Ch 1
Viewers 908

👶အခန်း (၁) 


မြင်မြင်ချင်း အချစ် 

 


ကျိုးကျင့် နိုးလာသောအခါ  တူနှင့် အပြင်းအထန် ရိုက်နှက်ခံထားရသကဲ့သို့  ခေါင်းထဲတွင် ကိုက်ခဲနာကျင်နေလေသည်။ ပါးစပ်က ခြောက်ကပ်နေပြီး လည်ချောင်းထဲတွင်လည်း မီးလောင်နေသကဲ့သို့ ပူလောင်နေ၏။ 

 

“ရေ... ရေ...” 

 

သူ့နှုတ်ခမ်းဖျားမှ အားအင်ချည့်နဲ့သော ညည်းတွားသံလေး ထွက်ပေါ်လာသည်။ 


ထိုအသံက အလွန်တရာ တိုးညှင်းလွန်းလှသဖြင့် ပြောသည့်သူ ကျိုးကျင့်ကိုယ်တိုင်ပင်လျှင် မသဲမကွဲသာ ကြားရလေသည်။ 

 

ရှင်သန်လိုသော ဗီဇကြောင့် ကျိုးကျင့်က မျက်လုံးများကို အားယူဖွင့်ကြည့်လိုက်သော်လည်း အစပိုင်းတွင် အရာအားလုံးက ဝေဝါးနေ၏။ မျက်တောင်ကို အကြိမ်ကြိမ် ခတ်ကြည့်ပြီးမှ ပတ်ဝန်းကျင် အလင်းရောင်နှင့် အသားကျသွားသည်။ 

 

ကျိုးကျင့် ပထမဆုံး မြင်လိုက်ရသည်က ချောမောသော မျက်နှာတစ်ခုပင် ဖြစ်ပေတော့သည်။


 á€‘ိုသူက ပိန်ချုံးနေပြီး အသားအရောင်က ညိုညစ်ကာ ကြည့်မကောင်းသော်လည်း၊ မျက်ကွင်းညိုပြီး ဒဏ်ရာဒဏ်ချက်အချို့ ရှိနေသော်လည်း၊ ထိုသူ၏ မျက်ဝန်းအိမ် အလှကိုမူ မဖုံးကွယ်နိုင်ပေ။ 

 

ယခုအချိန်တွင် ထိုမျက်ဝန်းများက အရောင်အဝါကင်းမဲ့ပြီး အသက်မဲ့နေသော်လည်း၊ အကယ်၍သာ ထိုမျက်ဝန်းများတွင် အလင်းရောင်များ ပြည့်နှက်နေမည်ဆိုပါက တစ်ချက်ကြည့်ရုံဖြင့် တစ်သက်လုံး စွဲလန်းသွားရလောက်အောင် တောက်ပနေလိမ့်မည်ဟု ကျိုးကျင့်က ခံစားလိုက်မိသည်။ 

 

ကျိုးကျင့်က မဲ့ပြုံးသာ ပြုံးမိတော့သည်။  

 

ဒါက ဘာပါလိမ့်… 

 

အသက် ၃၀ ကျော် ဖြတ်သန်းလာသည့် ဘဝတစ်လျှောက် သူက ပုံစံမျိုးစုံသော လူများကို တွေ့ခဲ့ဖူးသည်။ ပြည့်ပြည့်ဖြိုးဖြိုးရှိသူ၊ ပိန်ပါးသွယ်လျသူ၊ ခွဲစိတ်ပြုပြင်ထားသူမှသည် သဘာဝအလှပိုင်ရှင်များအထိ မြင်ဖူးခဲ့သည်။ သူအလိုရှိပါက မည်သူ့ကိုမဆို တစ်နေ့အတွင်း ရရှိနိုင်သော်လည်း သူက မည်သူ့ကိုမျှ စိတ်မဝင်စားဘဲ ဆယ်စုနှစ်များစွာ တစ်ကိုယ်တည်း နေလာခဲ့သူဖြစ်၏။ ယခုမူ သေဆုံးပြီးနောက်တွင်မှ မြင်မြင်ချင်း ရင်ခုန်သွားရသော အမျိုးသားတစ်ဦးကို တွေ့ရှိခဲ့ရလေသည်။ 

 

