အပိုင်း (၁၆)
ကွန်ပျူတာ ‘ကိုယ်ချင်းစာတရား’ ဝင်လာခြင်းမှာ တစ်ခါတစ်ရံမှသာ ဖြစ်တတ်သည့် အရာတစ်ခု ဖြစ်လေ၏။ ယဲ့ကျိုးတစ်ယောက် စာမျက်နှာတချို့ကို လှန်လှောကြည့်လိုက်သည်နှင့် ကိုယ်ရံတော်များ၏ ရွေးချယ်စရာ အများအပြားကြောင့် အံ့အားသင့်ရတော့သည်။
ဓာတ်ပုံများထဲမှ ကိုယ်ရံတော်များအားလုံးမှာ လူသားများနှင့်သာ တူကြသော်လည်း သူတို့၏ ပုံများကို နှိပ်လိုက်သည့်အခါတွင်တော့ လူတစ်ဦးချင်းစီ၏ အသက်၊ ကျား/မ၊ လူမျိုး၊ နှင့် စိတ်နေစိတ်ထားများကိုပါ မြင်တွေ့နိုင်သည်။
အင်း… လူမျိုးလည်း ပါသေးတယ်။
သို့သော် လူမျိုးများကတော့ ယဲ့ကျိုး နားလည်ထားသည်နှင့် မတူဘဲ ကွဲပြားနေသည်။
သူ၏ စိတ်ထဲတွင် သိလိုစိတ်များ ဖြစ်ပေါ်လာသောကြောင့် မိန်းကလေးငယ်လေးတစ်ဦး၏ ဓာတ်ပုံကို နှိပ်လိုက်ရာ သူ(မ)၏ အသက်ကို မြင်လိုက်ရသည့်အခါတွင်တော့ အလွန်တုန်လှုပ်သွားတော့သည်။
ထိုမိန်းကလေးငယ်မှာ ဆယ်နှစ်ပင် မပြည့်သေးသူတစ်ယောက်ကဲ့သို့ အသားက ဖြူဖတ်နေပြီး ဝိုင်းစက်သော မျက်နှာလေးနှင့် ဖြစ်သည်။ မျက်လုံးများက ဝိုင်းပြီး မျက်ဆံတွင်လည်း နီညိုရောင်သန်းနေ၏။ သူ(မ)က ကင်မရာကို ကြည့်ကာ သွားဖြီးပြနေသည့်အခါတွင်တော့ သူ(မ)၏ သွားစွယ်များက အနည်းငယ် ထွက်ပေါ်နေသည်။
အသက် 420?
ယဲ့ကျိုးတစ်ယောက် ဆွံ့အသွားပြီး အသက်ကိုပင် ထိန်း၍ မရှူနိုင်ခဲ့ချေ။
သူ(မ)၏ လူမျိုးကို စစ်ဆေးကြည့်လိုက်ရာ ဗန်ပိုင်းယား ဟု ဖော်ပြထား၏။
ယဲ့ကျိုးတစ်ယောက် တံတွေးကိုပင် မျိုချလိုက်ရသည်။
ဗန်ပိုင်းယားများအပြင် သမန်းဝံပုလွေများ၊ မှော်ဆရာများ၊ စက်ရုပ်လူသားများ၊ ပြီးလျှင် လူမျိုးအမည်အရဆိုလျှင် ‘ဂြိုလ်သားများ’ ဟု ခေါ်ဆိုနိုင်သော အခြားသူများလည်း ရှိနေသေးသည်။
ထိုသူများအထဲမှ ‘လူသား’ အစစ်ကို ရှာဖွေရန်ကတော့ အလွန်ခက်ခဲသော အလုပ်တစ်ခု ဖြစ်သည်။
ယဲ့ကျိုး၏ ကမ္ဘာကြီးမှာ ပြိုပျက်လုနီးပါး ဖြစ်နေတော့၏။
ဒါတွေက ဖြစ်ရောဖြစ်နိုင်ရဲ့လား?
