My Dear Sunshine
Viewers 177

ကိုယ့်ရဲ့နံနက်ခင်းလေး

အလုပ်တွေကိုဇယ်ဆက်သလိုခပ်သွက်သွက်လုပ်နေရင်း နံရံဖြူဖြူထက်ကနာရီကိုမော့ကြည့်မိချိန် နံနက် နာရီခွဲရန် မိနစ်။ Cook Helper ကို Dry Store ထဲခဏသွားဦးမယ်အသိပေးခဲ့လိုက်ပြီးမှ အခန်းထောင့်ရှိ Store အတွင်းဝင်​လိုက်ရင်း တစ်ခုထဲသောမှန်ပြတင်းတံခါးနားလေးဆီတိုးကပ်လိုက်မိသည်။

သံပန်းလေးကာရံထား​သောမှန်ပြတင်းလေးက အနည်းငယ်မြင့်သော်လည်းရှည်လျှားသောသူ့အရပ်ကြောင့် အပြင် ကိုလုံးလုံးလျားလျားမြင်နိုင်၏။ ခြေဖျားကိုအသာ​ထောက်ပင့်လိုက်ရင်း မြင်နေရတဲ့လမ်းကလေးဆီကိုစိတ်​စောစွာ မျှော်ကြည့်လိုက်​မိ​သည်။

ဟော့...လာပါပြီ။ ရက်ပေါင်းများစွာစောင့်ကြည့်နေခဲ့ရပါ​သောကိုယ့်ရဲ့နံနက်ခင်းနုနုလေးဟာ အရင်နေ့တွေကလိုပဲ နှင်းပွင့်ငယ်လေးလိုလတ်ဆတ်ရှင်းသန့်နေ၏။ သဲသဲကွဲကွဲမမြင်ရသေးပေမဲ့ ဒါဟာကိုယ့်ရဲ့နံနက်ခင်းလေးမှန်းဘယ် နည်းနဲ့မှကိုမလွဲနိုင်ပါ။

သွယ်လျ​သော​ခြေတံရှည်ရှည်တို့က တက်ကြွခြင်းနှင့်ဖျတ်လတ်နေ၏။ တဖြည်းဖြည်းနီးကပ်လာသည်နှင့်အမျှ ပီပြင် လာသောအသွင်သဏ္ဍာန်လေးကို အသက်ရှူရန်မေ့နေလောက်သည်အထိ ငေးကြည့်နေမိ​သည်။ အတူတွဲလျှောက်လာ​သောအဖော်ကို ပြုံးရယ်စကားပြောလာတဲ့မျက်နှာလေးဆီကအကြည့်များကမလွှဲနိုင်။

လက်ဟန်ခြေဟန်လေးနှင့်စကားတွေဖောင်ဖွဲ့နေသူလေးက ဖော်ရွေလွန်းအားကြီး​နေတာကို စိတ်ထဲမှာဘဝင်မကျမိပေမဲ့ စွက်ဖက်ခွင့်မှမရှိသည်ဘဲ။ နှာတံစင်းစင်းလေးဘေးနားကမှည့်နက်စိုစိုလေးကိုတောင် မြင်ရလောက်သောအကွာအဝေးကိုရောက်လာချိန်မှ မမြင်နိုင်လောက်ဘူးဆိုတာကိုသိ​နေသော်လည်း ပြတင်းနားမှခွာကာပုန်းကွယ်လိုက်မိစဥ်...

"အစ်ကိုဘာရှာနေတာလဲဟင်။ အားလုံးပြင်ပြီးသွားပြီ။ ခင်းလိုက်တော့မယ်လို့လာပြောတာပါ"

"ဘာမှမရှာပါဘူး၊ လာလေ...မင်းတစ်ယောက်ထဲဆိုတော့အစ်ကိုပါကူခင်းပေးမယ်"

"ဒီနေ့မှခွင့်ယူတဲ့သူကထပ်သွားတော့ အစ်ကိုပါဝင်လုပ်နေရပြီဗျာ"

"ကိစ္စမရှိပါဘူး။ ဒါတွေကိုလုပ်ရင်းနဲ့ဒီနေရာထိရောက်လာခဲ့တာပဲ။ အစ်ကို့အတွက်အလုပ်ဟာအလုပ်ပါပဲ။ ခွဲခြားပြီးမတွေးတတ်ပါဘူး"

ဆေးကြောစရာတွေကိုဘေစင်ထဲစုပုံပေးခဲ့လိုက်ပြီးမှ Breakfast အတွက်အမြန်ဆုံးခင်းကျင်းလိုက်သည်။ အားလုံးပြီးစီးသွားချိန်တွင် ယူနီဖောင်းကိုသပ်သပ်ရပ်ရပ်ပြန်ပြင်ဆင်လိုက်​ပြီးမှ Food Station နောက်တွင်အသင့် ရပ်နေလိုက်၏။

တဖွဲဖွဲဝင်ရောက်လာသော ဧည့်သည်​​များ၏လိုအပ်ချက်​များကိုစောင့်ကြည့်နေရင်း ထိုသူတို့စိတ်ကြိုက်ကြက်ဥများကိုကြော်ပေးနေရပြန်သည်။ Buffet ခင်းထားသော်လည်းဧည့်သည်အများစုမှာ ပေါင်မုန့်နှင်ကြက်ဥကြော်ကိုလည်းမလွတ်ပြန်ပါ။

ဒီအလုပ်​တွေကိုအငယ်တွေပဲလုပ်ရခြင်းမျိုးဖြစ်သော်လည်း ယနေ့မနက် Duty ကျသူမှာနှစ်ယောက်ထဲသာရှိနေ၍ ကျွန်တော်ပါအပြင်ထွက်ကူ​​နေရခြင်းဖြစ်လေသည်။ ကြက်ဥများကို Boil, Fried, Poached, Scrambled, Omelet စသည့်ဧည့်သည်ကြိုက် နှစ်သက်ရာအမျိုးအစားအတိုင်းချက်ချင်းကြော်ပေးနေရင်း Breakfast time ကပြီးစီးသွား၏။

Kitchen ထဲတွင်အခြားနေ့များနည်းတူပုံမှန်လည်ပတ်နေရင်း ဝမ်းထဲကဟာတာတာဖြစ်လာချိန်မှ နေ့လယ်စာစားရန်သတိရ၏။ Canteen ပိတ်ချိန်ရောက်နေပေမဲ့ Kitchen ဝန်ထမ်းတွေအတွက်မူပြဿနာမရှိပါ။ ဆောင်းထား​သောဦးထုပ်ကိုချွတ်ထားခဲ့လိုက်ပြီးမှ ဧည့်ဆောင်များနှင့်ခပ်ဝေးဝေးတွင်ဆောက်လုပ်ထား​သော ဝန် ထမ်းစားသောက်ဆောင်ရှိရာဆီလျှောက်လာခဲ့သည်။

ခေါင်းမိုးခပ်မြင့်မြင့်ဆောက်လုပ်ထားပြီး ကျယ်ကျယ်ဝန်းဝန်းရှိနေ​သောထမင်းစားဆောင်ထဲဝင်လိုက်ချိန် မျက်နှာကျက်တွင်တပ်ဆင်ထား​သောပန်ကာလေအေးအေးကြောင့် အပူဒဏ်ကအတန်ငယ်သက်သာသွား၏။ တစ်ယောက်စနှစ်ယောက်စသာရှိနေခြင်းကြောင့် စားသောက်ဆောင်ကတိတ်ဆိတ်ငြိမ်သက်နေသည်။

စားပွဲပေါ်တင်ထား​သောဝန်ထမ်းစာကိုကြည့်လိုက်တော့ ငါးဓားခွန်ခြောက်ကိုစင်းပြီးငရုတ်သီးနှင့်အစပ်ကြော်၊ သီးစုံအချဥ်ရည်ဟင်းနှင့်ဂေါ်ဖီရွက်ကြော်။ တစ်ပတ်မှာအသားဟင်းကနှစ်ရက်၊ ကြက်ဥကတစ်ရက်၊ ငါးခြောက်တစ် ရက်နှင့် ကျန်နှစ်ရက်တွင်သတ်သက်လွတ်ကျွေး၏။

ယ​နေ့အတွက်မူငါးခြောက်ကြော်စပ်စပ်၊ သီးစုံချဥ်ရည်ကျဲကျဲကအစပ်အဟပ်တည့်နေလို့ ဝန်ထမ်းတွေကြိုက်ကြတယ်ထင်ပါရဲ့။ ထမင်းဟင်းတွေကသိပ်ပင်မကျန်တော့ပါ​ပေ။ ပုံစံခွက်စတီးဗန်းကိုကောက်ယူလိုက်ပြီး အခန်းထောင့်ကစားပွဲတစ်​နေရာဆီသွားထိုင်ကာစားသောက်နေစဥ်...

"ဟင်...ငါးခြောက်ကြော်ကြီးလား၊ ကြည့်ရတာစပ်မယ်ထင်တယ်​နော်။ ကျွန်တော်ကအစပ်မစားနိုင်ဘူး၊ ရတယ် ရတယ်၊ ဂေါ်ဖီကြော်ပဲထည့်ပေးပါ၊ ဟင်းရည်နဲ့ပဲစားလိုက်ပါ့မယ်"

"ငရုတ်သီးမပါတာကြော်ထားပေမဲ့ကုန်သွားလို့ပါစူပါရယ်၊ ဘယ်နှယ့်လုပ်ပေးရပါ့မလဲ။ အားနာလိုက်တာ"

အပြန်အလှန်ပြောနေသောအသံကြောင့်လှမ်းကြည့်လိုက်စဉ် ငြိမ်သက်နေသောရင်ကတလှပ်လှပ်ခုန်လာပါ​တော့သည်​။

သူပါလား။ သူလည်းထမင်းစားနောက်ကျနေတာပေါ့။ စားလက်စထမင်းကိုမြန်မြန်လက်စသတ်၊ ပန်းကန်ကိုဘေစင် ထဲထည့်လိုက်ပြီးမှချက်ပြုတ်ဆောင်ထဲကိုဝင်လိုက်ချိန် စားဖိုဆောင်မှူးအစ်မက…။

"ကိုခွင်း နေ့လယ်စာကိုအခုမှလာစားတာလား၊ နောက်ကျလိုက်တာ"

"ဒီနေ့မနက်ပိုင်းနှစ်ယောက်ပဲရှိလို့အလုပ်များနေတာ၊ ဘာတွေလိုအပ်သေးလဲဝင်ကြည့်တာပါ"

"တစ်ပတ်စာစျေးစာရင်းကဝယ်ပေးထားပြီးသားမို့ ဘာမှတော့မလိုသေးပါဘူး။ သဘက်ခါမှပဲ ဈေးစာရင်းထပ်တင် လိုက်မယ်နော်။ ဒီတစ်ခါ Canteen Menu ကို ကိုခွင်းပဲဆွဲပေးပါလား။ ကိုခွင်းဆွဲတဲ့ Menu ဆိုကလေးတွေပိုကြိုက် ကြတယ်"

တစ်ပတ်စာ Canteen Menu ကို Kitchen ဝန်ထမ်း​တွေကဆွဲပေးရ၏။ ဒီတစ်ပတ်လည်းဆွဲပေးရန်စိတ်ကူးထားသောကြောင့် ခေါင်းကိုညိမ့်ပြလိုက်ရင်းမှလိုရင်းကိုမေးလိုက်၏။

"ကြက်ဥရှိ​သေးလား"

"ရှိတယ်ရှိတယ်။ မနက်ဖြန်မနက်ကြာဇံကြော်ထဲထည့်ဖို့ အလုံး ၅၀ လောက်​ရှိပါ​သေးတယ်"

"ရှိရင်အဲဒီထဲကနှစ်လုံးကို Half Fried ကြော်ပြီး FO က Supervisor ကိုသွားပေးလိုက်ပါ။ ကျွန်တော်အစားပြန်ဖြည့်ပေးမယ်၊ သူအစပ်မစားနိုင်လို့ဂေါ်ဖီကြော်နဲ့ပဲစားနေတယ်။ တစ်နယ်တကျေးကလာရတဲ့သူဆိုတော့ အစားအသောက်ကိုဂရုစိုက်ပေးလိုက်ပါ"

"ခုပဲကြော်ပေးလိုက်ပါ့မယ်"

ဒယ်အိုးနီနှင့်ချက်ချင်းထကြော်နေသည်ကိုခဏရပ်ကြည့်နေလိုက်ပြီးမှ စားဖိုဆောင်ထဲကပြန်ထွက်ခဲ့သည်။ အဆောင်ထဲကမထွက်ခွာခ င်စားသောက်နေသူလေးကိုခိုး​ကြည့်လိုက်မိတော့ ဖုန်းလေးကိုရှေ့ချကာ သူ့အာရုံနှင့်သူငြိမ်ငြိမ်သက်သက်လေးရှိနေ၏။ အစ်မမိုးအေးကပန်းကန်ပြားလေးကိုင်ကာ သူလေးဆီကိုဦးတည်သွားတာတွေ့လိုက်မှ ကန်တင်းထဲက​နေခပ်သွက်သွက်ထွက်လာခဲ့သည်။

*********************************************

"Super လေးရေ၊ ဒီမှာကြက်ဥကြော်"

စားရင်းရုပ်ရှင်ကြည့်နေစဉ် ရှေ့ချပေးလာသောကြက်ဥကြော်ပန်းကန်လေးကြောင့် တအံ့တသြမော့ကြည့်လိုက်မိသည်။

"ဒါကျွန်တော့်အတွက်လားဟင်၊ တကူးတကကြော်ပေးတာအားနာလိုက်တာအစ်မရာ"