ကောင်းကင်ဘုံက ငါ့ကို နောက်ပြောင်နေတာပဲ မဟုတ်ဘူးလား… 

 

အတွေးများထဲ နစ်မျောနေစဉ်မှာပင် အေးမြသောအရာတစ်ခုက သူ့နှုတ်ခမ်းသို့ လာထိလေသည်။ ထိုအေးမြသော အရည်များက ပါးစပ်ထဲမှတစ်ဆင့် လည်ချောင်းထဲသို့ စီးဝင်သွားသည်။ လည်ချောင်းထဲမှ ပူလောင်မှုများ ချက်ချင်း ငြိမ်သက်သွားသဖြင့် ကျိုးကျင့်က အနည်းငယ် သက်သာရာရသွား၏။ 

 

သို့သော် ထိုရေတစ်ခွက်ကြောင့်ပင် ကျိုးကျင့်၏ ဝေဝါးနေသော အသိစိတ်များ ပြန်လည် ကြည်လင်လာခဲ့သည်။  

 

ငါ သေသွားပြီ မဟုတ်ဘူးလား… 

 

နိုင်ငံရပ်ခြားမှ အဓိက ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုအတွက် သူကိုယ်တိုင် သွားရောက် ကိုင်တွယ်ရမည်ကို သူ ရှင်းရှင်းလင်းလင်း မှတ်မိနေသည်။ ထိုကိစ္စအတွက် သူက တစ်လနီးပါးခန့် ပြည်တွင်းပြည်ပကို မနားတမ်း ကူးချည်သန်းချည် လုပ်ခဲ့ရသည်။ နောက်ဆုံးတွင် နိုင်ငံခြားဘက်မှ သဘောထားပျော့ပျောင်းလာပြီး သူ့ကုမ္ပဏီနှင့် ပူးပေါင်းရန် ဆန္ဒရှိလာသဖြင့် သူက ပဏာမစာချုပ်ကို ယူကာ အစည်းအဝေးလုပ်မည့်နေရာသို့ တစ်ညလုံး လေယာဉ်စီး၍ သွားခဲ့ခြင်းဖြစ်သည်။ 

 

သို့သော် သူစီးလာသော လေယာဉ်က လမ်းကြောင်းလွဲသွားကာ ပစိဖိတ်သမုဒ္ဒရာကို ဖြတ်ကျော်ပြီး "ဘာမြူဒါတြိဂံ" ဟု ခေါ်သော နေရာသို့ ရောက်ရှိသွားခဲ့သည်။ ထိုနေရာနှင့် ပတ်သက်သည့် ဆန်းကြယ်သော ကောလာဟလများကို ကျိုးကျင့်က လုပ်ကြံပုံပြင်များဟုသာ အမြဲမှတ်ယူခဲ့သော်လည်း ယခုတစ်ကြိမ်တွင်မူ ထိုထူးဆန်းသော အခြေအနေနှင့် အမှန်တကယ် ရင်ဆိုင်လိုက်ရခြင်း ဖြစ်သည်။ 

 

ထိုစဉ်က အလွန်ပြင်းထန်သော စုပ်အားတစ်ခုက လေယာဉ်ကို မရပ်မနား ဆွဲငင်သွားပြီး ဝဲဂယက်ထဲသို့ ရောက်သွားစေခဲ့သည်။ ဝဲဂယက်အတွင်း၌ စူးရှသောအလင်းရောင်များကြောင့် ကျိုးကျင့်က မျက်လုံးကိုပင် မဖွင့်နိုင်ခဲ့ပေ။ လျင်မြန်စွာ လည်ပတ်နေသဖြင့် သူက ခေါင်းမူးကာ ပျို့အန်ချင်စိတ်များ ပေါက်လာခဲ့သည်။ ထိုအခြေအနေတွင် လေယာဉ်ပျက်ကျပြီး အားလုံး သေကြတော့မည်ကို လူတိုင်းက သိထားကြသည်။ 

 

