Chapter 18
Viewers 2k

သူ မြွေနက်ထံမှ ရိုက်နှက်ခြင်း ခံလိုက်ရပြီးနောက် တစ်ခဏမျှ အံ့အားသင့်သွားကာ မျက်လုံးများ ချက်ချင်း နီရဲလာလေသည်။
 
 
 
ငယ်စဉ်ကတည်းက ဆင်းရဲစွာ နေထိုင်ခဲ့ရသော်လည်း သူ့ကို မွေးစားခဲ့သော အဘိုးသည် သူ့အား ပုလဲတစ်ပွင့်ပမာ ဂရုစိုက်ချစ်ခင်ခဲ့ပြီး ကြမ်းတမ်းသော စကားတစ်ခွန်းမျှပင် မဆိုခဲ့ဖူးပေ။ ယခု အရွယ်ရောက်လာသည့်အခါ မိမိ၏ အမှားအတွက် မြွေတစ်ကောင်ထံမှ သင်ခန်းစာ ပေးခြင်းခံရခြင်းသည် အမှန်စင်စစ် ရှက်ဖွယ်ကောင်းလှသည်။
 
 
 
ဝမ်ကျုံး နံရံဘက်သို့ မျက်နှာမူကာ ရှိုက်ကြီးတငင် ငိုကြွေးလေသည်။
 
 
 
မြွေနက်ကြီး : “…”
 
 
 
သူ ရိုက်လိုက်သဖြင့် ဝမ်ကျုံး နာကျင်သွားမည်ကို တွေးမိကာ အမြီးဖျားလေးက ကွေးညွတ်လာပြီး နီရဲနေသည့် တင်ပါးပေါ်သို့ ပွတ်သပ်ပေးလေသည်။
 
 
 
မြွေနက်ကြီးက သူ့ကို မချော့မနှစ်သိမ့်လျှင် သိပ်ကိစ္စမရှိပေ။ သို့ရာတွင် မြွေနက်ကြီးက ချော့မော့နှစ်သိမ့်လိုက်သောအခါ ဝမ်ကျုံး၏ ပခုံးများ တုန်ယင်လာကာ ခေါင်းကို ငုံ့၍ တိုးတိုးလေး ရှိုက်နေလေသည်။
 
 
 
“ဝူး ဝူး..."
 
 
မြွေနက်ကြီး : “...”
 
 
 
သူ့အမြီးက တုန်ယင်သွားပြီး ခဏအတွင်း ကြောက်ရွံ့မှုနှင့်အတူ လှိုဏ်ဂူထဲမှ အပြင်သို့ လျင်မြန်စွာ ပြေးထွက် ပျောက်ကွယ်သွားလေသည်။
 
 
“ဝူး”
 
 
ဝမ်ကျုံး ငိုရင်း ပြန်လှည့်ကြည့်လိုက်သောအခါ မြွေနက် ရှိမနေတော့ပေ။ သူ၏ ညစ်ပတ်နေသော ဘောင်းဘီနှင့် အင်္ကျီကို အလျင်အမြန် ချွတ်လိုက်သည်။
 
 
 
သူ့၏ ပါးစပ်ကို ရေဖြင့် သေချာ ဆေးကြောပြီးနောက် သွားများကို သန့်စင်စေရန် ဆေးဖက်ဝင် အရွက်အနည်းငယ်ကို ဝါးစားလေသည်။ ပါးစပ်ကို သန့်ရှင်းအောင် ပြုလုပ်ပြီးနောက် ဆေးဖက်ဝင် အရွက်များကို ထပ်မံဝါး၍ ဒဏ်ရာရရှိထားသော နေရာတွင် ကပ်ကာ ရေသောက်လိုက်လေသည်။
 
 
 
အသုံးဝင်မဝင် မသေချာသော်လည်း ဤအချိန်တွင်  မိမိကိုယ်ကို ပြုစုရန် သူ တွေးမိသော အကောင်းဆုံးနည်းလမ်းပင်။
 
 
 
ဒဏ်ရာ ပိုးမဝင်စေရန် အခြား မည်သည့်အရာကိုမျှ မလုပ်ဝံ့ပေ။ ရွှံ့များ ဖုံးအုပ်နေသော အဝတ်အစားများကိုပင် မဝတ်ရဲချေ။
 
 
 
