ဒုက္ခသည်များ၏ အဝတ်အစားများကို ချောင်အာမိခင်က တာဝန်ယူလျှော်ဖွပ်၍ ပိုးသတ်ပေး၏။ ယဲ့ကျိုးက ၎င်းတို့အားလုံးကို စကန်ဖတ်လိုက်ရာ စုစုပေါင်း ၁၃၀ ယွမ် ရရှိခဲ့သည်။
ဒုက္ခသည်များက အလွန် ဆင်းရဲကြပြီး၊ အသားတစ်ဖဲ့မျှပင် ရှာဖွေနိုင်ခြင်း မရှိကြပေ။ ဤငွေပမာဏကို မမျှော်လင့်ဘဲ ရရှိခဲ့သည်ဟု မပြောနိုင်သော်လည်း၊ ဘာမှမရတာထက်စာရင် ပိုကောင်းသည်။
အဝတ်အစားများ စကန်ဖတ်ပြီးနောက်၊ ဤပိတ်စများကား နာရီဝက်အတွင်း လေထဲတွင် ရုတ်တရက် ပျောက်ကွယ်သွား၏။
သို့သော် ယဲ့ကျိုး မအံ့ဩနိုင်မီပင် ကွန်ပျူတာမှ အသိပေးသံ ထွက်ပေါ်လာသည်။
ဤတစ်ကြိမ်၌ ကွန်ပျူတာ မျက်နှာပြင်တွင် ယခင်က အကြောင်းအရာများ မပေါ်တော့ဘဲ၊ အပိုင်းအသစ်တစ်ခု ပေါ်လာ၏။
ကုန်သွယ်မှု အပိုင်း။
ထိုအပိုင်းကို ကုန်ပစ္စည်းများ၊ ဝယ်ယူမှုနှင့် ရောင်းချမှုဟူ၍ အပိုင်းသုံးပိုင်း ထပ်မံခွဲခြားထား၏။
ရောင်းချမှုအပိုင်းတွင် ပုံတစ်ပုံနှင့် စာလုံးတစ်လုံးသာ ပါရှိပြီး၊ ပုံက စုတ်ပြဲနေသော အဝတ်အစားများဖြစ်ကာ၊ ၎င်း၏ ဘေး၌မူ ၁၃၀ ယွမ်ဟု ရေးသားထား၏။
ဤသည်ကား သူ အသုံးပြုနိုင်သည့် စုစုပေါင်းပိုင်ဆိုင်မှုများကို ကိုယ်စားပြု၏။
ဝယ်ယူမှုအပိုင်းမှာ လောလောဆယ်၌ ဗလာဖြစ်နေ၏။
ကုန်ပစ္စည်းများ အပိုင်းတွင် အရာဝတ္ထုများစွာ ပါရှိ၏။ ၎င်းတို့ကို အသေးစိတ် ခွဲခြားထားခြင်း မရှိဘဲ၊ လက်ဖြင့်လည်း ရှာဖွေ၍ မရပေ။ သို့သော် သူ မည်မျှပင် အောက်သို့ဆွဲချနေစေကာမူ အဆုံးသို့ မရောက်နိုင်ခဲ့ပေ။
အပေါ်ဘက်တွင် မျိုးစေ့များ၊ မြေဩဇာများ၊ တံစဉ်များနှင့် ပေါက်ပြားများကဲ့သို့ စိုက်ပျိုးရေးသုံးပစ္စည်းများနှင့် ကိရိယာများ ပါရှိ၏။ အောက်သို့ ဆွဲချလိုက်သောအခါ ဆန်နှင့် ဝက်သားကဲ့သို့ စိုက်ပျိုးရေးထွက်ကုန်များ ပါရှိပြီး၊ နောက်ပိုင်း၌မူ နေ့စဉ်သုံးပစ္စည်းများနှင့် သရေစာများ ပါရှိလာ၏။
ယဲ့ကျိုးသည် ခဏမျှ ဆွဲချကြည့်လိုက်ရာ သေနတ်များ ပါရှိလာသည်ကို တွေ့လိုက်ရ၏။
သို့သော် ဈေးနှုန်းများက... အလွန်ပင် မြင့်မား၏။ သေနတ်ငယ်လေးတစ်လက်ကို ယွမ် ၅၀၀,၀၀၀ ဖြင့် ရောင်းချနေသည်။
သူသည် ကိုယ်ပိုင်အကာအကွယ် လက်နက်တစ်ခုကို အမှန်တကယ် ဝယ်ယူလိုသော်လည်း၊ သူ၏ အကောင့်ထဲတွင် ၁၃၀ ယွမ်သာ ရှိနေသဖြင့် လက်နက်ကို မပြောနှင့်၊ အပိုပစ္စည်းများကိုပင် ဝယ်ယူနိုင်ခြင်း မရှိပေ။
ယဲ့ကျိုးသည် တစ်မွန်းလွဲလုံး ရွေးချယ်စရာများထဲတွင် ရှာဖွေခဲ့၏။ သူ၏ ၁၃၀ ယွမ် ဝယ်ယူနိုင်စွမ်းကား အကန့်အသတ်ရှိပြီး၊ ဤနေရာ၌ မြေရှင်း၍ စိုက်ပျိုးရန် အစီအစဉ်လည်း မရှိပေ။ သူသည် ဤနေရာသို့ စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် ရောက်ရှိလာခြင်း ဖြစ်၏။ အကယ်၍ သူ ဤနေရာမှ အမှန်တကယ် ထွက်ခွာ၍မရဘဲ အခြေချရမည်ဆိုပါမှ မြေကို စိုက်ပျိုးပေလိမ့်မည်။