သို့သော် ကျိုးကျင့် မျက်လုံးပြန်ဖွင့်လိုက်သောအခါတွင်မူ သူ၏ စိတ်ကူးအိပ်မက်ထဲမှ ချစ်သူကို တွေ့လိုက်ရခြင်းဖြစ်သည်။ ထိုသူက ရှေးဟောင်းဝတ်စုံနှင့်တူသော ထူးဆန်းသည့် အဝတ်အစားများကို ဝတ်ဆင်ထားသော်လည်း တရုတ်သမိုင်းတွင် မှတ်တမ်းတင်ထားသည့် မည်သည့်မင်းဆက်နှင့်မျှ မတူဘဲ စိတ်ကူးယဉ်ကမ္ဘာထဲမှ ဝတ်စုံနှင့်သာ ပိုတူနေလေသည်။ 

 

ထိုသို့ သိလိုက်ရသည့်အခါ ကျိုးကျင့်၏ ရင်ခုန်သံက ရုတ်တရက် မြန်လာခဲ့သည်။ သူက ဘေးဘီကို အနည်းငယ် ကြည့်လိုက်သောအခါ ရုပ်မြင်သံကြားထဲတွင်သာ မြင်ဖူးသည့် ရှေးလူမျိုးဆင်းရဲသားတို့၏ အသုံးအဆောင်များကို တွေ့လိုက်ရ၏။ 


နေအိမ်က နံရံများ ဟောင်းနွမ်းနေသည့် ကောက်ရိုးမိုး တဲအိုလေးဖြစ်ပြီး အပေါက်အပြဲတိုင်းမှ လေများ တိုးဝင်နေကာ မိုးရေများကလည်း တပေါက်ပေါက် ကျနေသည်။ အိမ်ရှိ အိုးခွက်ပန်းကန်များကို မိုးရေခံရန် သုံးထားရသဖြင့် အိုးမရှိသော နေရာများတွင် မိုးရေများ တစိမ့်စိမ့်ကျကာ ကြမ်းပြင်ပေါ်တွင် ရေအိုင်ငယ်လေးများ ဖြစ်ပေါ်နေပြီး နောက်ဆုံး၌ စီးဆင်းနေသော ရေမြောင်းငယ်လေးတစ်ခုသဖွယ် ဖြစ်နေလေသည်။


“ဒီ... ဒီနေရာက ဘယ်မှာလဲ...” 

 

သူက ရှိသမျှ အားအင်ကို သုံး၍ ပြောလိုက်သော်လည်း ထိုစကားလုံးများက မသဲမကွဲ တိုးတိုးလေးသာ ထွက်လာခဲ့သည်။ ကျိုးကျင့်၏ စိတ်ကူးအိပ်မက်ထဲမှ ချစ်သူနှင့် တူသော အမျိုးသားက ခန္ဓာကိုယ်ကို ကိုင်းညွှတ်လိုက်ပြီး သူ့နားကို ကျိုးကျင့်၏ နှုတ်ခမ်းနားသို့ ကပ်လိုက်သည်။ သူက အသေအချာ နားထောင်သော်လည်း ကျိုးကျင့်ပြောသည်ကို ရှင်းရှင်းလင်းလင်း နားမလည်သဖြင့် မျက်မှောင်ကြုတ်ကာ ဇဝေဇဝါ ဖြစ်သွားလေသည်။ 

 

ထိုစဉ် အခန်းထဲတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး အဖာအထေးများစွာပါသော အဝတ်အစားဖြင့် လူတစ်ယောက်က ဝင်လာသည်။ သူက ပထမဦးစွာ တောင်းတစ်လုံးနှင့် တံစဉ်းကို ချလိုက်ပြီးမှ ဖြည်းညှင်းစွာ လှည့်ကြည့်လာ၏။ သူ့အသားအရောင်ကလည်း ကျိုးကျင့်၏ စိတ်ကူးအိပ်မက်ထဲမှ ချစ်သူကဲ့သို့ပင် ဖြူဖျော့နေပြီး အလွန်အမင်း ပိန်လှီလွန်းသဖြင့် သူ့မျက်လုံးကြီးများက ဖေါင်းကားထွက်နေသကဲ့သို့ ထင်ရလေသည်။ 

 

သူ့အကြည့်များက အသက်မဲ့နေပြီး မျှော်လင့်ချက်အားလုံး ပျောက်ဆုံးနေသည့် လမ်းလျှောက်နေသော အလောင်းကောင် တစ်ခုကဲ့သို့ပင် ထင်ရလေ၏။ 

 

“သူ နိုးလာပြီလား…”  

