Chapter 34
Viewers 2k

အပိုင်း (၃၄)

 

 

 

“နတ်မင်း မင်းကို ဘာတွေ ပြောလိုက်လဲ?” ကောင်းရှန့် သူ၏ ဝမ်းကွဲ စူပါမားကတ် ဝင်ပေါက်မှ ထွက်လာသည်ကို စောင့်ဆိုင်းရင်း မေးလိုက်သည်။ သူသည်လည်း အတွင်းထဲသို့ ဝင်ရောက်ပြီး ဤကမ္ဘာသစ်ကို စူးစမ်းရန် စိတ်အားထက်သန်နေ၏။

 

 

စူပါမားကတ်၏ ဝင်ပေါက်ရှိ ဖန်တံခါးကို မြင်တွေ့ရခြင်းကြောင့် သူ အံ့အားသင့်ခဲ့ရသည်။

 

 

ကောင်းရှန့်က ဖန်ကို မြင်ဖူးသော်လည်း သူ မြင်ခဲ့ဖူးသော ဖန်များသည်  ပုံဆောင်ခဲကဲ့သို့ လုံးဝ ကြည်လင်ခြင်း မရှိခဲ့ချေ။ ဤမျှ မြင်သာထင်သာသော "ဖန်" ကိုတော့ ဝေးရော။

 

 

ချောင်အာ၏မိခင်ကလည်း ၎င်းမှာ Tempered Glass ဖြစ်ကြောင်း သူ့အား အသိပေးခဲ့သည်။ လက်သီးဖြင့် ထိုးခြင်းကို အသာထား၊ ဓား သို့မဟုတ် ပုဆိန်ဖြင့် ခုတ်လျှင်တောင် အက်ကြောင်းများသာ ဖြစ်ပေါ်စေပြီး ကွဲအက်သွားမည် မဟုတ်ချေ။

 

 

ကောင်းရှန့်က သူ့ကိုယ်သူ ခရီးသွားလာမှု များပြားပြီး ဗဟုသုတ ကြွယ်ဝသူဟု ယူဆခဲ့သော်လည်း ဤလူသူကင်းမဲ့ကာ ခြောက်သွေ့ပြောင်သခင်းခါနေသော ဤရွာကလေးတွင် နတ်ပစ္စည်းများကို တွေ့ရလိမ့်မည်ဟု စိတ်ကူးပင် မယဉ်ခဲ့ပေ။

 

 

"နတ်မင်းက..." လင်းယိုယွမ်တစ်ယောက် မျက်ဝန်းအိမ်များတွင် မျက်ရည်များ ဝဲနေသော်လည်း သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု နေရာယူလျက်ရှိသည်။ သူက ရှေ့နောက် မဆီလျော်စွာ ပြောသည်။ "နတ်မင်းက စားစရာတွေ လဲလှယ်ပေးရုံသာမက မျိုးစေ့တွေပါ ပေးခဲ့တယ်။ ဒီမျိုးစေ့တွေကို ပြန် စိုက်ပျိုးပြီး သူတို့ရဲ့ ဘဝတွေကို ပြန်လည် ထူထောင်နိုင်တော့မှာ"

 

 

"ဆယ်တင်း…" လင်းယိုယွမ်က ရုတ်တရက် စိတ်အားထက်သန်စွာ အော်ဟစ်လိုက်သည်။ "မြေတစ်ဧကကို ဆယ်တင်းနှုန်းနဲ့ ထွက်မှာတဲ့…"

 

 

ကောင်းရှန့်လည်း အံ့အားသင့်သွားသည်။ သူက မြေယာလုပ်ငန်းကို  ဘယ်သောအခါမျှ ကိုယ်တိုင် လုပ်ကိုင်ခဲ့ဖူးခြင်း မရှိသော်လည်း ပညာသင်ယူခဲ့စဉ်က နိုင်ငံတော်၏ သုခချမ်းသာနှင့် သက်ဆိုင်သောကြောင့် ဤအကြောင်းကို လေ့လာခဲ့ရသည်။

 

 

ဒေသတစ်ခုတွင် တစ်ဧကလျှင် သုံးတင်းထက် ပို၍ အထွက်နှုန်း ရရှိပါက ဒေသအာဏာပိုင်များက ဧကရာဇ်မင်း၏ နန်းတော်သို့ ဤအောင်မြင်မှုကို အစီရင်ခံရသည်။ ၎င်းက ဧကရာဇ်မင်းအတွက် ကြီးမားသော အောင်မြင်မှုတစ်ရပ်ပင်။

 

 

သို့သော် ဆယ်တင်းဆိုပါက…

 

 

