အပိုင်း ၈
Viewers 434

မင်းသားဟွေ့အိမ်တော်ရှိတဲ့ ချုံရန်လမ်းကြားထဲကနေ ထွက်လိုက်ပြီး အရှေ့ဘက်ကို လှမ်းကြည့်လိုက်ရင် ခမ်းနားထည်ဝါလွန်းတဲ့ နန်းတော်တံတိုင်းကြီးကို မြင်နေရပြီလေ။ အနီရောင်နံရံတွေ၊ ရွှေရောင်အမိုးပြားတွေနဲ့ဆိုတော့ မော့ကြည့်ရလောက်အောင်ကို မြင့်မားလွန်းလှတာပေါ့။

မင်းသားဟွေ့က နေမကောင်းဖြစ်နေတာမို့ သူစီးတဲ့ရထားလုံးက ရိုးရိုးရထားလုံးတွေထက် နည်းနည်းပိုနှေးနှေးလေး သွားရတယ်။ ဒါပေမဲ့လည်း အချိန်ခဏလေးအတွင်းမှာတင် နန်းတော်ရဲ့ အနောက်ဘက် ရှီးဟွာတံခါးပေါက်ရှေ့ကို ရောက်သွားတာပါပဲ။

တိုင်းပြည်ရေးရာ ကိစ္စကြီးကြီးမားမား မရှိဘူးဆိုရင် တော်ဝင်မျိုးနွယ်တွေတွေ နန်းတော်ထဲ အဝင်အထွက်လုပ်တဲ့အခါ အရှေ့ဘက် တုန်းဟွာတံခါး၊ ဒါမှမဟုတ် အနောက်ဘက်က ရှီးဟွာတံခါးကိုပဲ သုံးလေ့ရှိကြတယ်။ ကိုယ့်အတွက် ဘယ်တံခါးက ပိုနီးလဲဆိုတာအပေါ် မူတည်ပြီး အဆင်ပြေသလို ဝင်ထွက်ကြတာမျိုးလေ။

ရထားလုံး သေချာရပ်သွားတဲ့တာနဲ့ ယောင်ဟွမ်က မင်းသားဟွေ့ကို လှမ်းကြည့်လိုက်တယ်။ မင်းသားဆီက ဘာမှကန့်ကွက်မယ့်ပုံ မပေါ်တာမို့ သူမက ဘီးတပ်ကုလားထိုင်နားကို ယုံကြည်မှုအပြည့်နဲ့ လျှောက်သွားပြီး အသေတပ်ထားတဲ့ အထိန်းတွေကို ဖြုတ်လိုက်တာပေါ့ အပြင်ဘက်က ကျန်းယွဲ့ တစ်ယောက် ရထားလုံးတံခါးကို ဖွင့်လိုက်တဲ့အချိန်မှာတော့ ယောင်ဟွမ်က ဘီးတပ်ကုလားထိုင်ကို ရထားလုံးရဲ့ အလယ်တည့်တည့်အထိ တွန်းထုတ်လာခဲ့ပြီးပြီလေ။

ရထားလုံးအပြင်ဘက်မှာတော့ ချင်းအိုက်က အတက်အဆင်းလုပ်ရလွယ်အောင် ခင်းပေးရတဲ့ သစ်သားလျှောပြားကို ယူလာပြီး တပ်ဖို့ ပြင်နေတာ။ ဖေးချွမ်ကလည်း ရထားလုံးပေါ်တက်ဖို့ သားရေဖိနပ်ကို သေချာချွတ်ပြီး သန့်ရှင်းနေတဲ့ ပိုးသားအပြာရောင် အခင်းလေးပေါ်မှာ အဆင်သင့် နေရာယူထားလိုက်တယ်။ ဒါပေမဲ့ ရထားလုံးထဲက အခြေအနေကို မြင်လိုက်ရတဲ့အချိန်မှာတော့ သူတို့နှစ်ယောက်လုံး ကြောင်အသွားကြတော့တာပဲ။

ကျောက်ဆွေ့က ဖေးချွမ်ကို အပေါ်တက်လာဖို့ ခေါ်မယ်လုပ်တုန်းရှိသေး၊ သူ့ခေါင်းပေါ်ကနေ မင်းသမီးရဲ့ ပေါ့ပေါ့ပါးပါး အသံလေး ထွက်လာလေတယ်။

"မင်းသားကို ငါပဲ ရထားလုံးပေါ်ကနေ ချပေးမယ်။ နင်တို့က အောက်ကနေပဲ ဖမ်းထိန်းပေးလိုက်ကြ။"

ချင်းအိုက်နဲ့ ဖေးချွမ်တို့ မင်းသားဟွေ့အနားမှာ ခစားလာတာ ဆယ်နှစ်ကျော်တောင် ရှိနေပြီ။ မင်းသား ကျန်းကျန်းမာမာရှိတုန်းကဆို သူတို့က စကားတွေဘာတွေပြောပြီး မင်းသားပျော်အောင် စနောက်ရဲကြသေးတယ်။ ဒါပေမဲ့ မင်းသား အခုလိုဖြစ်သွားပြီးကတည်းက အိမ်တော်က အစေခံတွေအကုန်လုံး ကြောက်လန့်တကြားဖြစ်နေကြတာ။ ချင်းအိုက်နဲ့ ဖေးချွမ်က သခင်နဲ့ကျေးကျွန် သံယောဇဉ်နက်ရှိုင်းတဲ့အတွက် မင်းသားကို ကြောက်စရာသတ္တဝါကြီးတစ်ကောင်လို သဘောမထားကြပေမဲ့ အစစအရာရာ အထူးသတိထားပြီး ရိုရိုသေသေ ဆက်ဆံကြရတယ်။ ပေါ့ပေါ့တန်တန်စကားမျိုး တစ်ခွန်းမှတောင် မပြောရဲကြတော့ဘူး။

အခုလို မင်းသမီး ပြောလိုက်တဲ့ ပေါ့ပေါ့ပါးပါး လေသံမျိုးဆိုတာ တစ်နှစ်ပတ်လုံး တစ်ခါမှတောင် မကြားခဲ့ရဖူးဘူး။

ချင်းအိုက်ဆို ကျောတွေတောင် ချွေးပြန်သွားတယ်။ မင်းသမီးက ဘယ်လိုလုပ် ဒီလိုပြောရဲတာလဲပေါ့။

ဖေးချွမ်လည်း ရင်တွေတဒိတ်ဒိတ် ခုန်လာတယ်။ မင်းသမီးကိုတော့ ဒီလို လျှောက်လုပ်ခိုင်းလို့ မဖြစ်ဘူးလေ၊ မင်းသား ပြုတ်ကျသွားလိမ့်မယ်။

အဲဒီအတွေးလေးတောင် ဆုံးအောင်မတွေးလိုက်ရဘူး၊ ဖေးချွမ်က ရိုရိုသေသေ မျက်နှာထားနဲ့ ချက်ချင်း ဝင်ပြောလိုက်တော့တယ်။ "မင်းသမီး ပင်ပန်းခံနေစရာ မလိုပါဘူး။ ကျွန်တော်မျိုးပဲ လုပ်ပါ့မယ်။"

ယောင်ဟွမ်က ပြန်ပြောလေတယ်။ "ရထားလုံးထဲမှာ နေရာလေးက ပုရွက်ဆိတ်လောက်လေးပဲရှိတာ၊ နင်တက်လာရင် အရမ်းကျပ်သွားမှာပေါ့။ ချင်းအိုက်... ပျဉ်ပြားသာ ဆက်လိုက်တော့"

ချင်းအိုက်က ဘီးတပ်ကုလားထိုင်ပေါ်ထိုင်နေတဲ့ မင်းသားကို လှမ်းကြည့်လိုက်လေတယ်။

ကျောက်ဆွေ့ကတော့ သူ့လက်ထဲက လျှောသစ်သားပြားကိုသာ ခံစားချက်မဲ့စွာ စိုက်ကြည့်နေလေရဲ့။

