Chapter 24
Viewers 2k

အပိုင်း ( ၂၄) 

 

 

ကောင်းကင်က တဖြည်းဖြည်း လင်းချင်းလာတော့၏။ နေမင်း ထွက်ပေါ်လာသည့် ထိုအခိုက်အတန့်တွင် ၎င်း၏အလင်းရောင်ဖြင့် လူသားများသည် နောက်ထပ်တစ်ရက် အသက်ဆက်ရှင်ခွင့် ရရှိကြဦးမည်ဟု ဖော်ပြနေသကဲ့သို့ပင်။ 

 

သို့သော်၊ ၎င်းက နောက်ထပ်တစ်ရက်မျှသာ ဖြစ်လေသည်။ 

 

ယန်ကျစ်တစ်ယောက် သစ်ပင် ပင်စည်ကို မှီ၍ ထိုင်နေ၏။ ချန်လျို ယူဆောင်လာသော အစားအသောက်များသည် သူတို့အတွက် ခဏမျှ ဖူလုံနိုင်သော်လည်း ရေမှာမူ အလွန်ပင် နည်းပါးနေပြီဖြစ်၏။ 

 

ဤမျှ ပူပြင်းသော အပူဒဏ်အောက်တွင် ရေမရှိသည့် နာရီဝက်ပင်လျှင် ထာဝရကဲ့သို့ ရှည်လျားလှသည်။ 

 

ရေမရှိသည့်အခါ ခံနိုင်ရည်ရှိသော်ငြား ရေရှိပြီးနောက်တွင်မူ သူတို့၏ ရေငတ်ခြင်းက ပို၍ပင် လျင်မြန်စွာ ပြင်းထန်လာခဲ့တော့၏။ 

 

ယန်ကျစ်က တောင်ဘက်သို့ ငေးကြည့်နေခဲ့သည်။ ယခုမူ သူက မျှော်လင့်ချက်ကို လက်လွှတ်လိုက်ရပြီ။ ရက်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီး ဖြစ်သော်လည်း ချန်လျို၏ အရိပ်အယောင်ကို အနည်းငယ်မျှပင် မတွေ့ရသေးချေ။ သူတို့က စကားမပြောကြသော်လည်း အဖွဲ့သားများမှာမူ  သူတို့၏ ကံကြမ္မာကို လက်ခံခဲ့ကြပြီး ဖြစ်၏။ 

 

သေခြင်းတရားက သူတို့အပေါ် ရစ်ဝဲနေသော်လည်း နောက်ဆုံးနှုတ်ဆက်စကား တစ်ခွန်းမျှ ချန်ထားခဲ့ရန် အခွင့်အရေး သို့မဟုတ် ခွန်အားပင် သူတို့၌ မရှိတော့ပေ။ 

 

သူတို့ထဲတွင် အင်အားအကောင်းဆုံးဖြစ်သည့် ယန်ကျစ်ပင်လျှင် စိတ်ဓာတ်ကျဆင်းနေခဲ့၏။ နေ့မှ ညအထိ၊ သူတို့တစ်ဦးစီက တစ်ကြောင်းတည်းသော ဝါကျထက် ပို၍ စကားပြောနိုင်ခြင်း မရှိတော့ချေ။ 

 

သူတို့၏ အသိစိတ် ကြည်လင်သော အခိုက်အတန့်များသည်လည်း တဖြည်းဖြည်း တိုတောင်းလာခဲ့၏။ အနီးတစ်ဝိုက်ရှိ သားရဲတိရစ္ဆာန်များကို ရှင်းလင်းထားခဲ့ခြင်း မရှိခဲ့လျှင် သူတို့မှာ လမ်းဘေးအလောင်းများ ဖြစ်နေကြသည်မှာ ကြာပြီ ဖြစ်လိမ့်မည်။ 

 

ယန်ကျစ်၏ မျက်လုံးများက တဖြည်းဖြည်း အရောင်မှေးမှိန်လာ၏။ 

 

သူ၏ အသက်စွမ်းအင်များ တဖြည်းဖြည်း စိမ့်ထွက်နေသကဲ့သို့၊ ထင်သာမြင်သာရှိပြီး လက်တွေ့ကျနေခဲ့၏။ 

 

ထိုအခိုက်အတန့်တွင်— 

 

ကျယ်ပြောလှသော ကောင်းကင်ကို ဖြတ်၍ ပြေးလွှားလာသော မြင်းခွာသံ။ အဝေးမှ မြင်း၏ ဟီသံက ကောင်းကင်ဘုံမှ တေးသွားသံစဥ်ကဲ့သို့ ပဲ့တင်ထပ်လာခဲ့၏။ 

 

နတ်နန်းတော်မှ သံစဥ်တေးများပင်လျှင် ဤ အသံကို နှိုင်းယှဉ်မည် မဟုတ်ချေ။ 

 

ယန်ကျစ်က ချက်ချင်း ထထိုင်လိုက်ရာ၊ ဤ လှုပ်ရှားမှုကြောင့် သူ၏အမြင်အာရုံမှာ ခဏတာ မှောင်မိုက်သွား၏။ တစ်ခဏ ထိုင်နေပြီးမှသာ သစ်ပင်,ပင်စည်ကို မှီ၍ မတ်မတ် ထိုင်နိုင်ခဲ့သည်။ 

 

ဤအသံက မြေပြင်ပေါ် လဲလျောင်းနေသော လီချင်းကိုလည်း ကုန်းရုန်းထစေခဲ့သည်။ 

 

သူတို့သည် အသံလာရာသို့ တစ်ပြိုင်နက်တည်း လှမ်းကြည့်လိုက်ကြသည်။ 

 

မကြာမီ နောက်ပိုင်းတွင်၊ သူတို့ဘဝ၌ မမေ့နိုင်သော မြင်ကွင်းတစ်ခုကို မြင်တွေ့လိုက်ကြရ၏ ။ 

 

ကျယ်ပြောသော အဝါရောင် သဲလမ်းမပေါ်၌ သစ်ချသီးရောင် မြင်းတစ်ကောင် ခုန်ထွက်လာ၏။ ၎င်းက နေရောင်ခြည်ကို ဆန့်ကျင်ကာ မားမားမတ်မတ်ရပ်နေပြီး နေရောင်က မြင်း၏ သားမွေးပေါ်၌ ရွှေရောင်အနားသတ်အဖြစ် လွှမ်းခြုံထားသည်မှာ ပုံပြင်များထဲမှ ဒဏ္ဍာရီလာ မြင်းတစ်ကောင်နှယ်။ အလွန်ပင် ခန့်ညားထည်ဝါပြီး ကြွက်သားများက သန်မာပြေပြစ်လှ၏။ ၎င်းခုန်လိုက်လျှင် မားမားမတ်မတ် ရပ်နေသော တောင်တန်းများနှင့် တောင်စဥ်တန်းများကိုပင် ကျော်လွှားပျံသန်းနိုင်သည့်နှယ် ထင်ရသည်။ 

 

နက်ရှိုင်းသော အညိုရောင်မြင်းမြီးမှာ ခုန်လိုက်သည့် အခိုက်အတန့်တွင် နတ်မင်းတစ်ပါး၏ လက်ထဲမှ မြင်းနှင်တံကဲ့သို့ ဝဲကျသွား၏။ 

 

၎င်း၏ အလှက မြေပြင်ကိုပင် တုန်လှုပ်သွားစေသည်ဖြစ်ရာ လူတို့သည် မျက်တောင်မခတ်စတမ်း ငေးကြည့်နေမိကြသည်။ 

 

မြင်းကောင်း မြင်းမြတ်များစွာကို မြင်ဖူးသော ယန်ကျစ်ပင်လျှင် မနေနိုင်ဘဲ တီးတိုးရေရွတ်လိုက်၏။ “နတ်မြင်း… အဲ့တာ နတ်မြင်းပဲ…”   

 