လှိုဏ်ဂူဝ အေးမြ ခြောက်သွေ့၍ လေဝင်လေထွက်ကောင်းသည့် နေရာတွင် သူသည် နာကျင်မှုကို သည်းခံရင်း ပြန်လည် စဥ်းစား ဆင်ခြင်မိသည်။
 
 
 
သူသာ သေချာစွာ စဉ်းစားခဲ့လျှင် ထိုကျောက်တုံးဖြူကို ခိုး၍ ယူဝံ့မည် မဟုတ်ပေ။
 
 
 
မြွေနက်ကြီးသည် သူ့နှင့် တစ်ခါမျှ ပြင်းထန်စွာ အငြင်းပွား ခိုက်ရန်ဖြစ်ခြင်း မရှိခဲ့ပေ။ ထို့ကြောင့် သူသည် မီး၏ ရင်းမြစ်ကို ရရှိနိုင်မည်ဆိုပါက မြွေနက်၏ ဒေါသကို စွန့်စားရကျိုးနပ်မည်ဟု တွေးကာ အခွင့်အရေးကို ယူခဲ့သည်။
 
 
 
သို့သော် သူ သတိမမူမိခဲ့ပေ...
 
ကျွန်းပေါ်တွင် ဆရာဝန် သို့မဟုတ် ဆေးဝါး မရှိပေ။ အန္တရာယ်များဖြင့် ပြည့်နှက်နေသည်။ တောထဲတွင် အသက်ရှင်သန်ရေး စွမ်းရည်များ ချို့တဲ့ခြင်းကြောင့် မည်သည့် မှားယွင်းမှုကမဆို သေစေနိုင်သည်။ မြွေနက်ကြီးက သူထက် များစွာ ပိုသိလေသည်။
 
 
 
ထိုအချိန်က သူ မီးမွှေးလွယ်ကူစေရန် ကျောက်တုံးဖြူကို လိုချင်သည့် ဆန္ဒကို ထိန်းချုပ်နိုင်ခဲ့မည်ဆိုပါက၊ မြွေနက်က သူ့အား ကျောက်တုံးဖြူကို အဘယ်ကြောင့် မထိစေချင်သည်ကို စဥ်းစားခဲ့မိပါက၊ သူ့ စကားများကို နားထောင်ခဲ့မည်ဆိုပါက ယခုလို အန္တရာယ်ရှိသော အခြေအနေကို ရှောင်ရှားနိုင်ခဲ့မည် ဖြစ်သည်။
 
 
 
ဝမ်ကျုံး နှုတ်ခမ်းကို ကိုက်၍ မိမိကိုယ်ကို သတိပေးလိုက်သည်။
 
 
 
"နောက်ဆို မြွေနက်ကြီးရဲ့စကားကိုနားထောင်ရမယ် မင်းဆန္ဒကိုထိန်းချုပ်တတ်ဖို့ သင်ယူရမယ်"
 
 
 
အမြတ်အစွန်းနှင့် အရှုံးများကြားတွင် သူ အမြဲတစေ ဆင်ခြင်တုံတရားရှိရမည်။ ဆုံးဖြတ်တတ်ရန် သင်ယူရမည်။ အသေးအဖွဲ ဆုံးရှုံးမှုများကြောင့် မိမိကိုယ်ကို ပိုမို ဆိုးရွားသော အကျပ်အတည်းထဲသို့ ကျရောက်အောင် မပြုလုပ်ဘဲ သေချာစွာ စဉ်းစားပြီးနောက် ကောင်းကျိုးနှင့် ဆိုးကျိုးများကို နှိုင်းယှဉ်ခွဲခြားရမည်။
 
 
 
ယခု မြွေနက်ကြီး သူ့ကို ထပ်၍ အမျက်မထွက်ရန်သာ မျှော်လင့်မိသည်။
 
 
 
မြွေနက်ကြီး ဘယ်ရောက်ရှိသွားသည်ကို သူ မသိချေ။ နောက်တစ်နေ့ မွန်းတည့်ချိန်ရောက်သောအခါ ထူးဆန်းသော ငါးတစ်ကောင်နှင့်အတူ ရုတ်တရက် ပြန်လည်ရောက်လာခဲ့သည်။
 
 
 
ငါးက ငါးဘီလူးတစ်ကောင်နှင့်တူ၏။ သာမန်ငါးကြင်းနှင့် ဆင်တူသော်လည်း အမြီးပါရှိခြင်း မရှိပေ။ ယင်းအစား မြွေနှင့်တူသော ချောမွတ် ရှည်လျား၍ လုံးဝန်းသော အမြီးတစ်ခုရှိနေသည်။
 