သို့သော် စိုက်ပျိုးရန် ရောက်လာသည့် လယ်သမားများ ရှိခဲ့ပါက သူသည် ထွက်ကုန်များကို ပြန်လည်ရောင်းချနိုင်ပေလိမ့်မည်။
သို့သော် ဤနေရာ၌ လယ်လုပ်ရန် ဆန္ဒရှိသည့် လယ်သမားများ ရှိ၊ မရှိ မသေချာပေ... ရှိလိမ့်မည်ဟုလည်း မထင်ရပေ။
ရှေးခေတ်ကာလများတွင် လယ်ယာစိုက်ပျိုးခြင်းသည် အမှန်တကယ်တွင် အကျိုးရှိသည့် အရာ မဟုတ်ပေ။
ပထမဦးစွာ ပိုးသတ်ဆေးများ မရှိသဖြင့် ပိုးမွှားများစွာ ရှိနေ၏။
ဒုတိယအချက်မှာ မြေဆီလွှာ ရှားပါးခြင်းကြောင့် မြေကြီးမှာ ပို၍ ပို၍ ဩဇာမရှိတော့ပေ။ အိမ်ထောင်စုများမှ သဘာဝမြေဩဇာများ ရှိခဲ့လျှင်ပင် ကျေးရွာလူဦးရေ နည်းပါးပြီး၊ ဆင်းရဲပါက ဝက် သို့မဟုတ် နွားကဲ့သို့ တိရစ္ဆာန်များကို မွေးမြူနိုင်ခြင်း မရှိကြချေ။ ထို့သို့သော အခြေအနေမျိုး၌ တစ်နှစ်တာအတွက် စပါးရိတ်သိမ်းပြီးနောက် ထိုမြေကို အသုံးမပြုဘဲ အခြားမြေတစ်ကွက်သို့ ရွှေ့ပြောင်း၍ သဘာဝအတိုင်း ပြန်လည်ကောင်းမွန်စေရန် ပြုလုပ်ကြရပေသည်။
တတိယအချက်မှာ ပထဝီဝင်အနေအထားက အရေးကြီး၏။ လယ်သမားများက ၎င်းတို့၏နောက်တွင် တောင်များရှိပြီး၊ အနီးအနားတွင် ရေအရင်းအမြစ်များရှိသော လယ်ယာမြေကို ပို၍ နှစ်သက်ကြ၏။ အဘယ်ကြောင့်ဆိုသော် ရေသည် အသက်၏ အရင်းအမြစ် ဖြစ်သောကြောင့်ပင်။
ကောင်းမွန်သော မြေတစ်ကွက်ရှိသော်လည်း အနီးအနားတွင် ရေအရင်းအမြစ် မရှိပါက လယ်သမားများ ရွေးချယ်ကြမည်မဟုတ်ပေ။ ၎င်းတို့သည် ပိုမိုဝေးကွာသော၊ ပိုမိုဆိုးရွားသော မြေနေရာသို့ သွားကြသော်လည်း ရေရရှိမှုကို ပို၍ နှစ်သက်ကြ၏။
ထို့အပြင် မျိုးစေ့များ၏ အရည်အသွေးက ပျမ်းမျှသာဖြစ်ပြီး၊ မြေယာ၏ ထွက်နှုန်းလည်း မလုံလောက်ပေ။ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရသောအခါ၌ ၎င်းတို့တွင် တားဆီးနိုင်သည့် စွမ်းရည်မရှိပေ။
စိုက်ပျိုးခြင်းတစ်ခုတည်းဖြင့် စည်းစိမ်ဥစ္စာကို စုဆောင်းနိုင်ခြင်း မရှိပေ။
ထို့ပြင် ချောင်အာ၏မိခင်နှင့် သမီးတို့၏ အဆိုအရ မြေယာတွင် ထွက်နှုန်းမြင့်မားစေကာမူ လယ်သမားများကိုယ်တိုင်မှာ ဆင်းရဲနေကြသေး၏။ အဘယ်ကြောင့်ဆိုသော် နန်းတော်အခွန်များက မသေချာသောကြောင့်ပင်။ နှစ်စဉ် အခွန်ကောက်ခံမှု မတိုင်မီတွင် ဒေသခံ စိုက်ပျိုးရေးအရာရှိများက မြေယာတစ်မူ*၏ ခန့်မှန်းခြေ ထွက်နှုန်းကို တွက်ချက်ပြီး၊ အခွန်များကို ပြန်လည်ချိန်ညှိကြ၏။
{T/N: ‘မူ’ ဆိုတာ တရုတ်နိုင်ငံမှာ အသုံးပြုတဲ့ မြေဧရိယာရဲ့ တိုင်းတာမှု တစ်ခုဖြစ်ပါတယ်။ ‘ခြံ’ (mu) တစ်ခြံကို အကြမ်းအားဖြင့် ၆၆၇ စတုရန်းမီတာ (၀.၁၆၅ ဧက) လောက်ရှိပါတယ်။}
ငှားရမ်းထားသော လယ်သမားများက နန်းတော်သို့ တိုက်ရိုက်အခွန်မပေးရသော်လည်း ၎င်းတို့သည် လူဦးရေအခွန်*ကို ပေးဆောင်ရသေးသည်။
{T/N: ‘လူတစ်ဦးချင်းစီရဲ့ အရေအတွက်ကို မူတည်ပြီး ကောက်ခံတဲ့အခွန်’ ကို ဆိုလိုပါတယ်။}