သူသည် သူချစ်မြတ်နိုးရသော မိန်းကလေးကို တွေ့လိုက်ရသူနှယ် အသံကျယ်ကျယ်ပင် မပြောရဲဘဲ တောင့်တသော မျက်လုံးများဖြင့်သာ ငေးကြည့်နေတော့သည်။ 

 

“ဖြည်းဖြည်း… ဖြည်းဖြည်းသွားကြ…” မြင်းသည် သူတို့ထံ မရောက်မီပင် ယန်ကျစ်နှင့် သူ့အဖွဲ့သားများမှာ မြင်း၏နောက်မှ ပြေးလိုက်လာကြသော မောဟိုက်နွမ်းနယ်နေသည့် ဝူယန်နှင့် သူ့လူများကို မြင်လိုက်ရ၏။ 

 

 

 မြည်းစီးတတ်သော ဝူယန်မှလွဲ၍ သူတို့ထဲက တစ်ယောက်မျှ မြင်းမစီးတတ်ကြပေ ။ 

 

 

ချောင်အာမှာ နွားစီးဖူးသည့် အတွေ့အကြုံရှိသော်လည်း မြင်းပေါ်သို့ မတတ်ရဲခဲ့ချေ။ 

 

ဤခေတ်အခါတွင် မြင်းများမှာ ဇိမ်ခံပစ္စည်းတစ်ခု ဖြစ်၏။ ခိုးယူစီးနင်းသော ဓားပြများမှလွဲ၍ အစိုးရအရာရှိ အများစုကပင် နွားလှည်းဖြင့်သာ သွားလာနိုင်ခဲ့ကြသည်။ မြင်းများက မျိုးနွယ်မြင့်သူများနှင့် ရာထူးမြင့်သော အရာရှိများ၏ သီးသန့်ပိုင်ဆိုင်မှုဖြစ်ပြီး မြင်းကောင်းတစ်ကောင်က စည်းစိမ်ဥစ္စာ အလွန်အမင်း ထိုက်တန်ပေ၏။ 

 

ပထမ၌ သူတို့သည် မြင်းများကို လမ်းလျှောက်၍သာ ခေါ်ဆောင်ခဲ့ကြရ၏။ သို့သော် လမ်းမှာ ချောမွေ့လာသောအခါ လှည်းဆွဲနေသော မြင်းနှစ်ကောင်မှလွဲ၍ ကျန်မြင်းများက ကဆုန်ပေါက်လာကြသည်။ မည်သို့ပင်ဆိုစေကာမူ ထိုမြင်းများက လူသားများကို ဂရုစိုက်တတ်ကြသည် ဖြစ်ရာ အလွန်ဝေးဝေး ပြေးသွားခဲ့လျှင်ပင် ရပ်စောင့်နေတတ်ကြ၏။

 

ချန်လျိုသည် လူအုပ်၏ နောက်ဆုံးမှ လိုက်ပါလာခဲ့ရာ ယန်ကျစ်နှင့် သူ့အဖော်များကို စကားပြောရန် ဆန္ဒမရှိတော့ချေ။ 

 

ယန်ကျစ်သည် လမ်းအလယ်တွင် ရပ်နေသော မြင်းကို မယုံနိုင်စွာ စိုက်ကြည့်နေပြီး မရည်ရွယ်ဘဲ တံတွေးကို တစ်ဝက်မျှ မြိုချလိုက်မိ၏။ 

 

အမှန်တကယ်တွင် သူသည် မြင်းအစားထိုး တစ်ကောင်ကို တွေ့ရှိရန် မျှော်လင့်ချက် နည်းပါးလှသည်။ ယခုအခိုက်အတန့်တွင် မြင်းပိုင်ဆိုင်သူများမှာ စစ်မှန်သော နတ်များသာ ဖြစ်ပေလိမ့်မည်။ 

 

သူသည် အခြားသူများက မြင်းတစ်ကောင်မျှသာ ပေးရန် ဆန္ဒရှိမည်ကို မျှော်လင့်နေ၏။ တစ်ကောင်ဆိုလျှင်ပင် လုံလောက်နေချေပြီ။ 

 

ထိုအခါမှသာ သူ၏ အကျွမ်းကျင်ဆုံး ညီအစ်ကိုကို သူတို့၏ ပစ္စည်းများနှင့်အတူ စီးနင်းစေကာ ခရီးထွက်ခွာစေနိုင်မည်။ 

 

မြင်းမှာ မြင်းကောင်းတစ်ကောင်ဖြစ်ရန် မလို။ အရည်အသွေးနိမ့် မြင်းတစ်ကောင်ဆိုလျှင်ပင် အဆင်ပြေ၏။ 

 

သို့သော် သူ့ရှေ့တွင် ပေါ်လာသော မြင်းက မုချပင် ပြိုင်ဘက်ကင်းသော အလှပိုင်ရှင်ဖြစ်၏။ ရောင်းချမည်ဆိုလျှင် မြို့တစ်မြို့လုံးကို ဝယ်ယူနိုင်ပေလိမ့်မည်။ 

 

အလားတူမြင်းမျိုး ခြောက်ကောင်ရှိသည်။ 

 

နောက်ဆုံး မြင်းနှစ်ကောင်ကတော့ လှည်းတစ်စီးကို ဆွဲနေကြ၏။ 

 

ဤအခိုက်အတန့်တွင် ယန်ကျစ်သည် လှည်းအောက်ရှိ ထူးဆန်းသော ဘီးများကို အာရုံမစိုက်နိုင်တော့ချေ။ သူ၏အကြည့်နှင့် အာရုံစူးစိုက်မှု အားလုံးက ထိုမြင်းများအပေါ်တွင်သာ ဖမ်းစားခံထားရတော့၏။ 

 

ဝူယန်နှင့် သူ၏အဖွဲ့သည် ယန်ကျစ်နှင့် သူ့အဖော်များထံသို့ ချဥ်းကပ်လာကြ၏။ 

 

ယန်ကျစ်မှလွဲ၍ ကျန်လူများသည် အလိုအလျောက်ပင် နောက်သို့ တစ်လှမ်းဆုတ်လိုက်ကြသည်။ ဝူယန်နှင့် သူ့အဖွဲ့သည် အရပ်မမြင့်ကြသော်လည်း သူတို့နှင့် နှိုင်းယှဉ်ပါက ကျန်းမာသန်စွမ်းနေပုံ ပေါက်နေကြ၏။ ထို့အပြင် အမျိုးသမီးနှစ်ဦး၊ သို့မဟုတ် မိန်းကလေးငယ်နှစ်ဦး လိုက်ပါလာခြင်းက သူတို့တွင် ယုံကြည်မှု အတော်အတန် ရှိကြောင်းကို ဖော်ပြနေတော့၏။ 

 

“လူကြီးမင်းယန်” ဝူယန်က ယန်ကျစ်အား လက်နှစ်ဖက်ကိုယှက်၍ အရိုအသေပြုကာ နှုတ်ဆက်လိုက်၏။ 

 

သူသည် တစ်ဖက်လူအား မည်သို့ ခေါ်ရမည်ကို မသေချာချေ။ သူ၏ အသက်ကို မသိသော်လည်း “လူကြီးမင်း” ဟု ခေါ်ဆိုခြင်းက မှားမည်မဟုတ်ဟု ယူဆခဲ့သည်။ 

 

“စုစုပေါင်း မြင်းခြောက်ကောင်၊ စားနပ်ရိက္ခာနဲ့ ရေတွေပါ,ပါတယ်” ဝူယန်က ပြော၏။ “ မင်းတို့ စစ်ဆေးလို့ရပါတယ်၊ အဆင်ပြေတယ်ဆို ကျွန်တော်တို့ သတင်းပြန်ပို့ပေးပါ့မယ်” 

 

