အပိုင်း (၃၂)
လပေါင်းများစွာ ဆက်တိုက်ဆိုသလို ဒုက္ခသည်များက မြောက်ဘက်မှ တောင်ဘက်သို့သာ ခရီးသွားလာခဲ့ကြသည်။ တောင်မှ မြောက်သို့ ခရီးနှင်လာသည့် ဒုက္ခသည်တစ်ဦးကိုတော့ တွေ့ရခဲလှ၏။
ယခုတစ်ကြိမ်တွင် လင်းယိုယွမ်တစ်ယောက် မြောက်အရပ်သို့ ပြန်ရောက်လာခဲ့ပြီးနောက် ဤကမ္ဘာလောက၏ ကြေကွဲဖွယ်ရာ အခြေအနေများကို မြင်တွေ့ကာ တစ်ဖန် ထိတ်လန့်တုန်လှုပ်ရပြန်သည်။
သူတို့သည် ခရီးတစ်လျှောက်လုံး ဖြတ်သန်းလာခဲ့သော်ငြား အသက်ရှင်နေသော သတ္တဝါတစ်ဦးကိုပင် မတွေ့ခဲ့ရချေ။ စွန့်ပစ်ထားသည့် ရွာပျက်များကိုသာ တွေ့ရှိခဲ့ရပြီး ပြိုကျလုနီးပါး အိမ်တံခါးများကို တွန်းဖွင့်လိုက်သည့်အခါ အတွင်းထဲ၌ ပင့်ကူအိမ်များနှင့် ဖုန်မှုန့်များသာ ဖုံးလွှမ်းနေသည်ကို တွေ့ရ၏။ ဤမြေက လုံးဝ “သေဆုံး” သွားပြီနှင့်တူသည်။
ခြောက်သွေ့၍ လူသူကင်းမဲ့သော လယ်ကွင်းများ၊ ဟောင်းနွမ်းဆွေးမြေ့နေသည့် အိမ်များ၊ လမ်းမပေါ်၌ ရံဖန်ရံခါ မြင်တွေ့ရသော ခြောက်သွေ့နေသည့် အရိုးစုများက ဤနေရာသည် လူ့ပြည်၏ အစိတ်အပိုင်းတစ်ခု မဟုတ်တော့ဘဲ ငရဲပြည်၏ ပုံရိပ် တစ်ခုသာ ဖြစ်နေသည်ဟု ထင်မှတ်ရမည်။
ဧကရာဇ်မင်း၏ နန်းတော်က ဘေးအန္တရာယ်ကို နှိမ်နင်းရန် အရာရှိများကို စေလွှတ်ခဲ့သည်မှာ မှန်သော်လည်း ဤဘေးဆိုးကြီးက လူတို့၏ စွမ်းဆောင်နိုင်မှုထက် ကျော်လွန်နေဟန်နှင့် တူသည်။
ထို့ပြင် မြောက်ပိုင်းကို ကယ်တင်ရန် မဖြစ်နိုင်တော့သလို၊ တောင်ပိုင်းကလည်း နိဗ္ဗာန်ဘုံ မဟုတ်ချေ။ ဒေသတွင်း အာဏာပိုင်များစွာ ပေါ်ပေါက်လာပြီး ဧကရာဇ်မင်း၏ နန်းတော်ကို ပုန်ကန်ရန် တောင်းဆိုနေကြသည်။
နန်းတော်ကလည်း အကြပ်အတည်းပေါင်းများစွာနှင့် ရင်ဆိုင်နေရသောကြောင့် မြောက်အရပ်ဘက်ကို ကိုင်တွယ်ဖြေရှင်းရန် အချိန်မရှိတော့ပေ။
လင်းယိုယွမ်တစ်ယောက် သူ၏ ဖခင်ဖြစ်သူ အန်ယန်မြို့၏ ဘုရင်ခံ အကြောင်းကို စဉ်းစားမိ၏။ ဒုက္ခသည်များ စီးဝင်လာသည့် အချိန်မှစ၍ ဖခင်အနေနှင့် နေ့စဉ် မရပ်မနား အလုပ်လုပ်ခဲ့ရသည်။ ဒုက္ခသည်များမှာ သနားစရာကောင်းလှသော်လည်း မြို့တော်အတွင်း၌ အနည်းငယ်ကိုသာ လက်ခံနိုင်ခဲ့ကြသည်။ သူတို့က မြို့တံခါးဝတွင် ငတ်မွတ်၍ သေဆုံးနေသော ဒုက္ခသည်များကို ကြည့်နေခဲ့ရ၏။
ဒုက္ခသည်များကို မြို့ထဲသို့ ဝင်ခွင့်မပြုနိုင်ချေ။ ပေးဝင်ရင်တောင် ဘယ်လိုများ ကျွေးကြမလဲ?