သူက မည်သည့်နာမည်၊ မည်သည့် အခေါ်အဝေါ်မျှ မသုံးဘဲ အေးစက်စွာ မေးလိုက်သည်။ 

 

“အင်း…”  

ကျိုးကျင့်၏ စိတ်ကူးအိပ်မက်ထဲမှ ချစ်သူက မတ်တတ်ရပ်လိုက်ကာ ဆိုသည်။ 


“မင်း တောင်ပေါ်မှာ တောဟင်းရွက် သွားတူးလာရတာ ပင်ပန်းသွားပြီ… ငါ နေ့လယ်စာ သွားပြင်လိုက်ဦးမယ်…” 

 

ထို့နောက် သူတို့နှစ်ဦးလုံးက ကျိုးကျင့်ကို ဂရုမစိုက်ကြတော့ဘဲ ပစ်ထားလိုက်ကြသည်။ ကျိုးကျင့်က ခုတင်ပေါ်တွင် လေဖြတ်နေသူ တစ်ယောက်ကဲ့သို့ လုံးဝ မလှုပ်ရှားနိုင်ဘဲ လှဲလျောင်းနေရသည်။ အပြင်းအထန် ဖျားနာနေသည့် လူနာဟု ဆိုနိုင်သော်လည်း ထိုလူငယ်နှစ်ဦးက သူ့ဘက်သို့ တစ်ချက်ပင် လှည့်မကြည့်ကြသလို တစ်ခါတစ်ရံတွင် သူတို့၏ စက်ဆုပ်မုန်းတီးမှုကိုပင် မဖုံးကွယ်နိုင်ကြပေ။ 

 

ကျိုးကျင့်က မလှုပ်ရှားနိုင်သော်လည်း သူ့အသိစိတ်ကမူ ကြည်လင်နေဆဲပင်။ ဤအခြေအနေအရ သူက ငရဲပြည်သို့ ရောက်နေခြင်း မဟုတ်သည်က သေချာလှသည်။ ဖြစ်နိုင်ခြေ တစ်ခုတည်းသာ ရှိသည်။ ၎င်းက သူသည် အခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းရောက်ရှိသွားခြင်းပင် ဖြစ်သည်။ 

 

အခြားကမ္ဘာသို့ ကူးပြောင်းခြင်း ဆိုသည့် အယူအဆက ကျိုးကျင့်အတွက် မစိမ်းလှပေ။ ရုပ်ရှင်များ၊ ပြဇာတ်များနှင့် သတင်းများတွင် သူ တွေ့မြင်ဖူးသည်။ ယေဘုယျအားဖြင့် နှစ်မျိုးရှိသည်။ တစ်မျိုးက ရုပ်ခန္ဓာပါ ကူးပြောင်းခြင်းဖြစ်ပြီး အခြားတစ်မျိုးက ဝိညာဉ်သာ ကူးပြောင်းခြင်းဖြစ်သည်။ 

 

သို့သော် သူက မည်သည့်အမျိုးအစားကို ကြုံတွေ့နေရသည်ကို မသေချာသေးပေ။ အကယ်၍ ရုပ်ခန္ဓာပါ ကူးပြောင်းလာခြင်း ဖြစ်ပါက ကိုင်တွယ်ရ ပို၍လွယ်ကူပေလိမ့်မည်။ သနားစဖွယ် ကိုယ်ရေးရာဇဝင်တစ်ခုကို လုပ်ကြံဖန်တီးပြီး ဤလူနှစ်ယောက်ကို လှည့်စားနိုင်မည်ဖြစ်သည်။ သို့သော် အကယ်၍ ဝိညာဉ်သာ ကူးပြောင်းလာခြင်း ဖြစ်ပါက ဤခန္ဓာကိုယ်၏ မူလပိုင်ရှင်သည် အပြင်မှ လူနှစ်ယောက်နှင့် နီးကပ်သော ပတ်သက်မှု ရှိလိမ့်မည်။ နောက်မှ ရောက်လာသောသူနှင့် ပတ်သက်မှုက အရေးမကြီးသော်လည်း ခုတင်ဘေးတွင် ထိုင်နေသည့် သူ၏ စိတ်ကူးအိပ်မက်ထဲမှ ချစ်သူနှင့်သာ သွေးသားတော်စပ်သူ ဖြစ်နေပါက ဤဘဝတွင် မြင်ရရုံသာ မြင်ရပြီး မည်သည့်အခါမျှ ပိုင်ဆိုင်ခွင့်ရမည် မဟုတ်ပေ။ 