ဝူယန်က ပစ္စည်းထုပ်တစ်ထုပ်ကို ယူကာ ယန်ကျစ်၏ လက်ထဲသို့ ပေးလိုက်၏။ “နတ်မင်းက ဒီပစ္စည်းတွေကို လက်မခံဖို့ ပြောထားပေမဲ့ ခင်ဗျားတို့ ကိုယ်တိုင် ကြည့်လိုက်ပါ” 

 

ယန်ကျစ်သည် ထိုအထုတ်ကို လှမ်းယူလိုက်သော်လည်း လက်ခံသည့် အခိုက်အတန့်တွင် အရှိန်မထိန်းနိုင်ဘဲ ထိုအထုပ်၏ အလေးချိန်ကြောင့် မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။ 

 

ဝူယန်နှင့် သူ့အဖွဲ့များမှာ ယန်ကျစ်၏ လဲကျမှုကြောင့် လန့်သွားကြ၏။ သို့သော် ယန်ကျစ် အနီးရှိ လူများက ရှင်းလင်းစွာ မြင်တွေ့ခဲ့ရပြီး သူက မည်မျှ အားနည်းနေသည်ကို သိနေကြ၏။ ဤ အထုတ်၏ အလေးချိန်ကိုပင် မထိန်းနိုင်တော့သည်ကို မြင်ရ၏။ 

 

ယန်ကျစ်က ဖြည်းဖြည်းချင်း ထရပ်လိုက်ပြီး လက်များက ထိုအထုတ်ကို အားမရှိစွာ ဖွင့်လိုက်သည်။ 

 

မျက်လုံးများနဲ့ ဆုံသွားသည့်ခဏ ရွှေထည်များက သူ၏မျက်လုံးများကို တဖြည်းဖြည်း ကျယ်လာစေခဲ့ပြီး မြေပြင်ပေါ်၌ မယုံနိုင်စွာ ထိုင်နေတော့သည်။ 

 

ရွှေထုပ်ထဲတွင် ကောင်းမွန်သော မိသားစုများမှ ရရှိသည့် ပစ္စည်းအနည်းငယ်သာ ပါဝင်သည်။ 

 

ကျန်ရှိသည့် စည်းစိမ် အားလုံးက အကျင့်ပျက်ခြစားသော အရာရှိများနှင့် လူဆိုးများထံမှ ရရှိထားသော မတရားသည့် ရယူမှုများသာ ဖြစ်၏။ 

 

သူတို့ ပြန်ပေးခဲ့သော ပစ္စည်းများသည် ဟွမ်ရှန်မှ ညီအစ်ကိုများ၏ မှားယွင်းစွာ သိမ်းယူခဲ့ခြင်း၏ ရလဒ်များ ဖြစ်သည်။ သူတို့သည် အသက်များကို မသတ်ခဲ့ကြသော်လည်း ဟွမ်ရှန်အတွက်မူ ဤသည်မှာ မဖျောက်ဖျက်နိုင်သော ဓားပြများ၏ စွန်းထင်းမှုတစ်ခု ဖြစ်နေတော့၏။ ဤအရာက သူတို့၏ ဂုဏ်သတင်းကို ဓားပြအဖြစ် သေချာစေခဲ့ပြီး ညီအစ်ကိုအများစုကို စိတ်မပူစေခဲ့သော်လည်း ဓားပြဖြစ်ရန် ရည်ရွယ်ချက်မရှိသော ယန်ကျစ်ကဲ့သို့သော ပုဂ္ဂိုလ်အတွက်မူ ဤဖြစ်ရပ်က ညလုံးပေါက် အိပ်မပျော်စေရန် လုံလောက်ခဲ့တော့၏။ 

 

ရွှေထည် အမြောက်အမြားကို မြင်လိုက်ရသည့်အခါ သူက ချက်ချင်းပင် သူတို့၏ မူရင်းပိုင်ဆိုင်သူများကို ခွဲခြားသိမြင်နိုင်ခဲ့သည်။ 

 

ယန်ကျစ်၏ မျက်နှာအမူအရာကို ကြည့်၍ ဝူယန်တစ်ယောက်လည်း ဤပစ္စည်းများ၏ မူလဇစ်မြစ်ကို ကောက်ချက်ချနိုင်ခဲ့သည်။ သူ့အား အချိန်ကြာမြင့်စွာ နှောင့်ယှက်နေခဲ့သော ပဟေဠိက နောက်ဆုံးတွင် ပြေလည်သွားခဲ့ပြီး သက်ပြင်းချလိုက်သည်။ “နတ်မင်းတွေက အရာအားလုံးကို သိမြင်နိုင်တယ်”  

 

ထိုအခိုက်အတန့်တွင် ယန်ကျစ်က သံသယ အရိပ်အယောင်ဖြင့် မေးလိုက်၏။ “နတ်မင်းက ဘာလို့… ကျွန်တော်တို့ကို ကယ်တင်ခဲ့တာလဲ?”

 

သူတို့က လူကောင်းများကို လုယက်ခဲ့ကြပြီးဖြစ်၍ သူတို့သည်လည်း မစင်ကြယ်ကြတော့ပေ ။  ထို့ကြောင့် လူကောင်းများဟု မခေါ်ဆိုနိုင်သကဲ့သို့ ကယ်တင်ခြင်းခံရရန် ထိုက်တန်သည်ဟုလည်း မယူဆနိုင်တော့ပေ။ 

 

ထိုမျှမက၊ ဤအရာသည် သူ သတိထားမိသည့် အရာတစ်ခုဖြစ်၏။ တောင်ပေါ်တွင် ညီအစ်ကို အများအပြား ရှိနေခဲ့ရာ သူတို့အားလုံးက လူကောင်းများဖြစ်သည်ဟု မပြောနိုင်သကဲ့သို့ အပြစ်မဲ့သူများကို လုယက်ခြင်း သို့မဟုတ် သတ်ဖြတ်ခြင်း မပြုခဲ့ဟုလည်း အာမခံမပေးနိုင်ပေ။ ဆိုးရွားသော မိုးခေါင်ရေရှားမှု မတိုင်မီကပင် သူသည် ထိုသို့သော အာမခံချက်မပေးရဲခဲ့ချေ။ အခုလိုအချိန်မျိုးဆိုလျှင် ပိုလို့တောင် မပေးရဲပါ ။ 

 

ဝူယန်က ပြန်ဖြေ၏။ “နတ်မင်းက အနာဂတ်မှာ သူရဲကောင်းတွေက သီလရှိတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်လာနိုင်တယ်လို့ ယုံကြည်တာလည်း ဖြစ်နိုင်တာပဲ” 

 

ယန်ကျစ်က သက်ပြင်းချပြီး ဆို၏။ “ကျွန်တော်ကတော့ လူကောင်းတစ်ယောက် ဖြစ်လာမှာ မဟုတ်ဘူး။ နောင်လာမယ့် ရက်တွေမှာ လူတွေကို ပိုပြီး သတ်ရဦးမယ် ထင်တယ်” 

 

သို့သော် ဝူယန်က ပြောလိုက်သည်။ “နတ်မင်းက လူတွေကို အကဲဖြတ်တဲ့နေရာမှာ ဘယ်တုန်းကမှ မမှားဖူးပါဘူး။ သူရဲကောင်းတွေက ကိုယ့်ကိုယ်ကိုယ် အထင်မသေးသင့်ဘူး။ ခင်ဗျား သတ်ခဲ့သူတွေက လူဆိုးတွေဖြစ်ခဲ့မယ်ဆိုရင် ခင်ဗျား လူတွေကို ဘေးအန္တရာယ်ကနေ ကယ်တင်နေတာ မဟုတ်ဘူးလား?” 