ကံကောင်းစွာပင်၊ ကိုယ်ရံတော်များကို ငှားရမ်းခြင်းမှာ စာချုပ်များတွင် လက်မှတ်ထိုးရမည် ဖြစ်ပြီး၊ ဤစာချုပ်များက အလုပ်ရှင်နှင့် အလုပ်ခန့်ထားခံရသူ၏ အကျိုးစီးပွားနှင့် ပုဂ္ဂိုလ်ရေးဆိုင်ရာ လုံခြုံရေးများကို အာမခံပေးထား၏။
တစ်နည်းအားဖြင့်ဆိုလျှင် ယဲ့ကျိုးသည် ငှားရမ်းထားသော ကိုယ်ရံတော်များက သူ့အား ပြန်လည်ပုန်ကန်ခြင်းအကြောင်းကို စိုးရိမ်ပူပန်နေရန် မလိုအပ်ချေ။
ကိုယ်ရံတော်၏ စိတ်နေစိတ်ထား မည်သို့ပင် ရှိစေကာမူ အနည်းဆုံးတော့ ၎င်းတို့က သူ့အား ထိခိုက်အောင် မပြုလုပ်နိုင်သလို သူ၏စူပါမားကတ်ကိုလည်း လုယက်မည် မဟုတ်ပေ။
မည်သည့်အခြေအနေမျိုးတွင်မဆို သူတို့က မိမိကိုယ်ကို ကယ်တင်ရန်အတွက် သူ့အား တစ်ယောက်တည်း ထားခဲ့မည် မဟုတ်ချေ။
ဤပုဂ္ဂိုလ်များကို အင်တာဗျူးရန် မဖြစ်နိုင်ပေ။ ရွေးချယ်မှုတစ်ခု ပြုလုပ်ပြီးနောက် ‘ခန့်အပ်ရန်’ ခလုတ်ကို နှိပ်လိုက်သည်နှင့် ပြီးဆုံးပြီ ဖြစ်သည်။ ထို့ကြောင့် သူ၏ ကိုယ်ရေးအကျဉ်းများတွင် ပါရှိသော အတိုချုပ် ဖော်ပြချက်များမှပင် ကုန်ကျစရိတ်နှင့် စွမ်းဆောင်ရည်ကို ခွဲခြားသိရှိရန် လိုအပ်သည်။
အလွန်ဆုံး ဈေးကြီးသော ကိုယ်ရံတော်၏ လစဉ်လစာမှာ ယွမ် နှစ်သန်းဖြစ်ပြီး၊ ယဲ့ကျိုးခမျာ ချက်ချင်းပင် ထိုရွေးချယ်မှုကို ဖယ်ရှားပစ်လိုက်သည်။
၎င်းတို့သည် မည်မျှပင် ကျွမ်းကျင်စေကာမူ၊ ရန်သူ တစ်ရာပင်မက တစ်ထောင်ကိုပါ ရင်ဆိုင်နိုင်သည်ဆိုစေ၊ ထိုလောက်အထိတော့ သူ မတတ်နိုင်ပေ။
ပို၍ သက်သာသော ရွေးချယ်စရာများလည်း ရှိနေသေး၏။ ဥပမာအားဖြင့် ဗန်ပိုင်းယား မိန်းကလေး၏ လစဉ်လစာမှာ ယွမ်သုံးထောင်သာ ရှိသည်။
သို့သော် ဤစျေးနှုန်းက ယဲ့ကျိုးအတွက် စိတ်အေးလက်အေး မရှိစေခဲ့ပေ။ စျေးနှုန်းနှင့် စွမ်းရည်တို့က ဆက်စပ်နေမည်ကို သူစိုးရိမ်၏။ သူသည် ကိုယ်ရံတော်တစ်ယောက် လိုအပ်ခြင်းဖြစ်ပြီး သမီးတစ်ယောက် မဟုတ်ချေ။
ယွမ်သုံးထောင်မှာ မည်သို့ပင် ကြည့်စေကာမူ ကျွမ်းကျင်မှုရှိသူတစ်ဦး မဟုတ်သည်ကတော့ အမှန်ပင်။
ထို့အပြင် ဗန်ပိုင်းယားတွေက နေ့စဉ် ပုံမှန် ဘာတွေ စားသောက်ကြလဲ။ သူက သူ(မ)အတွက် သွေးတွေ ပေးရင်းနဲ့ တစ်ပြိုင်နက်တည်း လူတွေကို ကယ်ဆယ်နေတာမျိုးတော့ မဖြစ်နိုင်လောက်ပါဘူးနော်?