ပါးစပ်က​နေပြောလိုက်ပေမဲ့ လက်ကတော့စားချင်စဖွယ်​ကြက်ဥကြော်ပန်းကန်​လေးဆီကိုတန်းရောက်သွား၏။

"စားပါရှင် အားမနာပါနဲ့၊ အစ်မကအနောက်ထဲရောက်နေလို့မသိလိုက်တာ၊ အစပ်မစားနိုင်ရင်ကြိုပြောထားလေ နော်၊ ဖယ်ပေးထားမှာပေါ့။ အစပ်မစားနိုင်သူတွေအတွက်သပ်သပ်ကြော်ပေးထားပါတယ်။ ကုန်သွားတာနဲ့တိုးနေတာ ကိုး"

"ကျွန်တော်လာတာနောက်ကျနေတာပါဗျာ။ စားလို့ရပါတော့မလားလို့တွေးနေတာ"

"နှစ်နာရီလောက်အထိစောင့်ပေးပါတယ်စူပါလေးရယ်၊ ဒီနေ့ဧည့်သည်​တွေအထွက်များနေလို့ ထမင်းစားနောက်ကျ​နေတာလား"

"ဟုတ်တယ်၊ များတာထက် ပစ္စည်းမှား​ပြီးပါသွားတာတွေနဲ့တိုင်ပတ်နေတာပါဗျာ"

"သြော် ဖြစ်ပြန်ပြီလား၊ House Keeping နဲ့ပဲလား"

ဟိုတယ်မှာ House Keeping နှင့် Front Office မှာဒွန်တွဲနေတတ်သလိုတည့်လည်းမတည့်တတ်​ကြတာထုံးစံ။

"HK ဘက်ကမမှားပါဘူး၊ သူတို့ထည့်ထားတဲ့ပစ္စည်းစာရင်းက အတိအကျရှိ​နေတာကိုး။ တစ်ချို့ဧည့်သည်တွေက ပစ္စည်းတွေကိုလုံးထွေးသိမ်းတော့မှားပါကုန်တာပေါ့။ မျက်နှာသုတ်ပုဝါ၊ ကိုယ်သုတ်ပုဝါလေးဆိုပေမဲ့ ပါသွား လို့လည်းမဖြစ်ဘူးလေဗျာ။ တစ်ဖက်ကလည်းဧည့်သည်ဆိုတော့ ကြည့်ကောင်းအောင်လှည့်ပတ်ပြော​ပြီးတောင်း ရတာမျိုးပေါ့"

"ပြန်တွေ့လား"

"တွေ့ပါ့ဗျာ။ ဧည့်သည်တွေကလည်းခက်ပါတယ်၊ အစကတော့ဝန်ထမ်းကိုနင်ပဲငဆနဲ့ တစ်ဖက်စောင်းနင်းပြောပြီး သူတို့ Luggage ထဲကပြန်တွေ့တော့လည်းခပ်တည်တည်ပဲ။ ပြန်တောင်းပန်ရကောင်းမှန်းလည်းနားမလည်ပါဘူးဗျာ။ ဝန်ထမ်းဆိုတော့ပြောသမျှခံရတာပေါ့။ ဒါမျိုးကျကလေးတွေကမရှင်းချင်ကြဘူး​။ ကျွန်တော်ပဲပေါ့အစ်မရာ"

"တော်တော်တော့သည်းခံရမယ်နော် "

"ဒါပေါ့ဗျာ Front Office ဆိုတာ Image of the hotel တဲ့။ ကောင်းကောင်းဆိုးဆိုး FO ကပဲဒိုင်ခံရှင်းရတာကိုးဗျ။ ပစ္စည်းပျောက်လည်းကိုယ်ပဲမေးရတာမျိုး။ အစားအသောက်မကောင်းရင်တောင် စားသောက်ဆိုင်မှာဘာမှမပြောခဲ့ဘဲနဲ့ FO ကျမှ မင်းတို့ဟိုတယ်အစားအသောက်ကဘယ်လိုဘယ်ပုံနဲ့ရစ်​ကြတာဗျ။ အခန်းထဲမှာတစ်ခုခုဖြစ်ရင်လည်း ဆိုင်ရာဌာနလိုင်းခွဲဖုန်းနံပတ်​တွေပေးထားပါရက်နဲ့ သုညတစ်လုံးကိုပဲတွင်တွင်နှိပ်​ကြတာမျိုး"

"တစ်လုံးပဲနှိပ်ရတာကလွယ်တာကိုးစူပါလေးရဲ့ ဟင်းဟင်း"

စားဖိုဆောင်မှူးကရယ်ရင်းပြောလာချိန်မချိပြုံးနှင့်ဖြေရပြန်သည်။

"ဝန်ထမ်းဆိုတာ ဧည့်သည်တွေရဲ့လိုအပ်ချက်ကိုဖြည့်ဆည်းပေးရမဲ့တာဝန်ရှိတာကိုသိပါတယ်ဗျာ။ ဒါပေမဲ့ဧည့်သည်များတဲ့အခါမျိုး​တွေကျ တော်တော်ဒုက္ခရောက်ရတယ်အစ်မရယ်။ ကောင်တာထဲမှာရှိတဲ့ဖုန်း လုံးကမနားရပါဘူး။ တာဝန်ကျတဲ့ဝန်ထမ်းသုံးယောက်ဆီမှာ တစ်ယောက်ကိုလက်ခြောက်ဖက် စီရှိမယ်ဆိုရင်တောင် လက်မလည်ပါဘူးဗျာ"

"ပြောတတ်ပါ့စူပါလေးရယ်။ ဒါနဲ့အဆောင်မှာနေရတာအဆင်ပြေရဲ့လား။ ဒီရောက်တာ ၃လလောက်ရှိပြီထင် တယ်နော်"

"ပြေပါတယ်အစ်မ၊ အစားအသောက်လေးတစ်ခုပါပဲ"

"အစားအသောက်ကဘာဖြစ်လို့တုန်းစူပါလေးရဲ့"

အသက်လေးဆယ်အရွယ်အမျိုးသမီးက စူပါလေးခေါ်နေတာကိုစိတ်ထဲဘယ်လိုမှမခံစားမိပါ။ ဌာနကအငယ်တွေက တော့အစ်ကိုလို့ခေါ်ပြီး ကျန်ဌာနကလူ​တွေကတော့ရာထူးကိုပဲတပ်ခေါ်တတ်ကြ၏။

"ဂျူတီမရှိတဲ့အချိန်တွေရယ်ပိတ်ရက်တွေရယ်ကျ အပြင်မှာဝယ်စားရတာလေ၊ ကျွန်တော်ကဆိုင်ဟင်းတွေကိုစိတ် ထဲမသန့်ဘူးအစ်မရာ။ ကိုယ့်ဘာသာချက်စားဖို့ကျတော့လည်း အဖြစ်ကမရှိတော့ခက်နေတာပေါ့"

"ဒါပေါ့လေ…အစ်မကူညီနိုင်တာဆိုရင်ပြောလေကွယ်၊ ကူညီပေးမှာပေါ့"

စားလက်စကိုရပ်လိုက်ကာအားနာမိပေမဲ့ နယ်ခံဖြစ်နေတဲ့အစ်မကိုပဲအကူအညီတောင်းရပါတော့သည်။

"ဒါဆိုရင်တစ်ခုအကူအညီတောင်းချင်တယ်။ အားတော့နာမိသား..."

"အားမနာပါနဲ့။ ကိုယ်တွေမြို့ကိုပြောင်းလာတဲ့ဝန်ထမ်းကိုကူညီရမှာက နယ်ခံတာဝန်ပဲပေါ့။ ပြောပါလေ "

"ဟိုလေ...ဆိုင်ထမင်းကိုတော့စားနိုင်ပါတယ်။ ဟင်းအတွက်အခြောက်အခြမ်းလေး​တွေ ကြော်ခိုင်းလို့ရမလားဟင်။ တစ်ပတ်တစ်ခါလောက်ပေါ့အစ်မရယ်။ ကြော်ခလည်းပေးပါ့မယ်၊ အဲ...အစ်မကိုကြော်ခိုင်းတာမဟုတ်ပါဘူးနော်။ ကြော်ပေးမဲ့သူရှိရင်လုပ်ခိုင်းပေးဖို့ပါ"

"စူပါလေးကဘာတွေစားချင်တာလဲ "

"ဘာလချောင်ကြော်တို့ဘာတို့ကဗူးဝယ်လိုက်လို့ရပါတယ်။ ငါးကြော်တို့ ကြက်သားလုံး၊ ဝက်သားလုံး၊ ချဥ်ပေါင်ကြော် အဲလိုပေါ့ဗျာ။ အိမ်ချက်ဟင်းလေးတွေစားချင်တာပါ။ ကျွန်တော်ထမင်းစားလို့သိပ်မဝင်ဘူးအစ်မ ရယ်၊ ဟင်းကောင်းကြိုက်တတ်တော့လည်းခက်သား။ မေမေကအရမ်းဟင်းချက်ကောင်းတာ၊ မေမေ့လက်ရာ​တွေ စားလာတော့ကျွန်တော်ကဟင်းသိပ်ရွေးတယ်။ အကောင်းလည်းသိပ်ကြိုက်တယ်ဗျ"

"ဒါပေါ့လေ၊ အစ်မမေးကြည့်လိုက်ပါအုံးမယ်။ အစ်မကကန်တင်းတာ‌ဝန်နဲ့မို့ ချက်​ပေးဖို့အဆင်မပြေလို့ပါ။ တစ်လတစ်ခါရွာပြန်ရင်အဆင်ပြေတာလေးတွေကြော်လာခဲ့ပေးမယ်လေ"

"တကူးတကမလုပ်ပေးပါနဲ့ဗျာ အားနာတယ်။ ဒါဆိုကျွန်တော်ပြန်တော့မယ်နော်အစ်မ"

"ထမင်းလည်းမကုန်ပါလား၊ စားမကောင်းဘူးလားဟယ် "

ပန်းကန်းထဲကျန်နေသောထမင်းတစ်ဝက်လောက်ကိုမေးဆတ်ပြရင်းမေးလာစဉ် အားနာစွာနှင့်ပြောလိုက်မိသည်။

"အစာလွန်သွားလို့ပါ။ ကြက်ဥကတော့ကုန်ပြီနော်၊ ကျေးဇူးတင်ပါတယ်အစ်မရေ"

"ကျေးဇူးတင်ရမှာအစ်မကိုမဟုတ်ဘူး။ တင်ချင်ရင်ကိုခွင်းကိုတင်လေ၊ အစ်မကစူပါဟင်းအဆင်မပြေတာကိုမသိ လိုက်ဘူး။ ကိုခွင်းကပြောနေတာ​တွေကြားလိုက်တယ်ထင်ပါရဲ့။ အနောက်ထဲကိုဝင်လာပြီးခိုင်းသွားမှသိရတာပါကွယ်"

"ကိုခွင်း..?"

"သြော် ရောက်တာမကြာသေးလို့မသိ​သေးဘူးထင်တယ်။ Kitchen ကလက်ထောက်စားဖိုမှူးလေ။ စူပါ့ရှေ့တင် ထမင်းစားပြီးထွက်သွားတဲ့လူလေ၊ မတွေ့လိုက်ဘူးလား "

"ကျွန်တော်သတိမထားမိလိုက်ဘူး"

"ကိုခွင်းကအဲလိုပါပဲ၊ ဝန်ထမ်းတွေကိုသိပ်ဂရုစိုက်တတ်တာ၊ အစားအသောက်နဲ့ပက်သက်ရင်ဂရုတစိုက်လုပ်ခိုင်း တတ်သလို စည်းကမ်းကလည်းကြီးတယ်ရှင့်။ ခုလိုထမင်းတစ်ဝက်လောက်ကျန်တာမြင်ရင် မျက်လုံးကြီးပြူးပြီး ကြည့်လာပါလိမ့်မယ် "

"ခင်ဗျာ..."

