Chapter 5
Viewers 2k

အလွန်ပြင်းထန်လှသော နေရောင်ခြည်က ကောင်းကင်ယံမှ ဖြာကျနေပြီး၊ ကမ္ဘာမြေတစ်ခွင်သည်လည်း ဖျော့တော့စွာ လင်းလက်နေသကဲ့သို့ ဖြစ်နေသည်။ သူ့ဘေးနားတွင် တောအုပ်ကြီးတစ်ခု ရှိနေသော်ငြားလည်း အေးမြမှုကို အနည်းငယ်မျှပင် ခံစား၍မရနိုင်ပေ။ မီးစွဲလောင်နေသလို ဖြစ်နေပြီး၊ လေထုကပင်လျှင် အပူရှိန်ကြောင့် လှိုင်းထနေ၏။

 

ယခင်က မြေဩဇာကောင်းမွန်လှသော မြေပြင်သည် ယခုအခါ၌မူ တစ်ချက်ကြည့်ရုံနှင့်ပင် ပြန့်ကျဲသွားနိုင်သည့် သဲပြင်အဖြစ်သို့ ပြောင်းလဲခဲ့လေပြီ။

 

ဝူယန်က သစ်ပင်,ပင်စည်ကို မှီနေသည်။ သူ၏ နှုတ်ခမ်းများမှာ မည်းညစ်ခြောက်သွေ့၍ ကွဲအက်လျက်ရှိပြီး၊ မြက်ခြောက်တစ်ရွက်ကို ဖြည်းဖြည်းချင်း ဝါးနေကာ မျက်လုံးများကမူ မလှုပ်မယှက်ဖြင့် အဝေးတစ်နေရာကို ငေးစိုက်ကြည့်နေခဲ့သည်။

 

သူ့ဘေးနားမှ အမျိုးသမီးမှာ အရွယ်မရောက်သေးသည့် ကလေးငယ်တစ်ဦးကို ရင်ခွင်တွင် ပိုက်ထားလျက် ထိုင်‌နေသည်။ သို့သော် သူ(မ)က အသံတစ်သံမျှပင် မဟခဲ့၊ ထိုသူသုံးဦးမှာ သစ်သားဖြင့် ထွင်းထုထားသည့် ရုပ်တုများပမာ ဖြစ်နေကြသည်။

 

စွမ်းအင်ချွေတာရန်အတွက် ၎င်းတို့ခမျာ အချိန်အတော်ကြာအောင် စကားမပြောခဲ့ကြသဖြင့်၊ မည်သို့ စကားပြောရမည်ကိုပင် မေ့နေခဲ့ကြ၏။

 

ထိုအခိုက်၌ ချောင်အာ၏မိခင်သည် တိတ်ဆိတ်စွာပင် ၎င်းတို့ရှိရာသို့ လျှောက်လှမ်းလာ၏။ မိသားစု၏ မျက်လုံးများကလည်း မာကျောသော မျက်နှာသွင်ပြင်များဖြင့် သူ(မ)ထံသို့ ရွေ့လျားသွားခဲ့ကြသည်။

 

ချောင်အာ၏မိခင်က ၎င်းတို့ကို လျစ်လျူရှုလိုက်ပြီး၊ ထိုအမျိုးသား၏ နားနားသို့ ကိုင်းညွတ်၍ တိုးတိုးလေး ပြောလိုက်လေသည်။

 

မူလက ထိုင်းမှိုင်းနေသော ဝူယန်၏ မျက်လုံးများမှာ ရုတ်တရက်ပင် အရောင်တောက်လာခဲ့၏။ သူသည် မယုံနိုင်စွာဖြင့် ပါးစပ်ကို ဟခဲ့သော်လည်း၊ နှုတ်ခမ်းများကို အကြိမ်ကြိမ် ဖွင့်ဟ၍ ပိတ်လိုက်သည့်အခါ၌ပင် ကြမ်းတမ်းလှသော “အာ” ဟူသည့် အသံသာ ထွက်လာခဲ့သည်။

 

စွမ်းအင်ချွေတာရန်အတွက် အချိန်အတော်ကြာအောင် စကားမပြောခဲ့သော ဝူယန်တစ်ယောက် ရုတ်တရက် ပါးစပ်ဖွင့်လိုက်သည့်အခါ၌ မည်သို့ပြောရမည်ကိုပင် မေ့လျော့နေခဲ့လေသည်။

 

ချောင်အာ၏မိခင်က တိုးတိုးလေး ထပ်၍ ပြောလိုက်၏။ “ဒီညနေစောင်းရင် ကျွန်မနောက်ကနေ လိုက်ပြီးတော့ သစ်တောထဲ ဝင်ခဲ့ပါ”

 

ဝူယန် ခေါင်းညိတ်သည်ကို မြင်ပြီးနောက် ချောင်အာ၏မိခင်က သစ်ပင်နောက်တွင် ပုန်းအောင်းနေခဲ့၏။ ခဏအကြာ၌ပင် သူ(မ)သည် သစ်ပင်,ပင်စည်၏ အကွယ်အောက်မှပင် အခြားမိသားစုတစ်စုဆီသို့ လျှောက်လှမ်းသွားပြန်သည်။

 