လူအများကြီးအတွက် အစားအစာ ဘယ်လောက်နဲ့ စစ်သည် ဘယ်နှစ်ယောက် လိုအပ်မှာလဲ?
အန်ယန်မြို့တွင် ထိုမျှလောက်သော အစားအစာ မရှိချေ။ ထိုမျှလောက်သော စစ်သားလည်း မရှိချေ။ ဒုက္ခသည်များကို မြို့ထဲသို့ ဝင်ခွင့်ပြုပါက ပို၍ပင် သေဆုံးမှုများ ဖြစ်လာပေလိမ့်မည်။
လင်းယိုယွမ်တစ်ယောက် ထိုမြင်ကွင်းကို ပြန်အမှတ်ရရန် မဝံ့ရဲသလို ဖခင်၏ စကားများကိုလည်း မမှတ်မိဝံ့တော့ပေ။
မြို့ထဲသို့ ဒုက္ခသည်များကို ဘာလို့ ဝင်ခွင့်မပြုရတာလဲဟု ဖခင်အား သူ မေးမြန်းခဲ့သည်ကို မှတ်မိနေသေး၏။ ၎င်းတို့က အသက်ရှိသည့် လူသားများ ဖြစ်ကြသည်။ အဘိုးအို၊ အဘွားအို၊ အမျိုးသား၊ အမျိုးသမီးများသည် ခရီးဝေးကို ဖြတ်သန်းလာခဲ့ကြပြီး မရေမတွက်နိုင်သော ခက်ခဲမှုများကို ခံနိုင်ရည်ရှိခဲ့ကြ၏။ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ပြီး အန်ယန်မြို့သို့ ရောက်ရှိလာခြင်းမှာ အသက်သစ်တစ်ခုကို စတင်ရန်၊ နေထိုင်စရာ နေရာတစ်ခုကို ဖန်တီးနိုင်မည်ကို ယုံကြည်ခဲ့ကြသောကြောင့်ပင်။
သို့သော် ဖခင်အနေနှင့် သူ့ကို ဒူးထောက်စေခဲ့သည်။ သူသည် တစ်နေကုန် ထိုနေရာတွင် ဒူးထောက်ခဲ့ရသောကြောင့် ခြေထောက်များမှာ သူ့ကိုယ်ပိုင်ခြေထောက်များ မဟုတ်တော့သကဲ့သို့ ထုံကျင်နေခဲ့သည်။
ဖခင်က ခပ်မာမာဖြင့် ပြောသည်။ "ငါက ဗုဒ္ဓ မဟုတ်ဘူး။ လူတိုင်းကိုလည်း ကယ်တင်နိုင်မှာ မဟုတ်ဘူး…"
"ငါ မေးပါဦးမယ်၊ သူတို့ကို ပေးဝင်လိုက်ဖို့က လွယ်ချင် လွယ်မယ်။ ဒါပေမဲ့ နောက်ဆက်တွဲက ဘာလဲ? သူတို့ကို ဘယ်လို ထောက်ပံ့ပေးနိုင်မှာလဲ? မထောက်ပံ့နိုင်ရင် ဘယ်လို အသက်ဆက်ကြမလဲ? ခိုးတာ၊ လုတာတွေပဲ လုပ်ကြမှာပေါ့။ သူတို့က ရှင်သန်ချင်သလို၊ မြို့ထဲက လူတွေလည်း ရှင်သန်ချင်တာပဲ…"
"ငါ့ရဲ့ ဘဏ္ဍာဥစ္စာတွေ အကုန်လုံး ထုတ်သုံးလိုက်ရင်တောင်မှ လူဘယ်နှစ်ယောက်လောက်ကို ကယ်တင်နိုင်မှာမို့လဲ?"