"ထမင်းကိုကုန်သလောက်ပဲထည့်စားတဲ့။ လိုရင်ထပ်ယူ၊ မကုန်ဘဲသွန်ပစ်လိုက်ရတာက ဖြုန်းတာနဲ့အတူတူပဲတဲ့ ရှင်ရေ။ အစ်မတို့တော့စားဖိုမှူးကြီးထက်သူ့ကိုပိုကြောက်ရတယ်လေ၊ အမှိုက်ပုံးကအစလှန်စစ်တာနော်။ သွန်တာ များတဲ့နေ့အဆူခံရတဲ့နေ့ပဲ"

"အဲလိုလား။ နောက်ဆိုသတိထားမှပါပဲဗျာ"

"အရပ်မြင့်မြင့်နဲ့ခပ်ချောချောဆိုရင်ကိုခွင်းလို့ပဲမှတ်၊ စားဖိုဆောင်ထဲတော့သတိထားပေ့ါရှင်"

"သြော် ဟုတ်ကဲ့ပါအစ်မ"

ထမင်းစားဆောင်ကနေထွက်လာခဲ့ရင်း နောက်ဆိုထမင်းကိုကုန်သလောက်ပဲထည့်စားဖို့သတိထားရတော့မယ်လို့ မှတ်ထားလိုက်ရသည်။ ခုလည်းကုန်နိုင်သလောက်ပဲထည့်တာပါ။ အစာလွန်သွားတာရယ် မကြိုက်တဲ့ဟင်းရယ်ကြောင့်စားမဝင်လို့သွန်ခဲ့လိုက်ရခြင်းမျိုးမဟုတ်လား။

ကိုယ်ကလည်းကိုယ်ပဲ။ ဘေးဘီကိုအာရုံမထားတတ်တဲ့အကျင့်ကြောင့် သတိမထားလိုက်မိ။ စာဖိုမှူးရှေ့မှာ ဟင်းဂျီးများသလိုဖြစ်သွားတော့မှာပဲ။ တကူးတကစီစဥ်ပေးသွားတာကိုသိလိုက်ရ​တော့ စိတ်ထဲအားနာမိသလိုလို။

*********************************************

အချိန်တွေကြာလာခဲ့ပေမဲ့ ကိုယ်နဲ့ကိုယ့်ရဲ့နံနက်ခင်းလေးကတော့ရင်းနှီးမလာခဲ့ပါချေ။ ကိုယ်ကလည်းအ​ဝေးက​နေခိုးငေးနေရင်းနဲ့သာရှိနေစဲဖြစ်ခဲ့ပြီး သူလေးကလည်းသူ့ဌာနကဝန်ထမ်းတွေနှင့်သာအစဥ်ပျော်မွေ့နေလေ၏။

သတိထားမိတဲ့အချက်က နံနက်ခင်းလေးဟာလုပ်ငန်းခွင်ထဲမှာသာဖော်ဖော်ရွေရွေနေတတ်ပြီး ကျန်အချိန်တွေမှာတစ်ကိုယ်ထဲအေးအေးဆေးဆေးငြိမ်သက်လွန်းလှသူလေး။ သူတို့ဌာနကလူတွေကလွဲပြီး အခြားဌာနကလူတွေနဲ့ရင်းရင်းနှီးနှီးမနေတတ်လေသူ။ ဒါတွေကြောင့်ကိုယ့်လိုအနေအေးသူ၊ Back Operation ကလူတစ်ယောက်နဲ့ ပက်သက်ဆက်နွယ်လာစရာအကြောင်းကလည်းမရှိခဲ့ခြင်းဖြစ်လေသလား။

စာဖိုးဆောင်မှူးအစ်မဆီကတစ်ဆင့် အစားအသောက်တစ်ချို့ကိုကြုံ​ကြိုက်သလိုနဲ့ ဟင်းလျာလေးတွေချက်ထည့် ပေးလိုက်တတ်တာကိုလည်းသူမသိခဲ့ပါ။ နားမလည်သလိုမေးချင်နေတဲ့အစ်မကို တနယ်တကျေးကလာသူမို့ တတ်နိုင်တာလေးကူညီပေးတာပါဆိုတဲ့အပြောနဲ့အပိတ်စကားဆိုခဲ့ရပေမဲ့ ခံစားချက်တွေကရိုးရှင်းမနေခဲ့တာကိုယ့် ဘာသာသိခဲ့ပြီးသား။

ကိုယ်တိုင်လည်းကိုယ့်ရဲ့လိင်စိတ်တိမ်းညွှတ်ရာကို အစောကကြီးထဲကလက်ခံထားသူမို့ ဒါဟာလည်းထူးခြားခြင်းလို့ မဆိုနိုင်။ သူသိသိ မသိသိကိုယ့်ရဲ့တစ်ဖက်သတ်ချစ်ခြင်းတရားကသေချာနေပြီးသားဖြစ်နေတော့ ငေးကြည့်နေခွင့် လေးနဲ့တင်ကျေနပ်နေရ၏။ ဒါလည်းစိတ်ချမ်းသာခြင်းတစ်မျိုးပါပဲ။

လိုက်ကြည့်​နေရင်းသတိထားလိုက်မိတာက သူလေးဟာအမျိုးသမီးလေးတွေနဲ့သာရင်းရင်းနှီးနှီးနေတတ်ပြီး အမျိုး သားတွေကိုတော့တတ်နိုင်သလောက်ရှောင်ဖယ်ကာ ကင်းကင်းရှင်းရှင်းနေတတ်ခြင်းပါပဲ။ ဟိုတယ်ကိုရောက်လာတဲ့ လအတွင်း ဘယ်အမျိုးသားနဲ့မှရောရောနှောနှောမနေတတ်ခဲ့သလို၊ တမင်ကိုရှောင်ဖယ်ကာသတိထားနေသလို လေးဖြစ်နေတတ်တာကိုသတိ​ပြုခဲ့မိ၏။ စိတ်ထဲတစ်စုံတစ်ရာကိုသဘောပေါက်လိုက်မိသလိုလိုတော့ရှိလိုက်သား​။ တိတိကျကျသိရဖို့တော့မကြိုးစားခဲ့မိပါ။ ဖုံးကွယ်ထားချင်တဲ့တစ်စုံတစ်ရာက မျှော်လင့်ချက်ရေးရေး လေးများဖြစ်နေမလားရယ်လို့တွေးမိလိုက်ပေမဲ့ ဖုံးကွယ်ထားခြင်းရဲ့နောက်ကအ​ဖြစ်အပျက်တွေကိုမဖော် ထုတ်ချင်ခဲ့ပါ။ စိတ်အေးသက်သာနေထိုင်ပုံလေးကို မနှောက်ယှက်ချင်မိတာလည်းပါတာပေါ့။

သို့ပေမဲ့ မထင်မှတ်ဘဲအကြောင်းအရာတစ်ချို့ကိုသိလိုက်ရတဲ့နေ့တစ်နေ့ရဲ့နောက်တွင် နံနက်ခင်းလေးအနားကို ချဉ်းကပ်ဖို့အတွက်ခြေလှမ်းတို့ကိုစတင်လိုက်ရပါတော့သည်။

*******************************************************

ထိုနေ့က ဟိုတယ်အတွင်းရှိမျှော်စင်လေးတစ်ခုပေါ်တွင်တစ်ယောက်ထဲထိုင်နေစဥ် အောက်အဆင့်လှေကားနား​လေးဆီကဖုန်းပြော​နေသံခပ်တိုးတိုးလေးကိုကြားလိုက်ရသည်။ အားလပ်ချိန်လေးရလို့ချဥ်နေတဲ့ခံတွင်းကို လူတွေနှင့်ဝေးရာတွင်လာဖြည့်ဆည်းနေစဥ် သူလေးကလည်းလူရှင်းတဲ့နေရာမှာရွေးပြီးဖုန်းလာပြောပုံရ၏။

တိုးတိုးသဲ့သဲ့ပြောနေပေမဲ့ တိတ်ဆိတ်လွန်းသောပတ်ဝန်းကျင်အနေအထားကြောင့် စကားသံကိုသဲသဲကွဲကွဲ ကြားလိုက်မိခြင်းကကံကောင်းခြင်းရဲ့လမ်းစလို့ဆိုရလေမလား။

"မေမေရာ...ဒီအကြောင်းတွေကဖြစ်ခဲ့တာကြာပဲကြာလှပြီကို။ ခုချိန်အထိပြောလို့မပြီးနိုင်ကြသေးဘူးလားဗျာ "

"..."

အကြိမ်ပေါင်းများစွာမကြားဖူးခဲ့ပေမဲ့ ရံဖန်ရံခါကြားခဲ့ဖူးတဲ့ချိုလွင်သောအသံလေးက ခုချိန်မှာတော့ရှိုက်သံလေးစွက် ကာတုန်ရင်နေလေသည်။

"ဟုတ်တယ်လေ။ သားကဂေး၊ ဂေးဆိုတိုင်းမြင်သမျှယောက်ျားနဲ့ပလူးနေမယ်လို့ ဘာကြောင့်များထင်နေကြတာလဲ ဗျာ။ ပတ်ဝန်းကျင်ကနားလည်မပေးနိုင်ရင်ထားပါ၊ မိသားစုကတော့နားလည်ပေးလို့မရနိုင်ဘူးလားဟင်"

"...."

"သားကဂေးပါလို့တလောကလုံးသိပြီးသားကို မိန်းမပေးစားဖို့ကြံနေကြတာလွန်တယ်လို့မထင်မိကြဘူးလား။ သူများသားသမီးကိုယူပြီးဒုက္ခမပေးချင်ပါဘူးမေမေရယ်။ သားရဲ့စိတ်ကိုသိနေရက်နဲ့ ဇွတ်အတင်းလုပ်​ကြမယ်ဆိုရင်သားကိုအဆိုးမဆိုကြနဲ့နော်"

မိန်းမယူဖို့တိုက်တွန်းနေတယ်လို့သိလိုက်ချိန် ပူလောင်ခြင်းများကရင်ထဲအရှိန်အဟုန်နှင့်ဝင်ရောက်လာလေသည်။

ဟင့်အင်းနော်၊ ကိုယ်ကအရမ်းချစ်မိနေတာလေ၊ တစ်ပါးသူလက်ထဲထည့်ပေးလိုက်ဖို့စဉ်းတောင်မစဉ်းစားမိသေး ဘူးလေ။

"မေမေတို့ရဲ့ခံစားချက်ကိုနားလည်ပေးနိုင်ပါတယ်ဗျာ။ သားကိုရွံစရာသတ္တဝါတစ်ကောင်လိုမြင်နေကြတဲ့ မိသားစုတွေရှေ့ကနေလည်း ထွက်လာခဲ့ပြီးပြီလေ။ ဒါတောင်မလုံလောက်​သေးဘူးလားဗျာ"

"...."

"သဘောပါမေမေ၊ အခုလိုပြတ်ပြတ်သားသားသိရတော့ကောင်းပါတယ်"

"..."

"မေမေရယ် မိဘတွေရဲ့မေတ္တာကိုတောင်မရကာမှတော့ ရုပ်ဝတ္ထုတွေကအရေးကြီးလို့လား။ လုပ်ပါ စိတ်ချမ်း သာသလိုသာလုပ်လိုက်​ကြပါ။ သားကကျေကျေနပ်နပ်လက်ခံပါတယ်လို့ဖေ​ဖေ့ကိုပြောပြလိုက်ပါ"

သက်ဆိုင်မှုမရှိသေးပါဘဲနှင့် ကြားနေရသောဝမ်းနည်းဖွယ်ရာအသံလေးကြောင့်ရင်ဝယ်မချိနိုင်တော့ပါ။

"..."

"မေမေရယ်။ သားကဖြစ်ချင်လို့ဖြစ်ခဲ့တာလား။ ဒါကသားရဲ့ဖြစ်တည်မှုလေဗျာ၊ ဘာတတ်နိုင်မှာလဲ။ ဘယ်လိုလုပ်ပေးရမှာလဲဗျာ"

"..."

"သူနဲ့လည်းအဆက်အသွယ်မရှိ​တော့ပါဘူး၊ တစ်ကယ်ပါ။ ချစ်သူထက်ပတ်ဝန်းကျင်ကိုပိုအလေးထားတဲ့လူမျိုး၊ သစ္စာမရှိတဲ့လူမျိုးကိုသားကဆက်​ပြီးပက်သက်နေစရာလား။ ဝေးပါသေးတယ်"

"..."

"သြော်...တကယ်မရှိတော့ပါဘူးဆိုမှမေမေရယ်။ မသိဘူး မိန်းမယူသွားတယ်လို့ကြားမိလိုက်တာပဲ​လေ။ ကြာပဲကြာလှပြီဟာကိုဗျာ"

ကောင်းတယ်။ ဒီသတင်းကတော့ကြားလိုက်ရသမျှတွေထဲနားအချမ်းသာရဆုံးပါပဲ။

"ပြီးခဲ့တာတွေ​​ပြန်ပြောမနေပါနဲ့တော့ဗျာ၊ အားလုံးကိုမေ့ထားလိုက်ပြီ။ အခု သားကိုဘာမှန်းမသိတဲ့ပတ်ဝန်းကျင်အသစ်မှာနေ​ပြီး စိတ်ပျော်အောင်နေ,နေတယ်။ အဆင်လည်းပြေပါတယ်။ ဘာမှစိတ်မပူနဲ့"

"..."

"သြော်...တကူးတကတော့လိုက်ရှာမနေပေမဲ့ တွေ့တော့လည်းတွေ့ပေါ့ဗျာ။ သားရဲ့စိတ်နဲ့ထပ်တူကျတဲ့လူမျိုး၊ သားကိုအရှိအတိုင်းလက်ခံပေးနိုင်တဲ့လူမျိုးနဲ့တွေ့ရင်တော့ဘယ်ပြောနိုင်မလဲ"

ဘာရယ်။ သူလေးမှာဒီလိုအတွေးမျိုးရှိနေသတဲ့လား။ ရှိတယ်လေ၊ ဒီမှာကိုယ်တစ်ယောက်လုံးရှိနေတယ်လေကွာ။

"အဲလိုမပြောလို့ဘယ်လိုပြောရမလဲဗျ။ မိန်းကလေးတွေမကြိုက်ပါဘူး၊ ယောက်ျားပဲကြိုက်ပါတယ်ဆိုမှ၊ ယောက်ျား မယူလို့ဘယ်ဟာကိုယူရမှာလဲ။ ယူမယ်မယူဘူးဆိုတာကြိုပြောလို့ရမလားဗျ"

အေးယူ ယူ၊ မင်းယူတဲ့သူကကိုယ်တော့ဖြစ်ရမယ်နော်။

"ငိုစရာအကြောင်းမရှိဘူးနော်မေမေ၊ ဆက်မပြောပါနဲ့တော့၊ စိတ်မချမ်းသာလွန်းလို့ပါဗျာ။ နောက်ဆိုသာကြောင်းမာကြောင်းကလွဲပြီး မဆက်သွယ်ပါနဲ့တော့။ မေမေတို့ကအမွေပြတ်စကားပြောနေပေမဲ့ သားကတော့မိသားစုကိုရင်ထဲမှာအမြဲတမ်းသိမ်းထားမှာပါ။ ဒါပဲနော်မေမေ၊ ကျန်းမာအောင်နေ"