ဤရွေးချယ်မှုသည်လည်း မဖြစ်နိုင်ချေ။
ယဲ့ကျိုးတစ်ယောက် အလယ်အလတ်ဈေးနှုန်းရှိသော ကိုယ်ရံတော်များကိုသာ ရှာဖွေရတော့မည်။
သူက 'လူသား' ကိုယ်ရံတော်တစ်ဦးကိုသာ နှစ်သက်ပြီး၊ သူတို့မှာ အချင်းချင်းများဖြစ်၍ ပို၍ သက်သောင့်သက်သာရှိလိမ့်မည် ဖြစ်၏။ အကောင်းဆုံးကတော့ တရုတ်လူမျိုး၊ သို့မဟုတ် အာရှလူမျိုးတော့ အနည်းဆုံး ဖြစ်ရမည်၊ ပြီးလျှင် တရုတ်စကား ပြောတတ်ရမည်။
ဤသို့ဖြင့် သူ၏ ရွေးချယ်စရာများက ပိုမို နည်းပါးသွားလေသည်။
သို့သော် ရွေးချယ်စရာ နည်းပါးခြင်းကြောင့် ဆုံးဖြတ်ချက်ချမှတ်ရန် ပိုမို လွယ်ကူလာသည်။
ယဲ့ကျိုးက အလယ်အလတ်ဈေးနှုန်းရှိသော အာရှမျက်နှာပိုင်ရှင်များကိုသာ အာရုံစိုက်လိုက်သည်။ ၎င်းတို့၏ ကိုယ်ရေးအကျဉ်းတွင် လူမျိုးကို ဖော်ပြထားသော်လည်း ၎င်းတို့၏ နိုင်ငံကိုတော့ မဖော်ပြထားပေ။
ယခုတွင် ယဲ့ကျိုးတစ်ယောက် သူ၏ စိတ်အာရုံပေါ်တွင်သာ မှီခိုရတော့မည် ဖြစ်သည်။
သုံးနာရီကြာပြီးနောက် ယဲ့ကျိုးသည် သုံးဦးအထိ ရွေးချယ်မှုများကို လျှော့ချနိုင်ခဲ့သည်။ ထို့နောက်တွင် နောက်ထပ် တစ်နာရီကြာအောင် ဆုံးဖြတ်ချက်ချရန် ပင်ပင်ပန်းပန်း ကြိုးစားပြီးနောက် နောက်ဆုံးတွင် နှစ်ဦးကိုသာ ရွေးချယ်လိုက်သည်။
သုံးဦးကို ငှားရမ်းခြင်းက အလွန်ကုန်ကျနိုင်သော်လည်း နှစ်ဦးကတော့ အသင့်အတင့်သာ ဖြစ်သည်။ သူသာ ငွေအနည်းငယ် ပို၍ ရလာသည်နှင့် လုံခြုံရေးတစ်ဦး၊ စားဖိုမှူးတစ်ဦးနှင့် ဆရာဝန်တစ်ဦးကိုပါ ခန့်နိုင်ပေလိမ့်မည်။
“နတ်မင်းကို ပင့်တဲ့ ရိုးရာဓလေ့လိုမျိုး မဖြစ်ပါစေနဲ့လို့တော့ မျှော်လင့်ပါတယ်” ယဲ့ကျိုးတစ်ယောက် ခုံတွင် နောက်သို့ မှီလိုက်ပြီး ‘ခန့်အပ်’ ခလုတ်ကို နှိပ်လိုက်ပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်၏။
ယခုတွင် ကိုယ်ရံတော်များ မည်သို့ ရောက်ရှိလာမည်ကို သူ သိလိုစိတ် ပြင်းပြနေတော့သည်။
“အခု ဘယ်လိုလုပ်ရမှာလဲ?” လီရှစ်တစ်ယောက် အစီရင်ခံစာ ပေးပို့နေစဥ်တွင် အဆက်မပြတ် တုန်ရီနေခြင်းကို မရပ်နိုင်ဖြစ်နေခဲ့၏ ။
သူတို့၌ နတ်မင်းက ပေးထားသည့် မှော်အသုံးအဆောင်များ ရှိနေသော်လည်း တောင်ပေါ်ဓားပြများအပေါ် ကြောက်ရွံ့စိတ်က သာမန်လူများ၏ ရင်ထဲတွင် နက်နက်ရှိုင်းရှိုင်းကို စွဲမြဲနေခဲ့သည်။
ဤလူများက မျက်တောင်မခတ်ဘဲ သတ်ဖြတ်နိုင်သည့် မိစ္ဆာများ ဖြစ်ကြသည်။ သူတို့က လူ့အသက်ကို အရေးကြီးသော အရာတစ်ခုအဖြစ် မသတ်မှတ်ကြချေ။
လီရှစ်တစ်ယောက် ဤအသက်အရွယ်အထိ ကြက်အနည်းငယ်ကိုသာ သတ်ဖူးသည်။ အိမ်တွင် မွေးထားသော ကြက်များကို ဥ ဥစေရန်နှင့် ဆားဖြင့် လဲလှယ်ရန်သာ အသုံးပြုခဲ့ကြသည်။ ကြက်တစ်ကောင် ဖျားနာလာသည် သို့မဟုတ် ဥ မဥနိုင်လောက်အောင် အိုမင်းလာမှသာ သတ်ဖြတ်ကြသည်။
ဝူယန်က ကြောက်ရွံ့နေသော်လည်း လူတိုင်းကို စိတ်သက်သာရာ ရစေရန် ကြိုးစားပြီး ပြောလိုက်၏။ “မကြောက်နဲ့။ ကျွန်တော်တို့ အရင်စောင့်ကြည့်ကြမယ်၊ သူတို့ ထွက်သွားပြီးမှပဲ ဆက်သွားမယ်”
ဤအချိန်တွင် သူတို့နောက်သို့ လှည့်ပြန်သွားခြင်းမှလွဲ၍ ဓားပြများကို ရှောင်ရှားရန် ခက်ခဲသည်။ သို့သော် သူတို့၏ နောက်တွင် မည်သည့်အရာမှ မရှိခဲ့ချေ။
နတ်မင်း၏ တာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ရန် သူတို့သည် တောင်ဘက်သို့သာ ဆက်လက် သွားရတော့မည်။
“သူတို့ ဘယ်သူတွေဖြစ်ဖြစ် သာမန်လူတွေပါပဲ” ဝူယန်က ဝန်ထမ်းများကို နှစ်သိမ့်ပေးလိုက်သည်။ “ကျွန်တော်တို့မှာ နတ်မင်းရဲ့ မှော်အသုံးအဆောင်တွေ ရှိနေတာပဲ၊ သူတို့ကို ကြောက်နေစရာ လိုသေးလို့လား?”