အတွေ့အကြုံအရှိဆုံး စိုက်ပျိုးရေး အရာရှိများ၏ စိတ်ကူးယဉ် အိပ်မက်များတွင်ပင် ဤမျှသော အထွက်နှုန်းကို စိတ်ကူးမယဉ်ခဲ့ဖူးချေ။

 

 

ကောင်းရှန့်သာမကဘဲ လှည်းကို စောင့်ကြည့်နေသော အစောင့်များအားလုံးက တစ်ပြိုင်နက်တည်း လင်းယိုယွမ်ဘက်သို့ အာရုံစိုက်လိုက်ကြသည်။

 

 

လင်းယိုယွမ်သည် သူတို့၏ အကြည့်ကို သတိမထားမိဘဲ ဆက်ပြောသည်။ "ဒါက နတ်စပါးပဲ… နတ်စပါးဖြစ်ကို ဖြစ်ရမယ်…"

 

 

ကောင်းရှန့်သည်လည်း ရုတ်တရက် စိတ်လှုပ်ရှားလာပြီး မျက်လုံးများက အရောင်တောက်လာ၏။ သူက လင်းယိုယွမ်ကို တိုက်တွန်းသည်။ "မြန်မြန်၊ ပစ္စည်းတွေကို သွားသယ်ခိုင်းလိုက်…"

 

 

လင်းယိုယွမ်လည်း သဘောပေါက်သွားပြီး အစောင့်များကို လှည့်ကာ ညွှန်ကြားလိုက်သည်။ "မင်းတို့ အကုန်လုံး ပစ္စည်းတွေကို အထဲကို သယ်သွားကြ"  

 

 

အစောင့်များက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ချီတုံချတုံ ဖြစ်နေကြသည်။ မည်သူမျှ ဦးဆောင်၍ မရွှေ့ရဲချေ။

 

 

တစ်ဦးတစ်ယောက်မှ မလှုပ်ရှားသည်ကို မြင်သောအခါ လင်းယိုယွမ်က သေတ္တာတစ်လုံးကို ကိုယ်တိုင် ကောက်ကိုင်ပြီး စူပါမားကတ်ဘက်သို့ မနားမနေ သယ်ဆောင်သွား၏။

 

 

သူသည် နောက်သို့ လှည့်မကြည့်ခဲ့သော်လည်း သူတို့က သူ့နောက်သို့ သံသယမရှိ လိုက်လာကြမည်ကို သူ၏ စိတ်ထဲ၌ သိနေခဲ့သည်။

 

 

ကောင်းရှန့်ပင်လျှင် ကိုယ်တိုင် သေတ္တာတစ်လုံးကို သယ်ဆောင်၍ အတွင်းသို့ ဝင်သွားခဲ့သည်။

 

 

အစောင့်များအနေနှင့် သခင်လေး နှစ်ယောက် ဝင်သွားသည်ကို မြင်သောအခါ ရှိရှိသမျှ သတ္တိများကို စုဆောင်း၍ သစ်သားသေတ္တာများကို တစ်လုံးပြီး တစ်လုံး စတင် မ,ကြတော့သည်။

 

 

ဤသေတ္တာများအားလုံးက သစ်သား အထူသားများဖြင့် ပြုလုပ်ထားခြင်း ဖြစ်သည်။ ဤခေတ်တွင် အထပ်သား မရှိသေးချေ။ ၎င်းတို့က ကြီးမားရုံသာမကဘဲ အလွန်လေးလံလှသည်။ သေတ္တာအလွတ်တစ်လုံးကိုပင် အရွယ်ရောက်ပြီးသူ တစ်ဦး၏ ခွန်အားဖြင့်မှ မ,မနိုင်ပေ။

 

 

ဤသေတ္တာများအတွင်း၌ ပစ္စည်းများ ပြည့်နေပါက အားကောင်းသော အမျိုးသားနှစ်ဦးပင် မ,မနိုင်ခဲ့ချေ။

 

 

သူတို့သည် သယ်ယူပို့ဆောင်ရာ၌ နှစ်နာရီနီးပါး အချိန်ကုန်ဆုံးခဲ့ပြီး နောက်ဆုံးတွင် အရာအားလုံးကို ရွှေ့ပြောင်းနိုင်ခဲ့ကြသည်။

 

 

ဤတစ်ကြိမ်တွင် သူတို့က ကုန်တင်ရန်အတွက် မြင်းလှည်းကို ယူဆောင်လာခဲ့ရုံသာမက နွားလှည်းကိုပါ ယူဆောင်လာခဲ့သည်။

 

 

နွားများက မြင်းများကဲ့သို့ မမြန်သော်လည်း ပိုကြီးသော၊ ပိုလေးသော ဝန်များကို ဆွဲနိုင်ပြီး မြင်းများကဲ့သို့ ဈေးမကြီးချေ။ ထို့အပြင် ဒင်္ဂါးအနည်းငယ်ဖြင့်လည်း ဝယ်ယူနိုင်သည်။