လူတစ်ဦးချင်းစီ၏ အခွန်ကို ပေးဆောင်ပြီးနောက် ၎င်းတို့သည် ကျန်ငှားရမ်းမှုများကို မြေရှင်များအား ပေးရသည်။ မြေရှင်များတွင် အခွန်ရှောင်ရန် နည်းလမ်းမျိုးစုံ ရှိပြီး၊ မြေပိုင်ဆိုင်မှုကို ဖုံးကွယ်ထားခြင်းက ၎င်းတို့ထဲမှ တစ်ခု ဖြစ်၏။
ထို့ကြောင့် မြေရှင်များက ၆၀% သို့မဟုတ် ၈၀% အထိ အခွန်များ ကောက်ခံစေကာမူ ငှားရမ်းထားသော လယ်သမားများက အသက်ရှင်နိုင်ပြီး၊ စားစရာရှိနေသရွေ့ ၎င်းတို့သည် “ပုန်ကန်” လိမ့်မည် မဟုတ်ပေ။
ရှေးခေတ်က လူတိုင်းက ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ရောင်းချခြင်း သို့မဟုတ် ကြီးမားသော စွန့်လွှတ်မှုများ ပြုလုပ်ရစေကာမူ ၎င်းတို့၏ ကလေးများအတွက် ပညာရေးကို ပေးလိုကြ၏။ အဘယ်ကြောင့်ဆိုသော် ပညာရေးသည် ၎င်းတို့ မိသားစု၏ လူမှုရေးအဆင့်အတန်းကို ပြောင်းလဲရန်နှင့် ပိုမိုကောင်းမွန်သော ဘဝကို ရရှိရန် တစ်ခုတည်းသော လမ်းကြောင်းအဖြစ် မြင်ခဲ့ကြသောကြောင့်ပင်။
မြေရှင်များအားလုံးတွင်လည်း သာယာဝပြောသော ဘဝများ ရှိနေသည် မဟုတ်ပေ။ မြေပို၍ ပိုင်ဆိုင်သူများ သို့မဟုတ် ဒေသခံများကြားတွင် ဆွေမျိုးများစွာ ရှိပြီး၊ ၎င်းတို့၏ မြေပိုင်ဆိုင်မှုကို ဖုံးကွယ်ရန် နည်းလမ်းများ ရှာနိုင်သူများက ပိုမိုကောင်းမွန်သော ဘဝများ ရှိကြ၏။
သို့သော် တစ်စုံတစ်ဦးတွင် မြေယာနည်းပါးပြီး၊ ၎င်းတို့၏ မြေပိုင်ဆိုင်မှုကို ဖုံးကွယ်နိုင်ခြင်း မရှိပါက ၎င်းတို့သည် ကိုယ်တိုင် ကြိုးစား၍ လယ်စိုက်ပျိုးရပေလိမ့်မည်။
မြေယာသည် လယ်သမားများအတွက် အခြေခံအုတ်မြစ် ဖြစ်သော်လည်း ၎င်းတို့အား နောက်သို့ဆွဲထား၏။
ပဒေသရာဇ်မင်းဆက် အုပ်ချုပ်နေသရွေ့ မြေယာ ထွက်နှုန်းမည်မျှပင် မြင့်မားစေကာမူ လယ်သမားများက အကျိုးကျေးဇူး များစွာ ရရှိနိုင်လိမ့်မည် မဟုတ်ပေ။
အင်း... ဤစိုက်ပျိုးရေးသုံးပစ္စည်းများကို ရောင်းချရမည်က ခက်ခဲလိမ့်မည်ဟု ထင်ရသည်။ စူပါမားကတ်က မျိုးစေ့များ ရောင်းချသော်လည်း စားသုံးနိုင်သော အပင်များကား အလွန်နည်းပါး၏။ အများစုမှာ အလှဆင်အပင်များ ဖြစ်ကြသည်။ မြေဩဇာများကလည်း အလှဆင်ရန်အတွက်သာ အများဆုံး ဖြစ်ကြ၏။ အရုပ်များနှင့် ဆင်တူသော စိုက်ပျိုးရေးထွက်ကုန်များလည်း ရှိသေးသည်။ ဥပမာ- ရေအနည်းငယ်လောင်းရုံဖြင့် ပေါက်နိုင်သော သေတ္တာပုံစံ မှိုများဖြစ်သည်။
ယဲ့ကျိုးက သူ၏ နဖူးကို ပုတ်လိုက်၏။
အကယ်၍ သူ မြေကို မစိုက်ပျိုးနိုင်ခဲ့သော်လည်း လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို စားသုံးနိုင်ပေသည်။
သူက မှိုများကိုသာ ယာယီစဉ်းစားနိုင်သေးသော်လည်း သေတ္တာတစ်လုံးနှင့် စတင်ခြင်းဖြင့် ဆက်လက် စိုက်ပျိုးနိုင်မည်ဟု သဘောပေါက်သွား၏။
အင်း... အကယ်၍ သူ အနာဂတ်တွင် ငွေပို၍ ရရှိခဲ့ပါက အလားတူ ထွက်ကုန်များကို ဝယ်ယူရန် စဉ်းစားနိုင်သည်။ အကယ်၍ ၎င်းတို့ကို မရောင်းချနိုင်ခဲ့စေကာမူ အနည်းဆုံး သူ ကိုယ်တိုင် စားနိုင်ပေလိမ့်မည်။