 

ယန်ကျစ်က လက်ဝှေ့ယမ်းပြပြီး ထပ်မံ ဆွေးနွေးရန် ဆန္ဒမရှိတော့ချေ။ 

 

ဝူယန်၏ အကူအညီဖြင့် လှည်းပေါ်သို့ တက်လိုက်ပြီးမှသာ ထူးဆန်းသော ဘီးများကို သတိထားမိတော့သည်။ သို့သော် ဘီးများထက် ပို၍ အံ့အားသင့်စရာကောင်းသည်မှာ လှည်းအတွင်းမှ ပစ္စည်းများဖြစ်၏။ ရေစည်များ၊ အစာခြောက် စားနပ်ရိက္ခာများ အပြင် မြင်းစာများပင် သေသေသပ်သပ် စီစဥ်ထားသည်ကို တွေ့ရ၏။ 

 

လွန်ခဲ့သည့်ခဏကပင် ရှင်ခြင်းနှင့် သေခြင်း၏ အစွန်းတွင် ရောက်ရှိနေခဲ့ကြပြီး ယခုမူ ကောင်းကင်မှ မမျှော်လင့်ထားသော ကံကြမ္မာကောင်းကို ရရှိခဲ့ကြလေသည်။ 

 

ယန်ကျစ်၏ လက်များမှာ တုန်ယင်ခြင်းကို မရပ်နိုင်တော့ချေ။ သူက လှည်းပေါ်မှ ဆင်းလိုက်သည့်အခါ ခြေထောက်များခွေကျသွား၏။ ဝူယန်၏ အကူအညီသာ မရခဲ့လျှင် သူက တစ်ဖန်ပြန်ကာ လဲကျသွားပေလိမ့်မည်။ 

 

သူ့ဘဝ၏ ပထမဆုံး အနှစ်နှစ်ဆယ်လုံးလုံး ယန်ကျစ်သည် ချမ်းသာကြွယ်ဝသော မြေပိုင်ရှင်၏ သားအဖြစ် သာမန်လူများ အိပ်မက်မျှသာ မက်နိုင်သည့် ရာထူးဖြင့် သက်သောင့်သက်သာ နေထိုင်ခဲ့ရ၏။ 

 

သို့သော် သူသည် အမြဲတမ်း စိတ်သဘောထား နူးညံ့သိမ်မွေ့ပြီး သနားကြင်နာတတ်သော သဘာဝကို ပိုင်ဆိုင်ခဲ့၏။ သူသည် အားနည်းသူများကို ကြင်နာတတ်ပြီး သူ့ပတ်ဝန်းကျင်ရှိ လူများ အနိုင်ကျင့်ခံရခြင်းနှင့် အလွဲသုံးစားလုပ်ခံရခြင်းကို မြင်တွေ့သည်နှင့် မခံမရပ်နိုင် ဖြစ်တတ်သည်။ 

 

ယနေ့ထိတိုင်၊ သူသည် လုပ်သားများကို ခေါ်ဆောင်ကာ ခရိုင်ရုံးသို့ သွားရောက်ခဲ့ခြင်းက မှန်ကန်သည် သို့မဟုတ် မှားယွင်းသည်လားတော့ မသိနိုင်သေးချေ။ 

 

မိသားစု၏ ရာစုနှစ်ချီ အမွေအနှစ်ကို တစ်ချက်တည်းနှင့် ဖျက်ဆီးပစ်ခဲ့ပြီးပြီ ဖြစ်၏။ 

 

ဧကရာဇ်က သူ၏မိသားစုကို ကယ်တင်ခဲ့သော်လည်း သူသည် သူတို့၏ စိုက်ပျိုးခွင့်ရ မြေများပေါ်ရှိ တောင်သူများကို မကယ်တင်ခဲ့ချေ။ 

 

သူ၏ မိဘများနှင့် မွေးချင်းများက ဟွမ်ရှန်ပေါ်တွင် ပိတ်မိနေကြပြီး အစိုးရ၏ ဓားပြနှိမ်နင်းရေး ကြိုးပမ်းမှုများကို အမြဲတမ်း စိုးရိမ်ထိတ်လန့်လျက် နေထိုင်နေကြရ၏။ သူတို့၏ တစ်ချိန်က ပျော်ရွှင်ခဲ့ကြသော ငြိမ်းချမ်းသည့်နေ့ရက်များက ရုတ်တရက် ဝေးကွာသော အမှတ်ရစရာများ ဖြစ်လာခဲ့ရတော့သည် ။ 

 

လူတိုင်းက သူ့ကို ချီးမွမ်းကြ၏။ သူ၏ တရားမျှတမှု၊ အာဏာရှိသူများကို မကြောက်မရွံ့မှုတို့ကို ချီးမွမ်းကြပြီး သူ့အား ကြီးမြတ်သော ပုဂ္ဂိုလ်တစ်ဦးဟု ခေါ်ဝေါ်ခဲ့ကြသည်။ 

 

သို့သော် လူကောင်းတစ်ယောက် ဖြစ်လာရန် မည်မျှပေးဆပ်ရမည်ကို သူတစ်ဦးတည်းသာ သိခဲ့၏။ 

 

သူ၏ မိဘများမှာ နေ့ရောညပါ ငိုကြွေးကြ၏။ မွေးချင်းများကလည်း သူ့ကို စကားမပြောတော့ပေ။ ယခင်က တောင်သူများပင်လျှင် သူ့ကို ကျေးဇူးတင်ကြမည် မဟုတ်တော့ချေ။ 

 

သူ ခရိုင်ရုံးသို့ မသွားခဲ့ပါလျှင် တောင်သူ အများစုက စိုက်ပျိုးရေးကို ဆက်လုပ်နိုင်ပြီး ရိုးသားစွာ နေထိုင်နိုင်ခဲ့ကြပေလိမ့်မည်။ 

 

သို့သော် ခရိုင်ရုံးသို့ သွားရောက်ခဲ့ခြင်းဖြင့် သူသည် မိသားစု၏ စည်းစိမ်ဥစ္စာများကို ဆုံးရှုံးခဲ့ရပြီး တောင်သူများကိုလည်း မျိုးဆက်ပေါင်းများစွာ စိုက်ပျိုးလာခဲ့သော မြေများမှ မောင်းထုတ်ခဲ့ရ၏။ သူတို့သည် စိုက်ပျိုးရေးမှလွဲ၍ အခြားအရာကို မသိကြပေ။ တခြားနေရာမှာ မြေငှားပြီး နေနိုင်ပါ့မလား။ ကိုယ့်ကိုယ်ကိုယ် ကျွေးမွေးနိုင်ပါ့မလား။ 

 

သူ၏ ခဏတာ ဒေါသက ကောင်းမွန်သော ရလဒ်များကို မဆောင်ကြဥ်းနိုင်ခဲ့ချေ။ ထိုအစား မိသားစုအမွေအနှစ်ကို ဖျက်ဆီးခဲ့ပြီး တောင်သူများ၏ အသက်မွေးဝမ်းကျောင်းကိုပင် ဖြတ်တောက်ခဲ့၏။ ထို့ကြောင့် သူ၏မိသားစုကို တောင်ပေါ်မှ ဓားပြများနှင့် ပူးပေါင်းရန် တွန်းအားပေးခဲ့သည်။ သူ့အနေဖြင့်လည်း လယ်ယာလုပ်ငန်းနှင့် စာပေတတ်မြောက်သော အိမ်ကြီးသခင်၏ သားငယ်ဘဝမှ ဓားပြများကြားမှ ဒုတိယခေါင်းဆောင် ဖြစ်လာခဲ့ရ၏။ 

 

သူက မှန်ကန်သော အရာကို လုပ်ခဲ့သည်ဟု မခံစားရသော်လည်း ဘာကို မှားယွင်းစွာ လုပ်ခဲ့သည်ကိုလည်း မသိနိုင်တော့ချေ။

 