ဖုန်းချပြီးတိတ်ဆိတ်နေချိန် အကွယ်လေးကနေအသာချောင်းကြည့်လိုက်တော့ ဘေးတစ်စောင်းအနေအထား လေးနဲ့မျက်နှာနုနု​လေးကိုမြင်တွေ့လိုက်သည်။ ဖုန်းချပြီးမှငိုနေသောသူလေးက နှာသီးဖျားလေးတွေတောင်ရဲရဲနီနေ၏။

ကြားလိုက်ရသောစကား​​များကြောင့်အံ့သြနေရင်းမှ သူမမြင်နိုင်ဘူးဆိုတာသိနေပေမဲ့ကိုယ်ကိုကျုံ့ထားလိုက်မိသည်။ စိတ်ထဲမှာလည်းအတွေးတွေများနေရ၏။ မထင်မှတ်ဘဲသိလိုက်ရသောအဖြစ်တွေကြောင့် စိတ်ထဲသနားခြင်းများနှင့်ပြည့်နှက်နေပါတော့သည်။

မိသားစုမရှိတဲ့တစ်ကြောင်ကြွက်သမားကျွန်တော်က မိသားစုဆိုတဲ့တန်ဖိုးကိုမရရှိခဲ့ပေမဲ့ တန်ဖိုးထားတတ်ပါသည်။ ကိုယ့်ဘဝကိုကိုယ်တိုင်ပုံ​ဖော်ထုဆစ်ရင်းရပ်တည်လာခဲ့ခြင်းမှာ ဘယ်သူ့မျက်နှာကိုမှမကြည့်ဘဲ ရဲရဲ ဝံ့ဝံ့နေထိုင်ခဲ့တဲ့လူမျိုး။ ကိုယ်မှန်တယ်ထင်ရင်နောက်မဆုတ်တတ်ခဲ့သလို ကိုယ့်အတွက်ကြောင့်တပါးသူထိခိုက်နစ် နာခြင်းမရှိအောင်နေထိုင်ခဲ့တဲ့လူမျိုး။

ဒီအသက်အရွယ်ထိရောက်ခဲ့မှတော့ နှလုံးသားရေးမှာအတွေ့အကြုံမရှိခဲ့ဖူးဘူးဆိုတာဘယ်ဖြစ်နိုင်ပါ့မလဲ။ ကျွန်တော်လည်းချစ်ခဲ့ဖူးတာပေါ့။ နိုင်ငံရပ်ခြားမှာအလုပ်သွားလုပ်စဥ်က စိတ်တူကိုယ်တူဝါသနာတူချစ်သူတစ် ယောက်ရှိခဲ့ဖူး၏။ နှစ်ဦးသဘောတူပက်သက်ခဲ့ပြီးမှနှစ်ဦးသဘောတူခွဲခွာခဲ့ခြင်းမျိုးကြောင့် နောင်တဆိုတာလည်း မရှိခဲ့ပေမဲ့ ထပ်ပြီးချစ်ဖို့တော့မရဲခဲ့တာအမှန်။

သုံးနှစ်ကြာမှ အသစ်တဖန်ပြန်လည်နိုးထလာ​သောနှလုံးသားက နေ့တစ်နေ့ရဲ့နံနက်ခင်းနေခြည်နွေးနွေးအောက်တွင်အစပြုခဲ့ခြင်းဖြစ်ခဲ့လေသည်။ တစ်ချိန်လုံးစောင့်ငေးမျှော်လင့်နေမိခြင်းက တစ်ခဏအတွက်မဟုတ်ခဲ့တာကိုယ်ဘာသာအသိဆုံးမဟုတ်လား။

လူသားနှစ်ဦးပေါင်းစည်းဖို့ရာ အချစ်တစ်ခုထဲနဲ့ပြီးပြည့်စုံတာမှမဟုတ်တာဘဲ။ ကျွန်တော့်ထက် ၁၀နှစ်ငယ်ရွယ် သူလေးက အခုလိုအခြေအနေမှာဘယ်လောက်တောင်ဝမ်းနည်းနေရှာလိုက်လေမလဲ။ အကြောင်းစုံကိုသိလိုက်ရမှ သူလေးအပေါ်ချစ်ခြင်းမေတ္တာတွေအပြင် ဂရုဏာတွေပါထပ်တိုးလာပါတော့သည်။

တရွေ့ရွေ့ဝေးကာကွယ်ပျောက်သွားသောကျောပြင်ငယ်လေးကိုငေးကြည့်နေရင်းမှ ဆုံးဖြတ်ချက်တစ်ခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်မိပါတော့သည်။

စိတ်နဲ့ထပ်တူကျတဲ့လူမျိုး၊
အရှိကိုအရှိတိုင်းလက်ခံပေးနိုင်လူမျိုးတဲ့လား။ သေချာပါတယ်။
ကိုယ်ပဲဖြစ်ရမယ်။

******************************

"ကိုမြတ်သောမောင်တဲ့၊ FO ကစူပါလေးရေ၊ ပါဆယ်ရောက်နေပါတယ်"

အောက်ထပ်ကနေအော်ပြောလိုက်သောအသံကြောင့် အိပ်ယာထက်ကျောခင်းကာဖုန်းသုံးနေလျှက်မှ ခေါင်းထောင်ကာနားစွင့်လိုက်ရင်း အလျှင်အမြန်ထူးလိုက်၏။

"လာပြီ လာပါပြီဗျ"

အောက်ထပ်ကိုပြေးဆင်းလာရင်း ဂိတ်စောင့်ဦးလေးကြီးကမ်းပေးသောပါဆယ်ထုပ်လေးကိုလှမ်းယူလိုက်ရင်း…။

"ကျေးဇူးပါဦးလေး"

အထုပ်ကိုပိုက်ကာလှည့်ထွက်လာသောခြေလှမ်းတို့က အတွေးများနှင့်နှေးကွေးနေလေသည်။ ဘာမှမမှာထားမိပါဘူးအတွေးနဲ့ မေမေများပို့လေသလားရယ်အထုပ်ကိုငုံ့ကြည့်မိတော့လည်း အဝေးကပို့လိုက်တဲ့ပုံဟုတ်ဟန်မတူ။

သို့…
မြတ်သောမောင်
Front Office Department
...Hotel
လို့ လိပ်စာတပ်ထားရုံမှတပါး ပို့သူအမည်လည်းမပါလာ။

အခန်းထဲရောက်မှဖွင့်ဖောက်လိုက်ချိန်တွင် စားနေကျမုန့်ပဲသွားရည်စာအစုံအလင်ကဝေါကနဲထွက်ကျလာ၏။ မုန့်ထုပ်တွေကြားပါလာသောအပြာရောင် Postcard လေးပေါ်တွင်ရေးသားထားသည်က…။

ငယ်လေး

နေ့သစ်တွေတိုင်းအတူတူရှိချင်တယ်။ ကလေးဆိုတော့မုန့်ပေးကြိုက်ရတယ်တဲ့။ မုန့်တွေစားရင်းကိုယ့်အကြောင်းတွေးနေနော်

Sky

"ဘာလဲဟ။ မှားပို့တာလား "

နှုတ်ဖျားကနေတောင်ရေရွတ်လိုက်မိရင်း လိပ်စာကိုပြန်ကြည့်တော့လည်းကျွန်တော့်နာမည်ပဲမို့ နားထင်လေးကို ကုတ်ခြစ်ကာအတွေးများနေမိပါတော့သည်။

*********************************************************

"မြတ်သောမောင်တဲ့၊ FO ကစူပါလေးရေ... ပါဆယ်"

မီးပူထိုင်တိုက်​နေရင်းမှကြားလိုက်ရသောခေါ်သံကြောင့် ခေါင်းလေးစောင်းကာငြိမ်သက်သွားရရင်းမှ ထိုင်ရာက​နေအ​မြန်ထကာအောက်ထပ်ကိုဆင်းလာခဲ့သည်။ ဒီတစ်ခါရတဲ့အထုပ်ကသိပ်မကြီး။ ပိတ်ရက်တိုင်းရောက်လာတာဒါနဲ့ဆိုလေးကြိမ်ရှိ​နေပြီ။ အခန်းထဲရောက်မှဖွင့်ကြည့်လိုက်ချိန် DVD အခွေလေးတွေ။

ရင်းနှီးနေသောကာဗာပုံလေးတွေကြောင့် စိတ်ထဲထိတ်ခနဲလှုပ်ရှားသွား၏။ အခွေလေးတွေကအသစ်စက်စက် မဟုတ်ပေမဲ့ စည်းကမ်းတကျသိမ်းထားပုံရခြင်းကြောင့်ဟောင်းနွမ်းမနေ။ Original အခွေတွေဖြစ်သောကြောင့် တစ်ချို့ဆိုစျေးနှုန်းလေးတွေတောင်မကွာသေး။ အခွေတွေအောက်က Postcrad အပြာလေးကိုအမြင် ဖွင့်ဖတ်ရန်လက်တွန့်နေမိသည်။ အရဲစွန့်ကာဖွင့်ဖတ်မိလိုက်ချိန်...

ငယ်လေး

အရှိကိုအရှိအတိုင်းနားလည်ပေးနိုင်သလို ရင်ခုန်သံချင်းလည်းထပ်တူကျချင်တယ်။

Sky

Sky ဆိုတဲ့နေရာလေးကိုဖွဖွတို့ထိရင်း ပထမဆုံးအကြိမ်ရင်ထဲတွင်လှုပ်ရှားသွားလေသည်။ ဒီပတ်ဝန်းကျင်မှာ ကျွန် တော်ကဘာဆိုတာကိုသိနိုင်တဲ့လူမရှိနိုင်ဘူးလို့ပဲထင်ခဲ့မိတာ​လေ။ ခုတော့...

ဒီလိုအခွေမျိုးတွေကိုတောင်စုဆောင်းတတ်သူဆိုမှတော့ သူလည်းကျွန်တော့်လိုစိတ်ထားရှိသူ၊ တည်ရှိမှုချင်းတူနေ တယ်ပေါ့။ ပင့်သက်လေးကိုချလိုက်မိရင်း ထိုလူဘယ်သူဖြစ်နိုင်မလဲစတင်တွေးတောနေမိပါတော့သည်။ ဝေးဝေးကတော့မဟုတ်နိုင်။ ဟိုတယ်ဝန်ထမ်းဖြစ်ဖို့များတာတော့သေချာပါတယ်လေ။

*******************************

"ကေသရီ "

"ရှင်"

"ဟိုနေ့ကသူတို့ကော်ပီရာပျက်လို့ Business center ထဲမှာကော်ပီလာကူးသွားတဲ့ Restaurant ကလူကလေ၊ ဘယ်သူလဲဟင်"

"ဘယ်နေ့က..? သြော်...အဲဒါ Restaurant က Supervisor လေ။ ကိုတင်ထွန်းအောင်တဲ့၊ ဘာဖြစ်လို့လဲဟင်"

"ဘာမှမဟုတ်ပါဘူး၊ မေးကြည့်တာပါ။ သူကဒီကိုခဏခဏလာနေသလားလို့..."

"ဟိဟိ သူကလာမှာပေါ့။ စံပယ်လေ...စံပယ့်ကိုချိန်နေတာရှင့် "

"သြော်..."

တင်ထွန်းအောင်နဲ့ Sky ဆိုတာကနီးစပ်မယ်မထင်ပါဘူးလေ။

"ဒါနဲ့တစ်နေ့က သူ့မွေးနေ့ဆိုပြီးကြက်ဆီထမင်းတွေတစ်ယောက်တစ်ဗူးလာဝယ်ကျွေးသွားတာကရော၊ ဘယ်သူလဲဟင်၊ ဘယ်ဌာနကလဲ"

"ကြက်ဆီထမင်းဝယ်ကျွေးသွားတာက Engineering က ACE လေ။ သူ့သမီးလေးကတအားချစ်ဖို့ကောင်းတာပဲ။ ဟိုတယ်ပါလာရင်ညီမတို့မှာဝိုင်းထိန်းပေးရတာအမော"

"သြော်အင်းနောက်ပြီး..."

စိတ်ထဲတွေးထင်သမျှလူတွေကို လျှောက်မေးကြည့်နေမိစဥ်...

"ဟယ်...Sous chef မလာစဖူးအလာထူးလို့ပါလား။ ဘာအကူအညီလိုပါသလဲရှင့်"

တစ်ဟိုတယ်လုံးမခင်တာမရှိတဲ့အသွက်မသူဇာ့အသံကိုကြားလိုက်မှ ကောင်တာရှေ့ကိုကြည့်လိုက်မိချိန် အင်မတန် ကြည့်ကောင်းသောရုပ်ရည်နှင့်စားဖိုမှူးတစ်ဦး။ မျက်နှာထားကတည်လှသလို မြင့်မားသောအရပ်ကြီးကြောင့် မော့ကြည့်မိရင်း တစ်ခါကစားသောက်ရန်စီစဥ်ပေးခဲ့ဖူးသောအကြောင်းကိုသတိရလိုက်သောကြောင့် ပြုံးပြလိုက်မိသည်။ မပြုံးမရယ်မျက်နှာနှင့်ထိုလူက တစ်ချက်လှမ်းကြည့်ကာခေါင်းကိုညိမ့်ပြ၏။

"ပရင့်တာပျက်သွားလို့လေ၊ ဒီ Stickထဲက (A) Menu ကို ရွက်လောက်ထုတ်ပေးလို့ရမလား"

"ရပါတယ်ရှင့်၊ အခု​ချက်ချင်းပြန်​ယူသွားမှာလား"

"အင်း တစ်ခါထဲစောင့်ယူသွားမယ်လေ"

"ဟုတ်ကဲ့ ခဏနော်"

Stick ကိုယူပြီးကွန်ပျူတာဆီထွက်သွားသောသူဇာနဲ့ကေသရီ့ကြောင့် ကောင်တာတွင်နှစ်ဦးသားကျန်နေခဲ့၏။ မြည်လာ​သောဖုန်းကိုသွားကိုင်ဖြေနေစဥ် ငေးကြည့်နေ​သောမျက်ဝန်းနက်နက်တစ်စုံကြောင့် စိတ်ထဲမှာတစ်မျိုး လေးခံစားလိုက်ရသည်။ မျက်နှာထားတည်တည်ကြီးနှင့်စူးစိုက်ကြည့်နေသောကြောင့် ဖုန်းပြောရတာနောက် ကျောကမလုံသလိုလိုနှင့်အာရုံကလွင့်ချင်ချင်။ ဖုန်းကိုချလိုက်ရင်းမှကောင်တာခပ်လှမ်းလှမ်းတွင်ရပ်နေသော Bell Boy ကိုအကြည့်နှင့်လှမ်းခေါ် လိုက်ပြီး...