 

 

မြင်းများကတော့ ရရှိရန် ခက်ခဲသည်။ ဒေသခံ အရာရှိတစ်ဦးပင်လျှင် မြင်းတစ်ကောင် လိုချင်ပါက စုံစမ်းရမည်၊ ရောင်းချသူများကို စည်းရုံးရန် ကြားခံလူများ အသုံးပြုရမည်၊ ဝယ်ယူရန်အတွက် ပုဂ္ဂိုလ်ရေးရာ ဆက်ဆံရေးများကို အားကိုးရသည်။

 

 

"ဒီသေတ္တာတွေထဲမှာ ဘာတွေပါလဲ?" ဆာရာက သေတ္တာတစ်လုံးဘေးတွင် ထိုင်ချလိုက်ပြီး စပ်စုစွာ မေးလိုက်သည်။ သူ(မ)သည် ရဲရဲနီနေသော မျက်ဝန်းများဖြင့် လင်းယိုယွမ်ကို မျက်တောင်မခတ်ဘဲ စိုက်ကြည့်နေသည်။

 

 

သူ(မ)သည် အလွန် ငယ်ရွယ်ပုံရပြီး အပြင်လူတစ်ဦး ဖြစ်လင့်ကစား အန္တရာယ်ရှိဟန် လုံးဝ မပေါ်ချေ။ 

 

 

လင်းယိုယွမ်က နူးညံ့သော အပြုံးဖြင့် ပြန်လည်ကြည့်ကာ သူ(မ)အား သာမန် မိန်းကလေးတစ်ဦးကဲ့သို့ သဘောထားပြီး ပြောလိုက်၏။ "လူသားတွေ ပိုင်ဆိုင်တဲ့ အရာတွေက နတ်မင်းရဲ့ စိတ်ဝင်စားမှုကို မခံထိုက်ပါဘူး၊ အဲ့ဒါကြောင့် ကျွန်တော် ရွှေ၊ ငွေ၊ ဒါမှမဟုတ် ပန်းချီတွေကို ယူမလာခဲ့ဘူး"

 

 

ဆာရာက နည်းနည်း အူကြောင်ကြောင်ဖြစ်သွားသည်။

 

 

"ရှင်က ရွှေ၊ ငွေ၊ ဒါမှမဟုတ် ပန်းချီတွေ မယူလာဘူးဆိုရင် ဘာတွေ ယူလာခဲ့တာလဲ?"

 

 

ပြီးတော့ ဒီခေတ်ရဲ့ အတန်ဖိုးအရှိဆုံး အရာတွေကို တကယ်ကို ရှောင်ခဲ့တာပါလား။

 

 

လင်းယိုယွမ်က သူ(မ)ကို အကြာကြီး မစောင့်ဆိုင်းခိုင်းခဲ့ချေ။ "ကျွန်တော် အဖိုးတန် ကျောက်စိမ်းနဲ့ ကျောက်မျက်ရတနာတွေရယ်၊ ပယင်းကျောက်တွေရယ် ယူလာခဲ့ပါတယ်"

 

 

"ဒီအရာတွေက သဘာဝအတိုင်း ဖြစ်ပေါ်လာပြီး နှစ်ပေါင်းမရေမတွက်နိုင်အောင် ပျိုးထောင်ထားတာတွေပါ"

 

 

သူ၏ အမြင်တွင် သဘာဝအလျောက် ဖြစ်ပေါ်လာသော ရတနာများက လူသားများ ဖန်တီးထားသော အရာများထက် နတ်မင်းများအတွက် ပိုမို နှစ်သက်စရာ ကောင်းသည်ဟု သူ ယုံကြည်သည်။

 

 

နတ်မင်းကိုယ်တိုင်လည်း ဒီ... စိမ်းလန်းတဲ့ တောင်ကုန်းတွေနဲ့ ပြာလဲ့တဲ့ ရေ ရှိတဲ့ သန့်စင်တဲ့ နေရာမှာ ဘယ်လို နေထိုင်လဲဆိုတာ မမြင်ဖူးဘူးလား?