သူသည် တောင်သူများဘက်မှ ရပ်တည်ပေးခဲ့ခြင်းကြောင့် မှားခဲ့​​သလား။ အားနည်းသူများအပေါ် သနားကြင်နာမှု ပြသခဲ့ခြင်းက မှားယွင်းသော ဆုံးဖြတ်ချက် ဖြစ်ခဲ့တာလား။ မြင့်မြတ်သော လူကောင်းတစ်ယောက် ဖြစ်ရန် ရည်မှန်းခဲ့ခြင်းက အမှားတစ်ခု ဖြစ်ခဲ့ပါသလား။

 

ယန်ကျစ်တစ်ယောက် အဖြေများကို ရှာမတွေ့နိုင်တော့ချေ။ ထို့ကြောင့် သူ၏ လုပ်ရပ်များမှာ မှန်သည် ၊ မှားသည်ကို နောက်ဆုံး၌ နားလည်နိုင်ရန်အတွက် ဤလမ်းကြောင်းကို အဆုံးထိ လျှောက်လှမ်းရန်သာ တတ်နိုင်တော့၏။

 

“ကျေးဇူးတင်ပါတယ်” ယန်ကျစ်က ဝူယန်၏ မျက်လုံးများကို စိုက်ကြည့်လိုက်၏။ “နတ်မင်းမှာ ဘွဲ့အမည်များ ရှိလားမသိဘူး ကျွန်တော် တောင်ဘက်ကို ဘေးကင်းကင်းနဲ့ ပြန်ရောက်ခဲ့ရင် နတ်မင်းရဲ့ စေတနာ ထာဝရတည်တံ့စေဖို့ ရုပ်တုတစ်ခုကို ဖန်တီးပေးပါ့မယ်”

 

ဝူယန်က ခေါင်းခါလိုက်၏။ “မလိုအပ်ပါဘူး။ လူကြီးမင်း နတ်မင်းကို ယုံသည်ဖြစ်စေ၊ မယုံသည်ဖြစ်စေ၊ ရုပ်တု ထုသည်ဖြစ်စေ၊ မထုသည်ဖြစ်စေ နတ်မင်းက စိတ်မဝင်စားပါဘူး”

 

ယန်ကျစ်က တီးတိုး ရေရွတ်လိုက်၏။ “အိုး၊ နတ်မင်း…”

 

“လာပါ။ ရေသောက်ကြပါဦး” ဝူယန်တစ်ယောက် လှည်းမှ ရေပုံးတစ်ပုံးကို ယူလာခဲ့၏။ ၎င်းရေပုံးသည် ရေယူသည့်အခါ ဖိတ်စင်မှု မရှိစေရန်အတွက် အလွန်အားထုတ်၍ ကိုင်ထားရသော ပုံစံမျိုး ဖြစ်လေ၏။

 

ယန်ကျစ်နှင့် အဖွဲ့သားများမှာ လှည်းပေါ်တွင် ပြင်ဆင်ထားသော ခွက်များကို အသုံးပြုရန် မစောင့်နိုင်တော့ဘဲ ပါးစပ်များကို  ဖွင့်၍ တေ့ကာ အလှည့်ကျ ဝမ်းသာအားရ သောက်ခဲ့ကြ၏။

 

နောက်ဆုံးတွင် ယန်ကျစ်မှာ သူ၏ ဝမ်းဗိုက်တစ်ခုလုံး ရေများဖြင့် ပြည့်သွားသကဲ့သို့ ခံစားလိုက်ရ၏။ သူ လမ်းလျှောက်သည့်အခါ ရေများ ဆက်တိုက် လှုပ်ခတ်နေသော အသံကိုပင် ကြားနိုင်သည်ဟု ထင်ခဲ့မိ၏။

 

သူတို့သည် နောက်ဆုံးတွင်  ရေငတ်ပြေသွားခဲ့ကြပြီး အားလုံး နားခိုရန် လဲလျောင်းလိုစိတ် ဖြစ်ပေါ်ခဲ့ကြသော်လည်း သူတို့၏ နေရာများတွင် ရပ်နေရန်သာ အတင်းအကျပ် ထိန်းထားခဲ့ကြ၏။

 

ဝူယန်: “လူကြီးမင်းတို့မှာ ကန့်ကွက်စရာ မရှိဘူးဆိုရင်၊ ကျွန်တော်တို့ သွားကြတော့မယ်”

 

“ချန်လျို...” ယန်ကျစ်က ရုတ်တရက် ချန်လျို၏ နာမည်ကို လှမ်းခေါ်လိုက်တော့၏။

 

အဖွဲ့၏ နောက်ကွယ်တွင် ပုန်းအောင်းနေသော ချန်လျိုမှာ  သူ၏ လည်ပင်းကို ကုပ်ထားပြီး တုံ့ပြန်ရန် ဝန်လေးနေခဲ့၏။ ယန်ကျစ်နှင့် သူ၏ အဖွဲ့နှင့် ဆက်စပ်မှု ရှိခြင်းကို သူ မလိုလားတော့ချေ…

 

သို့သော် ယန်ကျစ်က ချန်လျိုထံသို့ တိုက်ရိုက် လျှောက်သွားခဲ့ပြီး ရိုသေလေးစားစွာ ဦးညွှတ်အရိုအသေ ပေးလိုက်၏။ သူ၏ အသံမှာ တုန်ယင်လျက် ပြောလိုက်သည်။ “အရင်က မင်းကို ငါ စော်ကားမိခဲ့ပါတယ်”  

 

ချန်လျိုက အကူအညီမဲ့စွာ ပတ်ပတ်လည်ကို ကြည့်လိုက်ပြီး မျက်တောင် အနည်းငယ် ခတ်လိုက်ကာ ခြောက်ကပ်ကပ် အသံဖြင့် ဆို၏။ “ကျွန်တော်… ကျွန်တော် ညီအစ်ကိုတွေရဲ့ အကြွေးကို ဆပ်ပြီးပါပြီ။ နောက်ဆို ဘာမှ အကြွေးတင်တော့မှာ မဟုတ်ဘူး။ နောက်တစ်ခါ ဆုံရင်လည်း ကျွန်တော့်ကို မသိချင်ယောင် ဆောင်ပေးပါ”

 

ယန်ကျစ်တစ်ယောက် ဆက်လက် ငြိမ်သက်နေခဲ့ပြီး၊ သူ၏ ရိုသေသော အမူအရာကို ဆက်လက် ထိန်းသိမ်းထားခဲ့၏။

 

ဝူယန်သည် ချန်လျိုအား အချက်ပြလိုက်၏။ ထို့နောက် အဖွဲ့သားများက ယန်ကျစ်နှင့် သူ၏ အဖော်များနှင့်  အပြန်အလှန် ဆက်ဆံခြင်း မရှိတော့ဘဲ လမ်းမအတိုင်း တိတ်ဆိတ်စွာ ဆက်လက် လျှောက်လှမ်း၍ နောက်ပြန်လှည့်လာခဲ့ကြ၏။

 

ချောင်အာသည် ဆာရာအား တိုးတိုးလေး မေးလိုက်၏။ “ကျဲကျဲ၊ ဒီလောက်ပဲလား?”

 

သူ(မ)သည် သူ(မ)၏ Repeating Crossbow ကို သုံးရလိမ့်မည်ဟု ထင်ခဲ့ခြင်းပင်။

 

{ T/N - Repeating Crossbow - Raw မှာ Zhuge Nu နဲ့သုံးထားပါတယ် အဓိပ္ပါယ်က အဆက်မပြတ် ပစ်ခတ်နိုင်တဲ့လေးလို့ အဓိပ္ပါယ်ရပါတယ်}

 

သို့သော် ၎င်းကို မသုံးရခြင်းက တစ်ခုခုထက် ပို၍ ကောင်းသေး၏။

 

ဆာရာက ချောင်အာ၏ လက်ကို ကိုင်ရင်း သမ်းဝေလိုက်၏။ မျက်လုံးများကို ပွတ်သပ်ရင်း သူ(မ)က ပြန်ဖြေလိုက်သည် ။ “ဟုတ်တယ်၊ ပြီးသွားပြီ”

 

သူ(မ)သည် အနည်းငယ် ကြွားဝါချင်သကဲ့သို့ ပြောလိုက်၏။ ဤ ခရီးစဥ်က သူ(မ)အား ထူးချွန်ထက်မြက်မှုကို ပြသရန် အခွင့်အရေး အများအပြား ပေးခဲ့ပုံ မရချေ။

 

ချောင်အာ သက်ပြင်းချလိုက်ပြီး သူ(မ)၏ မျက်နှာတွင် အပြုံးတစ်ပွင့် ပျံ့နှံ့သွား၏။ “နတ်မင်းက အပေါ်ကနေ စောင့်ကြည့်နေတယ် ထင်တယ်...”

