အပိုင်း ( ၁ )
ဖူမင်ရှစ်သည် အလုပ်ကိစ္စဖြင့်
ခရီးထွက်ပြီးနောက် လေယာဉ်ပေါ်မှ ဆင်းလာစဉ် သူ့ဖုန်းက တုန်ခါသွားခဲ့သည်။ ခေါ်ဆိုသူ
ID မျက်နှာပြင်ကို ကြည့်လိုက်ပြီး ဖုန်းကို သူ့နားရွက်နားသို့ ကပ်လိုက်လျှင် သူ့အဖိုးရဲ့
တည်ငြိမ်သော အသံကို လေလှိုင်းထဲမှတစ်ဆင့် ကြားလိုက်ရ၏။ “ မင်း လေယာဉ်ဆိုက်ပြီမလား မင်ရှစ်။
ဒီည လာခဲ့ဦး။ ”
ဖူမင်ရှစ်သည် ယနေ့ညတွင်
အလုပ်ကိစ္စနှင့် ညစာစားပွဲများ တက်ရောက်ရမည်မို့ လမ်းလျှောက်သွားရင်း “ ဒီညတော့ ကျွန်တော်
မအားသေးဘူး အဘိုး ၊ မနက်ဖြန်မှ အဘိုးဆီ လာတွေ့လို့ ရမလား။ ” ဟု မေးလိုက်သည်။
“ ငါ့ရဲ့ ဆေးစစ်ချက်
ရလဒ်တွေ ထွက်လာပြီ … အသည်းကင်ဆာတဲ့။ ” ဟု သူ့အဘိုးက ပြန်ပြောသည်။ အဘိုးရဲ့ အရင်အတိုင်း
ပျော့ပျောင်းတည်ငြိမ်သော အသံက သူ့ခြေလှမ်းတွေကို ရပ်တန့်သွားစေကာ အတော်လေး အံ့သြဆွံ့အသွားစေခဲ့သည်။
ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ … ။
ထို့နောက် အဘိုးက
“ ပြန်လာခဲ့ပါ ၊ မင်းနဲ့ ဆွေးနွေးစရာ ကိစ္စရှိတယ်။ " ဟု ပြောကာ ဖုန်းချသွားသော်လည်း
ဖူမင်ရှစ်ကတော့ ထိုနေရာမှာပင် ခပ်တောင့်တောင့် ရပ်နေမိသည်။
“ လူကြီးမင်းဖူ
… ” ဖူမင်ရှစ်ရဲ့ လက်ထောက် ကောချွမ်းက သူ့ရဲ့ ပုံမှန်မဟုတ်တဲ့ မျက်နှာ အမူအရာကို ကြည့်ပြီး
နားမလည်နိုင်စွာ မေးသည်။
ဖူမင်ရှစ်သည် သူ့ကို
စောင်းငဲ့ကြည့်ရုံသာ ကြည့်ပြီး ဘာမှ မပြောဘဲ ရှေ့ကို ဆက်လျှောက်လာခဲ့လိုက်သည်။
ကျယ်ဝန်းသော လေယာဥ်ဆိုက်ရောက်
ခန်းမကြီးထဲတွင် ဖူမင်ရှစ်ကို သတင်းမေးမြန်းဖို့အတွက် ရောက်လာသော သတင်းထောက်တွေနှင့်
ပြည့်ကြပ်နေပြီ ဖြစ်သည်။
သူ့မိသားစု၏ ရှန်းရှစ်အုပ်စုသည်
အရေးပါသော ပြင်သစ်တင်ဒါကို အောင်မြင်စွာ ရရှိခဲ့ပြီး ပြည်တွင်းရှိ ပြိုင်ဘက်ကုမ္ပဏီများကို
မနာလိုစိတ် ထကြွစေခဲ့သည်။ ဒါပေမဲ့ သတင်းထောက်တွေကတော့ ရှန်းရှစ်အုပ်စုရဲ့ စီးပွားရေးအောင်မြင်မှုကို