ထို့အပြင် သူက လူများစွာကိုလည်း ထောက်ပံ့ရပေအုံးမည်။ ၎င်းတို့သည် စူပါမားကတ်ကို ထာဝရ အားကိုး၍ မရနိုင်ဘဲ၊ ၎င်းတို့၏ ရိက္ခာများ ကုန်ဆုံးမည့် နေ့တစ်နေ့ ရောက်လာလိမ့်မည်။
ယဲ့ကျိုး ကုန်ပစ္စည်းများကို ကြည့်ရှုနေစဉ်၌ ဒုက္ခသည်များက ၎င်းတို့၏ ညစာကို စတင်စားနေကြလေပြီ။
၎င်းတို့တွင် စားပွဲများ မရှိသဖြင့် ကြမ်းပြင်ပေါ်တွင် ထိုင်၍ စားသောက်ကြ၏။
ဝူယန်နှင့် သူ၏ဇနီးသည် ၎င်းတို့၏ အစားအစာများကို မျှော်လင့်တကြီး စောင့်မျှော်နေကြ၏။ ၎င်းတို့၏ မျက်လုံးများက အစားအစာများပေါ်တွင် စိုက်ကြည့်နေကြပြီး၊ စားသောက်ရန် အတွေးကသာ ၎င်းတို့၏ စိတ်ကို နေရာယူထားသည်။
အခြားသူများမှာလည်း အလားတူပင်။ ၎င်းတို့သည် အစားအစာအတွက် တိုက်ခိုက်ရန် အပြေးအလွှား မသွားရဲကြသော်လည်း၊ ၎င်းတို့အားလုံးသည် လည်ပင်းများကို ဆန့်တန်း၍ စိတ်အားထက်သန်စွာ စောင့်ဆိုင်းနေကြသည်။
“ဒီညတော့ ဆန်ပြုတ် သောက်ရမယ်” ချောင်အာ၏မိခင်က အစားအစာဗန်းများကို ချပေးလိုက်သည်။ “နတ်မင်းက ရှင်တို့ အသားနဲ့ ငါးတွေ စားသင့်တယ်လို့ ပြောခဲ့တယ်လေ၊ ဒါပေမဲ့ ငါတို့မှာ သိပ်မရှိဘူး။ အဲ့တော့ ရှင်တို့အားလုံး မျှစားမှရမယ်”
မိသားစုတိုင်းက ဝက်အူချောင်း ပန်းကန်ပြားငယ်လေးတစ်ခုစီ ရရှိကြသည်။ စက္ကူကဲ့သို့ ပါးပါးလှီးထားပြီး၊ ချောင်အာ၏မိခင် လက်ရာဖြစ်ကြောင်း ရှင်းလင်းစွာ မြင်နိုင်၏။
နီရင့်ရောင် အသားများက ဖောက်ထွင်းမြင်နိုင်သော အဆီအသားများနှင့် ထုပ်ပိုးထား၏။ အဆီအသားထက် အသားများက ပိုများသော်လည်း အသားနှင့်ပတ်သက်သောအခါ၌ မည်သူမျှ အပြစ်ရှာလိမ့်မည်မဟုတ်ပေ။
ပေါင်းထားသော ဝက်အူချောင်းများက ဆီ၏ မွှေးကြိုင်သော အနံ့ကို ထုတ်လွှတ်၏။ ဒုက္ခသည်များက ဝက်အူချောင်းပန်းကန်ပြားငယ်လေးကို ရှားပါးသော ရတနာတစ်ခုပမာ စိုက်ကြည့်နေကြ၏။
ဝူယန်သည် တံတွေးကို မျိုချလိုက်ပြီး သူ၏ ဇနီးအား ကျွေးရန် တစ်ခုကို ယူလိုက်၏။ သူ(မ)က ပါးစပ်ကို ဖွင့်တော့မလို ဖြစ်ခဲ့သော်လည်း ရုတ်တရက် ပြန်ပိတ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။ “ရှင် စားလိုက်၊ ကျွန်မ ဆန်ပြုတ်ပဲ သောက်လိုက်မယ်”
သူ(မ) စကားမဆုံးမီ ဝူယန်က ဝက်အူချောင်းတစ်ဖဲ့ကို သူ(မ)၏ ပါးစပ်ထဲသို့ ထည့်ပေးလိုက်၏။
(ဝူယန်လို ယောင်္ကျားမျိုး လိုချင်လိုက်တာ 😭)
ဝက်အူချောင်း ပါးစပ်ထဲသို့ ဝင်ရောက်သွားသော ထိုအချိန်၌ ဝူယန်၏ဇနီးသည် အရာအားလုံးကို မေ့လျော့သွားခဲ့သည်။ အသားအရသာ၊ ဆီ၏မွှေးရနံ့က သူ(မ)ကို လွှမ်းမိုးသွားပြီး သူ(မ)သည် ဝမ်းသာမှုကြောင့် မျက်ရည်များ ကျလာခဲ့၏။
“မငိုပါနဲ့၊ ဘာလို့ ငိုနေတာလဲ?” ဝူယန်က သူ(မ)၏ မျက်ရည်များကို သုတ်ပေးရင်း အနည်းငယ် စိုးရိမ်ပူပန်သွားပြီး သူ၏ အသံမှာ ခပ်ရှရှဖြစ်နေ၏။ သူက မေးလိုက်သည်။ “အရသာ ရှိလား?”