ထိုအချိန်၌ လင်းယိုယွမ်တစ်ယောက် ဒေါသ မထွက်ခဲ့ချေ။ ဖခင်အနေနှင့် တာဝန်ယူမှုကို ရှောင်လွှဲနေသည်၊ ပြဿနာမဖြစ်စေရန် လက်ပိုက်ကြည့်နေသည်ဟုသာ သူက ယူဆခဲ့၏။ "မြို့ထဲမှာ သူကြွယ်မိသားစုတွေ အများကြီး ရှိတာပဲ။ ဘယ်သူ့မှာ စားစရာ မရှိဘဲ နေနိုင်မှာလဲ? သူတို့ စားစရာတွေသာ ထုတ်ပေးလိုက်ရင် လူပေါင်း သောင်းချီကို ကယ်နိုင်မှာလေ… သူတို့ ပစ္စည်းနဲ့ အစားအစာတွေက အဲ့လူတွေဆီက ရထားတာ မဟုတ်ဘူးလား? ပြည်သူအတွက် ပြန်မသုံးသင့်ဘူးလားဗျာ?..."
ဖခင်ကတော့ သူ့ကို လူမိုက်တစ်ယောက်ကို ကြည့်သကဲ့သို့ ကြည့်နေခဲ့သည်။ "သူတို့က သူတို့ရဲ့ စားစရာတွေကို လွယ်လွယ်နဲ့ ထုတ်ပေးလိမ့်မယ်လို့ မင်း ထင်နေတာလား? တကယ်လို့များ အံ့ဩစရာကောင်းလောက်အောင် ခြေလှမ်းပေါင်း ၁၀၀၀၀ လောက် နောက်ဆုတ်ပြီး ခွဲဝေပေးဖို့ သဘောတူခဲ့ရင်တောင်မှ အဲဒီအစားအစာက ဘယ်လောက်ကြာကြာ ခံမှာလဲ? ကုန်သွားရင်ရော ဘာဆက်ဖြစ်မလဲ? ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ဆိုတာ အစားအသောက်တစ်ခုတည်းနဲ့ မပြီးဘူးကွ။ မြေယာက အရေးကြီးတယ်… သူတို့ကို လုပ်စရာ ကိုင်စရာတွေ ပေးဖို့ကလည်း အရေးကြီးတယ်…"
"ဒါ့အပြင်၊ မင်းရဲ့ဖခင်၊ ငါက သြဇာရှိတဲ့ မိသားစုတွေရဲ့ အမြင်ကို ထည့်စဉ်းစားရသေးတယ်" ဖခင်က နာနာကျည်းကျည်း သက်ပြင်းချသည်။ "ဘုရင်ခံဖြစ်ရတာက ဂုဏ်ရှိရုံပဲလို့ မင်း ထင်နေတာလား? ငါ့စကားက အဲဒီလောက်တောင် အရာရောက်တယ်လို့ မင်း ထင်နေတာလား? ငါ ဒီကို ရောက်တာမှ ခဏလေး ရှိသေးတာ။ အဲဒီလူတွေက အန်ယန်မြို့မှာ ဘယ်နှနှစ်ကြာအောင် အခြေချခဲ့ကြပြီးပြီလဲ?"