မင်းသားက တိတ်တဆိတ် ခွင့်ပြုလိုက်ပြီဆိုတာကို ချင်းအိုက် နားလည်သွားပြီလေ။ ဒါနဲ့ မျက်လွှာချပြီး သစ်သားပြားကို အသေအချာ တပ်ဆင်လိုက်တော့တာပေါ့ ဖေးချွမ်လည်း ဘေးကိုဆုတ်ပြီး သားရေဖိနပ် ပြန်စီးရတော့တယ် သက်တော်စောင့် ကျန်းယွဲ့ကတော့ အဆင်သင့် ကူညီပေးနိုင်အောင် အနားကို တိုးလာပေးလေရဲ့။

ရထားလုံးနဲ့ မြေကြီးကို ဆက်ပေးထားတဲ့ သစ်သားပြားက ရှည်ရှည်စောင်းစောင်းလေး။ အပေါ်မှာ မင်္ဂလာရှိတဲ့ ပန်းခက်ပန်းနွယ်ပုံစံလေးတွေ ထွင်းထားတယ်။ ဒါက ဖိနပ်တွေ၊ ဘီးတပ်ကုလားထိုင်တွေ ချော်မကျအောင် လုပ်ထားတာလေ

ချင်းအိုက်က အရင်လှမ်းတက်လာပြီး ခါးကိုကိုင်း၊ ဘီးတပ်ကုလားထိုင်ရဲ့ တစ်ဖက်တစ်ချက်စီကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တယ်။ မင်းသားရဲ့ လက်နှစ်ဖက်က လက်ရန်းကို ဆုပ်ကိုင်ထားပြီး လက်ဖမိုးကြောတွေ တင်းနေတာကို မြင်လိုက်ရတာပေါ့။

ကုလားထိုင် စောင်းသွားတာနဲ့ ခြေထောက်မှာ အားမရှိတဲ့ ကျောက်ဆွေ့က ရှေ့ကိုစိုက်မကျသွားအောင်၊ နောက်ကိုလန်မကျသွားအောင် သူ့လက်မောင်းနှစ်ဖက်ကို အားပြုပြီး ဟန်ချက်ညီအောင် ထိန်းထားရတာကိုး။

သူတို့နှစ်ယောက်လုံး အဆင်သင့်ဖြစ်နေပြီဆိုတာကို မြင်တော့ ယောင်ဟွမ်က "သွားရအောင်" လို့ ပြောလိုက်တော့တယ်။

ချက်ချင်းပဲ ချင်းအိုက်က ခွန်အားအပြည့်သုံးလိုက်လေရဲ့

တကယ်တော့ ယောင်ဟွမ်က ချင်းအိုက် ပေါ့သွားအောင် ကုလားထိုင်ကို အပေါ်ဘက်ဆီ နည်းနည်းဆွဲတင်ပေးမလို့လေ။ ဒါပေမဲ့ ချင်းအိုက်က အားအပြည့်သုံးပြီး ဆွဲချလိုက်တော့ ကုလားထိုင်က အောက်ကိုမဆင်းသွားဘဲ ရထားလုံးထဲကိုတောင် ပြန်ရွေ့သွားသေး။

ယောင်ဟွမ် : "..."

အလွဲလွဲအချော်ချော်ဖြစ်သွားမှန်း သိလိုက်တဲ့ ချင်းအိုက်လည်း အားကို ချက်ချင်းပြန်လျှော့လိုက်ရတယ်။

အဲ့ဒီတော့မှ ဘီးတပ်ကုလားထိုင်က အောက်ကို ဖြည်းဖြည်းချင်း ဆင်းသွားတော့တယ်။ ယောင်ဟွမ်လည်း ချင်းအိုက်သုံးနေတဲ့ အားကို ခန့်မှန်းကြည့်ပြီး သူမဘက်က အားကို ခြောက်ဆလောက်ပဲ သုံးလိုက်တယ်။ ဒါမှ သူရော ချင်းအိုက်ရော သက်တောင့်သက်သာ သွားလို့ရမှာ။

အချင်းချင်း အချိတ်အဆက်မိသွားတဲ့အပြင် မင်းသမီးက သူထင်ထားသလောက် မနွဲ့နှောင်းဘူးဆိုတာကို သိသွားတော့မှ ချင်းအိုက်လည်း စိတ်အေးသွားတော့တယ်။

ကျောက်ဆွေ့က သူ့ရဲ့ ကြင်ယာတော်ကို မမြင်ရပေမဲ့ ချင်းအိုက်ရဲ့ လက်ဖမိုးပေါ်က ထောင်ထနေတဲ့ သွေးကြောတွေ တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်သွားတာကိုတော့ မြင်နေရတယ်။

ဒါကြောင့် ဝမ်ဖေးက ဘာမှမသိဘဲ ဇွတ်လုပ်နေတာမဟုတ်ဘဲ သူ့ကိုယ်သူ ယုံကြည်မှုအပြည့်ရှိလို့ လုပ်နေတာဆိုတာ ထင်ရှားသွားလေရဲ့

ရထားလုံးပေါ်ကနေ အဆင်ပြေပြေ ဆင်းလာနိုင်ခဲ့ပေမဲ့ နောက်ဆက်သွားရမယ့် လမ်းခရီးက ယောင်ဟွမ် ထင်ထားသလောက် မလွယ်ကူလှဘူး။ ရှီးဟွာတံခါးကနေ အလယ်နန်းဆောင်အထိ နိမ့်ချည်မြင့်ချည် တံခါးခုံတွေ၊ ကျောက်လှေကားထစ်တွေက အရမ်းများလွန်းနေတယ်လေ။ အဲဒီလိုနေရာမျိုး ရောက်တိုင်း ချင်းအိုက်နဲ့ ဖေးချွမ်က ဘီးတပ်ကုလားထိုင်ကို မချီရတယ်။ သူတို့ ,ချီလိုက်တိုင်း မင်းသားဟွေ့ရဲ့ 'စွမ်းဆောင်နိုင်စွမ်းမရှိတော့ဘူး' ဆိုတဲ့ အချက်ကို နန်းတော်ထဲက အစေခံတွေရှေ့၊ အခုမှ အသစ်စက်စက် လက်ထပ်ထားတဲ့ ဝမ်ဖေးရှေ့မှာ ပိုပြီး ပေါ်လွင်အောင် ပြသလိုဖြစ်နေတော့တာပေါ့။

ယောင်ဟွမ်က နောက်ကို ခြေတစ်လှမ်းလောက် ဆုတ်လိုက်လေတယ်။ ဘီးတပ်ကုလားထိုင်ကို ,ချီတဲ့အချိန်မှာ မျက်လွှာချပြီး ဘာမှမဖြစ်သလို ဟန်ဆောင်နေကြတဲ့ ချင်းအိုက်နဲ့ ဖေးချွမ်ကိုရော၊ လှိုင်းမရှိ လေမရှိ ငြိမ်သက်နေတဲ့ ရေပြင်လို ခံစားချက်မဲ့တဲ့ မင်းသားဟွေ့ရဲ့ မျက်နှာကိုရော ကြည့်ပြီး သူမစိတ်ထဲ အရမ်းကို စိတ်မကောင်းဖြစ်သွားတာပေါ့

အဲ့ခံစားချက်က အချစ်စိတ်တော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ် အင်္ဂါစုံလင်တဲ့ လူတစ်ယောက်က ချို့တဲ့နေတဲ့ လူတစ်ယောက်ကို မြင်တဲ့အခါ သဘာဝအရ ဖြစ်ပေါ်လာတဲ့ ကရုဏာသပ်သပ်ပါပဲ။

သမားတော်ရဲ့ မှာကြားချက် မရှိခဲ့ဘူးဆိုရင်တောင် မင်းသားဟွေ့ အလိုအပ်ဆုံးအရာက ဒီလို သနားကြင်နာမှုမျိုး မဟုတ်ဘူးဆိုတာကိုတော့ ယောင်ဟွမ် ရှင်းရှင်းလင်းလင်း သိနေပါတယ်။