မိခင်နှင့် သမီးက ကွဲပြားစွာ လှုပ်ရှားခဲ့ကြ၏။ စကားများ မပြောခဲ့သကဲ့သို့၊ အစားအစာလည်း မယူလာခဲ့ချေ။ သို့သော် စကားချည်းဖြစ်နေသည့်တိုင် ဤလူများက မယုံကြည်ဘဲ မနေနိုင်ကြတော့ပေ။

 

သစ်တောထဲတွင် ပုန်းအောင်းနေခဲ့သော ယဲ့ကျိုးတစ်ယောက် ချောင်အာ၏မိခင်နှင့် သူ(မ)တို့ လှုပ်ရှားမှု ရပ်တန့်သွားပြီး၊ နေဝင်ချိန်ကို ထိုင်၍ စောင့်ဆိုင်းနေကြသည်ကို မြင်သောအခါ၌ သက်ပြင်းချနိုင်ခဲ့၏။

 

သူခမျာ အခြားသော ဒုက္ခသည်များကို ကြည့်ရန် စိတ်ကို ထိန်းချုပ်နေသည်။ အကယ်၍ တစ်ချက်ထပ်၍ ကြည့်မိပါက သနားကြင်နာမှုက အလျင်အမြန်ပင် အသာစီးယူသွားပေလိမ့်မည်။ အကယ်၍ အကြိမ်အနည်းငယ်ထပ်၍ ကြည့်မိပါကမူ သူ၏ ဆင်ခြင်တုံတရားကို လုံးဝ လွှမ်းမိုးသွားပေတော့မည်။

 

အချိန်က ဖြည်းညင်းစွာ ကုန်ဆုံးသွားခဲ့၏။ စက္ကန့်နှင့် မိနစ်တိုင်းကား အဆုံးမဲ့ ဆွဲဆန့်ထားသကဲ့သို့ပင်။

 

ယဲ့ကျိုးတစ်ယောက် တစ်မွန်းလွဲလုံး ရေတစ်ဗူး၏ တစ်ဝက်သာ သောက်ခဲ့သော်လည်း၊ အလွန်ပင် ရေငတ်နေခဲ့၏။ သူ၏ နှုတ်ခမ်းများကမူ ခြောက်သွေ့နေပြီး ကွဲအက်တော့မတတ်ပင်။

 

ဒုက္ခသည်များက အစားအသောက်နှင့် ရေပြတ်လပ်မှုကို ရင်ဆိုင်ရပါလျက် ယခုအချိန်အထိ အသက်ရှင်နိုင်နေခဲ့သည်မှာ “သန်မာသည်” ဟူသည့် စကားလုံးဖြင့် ဖော်ပြ၍ မရနိုင်လောက်အောင်ပင် ဖြစ်သည်။

 

ကောင်းကင်သည် တဖြည်းဖြည်း မှောင်လာသည်။ အပူချိန်ကလည်း အနည်းငယ် ကျဆင်းသွားသည်ဟု ထင်ရသော်ငြားလည်း ထိုအပူချိန်ကျဆင်းမှုက ထင်ရှားခြင်းမရှိပေ။ သစ်တောမှ တိုက်ခတ်လာသော လေကမူ ပူနွေးနေသည်။

 

လေတိုက်လာလေလေ၊ ပို၍ပင် ပူနွေးလာသည်ဟု ထင်ရလေလေ ဖြစ်သည်။

 

ဖြည်းဖြည်းချင်းပင် လူအချို့က တောအုပ်ဆီသို့ ယိုင်တိုင်တိုင်ဖြင့် လျှောက်လှမ်းသွားကြ၏။

 

အခြားသော ဒုက္ခသည်များကမူ ၎င်းတို့ကို တစ်ချက်မျှပင် မကြည့်ကြပေ။

 

ချောင်အာနှင့် သူ(မ)၏မိခင်တို့က ရှေ့ဆုံးမှ လမ်းပြခဲ့ကြ၏။ ယဲ့ကျိုးတစ်ယောက် စူပါမားကတ်တွင် အလုပ်လုပ်မည့် ဝန်ထမ်းများကို နောက်ဆုံးတွင် အနီးကပ် တွေ့ခဲ့ရတော့သည်။

 

၎င်းတို့သည်လည်း ယဲ့ကျိုးကို တွေ့ခဲ့ကြ၏။

 

ယဲ့ကျိုးသည် မျက်နှာထားကို တင်းထားပြီး၊ အပြင်လူတစ်ဦး၏ အေးစက်စက် အသွင်ကို ဖော်ပြရန် ကြိုးစားနေခဲ့သည်။ သူက ဒုက္ခသည်များနှင့် စကားမပြောခဲ့ဘဲ၊ ချောင်အာ၏မိခင်ကိုသာ ခပ်ဖွဖွ ခေါင်းညိတ်ပြလိုက်ပြီးနောက် လှည့်ကာ တောအုပ်၏ နက်ရှိုင်းသော နေရာသို့ လျှောက်သွားခဲ့၏။

 

စိတ်လှုပ်ရှားနေသော ဒုက္ခသည်အုပ်စုကို ချန်ထားခဲ့ခဲ့သည်။ ဒုက္ခသည်များကလည်း အကူအညီတောင်းခံသည့်နှယ် ချောင်အာ၏မိခင်ကို ကြည့်ကြ၏။

 

“နတ်မင်းကြီးက... ကျွန်တော့်ကို... မကြိုက်ဘူး... ထင်ပါရဲ့...” ဝူယန်၏ အသံမှာ ခြောက်ကပ်နေပြီး၊ စကားအနည်းငယ်ပြောပြီးနောက် အနားယူရန် ရပ်နားရ၏။