 

ဆာရာက ကျောက်စိမ်းကို စိတ်မဝင်စားချေ။ သူ(မ)က ၎င်းနှင့်ပတ်သက်၍လည်း နားမလည်ပါပေ။ သို့သော် ကျောက်မျက်ရတနာများက သူ(မ)၏ စူးစမ်းလိုစိတ်ကို လှုံ့ဆော်ခဲ့သည်။ သူ(မ)သည် လင်းယိုယွမ်၏ ညွှန်ကြားချက်များကို ချက်ချင်း လိုက်နာ၍ သစ်သားသေတ္တာများထဲမှ တစ်လုံးကို ဖွင့်လိုက်သည်။ အတွင်းထဲ၌ အရောင်တင်ထားသော ကျောက်မျက်ရတနာများဖြင့် ပြည့်နေသည်ကို တွေ့လိုက်ရ၏။

 

 

သို့သော် ကြီးမားသော ကျောက်မျက်ရတနာများကိုတော့ မမြင်ရပေ။

 

 

ကျောက်မျက်ရတနာများကို ရရှိရန်မှာ အလွန်ခက်ခဲသည်။ ထို့ပြင် ဤခေတ်တွင် ကျောက်မျက်ရတနာများကို တန်ဖိုး သိပ်မထားကြပေ။ ဖြတ်တောက်ခြင်းနှင့် အရောင်တင်ခြင်း နည်းပညာများ မရှိသောကြောင့် ၎င်းတို့က အနည်းငယ် မှိုင်းဖျော့ဖျော့သာ ဖြစ်နေတတ်သည်။

 

 

ထို့ကြောင့် အနည်းငယ် မှေးမှိန်နေသော ကျောက်မျက်ရတနာများထက် လူတို့က ကျောက်စိမ်းကို ပို၍ နှစ်သက်ကြသည်။

 

 

"ဟီထျန်ကျောက်စိမ်းက တော်တော်လေး ရှားတာ။" လင်းယိုယွမ်က အနည်းငယ် ရှက်ရွံ့စွာ ပြောသည်။ သူ၏ ကိုယ်ပိုင် ကျောက်စိမ်းဆွဲပြားမှာ အရည်အသွေး နိမ့်ကျသည့် အမျိုးအစားသာဖြစ်ပြီး အရည်အသွေး မြင့်မားသော အပိုင်းအစများက ရာထူးကြီး အရာရှိများ၏ လက်ထဲတွင် သို့မဟုတ် နန်းတော်တွင်သာ ရှိနေခဲ့သည်။ "ကျောက်စိမ်း အသစ်တစ်မျိုးတော့ ရှိတယ်၊ ဒါပေမဲ့ အရောင်က တော်တော် တောက်နေတာ... နတ်မင်းက ကြိုက်ပါ့မလားတော့ မသေချာဘူး"

 

 

ဆာရာသည် "ကျောက်စိမ်း အသစ်" ပါသည့် သေတ္တာကို ဖွင့်လိုက်သည်။ သူ(မ) ဖွင့်လိုက်သည်နှင့် သေတ္တာတစ်ခုလုံးတွင် ထွင်းထုထားသော နတ်ရုပ်တုများ၊ ကျောက်စိမ်း လက်ကောက်မြောက်များစွာနှင့် အရောင်တင်ထားသော ပုတီးစေ့ ဆွဲကြိုးများ၊ လက်ပတ်များ ပေါ်လာသည်။

 

 

ဆာရာက ဤပစ္စည်းများကို မှတ်မိသွားပြီး ပြောသည်။ "ဒါက Jadeite ပဲ"

 

လင်းယိုယွမ်တစ်ယောက် ခေတ္တမျှ အံ့အားသင့်သွားသည်။ "ခေါ်လို့ ကောင်းလိုက်တဲ့ နာမည်… ဒီကျောက်စိမ်း အသစ်ကို အခုထိ နာမည်မပေးရသေးဘူး…"

 

 

လင်းယိုယွမ်က ဤကျောက်စိမ်းအသစ်များကို ယူဆောင်လာခဲ့စဉ်က အနည်းငယ် စိုးရိမ်ပူပန်ခဲ့သည်။ အမှန်ဆိုရသော် ၎င်းတို့ကို စာရင်းပြည့်ရုံသာ ယူလာခဲ့ခြင်း ဖြစ်သည်။ တူးဖော်ပြီးနောက် ၎င်းတို့၏  အရောင် တောက်တောက်များကြောင့် သိပ်ပြီး နှစ်သက်ခြင်း မခံရပေ။ ရလဒ်အနေဖြင့် ၎င်းတို့က လူကြိုက်များခြင်း သိပ်မရှိခဲ့ချေ။ စူးစမ်းလိုသူများကို ဆွဲဆောင်နိုင်ခြင်းမှလွဲ၍ ဝယ်ယူလိုသူ အလွန်နည်းပါးသည်။

 

 

ကျောက်စိမ်းက အရောင်ဖျော့လွန်းပါက ဟီထျန်ကျောက်စိမ်း၏ နွေးထွေးပြီး သန့်စင်သော အလှနှင့် မယှဉ်သာဘဲ မြင့်မြတ်ဟန် ပေါက်သော်လည်း ဆွဲဆောင်မှု လျော့နည်းသည်။