 

၎င်းက အလွန်ပင် နှိပ်စက်ရာ ရောက်လွန်းလှသည်။ 

 

ထိုသို့ တွေးတောနေစဉ် ထိုအမျိုးသားက တောဟင်းရွက်စွပ်ပြုတ်ကို ပြင်ဆင်လာလေသည်။ သူက ပန်းကန်ထဲမှ စွပ်ပြုတ် ဇွန်းဖြင့် ခပ်လိုက်သော်လည်း သူကိုယ်တိုင် မစားဘဲ ကျိုးကျင့်ကို အရင်ကျွေးသည်။ ကျိုးကျင့်က ထိုအမျိုးသားသည် အပြင်ပန်းတွင် အေးစက်နေသော်လည်း စိတ်နှလုံး နွေးထွေးသူ ဖြစ်လိမ့်မည်ဟု တွေးလိုက်မိ၏။ 

 

သူက သစ်သားဇွန်းဖြင့် စွပ်ပြုတ်ကို အအေးခံကာ အပူချိန်ကို အသေအချာ စမ်းသပ်ပြီးမှ ကျိုးကျင့်ကို တိုက်ကျွေးလေသည်။ အပူချိန်က အနေတော် ဖြစ်သော်လည်း အရသာကမူ အလွန်ပင် ဆိုးရွားလှသည်။ ဆားမပါသည့်အပြင် အလွန်ခါးသက်သော အရသာဆန်းတစ်ခု ရှိနေသည်။ တောင်ပေါ်ရတနာများ၊ ငါးမန်းတောင်နှင့် အဖိုးတန် အစားအစာများကိုသာ စားခဲ့ဖူးသော ကျိုးကျင့်က တစ်ငုံသောက်ရုံဖြင့် ပြန်အန်ထုတ်မိလုနီးပါး ဖြစ်သွားရသည်။ 

 

ကံကောင်းထောက်မစွာဖြင့် ကျိုးကျင့်သည် သူ၏ လက်ရှိအခြေအနေကို သိနေ၏။ သူက သူ၏ စိတ်ကူးအိပ်မက်ထဲမှ ချစ်သူကို မှီခိုနေရပြီး ခန္ဓာကိုယ်အတွက် အာဟာရ လိုအပ်နေသည်။ ဤမိသားစု၏ ဆင်းရဲမှုကို ကြည့်ခြင်းအားဖြင့် ဤအရာက သူတို့ အတတ်နိုင်ဆုံးသော အစားအစာသာ ဖြစ်ပေလိမ့်မည်။ သူ နေကောင်းချင်ပါက ဤအရာကို စားမှဖြစ်မည်။ ထို့ကြောင့် သူက စိတ်ပျက်လက်ပျက်ဖြင့် နောက်ထပ် အနည်းငယ်ကို အတင်းမြိုချလိုက်၏။ 

 

အရသာ မည်မျှပင် ဆိုးစေကာမူ ဝမ်းထဲသို့ အစားဝင်သွားသဖြင့် အနည်းငယ် သက်သာလာသော်လည်း စကားပြောရန်မူ အားမရှိသေးပေ။ 

 

“ဒီမှာ ဘာလာလုပ်တာလဲ…”


ရုတ်တရက် ခြံထဲတွင် အလုပ်လုပ်နေသော လူငယ်၏ အော်ဟစ်သံ ထွက်ပေါ်လာသည်။ 

 

ထို့နောက် စူးရှသော အမျိုးသမီး အသံတစ်သံက ပြန်လည် ဆဲဆိုသံအဖြစ် ထွက်လာသည်။  


“နင်က ဘာကောင်မို့လို့လဲ… ငါ့သား အိမ်ကို ငါလာတာ နင့်မှာ ဝင်ပြောပိုင်ခွင့်ရှိတယ် ထင်နေလား… နင်က ဘာမှအသုံးမကျတဲ့ အပိုလူပဲ… ဒါကြောင့်လည်း နင် အခုထိ လင်မရတာပေါ့… အိမ်ကမထွက်ရသေးခင်ကတည်းက ယောက်ျားအိမ်ကို ပြေးလာတာ… နင်က နင့်အစ်ကိုအတိုင်းပဲ… နှစ်ယောက်လုံးက ဘာမှအသုံးမကျတဲ့ကောင်တွေ…” 

 

“ခင်ဗျား... ခင်ဗျား...”  