ညီညာတဲ့ လမ်းပြေပြေပေါ်ကို ပြန်ရောက်တဲ့အခါ ယောင်ဟွမ်က အခြေအနေကို နည်းနည်း သက်ဝင်လာအောင် လုပ်ဖို့ ကြိုးစားလိုက်လေတယ်။ သူမက ပဝါလေးထုတ်ပြီး နဖူးကချွေးတွေကို သုတ်လိုက်ရင်း ပြောလေရဲ့ "ရာသီဥတုက တကယ် ပူလာပြီနော်။ ဒီလောက်လေး လမ်းလျှောက်လာရုံနဲ့တောင် ချွေးတွေထွက်လာပြီ။"

အဲ့ဒီအချိန်မှာ ချင်းအိုက်က ကုလားထိုင်ကို တွန်းပေးနေပြီး ဖေးချွမ်က နောက် ခြေနှစ်လှမ်းအကွာလောက်က လိုက်လာတာလေ။ အဲ့ဒီစကားကိုလည်း ကြားရော ဖေးချွမ်က မင်းသမီးကို အမြန် မျက်ရိပ်မျက်ကဲ ပြရတော့တယ်။ မင်းသားရှေ့မှာ "လမ်းလျှောက်တယ်" ဆိုတဲ့ စကားလုံးကို သုံးလို့မှ မရတာကိုး။

ယောင်ဟွမ်က ခေါင်းငုံ့ပြီး မင်းသားဟွေ့နဲ့ စကားပြောနေတော့ ဖေးချွမ်ပြတဲ့ မျက်ရိပ်မျက်ကဲကို ဘယ်မြင်ပါ့မလဲ။

ကျောက်ဆွေ့က ယောင်ဟွမ်ဝတ်ဆင်ထားတဲ့ အလွှာလွှာအထပ်ထပ်နဲ့ ရှုပ်ထွေးလှတဲ့ နန်းတွင်းဝတ်စုံကို တစ်ချက်ဝေ့ကြည့်လိုက်ပြီး သူမရဲ့ နီရဲနေတဲ့ ပါးပြင်လေးကို ထပ်ကြည့်လိုက်တယ်။ နေရောင်ကြောင့် ဒီလိုနီရဲလာတာ ဖြစ်လောက်မယ်။

သူက "ရောက်တော့မှာပါ" လို့ပဲ တိုတိုတုတ်တုတ် ပြောလိုက်လေရဲ့

နန်းတော်ထဲမှာ စည်းကမ်းတွေက များလွန်းတော့ တချို့ကိစ္စတွေကို သည်းခံရုံပဲ တတ်နိုင်တာကိုး။

ယောင်ဟွမ်ကတော့ နေရောင်အောက်မှာ မင်းသားဟွေ့ရဲ့ မျက်နှာက အဆမတန် ဖြူဖျော့နေတာကို သတိထားမိလိုက်တယ်။ နေရောင်နဲ့ အကြာကြီး မထိတွေ့ရလို့ ဖြူရော်နေတဲ့ အသွင်မျိုးပေါ့။

လူကြီးတွေကတော့ ကလေးတွေ နေပူဆာ ပိုလှုံပေးမှ သန်စွမ်းလာမယ်လို့ ပြောကြတာပဲ။ အဲဒီစကားက ယုတ္တိရှိမရှိ ယောင်ဟွမ် မသိပေမဲ့ လူဆိုတာ သွေးရောင်လေး နည်းနည်းပါးပါး ရှိနေမှ ကြည့်ရတာ အသက်ဝင်တာလေ။

ဒါကြောင့် ယောင်ဟွမ်က မင်းသားဟွေ့ နေရောင်ပိုရသွားအောင်လို့ မင်းသားရဲ့ တစ်ဖက်ကို တမင်တကာ ပြောင်းလျှောက်လိုက်လေတယ်။

သူမ နေရာပြောင်းလိုက်တာက အရမ်းကို ရုတ်တရက်ဆန်လွန်းတော့ ချင်းအိုက်နဲ့ ဖေးချွမ်တို့ အကြည့်တွေကလည်း သူမနောက်ကို တစ်ဝက်လောက် လိုက်ပါသွားကြတာပေါ့ ကျောက်ဆွေ့ကလည်း သူမ ဘာလို့ နေရာပြောင်းသွားတာလဲဆိုတာ သိချင်ပေမဲ့ နှုတ်ကနေ ထုတ်မမေးခဲ့ဘူး။

တွန်းလိုက် ,လိုက်နဲ့ လုပ်ရင်း နောက်ဆုံးတော့ မင်းသားဟွေ့အိမ်တော်က လူတစ်စု အလယ်နန်းဆောင်ကို ရောက်သွားကြတော့တယ်။

ယုံချန်းဧကရာဇ်၊ ကျိုးမိဖုရားခေါင်ကြီးနဲ့ မိဖုရား သုံးပါးလုံး အဲ့ဒီမှာရှိနေကြတယ်။ ပြီးတော့ မနေ့ညက ယောင်ဟွမ် ခဏလောက် တွေ့ခဲ့ရတဲ့ မင်းသမီးကြီးနဲ့ ဒုတိယမင်းသမီးတို့လည်း ပါသေးတယ်။

ကြင်စဦးဇနီးမောင်နှံက လက်ဖက်ရည် သုံးခွက် ဆက်သရမှာ။ ဖခမည်းတော် ယုံချန်းဧကရာဇ်နဲ့ မယ်တော် ကျိုးမိဖုရားခေါင်ကြီးအပြင် မင်းသားဟွေ့ရဲ့ မွေးစားမယ်တော် တုမိဖုရားအတွက်လည်း တစ်ခွက် ပိုဆက်သရဦးမယ်လေ။

ယောက္ခမတွေ များတဲ့ အားသာချက်ကတော့ ယောင်ဟွမ်လည်း ဆုလာဘ်တွေအများကြီး ပိုရတာပါပဲ။ ကျိုးမိဖုရားခေါင်ကြီးက ပတ္တမြားဆံထိုးတစ်ချောင်း ချီးမြှင့်တော့ တုမိဖုရားကလည်း အပြိုင်အဆိုင်ဆိုသလို ပတ္တမြားနားကပ်တစ်ရံ ချီးမြှင့်တယ်။ နားကပ်နှစ်ဖက်စလုံးက ပတ္တမြားအရွယ်အစားတွေ ပေါင်းလိုက်ရင်တောင် ဆံထိုးပေါ်က ပတ္တမြားလောက် မကြီးပေမဲ့ တုမိဖုရားရဲ့ ဒီလုပ်ရပ်က လုံလောက်တဲ့ ရက်ရောမှုလို့ ဆိုရမှာပဲ။ ယောင်ဟွမ်ကလည်း အကျိုးအမြတ်တွေ ရလိုက်ပြီဆိုတော့ "မယ်တော်" ဆိုတဲ့ အခေါ်အဝေါ်လေးက အတော်လေးကို ချိုသာသွားတော့တာပေါ့။

မိဖုရားလျိုရှန်းနဲ့ မိဖုရားရှန်ယို့တို့ နှစ်ပါးကလည်း ဆုလာဘ်တွေ ပေးကြပါသေးတယ်။ ဒါပေမဲ့ ယောက္ခမနဲ့ ချွေးမဆိုတဲ့ နာမည်မရှိတော့ သူတို့နှစ်ပါးရဲ့ လက်ဆောင်တွေက နည်းနည်း ရိုးရှင်းတယ်။ တစ်ခုက စိမ်းမြနေတဲ့ ကျောက်စိမ်းလက်ကောက်၊ နောက်တစ်ခုက နူးညံ့ချောမွတ်နေတဲ့ အဖြူရောင်ကျောက်စိမ်း လက်ကောက်လေး။