 

 

အကယ်၍ အရောင်က အလွန် တောက်ပနေပါက စျေးပေါသော အသွင်ရှိပြီး  မျက်စိနောက်စရာ ကောင်းနေတတ်သည်။

 

 

သာမန်ပြည်သူများ၏ အမြင်တွင် ကျောက်စိမ်းက အမြင့်ဆုံးသော ကျောက်မျက်ရတနာ ဖြစ်ပြီး ကျောက်စိမ်းအသစ်က ရွှေနှင့် ငွေ၏ အလှကိုပင် မမီနိုင်ချေ။

 

 

သို့သော် ပမာဏကတော့ များပြားသည်။

 

 

မည်သူမျှ ဝယ်ယူခြင်း မရှိသောကြောင့် ဈေးမကြီးသည့်အတွက် လင်းယိုယွမ်က လူတစ်ဦးကို ပမာဏ အများအပြား ဝယ်ယူစေခဲ့ပြီးနောက် ကျွမ်းကျင်သော လက်မှုပညာရှင်များဖြင့် ထွင်းထု၍ အရောင်တင်စေခဲ့သည်။

 

 

အရောင်တင်ပြီးနောက်တွင် ၎င်းတို့၌ ဆွဲဆောင်မှု တစ်ခုရှိလာ၏။ အချို့မှာ အံ့ဩစရာကောင်းလောက်အောင် ကြည်လင်နေခဲ့သည်။

 

 

အရောင်ရှိနေခဲ့ခြင်းကတော့ စိတ်မကောင်းစရာပင်။ မဟုတ်ပါက လှပသည်ဟု ယူဆနိုင်မည်။

 

 

လင်းယိုယွမ်က ရှင်းပြရန်အတွက် ရုန်းကန်‌နေရသည်။ "လူတွေက ဒီကျောက်စိမ်းအသစ်တွေကို တန်ဖိုးမထားဘူးဆိုရင်တောင် နတ်မင်းကတော့ နှစ်သက်ကောင်း နှစ်သက်နိုင်တယ်"

 

 

ဆာရာကတော့ ဒီလိုသာ ပြောနိုင်ခဲ့သည်။ "ကျွန်မလည်း မကြိုက်ဘူး"  

 

 

လင်းယိုယွမ်: "..."

 

 

ဆာရာက လင်းယိုယွမ် ယူဆောင်လာသော ကျောက်မျက်ရတနာများကို လုံးဝ မကြိုက်ခဲ့ချေ။ သူ(မ)သည် တောက်ပပြီး အရောင်လက်နေသော ကျောက်မျက်ရတနာများကိုသာ နှစ်သက်သည်။ ဤမှိုင်းဖျော့ဖျော့ "ကျောက်ခဲလေးများ" ကို မကြိုက်ချေ။

 

 

အတွင်းစိတ်မှ စိုးရိမ်ပူပန်နေသော လင်းယိုယွမ်မှာ ယခုအခါ ငိုတော့မလို ဖြစ်နေခဲ့သည်။

 

 

သို့သော် သူ ရုတ်တရက် အော်ဟစ်လိုက်သည်။ "ကျွန်တော် Moonstone လည်း ယူလာခဲ့တယ်…"

 

 

ဆာရာ ပြန်ဖြေသည်။ "...အဲဒီပစ္စည်းကို စူပါမားကတ်က ဟို စင်ပေါ်မှာ ရှိတယ်"

 

 

သူ(မ)က ကလေးကစားစရာ စင်နေရာကို ညွှန်ပြသည်။ "သူ့ အလင်းက ဖယောင်းတိုင်ထက်တောင် မှိန်နေသေးတယ်။ ဘာ အသုံးဝင်မှာလဲ?"

 

 

လင်းယိုယွမ်တစ်ယောက် ကြောင်တောင်တောင်ဖြင့် တီးတိုးရေရွတ်သည်။ "ဘာ အသုံးဝင်မှာလဲ..."

 

 

Moonstone က ဒီလောက် ရှားတာကို!

 

 

ဘယ်သူက အသုံးဝင်တယ်လို့ ထင်နေတာလဲ?

