ကြံလမ်းတစ်ခုတည်းတွင်ရှိနေသည့် ဘေးခန်းမှ သစ်သားတံခါးက ပွင့်လာပြီး အမျိုးသမီးငယ် နှစ်ဦးက ထွက်လာခဲ့ကြ၏။


သူတို့က တံခါးဝရှိ ထောင်ထောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် အထဲမှ မြင်ကွင်းကို ကြည့်ကာ အခြေအနေကို ချက်ချင်း နားလည်သွားကြသည်။


သူတို့၏ မျက်လုံးများထဲတွင်တော့ ထောင်ထောင်ကို သနားဂရုဏာသက်သော အကြည့်များဖြင့် ပြည့်နှက်သွားခဲ့လေ၏။