 

ဆာရာက ငြင်းခုံခြင်းမရှိဘဲ ခေါင်းညိတ်လိုက်၏။ Boss အား မျက်နှာပေးခြင်း၊ Boss ၏ သြဇာအာဏာကို မပျက်စီးစေခြင်းက ယုံကြည်စိတ်ချရသော ကိုယ်ရံတော်တစ်ဦးအတွက် စည်းမျဥ်းကောင်းတစ်ခုပင်။

 

ယန်ကျစ်နှင့် အဖွဲ့သားများသာ သူတို့၏ နေရာများတွင် ရပ်နေခဲ့ပြီး၊ သူတို့၏ ပုံရိပ်များကို ရှုပ်ထွေးသော အမူအရာများဖြင့် စောင့်ကြည့်နေခဲ့ကြတော့၏။

 

ယန်ကျစ်က တီးတိုးရေရွတ်လိုက်၏။ “အိုး၊ နတ်မင်း…”

 

.

 

အဝေးတစ်နေရာတွင် ကောင်းကင်ကို ပန်းရောင်စုံ အရိပ်အယောင်များဖြင့် ခြယ်မှုန်းထားပြီး၊ ကွဲပြားနေသော တိမ်တိုက်များသည် ညနေဆည်းဆာ၏ နောက်ဆုံးအခိုက်အတန့်များတွင် သိမ်မွေ့သော မှိုင်းဝါရောင်ဖြင့် ဆေးရောင်ခြယ်သထားသည်ကို တွေ့ရ၏။ ကမ္ဘာကြီးက အလွန်ပင် စွဲမက်ဖွယ်ကောင်းပြီး အသက်ရှူမှားလောက်ဖွယ်ရာ ဖြစ်နေခဲ့၏။

 

 

“ဒီမှာ ခဏနားကြစို့” ဝူယန်တစ်ယောက် နေရာတစ်ခုကို ရွေးချယ်လိုက်၏။

 

သူတို့၌ အစွမ်းထက်သော လက်နှိပ်ဓာတ်မီးများ ရှိသော်ငြားလည်း ညဘက်တွင် ဘယ်တော့မှ ခရီးမသွားခဲ့ကြချေ။ မလိုအပ်သော ပြဿနာများကို ရှောင်ရှားရန်အတွက် ၎င်းတို့ကို မသုံးစွဲခဲ့ကြချေ။

 

ထို့အပြင် နေ့ဘက် ခရီးသွားလာခြင်းကြောင့် သူတို့က ပင်ပန်းနွမ်းနယ်နေခဲ့ကြပြီး နတ်မင်းမှာလည်း စူပါမားကတ်သို့ သတ်မှတ်ထားသော အချိန်တစ်ခု၌ ရောက်ရှိရန် တောင်းဆိုခဲ့ခြင်း မရှိသောကြောင့် အလျင်စလို လုပ်ဆောင်ရန် မလိုအပ်ခဲ့ပေ။

 

ဝန်ထမ်းများမှာ သူတို့၏ ခြင်ဆေးရည်များကို စနစ်တကျ ထုတ်ယူခဲ့ကြပြီး သူတို့ကိုယ်တိုင် လိမ်းကျံကြပြီးနောက်မှ သူတို့၏ အဖော်များထံ ပေးပို့လိုက်ကြ၏။

 

ပိုးမွှားကိုက်ခံရခြင်းက ပြင်းထန်သော အနံ့ထက် ပို၍ မသက်မသာ ဖြစ်သောကြောင့် သူတို့က အနံ့ပြင်းပြင်းနှင့် အလွန်အကျွံ အနံ့အသက်ရရှိခြင်းကို စိတ်ထဲတွင် မထားခဲ့ကြချေ။

 

သူတို့သည် မီးကိုလည်း မမွှေးခဲ့ကြပေ။ ရာသီဥတုက အလွန်ပူပြင်းလွန်းသဖြင့် မီးမွှေးခြင်းက သူတို့ကိုယ်သူတို့ အရှင်လတ်လတ် မီးကင်နေကဲ့သို့သာ ခံစားရလိမ့်မည်။

 

လူတိုင်းသည် အစာခြောက်များကိုသာ စားသုံးခဲ့ကြ၏။ ဤတစ်ကြိမ်တွင် ချောင်အာ၏မိခင်က ပြင်ဆင်ထားသော ဟင်းပွဲအေးများ ပါရှိရာ ပေါင်မုန့်ခြောက်များနှင့် တွဲဖက်စားသုံးသောအခါ မိုးခေါင်ရေရှားမှု မရှိသည့် အချိန်ကာလတွင်ပင် ဇိမ်ခံစားသကဲ့သို့ ခံစားရစေခဲ့၏။

 

“အခုဆိုရင် လီကူးက ဟင်းချက်ရင် ဆီသုံးဖို့  ဆန္ဒရှိနေပြီ...” ဝူယန် ဟင်းပွဲအေးကို တစ်ကိုက် စားလိုက်ပြီးနောက် ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြောလိုက်၏။ “အရင်တုန်းကဆို သူ(မ) အရမ်း ကပ်စေးကုတ်တာ”

 

ချောင်အာက ပြန်လည် ထောက်ပြ၏။ “ကိုယ်တိုင် အိမ်ထောင်ရှင်မ, မဖြစ်ခင်အထိတော့ စားသောက်ကုန်တွေရဲ့ ကုန်ကျစရိတ်ကို ရှင် နားလည်မှာ မဟုတ်ဘူး... ဆားနဲ့ ဆီက ဈေးကြီးတယ်၊ မြေပိုင်ရှင်တွေတောင် အများကြီး မသုံးနိုင်ဘူး...”

 

ယောက်ျားများက ရယ်မောလိုက်ကြ၏။ “အရင်ကဆို အိမ်မှာ ဆားသိပ် မသုံးရဲဘူး...”

 

“ဈေးကိုသွားရင် ဟင်းချက်ဆီ ရဖို့အတွက် မိုးမလင်းခင် မြို့ထဲကို အတင်းဝင်ရတယ်။ မဟုတ်ရင် အသားကို ဘယ်လိုစားနိုင်မှာလဲ?”

 

“နှမ်းဆီက နှမ်းစေ့ကနေ လုပ်တာပေါ့နော်။ ပုလင်းသေးသေးလေးတစ်လုံးစာ ရဖို့ နှမ်းစေ့ ဘယ်လောက်များများ လိုလောက်လဲ?”

 

“ပဲပုပ်တွေက ဆီအများကြီး မထွက်ဘူးလေ” ဝူယန်က သက်ပြင်းချလိုက်၏။ “အထွက်နှုန်း နည်းတော့ ဈေးကြီးတယ်။ အဲ့ဒါကြောင့် လူတိုင်း သိပ်မတတ်နိုင်ကြတာပေါ့”

 

ပိုက်ဆံ နည်းနည်းလေး ပိုပေးရင် ဝက်ဆီ ရနိုင်တာကို ဘယ်သူကများ ပဲပုပ်ဆီကို ဝယ်ချင်မှာလဲ?