 
 
ငါးသည် မြေပြင်ပေါ်တွင် ထောင်နေ၏။ ၎င်း၏ အမြီးသည် အစက်အပြောက်ပုံစံများဖြင့် ဖုံးလွှမ်းထားလျက် လိမ်ယှက်နေကာ ကြောက်မက်ဖွယ်ကောင်းပြီး ရွံရှာဖွယ်အတိ။
 
 
 
မြွေနက်သည် ဓားမြှောင်တစ်ချောင်းကို အမြီးဖြင့်ရစ်ပတ်၍ သူ့အား ပေးလေသည်။ အဓိပ္ပာယ်မှာ ထင်ရှားလျက်။
 
 
 
ဝမ်ကျုံး သူ့နောက်တွင် အလျင်အမြန် ပုန်းလိုက်ပြီး ခေါင်းကို ဟိုဘက်ဒီဘက် ရမ်းခါလျက် "မစားဘူး!  ဒါကြီးကို မစားဘူး..." ဟု ပြောလိုက်သည်။
 
 
 
မြွေနက်သည် မျက်လုံးများကို မှေးစင်းလိုက်ပြီး သူ့ကို ထူးဆန်းသော ငါးဘေးသို့ တွန်းပို့ကာ စားရန် အတင်းအကျပ် တိုက်တွန်းနေလေသည်။
 
 
 
ဝမ်ကျုံး ထိတ်လန့်သွားခဲ့သည်။ သူ ခုခံနေစဉ် မျက်လုံးများ နီရဲလာခဲ့သည်။ သူ၏ ပရိယာယ်ဟောင်းကို ထပ်မံ အသုံးမပြုနိုင်မီ မြွေနက်သည် သူ့၏ အမြီးကို ဆတ်ခနဲလှုပ်လိုက်ပြီး မီတာနှစ်ဆယ်ကျော်အမြင့်ရှိသော မတ်မတ်တိုးထွက်နေသည့် သစ်ပင်တစ်ပင်ကို သူ့အား ပြသရန် ဆွဲထုတ်လာခဲ့သည်။
 
 
 
ဝမ်ကျုံး : "..."
 
 
 
သူ ဘာမျှမပြောဘဲ ဓားမြှောင်ကို အမြန်ယူကာ ထူးဆန်းသော ငါးကို ထိုးလိုက်၏။
 
 
 
မြွေနက်ကြီး အလွန် ကျေနပ်သွားသည်။ သူ ဓားမြှောင်ဖြင့် ထူးဆန်းသော ငါးပေါ်မှ သွေးစွန်းနေသော မျက်လုံးများပါသည့် အသားစိမ်း တစ်စကို ပါးပါးလှီးဖြတ်ကာ အလင်း၏ အလျင်ကဲ့သို့ လျင်မြန်မှုဖြင့် ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
 
 
 
ဝမ်ကျုံးသည် ချက်ချင်းပင် လက်ကို မြေပြင်ပေါ်ထောက်လိုက်ပြီး ကုန်းကုန်းကွကွဖြင့် လည်ပင်းတွင် နင်နေသည်။
 
"အော့..."
 
 
 
မြွေနက်သည် သူ့အမြီးဖျားဖြင့် ဝမ်ကျုံး၏ မေးစေ့ကို ပင့်တင်လိုက်သည်။ သူ၏ အစိမ်းရင့်ရောင် မျက်လုံးများအတွင်းရှိ ဒေါင်လိုက်မျဉ်းနက်များသည် "မင်း အန်ထုတ်ရဲလား" ဟုအေးစက်သော ခြိမ်းခြောက်မှုကို ပြသလျက်။ 
 
 
 
ဝမ်ကျုံး တုန်ရီသွားကာ စိတ်ထဲမှ အော်ဟစ်လိုက်သည်။ သူ မြွေနက်ကြီး၏ နှာခေါင်းကို လက်ညှိုးထိုး၍ "အာဏာရူး..." ဟု အော်ဟစ်စွပ်စွဲလိုစိတ် ပြင်းပြခဲ့သည်။
 
 
 
သို့သော် သူက ကြောက်တတ်သူ ဖြစ်သည်။
 
သူ မလုပ်ရဲပေ။