 

“နတ်မင်းက ရှင်တို့ကို မောင်းမထုတ်ရင် အဲ့ဒါ မကြိုက်လို့ မဟုတ်ဘူး...” ချောင်အာက ပြန်ဖြေလိုက်သည်။

 

ချောင်အာ၏မိခင်က ချောင်အာကို မျက်လုံးပြူးပြလိုက်ပြီး၊ လက်ကို ဆန့်ကာ ချောင်အာ၏ လက်မောင်းကို ဆိတ်လိုက်သည်။ ထို့နောက် သူ(မ)က ခေါင်းကို လှည့်၍ ဒုက္ခသည်များကို ပြော၏။ “နတ်မင်းက သနားကြင်နာတတ်တယ်၊ ဒါပေမယ့် ရှင်တို့က သူ့ရဲ့ မွေးမိခင်နဲ့ ဖခင်မှ မဟုတ်တာ။ ဘာလဲ? နတ်မင်းက ရှင်တို့ကို လာနှုတ်ဆက်ဖို့ လိုသေးလို့လား?”

 

လူအုပ်က ခေါင်းများကို အကြိမ်ကြိမ် ခါရမ်းလိုက်ကြသည်။

 

ဤအုပ်စုတွင် အမျိုးသား ရှစ်ဦး၊ သက်ကြီးရွယ်အို ခြောက်ဦး၊ အမျိုးသမီး လေးဦး၊ အသက် ငါးနှစ်မှ ဆယ်နှစ်ကြားရှိ ကလေးငယ် ခြောက်ဦးနှင့် ကလေးငယ်တစ်ဦးတို့ ပါဝင်ကြ၏။

 

၎င်းတို့သည် တစ်ဦးကိုတစ်ဦး မှီ၍ ရှေ့သို့ လမ်းလျှောက်နေကြသော်လည်း အခက်အခဲရှိလှသည်။

 

ညအမှောင်ထု ကျရောက်နေပြီဖြစ်သော်လည်း မည်သို့ပင်ဖြစ်စေ အနားယူရန်အတွက် ရှေ့သို့ အတော်အသင့် လမ်းလျှောက်ရပေဦးမည်။

 

လုံးဝအမှောင်ကျသွားပြီဖြစ်၍ ဒုက္ခသည်များက ချက်ချင်းဆိုသလို ရပ်တန့်သွားခဲ့ကြ၏။ ညနေစောင်း၌ပင် ၎င်းတို့က ကောင်းစွာမမြင်ရခဲ့ကြသဖြင့် တစ်ဦးကိုတစ်ဦး ထိန်းချုပ်ကာ ရှေ့သို့ ဆက်လျှောက်ခဲ့ကြသည်။ ယခုမူ ၎င်းတို့သည် လုံးဝ “မျက်မမြင်” များဖြစ်နေကြသဖြင့် ပတ်ဝန်းကျင်ကိုပင် မမြင်နိုင်တော့ချေ။

 

ထိုအခိုက်၌ပင် မလှမ်းမကမ်းတွင် အဖြူရောင်အလင်းတစ်ခု ရုတ်တရက် ပေါ်ထွက်လာ၏။

 

ထိုအလင်းသည် အချိန်ကြာမြင့်စွာ တည်ရှိနေသည့် လျှပ်စီးပမာပင်။

 

တစ်စုံတစ်ဦးက  အော်သံတိုတိုတစ်ခုကို ပြုလိုက်၏။ ထိုအခါ ချောင်အာ၏မိခင်က ချက်ချင်းပင် အော်ပြောလိုက်သည်။ “ဒီဟာက နတ်မင်းရဲ့ လှည့်ကွက်ပဲ... စကားမပြောကြနဲ့...”

 

ဒုက္ခသည်များက ကြောက်ရွံ့စွာ ရှေ့သို့ ကြည့်လိုက်ကြသည်။

 

ထိုအလင်းသည် မီးအလင်းရောင် မဟုတ်ပေ။ ၎င်းက ပတ်ဝန်းကျင်တစ်ခုလုံးကို နေ့ခင်းဘက်ကဲ့သို့ လင်းလက်စေခဲ့၏။

 

ထိုတောက်ပသော ဓာတ်မီး၏ စွမ်းအားက သာမန်ဓာတ်မီးများ၏ စွမ်းအားနှင့် နှိုင်းယှဉ်၍ မရပေ။ ယဲ့ကျိုးတစ်ယောက်လည်း ထိုဓာတ်မီးကို ပထမဦးဆုံးအကြိမ် အသုံးပြုခြင်းဖြစ်သည်။ ၎င်းကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူက အံ့အားသင့်သွားခဲ့၏။ ကောင်းကင်သည် အမှောင်ထုဖုံးလွှမ်းနေသည်မှလွဲ၍ နေ့ခင်းဘက်နှင့် မခြားနားပေ။

 

သူက ရှေ့မှ လမ်းဖွင့်ပေးခဲ့ပြီး၊ ချောင်အာ၏မိခင်နှင့် ချောင်အာ၊ ဒုက္ခသည်များကမူ နောက်မှ ဖြည်းညင်းစွာ လိုက်ပါလာကြ၏။

 