ယောင်ဟွမ်က ကျေးဇူးတင်စကားဆိုရင်း စိတ်ထဲကနေ တွေးနေသေးတာ။ ယုံချန်းဧကရာဇ်က ဘာလို့ မိဖုရားတွေ ထပ်မယူရတာလဲ? နောက်ထပ် လက်ကောက် နည်းနည်းလောက်သာ သူမ ထပ်ရမယ်ဆိုရင် ဆယ့်နှစ်လလုံး တစ်လကိုတစ်ကွင်းနှုန်းနဲ့ လက်ကောက်အသစ်တွေ လဲဝတ်လို့ရပြီလေ။

အားလုံး စုံညီတုန်းမို့ အပေါ်ယံ ဝတ်ကျေတမ်းကျေ စကားတွေလောက်ပဲ ပြောဖြစ်ကြတာပါ။ သိပ်မကြာခင်မှာပဲ ယုံချန်းဧကရာဇ်က တိုင်းပြည်အရေးကိစ္စတွေ ဖြေရှင်းဖို့ ထွက်သွားသလို ကျိုးမိဖုရားခေါင်ကြီးကလည်း ကြင်စဦးဇနီးမောင်နှံနှစ်ယောက်ကို ယီခွမ်းနန်းဆောင်ဘက်ခေါ်သွားပြီး မိသားစု သီးသန့်စကားလေးဘာလေး ပြောဖို့ တုမိဖုရားကို ခိုင်းလိုက်လေရဲ့။

အများအမြင်မှာတော့ မင်းသားဟွေ့ မွေးကတည်းက ယီခွမ်းနန်းဆောင်မှာ တုမိဖုရားကိုယ်တိုင် ပြုစုပျိုးထောင်ပေးခဲ့တာလို့ပေါ့။ ဒါကြောင့် သားအမိနှစ်ယောက်ရဲ့ သံယောဇဉ်က သွေးသားအရင်းတွေလိုပဲ ဖြစ်နေမှာပေါ့။ အနည်းဆုံးတော့ တုမိဖုရား မင်းသားဟွေ့အပေါ် ပြသနေတဲ့ ဂရုစိုက်မှုတွေ၊ သွန်သင်ဆုံးမမှုတွေက အဲဒီအတိုင်းပါပဲ။

ယီခွမ်းနန်းဆောင်ဆီ သွားတဲ့လမ်းမှာတော့ တုမိဖုရားက ကြင်စဦးဇနီးမောင်နှံနှစ်ယောက်ရဲ့ အလယ်တည့်တည့်ကနေ ဝင်လျှောက်လာခဲ့တာ။ ကျောက်ဆွေ့က စကားပြောချင်စိတ်မရှိမှန်း သူသိနေတော့ ယောင်ဟွမ်ကိုပဲ စကားစလိုက်တာပေါ့

"ဒါက  မိဘအိမ်ကနေ ခေါ်လာတဲ့ အစေခံကောင်မလေးလား"

အနောက်ကနေ လိုက်လာတဲ့ အားကျီကို လှမ်းမေးလိုက်တာ။

ယောင်ဟွမ်ကလည်း ပြန်ဖြေလိုက်တယ်။ "ဟုတ်ပါတယ်၊ အားကျီက ကျွန်မ အသက်လေးနှစ်ကတည်းက အနားမှာ ရှိနေခဲ့တာဆိုတော့ ဘယ်သွားသွား သူ့ကို ခေါ်သွားတတ်တဲ့ အကျင့်ဖြစ်နေလို့ပါ"

တုမိဖုရားက ဆိုလေရဲ့ "သမီးက တော်တော်ရဲတင်းတာပဲနော်။ နန်းတော်ထဲက စည်းကမ်းတွေကို သူ ဖောက်ဖျက်မိမှာ မကြောက်ဘူးလား"

ယောင်ဟွမ်ကတော့ ပြုံးပြုံးလေးပါပဲ။ "မယ်တော် စိတ်ချပါ၊ သမီး သူ့ကို ဟွားမေဆီမှာ တစ်လတိတိ သေချာသင်ခိုင်းထားပါတယ်၊ ဟွားမေက မယ်တော့်အနားကနေ လာခဲ့တဲ့သူဆိုတော့ တကယ်ကို သေချာသင်ပေးထားတာပါ"

တုမိဖုရား: "..... ဟွားမေတို့ လေးယောက် အလုပ်အကျွေးပြုတာရော အဆင်ပြေရဲ့လား"

ယောင်ဟွမ်: "အရမ်းအဆင်ပြေပါတယ်၊ တစ်ယောက်ထက်တစ်ယောက် ပိုတော်ကြတာလေ၊ သူတို့ ကူညီပေးနေတော့ သမီး ဘာမှ သိပ်ပြီး ပူပန်စရာမလိုဘူး"

တုမိဖုရား: "ချွန်းယန်နဲ့ ချိုးချန်က လူသစ်တွေလေ၊ အဲဒါကြောင့် သမီးအတွက် သူတို့ကို သေချာသင်ပေးဖို့ ဟွားမေကို တမင်တကာ စီစဉ်ပေးလိုက်တာ။ ဟွားမေက တို့ အားထားရတဲ့ အစေခံခေါင်းဆောင်နေရာအတွက် ရွေးထားတဲ့သူပဲ။ အခုက ဆွေ့အာ ကြင်ယာတော်ရွေးပြီး လက်ထပ်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားလို့ တို့ဘက်က အနစ်နာခံပြီး ပေးလိုက်ရတာ၊ သူ့ကို သေချာခိုင်းပြီး ဆွေ့အာရဲ့ အိမ်တော်ကိစ္စတွေ စီမံတဲ့နေရာမှာ ကူညီပေးလိုက်ပါ၊ တို့ကို စိတ်ပူအောင် မလုပ်နဲ့"

ယောင်ဟွမ်ကလည်း "ဟုတ်ကဲ့ပါ" လို့ပဲ တုံ့ပြန်လိုက်တော့တယ်။

ယီခွမ်းနန်းဆောင်ကို ရောက်တော့ တုမိဖုရားက ပန်းလက်ဖက်ရည်လေး တစ်ငုံသောက်လိုက်ရင်း ယောင်ဟွမ်ရဲ့ မိသားစုအကြောင်းတွေကို မေးမြန်းနေလေရဲ့။

ယောင်ဟွမ်ကလည်း တုမိဖုရားရဲ့ မျက်နှာပေါ်က ဝတ်ကျေတမ်းကျေနိုင်မှုတွေ၊ အထင်သေးရွံရှာနေမှုတွေကို မမြင်ချင်ယောင်ဆောင်နေလိုက်တယ်။ သူ ဘာမေးမေး မေးတာကိုပဲ ဖြေပေးနေလိုက်တာပေါ့။

တုမိဖုရားက တရားမှတ်နေသလိုမျိုး ငြိမ်သက်နေတဲ့ မင်းသားဟွေ့ကို တစ်ချက်ကြည့်လိုက်ပြီး ယောင်ဟွမ်ဘက်ကို လှည့်၊ သက်ပြင်းချရင်း ပြောလာတယ်။ "သမီးက ကံကောင်းတာပါလေ။ တကယ်ဆို ဆွေ့အာမှာ ဒီထက်ပိုကောင်းတဲ့ ဖူးစာရှင် ရှိနေခဲ့သင့်တာ။ နှမြောစရာကောင်းတာက နတ်ဘုရားတွေ မျက်နှာသာမပေးလို့ သူ စစ်မြေပြင်မှာ ဒဏ်ရာရလာခဲ့ရတယ်။ ဒါကြောင့်သာ သမီးအလှည့်ရောက်လာပြီး ဒီလို အခွင့်အရေးကြီးကို အလကားရသွားခဲ့တာပေါ့။"

ယောင်ဟွမ် : "..."