ဝူယန်၏ဇနီးက မျက်ရည်များ ဆက်လက် စီးကျနေရင်း ခေါင်းညိတ်လိုက်၏။
သူ(မ) တစ်သက်လုံး ဤမျှ အရသာရှိသည့် အရာကို တစ်ခါမျှ မစားခဲ့ဖူးပေ။
၎င်းတို့၏ ခရီးတစ်လျှောက်လုံးတွင် အသားကို မဆိုထားနှင့်၊ သစ်ခေါက်များကိုပင် ဝအောင် မစားခဲ့ရပေ။
ဤလောကတွင် သကြားနှင့် ဆီသည် လူများကို ပျော်ရွှင်စေနိုင်သည့် အရာနှစ်ခု ဖြစ်၏။ ဒုက္ခသည်များက ဝက်အူချောင်းကို ဝါးရန် အလွန်ပင် ဝန်လေးနေကြသဖြင့် ၎င်းတို့သည် ဆန်ပြုတ်စားနေစဉ်၌ ပါးစပ်ထဲတွင့် ဝက်အူချောင်းကို ငုံထားကြ၏။ ဆန်ပြုတ်ကုန်သောအခါမှသာ ဝက်အူချောင်းကို ဝါး၍ မျိုချကြ၏။
ဝက်အူချောင်းနှင့် ဆန်ပြုတ်အပြင်၊ ၎င်းတို့ တစ်ဦးစီကလည်း ကန်စွန်းဥဖုတ်တစ်လုံးစီ ရရှိကြ၏။
ကန်စွန်းဥတိုင်းသည် အရွယ်ရောက်ပြီးသူ အမျိုးသားတစ်ဦး၏ လက်သီးထက် ကြီးမားကြ၏။ ၎င်းတို့က အပြင်ဘက်အသားအရေကို ခွာလိုက်သောအခါ၌ နီညိုရောင်အသားများ ပေါ်လာတော့သည်။
၎င်းတို့ အခွံကို ခွာလိုက်သည်နှင့် အငွေ့များ ထွက်လာပြီး၊ ချိုမြိန်သော အနံ့တစ်ခုက ၎င်းတို့၏ နှာခေါင်းထဲသို့ ရောက်ရှိလာ၏။
ချိုလိုက်တာ…
တစ်စုံတစ်ဦးက မစောင့်နိုင်တော့ဘဲ အပူကို ဂရုမစိုက်သည့်အလား တစ်ကိုက်,ကိုက်လိုက်၏။ ၎င်းကို ပါးစပ်ထဲတွင် ထည့်ထားပြီး ကျေနပ်စွာ သက်ပြင်းချလိုက်သည်။ အနည်းငယ် အေးသွားသောအခါမှသာ နှစ်ကိုက်ထပ်၍ ကိုက်ကာ မျိုချလိုက်သည်။
“ချိုလိုက်တာ...” ကန်စွန်းဥကို ပထမဆုံး စားဖူးသူက စိတ်လှုပ်ရှားစွာဖြင့် အော်မြူးလိုက်သည်။ “သကြားထက်တောင် ပိုချိုသေးတယ်”
မည်သူမျှ တစ်စုံတစ်ရာ မပြောကြပေ။ ၎င်းတို့အားလုံးသည် ခေါင်းများကို ငုံ့၍ ကန်စွန်းဥများကို စိတ်အားထက်သန်စွာ စားသောက်ကြသည်။
ချောင်အာ၏မိခင်တွင် ဂုဏ်ယူစိတ်တစ်ခု ရှိနေခဲ့၏။ “ကြိုးစားသရွေ့တော့၊ ဘာလို့ ကောင်းတဲ့အရာတွေ မရနိုင်ဘဲ ရှိမှာတုန်း? ငါတို့ အစာကောင်းကောင်းစားရဖို့အတွက် လယ်ထဲမှာ အလုပ်လုပ်နေကြတာ မဟုတ်ဘူးလား?”
သူ(မ)နှင့် ချောင်အာသည် ၎င်းတို့၏ အစာခြေစနစ်များကို ပြန်လည်ကောင်းမွန်လာခဲ့ပြီဖြစ်ပြီး၊ ဆန်ပြုတ်ကို မစားတော့ဘဲ ဆန်ဖြူကို စားနေကြလေပြီ။
အမဲသားပေါင်းနှင့် သခွားသီးသုပ်အေးတို့ကို ပူးတွဲပါရှိခြင်းကြောင့် ၎င်းတို့၏ စားသောက်ဖွယ်ရာမှာ အလွန်ပင် မွှေးကြိုင်လှသည်။
ဒုက္ခသည်များသည် ၎င်းတို့၏ ပန်းကန်များကို မနာလိုဖြစ်ခဲ့သော်လည်း နတ်မင်းက ၎င်းတို့ကို မောင်းထုတ်ပစ်မည်ကို ကြောက်ရွံ့ကြသဖြင့် မယှဉ်ပြိုင်ရဲကြပေ။ အဘယ်ကြောင့်ဆိုသော် အပြင်သို့ရောက်လျှင် — သေရမည်မှာ သေချာသောကြောင့်ပင်။
ထို့အပြင် ချောင်အာ၏မိခင်က ၎င်းတို့၏ ဝမ်းများ ကောင်းမွန်လာသောအခါ၌ ၎င်းတို့လည်း ထိုကဲ့သို့သော အစားအစာများကို စားနိုင်မည်ဟု ပြောခဲ့၏။
ချောင်အာသည် ခေါင်းပင်မဖော်နိုင်ဘဲ စားသောက်နေခဲ့သည်။ ဤအချိန်၌ သူ(မ)သည် သူ(မ)၏နာမည်နှင့် မည်သူမည်ဝါဖြစ်ကြောင်းကိုပင် မေ့လျော့နေပြီး၊ အသားအရသာနှင့် စားသောက်ခြင်းကိုသာ မှတ်မိနေတော့သည်။
၎င်းတို့သည် အမဲသားပေါင်းမှ အနှစ်ကို သူတို့၏ ထမင်းပေါ်သို့ လောင်းချ၍ သေချာစွာ နယ်ဖတ်ကာ အရာအားလုံးကို အလဟဿမဖြစ်စေဘဲ အရသာခံ၍ စားကြ၏။
နတ်မင်းက ၎င်းတို့ကို ရက်အနည်းငယ် နားခိုင်းခဲ့ပြီး၊ ၎င်းတို့၏ ခွန်အားကို ပြန်လည်ရရှိပြီးနောက်မှသာ အလုပ်စတင်နိုင်မည်ဟု အမိန့်ပေးခဲ့၏။
ဒုက္ခသည်များက သက်ပြင်းချလိုက်ကြသည်။
အလုပ်ရှိခြင်းကား ကောင်းသောအရာ ဖြစ်၏။
ဝန်ထမ်းအသစ်များက အနားယူရန် အချိန်ယူနေစဉ်၌ ယဲ့ကျိုးတစ်ယောက် ဖောက်သည်များကို မည်သို့ ဆွဲဆောင်ရမည်ကို တွေးတောနေ၏။ သူတို့ကို စူပါမားကတ်တွင် အမြဲတမ်း နေထိုင်ခြင်းမှ တားဆီးရန် တွေးတောနေသည်။
ဤနေရာတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ခြင်းက အံ့ဩဖွယ်ကောင်းအောင် စိန်ခေါ်မှုကြီးမားလှပေသည်။
သူ မည်သည့်အရာကိုပင် ပြုလုပ်စေကာမူ ခြိမ်းခြောက်မှု အမျိုးမျိုး ရှိနေသည်ဟု ထင်ရ၏။
လမ်းဘေးက လူတွေကို တိုက်ရိုက်ချဉ်းကပ်သင့်လား?