နှစ်နာရီ သို့မဟုတ် သုံးနာရီခန့် လမ်းလျှောက်ပြီးနောက် ယဲ့ကျိုးတစ်ယောက် ရပ်တန့်လိုက်သည်။

 

သူက လှည့်၍ ဒုက္ခသည်များ၏ ရှေ့ဆုံးမှ လျှောက်လာခဲ့သည့် ချောင်အာ၏မိခင်ကို လက်ပြလိုက်သည်။

 

ချောင်အာ၏မိခင်သည် အသက်ပိုကြီးပြီး ဗဟုသုတလည်း ပို၍ ကြွယ်ဝသောကြောင့် ကလေးမလေး ချောင်အာထက် ပို၍ စိတ်ချရသည်ဟု ယဲ့ကျိုးက ခံစားမိသည်။

 

ထိုအခါ ချောင်အာ၏မိခင်တစ်ယောက် လျင်မြန်စွာ ပြေးလာခဲ့၏။

 

“မာစတာနတ်မင်း၊ အမိန့်ပေးတော်မူပါ” ချောင်အာ၏မိခင်က ခေါင်းကို နှိမ့်၍ ပြော၏။ သူ(မ)သည် ပိန်လှီနေသော်လည်း အားမာန်အပြည့်ဖြင့် ပြောဆိုခဲ့သည်။

 

“ဒီမှာပဲ အနားယူကြ။ ခင်ဗျားမှာရှိတဲ့ ပစ္စည်းတွေကို သူတို့ကို ခွဲပေးလိုက်။ တစ်မိသားစုလုံးကို ရေတစ်ဗူးနဲ့ ဘီစကစ်တစ်ထုပ်ပဲ ခွဲပေး” ယဲ့ကျိုးက တိုးတိုးလေး ပြောလိုက်သည်။

 

ချောင်အာ၏မိခင်သည် ယဲ့ကျိုး၏လက်ထဲမှ ကျောပိုးအိတ်ကိုယူလိုက်ပြီး “အခုချက်ချင်း လုပ်လိုက်ပါ့မယ်” 

 

ယဲ့ကျိုးတစ်ယောက် ခေါင်းညိတ်လိုက်ပြီး၊ သူ(မ) လျှောက်သွားသည်ကို ကြည့်နေခဲ့သည်။

 

လမ်းပြန်အလာတွင် ယဲ့ကျိုးတစ်ယောက် လူအုပ်နှင့် အလှမ်းဝေးရာမှ သွားရန် ပြင်ဆင်နေ၏။ 

 

ထိုသို့ ပြုမှသာလျှင် သူကိုယ်တိုင် ဖန်တီးထားခဲ့သော ပုံရိပ်ကို ထိန်းသိမ်းထားနိုင်ပေမည်။

 

“ရှင်တို့ ထိုင်နေကြဦး” ချောင်အာ၏မိခင်က လူအုပ်ရှိရာသို့ ပြန်ရောက်လာပြီးနောက် ခေါင်းလှည့်ကာ ချောင်အာကို ပြောလိုက်၏။ “မီးမွှေးဖို့ ထင်းခြောက်လေးတွေ သွားစုချည်၊ ဘေးက မြက်တွေ မီးမလောင်အောင် ကျောက်ခဲတွေနဲ့ အောက်ခံလုပ်ထားလိုက်” ချောင်အာကလည်း အသံတစ်သံဖြင့်ပင် သဘောတူလိုက်သည်။

 

သူ(မ)သည် မိခင်၏ စကားကို နားထောင်လေ့ရှိပြီး၊ ဖခင်ရှိစဉ်ကပင် မိသားစုအတွင်း ကိစ္စအကြီးအသေးများကို မိခင်၏ အမိန့်အတိုင်း လိုက်နာခဲ့ရသည်။ 

 

ယခု ဖခင် မရှိတော့သည့်နောက်တွင်မူ မိခင်၏ အမိန့်ကို ပို၍ပင် နားထောင်ရတော့၏။

 

ချောင်အာ၏မိခင်သည် ဒုက္ခသည်များကို ထိုင်စေခဲ့ပြီး၊ ကျောပိုးအိတ်ထဲမှ ရေသန့်ဘူးများကို ထုတ်ယူ၍ မိသားစုတိုင်းမှ အမျိုးသားများကို ပေးလိုက်သည်။ ၎င်းတို့ မည်သို့ ခွဲဝေမည်ကို ကြည့်လိုသောကြောင့်ပင်။

 

အမျိုးသားအချို့သည် ရေဘူးများကို ကိုင်ထားလျက်၊ အလယ်၌ အပြာရောင် "စက္ကူ" စက်ဝိုင်းတစ်ခုပါသည့် ကြည်လင်သော ရေသန့်ဘူးကို အံ့အားသင့်စွာ ကြည့်နေကြ၏။

 

ထိုအရာကား ၎င်းတို့ သုံးလေ့ရှိသည့် ကောက်ရိုးစက္ကူ မဟုတ်ပေ။ မြေရှင်များ အသုံးပြုသည့် ဆန်စက္ကူလည်း မဟုတ်ချေ။ လက်ဖြင့် ထိကြည့်လိုက်လျှင် ချောမွတ်နေသော်လည်း ဆီစိမ်ထားသော စက္ကူလည်း မဟုတ်ပေ။ 

 

ဤလောကတွင် ရှာမရနိုင်သည့် စက္ကူမျိုးပင်။

 