"အားကောင်းတဲ့ နဂါးတောင်မှ ဒေသခံမြွေဟောက် ကို မနှိမ်နင်းဘူးကွ။ မင်းအမြင်မှာ ငါက သိပ်ကို တန်ခိုးကြီးတဲ့ နဂါးတစ်ကောင်လို ပုံစံပေါက်နေလား?" ဖခင်က ပြောလိုက်၏။
ထို့ကြောင့်ပင် လင်းယိုယွမ်တစ်ယောက် ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူက နိုင်ငံရေး ရှုပ်ထွေးမှုများကို ကိုင်တွယ်ဖြေရှင်းရန် သို့မဟုတ် နန်းတွင်းရေးရာများကို စဉ်းစားရန် ရောက်လာခြင်း မဟုတ်ပေ။ ဤတစ်ကြိမ်တွင် သူက စားနပ်ရိက္ခာ ဝယ်ယူရန် ရောက်လာခဲ့ခြင်းဖြစ်သည် ။
စားနပ်ရိက္ခာ ဝယ်ယူခြင်းက အသက်များကို ကယ်တင်နိုင်မည်။
ဒုက္ခသည်များကို မြို့ထဲသို့ ခေါ်ဆောင်မလာနိုင်ရင်တောင် အနည်းဆုံး မြို့ရိုးအပြင်ဘက်၌ ဆန်ပြုတ်များ ဝေငှနိုင်မည်။ ထိုအခါ သူတို့အနေနှင့် ….. စိတ်အားထက်သန်မှု ကင်းမဲ့သည့် လုပ်ရပ်များကို ပြုလုပ်တော့မည် မဟုတ်ပေ။
သို့သော် သူက နတ်မင်း၏ ဂူအိမ်တော်ကို ရှာတွေ့နိုင်မလားဟု မသေချာချေ။
နတ်မင်းသည် လွန်ခဲ့သည့် အချိန်များကတည်းက ထွက်ခွာသွားပြီး အခြားနေရာသို့ ပြောင်းရွှေ့သွားမည်ကို စိုးရိမ်သောကြောင့် လမ်းကြောင်းကို မှတ်သားထားခဲ့သည်။
"ရိက္ခာတွေကို ဘေးကင်းကင်းနဲ့ ပြန်သယ်လာနိုင်ရင်တောင်" သူ၏ ဝမ်းကွဲ ကောင်းရှန့်က နတ်မင်းများကို အားကိုးသည့် စိတ်ကူးကို လျစ်လျူရှုလိုက်သည်။ သူက ဘုရားများနှင့် ဗုဒ္ဓများကို မယုံကြည်ခြင်း မဟုတ်ချေ။ လိုအပ်သည့်အခါ ယုံကြည်ပြီး မလိုအပ်သည့်အခါ မယုံကြည်ခြင်းသာ ဖြစ်သည်။ "ငါတို့ နှစ်ယောက်တည်းပဲ ရှိတာလေ။ ဘယ်လောက်များများ ပြန်သယ်လာနိုင်မှာလဲ? အများကြီး သယ်နိုင်ရင်တောင်မှ အကုန်လုံးကို ကာကွယ်ပေးနိုင်မှာ မဟုတ်ဘူး"
လင်းယိုယွမ်၏ မျက်နှာကတော့ သိပ်မကြည်လှ။ ခရီးတစ်လျှောက်လုံး ကောင်းရှန့်က သူ့အပေါ် ရေအေးပုံးများစွာ လောင်းချခဲ့သောကြောင့် သူက ဒီလောက်သာ ပြောနိုင်ခဲ့သည်။ "မကြိုးစားရသေးဘဲနဲ့ ဘယ်လိုလုပ် လွယ်လွယ် အရှုံးပေးနိုင်မှာလဲ? ကောရာ၊ အဲဒီလို မပြောပါနဲ့တော့ဗျာ"
ကောင်းရှန့်တစ်ယောက် စိတ်မဆိုးခဲ့ချေ။ သူက သူ၏ ဝမ်းကွဲလေးတွင် ဖြူစင်သော စိတ်ကောင်း စေသနာရှိကြောင်း သိသည်။ နှစ်ပေါင်းများစွာ လေ့လာခဲ့ပြီးနောက် ပညာရှိများနှင့် အတွေးအခေါ်ပညာရှင်များ၏ အဆုံးအမများက သူ၏ သွေးသားထဲ၌ အမြစ်တွယ်နေချေပြီ။ သူက စနောက်ခဲ့သော်လည်း သူ၏ စကားသံ၌ ချီးကျူးသည့် သဘောပါဝင်နေခဲ့၏။
ပညာရှင်များစွာက နန်းတော်ထဲသို့ ဝင်ရောက်ရန်အတွက် ပညာရှိများ၏ ဉာဏ်ပညာများကို ကိုးကား၍ နည်းလမ်းများစွာ ကြိုးစားခဲ့ကြသော်လည်း ထိုမူများက နိုင်ငံရေး လောကကို ဖြတ်သန်းရန်အတွက် သူတို့၏ ကိရိယာများသာ ဖြစ်ပြီး သူတို့၏ စရိုက်လက္ခဏာ၏ အုတ်မြစ် မဟုတ်ချေ။ နန်းတော်ရှိ လူတွေထဲမှာ ပညာတွေကို စုဆောင်းထားပြီး အဖွဲ့အစည်း ဖွဲ့၊ ကိုယ်ကျိုးစီးပွား ကိုပဲ လိုက်စားခဲ့ကြသူတွေ ဘယ်နှယောက်များ ရှိမလဲ? သူတို့ စာအုပ်တွေထဲက သင်ကြားမှုတွေကို မှတ်မိနေသေးသူတွေကျ ဘယ်နှယောက် ရှိပါ့မလဲ?