ထိုအတွေးက သူ့စိတ်ထဲ ရောက်ရှိလာသည်နှင့် ယဲ့ကျိုးက ချက်ချင်းပင် ပယ်ချလိုက်သည်။
လမ်းဘေးမှာ ဆိုင်ခန်းတစ်ခု ဖွင့်သင့်လား?
လောလောဆယ်တွင် သူ့အပါအဝင် အမျိုးသား ကိုးဦးသာ ရှိ၏။ သူသည် အားအင်ပြည့်ဝသည်ဟု ယူဆနိုင်စေကာမူ ၎င်းတို့က ကုန်ပစ္စည်းများကို ကာကွယ်နိုင်ခြင်း လုံးဝ မရှိပေ။
သူ မည်သို့ပင် တွေးတောစေကာမူ ဤနေရာတွင် စီးပွားရေးလုပ်ငန်း လုပ်ကိုင်ရန် မဖြစ်နိုင်ဟု ထင်ရ၏။
သို့သော် ချောင်အာ၏မိခင်နှင့် သမီး ပြောပြခဲ့သည့် တောင်ပိုင်းဒေသကဲ့သို့ အခြားနေရာတစ်ခုသို့ ပြောင်းရွှေ့ခဲ့ပါက သူ၏ စူပါမားကတ်ကို ဒေသခံအာဏာပိုင်များက သိမ်းယူသွားနိုင်သည်။
သူ “ဆင်းသက်” သည့် မည်သည့်နေရာပင်ဖြစ်စေ၊ အလွန်ပင် ခက်ခဲလိမ့်မည်ဟု ထင်ရ၏။
နောက်ဆုံးတွင် သူသည် ဒေသခံများထံမှ အကြံဉာဏ် ရယူရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိပေ။
.
ချောင်အာ၏မိခင်သည် စားသောက်ဖွယ်ရာများကို သိမ်းဆည်းနေစဉ် နတ်မင်း၏ ခေါ်သံကို သူ(မ) ကြားလိုက်ရ၏။ အမျိုးသမီးများက ပန်းကန်များကို ဆေးကြောရန် စိတ်အားထက်သန်နေကြသော်လည်း ချောင်အာ၏မိခင်က စိတ်မချပေ။
စားသောက်ဖွယ်ရာများကား အလွန်လှပသော ကြွေထည်များဖြစ်ပြီး၊ ချောမွေ့သော ပန်းကန်များနှင့် ပန်းကန်လုံးများပေါ်တွင် နူးညံ့သိမ်မွေ့သော အပြာရောင်ပုံစံများ ရှိနေသည်။ နူးညံ့သော ကြွေထည်များနှင့် နှိုင်းယှဉ်ပါက ၎င်းတို့၏ လက်များက ကြမ်းတမ်းပြီး ဆိုးရွားနေ၏။
“ဘာမှ မထိကြနဲ့... ကွဲသွားရင် လျော်ဖို့ ပေးနိုင်မှာ မဟုတ်ဘူး...” ချောင်အာ၏မိခင်က ၎င်းတို့၏ လုပ်ရပ်ကြောင့် ထိတ်လန့်သွားခဲ့သည်။
သို့သော် သူ(မ) ချောင်အာကို သန့်ရှင်းရေးလုပ်ရန် မခေါ်မီပင် နတ်မင်း၏ အသံကို သူ(မ) ကြားလိုက်ရ၏။
နတ်မင်းက ကိုယ်တိုင် မရှိသော်လည်း အသံက နေရာတိုင်းမှ လာနေသကဲ့သို့ ဖြစ်နေ၏။ စူပါမားကတ်တစ်ခုလုံးက သူ့အသံများဖြင့် ပြည့်နေသည်။
ဒုက္ခသည်များက ၎င်းတို့၏ ပါးစပ်များကို အနည်းငယ် ဟထားကြပြီး၊ နတ်မင်း၏ တည်နေရာအတိအကျကို မသိကြပေ။ ၎င်းတို့သည် ဂိုဒေါင်ဝင်ပေါက်ဘက်သို့ ဒူးထောက်၍ ဦးညွှတ်ပြီး ကြည်ကြည်ညိုညို ရှိခိုးလိုက်ကြ၏။
ချောင်အာ၏မိခင်နှင့် သမီးလည်း ဦးညွှတ်ရာတွင် ပူးပေါင်းခဲ့သည်။ ၎င်းတို့ ပြီးသောအခါ၌ မျက်နှာနီရဲနေသော ချောင်အာ၏မိခင်က ချောင်အာကို မေးလိုက်၏။ “နတ်မင်းက အမေ့ကို ခေါ်လိုက်တာလား?”