ဤစကားများက ဝန်ထမ်းများကို အနည်းငယ်တော့ တည်ငြိမ်စေခဲ့သော်လည်း သူတို့က စိုးရိမ်ပူပန်နေကြဆဲ ဖြစ်သည်။
လီရှစ်က တိုးတိုးလေးပြော၏။ “ဘာလို့ ဓားပြဝါတွေ ဒီကို ရောက်နေတာလဲ? သူတို့က အင်အားကြီးတယ်။ အစောကြီးကတည်းက တောင်ဘက်ကို သွားနှင့်သင့်ပြီ မဟုတ်ဘူးလား?”
ချန်လျိုက ရုတ်တရက် ဝင်ပြောသည်။ “တောင်ပေါ်က မုဆိုးအိုတွေဆီက ကျွန်တော် ကြားဖူးတာ၊ ဓားပြဝါတွေက အိုနေတဲ့သူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို ဘယ်တော့မှ မထိခိုက်ဘူးတဲ့။ သူတို့က ဆင်းရဲသားတွေကို အနိုင်ကျင့်တဲ့ အဂတိလိုက်စားတဲ့ အရာရှိတွေနဲ့ ချမ်းသာတဲ့ မြေပိုင်ရှင်တွေကိုပဲ သတ်တာတဲ့”
လီရှစ်က သူ့အား စူးစိုက်ကြည့်လိုက်ပြီး “ဓားပြဝါတွေက အဲဒီလောက်အထိ ဆင်ခြင်တုံတရားရှိတယ်ဆိုရင် ဘာလို့ အဲဒီလောက် နာမည်ဆိုးထွက်နေရတာလဲ?”
“အဲမုဆိုးက မင်းကို လိမ်ပြောတာ ဖြစ်မှာပေါ့...”
ချန်လျိုက ပြန်ပြောသည်။ “မင်းက ဓားပြဝါတွေအကြောင်း ကောလဟာလတွေက အမှန်ဆိုတာ ဘယ်လိုလုပ် သေချာတာလဲ? သူတို့က အဂတိလိုက်စားတဲ့ အရာရှိတွေကို သတ်လို့သာ ဒီလိုနာမည်မျိုး ရလာတာ ဖြစ်နိုင်တယ်လေ”
“တော်လောက်ပြီ...” ဝူယန်က အသံတိုးတိုးဖြင့် ဆူသည်။ “သူတို့က ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အခုချိန်မှာ ကျွန်တော်တို့ ပုန်းနေလို့ပဲ ရမယ်”
“သူတို့ ထွက်သွားပြီးမှပဲ ကျွန်တော်တို့ လိုက်သွားကြမယ်”
“အားလုံး အတူတူ ထွက်လာကြရမယ်။ အတွင်းလူအချင်းချင်း ရန်မဖြစ်သင့်ဘူး”
လီရှစ်နှင့် ချန်လျိုတို့ စကားများခြင်းကို ရပ်လိုက်ကြသော်လည်း မည်သူတစ်ဦးတစ်ယောက်မှ အလျော့မပေးခဲ့ကြချေ။ သူတို့ နှစ်ဦးစလုံးက သူတို့သည် အခြေအနေကို အမှန်တကယ် နားလည်သူများဖြစ်သည်ဟု ယုံကြည်နေကြသည်။
ဝူယန်သည် ချန်လျိုကို တစ်ဖက်သို့ ခေါ်သွားပြီး တိုးတိုးလေး မေးသည်။ “ဘယ်လိုထင်လဲ?”
ဝူယန်သည် ချန်လျို၏ စကားများမှ ဓားပြဝါများကို ကာကွယ်ပြောဆိုနေခြင်းသည် ၎င်းတို့အဖွဲ့ထဲသို့ ဝင်ရောက်ခဲ့ခြင်း သို့မဟုတ် ဝင်ရောက်လိုနေခြင်းကြောင့်ဟု ခံစားမိ၏။
ချန်လျိုကလည်း မဖုံးကွယ်ထားဘဲ ယုံကြည်မှုအပြည့်ဖြင့် ပြောသည်။ “ဓားပြဝါတွေသာ အိုနေတဲ့သူတွေနဲ့ ကလေးတွေကို ချန်ထားတယ်ဆိုရင် ကျွန်တော် သူတို့အဖွဲ့ထဲကို အစောကြီးကတည်းက ဝင်လိုက်ပြီ…”
သူက ဒေါသများကို ထိန်းထားခဲ့ရသော်လည်း ယခုတွင်တော့ အားလုံးကို ထုတ်ဖော်လိုက်တော့သည်။ “လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ကျွန်တော့် မိဘတွေ သေလုနီးပါး အငတ်ခံခဲ့ရတာ...