ဆန့်ကျင်ဘက်အားဖြင့်၊ လင်းယိုယွမ်က မရေမတွက်နိုင်သော စိန်ခေါ်မှုများကို ဖြတ်သန်းပြီးနောက် အန်ယန်မြို့သို့ ပြန်လာခဲ့ပြီးနောက် ပြတ်သားသော စိတ်ဓာတ် ရှိနေခဲ့သည်။ ထိုသို့ ဖြစ်လင့်ကစား သူက ဆန္ဒအလျောက် နောက်တစ်ကြိမ် ငတ်မွတ်မှုလမ်းကြောင်းပေါ်သို့ ထွက်ခွာလာခဲ့ချေ၏။
ကောင်းရှန့် ရောက်ရှိလာသောအခါ သူ၏ ဝမ်းကွဲကို ဘေးကင်းကင်း ပြန်လည်ခေါ်ဆောင်လာရမည်ဟု စစ်ရေးအမိန့်ကို ထုတ်ပြန်ခဲ့သည်။ လင်းယိုယွမ်တစ်ယောက် တစ်စုံတစ်ခု ဖြစ်ခဲ့ပါက သူက တစ်ယောက်တည်း အသက်ရှင်နေမည် မဟုတ်ပေ။
"ဟိုမှာ သစ်တော…" လင်းယိုယွမ်တစ်ယောက် မလှမ်းမကမ်းရှိ ရင်းနှီးသော တောအုပ်ကို စိတ်လှုပ်ရှားစွာ ညွှန်ပြသည်။ "နတ်မင်း အဲဒီထဲမှာ ရှိတယ်…"
ကောင်းရှန့်က မေးခွန်းထုတ်လိုက်သည်။ "နတ်မင်းဆိုတာ တောင်ပေါ်မှာ ရှိသင့်တာ မဟုတ်ဘူးလား?"
နတ်မင်းတွေက တောင်ထိပ်တွေပေါ်မှာပဲ ပျော်မွေ့ကြတာ မဟုတ်ဘူးလား?
လင်းယိုယွမ်က သူ၏ ဝမ်းကွဲမှာ မေးခွန်းများ ပြည့်နေသည်ဟု ခံစားလိုက်ရ၏။ သူတို့က ခရီးတစ်လျှောက်လုံး အငြင်းပွားခဲ့ကြပြီး လင်းယိုယွမ်မှာ ဆက်လက် ငြင်းခုန်ရန် စိတ်မပါတော့ပေ။ သူက သူ၏ မြင်းကို မောင်းနှင်၍ တောထဲသို့ ဝင်ရောက်သွားသည်။
ကောင်းရှန့်မှာလည်း အခြားသူများကို ဦးဆောင်၍ နောက်က လိုက်ပါရန်မှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ပေ။
တောထဲရောက်သည့်အခါ မြင်းစီးလျှင်ပင် နတ်မင်း၏ နေအိမ်သို့ ရောက်ရန် ရက်အနည်းငယ် ထပ်ကြာဦးမည်ဖြစ်သော်လည်း လင်းယိုယွမ်က အလျင်လိုခြင်း မရှိချေ။ လမ်းခရီး ခက်ခဲသည့် နေရာတွင် သူသည် မြင်းပေါ်မှ ဆင်းကာ မြင်းကို ဦးဆောင်၍ လျှောက်လှမ်း၏။ ချမ်းသာသော သခင်လေး ဖြစ်လင့်ကစား သူက မြေပေါ်၌ ထိုင်၍ ခြောက်သွေ့သော ရိက္ခာများကို မညည်းမညူ စားနိုင်ခဲ့သည်။