ထိုလူငယ်က ဒေါသထွက်လွန်းသဖြင့် မျက်နှာက စိမ်းလိုက် ပြာလိုက် ဖြစ်သွားသည်။ 

 

အဘွားကြီးကမူ ဂရုမစိုက်ဘဲ နှာခေါင်းရှုံ့ကာ ကြည့်လိုက်ပြီး ခိုင်ခံ့မှုမရှိသော မြက်တံခါးကို အားဖြင့် ကန်ချလိုက်လေသည်။ တံခါးက ခေတ္တမျှ ယိုင်နဲ့သွားပြီးနောက် နောက်ဆုံးတွင် ဝုန်းခနဲ ပြုတ်ကျသွားပါတော့သည်။ 

 

ထိုအဘွားကြီးကမူ သူမ၏လုပ်ရပ်အတွက် အနည်းငယ်မျှပင် နောင်တရဟန်မရှိပေ။ ထိုအစား ပါးစပ်မှ တတွတ်တွတ် ဆဲဆိုကြိမ်းမောင်းနေပြီး အိမ်ထဲသို့ ဝင်လာကာ ပြင်ဆင်ထားသော တောဟင်းရွက်စွပ်ပြုတ်ကို မြင်သွားလေသည်။ ထိုစွပ်ပြုတ်က ဆီမပါ၊ ဆားမပါဘဲ အရည်ကြည်ကြည်သာ ရှိသဖြင့် အလွန်ပင် စားချင်စဖွယ် မရှိလှပေ။ သို့သော်လည်း သူမ၏ မျက်လုံးများကမူ လောဘဇောဖြင့် တောက်ပလာသည်။ 

 

“ဟယ်... တောဟင်းရွက်တွေ တော်တော်ရထားတာပဲလား…”  


အိုးထဲတွင် ရှိသည်သာမက ကြမ်းပြင်ပေါ်ရှိ တောင်းထဲတွင်လည်း မချက်ရသေးသော ဟင်းရွက်များကို သူမ တွေ့သွားခြင်းဖြစ်သည်။ 

 

“ဒါတွေ မစားကြနဲ့ဦး… အကုန်လုံး ထုပ်ပိုးထားလိုက်… ခဏနေရင် ငါ အိမ်ပြန်ယူသွားမယ်…” 

 

ခြံထဲရှိ လူငယ်လေးက အိမ်ထဲသို့ အပြေးအလွှား ဝင်လာကာ အော်ဟစ်တားဆီးလေသည်။ 


“ဘာလို့ ပေးရမှာလဲ… ဒါတွေက ကျွန်တော့်အစ်ကိုအတွက် ကျွန်တော် သွားတူးထားတာ…” 

 

အဘွားကြီးက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ပြောလေ၏။  


“နင်တူးထားတာ ဟုတ်လား… နင့်အစ်ကိုအတွက် ဟုတ်လား… အေး... ဒါဆို ငါ့အတွက် အတော်ပဲပေါ့… နင့်ကို ငါမေးမယ်… နင့်အစ်ကိုက ဘယ်သူလဲ… သူက ဒီ ‘ကြမ္မာဆိုးကောင်’ ရဲ့ ကံမကောင်းတဲ့ ဇနီးမဟုတ်ဘူးလား… ငါက အဲဒီ ‘ကြမ္မာဆိုးကောင်’ ရဲ့ အမေအရင်းပဲ… ဒါတွေကို ငါရသင့်တာ တရားတာပေါ့… တကယ်တော့ ဒါတွေက နည်းတောင် နည်းသေးတယ်လို့ ငါထင်တယ်…” 

 