ကျွန်တော်တို့က ကိုယ်တိုင် ဂျုံစပါးတွေ စိုက်ပျိုးခဲ့ပြီး၊ ဆောင်းဦး ရိတ်သိမ်းပြီးတာနဲ့ အစိုးရက လူတွေ လာပြီး ကောက်ပဲသီးနှံတွေကို လာစုဆောင်းကြတယ်။ ကျွန်တော်တို့ ကိုယ်တိုင် စိုက်ထားတဲ့ ကောက်ပဲသီးနှံတွေ ရှိပေမယ့် ဘာလို့ အငတ်ခံခဲ့ရတာလဲ?”
“ဒီခွေးအရာရှိတွေကို အစောကြီးကတည်းက သတ်ပစ်ရမှာ...” ချန်လျို၏ မျက်လုံးများက နီရဲလာပြီး ထိုအချိန်သို့ ပြန်ရောက်သွားသကဲ့သို့ ဖြစ်သည်။
လေသည် ဂျုံခင်းများထဲသို့ တိုက်ခတ်လာပြီး ရိတ်သိမ်းမှု အလွန်ကောင်းသော ရှားရှားပါးပါးနှစ်တွင် ရွှေပင်လယ်ကို ဖန်တီးပေးခဲ့သည်။
ထိုအချိန်က သူသည် အခွန်ဆောင်ပြီး တစ်နှစ်စာ စားစရာကို ချန်ထားမည်၊ ပြီးလျှင် အိမ်ကလေးတစ်လုံး ဆောက်ပြီး ဇနီးမယားယူမည်ဟု စီစဉ်ခဲ့သည်။
သို့သော် နောက်ပိုင်းတွင် ကောက်ပဲသီးနှံ စုဆောင်းသူများ ရောက်ရှိလာခဲ့၏။
သူတို့က သူ့အိမ်မှ ကောက်ပဲသီးနှံအများစုကို ယူသွားခဲ့ကြပြီး၊ ကျန်ရှိသော စားစရာများက နောက်တစ်နှစ် ဆောင်းဦး ရောက်သည်အထိပင် မိသားစုအတွက် မလောက်တော့ပေ။
ချန်လျိုက အသက်ကို ပြင်းပြင်းရှူသွင်းပြီး ပြောသည်။ “နောက်တော့ ကျွန်တော် မုဆိုးအိုဆီက ကြားလိုက်ရတယ်၊ ဓားပြဝါတွေက အခု လူလိုနေပြီတဲ့။ ကျွန်တော်သာ ဝင်လိုက်ရင် အခြေချဖို့အတွက် ငွေကြေး ပေးမယ်တဲ့”
“ဓားပြဝါတွေက လူကောင်းတွေကို မသတ်ဘူး၊ သူတို့က အိုနေတဲ့သူတွေ၊ အမျိုးသမီးတွေနဲ့ ကလေးတွေကို ချန်ထားတယ်။ အစိုးရနဲ့ နှိုင်းယှဉ်ရင် ဓားပြဝါတွေက ပိုပြီး အစိုးရနဲ့တူတယ်...”
ဝူယန်က သူ့အား ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် မည်သည့် လိမ်ညာမှုမျိုးမှ မတွေ့ရချေ။ ထို့ကြောင့် သူက မေးသည်။ “ဘယ်လောက်အထိ သေချာလဲ?”
ချန်လျိုက ပြန်ဖြေသည်။ “ရာနှုန်းပြည့် သေချာတယ်”
သူက ဆက်ပြီး စိတ်ပူပန်စွာ ပြောသည်။ “ဓားပြဝါတွေက ကြမ်းတမ်းတဲ့ လူသတ်သမားတွေပါဆိုတဲ့ ကောလာဟလတွေက ပုံပြင်တွေသက်သက်ပါပဲ။ ဓားပြဝါတွေက အဲဒီလောက်အထိ တကယ်ဆိုးတယ်ဆိုရင် သူတို့က အသက်ရှင်ကျန်ရစ်သူတွေကို ချန်ထားခဲ့ပါ့မလား?”
ဝူယန်က မျက်မှောင်ကြုတ်ပြီး ခဏတာ စဉ်းစားသည်။ ထို့နောက် ချန်လျိုကို ကြည့်လိုက်ပြီး ပြောလိုက်၏။ “ကျွန်တော်တို့ အရင်ဆုံး အဲဒီကို သွားကြမယ်”
ချန်လျိုက ပြောသည်။ “ဝူကော၊ ကျွန်တော့်ကို သွားပြီး သူတို့နဲ့ စကားပြောခိုင်းပါ...”