 

ဝူယန်က ဆက်လက် ပြောကြား၏။ “ကျွန်တော့် မိသားစုရဲ့ ဆီစက်က ဆီတွေကို မြို့ထဲက ဆိုင်တွေကိုပဲ ရောင်းတာ။ အရောင်းအဝယ် မကောင်းတော့ ဈေးက နှစ်တိုင်း ကျနေရတယ်။ အိမ်မှာ ချက်စားရင်တောင် ဆီအများကြီး မသုံးရဲဘူး”

 

“ဒီနေ့ခေတ်မှာတော့ ငါတို့က  တိရစ္ဆာန်အဆီ၊ ပဲပုပ်ဆီ၊ နှမ်းဆီ၊ မုန်ညင်းဆီလို ဆီအမျိုးမျိုး သုံးကြတယ်။ ရွေးချယ်စရာတွေ ပေါလွန်းလို့ အထူးအဆန်းလို့တောင် မခံစားရတော့ဘူး”

 

ချောင်အာသည် အစာကောက်နေသော ငှက်တစ်ကောင်ကဲ့သို့ ခေါင်းကို တစ်ဆတ်ဆတ်ညိတ်လိုက်၏။

 

သူ(မ)က နှမ်းဆီကို အနှစ်သက်ဆုံးဖြစ်၏။ သူ(မ)၏ မိခင်သည် ဟင်းပွဲအေးများကို ရောစပ်သောအခါ နှမ်းဆီအချို့ကို ထည့်ပေးလေ့ရှိရာ မယုံနိုင်လောက်အောင် မွှေးကြိုင်စေခဲ့၏။

 

မုန်ညင်းဆီကလည်း ကောင်းပါသည်၊ သို့သော် အများကြီး မသုံးနိုင်ချေ။ မဟုတ်လျှင် သူ(မ)သည် အမြဲတမ်း မျက်ရည်များဖြင့် အဆုံးသတ်ရလိမ့်မည်။

 

သူတို့ စကားပြောနေစဥ် အချိန်တိုင်း တိတ်ဆိတ်နေခဲ့သော ဆာရာက ရုတ်တရက် ထရပ်လိုက်၏။ သူ(မ)၏ မျက်လုံးများက သွေးရောင် ပြောင်းလာခဲ့ပြီး သစ်တောဘက်သို့ စိုက်ကြည့်နေခဲ့၏။ သူ(မ)၏ ကြွက်သားများ တင်းမာလာပြီး သူ(မ)၏ ကိုယ်အပေါ်ပိုင်းက ရှေ့သို့ ငိုက်ကျလာခဲ့၏။ သူ(မ)၏ နှုတ်ခမ်းများမှာ ဖြောင့်တန်းသော မျဥ်းတစ်ခုကို ဖြစ်ပေါ်စေခဲ့ပြီး တိုးတိုးလေး ပြောလိုက်၏။ “တစ်ယောက်ယောက် လာနေတယ်”

 

ချန်လျိုတစ်ယောက် လန့်သွားပြီး တိုးတိုးလေး မေးလိုက်၏။ “ဒုက္ခသည်တွေလား?”

 

ဆာရာက ပြန်ဖြေ၏။ “လူသုံးဆယ်၊ အကုန်လုံး ယောက်ျားတွေ၊ ဓားတွေနဲ့ ပုဆိန်တွေပါတယ်”

 

လူတိုင်းမှာမူ မသိစိတ်အရ မျက်လုံးများ ပြူးကျယ်လာခဲ့ပြီး ထိတ်လန့်မှုများ စတင် ပျံ့နှံ့လာခဲ့၏။ သူတို့အားလုံးမှာ သာမန်လူများဖြစ်ကြပြီး ဤအခြေအနေ ဖြစ်ပေါ်လာနိုင်သည်ကို သိသော်လည်း ယခင်က တစ်ခါမျှ မကြုံဖူးခဲ့ကြချေ။ အတွေ့အကြုံ မရှိဘဲ သူတို့၏ ကြောက်ရွံ့မှုကို မထိန်းချုပ်နိုင်ခဲ့ကြပေ။

 

လူသုံးဆယ်... သူတို့၏ အဖွဲ့ထက် အဆပေါင်းများစွာ ပိုများနေ၏…

 

ဝူယန်တစ်ယောက်လည်း ထိတ်လန့်သွားပြီး ပြော၏။ “လက်နက်တွေ... မင်းတို့ လက်နက်တွေ ထုတ်လိုက်ကြ...” 

 

ချောင်အာက သူ(မ)၏ Repeating Crossbow ကို အလျင်စလို သွားယူခဲ့သော်လည်း သူ(မ) လက်ထဲ ရောက်သည်နှင့် တစ်ပြိုင်နက် ထိတ်လန့်မှုကြောင့် ပြုတ်ကျသွားခဲ့တော့၏။

 

 

ဆာရာက ရုတ်တရက် အသံပြတ်သားစွာ ပြောလိုက်၏။ “စိတ်ငြိမ်ငြိမ်ထား...”

 

“ငါ ဒီမှာရှိနေတာကို ဘာကို ကြောက်နေကြတာလဲ?... သူတို့ရောက်လာတာ တကယ့်ကို ကွက်တိပဲ။ သူတို့ကို သုံးပြီး လေ့ကျင့်တုန်းက သင်ထား‌တာတွေကို အကုန်မှတ်မိရဲ့လားဆိုတာ ကြည်လို့ရတယ်”

 

ထူးဆန်းစွာပင်၊ ဆာရာ၏ သေးငယ်သော ကိုယ်လုံးကိုယ်ပေါက်လေးက ဝန်ထမ်းများအား အတိုင်းအဆမရှိသော ယုံကြည်မှုကို ဖြစ်ပေါ်စေခဲ့၏။

 

ဝူယန် သူ၏ တည်ငြိမ်မှုကို ပြန်လည် ရရှိလာခဲ့ပြီး  ဓားရှည်ကို ထုတ်ယူကာ ဝန်ထမ်းများအား ပြောလိုက်၏။ “Repeating Crossbow ရှိတဲ့လူတွေက ဆုတ်ပြီး အကွယ်နေရာကိုရှာ။ ဓားရှည်နဲ့ လျှပ်စစ်တုတ် ရှိတဲ့လူတွေက ကျွန်တော်နားမှာနေ”

 

သူက မတော်တဆ ထိခိုက်ဒဏ်ရာရရှိမည်ကို စိုးရိမ်ခဲ့ပြီး အလေးပေး ပြောကြား၏။ “သူတို့ နီးလာတဲ့အထိ စောင့်ပြီးမှ ပစ်ကြနော်။ တိုက်နေတဲ့အချိန်ကျ မပစ်‌မိစေနဲ့၊ ဒါမှ ကျွန်တော်တို့လူတွေလည်း မတော်တဆ မထိခိုက်ကြမှာ”

 

ချောင်အာ အကြံအိုက်နေပြီး၊ သူ(မ)ကဲ့သို့သော အမျိုးသမီးငယ်တစ်ဦးသည် “စစ်မြေပြင်” သို့ ဝင်ရောက်ရလိမ့်မည်ဟု  ဘယ်တုန်းကမျှ မမျှော်လင့်ခဲ့ဖူးပေ။

 

သို့သော် သူ(မ) ဆာရာကို ကြည့်လိုက်သောအခါ ထူးဆန်းစွာပင် သတ္တိများ တိုးပွားလာသည်ကို တွေ့ရှိခဲ့၏။

 

သူ(မ)ရဲ့ အစ်မကြီးရှိနေတာပဲ၊ သေလောက်တဲ့ အန္တရာယ်မျိုးတော့ မရှိလောက်ဘူးမို့လား?