"308 နဲ့ 307 check out တဲ့။ ပစ္စည်းတွေသွားသယ်ပေးလိုက်အုံး။ ကေသရီ Housekeeing ကိုအခန်းစစ်ဖို့အကြောင်း ကြားလိုက်ပါအုံး"

"ဟုတ်ကဲ့အစ်ကို"

ပြောစရာရှိတာပြောပြီး​နောက်ကျွန်တော့်အလုပ်ကမရှိတော့ပါ။ ကွန်ပျူတာရှေ့ထိုင်ကာအလုပ်ကိုယ်စီလုပ်နေ​သော ညီမငယ်တွေဆီလှမ်းကြည့်လိုက်ရင်း ကောင်တာအပြင်ဘက်မှာရပ်နေသူထံမျက်လုံးကိုစွေကြည့်မိလိုက်ချိန် အနည်းငယ်ပြုံးရိပ်ပြေးနေသလိုလိုနှုတ်ခမ်းအစုံကြောင့် ရင်ထဲလှုပ်ခတ်သွား၏။

"ရပါပြီ Sous chef အဆင်ပြေရဲ့လားရှင့် "

ကမ်းပေးလာတဲ့စာရွက်တွေကိုငုံ့စစ်ကြည့်လိုက်ပြီးမှ ကောင်တာထဲရှိလူအားလုံးကိုဝေ့ဝဲကြည့်လာရင်းပြော၏။

"အဆင်ပြေပါတယ်။ ကျေးဇူးနော်"

ပြောပြီးသည်နှင့်လှည့်ထွက်သွား​သောကျောပြင်ကျယ်ကြီးကိုငေးကြည့်နေရင်းမှ ထူးခြားသောစိတ်ခံစားမှုတစ်ခုကြောင့် ဘေးကိုလှည့်မေးလိုက်မိခြင်းကချက်ချင်းဆိုသလို။

"Sous chef နာမည်ကဘာတဲ့လဲ"

"သြော်...တို့အစ်ကိုရယ်။ ကိုခွင်းကိုလည်းမသိပြန်ဘူးလား။ FO မှာနေပြီး Observation ကညံ့ပါ့ရှင်။ အဲတာ Kitchen ရဲ့မင်းသားကိုခွင်းတဲ့။ Kitchen နဲ့စားဖိုဆောင်ကလူတွေဆိုဖိန့်ဖိန့်တုန်ရတာပေါ့။ စည်းကမ်းကလည်းကြီးမှကြီး။ သူနဲ့ထမင်းအတူတူစားမိချိန်ဆိုရင် ပန်းကန်ထဲကပိုတာတွေတောင်ထမသွန်ရဲလို့ကျိတ်မှိတ်မျိုချ​ကြရတယ်၊ ကိုခွင်းကဒီဟိုတယ်ပိုင်ရှင်ရဲ့လူရင်းလေ"

"သြော်ဟုတ်လား။ သူ့နာမည်အပြည့်အစုံကဘာတဲ့လဲ"

"ကိုဝဠာခွင်းတဲ့ "

ကိုဝဠာခွင်း၊ ဝဠာ ...
ဝဠာဆိုတော့...
ကောင်းကင်လို့လည်းဆိုလို့ရတယ်မဟုတ်လား။

လက်ဖျားလေးတွေအေးစက်လာတဲ့အထိရင်တွေတဖျတ်ဖျတ်ခုန်လာပြီး နှုတ်ဖျားမှအမည်နာမတစ်ခုကို တိုးတိုးဖွဖွ​ရွေရွတ်နေမိပါတော့သည်။

Sky…ဝဠာ...Sky... ဝဠာခွင်း

**************************************************

စားစားသွားသွားတစ်စုံတစ်ဦးကစောင့်ကြည့်ခံနေသလိုလို နောက်ကျောမအေးနိုင်တော့ပါ။ ဟိုနားဒီနားမှာဖျတ်ခနဲ တွေ့တွေ့လိုက်ရသောဖြူဖြူမြင့်မြင့်အရိပ်သဏ္ဍာန်တစ်ခုကြောင့် နှလုံးတွေလည်းရပ်ရပါတော့မည်။ မျက်လုံးချင်းဆုံ လိုက်မိရင်လည်းချက်ချင်းမလွှဲဖယ်နိုင်​ပြန်​။ သေချာမှုတစ်စုံတစ်ရာများတွေ့ရလေမလားရယ် အကဲကလည်းခတ်ရ​ပြန်သေး၏။

ဟိုတယ်ကိုရောက်ပြီး လအကြာမှ လှုပ်ခတ်လာရသောအခြေအနေတစ်ရပ်က အတွေးတွေကိုလည်း များလာစေပါတော့သည်။ နားရက်တိုင်းရောက်ရှိလာတတ်သော ပို့သူမသိရသေးတဲ့လက်ဆောင်လေးတွေ၊ စားသောက်ဖွယ်ရာလေးတွေကတစ်ပတ်မှမပျက်ကွက်ခဲ့သေးပါ။

ပစ္စည်းလေးတွေမှန်မှန်ပို့ပေးနေရုံကလွဲ၍ ဖုန်းလည်းဆက်မလာသလိုလူကိုလည်းအတည်မပြုနိုင်ခဲ့သေးခြင်းက အဖြေမရသေးတဲ့ပုစ္ဆာတစ်ပုဒ်လေလား။ အိပ်ပျက်ညတွေလည်းများခဲ့ရပြီ။ အချိန်အတော်ကြာငိုက်မြည်းအိပ်စက်နေခဲ့သောနှလုံးသားက အလန့်တကြားပုတ်နှိုးခံလိုက်ရသလိုလှုပ်ရှားလာ​​ပြန်တော့ ဘယ်သူများလဲရယ်သိလိုလှသလို စိတ်ထဲမှာလည်းဖြစ်နိုင်ချေရှိသူကို မသိမသာအကဲခတ်နေရပြန်သေးသည်။

တစ်ဖက်ကလည်းတည်ကြည်လှသောမျက်နှာပေး၊ နီးစပ်ရန်​ကြိုးပမ်းလာခြင်းမျိုးလည်းမရှိလေတော့ စိတ်ထဲအနည်းငယ်ဒွိဟဖြစ်နေရ၏။ ဒီလောက်ခန့်ညားတည်ကြည်တဲ့လူက ကိုယ်ထင်နေသလိုဖြစ်နိုင်ချေရှိပါ့မလား။ ဝေခွဲမရသောစိတ်တွေနှင့်နေရတာမသက်မသာရှိနေရခြင်းကစိတ်သက်သာရာမရှိလေပြီ။

ထိုသို့နှင့် လအကြာချိန်တွင် ကျွန်တော်မျှော်လင့်နေသောလူရဲ့ဖုန်းခေါ်ဆိုမှုတစ်ခုကဝင်​ရောက်လာပါတော့သည်။ ဖုန်းနံပတ်စိမ်းတစ်ခုကိုလက်ခံလိုက်မိချိန်မှာတွင်...

"ဟယ်လို"

ခဏတာတိတ်ဆိတ်နေပြီးမှ တည်ငြိမ်သောအသံကိုကြားလိုက်ရသည်။

"မင်္ဂလာပါကိုယ့်ရဲ့နံနက်ခင်းလေး"

ဆံဖျားကနေခြေဖျားအထိ ရှိန်းခနဲဖြစ်စေ​သောခပ်သြသြနှုတ်ဆက်လိုက်သံကိုကြားချိန်တွင် အတော်ကြာ​ကြာငြိမ်သက်နေမိသည်။ အသက်ရှူသံခပ်တိုးတိုးကြောင့် သူလည်းကိုယ့်လိုစိတ်လှုပ်ရှားနေမလားအတွေးနှင့်နှုတ်ခမ်းပါးကိုခပ်ဖွဖွကိုက်မိစဥ်...

"ကိုယ်ပါ"

"ဟုတ်၊ ဒါပေမဲ့ကျွန်တော်ကနံနက်ခင်းလေးမဟုတ်ပါဘူး"

“မင်းကကိုယ့်အတွက် နံနက်ခင်းနေ့သစ်လေးနဲ့ထပ်တူကျတယ်။ မြင်နေရရင်ပဲရင်ထဲမှာအေးချမ်းသွားပြီး ကိုယ့်ရဲ့တစ်နေ့တာကိုပျော်မွေ့စေခဲ့လို့ သတ်မှတ်လိုက်တဲ့အမည်နာမလေးပါ"

အတော်ံခြွေတတ်တဲ့လူပါလား။

"နားထောင်နေ​သေးလားဟင်"

သြရှရှနှင့်တည်ငြိမ်​သောလေယူလေသိမ်းကိုတစ်ထိုင်ထဲနှင့်နှစ်သက်သွားမိသည်။

"ဟုတ်ကဲ့၊ နားထောင်နေပါတယ်"

"ကိုယ်ပို့လိုက်တဲ့မုန့်တွေနဲ့ဟင်းတွေကိုကြိုက်ရဲ့လား"

"ဟုတ်ကဲ့ ကြိုက်ပါတယ်။ အဲဒီအတွက်လည်းကျေးဇူးတင်ပါတယ်နော် "

ဘုရားသိကြား''လို့ အခွေတွေအကြောင်းမမေးပါစေနဲ့လို့တိတ်တိတ်လေးဆုတောင်းနေမိသည်။

"မလိုပါဘူး။ မင်းလေးနဲ့ပက်သက်ရင်တစ်ဘဝလုံးစာတာဝန်ယူပေးမဲ့လူဆို​တော့ ဒီလောက်​လေးနဲ့ကျေးဇူးတင်စရာ မလိုပါဘူး"

သြော်။ လာထဲကဘဝနဲ့ချီပြီးပြောနေပါလားလို့ ပြန်ပြောလိုက်ချင်ပေမဲ့နှုတ်ဖျားကနေမထွက်ရဲ။ ကာလများစွာ ငြိမ်သက်နေခဲ့​သောနှလုံးသားက လှိုက်ဖိုခြင်းများနှင့်တငြိမ့်ငြိမ့်ရှိနေပြီးဆွံ့''နေရပါ​တော့သည်။

"ကိုယ်မင်းကိုစပြီးတွေ့လိုက်ချိန်ထဲကချစ်မိသွားတယ်။ မင်းရဲ့လှုပ်ရှားပုံ ပြုံးရယ်ပုံ အသေးစိတ်အမူအရာလေးတွေကိုငေးကြည့်နေရင်းနဲ့ တစ်နေ့ထက်တစ်နေ့ပိုပိုပြီးချစ်လာခဲ့တယ်။ ငေးကြည့်ခဲ့တာ လ၊ မင်းကိုချစ်ကြောင်းအသိပေးခဲ့တာ လ၊ ဒီတော့ကိုယ်တို့လူချင်းတွေ့ဖို့လိုနေပြီလို့သတ်မှတ်လိုက်တယ်။ ဒါကြောင့်အခုလိုဆက်သွယ်လိုက်ရတာပါ။ မင်းဘက်ကရော ကိုယ့်ကိုစကားလက်ခံပြောချင်ရဲ့လားဟင်"

ပြောချင်တာတွေကိုတရဆက်ပြောသွားပြီးမှ လက်ခံချင်လားမေးပုံကပြန်ဖြေရခက်လှပေမဲ့လည်း...

"ဟုတ်ကဲ့။ ပြောချင်ပါတယ်"

အပျိုဖြန်းလေးလိုအမူပိုနေဖို့မလိုအပ်ဘူးမဟုတ်လား။ စိတ်ထဲမျှော်လင့်စောင့်စားနေမိသူလည်းဖြစ်​နေ​ချိန် ဒီထက်နားလည်မှုတွေလိုချင်ပါသေးသည်။ လေ့လာချင်ပါသေးသည်။

"ကိုယ့်ကို​ရောမေးချင်တာတွေရှိလားဟင်"

"ဟုတ် မေးချင်တာရှိပါတယ်။ ဟိုလေ... ကျွန်တော်က..."

ကျွန်တော်ကဘယ်လိုစိတ်နေစိတ်ထားရှိတယ်ဆိုတာကို ဘယ်လိုသိသွားတာလဲသိချင်ပေမဲ့ စကားကတော်တော် နဲ့လိုရင်းကိုမရောက်။ အပြောခက်စွာနှုတ်ခမ်းပါးလေးကိုဖွဖွကိုက်ထားမိစဉ်…။

"မင်းကိုဘယ်လိုသတိထားမိလိုက်တာလဲလို့မေးချင်တာလား"

"ဟုတ်ကဲ့"

"ကိုယ်တို့တွေကလိုင်းတူတယ်လေ။ ကိုယ်မင်းကိုငေးကြည့်နေရင်းစိတ်ထဲတွေးထင်မိလိုက်ပေမဲ့ မသေချာခဲ့ပါဘူး။ မဟုတ်ခဲ့ရင်စိတ်ဆိုးသွားမလားအတွေးနဲ့ ဒီတိုင်း​ရှေ့မတိုးရဲဘဲရပ်​ကြည့်နေခဲ့ရတာပါ။ ကိုယ်မညာချင်ပါဘူး။ တစ်နေ့မှာမထင်မှတ်ဘဲ မင်းမေမေနဲ့ဖုန်းပြော​နေတာ​တွေကိုကြားခဲ့တယ်။ အဲဒီအချိန်ကစပြီး ရှေ့တိုးဖို့ဆုံးဖြတ် လိုက်မိတာပါပဲ။ ကိုယ့်ကိုယုံပါလို့မပြောပါဘူး၊ အချိန်ယူပြီးလေ့လာနိုင်ပါတယ်။ ကိုယ့်ဘက်ကသေချာနေပြီမို့ အရာရာအဆင်သင့်ပါလို့..."