ဝူယန်က ပြန်ပြောသည်။ “မင်းက ဘာသွားပြောမှာလဲ? ကျွန်တော်တို့မှာ နတ်မင်းရဲ့ အကူအညီရှိပြီး လူကောင်းတွေကို ကယ်တင်ချင်တယ်လို့ ပြောမှာလား? ပြီးတော့ ဘာဆက်လုပ်မှာလဲ? သူတို့ကို ကျွန်တော်တို့နဲ့ ပြန်ခေါ်သွားမှာလား? ဒီလူတွေသာ ရာဇဝတ်သားတွေဆိုရင် နတ်မင်းက ကျွန်တော်တို့ကို ဘယ်လို မြင်သွားမယ်လို့ ထင်လဲ?”
ချန်လျိုက အတင်းအကျပ် ငြင်းသည်။ “သူတို့က ရာဇဝတ်သားတွေ မဖြစ်နိုင်ဘူး...”
ဝူယန်က သူ့အား ဆက်မကြည့်တော့ဘဲ ပြန်ဖြေသည်။ “မင်းစကားက အရေးမပါဘူး။ မင်းသာ အရာအားလုံးကို သိပြီး လူတွေရဲ့ ရင်ထဲကို မြင်နိုင်တဲ့ နတ်မင်းတစ်ပါး ဖြစ်နေမယ်ဆိုရင်တော့ တစ်မျိုးပေါ့”
ချန်လျိုက အရှုံးမပေးသေးဘဲ ပြောသည်။ “သူတို့က ရာဇဝတ်သားတွေသာဆိုရင် ကျွန်တော် သစ်ပင်နဲ့ ခေါင်းနဲ့ တိုက်ပြီး သေပေးမယ်...”
“မင်း သူတို့ကို မသိဘဲနဲ့ သူတို့က အဝါရောင်ခါးပတ်တွေ ဝတ်ထားတာကြောင့်ပဲ ဒီလို ဆုံးဖြတ်နေတာ” ဝူယန်က ချန်လျို၏ ယုံကြည်မှုက ဘယ်ကနေလာတာလဲဆိုတာကို နားမလည်နိုင်ခဲ့ချေ။ “သူတို့ အရင်က ရာဇဝတ်သားတွေ မဟုတ်ရင်တောင် အခုရော ဘယ်လို အခြေအနေ ရှိနေလဲ?”
ချန်လျိုက စိတ်ပူပန်စွာ ပြောသည်။ “ဝူကော... ကျွန်တော် အရင်က တောင်ပေါ်ကို ရောက်ဖူးတယ်...”
ဝူယန်က အံ့အားသင့်သွားပြီး မျက်လုံးများက ပြူးကျယ်သွားသည်။ “မင်း ဓားပြဝါတွေနဲ့ အတူတူရှိခဲ့ဖူးတယ်?...”
ချန်လျိုတစ်ယောက် စကားကျွံသွားပြီဆိုတာ သိလိုက်ရသော်လည်း ထိုစကားများက ထွက်သွားပြီးပြီဖြစ်ရာ ပြန်ဆုတ်ရန် မဖြစ်နိုင်တော့ချေ။ သူသည် သွားများကို တင်းတင်းကြိတ်ပြီး ခေါင်းညိတ်လိုက်သည်။
“ကျွန်တော့် မိဘတွေ သေလုနီးပါး အငတ်ခံနေရတုန်းက ကျွန်တော် တောင်ပေါ်ကို သွားခဲ့တယ်” ချန်လျိုက ခါးသီးသော အပြုံးဖြင့် ပြောသည်။ “အစိုးရက ကျွန်တော်တို့ မိသားစုရဲ့ အသက်ကို လိုချင်ခဲ့ပေမယ့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဓားပြဝါတွေက ကျွန်တော်တို့ မိသားစုကို ကယ်တင်ခဲ့တယ်။ အဲဒီနောက်မှာတော့ ကျွန်တော် ဓားပြဝါတွေနဲ့ အတူတူ အလုပ်လုပ်ခဲ့တယ်။ ကျွန်တော့် မိဘတွေကတောင် ရွာသားတွေကို ကျွန်တော် မြို့မှာ အလုပ်သင် ဝင်နေတယ်လို့ ပြောခဲ့တယ်”
“ပြင်းထန်တဲ့ မိုးခေါင်ရေရှားမှု ဖြစ်လာတဲ့အခါ ကျွန်တော့် မိဘတွေကို ထားခဲ့ဖို့ မတတ်နိုင်တော့လို့ အိမ်ကို ပြန်လာခဲ့တယ်” ချန်လျိုက သူ့ရင်ဘတ်ကို ပုတ်လိုက်ပြီး ဆက်ပြောသည်။ “ကျွန်တော် တောင်ပေါ်မှာ သုံးနှစ်ကြာအောင် နေခဲ့တာ။ ဓားပြဝါတွေ အဖွဲ့ထဲကို ကြိုက်သလို ဝင်လို့ မရဘူး။ ကျွန်တော်တို့ ညီအစ်ကိုတွေ အားလုံး စာမေးပွဲ ဖြေရတယ်၊ ပြီးတော့ ကတိသစ္စာပြုခဲ့ရတယ်”
သူက ဆက်ပြောသည်။ “ခေါင်းဆောင်က စည်းကမ်းတွေ ချမှတ်ထားတယ်။ ကျွန်တော်တို့က သာမန်လူတွေကို မလုဘူး၊ သူတို့ရဲ့ မြေတွေပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံတဲ့ မြေပိုင်ရှင်တွေကို မလုဘူး၊ အိုမင်းတဲ့သူတွေနဲ့ အမျိုးသမီးတွေကို မလုဘူး၊ ပြီးတော့ ရိုးသားတဲ့ အရာရှိတွေကို မလုဘူး”
“ကျွန်တော်တို့က ရွာထဲက လူဆိုးဂိုဏ်းတွေ၊ တခြားသူတွေကို အနိုင်ကျင့်တဲ့ ချမ်းသာတဲ့ မြေပိုင်ရှင်တွေနဲ့ အဂတိလိုက်စားတဲ့ အရာရှိတွေကိုပဲ လုတာ”
ဝူယန်က မေးလိုက်၏။ “မင်း မီးပုံဘေးက လူတွေကို မှတ်မိလား?”