ချောင်အာ၏မိခင်သည် တောင့်တောင့်တင်းတင်း ဖြစ်နေသော ဝူယန်ထံမှ ရေဘူးကိုယူလိုက်ပြီး လူတိုင်းရှေ့တွင် အဖုံးကို လှည့်၍ ဖွင့်ပြလိုက်ကာ ပြန်ပေးလိုက်သည်။ “မြင်ပြီလား?၊ နတ်မင်းရဲ့ရေကို ဒီလိုဖွင့်ရတာ”

 

“ဒီပစ္စည်းက ဗိုက်ပြည့်စေတယ်၊ လူတစ်ယောက်ကို တစ်ချပ်ဆို လောက်ပြီ” ဟု ပြောပြီးနောက် သူ(မ)သည်  ဘီစကစ်ကို ဖောက်ပြလိုက်ပြန်သည်။

 

ဝူယန်သည် ချောင်အာ၏မိခင် ပေးလိုက်သည့် ဘီစကစ်တစ်ချုပ်ကို ယူလိုက်ပြီး ပါးစပ်ထဲသို့ ချက်ချင်းပင် ထိုးထည့်လိုက်၏။ ၎င်းက ခြောက်နေသည်ကိုပင် သူ မသိတော့ချေ။ ၎င်းကို ဝါးလိုက်ပြီး မျိုချလိုက်သောအခါ၌ အရသာကိုပင် မခံစားလိုက်ရပေ။ 

 

သို့သော် ပါးစပ်ထဲတွင် အစားအစာတစ်ခုခုရှိနေခြင်းသည် အလွန်ကောင်းမွန်လှသည်ဟု ခံစားရ၏။

 

ဝူယန်သည် မျက်လုံးများကို မှိတ်လိုက်၏။ အစားအစာများ ပါးစပ်ထဲသို့ ဝင်ရောက်လာသည့်အခါ၌ သူ၏မျက်လုံးများမှ မျက်ရည်များ ထွက်လာခဲ့သည်။ သို့သော် ထိုမျက်ရည်များကား အလွန်နည်းပါးလှသဖြင့် သူ မျက်လုံးများကို မှိတ်ထားသော်လည်း မျက်ရည်များ မကျခဲ့ပေ။

 

အမျိုးသမီးတစ်ဦးက ဘီစကစ်တစ်ချပ်ကို ကိုက်လိုက်ကာ ဂရုတစိုက် ဝါး၍ သူ(မ)၏ရင်ခွင်ထဲမှ ကလေးငယ်ကို ကျွေးလိုက်သည်။

 

ကလေးငယ်က အစားအစာအနည်းငယ်စားပြီးနောက် သက်တောင့်သက်သာရှိလာပြီး ဖြည်းဖြည်းချင်း အိပ်ပျော်သွားတော့သည်။

 

မီးပုံအနီးတွင် ဒုက္ခသည်များက တစ်ယောက်နှင့်တစ်ယောက် မှီ၍ထိုင်နေကြ၏။ မီးပုံ၏အလင်းက ညင်သာစွာ လှုပ်ခါနေပြီး၊ သက်ကြီးရွယ်အိုများနှင့် ကလေးငယ်များက အလျင်အမြန် အိပ်ပျော်သွားကြသည်။ အစားအစာအနည်းငယ်ကပင် သူတို့၏ ကိုယ်ခန္ဓာနှင့် စိတ်ဝိညာဉ်များကို သက်သာရာရစေခဲ့ပြီး၊ မောပန်းနွမ်းနယ်စွာဖြင့် အိပ်ပျော်စေခဲ့လေ၏။

 

အမျိုးသားငယ်များနှင့် အမျိုးသမီးငယ်များကမူ အိပ်မပျော်ကြချေ။

 

“ကျွန်တော် စောင့်ကြည့်နေပါ့မယ်” ဝူယန်က နောက်ဆုံး ဘီစကစ်တစ်ချပ်ကို စားလိုက်သည်။ သူက ဘီစကစ်နှစ်ချပ်သာ စားခဲ့ရသော်လည်း ဗိုက်ပြည့်သွားပြီဟု ခံစားရ၏။

 

အခြားအမျိုးသားတစ်ဦးက ချောင်းဆိုးလိုက်ပြီး ရေကို နှမြောစွာသောက်လိုက်ရင်း ပြောသည်။ “ခင်ဗျား ပင်ပန်းလာရင် ကျွန်တော် လာစောင့်ပေးပါ့မယ်”  

 

အမျိုးသားများက ညစောင့်အလှည့်များကို လျင်မြန်စွာ သတ်မှတ်ခဲ့ကြ၏။ 

 

သို့သော် ၎င်းတို့သည် အိပ်မပျော်ကြဘဲ မလှမ်းမကမ်းကို ကြည့်နေကြ၏။ 

 

မလှမ်းမကမ်းတွင် မီးပုံငယ်တစ်ခု ထွန်းညှိထားသည်ကို တွေ့ရသည်။ 

 

မီးပုံဘေးတွင် ထိုင်နေသောသူသည် “နတ်မင်း” ဖြစ်ကြောင်းကို မတွေးဘဲ မနေနိုင်ချေ။

 

ချောင်အာ၏မိခင်ကလည်း ဒုက္ခသည်များနှင့်အတူ ထိုင်နေခဲ့သည်။ သူ(မ)သည် မီးပုံကို မွှေနှောက်လိုက်ပြီး လူများက မလှမ်းမကမ်းရှိ မီးကို ကြည့်နေသည်ကို တွေ့သောအခါ တိုးတိုးလေး ပြောလိုက်သည်။ “မာစတာနတ်မင်းက အစွမ်းထက်တယ်၊ သူ အရာအားလုံးကို သိတယ်၊ ရှင်တို့ တွေးပြီး စိတ်ပူမနေကြနဲ့၊ ကျွန်မက ခင်ဗျားတို့ရဲ့ ကောင်းဖို့အတွက် ပြောနေတာ”

 

ချောင်အာကလည်း ဝင်ပြောလိုက်သည်။ “နတ်မင်းက ကျွန်မတို့ရဲ့ အတွေးတွေကို သိတယ်...”