လူငယ်လေးက ဒေါသထွက်လွန်းသဖြင့် စကားပင် ပြန်မပြောနိုင်တော့ပေ။ သို့သော် သူ ပင်ပင်ပန်းပန်း ရှာဖွေထားသော ဟင်းရွက်တောင်းကိုမူ အကာအကွယ်ပေးထားဆဲပင်။ မည်သို့ပင်ဖြစ်စေ သူက ထိုရက်စက်သော အဘွားကြီးကို မပေးလိုပေ။ 

 

အဘွားကြီးကလည်း အလျှော့ပေးမည့်သူ မဟုတ်ဘဲ လူပျိုပေါက်လေးကို တွန်းထိုးဖယ်ရှားကာ ပါးစပ်မှလည်း မကြားဝံ့မနာသာ ဆဲဆိုလေတော့သည်။ 

 

ကျိုးကျင့်က ဤမြင်ကွင်းကို ကြည့်လျက် အံ့အားသင့်ကာ မှင်တက်နေမိ၏။ 

 

သူက စီးပွားရေးလောကတွင် အောင်မြင်ကျော်ကြားသော လုပ်ငန်းရှင်တစ်ဦး ဖြစ်ခဲ့သည့်အားလျော်စွာ လူကဲခတ် အလွန်တော်သူဖြစ်သည်။ သူတို့ ပြောဆိုနေကြသော စကားအနည်းငယ်ကို ကြားရုံမျှဖြင့် ဤခန္ဓာကိုယ်ပိုင်ရှင်နှင့် ဘေးပတ်ဝန်းကျင်မှ လူများ၏ ပတ်သက်မှုကို သူ ခန့်မှန်းမိသွားသည်။ 

 

ဤအဘွားကြီးက ဤခန္ဓာကိုယ်၏ မိခင်ဖြစ်ဟန်တူပြီး ဟင်းရွက်တောင်းကို ကာကွယ်နေသူက သူ၏ စိတ်ကူးအိပ်မက်ထဲမှ ချစ်သူ၏ ညီဖြစ်ပေလိမ့်မည်။ ဤခန္ဓာကိုယ်နှင့် စိတ်ကူးအိပ်မက်ထဲမှ ချစ်သူ၏ ပတ်သက်မှုကမူ လင်မယား ပတ်သက်မှုမျိုးပင် ဖြစ်သည်။ ထိုအမျိုးသားကို “ဇနီး” ဟု သုံးနှုန်းခြင်းက အိမ်ထောင်ဖက်ကို ခေါ်ဆိုသည့် အခြားသော နည်းလမ်းတစ်ခု ဖြစ်နိုင်ပေသည်။ 

 

သို့သော် သူ နားမလည်နိုင်သည့်အရာက အဘယ်ကြောင့် အမျိုးသားအချင်းချင်း လက်ထပ်ခြင်းကို ဤနေရာတွင် ပုံမှန်အဖြစ် လက်ခံထားကြသည်ကိုပင်။ ကျိုးကျင့်က အဖြေရှာရန် ကြိုးစားသော်လည်း အဓိပ္ပာယ်မဖော်နိုင်သဖြင့် ထိုအကြောင်းကို ဆက်မတွေးရန် ဆုံးဖြတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ သူ၏ စိတ်ကူးအိပ်မက်ထဲမှ ချစ်သူသည် ယခုအခါ သူ၏ ဇနီးသည် ဖြစ်နေလေပြီ။ 

 

လူငယ်လေးက အဘွားကြီးကို အပြည့်အဝ အာခံရန် တွန့်ဆုတ်နေပုံရပြီး နောက်ဆုံးတွင် ဘေးသို့ တွန်းဖယ်ခံလိုက်ရကာ မြေကြီးပေါ်သို့ ဟန်ချက်ပျက်၍ လဲကျသွားလေသည်။ 

 

ကျိုးကျင့်က စကားပင် ရှာမတွေ့တော့ပေ။ ဤသည်က အမေအရင်း ဟုတ်ပါလေစ။ မိထွေးဆိုလျှင် ပိုမှန်ပေလိမ့်မည်။ 

 

မဟုတ်ပါက သားဖြစ်သူက ခုတင်ပေါ်တွင် အသက်လုနေရကာ (အမှန်စင်စစ် သေဆုံးသွားခဲ့ပြီဖြစ်သော်လည်း) မလှုပ်မယှက် လှဲလျောင်းနေရပါလျက်၊ မိခင်အရင်းဖြစ်သူက သားနှင့် ချွေးမထံမှ “အဖိုးတန်” တောဟင်းရွက်များကို လုယူရလောက်အောင် ရက်စက်နိုင်မည် မဟုတ်ချေ။ ဤအမျိုးသမီးက အမေအရင်း မဖြစ်နိုင်ပေ။ 