မေမေနှင့်အကြိမ်​ပေါင်းများစွာပြောခဲ့ဖူးလို့ ဘယ်အချိန်ကဘယ်အကြောင်းအရာတွေကိုပြောခဲ့မိမှန်းတောင်မမှတ်မိ တော့ပါ။ စိတ်ထဲကိုယ့်ထက်ကြီးမယ်သေချာနေသောအသိကြောင့် အစ်ကိုလို့သာခေါ်လိုက်ရင်းမေးလိုက်၏။

"အစ်ကိုဘာတွေကြားခဲ့လိုက်တာလဲဟင်"

"ဘာတွေကြားခဲ့လဲဆိုတာကအဓိကမကျပါဘူး။ ကိုယ်ချစ်​နေတဲ့မင်းက ကိုယ့်လိုပဲလို့သိလိုက်ရတာနဲ့တင်လုံလောက်​နေပါပြီ။ ပြီးခဲ့တာတွေကိုကိုယ်ကစိတ်မဝင်စားပါဘူး "

"အား ပြတ်သားချက်ဗျာ"

"ကိုယ်ကပြတ်ပြတ်သားသားပဲသဘောကျတယ်။ ကိုယ့်အသက်အရွယ်ကအတိတ်တွေမှာနစ်မျောပြီး လွင့်မျောနေရမဲ့အရွယ်မဟုတ်သလို စိတ်ကူးယဥ်​နေရမဲ့အရွယ်လည်းမဟုတ်တော့ဘူး။ ဘဝမှာဘာကအရေးကြီး ဆုံးလဲကောင်းကောင်းသိသလို ဘယ်လိုရပ်တည်ပြီးနေထိုင်သွားရမယ်ဆိုတာကိုလည်းကောင်းကောင်းသိထား တယ်။ ကိုယ်ချစ်တဲ့လူကိုဘယ်လိုချစ်ပြပြီး ဘယ်လိုကာကွယ်ပေးရမလဲဆိုတာကိုလည်းသိပါတယ်။ ဒီတော့ကိုယ့် လက်ကိုတွဲပြီးလိုက်ခဲ့ဖို့သတ္တိရှိလားဆိုတာကိုပဲ မင်းလေးကိုယ်မင်းလေးပြန်မေးကြည့်လိုက်ပါလား"

ဒီလောက်ရှင်းရှင်းပြောတတ်တဲ့လူကို ဘဝမှာမကြုံ​တွေ့ခဲ့ဖူးပါ။ ကျေနပ်လောက်ဖွယ်ရာစကားတွေဆိုပေမဲ့ အတည်ပြုစရာတွေကလည်းကျန်နေသေးတယ်မဟုတ်လား။ အချိန်ယူပြီးလေ့လာရန်လိုအပ်နေပါသေးသည်။

"ဟာ...အစ်ကိုရာ၊ အစ်ကို့ဘက်ကတော့ဟုတ်မှာပေါ့။ ကျွန်တော့်ဘက်ကိုလည်းတွေး​​​ကြည့်​ပေးအုံးလေ၊ ဘယ်သူမှန်း မသိဘဲနဲ့ ဘယ်လိုသတ္တိတွေမွေးရမှာလဲဗျာ"

"တကယ်မသိခဲ့ဘူးလားဟင်"

"ဟင်.?"

"တကယ်ပဲမခံစားမိဘူးလား။ မေတ္တာတရားကအရှိန်အဟုန်ကြီးမားလွန်းတဲ့အခါမှာ သက်ရောက်မှုတွေကတန်​ပြန်အကျိုးသက်ရောက်နိုင်တယ်တဲ့လေ။ မေတ္တာဟာအသွားအပြန်ရှိတတ်ပါတယ်။ ကိုယ်ဟာဘယ်သူလဲဆိုတာကို နည်းနည်းလေးမှတောင်မခံစားမိခဲ့ဘူးလားဟင်။ တစ်ကြိမ်တစ်ခါလေးတောင်မှလေ"

"အစ်ကိုကစကားအရမ်းတတ်တာပဲ။ ကျွန်တော်ပြိုင်မပြောတတ်တော့ဘူးဗျာ"

သူပြောသလိုလုံးဝမခံစားမိခဲ့တာတော့မဟုတ်ပါ။ ခံစားမိတာပေါ့။ ဒါပေမဲ့ မယုံနိုင်တာလည်းမဆိုသလောက်လေး ရောယှက်နေတော့ ဇွတ်တင်းပြီးတော့ငြင်းပယ်ထားခဲ့သူကြီးမဟုတ်လား။

"အခုရောအ​ဆောင်မှာဘာ​တွေလုပ်နေလဲ"

"ဘာမှမလုပ်ပါဘူး။ ဒီတိုင်းပျင်းလို့ဂိမ်းထိုင်ဆော့နေတာ"

"တစ်နေ့တစ်နေ့အလုပ်နဲ့အဆောင်၊ အဆောင်နဲ့အလုပ်။ နားရက်ကျတော့အခန်းထဲအောင်းပြီးရုပ်ရှင်ကြည့်လိုက်ဂိမ်းဆော့လိုက်လုပ်နေရင် ကြာရင်ကျန်းမာရေးထိခိုက်လိမ့်မယ်"

"ကျွန်တော်ကတခြားလူတွေနဲ့ရောရောထွေးထွေးမှမနေတတ်တာဘဲကို။ ဒီလိုပဲနေရ​တော့မှာပေါ့ဗျာ"

"တွေ့​ကြမယ်ဆိုရင်​ရောအဆင်ပြေမလား"

"ဗျာ...ဘယ်အချိန်ကိုပြောတာလဲ"

"အခုလေ"

"ဟင်...အခု ?"

"မင်းလည်းနားရက်၊ ကိုယ်လည်းအားနေတယ်လေ။ ကိုယ်နဲ့နေ့လယ်စာအတူတူစားပေးနိုင်မလားဟင်"

နာရီကိုမော့ကြည့်မိတော့ နံနက် ၁၁ နာရီထိုးခါနီး​။ နေ့လယ်စာကိုအပြင်ထွက်စားရန်ရည်ရွယ်ထားပေမဲ့ အဖော် လေးနဲ့ဆိုရင်လည်းသိပ်မဆိုးပါဘူးလေ။

"ကျွန်တော်ကအခုထိရေမချိုးရသေးဘူး"

ချက်ချင်းလက်ခံသလိုဖြစ်သွားပေမဲ့ စိတ်ထဲမှာလည်းတွေ့ချင်​နေပြန်​တော့မ​ငြင်းဆန်လိုက်မိခြင်းကို တစ်ဖက်ကနားလည်နိုင်လောက်မယ်ထင်ပါရဲ့။

"နာရီဝက်နေရင်လာခေါ်မယ်၊ အဆင်ပြေလား"

"ဟုတ်ကဲ့"

"အိုကေ၊ ကိုယ်အဆောင်ရှေ့ကနေစောင့်နေမယ်နော်"

ဖုန်းကိုချလိုက်ချိန် ထိန်းသိမ်းလို့မနိုင်အောင်လှုပ်ရှားနေသောရင်ကိုဖိကာ အိပ်ရာပေါ်ပစ်လှဲလိုက်မိ၏။ ခဏကြာ​ငြိမ်သက်နေပြီးမှ အောက်ထပ်ရေချိုးခန်းရှိရာဆီပြေးရပါတော့သည်။

ရေချိုးခန်းကပြန်လာ​ပြီး အဝတ်ဗီဒိုရှေ့မှာအချိန်​ကုန်​နေ​ပြန်၏။ သိပ်မများလှ​သောအဝတ်တွေထဲကမှ အ​ဖြူရောင် တီရှပ်လေးနှင့်အ​ပြာနုရောင်ဂျင်းပန်လေးကိုပဲထုတ်ဝတ်လိုက်ပြီး ဆွတ်နေကျရေမွှေးလေးဆွတ်လိုက်မိစဥ် လက်က လေးကတန့်သွား၏။ ဆွတ်ပြီးမှတော့မတတ်နိုင်တော့ပါ။ ပထမဆုံးဆုံတွေ့ဆုံမဲ့အချိန်မှာ ကြည့်ကောင်းနေချင်မိတာ လည်းမညာချင်ပါ။

နေလောင်ခံ Creamကို မျက်နှာမှာခပ်ပါးပါးပွတ်လူးလိုက်ပြီးမှ ညှပ်ထားတာမကြာသေး​တဲ့ဆံပင်ကို တစ်ချက်နှစ် ချက်ဖီးသင်ပြီးချိန်မှန်ထဲကြည့်လိုက်မိတော့ မြင်နေကျအသွင်သဏ္ဍာန်တွင်ပန်းရောင်ယှက်သန်းနေပါ​သောပါးပြင် လေးကိုအ​တွေ့  အသာအယာဖိပွတ်မိလိုက်ရင်းနှုတ်ဖျားမှတီးတိုးဆိုလိုက်မိလေသည်။

"မင်းမရိုးတော့ဘူးနော်မြတ်သောမောင်"

***************************************************

အဆောင်ဂိတ်တံခါးက​နေကျော်ဖြတ်လာစဥ် ခပ်လှမ်းလှမ်းတွင်ရပ်ထား​သောအနက်ရောင် Toyota Hilux Two Door ကားနက်တစ်စီးက ကျွန်​တော်ရပ်နေတဲ့နေရာအထိနောက်ဆုတ်မောင်းလာပြီး အနားရောက်လာချိန်တွင်အထဲက​နေတံခါးကိုတွန်းဖွင့်ပေးလာသောကြောင့် တုန့်ဆိုင်းမနေဘဲဝင်ထိုင်လိုက်သည်။

ချက်ချင်းဆိုသလိုမောင်းထွက်လာတာကိုသိနေပေမဲ့ မောင်းသူဘက်ကိုလှည့်​မကြည့်ရဲသေးပါ။ ခေါင်းကိုငုံ့ကာဖုန်းမျက်နှာပြင်ပေါ်ကကိုယ့်ရုပ်ပုံကိုမမြင်ဖူးသလိုငေးစိုက်ကြည့်နေမိစဥ် ဘေးကနေထွက်ပေါ်လာသောသြရှရှအသံက အသိအာရုံကိုသိမ်းယူ​လေ၏။

"ကိုယ်ကရုပ်ဆိုးလို့လှည့်မကြည့်ရဲတာလား"

အသံကြောင့်ခေါင်းကိုအသာငဲ့ကြည့်မိချိန် နှုတ်ခမ်းပါးတွေရောမျက်လုံးတွေပါရွှန်းလက်တောက်ပနေပါ​သော အမြင်မစိမ်းသည့်မျက်နှာ​ချော​ချောကိုတွေ့လိုက်စဥ် အကြည့်ကိုရှေပြန်ပို့လိုက်ရင်း...

"မဟုတ်ပါဘူး။ ကျွန်တော်ရှက်လို့ပါ"

"ဘာကိုလဲ၊ ငယ်​လေးရဲ့ဖြစ်တည်မှုကိုလား၊ ခုလိုအခြေအနေကိုလား"

ငယ်လေးဆိုတဲ့အသုံးအနှုန်းကြောင့် ခေါင်းကိုငုံ့သထက်ငုံ့ချလိုက်ကာနှစ်ကိုယ်ကြားရုံဖြေလိုက်မိသည်။

"အစ်ကို့ကိုပါ"

ပွင့်ပွင့်လင်းလင်းဝန်ခံလိုက်ပြီးမှ လှည့်တောင်မကြည့်ရဲတော့ပါ။ ခုချိန်မှာခေါင်းကိုလိပ်ကလေးများလို ဖွက် ထားလို့ရရင်လည်းအကောင်းသား။

"ဒါဆိုချေလိုက်တော့နော်။ အခုကိုယ်လည်းနည်းနည်းရှက်နေတယ်လေ"

ရယ်ဟဟပြောလာသောရှက်ပါတယ်ဆိုသူကြောင့် လှစ်ကနဲပြုံးရယ်လိုက်မိ၏။ မိနစ်နှစ်ဆယ်ခန့်မောင်းလာပြီးမှ ခြံဝန်းကျယ်ကျယ်လေးတစ်ခုရှေ့တွင်ကားကရပ်သွား၏။ ကားပေါ်ကဆင်းသွားပြီးခြံဝန်းတံခါးကိုဖွင့်၊ တစ်ထပ်တိုက်လေးအရှေ့ ထိမောင်းဝင်ခဲ့ပြီးမှထင်မှတ်မထားသောစကားကိုဆိုလာလေသည်။

"ရောက်ပြီ၊ ဒါကိုယ့်အိမ်ပါ"

"ခင်ဗျာ..."