"အခုက ကျွန်တော်တစ်ယောက်တည်း ခရီးထွက်ခဲ့ရတဲ့တုန်းကထက် အများကြီး သက်သာပါတယ်။ အရင်က နတ်မင်းနဲ့ မတွေ့ခင်တုန်းကဆို ကျွန်တော့်မှာ ရိက္ခာတောင် မလောက်ခဲ့ဘူး" လင်းယိုယွမ်က ရေတစ်ငုံ သောက်သည်။ "အာ၊ ပြီးတော့ ကျွန်တော် ပြန်ပြီး နေမကောင်း ဖြစ်ခဲ့သေးတယ်။ တစ်နေ့လုံး ပူလိုက်၊ ဆာလိုက်၊ ရေငတ်လိုက်နဲ့"
ကောင်းရှန့်က မျက်မှောင်ကြုတ်သည်။ "မင်းကို လူတွေ စောင့်ရှောက်ပေးခဲ့တာ မဟုတ်ဘူးလား?"
လင်းယိုယွမ်က လက်ကာပြသည်။ "သူတို့ကို အပြစ်မတင်ပါနဲ့။ ကျွန်တော့်ဆီမှာတောင် ရိက္ခာတွေက တော်တော် နည်းနေတာ၊ သူတို့က ကျွန်တော့်ထက်တောင် ပိုဗိုက်ဆာနေကြတာ"
"ကျွန်တော့် မိဘတွေက တောင်ဘက်မှာ လူတွေ လိုက်ရှာနေတာ။ တောင်ဘက်က လူတွေက မြောက်ဘက်မှာ ဖြစ်နေတဲ့ အခြေအနေကို လုံးဝ မသိကြဘူး" လင်းယိုယွမ်က ဖြည့်စွက်ပြောသည်။
သူတို့သည် နောက်ထပ် သုံးရက် ခရီးထွက်ခဲ့ပြီးနောက် လင်းယိုယွမ် ညွှန်ပြခဲ့သော ကျယ်ဝန်းသည့် မြေပြင်သို့ နောက်ဆုံးတွင် ရောက်ရှိလာကြ၏။
ဤနေရာက ရည်ရွယ်ချက်ရှိရှိ စီစဉ်ထားဟန် တူသော်လည်း အနီးကပ် စစ်ဆေးကြည့်သည့်အခါ ရည်ရွယ်ချက်ရှိရှိ ထွင်းထုထားသည့် လက္ခဏာများ မတွေ့ရပေ။ ဤတောအုပ်ရှိ မြေကွက်လပ်က အမြဲတမ်း သစ်ပင်များ ကင်းမဲ့နေခဲ့သကဲ့သို့ ဖြစ်နေ၏။
တစ်ချက်ကြည့်လိုက်သည်နှင့် ကောင်းရှန့်သည် မလှမ်းမကမ်းရှိ လေးထောင့်ပုံသဏ္ဌာန် အဆောက်အအုံကို မြင်တွေ့ကာ အံ့အားသင့်သွားခဲ့သည်။
ဤအိမ်က ရိုးရာစတိုင် အမိုးအကာနှင့် အပြာရောင် အုတ်ကြွပ်များ မရှိချေ။ ၎င်းက တစ်ဆက်တည်း ထီးထီးကြီး ပေါ်ထွက်လာပြီး၊ စေ့စပ်သေချာသော လက်ရာဖြင့် ထွင်းထွင်းထားသော ကျောက်တုံးကြီးတစ်ခုနှင့် ဆင်တူနေသည်။ အဖြတ်အတောက်များက အလွန် သေသပ်ပြီး ချိုင့်ခွက် သို့မဟုတ် အဖုအထစ် တစ်ခုမျှ မရှိပေ။ ၎င်းက ယနေ့ခေတ် အကောင်းဆုံး လက်သမားများပင် တုပ၍ မရနိုင်သော အရာတစ်ခု ဖြစ်သည်။