 

နတ်မင်းက ဆာလောင်မှုကို ခံစားရသည့်အခါမှသာ စားရန် ပြောခဲ့သည့်အချိန်ကတည်းက သူ(မ)သည် နတ်မင်းက အရာအားလုံးကို သိသည်ဟု ယုံကြည်နေခဲ့သည်။ 

 

မိခင်က ဆက်ပြောခြင်းကို မတားဆီးသဖြင့် ချောင်အာက စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြော၏။ “မာစတာနတ်မင်းက ဘာမဆို ဖန်ဆင်းနိုင်တယ်... သူက ကျောက်တုံးကြီးကို နတ်စွမ်းအင်နဲ့ အိမ်တစ်လုံးဖြစ်အောင် လုပ်နိုင်တယ်၊ သူ့လက်နဲ့ထိလိုက်တာနဲ့ နတ်မီးခွက်တစ်ခု ဖြစ်လာစေနိုင်တယ်”

 

ဒုက္ခသည်များအားလုံးက ပညာမဲ့သူများဖြစ်ကြပြီး၊ ချောင်အာ၏ စကားများကို နားထောင်နေရင်း သူတို့၏မျက်လုံးများက ပို၍ ပို၍ပင် အရောင်တောက်လာခဲ့၏။

 

အမျိုးသမီးတစ်ဦးက တိုးတိုးလေး မေးလိုက်သည်။ “နတ်မင်းက ကျွန်မတို့ကို နတ်ပညာ လေ့ကျင့်ပေးဖို့ ခေါ်သွားမှာလားဟင်?”

 

ဘယ်သူကများ ထာဝရငယ်ရွယ်ပြီး၊ မအိုမသေဘဲ မနေချင်မှာလဲ?

 

ချောင်အာ၏မိခင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး၊ "ပေါက်ကရ” ဟု ဆိုကာ ကျိန်ဆဲလိုက်၏။ “ရှင်တို့က တန်တယ်လို့ ထင်လို့လား?...”  

 

ထိုအမျိုးသမီးက တုန်လှုပ်သွားပြီး၊ သူ(မ)၏အမျိုးသား၏ နောက်သို့ ဝင်ရောက်ပုန်းကွယ်သွားခဲ့သည်။ သူ(မ)၏အမျိုးသားကလည်း ချောင်အာ၏မိခင်နှင့် မျက်နှာချင်းဆိုင်ရန် မရဲတော့ပေ။ ထိုအမျိုးသားက မလှုပ်ရှားနိုင်သော်လည်း မီးပုံကိုသာ ငုံ့ကြည့်နေသည်။

 

ချောင်အာ၏မိခင်က လှောင်ပြုံးပြုံးပြီး “ကျွန်မတို့က ဘာတွေလဲ? ကိုယ့်ကိုကိုယ် အထင်ကြီးမနေနဲ့...”

 

“နတ်မင်းက ကျွန်မတို့ရဲ့ အသက်ကို ကယ်ခဲ့တယ်၊ အဲ့ဒါ နတ်မင်းရဲ့ သနားကြင်နာမှုပဲ။ နတ်ပညာ လေ့ကျင့်ဖို့လား? ဧကရာဇ်တောင် နတ်မင်းမဖြစ်သေးဘူး၊ ဒါဆို ကျွန်မတို့ အလှည့် ဘယ်လိုလုပ် ရောက်နိုင်မှာလဲ?”

 

“ရှင်တို့ထဲက တစ်ယောက်ယောက် နတ်မင်းကို ဒေါသထွက်စေမယ့် ကိစ္စမျိုးလုပ်ပြီး ကျွန်မကို ပါလာအောင် လုပ်ရင် ကျွန်မတို့ထဲက ဘယ်သူမှ ကောင်းကောင်းမွန်မွန် နေရတော့မှာ မဟုတ်ဘူး...”

 

ဒုက္ခသည်များက ချက်ချင်းပင် “မလုပ်ရဲပါဘူး၊ ဘယ်တော့မှ မလုပ်ရဲပါဘူး”

 

ချောင်အာ၏မိခင်က အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ထပ်မံ၍ မပြောတော့ပေ။

 

သူ(မ)သည် နတ်မင်းက သနားကြင်နာတတ်ပြီး လူများကို ကယ်တင်လိုကြောင်းကို သိရှိသော်လည်း၊ နတ်မင်းမှာ စိတ်ဆိုးဒေါသမထွက်တတ်သည့် နတ်မင်းမဟုတ်ကြောင်းကိုမူ အသေအချာပင် သိရှိထား၏။

 