ချောင်အာ၏မိခင်တွင် နာမည်မရှိပေ။ သူ(မ) အိမ်ထောင်မပြုမီက အိမ်တွင် သူ(မ)၏ နာမည်ပြောင်ကိုသာ ခေါ်ဝေါ်ခဲ့ပြီး၊ အိမ်ထောင်ပြုပြီးနောက်တွင် မစ္စစ်ကျန်းဟု ခေါ်ဝေါ်ကြသည်။ ကလေးရပြီးနောက် ချောင်အာ၏မိခင်ဟု သိလာကြ၏။
သူ(မ)၏ ဘဝတစ်လျှောက်လုံးတွင် သူ(မ)၏ ကိုယ်ပိုင်နာမည် ရှိမည်မဟုတ်ဟု ကံကြမ္မာက ဖန်တီးထားသည်ဟု ထင်ရ၏။
ချောင်အာ၏မိခင်က နှောင့်နှေးရဲသည် မဟုတ်ပေ။ သူ(မ)က ချောင်အာကို အလျင်အမြန် ပြောလိုက်၏။ “သမီး သူတို့တွေကို ကြည့်ထား။ ပန်းကန်တွေ မဆေးခိုင်းနဲ့။ ပန်းကန်လုံးတွေ ကွဲသွားရင် နတ်မင်းကို အမေတို့ ရှင်းပြလို့ ရမှာ မဟုတ်တော့ဘူး”
ချောင်အာက အလျင်အမြန်ပင် ပြန်ဖြေလိုက်၏။ “သမီး ကိုယ်တိုင် ဆေးလိုက်ပါ့မယ် အမေ၊ အမေ အမြန်သွားလိုက်၊ နတ်မင်းကို မစောင့်ရစေနဲ့”
ချောင်အာ၏မိခင် ထွက်ခွာသွားသည်နှင့် ဝန်ထမ်းအသစ်များက သတ္တိကို မွေး၍ အသက်ငယ်သော ချောင်အာကို မေးလိုက်ကြ၏။ “ညီမလေး၊ ညီမလေးက နတ်မင်းနောက်ကို ဒီတစ်လျှောက်လုံး လိုက်နေခဲ့တာလား?”
ချောင်အာက လက်ကို ဝှေ့ယမ်းလိုက်ပြီး ပြန်ဖြေလိုက်၏။ “ကျွန်မတို့ အကုန်လုံးက အတူတူပါပဲ။ ကျွန်မနဲ့ အမေကလည်း နတ်မင်းရဲ့ ကယ်တင်ခြင်း ခံရတာ သိပ်မကြာသေးဘူး။ အဲ့တုန်းက ကျွန်မတို့ သေတော့မယ့် အခြေအနေရောက်နေပြီ။ နတ်မင်းက သနားပြီး ကျွန်မတို့ကို လက်ခံခဲ့တယ်။ အဝတ်တွေနဲ့ အစားအစာတွေ ပေးရုံမကဘဲ အလုပ်လည်း ပေးတယ်”
ချောင်အာသည် တံတွေးတစ်မြုံမျိုချလိုက်ပြီး ပြောလိုက်သည်။ “နေ့တိုင်း အသားစားရတယ်”
ဝန်ထမ်းအသစ်များသည်လည်း တံတွေးများကို တစ်ပြိုင်နက် မျိုချလိုက်ကြသည်။
ဆန်ဖြူနှင့် အသားစားရခြင်းက ဇာတ်လမ်းများထဲမှ နတ်မင်းများ၏ ဘဝမျိုးတွင် နေထိုင်ရသကဲ့သို့ပင်။
မိသားစုတွင် ဆီကြိတ်စက်ရုံငယ်လေးတစ်ခုရှိသော ဝူယန်ကဲ့သို့ တစ်ဦးအတွက်ပင် ၎င်းတို့သည် တစ်လလျှင် တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်သာ အသားစားရပြီး၊ ဗိုက်ပြည့်သည်အထိ အသားစားဖူးခြင်း မရှိခဲ့ပေ။
ဆင်းရဲသော အိမ်ထောင်စုများတွင်မူ မီးဖိုချောင်၌ ဆီမပါဝင်ဘဲ ချက်ပြုတ်ကြလေ့ရှိပြီး၊ ဆားအများကြီးကို သုံးစွဲရန် မတတ်နိုင်ကြပေ။
ပန်းကန်များနှင့် ဇွန်းများကို ဆေးပြီးနောက် ချောင်အာက ပြောလိုက်၏။ “ရေသောက်ချင်ရင် အပြင်မှာသွားသောက်ချည်။ ထားပါတော့၊ ကျွန်မပဲ ခေါ်သွားလိုက်တော့မယ်”
ချောင်အာက ပထမဦးစွာ ၎င်းတို့ကို ဖန်ခွက်များ ဝေပေးသော်လည်း ဝန်ထမ်းအသစ်များက ၎င်းတို့ကို ယူရန် ဝန်လေးနေကြ၏။
ဖောက်ထွင်းမြင်နိုင်သော ဖန်ခွက်များက ဧကရာဇ်ပင် မြင်ဖူးမည်မဟုတ်သည့် အရာများဖြစ်ပြီး၊ ၎င်းတို့ကဲ့သို့ သာမန်လူများက မထိုက်တန်ပေ။