အသက်ဆယ့်ငါးနှစ်အရွယ် ဒုတိယမင်းသမီးလေးက ချောင်းတစ်ချက်ဟန့်လိုက်ပြီး မယ်တော်ဖြစ်သူကို စေတနာပိုနေသယောင် သတိပေးလာတယ်။ "ဒုတိယအစ်ကိုတော်နဲ့ ယောက်မက အခုမှ ကြင်စဦးဇနီးမောင်နှံတွေလေ မယ်တော်ရဲ့၊ ဘာလို့များ ပျော်စရာပျက်မယ့် စကားတွေ ပြောနေရတာလဲ။"

တုမိဖုရားကလည်း ချက်ချင်းပဲ အားနာသွားတဲ့ဟန်နဲ့ ပြောလေရဲ့။ "အို... မှားသွားတယ်ကွယ်။ ဟွမ်ဟွမ် သမီးလည်း စိတ်ထဲ သိပ်မထားနဲ့နော်၊ တို့က ဆွေ့အာကို သနားလွန်းလို့ ပြောမိသွားတာပါ၊ တခြားရည်ရွယ်ချက် မရှိပါဘူးကွယ်"

ယောင်ဟွမ် : "..."

ဒီဘွားတော် တမင်သက်သက် လုပ်နေတာ သေချာတယ်။ တမင်သက်သက်ကို "ဟွမ်ဟွမ်" လို့ ခေါ်နေတာ။

သူမ မွေးခါစတုန်းကဆို အဖေနဲ့အမေက အသေအချာကို စဉ်းစားပြီးမှ "ယောင်ဟွမ်" ဆိုတဲ့ နာမည်လေးကို ပေးခဲ့ကြတာတဲ့။ တကယ်ဆို "ယောင်ဟွမ်" ဆိုတဲ့ နာမည်က ပျိုနီပန်းဘုရင်မဆိုပြီး နာမည်ကျော်တာကိုး။ ပဖေနဲ့ပမေက သူမကို ပျိုနီပန်းဘုရင်မလေးလို လှပတဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာစေချင်လို့ ဒီနာမည်လေးကို ပေးခဲ့တာမို့ သူတို့ဘယ်လောက်တောင် အချစ်ပိုပြီး ကောင်းချီးပေးချင်ခဲ့သလဲဆိုတာ သိသာပါတယ်။ ဒါပေမဲ့ ချစ်စနိုးခေါ်တဲ့ အိမ်ခေါ်နာမည်လေး ပေးဖို့ကျတော့မှ "ဟွမ်ဟွမ်" တို့၊ "အားဟွမ်" တို့ဆိုတာက သာမန်အရပ်သားတွေ သူတို့ရဲ့ အဝါရောင်ခွေးလေးတွေကို ပေးတတ်တဲ့ နာမည်တွေနဲ့ သွားဆင်နေမှန်း အဖေနဲ့အမေက သတိထားမိသွားကြရော။ ဒါနဲ့ပဲ လင်မယားနှစ်ယောက်လုံး အကြံရသွားပြီး သူမကို "ယောင်ယောင်" လို့ပဲ ခေါ်ဖြစ်သွားကြတော့တယ်။

ငယ်ငယ်ကတည်းက ယောင်ဟွမ်နဲ့ ခင်တဲ့ သူငယ်ချင်းတွေ အကုန်လုံးကလည်း သူမကို "ယောင်ယောင်" လို့ပဲ ခေါ်ကြတာ။ လီထင်းဝမ်လို သူမကို တမင်သက်သက် ရန်စချင်တဲ့ ကောင်တွေလောက်ပဲ "ဟွမ်ဟွမ်" လို့ ခေါ်ကြတာလေ။

တုမိဖုရားက သူမအပေါ် အကောင်းမမြင်တာကို လုံးဝမဖုံးကွယ်ပေမဲ့ ယောင်ဟွမ်ကတော့ အဲဒီအိမ်ခေါ်နာမည်လေးနဲ့ ပတ်သက်ပြီး တစ်ဖက်လူကို ဘာမှ ပြန်ပြင်ပြောခွင့် မရှိရှာဘူး။

အဲ့ဒီအချိန်မှာပဲ ဒုတိယမင်းသမီးဆီက အသံထွက်လာအောင်ကို ရယ်ချလိုက်တဲ့အသံ ထွက်လာတော့တယ်။ သူမက ယောင်ဟွမ်ကို အပြစ်ကင်းစင်တဲ့ ကလေးလေးတစ်ယောက်လို ကြည့်ပြီး မေးလာလေရဲ့ "ဒုတိယယောက်မရဲ့ ဖေဖေနဲ့မေမေကလည်း အဲ့ဒီလိုပဲ ခေါ်ကြတာလားဟင်"

ယောင်ဟွမ်က ပြုံးပြီး ပြန်ဖြေလိုက်တယ်။ "တစ်ခါတလေတော့လည်း ယောင်ယောင်ပေါ့။ တစ်ခါတလေကျတော့လည်း ဟွမ်ဟွမ် လို့ ခေါ်ကြပါတယ်"

ဒီသားအမိနှစ်ယောက်က သူမ ရှက်ပြီးနဲ့ ဒေါသထွက်သွားတာကို မြင်ချင်နေကြတာလေ။ ဒါပေမဲ့ သူမကတော့ သူတို့ထင်သလို လုံးဝ အဖြစ်ခံမှာ မဟုတ်ဘူး။

"ဟွမ်ဟွမ်" ဆိုတော့ရော ဘာဖြစ်လဲ။ အဝါရောင်ဆိုတာ တောက်ပပြီး စိုပြည်ရုံတင်မကဘူး၊ တော်ဝင်နန်းသုံးအရောင်ဆိုပြီး မွန်မြတ်တဲ့ အဓိပ္ပာယ်တွေတောင် သတ်မှတ်ထားကြသေးတာပဲ။ ကိုယ့်ကိုယ်ကိုယ် မရှက်သရွေ့တော့ "ဟွမ်ဟွမ်" ဆိုတာကလည်း နာမည်ကောင်းတစ်ခု ဖြစ်နိုင်တာပါပဲ။

ကျောက်ဆွေ့က ရုတ်တရက်ပဲ ဖြတ်ပြောလာတယ်။ "သားတော် ပင်ပန်းနေပြီ၊ မယ်တော့်မှာ ဘာမှခိုင်းစရာမရှိတော့ဘူးဆိုရင် သားတော်တို့ ဇနီးမောင်နှံကို ပြန်ခွင့်ပြုပါဦး"

တုမိဖုရားကလည်း သူ့ကို တားစရာအကြောင်းမရှိတာမို့ သမီးဖြစ်သူကို ယီခွမ်းနန်းဆောင်အပြင်ထိ လိုက်ပို့ခိုင်းလိုက်လေရဲ့။

ဒုတိယမင်းသမီးက ပြုံးပြုံးရွှင်ရွှင်နဲ့ သူတို့နှစ်ယောက်ကို အပြင်ဘက်အထိ လိုက်ပို့ပေးပါတယ်။ မခွဲခင်လေးမှာ သူမက ယောင်ဟွမ့်နားနားကို တမင်တကာ တိုးကပ်လာပြီး တိုးတိုးလေး ပြောသွားသေးတာ။ "ဒုတိယယောက်မက ဒုတိယအစ်ကိုတော်ရဲ့ အရင်ဖူးစာရှင်က ဘယ်သူလဲဆိုတာ သိချင်နေမှာပဲ။ ညီမလေး ပြောပြမယ်၊ အဲဒီလူက ကျန့်ယွမ်ကျန်းလေ၊ ညီမရဲ့ အနာဂတ် တတိယယောက်မလောင်း"