ငယ်စဉ်ကပင် ပုံပြင်ပြောသူများ၏ ပါးစပ်မှ နတ်ဘုရားများအကြောင်းကို ကြားခဲ့ရသည်။ ၎င်းတို့၏ ချစ်ခြင်းမေတ္တာက အသက်ရှင်စေပြီး၊ ၎င်းတို့၏ မုန်းတီးမှုက သေဆုံးစေနိုင်သည်။ 

 

လက်တစ်ဖက် မြှောက်လိုက်ရုံဖြင့် လူတိုင်းကို ကယ်တင်နိုင်သကဲ့သို့၊ လက်တစ်ဖက်ကို နှိမ့်ချလိုက်ရုံဖြင့် လူတစ်သောင်းကို သတ်ပစ်နိုင်လေသည်။ 

 

နတ်မင်းဒေါသထွက်သည့်အခါ လှိုင်းလုံးကြီးများကို ဆွဲဆောင်နိုင်ပြီး၊ တောင်များ၊ မြစ်များနှင့် လယ်ယာမြေများကို ရေလွှမ်းစေမည်။ 

 

ရေကြီးရေလျှံမှုကလည်း မြစ်ကမ်းပါးကို ချိုးဖောက်ပြီး လူနေအဆောက်အအုံများကို ဖျက်ဆီးပစ်ပေလိမ့်မည်။

 

မာစတာနတ်မင်းသည် ထိုသို့သော နတ်မင်းဖြစ်ရမည်ဟု ချောင်အာ၏မိခင်က တွေးနေခဲ့သည်။ 

 

သူ(မ)သည် နတ်မင်းကို ကျေနပ်စေလိုပြီး၊ အပြစ်မပြုလိုပေ။

 

သူ(မ)သည် အခြားသူများက နတ်မင်းကို စော်ကားမည်ကိုလည်း ကြောက်ရွံ့ခဲ့သည်။ သူ(မ)ရှေ့ရှိ ဤလူများသည် သူ(မ)နှင့်တူသည့် လူများသာ ဖြစ်သည်။ အကယ်၍ ဤလူများက နတ်မင်းကို စော်ကားပါက သူ(မ)ကိုလည်း သေချာပေါက်ပါဝင်စေလိမ့်မည်။

 

မီးပုံဘေးတွင် ထိုင်နေသော ယဲ့ကျိုးခမျာ အစာစားနေ၏။ သူသည် ဘီစကစ်များကို တစ်ယောက်တည်း စားနေသည်။ 

 

ယခုအချိန်တွင် ဘီစကစ်များသည် အလွန်ကောင်းမွန်နေပြီး၊ အရသာအမျိုးမျိုးရှိသည့်အပြင် ယခင်ကကဲ့သို့ ခြောက်ခြင်းလည်း မရှိပေ။ 

 

အစက မက်မွန်သီးကိတ်အချို့ ယူလာခဲ့လျှင် ကောင်းမည်ဟု သူ တွေးမိသည်။ 

 

ယဲ့ကျိုးက ရေကို တစ်ငုံသောက်လိုက်သည်။

 

လူအများအပြားရှိနေသဖြင့် ဝန်ထမ်းအိပ်ဆောင်တွင် အိပ်ရန် နေရာမရှိပေ။ ၎င်းတို့သည် ဂိုဒေါင်တွင်သာ အိပ်ရမည်ဟု ခန့်မှန်းရသည်။ 

 

ကံကောင်းစွာဖြင့် ဂိုဒေါင်တွင် ယခုအခါ ပစ္စည်းများ မရှိသဖြင့် လူများစွာ အိပ်ရန် လုံလောက်သော နေရာရှိပြီး၊ နေရာအများအပြား ကျန်နေသေး၏။ 

 

ထို့ပြင် ဂိုဒေါင်တွင် လေအေးပေးစက်နှင့် ပြတင်းပေါက်များပါရှိသဖြင့် လေပိတ်ခြင်းရှိမည်မဟုတ်။

 

သစ်ပင်,ပင်စည်ကို မှီနေသော ယဲ့ကျိုးက ညကောင်းကင်ကို မော့ကြည့်လိုက်၏။ စက်မှုဆိုင်ရာ ညစ်ညမ်းမှုများ မရှိသောကြောင့် ကောင်းကင်ယံမှ ကြယ်များကို တိမ်များက မပိတ်ဆို့နိုင်ပေ။ သို့သော် ယဲ့ကျိုးကမူ လုံးဝလှပသည်ဟု မခံစားရချေ။

 

မူလက ဤအချိန်တွင် စူပါမားကတ်သည် အရောင်းအဝယ်အများအပြားနှင့် ပြည့်နှက်နေရမည်။ 

 

သူသည် ဧည့်သည်များအား ဝန်ဆောင်မှုပေးနေပြီး၊ မျက်နှာပေါ်တွင် အပြုံးတစ်ခုဖြင့် ဖောက်သည်များကို ဝန်ဆောင်မှုပေးကာ ပင်ပန်းနေသည့်ကြားမှပင် ငွေရှာနိုင်သည့်အတွက် ပျော်ရွှင်ပြီး ဂုဏ်ယူနေရပေမည်။

 

အလွန်ပင်ပန်းစွာ ဖွင့်လှစ်ခဲ့သော စူပါမားကတ်က ကြီးမားသော ချေးငွေကို ပေးဆပ်ခဲ့ရသော်လည်း၊ မဖွင့်လှစ်ရသေးမီပင် ဤနေရာသို့ ရောက်လာခဲ့ခြင်းဖြစ်သည်။ 