 

အဘွားကြီး၏ အဝတ်အစားက အဖာအထေးများဖြင့် စုတ်ပြတ်နေသော်လည်း သူမ၏ မျက်နှာက သွေးရောင်လွှမ်းကာ အသံကလည်း ဟိန်းထွက်နေပြီး လှုပ်ရှားမှုများက သွက်လက်လှသည်။ သူမက စားဝတ်နေရေး ပြည့်စုံသူတစ်ဦးဖြစ်ကြောင်း သိသာလှ၏။ သို့သော် ယခုမူ သူမက သားနှင့် ချွေးမ၏ အသက်ကယ် အစားအစာကို လုယူနေခြင်းဖြစ်သည်။


“ညီလေး... ပေးလိုက်ပါ…” 

ခုတင်ဘေးတွင် ထိုင်နေသော အမျိုးသားက တိုးညှင်းသော အသံဖြင့် ပြောလိုက်သည်။ 

 

လူငယ်လေးက နှင်းကိုက်ထားသော ခရမ်းသီးကဲ့သို့ ညှိုးနွမ်းသွားပြီး အဘွားကြီးကမူ အောင်နိုင်သူတစ်ဦးအလား ဝင့်ကြွားစွာဖြင့် အိုးထဲမှ ဟင်းရွက်များအပါအဝင် အကုန်လုံးကို ယူဆောင်သွားလေတော့သည်။ အိုးထဲတွင် ရေသာ ကျန်ရစ်ခဲ့၏။ 

 

“ဟင်း... အစကတည်းက ဒီလိုဖြစ်သင့်တာ… မနက်ဖြန်အတွက် စားစရာတွေကို စောစောပြင်ထားဖို့ မှတ်ထားဦး… ငါကိုယ်တိုင် လာသတိပေးရအောင် မလုပ်နဲ့…” 


အဘွားကြီးက ကျေနပ်အားရစွာ ပြောသွားသည်။ 

 

အဘွားကြီး ထွက်သွားသည်နှင့် လူငယ်လေး၏ မျက်ဝန်းများက နီရဲလာသည်။  


“ကော… သူက ကျွန်တော်တို့ကို အရမ်းနှိပ်စက်တာပဲ… ဒါက လွန်လွန်းတယ်… သူတို့ မိသားစုမှာ စားစရာ သောက်စရာ မရှိတာလည်း မဟုတ်ဘူး… တောဟင်းရွက် စားချင်ရင် တောင်ပေါ်တက်ပြီး ကိုယ့်ဘာသာ တူးပါလား… ဘာလို့ ကောဆီကဟာကို လုယူရတာလဲ…” 

 

ထိုအမျိုးသားက တည်ငြိမ်သောအသံဖြင့် ပြန်ပြောသည်။ 


“ဒါက အမြဲတမ်း ဒီလိုပါပဲ… ထူးဆန်းတဲ့ ကိစ္စမဟုတ်ပါဘူး…” 

 

ထို့နောက် လူငယ်လေးက ဒေါသတကြီးဖြင့် ကျိုးကျင့်ဘက်သို့ လှည့်ကြည့်လာသည်။ သူ့အကြည့်က ကျိုးကျင့်ကို ဝါးစားမတတ်ပင် ဖြစ်နေလေ၏။ သို့သော် တစ်စုံတစ်ခုသော အကြောင်းကြောင့် သူက အလွန်အမင်း မုန်းတီးနေသော်လည်း ကျိုးကျင့်ကို အော်ဟစ်ခြင်း သို့မဟုတ် ဆဲဆိုခြင်းမျိုး မလုပ်ဘဲ စိုက်ကြည့်ရုံသာ ကြည့်နေလေသည်။ 

 

ကျိုးကျင့်က ရှင်းပြချင်သော်လည်း လည်ချောင်းထဲတွင် ပူလောင်နာကျင်နေသဖြင့် စကားပင် မပြောနိုင်ခဲ့ပေ။



👶👶