နေ့လယ်စာအတူတူစားမယ်ဆိုလို့ ဆိုင်တစ်ဆိုင်ဆိုင်ကိုခေါ်သွားမယ်မှတ်ထင်မိတာ သူ့အိမ်ကိုခေါ်လာတာပဲ။ တခြားအတွေးတွေမဝင်မိလောက်အောင် ယုံကြည်နေမိ​သောစိတ်နှင့်ကားပေါ်ကဆင်းလိုက်ပြီးမှ ပတ်ဝန်းကျင် ကိုအကဲခတ်မိစဉ် နေချင်စဖွယ်ခြံဝန်းလေးကစနစ်တကျစိုက်ပျိုးထား​သောသစ်ပင်ပန်းမန်များနှင့်စိမ်းစိုသာယာ လွန်း၏။

"ကိုယ်ကမိဘမဲ့။ ဘယ်ဇာတိဘယ်မျိုးရိုးကမှန်းမသိဘဲ လူမှန်းသိတတ်စအရွယ်ထဲကမိဘမဲ့ကျောင်းမှာနေခဲ့ရတယ်။ သူလိုကိုယ်လိုကလေးတွေကြားထဲမှာ ပညာလေးကတော်နေတော့ပညာရေးအတွက်ကူညီထောက်ပံ့တဲ့မိသား စုတစ်ခုရှိခဲ့လို့ အဝေးသင်နဲ့ဘွဲ့တစ်ခုရခဲ့တယ်"

ကြားလိုက်ရသောစကားကြောင့်မော့ငေးကြည့်လိုက်ချိန် ချောမောတည်တံ့လွန်းသောမျက်နှာပြင်ထက်တွင် ဘာအရိပ်အယောင်မှစွန်းထင်းမနေ။ ဝမ်းနည်းအားငယ်မှုများအစား စိတ်ဓာတ်ခိုင်မာ​ပြီးမဆုတ်မနစ်ကြိုးစားတတ်​သောလူတစ်ယောက်ရဲ့ပုံရိပ်ကထင်ဟတ်နေသည်။

"ကျောင်းပြီးတော့စားသောက်ဆိုင်တွေမှာစားပွဲထိုးဝင်လုပ်ရင်းနဲ့ Hotel Life ထဲမှာကျင်လည်ခဲ့တယ်။ နောက်တော့ ဘန်ကောက်မှာအလုပ်သွားလုပ်ခဲ့တယ်။ ဟိုမှာ ၇နှစ်ကြာခဲ့ပြီးမှ ဒီကိုပြန်ရောက်လာတာ။ ဒီမြို့ကိုရောက်တာ နှစ်ရှိ ပြီ၊ ဒီဟိုတယ်ကကိုယ့်ကျေးဇူးရှင်မိသားစု​ပိုင်လေ"

""

အိမ်ထဲမဝင်သေးဘဲ ခြံထဲကအပင်လေးတွေလျှောက်ကြည့်နေတဲ့ကျွန်တော့်နောက်မှာအဖော်လိုက်ပေးနေရင်း သူ့ဘဝအကြောင်းကိုလိုရင်းဆိုကာဖွင့်ဟအသိ​ပေးလာလေသူ။ သရက်ပင်အောက်ကသစ်သားခုံတန်းလေးမှာဝင်ထိုင်လိုက်တော့ ဘေးကနေငုံ့မိုးကြည့်လာပြီးဂရုတစိုက်မေးပြန် ၏။

"ဗိုက်ဆာနေပြီလားဟင်။ စားကြတော့မလား"

အသက်အရွယ်ကြောင့်လားရယ်မသိ။ အပြုအမူအပြောအဆို​တွေကအစတည်ငြိမ်အေးဆေးလွန်းလှ၏။

"သိပ်မဆာသေးပါဘူး၊ ခဏနေမှပဲစားမယ်လေ"

"ဒါဆိုအအေးသွားယူပေးမယ်နော်"

"မယူပါနဲ့၊ ကျွန်တော်မသောက်ချင်ဘူး၊ ထမင်းစားပျက်လိမ့်မယ်"

ငြင်းဆိုသံအပြီးတွင် ခုံတန်းတစ်ဖက်အစွန်လေးမှာဝင်ထိုင်လိုက်ရင်းခပ်တိုးတိုးမေး၏။

"နေရခက်နေလား"

"ဟုတ် နည်းနည်း…"

အနေခက်နေပေမဲ့ စတွေ့ခါစလောက်တော့ရှက်မနေတော့တာအမှန်။ တစ်ဖက်လူကဒီလောက်တည်ငြိမ်ပြနေမှတော့ ကျွန်​တော့်ဘက်ကလည်းအားတင်းကာတုန့်ပြန်ပြောရပါတော့သည်။

"ငယ်လေး​ကတော့စိမ်းနေမှာပေါ့။ ကိုယ်ဘက်ကတော့စိတ်ထဲမှာရင်းနှီးနေခဲ့တာကြာလှပြီ၊ ခုလိုယုံယုံကြည်ကြည် နဲ့လိုက်လာပြီး လက်ခံတွေ့ဆုံခွင့်ပေးလို့သိပ်ကျေးဇူးတင်ပါတယ်"

"အစ်ကို..."

"ကိုယ်ကငယ်လေးထက်ဆယ်နှစ်​လောက်ကြီးတယ်"

"တကယ်...? ဒါဆို ၃၄ နှစ်​တောင်ရှိပြီပေါ့၊ တကယ်မထင်ရပါဘူးဗျာ"

တကယ်ပဲအသက် ၃၀ ကျော်လို့မထင်မိခဲ့ပါ။ ကျွန်တော့်ထက်ကြီးလိမ့်မယ်လို့သိနေပေမဲ့ အလွန်ဆုံးမှ နှစ်လောက်လို့ထင်ခဲ့မိတာလေ။ ပေနီးပါးအရပ်နှင့် ခေါင်းတစ်လုံးကွာနေတဲ့ကွာ​ခြားမှုကြောင့် စိတ်ကူးယဥ်ခဲ့ရသောရင်ခွင်မီအခြေအနေလေးလို့တွေးမိလိုက်တော့ ကိုယ့်အတွေးနှင့်ကိုယ်ပါးပြင်လေးတွေပူနွေးသွား၏။

"ဒါ့ကြောင့်သူလိုငါလိုအစ်ကိုဆိုတာမျိုးမခေါ်ပါနဲ့လား"

ဒါကိုတော့ကျွန်တော်ဘက်ကငြင်းဆန်ဖို့မလိုပါ။

"ဟုတ်ကဲ့၊ ဘယ်လိုခေါ်ရမလဲဟင်"

"ကိုကြီးလို့ခေါ်လေ၊ ကိုယ်ကတော့ငယ်လေးလို့ပဲခေါ်မယ်နော်"

""

"ငယ်လေးကတော့ကိုကြီးလို့ခေါ်မှဖြစ်မယ်။ ဒါမှမဟုတ်ကိုကိုလို့ခေါ်လည်းရပါတယ်"

တကယ်ပါဗျာ၊ ရုပ်တည်ကြီးနဲ့တကယ်အပြောရဲတဲ့လူကြီးပဲ။ ခေါင်းကိုငုံ့ချလိုက်ရင်း ခပ်တိုးတိုးရယ်မိတော့ သူပါရောကာလိုက်ရယ်ရင်းအ​ခြေအနေကိုထိန်း၏။

"ကဲ ထ၊ ထမင်းသွားစားကြရအောင်နော်။ ငယ်လေးကြိုက်တဲ့ဆိတ်သားနှပ်ရယ်၊ ပဲနောက်ကိုဗူးညွန့်လေးနဲ့ဟင်းချိုချက်ထားတယ်။ ပြီးတော့ သရက်ချဥ်သုပ်ကချဉ်ချဉ်စိမ့်စိမ့်လေးကအစပ်မပါဘူး"

အံ့သြလွန်းလို့မော့ကြည့်မိလိုက်ချိန်တွင် ကြည်ကြည်စင်စင်ပြုံးပြရင်းမှအမှတ်ယူပြန်သည်။

"အမြဲလိုက်ကြည့်နေမှတော့ ဘာ​တွေကြိုက်တတ်တယ်ဆိုတာလောက်ကအသေးအမွှားလေးပါဗျာ။ အမှတ်ပေးစည်းမျဥ်းနဲ့ဆိုရင် ဂုဏ်ထူးမှတ်လောက်ကတော့အေးဆေးပဲ၊ ဟုတ်တယ်ဟုတ်"

ပြုံးကြည့်ကာစနောက်လာချိန်တွင် ခေါင်းကိုကုတ်ကာရှက်ကိုးရှက်ကန်းပြောလိုက်မိ၏။

"ဒီကို​ကြီးရဲ့ Confident level ကဆိုးဟိုက်ပါပဲဗျာ"

ကိုကြီးဆို​သောနာမ်စားက နှုတ်ဖျားတွင်စိမ်းသက်မနေခဲ့ပါ။ လွယ်လင့်တကူပဲဖွင့်ဟခေါ်လိုက်မိသည်။

"ဒါပေါ့ဗျာ၊ ရက်ပေါင်း ၂၇၀ လောက်ကြိုးစားထားခဲ့ရတာလေ၊ ကြိုးစားမှုကိုအသိအမှတ်ပြု​ပေးသင့်တယ် မဟုတ်လား၊ လာ...အိမ်ထဲဝင်ကြစို့"

ပြောရဲသူကပြောထွက်ပေမဲ့ အပြောခံလိုက်ရသူကတော့နားရွက်ဖျားလေးတွေစွေးစွေးနီနေပါတော့သည်။ ဦးဆောင် ခေါ်လာသူရဲ့နောက်ကနေဖဝါးထပ်လိုက်လာရင်း ဒါခရီးရှည်ကြီးအတွက်အစပြုနေ​ကြခြင်းလားလို့လည်းတွေးမိ၏။

တစ်ထပ်တိုက်လေးအတွင်းအပြင်အဆင်ကဘုရားခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်းနှင့်အိပ်ခန်းသာရှိပြီး ပစ္စည်းအထာအသိုကအစ စနစ်တကျနှင့်တစ်အိမ်လုံးဖိတ်ဖိတ်လက်နေခြင်းကအံ့ဩဖွယ်ရာ။ ပြတင်းတံခါးများကိုဖွင့်ထားခြင်းကြောင့် သဘာဝလေနုအေးအေးကလိုက်ကာစလေးတွေကိုလူးလွန့်နေစေ​သည်။ သစ်သားကြမ်းခင်းလေးကအရိပ်ထင်ရလောက်အောင် သန့်ရှင်းပြောင်လက်လို့နေပြန်၏။

"ကို​ကြီးကဒီမှာတစ်ယောက်ထဲနေတာလားဟင်"

"ငယ်လေးပါလာနေမယ်ဆိုရင်တော့နှစ်ယောက်ဖြစ်သွားမှာပေါ့ "

"ဟင်...ဘာမှကိုမမေးရဲလောက်အောင်ပါပဲလားနော်၊ မစပါနဲ့တော့ဗျာ"

ခေါင်းကိုငုံ့ချကာပြောလိုက်မိတော့ စတွေ့ချိန်ကိုမှမထောက်အလောသုံးဆယ်စကားများကိုဆိုလာပြန်သည်။

"စတာမဟုတ်ပါဘူး၊ အတည်ပြော​နေတာပါဗျာ။ ကိုယ့်အသက်ကအရွယ်လွန်နေပြီ။ ချစ်တဲ့သူလေးလည်းတွေ့နေပြီဆိုတော့ နှစ်ကိုယ်တူဘဝတစ်ခုကိုအ​မြန်ဆုံးတည်ဆောက်ချင်ပြီလေ။ လောလွန်းတယ်လို့​တော့မထင်လိုက်ပါနဲ့​။ ကိုယ်ဘက်ကတကယ်ဆန္ဒရှိနေလို့ပါ"

အသင့်ခင်းကျင်းထားပြီး​သောဟင်းပွဲတွေအလယ်တွင် အငွေ့တထောင်းထောင်းထနေ​သောဟင်းရည်ပူပူကို​နေရာ ချရင်းပြောလာသောစကားကြောင့် တားလိုက်ရသည်။

"ကိုကြီးကကျွန်တော့်ကိုထမင်းကောင်းကောင်းမစားစေချင်ဘူးလား။ ဆက်ပြောနေရင်ကျွန်တော်ဒီမှာဆက်မထိုင်ရဲ တော့ဘူးဗျ"

လူလည်းသူ့ရဲ့ဗြောင်ကျကျတဲ့တိုးစကားတွေကြောင့် ပူထူနေရသည်။

"ဒီလိုဆိုရင်ဆက်မပြောတော့ပါဘူးနော်။ စားပြီးမှပဲပြောပါ​တော့မယ်"

ကျွန်တော့်ပန်းကန်ထဲဟင်းလေးတွေခပ်ထည့်ပေးကာ အလုပ်အကြောင်း​တွေဆီစကားလမ်းကြောင်းလွှဲရင်း ထမင်းဝိုင်းလေးကိုအသက်သွင်းနေသူက သိပ်ကိုအရိပ်အကဲပါးလွန်းသူတစ်ယောက်ပါပဲ။

ဒီလူကြီးကအရမ်းကိုတည်ငြိမ်အေးဆေးနေလိုက်တာ Play Boy ကြီးများလားရယ်တွေးမိတော့ စားနေတဲ့ထမင်းက နင်ချင်ချင်။ အရိပ်တကြည့်ကြည့်ရှိနေသူကြီးကဇွန်းခရင်းကိုအသာချကာ မျက်နှာကိုစေ့စေ့ကြည့်ရင်းမေးလာပြန်သည်။

"ငယ်လေးသိချင်တာ၊ စိတ်ထဲမကျေလည်တာတွေရှိရင် ကိုယ့်ကိုပွင့်ပွင့်လင်းလင်းမေး​နိုင်ပါတယ်။ သံသယကြီးရင်မှာပိုက်ပြီးတော့ပြန်မသွားစေချင်ဘူးလေ။ ကိုယ်နေ့တိုင်းငါးပါးသီလခံယူနေကျမို့ ပါဏာတိပါတာကလွဲရင်ကျန်တဲ့လေးပါးလုံပါတယ် "