“ဒီဖန်ခွက်တွေက ကွဲလွယ်တယ်။ သုံးတဲ့အခါကျ သတိထားနော်” ချောင်အာက ၎င်းတို့၏ ပခုံးများကို ကျုံ့၍ ခွက်များကို ရှောင်နေသည်ကို သတိပြုမိပြီး၊ သူ(မ) ကိုယ်တိုင်လည်း ဤဖန်ခွက်များကို ပထမဆုံး မြင်ခဲ့စဉ်က သူ(မ)၏ တုံ့ပြန်မှုကို ပြန်သတိရမိလိုက်၏။
သူ(မ)သည် သူ့အား ကျေးဇူးပြန်ဆပ်နိုင်ပါစေဟု ဆုတောင်းမိသည်။
အကယ်၍ နတ်မင်း,မရှိခဲ့လျှင် သူ(မ) ကိုယ်တိုင်ပင် ၎င်းတို့ကို သုံးရဲလိမ့်မည်မဟုတ်ပေ။
ချောင်အာသည် ဂုဏ်ယူသလို ခံစားရပြီး ပြောလိုက်၏။ “ဒါတွေ သုံးရတာ အဆင်မပြေရင် ခဏစောင့်၊ တခြားဟာတွေ သွားယူပေးမယ်”
သူ(မ)သည် ပလတ်စတစ်ခွက်များပါသည့် သေတ္တာတစ်လုံးကို ယူလာခဲ့၏။ ဤခွက်များက ပေါ့ပါးပြီး ပြုတ်ကျပါက ကွဲလိမ့်မည်မဟုတ်ပေ။ ချောင်အာ ကိုယ်တိုင် ဖန်ခွက်များကို သုံးရဲသည်မဟုတ်ဘဲ၊ နေ့တိုင်း ပလတ်စတစ်ခွက်များကိုသာ အသုံးပြုလေ့ရှိသည်။
၎င်းတို့အတွက် ဖန်ခွက်များက လက်တွေ့ကျသော ပစ္စည်းများထက် ရတနာများကဲ့သို့ ဖြစ်နေ၏။
တကယ်ပင် ဝန်ထမ်းအသစ်များက ချောင်အာထံမှ ပလတ်စတစ်ခွက်များကို ရဲရဲဝံ့ဝံ့ လက်ခံကြပြီး၊ ၎င်းတို့ကို အံ့ဩနေကြ၏။
ခွက်များက အလွန်ပါးလွှာပြီး ပေါ့ပါးသော်လည်း ခိုင်ခံ့နေပုံရ၏။
ချောင်အာက ပြောလိုက်သည်။ “ခွက်တွေကို စိုက်ကြည့်နေတာ ရပ်လိုက်ကြတော့။ ရေ ဘယ်လို လောင်းထည့်ရမယ်ဆိုတာ သင်ပေးမယ်”
“အရင်က ပြောဖူးတယ်လေ၊ နတ်မင်းက မယုံနိုင်စရာ စွမ်းအားတွေ ရှိတယ်လို့။ ဒီခွက်တွေက ကျွန်တို့အတွက် ရတနာတွေ ဖြစ်နေနိုင်ပေမဲ့ နတ်မင်းရဲ့ မျက်လုံးထဲမှာတော့ လမ်းဘေးက ကျောက်စရစ်ခဲတွေနဲ့ မထူးမခြားနားပဲ”
“အခုက အတွေ့အကြုံနည်းနေသေးလို့၊ အချိန်နည်းနည်းလောက်ပေးလိုက်ရင် ကျင့်သားရသွားလိမ့်မယ်”
ချောင်အာသည် ၎င်းတို့ထက် ဤနေရာသို့ ပို၍ စောရောက်ခဲ့ခြင်း မရှိသော်လည်း သူ(မ)ကိုယ်သူ(မ) စီနီယာတစ်ယောက်ဟု ယူဆနေ၏။
ချောင်အာသည် လည်ချောင်းကို ရှင်းလိုက်ပြီး ပြောလိုက်သည်။ “ကဲ၊ အကုန်လုံး၊ လာပြီး စမ်းကြည့်ကြ။ ခွက်ထဲ ရေနည်းနည်းထည့်ပြီး ကျွန်မကို ပြကြည့်”
ဤလူသစ်များ ရောက်ရှိလာခြင်းကြောင့် ချောင်အာမှာ တစ်စုံတစ်ဦးက သူ(မ)၏ အလုပ်များကို သိမ်းပိုက်သွားမည်ကိုသာ စိုးရိမ်ခဲ့သည်။
ကံမကောင်းစွာပင် သူ(မ)နှင့် သူ(မ)၏မိခင်တို့သာ ရှိခဲ့သည့် ရက်များအတွင်း အလုပ်လုပ်နေစဉ် မမောခဲ့ပေ။ ထို့ကြောင့် သူ(မ)သည် နတ်မင်းအား သူ(မ)၏ စိတ်ရင်းမှန်ကို မပြသနိုင်ခဲ့ချေ။
စာရေးသူ မှတ်စု:
ချောင်အာ: နေ့တိုင်း မောပန်းလွန်းလို့ မေ့လဲသွားဖို့ မျှော်လင့်နေတာ (တကယ် ရိုးရိုးသားသားပါနော်၊ ဟန်ဆောင်နေတာ မဟုတ်ရပါဘူး)