 

ဒီကိုရောက်သည့်အခါ၌လည်း သူသည် လှည့်ကွက်များကို ပြုလုပ်ရန် ကြိုးစားနေရပြီး၊ ကိုင်တွယ်ဖြေရှင်းရန် ပြဿနာများစွာ ရှိနေသေးသည်။

 

သူ၏မိဘများ ယခုအချိန်တွင် ဘာလုပ်နေကြမည်ကို မသိနိုင်ပေ။ သူ၏ကမ္ဘာတွင် အချိန်စီးဆင်းမှုသည် ဤနေရာမှ အချိန်စီးဆင်းမှုနှင့် မတူညီပေ။

 

သူ မည်သည့်အချိန်တွင် အိပ်ပျော်သွားသည်ကို မသိခဲ့။

 

သို့သော် သူ အိပ်မပျော်ခဲ့သလို ဖြစ်နေပြီး၊ အနည်းငယ်လှုပ်ရှားမှုပင် သူ့ကို နိုးသွားစေနိုင်သည်။

 

နေထွက်လာသောအခါ သူ ချက်ချင်းပင် နိုးလာ၏။

 

သူ ဒီကိုလာစဉ်က သူနှင့် ချောင်အာတို့သားအမိတို့သည် ငါးရက်ကြာ လမ်းလျှောက်ခဲ့ရသော်လည်း၊ ပြန်သွားရန်အတွက်မူ သုံးရက်သာ ကြာခဲ့၏။ 

 

အကြောင်းမှာ ယခင်က ဓာတ်မီးကို အသုံးပြုခဲ့ခြင်းမရှိသော်လည်း၊ လမ်းပြန်အလာတွင် ဓာတ်မီးကို အသုံးပြုခဲ့သောကြောင့် ဖြစ်နိုင်သည်။

 

သူ အပြင်သို့သွားခဲ့စဉ်က အပြင်ဘက်တွင် လူတစ်ဦးတစ်ယောက်မျှ ရှိ၊ မရှိကို အသေအချာ မသိနိုင်ခဲ့သော်လည်း၊ ပြန်အလာလမ်းတွင်မူ တောအုပ်၏ နက်ရှိုင်းသောနေရာ၌ မည်သူမျှ မရှိသည်ကို အသေအချာပင် သိနိုင်ခဲ့သည်။

 

၎င်းတို့သည် လမ်းပေါ်တွင် ရှိနေကြသော်လည်း၊ “ဝန်ထမ်းများ” ၏ အခြေအနေသည် တောအုပ်အပြင်ဘက်တွင် ထိုင်နေခဲ့စဉ်ကထက် များစွာ ပိုကောင်းနေ၏။

 

၎င်းတို့ စူပါမားကတ်သို့ ရောက်ရှိခဲ့သောအခါ၌လည်း ယဲ့ကျိုးသည် ပထမဆုံးအကြိမ်အဖြစ် ၎င်းတို့ရှေ့တွင် အနီးကပ် ပေါ်လာခဲ့သည်။ 

 

ယခင်က လမ်းပေါ်တွင် သူက ဒုက္ခသည်များနှင့် အလှမ်းဝေးစွာနေပြီး တစ်ယောက်တည်း ရှေ့မှ လျှောက်သွားခဲ့၏။

 

ယဲ့ကျိုးတစ်ယောက် စူပါမားကတ်ဝင်ပေါက်သို့ လျှောက်သွားသောအခါ၌ သက်ပြင်းချလိုက်၏။ သူက လှည့်လိုက်သည့်အခါတွင် သူ့ရှေ့မှ မြင်ကွင်းကြောင့် လန့်သွားခဲ့၏။ 

 

— မည်သို့ဆိုစေ ဤသည်ကား သူ ပထမဆုံးအကြိမ် လန့်ဖျပ်သွားခြင်း မဟုတ်ပေ။

 

လူတိုင်းက သူ့ရှေ့တွင် ဒူးထောက်နေကြ၏။

 

အဝတ်အစား စုတ်ပြတ်သတ်နေသော ဤအုပ်စု၏ နဖူးများသည် မြေပြင်ပေါ်တွင် ထိနေပြီး၊ ၎င်းတို့၏ ကိုယ်ခန္ဓာများက နတ်ဘုရား သို့မဟုတ် ဗုဒ္ဓဘုရားကို ဒူးထောက်သည့်နှယ် မြေပြင်ပေါ်သို့ ပြိုလဲနေခဲ့၏။ သူတို့၏ပခုံးရိုးများသည် စုတ်ပြတ်နေသော အဝတ်အစားများမှတစ်ဆင့် ပွင့်ထွက်တော့မည်အလား ရှိနေပြီး၊ စိုးရိမ်ပူပန်စေသည်။

 

သူက ဤနေရာသို့ ကိုယ့်ဆန္ဒအလျှောက် ရောက်လာခဲ့ခြင်း မဟုတ်သကဲ့သို့၊ လူများကို ကယ်တင်ရန် အစပျိုးခဲ့ခြင်းလည်း မဟုတ်ပေ။ 

 

ဒါပေမဲ့ သူကတော့... ကောင်းတဲ့အရာတစ်ခုခုတော့ လုပ်ခဲ့မှာပဲ၊ ဟုတ်တယ်မလား?