ချန်လျိုက ခေါင်းတစ်ခါပြီး တစ်ခါ ထပ်ခါထပ်ခါ ညိတ်သည်။ “ကျွန်တော် မှတ်မိတယ်။ သူတို့ အားလုံးက ဆရာ့ရှေ့မှာ ကျွန်တော်နဲ့အတူ ကတိသစ္စာပြုခဲ့တဲ့ ကျွန်တော့်ရဲ့ ညီအစ်ကိုတွေပါ။ ဝူကော... သူတို့က အပြစ်မဲ့တဲ့ လူတွေကို ထိခိုက်အောင် မလုပ်ခဲ့ပါဘူး။ ကျေးဇူးပြုပြီး သူတို့ရဲ့ အသက်ကို ကယ်ပါ...”
“ချန်လျို၊ ငါ မင်းကို မယုံလို့ မဟုတ်ဘူး” ဝူယန်က သူ့ပခုံးကို ပုတ်လိုက်ပြီး “ဒါက အရေးကြီးတဲ့ ကိစ္စ။ ကျွန်တော်တို့က လူငါးယောက်ပဲ ရှိတာ၊ ပြီးတော့ ကျွန်တော်တို့နဲ့ အတူတူပါလာတဲ့ သူတွေက တစ်ခါမှ မတိုက်ဖူးသေးဘူး။ မင်းက သူတို့အတွက် ဘယ်လောက်ပဲ အာမခံပေးပေး သူတို့က ဓားပြတွေပဲ”
“လူတစ်ယောက်ကို သတ်ဖူးတဲ့သူကို လူကောင်းလို့ ခေါ်လို့မရဘူး”
ချန်လျိုက တအံ့တဩ ပြန်ဖြေသည်။ “သူတို့က လူဆိုးတွေကို သတ်ခဲ့တာပါဆို”
ဝူယန်က တင်းမာစွာ ပြောသည်။ “အဲဒီလိုဖြစ်ရင်တောင် သူတို့ရဲ့ လက်ထဲမှာ သွေးတွေ ပေနေတယ်၊ ပြီးတော့ သူတို့က အသက်သတ်ခဲ့တဲ့ ဝန်ထုပ်ဝန်ပိုးကို ထမ်းထားရတယ်...”
ဝူယန်က သူ့နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်သည်။ “နတ်မင်းက မင်းကို ခွင့်လွှတ်ပြီး ကယ်တင်နိုင်တယ်၊ ဒါပေမဲ့ ကျွန်တော်က နတ်မင်း မဟုတ်ဘူး၊ ပြီးတော့ ကျွန်တော် အဲဒီဆုံးဖြတ်ချက်ကိုလည်း မချနိုင်ဘူး”
ချန်လျိုက ဘယ်လို ထပ်ပြီး ငြင်းခုံရမှန်း မသိတော့ချေ။
မျက်ရည်များက သူ့မျက်လုံးများတွင် ဝဲလာပြီး ပြောသည်။ “ဝူကော၊ သူတို့က တကယ် လူဆိုးတွေ မဟုတ်ပါဘူး”
ချန်လျိုအတွက် အခက်ခဲဆုံးအချိန်က သူ့ညီအစ်ကိုများက သူတို့၏ ရိက္ခာများကို ခွဲဝေပြီး သူ့မိဘများထံ ပြန်ပို့ပေးရန် ပြောခဲ့သည့်အချိန် ဖြစ်သည်။
သူ ပထမဆုံးအကြိမ် ဓားပြများနှင့် အလုပ်လုပ်စဉ်က သူ ကြောက်နေသည်ကို မြင်သောအခါ နောက်မှာနေရန် ပြောပြီးနောက် သူတို့က သူ့အား ခွဲဝေပေးရန် ဝန်မလေးခဲ့ကြချေ။
ချန်လျို၏ ခန္ဓာကိုယ်က ယိမ်းထိုးသွားပြီး ရုတ်တရက် “ဒုန်း” ဟူသော အသံဖြင့် ဒူးထောက်လိုက်ပြီး ဝူယန်၏ ရှေ့တွင် ဒူးထောက်လိုက်လေသည်။
“ဝူကော၊ ဝူကော... ကျေးဇူးပြုပြီး သူတို့ကို ကယ်ပါ...”