"တစ်ပါးကဘာလို့မလုံအဲ... ဟုတ်သား"

"ဟုတ်တယ်၊ စားဖိုမှူးဆိုတော့ပါဏာတိပါတာကအမြဲမဟုတ်တောင် တစ်ခါတစ်လေမရည်ရွယ်ဘဲကျိုးကျိုးသွားတတ်တယ်လေကွာ"

စားသောက်သိမ်းဆည်းပြီးမှ ဧည့်ခန်းမှာကော်ဖီတစ်ယောက်တစ်ခွက်ကိုင်ကာမျက်နှာချင်းဆိုင်ထိုင်မိချိန်တွင် ထမင်း စားတုန်းကစကားစကိုပြန်ကောက်လာ၏။

"ပြောလေငယ်လေး၊ စိတ်ထဲမှာဘာအလိုမကျတာများရှိနေလဲ"

"ဘယ်လိုသိလိုက်ပြန်တာလဲဗျာ "

"သြော် လလုံးလိုက်ကြည့်နေသူပါလို့ပြောထားတာပဲ၊ ပြော...ဘာသိချင်လဲ။ ဘာကိုစိတ်မတွေ့တာလဲ"

သူကပွင့်ပွင့်လင်းလင်းမေးပါဆိုလာတော့ မေးချင်သောမေးခွန်းကိုရှေ့မျက်နှာနောက်ထားကာ​မေးလိုက်ရပါတော့သည်။

"ရည်းစားတွေဘယ်နှစ်ယောက်တောင်ထားခဲ့ဖူးလဲဟင် "

"ဒါလား၊ တစ်ယောက်ထဲပါပဲ။ ထိုင်းမှာနေတုန်းကပေါ့။ သူကထိုင်းလူမျိုးမို့ကိုယ့်ကိုထိုင်းမှာပဲအပြီးနေစေ့ချင်တယ်။ ကိုယ်က လည်းမြန်မာပြည်ကြီးကိုချစ်လှပါတယ်မဟုတ်ပေမဲ့ သူများနိုင်ငံမှာတော့တစ်သက်လုံးအခြေမချချင်ဘူးလေ။ သူကလည်းသူ့မိသားစုမှာအချစ်ခံလေးဆိုတော့ ဒီကိုလိုက်ခဲ့ဖို့မဖြစ်နိုင်ဘူးပေါ့။ ဒီလိုနဲ့လမ်းခွဲခဲ့ရတာပါပဲ"

"ဒီတစ်ယောက်ထဲရှိခဲ့တာ​ရောဟုတ်လို့လား"

"ဘာလို့အဲလိုမေးတာလဲဟင်၊ ငယ်လေးစိတ်ထဲဘယ်လိုထင်နေလို့လဲ"

"ကိုကြီးရဲ့အပြုအမူအပြောအဆိုတွေက အရမ်းအထာနပ်နေသလိုမျိုးခံစားမိလို့ပါ၊ ကိုကြီးကရုပ်လည်းချောတယ်လေ၊ ကျွန်တော်ကြောက်တယ် "

စိတ်ရှိတိုင်းပြောချလိုက်မိတော့ မျက်နှာထက်မှာမဆိုသလောက်လေးစိတ်မကောင်းသလိုဖြတ်ပြေးသွားပေမဲ့ စိတ်ဆိုးသွားပုံ​တော့မရ။ လက်ထဲကကော်ဖီခွက်ကိုစားပွဲလေးပေါ်လှမ်းတင်လိုက်ပြီးမှ လေးလေးနက်နက် စူးစိုက်ကြည့်လာပြီး…။

"မဟုတ်တာဘဲ။ ကိုယ်ကမင်းကိုအဆုံးရှုံးမခံနိုင်လို့ နည်းနည်းအလောသုံးဆယ်ဖြစ်နေတာကိုဝန်ခံပါတယ်။ ဂရုတ စိုက်ရှိနေတာကတကယ်မြတ်နိုးလွန်းလို့ပါ။ ငယ်လေးကကိုယ့်ထက်ဆယ်နှစ်တောင်ငယ်တယ်လေ။ မိသားစုနဲ့လည်းအဆင်မပြေဘူးဆိုတာကိုသိထားတယ်။ တနယ်တကျေးမှာနေရတော့အားငယ်စိတ်တွေဝင်လာပြီး ပြန်ပြေးသွားမှာစိုးရိမ်နေမိတယ်။ ကိုယ်နောက်ကျကျန်ရစ်ခဲ့မှာကိုတကယ်ကြောက်နေမိတယ်။ ဒါကြောင့် အရမ်းကိုဂရုတစိုက်ဆက်ဆံနေမိတာပါ။ ဒါကသံသယဝင်စရာဖြစ်သွားရင်​စိတ်မကောင်းစရာပဲ"

ဒါကျွန်တော်လိုချင်တဲ့နားလည်မှု၊ သိတတ်မှု၊ အလိုလိုက်ခြင်းတွေနဲ့တည်ရှိနေမဲ့ဘဝရဲ့လက်တွဲဖော်အစစ်အမှန်ပဲလား။ ကြားရသမျှစကားလုံးတွေကစိတ်ကိုကြည်နူးဖွယ်ဖြစ်စေခြင်းက ချစ်ခြင်းရဲ့ရှေ့ပြေးနိမိတ်တွေများလား။

"ကျွန်တော်ကပြေးစရာမြေမရှိပါဘူး။ မိသားစုကလည်းပစ်ပယ်လိုက်ပြီဆိုတော့ စိတ်မကောင်းဖြစ်နေတာ လည်းအမှန်ပါပဲ၊ တစ်ယောက်ထဲနေသွားဖို့ရည်ရွယ်ချက်လည်းမရှိပါဘူး။ ကျွန်တော့်ဖြစ်တည်မှုကိုနားလည်ပေးပြီး ကျွန်တော်နဲ့အတူတူဘဝကိုဖြတ်သန်းသွားချင်တဲ့တစ်ယောက်လောက်တောင့်တခဲ့မိတာအမှန်ပါပဲ။ ဒါပေမဲ့.."

ရှေ့ဆက်ပြောချင်တဲ့စကားတွေကဆက်ထွက်မလာနိုင်ပြန်။ အင်မတန်နည်းပါးလှတဲ့လူနည်းစုလေးသာ နားလည်လက်ခံနိုင်တဲ့အခြေအနေတစ်ရပ်ကို လူပတ်ဝန်းကျင်အသိုင်းအဝိုင်းမှာတော်ရုံမေတ္တာနှင့်ရင်ဆိုင်နိုင် မယ်မထင်ပါ။ ကျန်ရစ်ခဲ့ဖူးသူမို့ နောက်ထပ်နာကျင်ခံစားရဦးမယ်ဆိုပါလျှင် ပြန်လည်ရပ်တည် နိုင်ဖို့ခဲယဉ်းပါလိမ့်မည်။

"ကိုယ်သိတယ်။ ဒါတွေကြောင့်...ငယ်လေးအနားမှာအတူတူရှိနေခွင့်ကိုရချင်တာပါ။ အားမငယ်အောင်လည်း ဂရုစိုက်ပေးချင်တယ်။ ငယ်လေးလိုချင်တဲ့နားလည်ပေးနိုင်မဲ့လူမျိုး၊ အရှိကိုအရှိအတိုင်းလက်ခံပေးပြီးငယ်​​လေးနဲ့ အတူတူပတ်ဝန်းကျင်ကိုရင်ဆိုင်ပြီးလက်တွဲရင်ဆိုင်ပေးနိုင်တဲ့ဘဝလက်တွဲဖော်မျိုးက ကိုယ်ပါဆိုတာကိုသက်သေပြချင်တယ်။ ကိုယ့်ဘဝနဲ့ပုံပြီး အာမခံချက်​ပေးနိုင်လို့တာဝန်ယူပေးချင်တယ်။ ဒါကိုယုံကြည်ပေးနိုင်မလားဟင်"

ခေါင်းကိုငုံ့ချကာပြုံးမိတော့ ကျွန်တော်ထိုင်နေတဲ့ခုံနားဆီတိုးကပ်လာရင်းကြမ်းပြင်ပေါ်ထိုင်ချကာ မော့ငေးကြည့် နေပြန်သည်။

"ခုံပေါ်မှာထိုင်ပါဗျာ။ ကျွန်တော်ငရဲကြီးတော့မှာပဲ"

"ရတယ်။ ကိုယ်ခွင့်ပြုတာမို့အဆင်ပြေပါတယ်။ မေးစရာရှိလို့ပါ၊ ဖုန်းထဲကမေးတဲ့မေးခွန်းလေ။ ကိုယ့်ကိုတကယ် ပဲစိတ်ထဲမခံစားခဲ့မိဘူးလားဟင်၊ ကိုယ့်မျက်နှာကိုသေ​သေချာချာကြည့်ပြီးဖြေပေးပါလား"

မျှော်လင့်ချက်တွေအပြည့်နှင့်မေးလာသူရဲ့မျက်ဝန်းနက်နက်ထဲကို ပထမဆုံးအကြိမ်ရင်ဆိုင်ကာကြည့်လိုက်ရင်း တိတ်ဆိတ်နေမိတော့ မျက်ဝန်းချင်းဆုံကြည့်ရင်းမှလေးလေးနက်နက်ဆိုလာ၏။

"ဟယ်လင်ကေလာရဲ့စကားတစ်ခွန်းရှိတယ်။ ကမ္ဘာပေါ်မှာရှိနေတဲ့ အကောင်းဆုံးနဲ့အလှပဆုံးသောအရာတွေကို မျက်စိနဲ့မမြင်နိုင်မထိတွေ့နိုင်ပါဘူးတဲ့။ နှလုံးသားနဲ့ပဲခံစားလို့ရနိုင်ပါတယ်တဲ့လေ။ ကိုယ်ကငယ်လေးကိုမြင်လိုက် ချိန်ထဲက ဒါကိုယ့်လက်တွဲဖော်ပဲလို့စိတ်ထဲခံစားသိလိုက်ပြီးသား။ သိနိုင်လောက်အောင်လည်းရင်ထဲမှာလေး​လေး နက်နက်ရှိခဲ့တာပါ။ အနက်ရှိုင်းဆုံးအထိလည်း​နေရာ​ပေးထားလိုက်မိပြီလေ။ ဒီလိုခံစား​နေရတဲ့ကိုယ့်ရဲ့မေတ္တာကို ငယ်​လေးဘက်က​ရောနည်းနည်းလေးမှမခံစားမိခဲ့ဘူးလားဟင် မသိခဲ့ဘူးလား ဖြေပါအုံးဗျာ"

တစ်လုံးချင်းဖြည်းငြင်းစွာဆိုလာသောဩရှရှစကားသံက ရင်ဆိုင်နိုင်ဖို့သတ္တိများကိုပေါက်ဖွားလာစေသလား။ အလှပဆုံးအပြုံးတစ်ပွင့်ကိုနှုတ်ဖျားထက်တွင်တင်လိုက်ရင်း...

"ကျွန်​တော်လည်းခံစားလို့ရပါတယ်"

တစ်ဖျတ်ဖျတ်တောက်ပလာသောမျက်ဝန်းရွန်းစိုစိုနက်နက်တွေကိုအတွေ့ ပါးပြင်တွေပူထူသွား၏။ ခေါင်းကိုငုံ့ချလိုက်ချိန်တွင် ရှေကိုတိုးကပ်ကာမျက်နှာ​ကိုအတင်းလိုက်​မော့ကြည့်နေရင်းမှ အတည်​ပြုမေးလာသောတစ်ဖက်လူ၏အသံက ပျော်ရွှင်ခြင်းနှင့်မြူးတူး၍နေပါတော့သည်။

"ဟား...ငယ်လေး၊ တကယ်လား။ တကယ်နော်..ဒါဆို...."

"ကျွန်တော်လည်းကိုကြီးကိုချစ်တယ်"

ဟိုးယခင်ရွေးချယ်မှုကမှားကောင်းမှားခဲ့နိုင်ပေမဲ့ မေတ္တာနဲ့စိတ်ဓာတ်ပြည့်ဝ​သောလူတစ်ယောက်ကိုထပ်ပြီးရွေးချယ် ဖို့​တော့ကျွန်​တော့်မှာအခွင့်အရေးရှိ​နေပါသေးသည်။ မှားယွင်းခဲ့တဲ့ရွေးချယ်မှုတွေမှာနစ်မြှုပ်မနေဘဲ ဒီရွေးချယ်မှု ကနေအသစ်တဖန်ထိုးဖောက်ကာ ရောက်ရှိလာမဲ့နေ့သစ်များကိုရင်ဆိုင်နိုင်ရန်သာကြိုးစားအားထုတ်ရပါတော့ မည်။

ဒီနေ့ပဲလူချင်းတွေ့ ဒီနေ့ပဲအဖြေပေးလိုက်မိတာကို​နည်းနည်းမှနောင်တမရမိတော့ပါချေ။

ကျွန်တော့်လက်​တွေကိုတင်းတင်းကျပ်ကျပ်ဆုတ်ကိုင်လာ​သော လက်တစ်စုံရဲ့နွေးထွေးလုံ​ခြုံ​ခြင်းကလက်ဖျား​လေးကစလို့ ဟိုးနှလုံးသားအတွင်းထိတိုင်နစ်မျောစီးဆင်းသွားပါတော့သည်။

The best and most beautiful things in the world, can not be seen or even touched.
They must be felt with the heart.

# Helen Killer

 


With Love
Hmone Shwe Yi

4.9.2023