 

 

အသုံးဝင်ရင်တောင် ဝယ်မှာ မဟုတ်ဘူး။

 

 

လင်းယိုယွမ်က သူ၏ မျက်နှာကို သုတ်လိုက်ပြီး သက်ပြင်းချလိုက်သည်။ "ဒီလို ဖြစ်လာပြီဆိုတော့၊ ဒီပစ္စည်းတွေက နတ်မင်းရဲ့ မျက်စိကို ဆွဲဆောင်နိုင်ဖို့ပဲ မျှော်လင့်ရတော့မယ်"

 

 

ယဲ့ကျိုးလည်း ချောင်အာ၏မိခင် ပို့ပေးလိုက်သော နမူနာများကို လက်ခံရရှိခဲ့သည်။ စားပွဲပေါ်ရှိ အမျိုးမျိုးသော ကျောက်မျက်ရတနာများနှင့် ကျောက်စိမ်းများကို ကြည့်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။ သူက ကျောက်မျက်ရတနာများ၏ ဈေးကွက်ပေါက်ဈေးကို ကျွမ်းကျင်ချင်မှ ကျွမ်းကျင်လိမ့်မည်။ သို့သော် ကျောက်စိမ်းနှင့် ပတ်သက်၍တော့ သူ အတော်လေး သိကျွမ်းသည်။

 

 

သူ၏ မိခင်က ကျောက်စိမ်း လက်ကောက်များကို အနှစ်သက်ဆုံးဖြစ်ပြီး သူ(မ)၏လွှမ်းမိုးမှုကြောင့် ယဲ့ကျိုးက ကျောက်စိမ်း၏ အလှကို အမှန်တကယ် တန်ဖိုးထားတတ်ခဲ့သည်။

 

 

Jadeite ပေါက်ဖွားသည့် ရေက ပိုထူလေလေ၊ အရောင်က ပိုဖျော့လေလေ ဖြစ်သည်။ ယဲ့ကျိုးက ဤ "နမူနာများ" မှ အရောင်ထူပြီး အရောင်ဖျော့သော Jadeite အနည်းငယ်ကို ရှာဖွေနိုင်ခဲ့သည်။

 

 

ခေတ်သစ်ကာလတွင် ဤအရည်အသွေးရှိသော အပိုင်းအစများက တစ်ပွင့်တည်းအတွက် သန်းပေါင်းများစွာ သို့မဟုတ် သန်းဆယ်ပေါင်းများစွာပင် အလွယ်တကူ ရရှိနိုင်ပေသည်။

 

 

ကျောက်စိမ်းဝါသနာရှင် အများစုက လူချမ်းသာများ သို့မဟုတ် မင်းမျိုးမင်းနွယ်များ ဖြစ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ဤဝါသနာက ငွေကုန်ကြေးကျ များလှသည်မှာ ငြင်းမရပေ။ သာမန်လူတစ်ယောက်က ဝယ်ယူမည်ဆိုပါက ၎င်းကို ဝါသနာဟုပင် သတ်မှတ်မည် မဟုတ်ချေ။

 

 

ကျောက်စိမ်း ဝါသနာရှင်များက အရည်အသွေးကို လိုက်စားကြသည်။ သူတို့၏ အမြင်တွင် သန်းပေါင်းများစွာ တန်ဖိုးရှိသော ကျောက်စိမ်းပင်လျှင် သာမန်ဟု ထင်ရသည်။

 

 

ယဲ့ကျိုးသည် ခရမ်းရောင်ဖန် Jadeite လက်ကောက်တစ်ခု ဝယ်ယူမှုနှင့် ပတ်သက်၍ သူ၏ မိခင်သည် ဖခင်နှင့် အငြင်းပွားခဲ့သည်ကို မှတ်မိနေသေးသည်။ နောက်ဆုံးတွင် ဖခင်က လိုက်လျောခဲ့ပြီး မိခင်က ထိုလက်ကောက်ကို ဝယ်ယူရန်အတွက် တစ်သန်းကျော် သုံးစွဲခဲ့သည်။

 

 

သုံးနှစ်အကြာတွင် သူတို့က ၎င်းကို ရှစ်သန်းကျော်ဖြင့် ရောင်းချခဲ့ကြသည်။

 

 

ထိုဖြစ်ရပ်ပြီးနောက် ဖခင်က မိခင်၏ ကျောက်စိမ်း ဝယ်ယူမှုများကို ဘယ်သောအခါမျှ မမေးခွန်းထုတ်တော့ပေ။

 

 

ယဲ့ကျိုးသည် သူ၏ စိတ်ထဲတွင် အကောင်းဆုံးဟု ယူဆထားသော Jadeite အပိုင်းအစကို ကိုင်ဆောင်ကာ ငွေရှင်းကောင်တာသို့ သွား၏။ သူက ဘားကုဒ် စကန်နာဖြင့် ယုံကြည်မှု အပြည့်ဖြင့် ၎င်းကို စကန်ဖတ်လိုက်သည် ။

 

 

"Jadeite ကျောက်စမ်း x၁"

 

 

ဝင်ငွေ: ၅၀၀။

 

 

ယဲ့ကျိုး: ?

 

 

ယဲ့ကျိုး: ?????