“ကျွန်တော့် ရိက္ခာတွေကို သူတို့ကို ပေးလိုက်ပါ...”
ချန်လျိုက ဆက်ပြီး ပြောသည်။ “သူတို့ကို ပြန်မခေါ်ပါနဲ့... ကျွန်တော့် ရိက္ခာတွေကို သူတို့ကို ပေးလိုက်ပါ...”
ချန်လျိုသည် ညင်သာစွာ ငိုသည်။ “ကျွန်တော် ကျောင်းတက်ခဲ့ရတာ မဟုတ်ဘူး၊ ကြီးကျယ်တဲ့ အခြေခံသဘောတရားတွေကို နားမလည်ပါဘူး။ ကျွန်တော် သိတာက သူတို့က ကျွန်တော့်ကို ကယ်တင်ခဲ့တယ် ဆိုတာပါပဲ။ ပညာရှိက မင်းအပေါ် တစ်စုံတစ်ယောက်က ကြီးမားတဲ့ ကျေးဇူးကို ပြခဲ့ရင် စမ်းရေလို ပြန်ဆပ်ရမယ်လို့ ပြောခဲ့တာ။ ဒီကျေးဇူးကို ကျွန်တော် ပြန်မဆပ်ရင် ကျွန်တော်က လူမဟုတ်ဘူး...”
ဝူယန်က စိတ်ပူပန်စွာ သူ့အား ဆွဲထူလိုက်ပြီး ပြောသည်။ “ဒူးမထောက်ပါနဲ့... မင်းအတွက် ကျွန်တော် လုပ်ပေးမယ်...”
“ပတ်ဝန်းကျင် ပိုမှောင်လာရင် မင်းရဲ့ ရိက္ခာတွေကို သူတို့ဆီ ပစ်ပေးလို့ရတယ်”
“ဒါပေမဲ့ မင်းရဲ့ ပုံစံကိုတော့ မဖော်ပြရဘူး၊ ပြီးတော့ သူတို့ကို ကျွန်တော်တို့နဲ့ ခေါ်သွားလို့ မရဘူး...”
“ချန်လျို၊ ကျွန်တော်က ရက်စက်တာ မဟုတ်ဘူး၊ ဒါပေမဲ့ ကျွန်တော်တို့ လောင်းအစားလုပ်လို့ မရဘူး”
သူသည် ချန်လျို ပြောနေသည်မှာ အမှန်ဖြစ်ကြောင်းကို သိသည်။ သို့သော် သူတို့တွင် ကိုယ်ပိုင်အရာ မရှိခဲ့ချေ။ အရာအားလုံးအတွက် နတ်မင်းအပေါ်တွင် မှီခိုနေရသည်။ သူတို့က နတ်မင်းကဲ့သို့ ဘယ်လို ရက်ရောနိုင်မှာလဲ?
ချန်လျို၏ ကိုယ်ပိုင် ရိက္ခာများကို ခွဲဝေပေးရန် ခွင့်ပြုခြင်းမှာ ဝူယန် လုပ်ပေးနိုင်သည့် အကောင်းဆုံးအရာ ဖြစ်သည်။
ဤလူများသာ ကောင်းမွန်သည်ဆိုလျှင် ကောင်းကင်ဘုံက ထိုသူတို့ကို စွန့်ပစ်မည် မဟုတ်ပေ။
သို့သော် သူတို့၏ လက်ထဲတွင် သွေးများ ရှိနေသောကြောင့် ဝူယန်က ထိုသူတို့ကို ပြန်ခေါ်သွားရန် မဖြစ်နိုင်တော့ချေ။
ချန်လျိုသည် သူ၏ မျက်ရည်များကို သုတ်လိုက်ပြီး ဒူးထောက်ထားသော သူ့ကိုယ်သူကို ထူလိုက်ကာ မတ်တပ်ရပ်လိုက်သည်။ “ကျွန်တော် နားလည်ပါတယ်”
လူတိုင်းတွင် သူတို့၏ ကိုယ်ပိုင်ကံကြမ္မာ ရှိနေပြီး၊ တစ်ခါတစ်ရံတွင် ထိုအရာကို အတင်းအကျပ် မဖန်တီးနိုင်ပေ။