တော်ဝင်အဒေါ် ဖူချန်မင်းသမီးကြီးက ရည်မှန်းချက် အရမ်းကြီးတာကိုး။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူမ မျက်စိထဲအတွေ့ဆုံးသူဆိုတာ မင်းသားဟွေ့ပဲ။ သူမသမီးကို မင်းသားဟွေ့ရဲ့ ကြင်ယာတော်အဖြစ် ပေးစားပြီး နောင်တစ်ချိန်မှာ မိဖုရားခေါင်ကြီး ဖြစ်လာစေချင်ခဲ့တာလေ။ ဒါပေမဲ့ ဖူချန်မင်းသမီးကြီးက မယ်တော်နဲ့ စကားစရုံလေးရှိသေးတယ်၊ နယ်စပ်မှာ ရုတ်တရက် စစ်ဖြစ်သွားရော။ အဲဒါနဲ့ မင်းသားဟွေ့လည်း စစ်မြေပြင်ကို ထွက်သွားရပြီး ပြန်လာတော့ ကိုယ်လက်အင်္ဂါ ချို့တဲ့သွားခဲ့ရတယ်။ အိမ်ရှေ့စံနေရာနဲ့လည်း လုံးဝ ရေစက်ကင်းသွားတော့တာပေါ့။

ဒီလိုအခြေအနေမျိုးမှာ ဖူချန်မင်းသမီးကြီးက ဘယ်လိုလုပ် သူ့သမီးကို မင်းသားဟွေ့နဲ့ ပေးစားရက်တော့မလဲ။ အဲ့အချိန်မှာပဲ ခမည်းတော်ကလည်း ကွက်တိဆိုသလို ကြင်ယာတော် ရွေးချယ်ပွဲလုပ်ဖို့ ဆုံးဖြတ်လိုက်တဲ့အချိန်နဲ့ တိုက်ဆိုင်သွားတော့ ဖူချန်မင်းသမီးကြီးကလည်း အခြေအနေကို အသုံးချပြီး သူ့သမီးကို အဲဒီအရွေးခံမယ့် မိန်းကလေးတွေထဲ ထည့်ပေးလိုက်တော့တာပေါ့။

ဒါမှလည်း သူမ အသစ်ပြန်ရွေးထားတဲ့ မင်းသားချင်ရဲ့ မယ်တော် မိဖုရားရှန်ယို့ဘက်ကနေ ကျန့်ယွမ်ကျန်းကို ကိုယ်တိုင်ကိုယ်ကျ ရွေးချယ်လာအောင် စီစဉ်လို့ရမှာ။ ဒီလိုနည်းနဲ့ သူမဘက်ကနေ ကတိဖျက်ရတဲ့ အရှက်ကွဲစရာ ကိစ္စကို ရှောင်လွှဲလို့ရသွားတာပေါ့။

ဒီလိုမှမဟုတ်ရင် ဂုဏ်သိက္ခာကြီးမားလှတဲ့ မင်းသမီးကြီးတစ်ပါးအနေနဲ့ မင်းသားတစ်ပါးပါးနဲ့ ဆွေမျိုးစပ်ချင်တာကို နန်းတွင်းရွေးချယ်ပွဲကနေ တစ်ဆင့် သွားနေစရာမှ မလိုတာ။

ဒါတွေကို တွေးမိတော့မှ မနေ့ည ညစာစားပွဲတုန်းက ဒုတိယမင်းသမီးနဲ့ ဖူချန်မင်းသမီးကြီးတို့ ဘာဖြစ်လို့ တစ်ယောက်ကိုတစ်ယောက် မျက်ရိပ်မျက်ကဲတွေ ပြနေကြလဲဆိုတာ ယောင်ဟွမ် သဘောပေါက်သွားတော့တယ်။

နန်းတော်အပြင်ကို ပြန်ထွက်လာတဲ့ လမ်းတစ်လျှောက်လုံး ယောင်ဟွမ် စိတ်ထဲမှာ တွေးစရာတွေ အများကြီး ဖြစ်နေခဲ့တာ။

ယုံချန်းဧကရာဇ်က သူ့ရဲ့ ညီမတော် ဖူချန်မင်းသမီးကြီးအပေါ် ဘယ်လောက်တောင် အလိုလိုက်ထားသလဲဆိုတာက ပြည်သူတွေကြားထဲမှာတောင် သတင်းမွှေးနေခဲ့ပြီးသား။ ဖူချန်မင်းသမီးကြီးက အမတ်တစ်ယောက်ယောက်ကို အကြံပြုထောက်ခံပေးရင်တောင် ယုံချန်းဧကရာဇ်က အလေးအနက်ထားပြီး စဉ်းစားပေးတဲ့အပြင် တကယ်လည်း အကြိမ်ကြိမ် လက်ခံခန့်အပ်ပေးခဲ့ဖူးတာလေ။

ဒီလိုအခြေအနေမျိုးမှာ ဖူချန်မင်းသမီးကြီးက မင်းသားတစ်ယောက်ကို အိမ်ရှေ့စံအဖြစ် သဘောကျတယ်ဆိုရင် သူမရဲ့ ထောက်ခံမှုက ယုံချန်းဧကရာဇ်ဆီမှာ တော်တော်လေး အလေးချိန်ရှိမှာ သေချာနေပြီပေါ့။

ယောင်ဟွမ်က ဘီးတပ်ကုလားထိုင်ပေါ်က မင်းသားဟွေ့ဆီကို လှမ်းကြည့်လိုက်မိလေတယ်။

မင်းသားတစ်ပါးဖြစ်နေတာကိုက တော်တော်လေးကို ဂုဏ်ကျက်သရေရှိနေပြီလေ။ ဒီနေ့မှ ယောင်ဟွမ် သိလိုက်ရတာ တစ်ခုရှိတယ်။ သူမရဲ့ ခင်ပွန်း မင်းသားဟွေ့ဆိုတာ တစ်ချိန်တုန်းက ထီးနန်းဆက်ခံဖို့ အခွင့်အရေး အရမ်းများခဲ့တာတဲ့။

ဒါပေမဲ့ သူ့ခြေထောက်နှစ်ဖက် အသုံးမဝင်တော့တဲ့နောက်ပိုင်းမှာတော့ သူ့ဘဝတစ်လျှောက်လုံးက မင်းသားတစ်ပါးဆိုတဲ့ နေရာမှာပဲ ရပ်တန့်သွားခဲ့ရတာပေါ့။

ယောင်ဟွမ်ကတော့ ဘာမှ နှမြောတသဖြစ်မနေပါဘူး။ တကယ်တော့ ဒီလိုမျိုးဖြစ်နေတာကပဲ ပိုပြီး စိတ်ချရတယ်လို့တောင် ထင်မိသေးတယ်။ နောက်ထပ် မင်းသားသုံးပါး ရှိသေးတယ်လေ။ ထီးနန်းလုမယ့်လမ်းမှာ အဲဒီမင်းသားသုံးပါးက အလင်းတစ်မျိုး အမှောင်တစ်ဖုံ အပြိုင်အဆိုင် တိုက်ခိုက်ကြမှာ သေချာတယ်။ နောင်တစ်ချိန် ဘယ်သူပဲ ထီးနန်းရသွားရသွား ကျန်တဲ့နှစ်ယောက်ကိုတော့ အနည်းနဲ့အများ လက်စားချေ အပြစ်ပေးကြမှာပဲ။ စောစောစီးစီးကတည်းက ထီးနန်းလုပွဲကနေ နုတ်ထွက်ခဲ့ရတဲ့ မင်းသားဟွေ့ကမှ အလုံခြုံဆုံးဖြစ်နေတာ။ ဧကရာဇ်အသစ် တက်လာရင်တောင် သူ့အနေနဲ့ ညီအစ်ကိုတွေအပေါ် မေတ္တာရှိကြောင်း ပြသချင်လို့ မင်းသားဟွေ့ကို ပိုပြီးတောင် ဂရုတစိုက် ကြည့်ရှုစောင့်ရှောက်ပေးဦးမှာလေ။

မင်းသားရဲ့ ကြင်ယာတော် ဖြစ်လာတာကိုက ဘိုးဘွားတွေ ကောင်းချီးပေးလို့ပဲ။ ယောင်ဟွမ်မှာ ဒီထက်ပိုပြီး ကြီးမားတဲ့ ရည်မှန်းချက်တွေ ဘာမှမရှိဘူး။