 

 

လာနောက်နေတာလား? ဒီလောက် အရည်အသွေးမြင့်တဲ့ ကျောက်စိမ်း က ၅၀၀ ပဲ တန်တယ်ပေါ့လား?

 

 

သုည လေးလုံး မတော်တဆ ချန်ထားခဲ့တာလား?

 

 

"ဒီလောက်တောင် ဈေးနိမ်တယ်ပေါ့?" ယဲ့ကျိုးက အလျင်စလို နားနေခန်းထဲသို့ ပြေးဝင်ပြီး တံခါးကို လော့ခ်ချကာ ကွန်ပျူတာကို အော်ငေါက်လိုက်သည်။ "ဒီဈေးမှန်းသာ သိရင် ငါ စကန်တောင် မဖတ်ဘူး။ ငါ့ ကျောက်စိမ်း ပြန်ပေးစမ်း… အဲဒါကို ထွေးထုတ်လိုက်…"

 

 

ကွန်ပျူတာကတော့ တောင်ကြီးတစ်လုံးကဲ့သို့ မလှုပ်မယှက် တည်ငြိမ်နေခဲ့ချေ၏။

 

 

ယဲ့ကျိုးလည်း သူ၏ စိတ်ပျက်မှုကို ဖြေဖျောက်ခြင်း သို့မဟုတ် ကွန်ပျူတာနှင့် ဆွေးနွေးခြင်းက အချည်းနှီး ဖြစ်ကြောင်း သိရှိခဲ့သည်။

 

 

ပြဿနာကို သူ မဖော်ထုတ်နိုင်သဖြင့် ဆိုဖာပေါ်တွင်ထိုင်၍ မိုဘိုင်းဂိမ်း ကစားနေသည့် ဆာရာကို ကြည့်လိုက်သည်။

 

 

ဆာရာက ယဲ့ကျိုး၏ အကြည့်ကို သတိပြုမိပြီး သူ့အား ပြန်ကြည့်သည်။ ငရုတ်သီး အရသာ Lollipop ကိုကိုက်ကာ မျိုချလိုက်ပြီးနောက် သူ(မ)က ပြောသည်။ "စနစ်က Jadeite ကို ဒီက ဈေးကွက်ဝယ်အားနဲ့ပဲ တန်ဖိုးဖြတ်တာ။ အဲဒါကြောင့် ရှင့်မှာရှိတဲ့ အကောင်းဆုံး အပိုင်းအစအတွက် ငါးရာပဲ ရတာပေါ့။ မဟုတ်ရင် သာမန် အရည်အသွေးရှိတာက နှစ်ရာ လောက်၊ အညံ့စား တွေကတော့ နည်းနည်း ဒါမှမဟုတ် ဆယ်ကျပ်လောက်ပဲ တန်မှာ။"

 

 

ယဲ့ကျိုးက Jadeite များ ပြည့်နေသည့် စားပွဲကို ကြည့်ပြီး ပြောသည်။ "...ဒီပစ္စည်းတွေက ဒီမှာ ‌ဝယ်ယူအား မရှိဘူးလား?"

 

 

ဆာရာက ခေါင်းညိတ်သည်။ "သူ ပြောတာက ဘယ်သူမှ မကြိုက်ဘူးတဲ့၊ ပြီးတော့ စွန့်ပစ်ထားတဲ့ မိုင်းတွင်းတွေက လာတာ၊ နာမည်တောင် မရှိဘူးတဲ့"

 

 

ယဲ့ကျိုး: "..."

 

 

ငါ... ငါတော့ အရှုံးကြီး ရှုံးပြီ…

 

 

ယဲ့ကျိုးက စားပွဲပေါ်ရှိ Jadeite များကို ကြည့်ရင်း သက်ပြင်းချသည်။ ၎င်းတို့ကို ဤနေရာတွင် ငွေဖြင့် လဲလှယ်ရန် မဖြစ်နိုင်ကြောင်း သဘောပေါက်သွားခဲ့သည်။

 

 

အမြတ်အစွန်း ရရှိရန်အတွက် Jadeite ၏ မူရင်း ဒိုင်မေးရှင်းသို့ သွားရတော့မည်။

 

 

မည်သို့ပင်ဆိုစေကာမူ သူက ၎င်းတို့ကို စနစ်ထံသို့ ဈေးပေါပေါဖြင့် "ရောင်းချ" မည် မဟုတ်ပေ။

 

 

ထို့အပြင် ၎င်းတို့ကို စနစ်ထံသို့ ဈေးပေါပေါဖြင့် ရောင်းချခဲ့လျှင်တောင်မှ ဤ Jadeite အပိုင်းအစများက ပမာဏ များများစားစား ရရှိမည် မဟုတ်ပေ။

 

 

စကားမစပ်... လင်းယိုယွမ်က တန်ဖိုးရှိသော ပစ္စည်းများအားလုံးကို တမင်ရှောင်ကွင်းခဲ့သည်နှင့် တူသည်။

 

 

သူ တမင်တကာ လုပ်ခဲ့တာများလား?