 

သူတို့ သူ(မ)ရဲ့ အသက်ကို ချမ်းသာပေးသရွေ့ပေါ့။

 

မီးရောင်သည် သူတို့၏ အမြင်အာရုံထဲသို့ လျင်မြန်စွာ ဝင်ရောက်လာခဲ့၏။

 

ဤကာလအတွင်း ကောင်းမွန်စွာ စားသောက်ပြီး သက်တောင့်သက်သာ နေထိုင်ခဲ့ရသောကြောင့် သူတို့၏ ညအမြင်လွှာက အရင်ကကဲ့သို့ ဆိုးရွားခြင်း မရှိတော့ချေ။

 

ဝူယန်သည် သူ၏ ဓားကို သူ့ရှေ့တွင် တန်းလန်း ကိုင်ထားပြီး သတ္တိများကို မွေးမြူကာ ရှေ့ဆုံး၌ ရပ်တည်နေခဲ့၏။ ထိုစဥ် ဓားနှင့် တုတ်၊ ကိုင်ဆောင်ထားသူများက သူ့ပတ်ပတ်လည်တွင် စုရုံးလိုက်ကြ၏။

 

မီးက ပျောက်ကွယ်သွားခဲ့၏။ ချဥ်းကပ်လာသော အဖွဲ့က မီးကို ငြှိမ်းသတ်လိုက်ခြင်းပင်…

 

အမှောင်ထဲ၌ သူတို့သည် အခြားသူများ နီးကပ်လာသဖြင့် မြင်ကွင်းမှ ကွယ်ပျောက်သွားခဲ့ကြသော်လည်း အခြားသူများ မည်သည့်နေရာတွင် ရှိသည်ကို မမြင်နိုင်ခဲ့ကြပေ။

 

ယခုအချိန်တွင် အကောင်းဆုံး လုပ်ဆောင်သင့်သည့်အရာမှာ လူစုခွဲ၍ ထွက်ပြေးခြင်းပင် ဖြစ်လိမ့်မည်။ ရန်သူက အမှောင်ကို အသုံးပြုနိုင်သကဲ့သို့ သူတို့ကလည်း အသုံးပြုနိုင်၏။ သို့သော် ဆာရာက သူတို့ကို ထွက်ပြေးခွင့်ပေးရန် ရည်ရွယ်ချက် လုံးဝမရှိသည်မှာ ရှင်းလင်းနေခဲ့၏။

 

ထွက်ပြေးခြင်းက လွယ်ကူသော်ငြား ပြန်လည် စုစည်းခြင်းက ခက်ခဲပေလိမ့်မည်။ လူတိုင်းက အပြန်လမ်းကို မသိကြချေ။

 

ဆာရာ၏ သွေးနီရောင် မျက်လုံးအိမ်များက ဝူယန်ကို စိုက်ကြည့်လိုက်ရာ သူ့ကို တုန်ယင်သွားစေခဲ့၏။ ဆာရာသည် သူ၏ အတွေးများကို သိနေခဲ့ကြောင်း  သိခဲ့သောကြောင့် သူ၏ နှုတ်ခမ်းများကို တင်းတင်းစေ့ကာ စိတ်ရှုပ်ထွေးမှုအားလုံးကို ဖယ်ထုတ်လိုက်ပြီး သစ်တောကို အာရုံစိုက်ကာ စိုက်ကြည့်နေတော့၏။

 

သစ်ကိုင်းများ ကျိုးကျနေသော အသံသည် တောအုပ်ထဲမှ ထွက်ပေါ်လာခဲ့၏။

 

ချောင်အာက သစ်ပင်တစ်ပင်၏ နောက်တွင် ပုန်းအောင်းနေခဲ့ပြီး သူ(မ)၏ Repeating Crossbow ကို တုန်ယင်စွာ မြှောက်ထားခဲ့၏။ သူ(မ)၏ လက်များမှာ တုန်ယင်နေခဲ့ပြီး စိတ်တည်ငြိမ်ရန် ရုန်းကန်ခဲ့သော်ငြား သူ(မ)၏ တုန်ယင်နေသော ခန္ဓာကိုယ်မှာမူ သူ(မ)၏ အမိန့်များကို နာခံခြင်း မရှိတော့ချေ။

 

ဆာရာက တိုးတိုးလေး ပြောလိုက်၏။ “သူတို့ ရောက်လာပြီ”

 

ပထမဆုံး မြှားကို မည်သူ ပစ်လိုက်သည်ကို သူတို့ မသိခဲ့ကြသော်လည်း နာကျင်စွာ အော်လိုက်သောအသံသည် ခေတ္တသာ ထွက်ပေါ်လာပြီး လျင်မြန်စွာ ပျောက်ကွယ်သွားသော အသံကို သူတို့အားလုံး ကြားလိုက်ကြရ၏။

 

ပြိုင်ဘက်များက သာမန် ဓားပြများ မဟုတ်ကြချေ…

 

သာမန် ဓားပြများတွင် ထိုကဲ့သို့သော ပုန်းအောင်းနိုင်သည့် ကျွမ်းကျင်မှုမျိုး ရှိမည် မဟုတ်ချေ…

 

ဆာရာက သူ(မ)၏ ဝန်ထမ်းများအား တွေးတောရန် အချိန်များများ မပေးခဲ့ချေ။ သူ(မ)က ရုတ်တရက် အော်လိုက်၏။ “ပစ်...”

 

ထိုစကားလုံးများကို ကြားသည်နှင့် တစ်ပြိုင်နက် တစ်ကိုယ်လုံး တုန်ယင်နေသော ချောင်အာပင်လျှင် မသိစိတ်အရ သူ(မ)၏ မြားများကို ရှေ့ဘက်သို့ ပစ်လွှတ်လိုက်တော့၏။

 

Repeating Crossbow က မြားတစ်ဒါဇင်ကို ကိုင်ထားနိုင်၏။ ချောင်အာ သတိမထားမိ,မီတွင်ပင် သူ(မ)၏ မြားတောင့်တစ်ခုလုံး ပြောင်သလင်းခါသွားခဲ့လေပြီ။

 

မြားများ ပြန်လည် ထည့်သွင်းပြီးနောက် သူ(မ)က သစ်တောထဲမှ ပေါ်ထွက်လာသော ပုံရိပ်များကို မော့ကြည့်လိုက်၏။

 

သူတို့ ဘယ်နှစ်ယောက် ရှိသည်ကို သူ(မ) မရေတွက်နိုင်ခဲ့သော်လည်း ဤလူများက စစ်တပ်တစ်ခုလုံးနှင့် တူသည်ဟု ခံစားခဲ့ရ၏။ သူ(မ)၏ လက်များ တုန်ယင်နေစဥ် မြားများ ပြန်လည် ထည့်သွင်းနေခဲ့ရာ စိတ်ပူပန်မှု ပို၍ များလေ၊ Repeating Crossbow က မနာခံချင်လေ ဖြစ်နေခဲ့၏။ သူ(မ) ဒူးထောက်၍ မြားများ ပြန်လည် ထည့်သွင်းနေစဥ် မြားများက မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ကြ၏။

 

 

ဝူယန် သူ၏ နားရွက်တွင် "ချလန်" ဟူသော အသံကိုသာ ကြားလိုက်ရ၏။ သူ၏ ဓားရှည်ဖြင့် သူ့ထံ လွှဲလာသော ပုဆိန်ကို ကာကွယ်လိုက်ရာ သူ၏ လက်မှာ ထုံကျဥ်းသွားခဲ့၏။ ဓားရှည်သည် သူ့လက်မှ ချက်ချင်း လျှောကျလုနီးပါး ဖြစ်သွားခဲ့သည် ။ သူက တိုက်ခိုက်သူ၏ မျက်နှာကို မမြင်နိုင်သော်လည်း ပုဆိန်ဓားသွား၏ အေးစက်စက် အရောင်ကိုသာ မြင်နိုင်ခဲ့၏။

 

ဓားရှည် မြေပြင်ပေါ်သို့ ရောက်ရှိသွားသည့် အခိုက်အတန့်တွင် ဝူယန်မသိစိတ်အရ သူ၏ မျက်လုံးများကို မှိတ်လိုက်မိ၏။

 

သူ သေရတော့မည် ။