ဒါပေမဲ့ မင်းသားဟွေ့ရဲ့ စိတ်ထဲမှာ ထီးနန်းနဲ့ လွဲချော်ခဲ့ရတာက လမ်းလျှောက်နိုင်စွမ်း ဆုံးရှုံးသွားရတာနဲ့ ထပ်တူ အဲဒါကို လက်ခံနိုင်ဖို့ ခက်ခဲနေမလား ဆိုတာတော့ မသိဘူးပေါ့။

ရထားလုံးပေါ် ပြန်ရောက်တဲ့အခါမှာတော့ ယောင်ဟွမ်က အလာတုန်းကလို ပေါ့ပေါ့ပါးပါး နေဖို့ အတော်လေး ခက်ခဲသွားတော့တယ်။ ဘာပဲဖြစ်ဖြစ် မင်းသားဟွေ့က ခုလေးတင် တုမိဖုရားရဲ့ အနာဟောင်းကို လာဆွတာ ခံလိုက်ရတာလေ။ ပြီးတော့ တုမိဖုရားက သူမကို ခနဲ့တဲ့တဲ့ ပြောဆိုခဲ့တာတွေကလည်း မင်းသားဟွေ့ကို မျက်နှာပူစရာ ဖြစ်သွားစေနိုင်တာကိုး။

ပတ်ဝန်းကျင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး ယောင်ဟွမ်ကတော့ မျက်လွှာလေးချရင်း လက်ချောင်းလေးတွေကိုပဲ ပွတ်သပ်နေမိတော့တယ်။

သူမရဲ့ ပါးပြင်လေးတွေက ပြည့်ပြည့်ဖောင်းဖောင်းလေးဆိုတော့ ခေါင်းငုံ့ထားတဲ့အချိန်မှာဆို ပါးလေးတွေက သဘာဝအတိုင်း စူထွက်နေပြီး စိတ်မပျော်မရွှင်ဖြစ်နေတဲ့ ပုံပေါက်နေတာပေါ့

ကျောက်ဆွေ့က ခဏခဏ လှမ်းကြည့်နေတာလေ။ နောက်ဆုံးတော့ မနေနိုင်ဘဲ မေးလိုက်မိတော့တယ်။ "ဘာလို့ စိတ်မကြည်နေတာလဲ" တဲ့။

ယောင်ဟွမ်က ခေါင်းမော့လာပြီး မင်းသားဟွေ့ကို ကြောင်တောင်တောင်လေး ကြည့်လိုက်လေတယ်။

ကျောက်ဆွေ့က သူမကို တည့်တည့်ကြည့်ပြီး "ဘာလို့ စိတ်ခုနေတာလဲ" လို့ ထပ်မေးပြန်တယ်။

ယောင်ဟွမ်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ရှင်းပြလိုက်တာပေါ့ "ဘာမှမဖြစ်ပါဘူး၊ မင်းသားက ဘာမှမပြောတော့ ကျွန်မလည်း စိတ်လှုပ်ရှားပြီး လျှောက်မပြောရဲလို့ပါ"

ကျောက်ဆွေ့: "လာတုန်းကလည်း ငါ ဘာမှမပြောခဲ့ပါဘူး၊ မင်း တော်တော်လေး ပြောရဲဆိုရဲ ရှိနေတာပဲ မဟုတ်လူးလား" : ပြောရဲရုံတင်မကဘူး၊ လုပ်တောင် လုပ်ရဲသေးတယ်။

အသက်မပါသလို ဖြစ်နေတဲ့ မျက်လုံးအစုံဆိုပေမဲ့ လူကို စိုက်ကြည့်လိုက်တဲ့အခါမှာတော့ တော်တော်လေးကို သြဇာညောင်းပြီး စူးရှနေတာလေ။ ဒါနဲ့ ယောင်ဟွမ်လည်း ပြောသင့်ပြောထိုက်တာလေးပဲ ရွေးပြောရတော့တာပေါ့။ "ကျွန်မရဲ့ နောက်ခံဆွေမျိုးအသိုင်းအဝိုင်းရယ်၊ အိမ်ခေါ်နာမည်လေးရယ်ကြောင့် မင်းသားရဲ့ ဂုဏ်သိက္ခာကို ထိခိုက်သွားစေလို့ပါ" လို့ တိုးတိုးလေး ဖြေလိုက်တယ်။

ကျောက်ဆွေ့က ခဏလောက် တိတ်ဆိတ်သွားပြီးမှ ပြောလာတယ်။ "မင်းရဲ့ မိသားစုနောက်ခံကို နန်းတွင်းရွေးချယ်ပွဲလုပ်တဲ့နေ့ကတည်းက ငါသိပြီးသားပါ။ ငါသာ စိတ်ခုစရာလို့ ထင်ခဲ့ရင် မင်းကို ရွေးခဲ့မှာ မဟုတ်ဘူး"

"မင်းရဲ့ အိနာမည်နဲ့ ပတ်သက်ပြီးတော့လည်း ဘာမှ ရယ်စရာကောင်းနေတယ်လို့ ငါမထင်ပါဘူး။"

ယောင်ဟွမ် သဘောပေါက်သွားပြီ။ မင်းသားက တုမိဖုရား အထင်သေးသွားတဲ့ အချက်နှစ်ချက်လုံးကို လုံးဝ ဂရုမစိုက်ဘူးဆိုတာပဲ။

"မင်းသားက တကယ် သဘောကောင်းတာပဲ။ ကွေ့ဖေး ပြောတဲ့စကား တစ်ခွန်းတော့ မှန်တယ်။ ကျွန်မ ကံကောင်းလွန်းလို့သာ မင်းသားနဲ့ လက်ထပ်ခွင့်ရခဲ့တာ။"

ကျောက်ဆွေ့ : "..."

သူ မျက်လုံးတွေကို မှိတ်ထားလိုက်မိတော့တာပေါ့။ တောက်ပလင်းလက်နေတဲ့ သူမရဲ့ မျက်ဝန်းလေးတွေကို ဆက်မကြည့်ဖြစ်တော့ဘူး။

မင်းသားမှာ တစ်ပါးသူကို နှစ်သိမ့်ပေးချင်တဲ့ စိတ်ရှိနေသေးတယ်ဆိုကတည်းက သူကိုယ်တိုင် စိတ်ဒဏ်ရာ သိပ်မရလိုက်ဘူးဆိုတာ သေချာနေပြီလေ။ ယောင်ဟွမ်လည်း စိတ်ပူစရာမလိုတော့မှန်း သိသွားတာမို့ မင်းသားဟွေ့အနားကို တိုးသွားလိုက်လေတယ်။ ပြီးတော့ တိုးတိုးတိတ်တိတ် လေသံလေးနဲ့ မေးတာပေါ့။ "မင်းသား... မင်းသားနဲ့ ကွေ့ဖေးရဲ့ သားအမိဆက်ဆံရေးက သိပ်ပြီးမရင်းနှီးကြဘူးမလား"

ကျောက်ဆွေ့က သူမကို မျက်စောင်းတစ်ချက်ထိုးကြည့်လိုက်ပြီး မေးလာတယ်။"ဘာကြည့်ပြီး သိသွားတာလဲ"

ယောင်ဟွမ်က နှာခေါင်းရှုံ့လိုက်တာပေါ့။ "တကယ်ချစ်တဲ့သူဆိုတာ ကိုယ်ချစ်တဲ့သူနဲ့ ပတ်သက်သမျှ အရာအားလုံးကို ချစ်တတ်ကြတာ သဘာဝပဲလေ။ သူသာ မင်းသားကို တကယ်ချစ်တယ်ဆိုရင် မင်းသားရဲ့ မျက်နှာကို ထောက်ပြီးတော့ဖြစ်ဖြစ် ကျွန်မအပေါ် နည်းနည်းပါးပါး ယဉ်ယဉ်ကျေးကျေး ဆက်ဆံပေးမှာပေါ့။ အခုလို တွေ့တွေ့ချင်း လှောင်ပြောင်နေမှာ မဟုတ်ဘူး"