 

 

ယဲ့ကျိုးက ကျောက်မျက်ရတနာများကို တစ်ဖန် ကြည့်လိုက်သည်။ ဤမှိုင်းဖျော့ဖျော့ ကျောက်မျက်ရတနာများသည်လည်း တန်ဖိုးရှိမည် မဟုတ်ဟု တွေးလိုက်သည်။

 

 

ဒါဆို… ဒီအရာတွေကလွဲလို့ လင်းယိုယွမ် တန်ဖိုးရှိတဲ့ ဘာတစ်ခုမှ ယူမလာခဲ့ဘူးလား?

 

 

ရုတ်တရက် ဆာရာက စကားပြောလာသည်။ "သူ ဒီပစ္စည်းတွေကို ထည့်ဖို့ သုံးတဲ့ သေတ္တာတွေကတော့ တော်တော်လေး ကောင်းတယ်ဆိုတာ သတိထားမိတယ်။ အားလုံးက သစ်သား အထူသားနဲ့ လုပ်ထားတာ၊ သစ်သား အရည်အသွေးကလည်း အကောင်းစားပဲ။ ထွင်းထုထားတာတွေကလည်း တော်တော် သပ်ရပ်တယ်။ ဒီလောကမှာတော့ အဲ့ဒါတွေက တော်တော် တန်ဖိုးရှိတယ်လို့ ယူဆသင့်တယ် မဟုတ်လား?"

 

 

"တစ်လုံးက ထောင်ဂဏန်းလောက် တန်ဖိုးရှိမလားဘဲ?"

 

 

ယဲ့ကျိုးက အံ့အားသင့်သွားပြီး အမူအရာ ပြောင်းလဲသွားသည်။ "သူက သစ်သားသေတ္တာတွေကို ပြန်ယူသွားမှာ မဟုတ်ဘူးလား?..."

 

 

ဆာရာက ခေါင်းခါသည်။ "အဲဒါတော့ မသေချာဘူး။ သူက ဟီထျန်ကျောက်စိမ်း အသေးလေး တစ်ဘူးလည်း ယူလာသေးတယ်၊ ဒါပေမဲ့ ကျွန်မ စစ်ဆေးပြီးပြီ၊ အရည်အသွေးကတော့ သာမန်ပဲ။ ဒါပေမဲ့ ဒီကမ္ဘာမှာတော့ တော်တော်လေး တန်ဖိုးရှိသေးတယ်။ စုစုပေါင်းဆိုရင် သိန်းကျော်တော့ ရနိုင်ပေမဲ့ တစ်သန်း ရောက်မရောက်တော့ မသေချာဘူး"

 

 

ယဲ့ကျိုးက သက်ပြင်းချလိုက်သည်။ "အကောင့်ထဲမှာ ပိုက်ဆံ နည်းနည်းပါးပါး ရှိနေသရွေ့တော့ အဆင်ပြေပါတယ်၊ တခြား ကမ္ဘာတွေကို မစူးစမ်းခင် သေချာ ပြင်ဆင်ထားဖို့ လိုတယ်"

 

 

သို့သော်လည်း စက်သေနတ်တစ်လက် ဝယ်ဖို့အတွက်တော့ မလုံလောက်သေးပေ။ ဒါပေမဲ့ လက်ပစ်ဗုံး နှစ်လုံးတော့ ဝယ်နိုင်သည်။

 

 

စနစ်၏ သေနတ်များရဲ့ ဈေးနှုန်းက ကြက်သီးထဖွယ် ဈေးကြီးလွန်းသည်။

 

 

ယဲ့ကျိုး သက်ပြင်းချပြီး ပြောသည်။ "စနစ် က သူ့ အဝတ်တွေ၊ ဖိနပ်တွေ၊ ခေါင်းပေါင်းတွေပါ ပို့ပေးခဲ့ရင် ပိုအဆင်ပြေမှာ။ ဪ၊ ဒါနဲ့ အရင်တစ်ခေါက် မေ့ကျန်ခဲ့တဲ့ ခါးပတ် ပါလာသေးလား?"

 

 

“ခါးပတ် မပါရင်တောင်... သူ့ရဲ့ အတွင်းခံ တွေကရော ဈေးကောင်း ရနိုင်မလား?”

 

 

"အပြင်ဘက်က ပိတ်ကြမ်းကို ဝတ်ထားတာဆိုတော့ အတွင်းကဟာက ပိုကောင်းမှာပဲလေ၊ မဟုတ်ဘူးလား?”