ကျောက်ဆွေ့က "... သူက အဲ့လိုဆိုရင်ရော ဘာဖြစ်လဲ" လို့ ပြန်မေးလေတယ်။

ယောင်ဟွမ်က ချက်ချင်းပဲ ဖြေလေရဲ့။ "အဲဒါက မင်းသား ဘယ်လိုသဘောထားလဲဆိုတာပေါ် မူတည်တာပေါ့။ မင်းသားက ကျွန်မကို ကွေ့ဖေးအပေါ် ရိုရိုသေသေနဲ့ အလျှော့ပေးဆက်ဆံစေချင်တယ်ဆိုရင် ကျွန်မက လိမ္မာရေးခြားရှိတဲ့ ချွေးမကောင်းလေးပဲ လုပ်နေပေးမယ်။ မင်းသားက သူ့ရဲ့ အဲဒီလိုပုံစံကို ကြည့်မရဘူးဆိုရင်တော့ ကျွန်မကလည်း အလကားနေရင်း အနှိမ်ခံနေမှာ မဟုတ်ဘူး။ ကိုယ့်ဂုဏ်သိက္ခာအတွက် တုန့်ပြန်သင့်ရင် တုန့်ပြန်ရမှာပဲ"

မနေ့ညကတည်းက ဒီကောင်မလေး တော်တော် သတ္တိကောင်းမှန်း ကျောက်ဆွေ့ ရိပ်မိပြီးသားပါ။ သူ့အပေါ်မှာ နားလည်မှုရှိရှိ အလိုက်တသိ နေပေးတာပဲရှိပြီး ဘာကြောက်ရွံ့မှုမှ မရှိဘူးလေ။ အခုလို ကွေ့ဖေးကိုတောင် မထီမဲ့မြင် ဝေဖန်ရဲနေတာကိုတော့ သူ သိပ်ပြီး အံ့သြမနေတော့ဘူး။

ဒါပေမဲ့ တစ်ဖက်လူက ကွေ့ဖေးဖြစ်နေတာကိုး။ သာမန်မိသားစုလေးကနေ ဆင်းသက်လာတဲ့ ချွေးမကို အလွယ်တကူ နှိပ်စက်ဖို့ နည်းလမ်းပေါင်းစုံ ရှိနေမှာ သေချာတယ်။

"ကိစ္စသေးသေးမွှားမွှားလေးတွေဆိုရင်တော့ သည်းခံနိုင်သလောက် သည်းခံလိုက်ပေါ့။ သည်းမခံနိုင်တော့ဘူးဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် အနှိမ်ခံပြီး နေစရာမလိုပါဘူး။ ဘာပဲလုပ်လုပ် ဘေးကင်းလုံခြုံဖို့ကို အဓိကထားရမယ်။"

မခံချင်စိတ်လေးတစ်ခုအတွက်နဲ့ ခန္ဓာကိုယ် နာကျင်ထိခိုက်ရမှာက တန်မှမတန်တာ။

ယောင်ဟွမ်က ပြုံးရင်းနဲ့ ပြန်ဖြေလေရဲ့။ "မင်းသား စိတ်ချပါ၊ ကျွန်မ အတိုင်းအတာကို သိပါတယ်။ ဒါပေမဲ့ ကျွန်မတို့ ကြိုပြီး သဘောတူထားကြရအောင်နော်။ နောင်တစ်ချိန် ကျွန်မ ဘယ်သူနဲ့ပဲ စကားများများ၊ အမှန်တရားက ကျွန်မဘက်မှာ ရှိနေသရွေ့ မင်းသားက ကျွန်မဘက်ကနေပဲ ရပ်တည်ပေးရမယ်နော်။ အဲဒီလိုမှ မဟုတ်ရင်တော့ ကျွန်မက အံကြိတ်ပြီးတော့ပဲ သည်းခံလိုက်ပါ့မယ်။ မင်းသားက အပြင်လူတွေနဲ့ပေါင်းပြီး ကျွန်မကို အပြစ်တင်တာမျိုးတော့ လုံးဝ အဖြစ်မခံနိုင်ဘူး။ အဲဒီလိုသာဆိုရင် ကျွန်မက မိအေးနှစ်ခါနာဖြစ်ပြီး အလကားသက်သက် အနာခံလိုက်ရသလိုပဲ ဖြစ်သွားမှာပေါ့"

သူမမှာ အင်အားကြီးတဲ့ နောက်ခံဆွေမျိုးအသိုင်းအဝိုင်းကလည်း မရှိတော့ ကြင်ယာတော်တစ်ပါးရဲ့ အမာခံကျောထောက်နောက်ခံဆိုတာ မင်းသားဟွေ့ဆီကနေပဲ ရနိုင်မှာကိုး။ ဇနီးမောင်နှံနှစ်ယောက် စိတ်တူကိုယ်တူရှိမှသာ သူမအနေနဲ့ ခေါင်းမော့ပြီး ရဲရဲဝင့်ဝင့် ရပ်တည်နိုင်မှာလေ။

ကျောက်ဆွေ့က သူမရဲ့ တောက်ပလင်းလက်နေတဲ့ မျက်နှာလေးကို ကြည့်ရင်း ရုတ်တရက် သံသယဝင်သွားလေတယ်။ "မင်းက ခမည်းတော်ကိုတောင် ပြန်ခံပြောရဲတာမျိုးတော့ မဟုတ်ပါဘူးနော်"

သူပြောလိုက်တဲ့စကားကြောင့် ယောင်ဟွမ် သဘောကျသွားတာပေါ့ "အဲလိုတော့ ဘယ်ဖြစ်ပါ့မလဲ။ အရှင်မင်းကြီးက ဘာပဲပြောပြော ကျွန်မက လိမ္မာရေးခြားရှိရှိနဲ့ ငြိမ်ငြိမ်လေး နားထောင်နေမှာပါ"

ကျောက်ဆွေ့က ခေါင်းလေးတစ်ချက်စောင်းလိုက်ပြီး ကတိပေးလိုက်လေရဲ့။ "မင်းဘက်က အကြောင်းပြချက် ခိုင်လုံနေသရွေ့တော့ မင်းဘက်ကနေ ရပ်တည်ပေးပါ့မယ်"

ဒီစကားကိုလည်း ကြားရော ယောင်ဟွမ် ဝမ်းသာသွားပြီး လက်တစ်ဖက်နဲ့ ဘီးတပ်ကုလားထိုင်ကို အားပြုရင်း မင်းသားရဲ့ ပါးပြင်ကို ရွှတ်ကနဲ နမ်းလိုက်တော့တယ်။

ကျောက်ဆွေ့က လက်တစ်ဖက်နဲ့ ကုလားထိုင်လက်ရန်းကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ရင်း လေသံနိမ့်နိမ့်နဲ့ ဆူတာပေါ့။ "စည်းကမ်းမဲ့တာတွေ မလုပ်နဲ့"

သူမအမေက အဖေ့ကို နမ်းလိုက်ရင် အဖေက ကျေနပ်ပြီး ပြုံးစိစိဖြစ်သွားတတ်ပေမဲ့၊ အခု မင်းသားရဲ့ မျက်နှာပေါ်မှာတော့ နည်းနည်းလေးတောင် သဘောကျတဲ့ပုံ ပေါ်မနေဘူးလေ။ ဒီတော့ ခပ်ရှက်ရှက်နဲ့ပဲ ကိုယ့်နေရာကိုယ် ပြန်ထိုင်လိုက်ရတော့တာပေါ့။ "ကျွန်မက မင်းသား ဒီလိုမျိုးလုပ်ရင် သဘောကျမယ် ထင်နေတာ၊ နောက်ဆို ဘယ်တော့မှ မလုပ်ရဲတော့ပါဘူး"

ကျောက်ဆွေ့ကတော့ ဘာစကားမှ ဆက်မပြောလာတော့ဘူး။