စိတ်မဝင်စားပါ။ သူတို့ စိတ်ဝင်စားတာက ပဲရစ်မှာ စီအီးအိုဖူမင်ရှစ် ပါဝင်ခဲ့တဲ့ အချစ်ရေးအရှုပ်တော်ပုံပဲ
ဖြစ်သည်။
ဖူမင်ရှစ်သည် ဘီလီယံပေါင်းများစွာ
ချမ်းသာရုံသာမက ရုပ်ရည်သွင်ပြင်ကလည်း အသက်ကြီးကြီးငယ်ငယ် ၊ ဘယ်လို နာမည်ကျော် ဆယ်လီတိုင်းထက်မဆို
သာလွန်ချောမောသည်။ တရုတ်နိုင်ငံတစ်ဝှမ်းတွင် သူ့ထက် ချမ်းသာသူများက သူ့လောက် မငယ်ရွယ်
၊ မချောမောသလို သူ့ထက် ချောသူများကလည်း သူ့လောက် မချမ်းသာပါ။ ဒီအသက် ( ၂၈ ) နှစ်အရွယ်
စီးပွားရေးစွမ်းဆောင်ရှင် လူငယ်လေးသည် သူ့ဝေ့ပေါ်အကောင့်မှာ Post အသစ်တွေ တော်ရုံတန်ရုံ
တင်လေ့မရှိသော်လည်း မျက်နှာချောချောနှင့် ခြေတံရှည်လျားမှုကြောင့် သန်းချီသော ပရိသတ်များကို
ဆွဲဆောင်နိုင်ခဲ့သည်။
“ သူ လာပြီ။ ”
လေယာဉ်ပေါ်ကနေ ခရီးသည်များ
တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြသည်။ ခြောက်ပေတစ်လက်မနီးပါး အရပ်အမြင့်ရှိသည့် ဖူမင်ရှစ်သည်
အခြားလူများထက် ခေါင်းတစ်လုံးစာမက မြင့်မားပြီး သူ ဝတ်ဆင်ထားတဲ့ အနက်ရောင် ဝတ်စုံကလည်း
သူ့ရဲ့ ကျစ်လျစ်မြင့်မားသော ခန္ဓာကိုယ်ကို လူအများကြားမှာ ထင်းထွက်နေစေသည်။
သူ ဘယ်သူမှ သတိမထားမိအောင်
ထွက်သွားဖို့ မဖြစ်နိုင်ပါ။ ဘယ်သူက သူ့ဆီကို အရင်ဆုံး ပြေးထွက်လာခဲ့တာလဲ မပြောတတ်ဘဲ
မျက်စိတစ်မှိတ်အတွင်းမှာပဲ ဖူမင်ရှစ်ကို သတင်းထောက်တွေ ပတ်လည်ဝိုင်းသွားခဲ့သည်။ သူ့ကို
မသိသော ဖြတ်သွားဖြတ်လာများပင်လျှင် သူ့ကို နာမည်ကြီး ဆယ်လီတစ်ယောက် ဖြစ်လိမ့်မည်ဟု
ထင်ကာ ဖုန်းတွေကို ထုတ်ပြီး ဓာတ်ပုံတွေ ၊ ဗီဒီယိုတွေ စတင် ရိုက်ခဲ့ကြသည်။
“ မိန်းကလေးရှားက
မင်းရဲ့ ကောလိပ်အတန်းဖော် ဖြစ်ပြီး မင်းတို့နှစ်ယောက် ချိန်းတွေ့ဖူးတယ် ဆိုတဲ့ သတင်းက
အမှန်ပဲလား လူကြီးမင်းဖူ။ ”
“ လူကြီးမင်းဖူအနေနဲ့
ဒီဆက်ဆံရေးကို ဘယ်တော့လောက် ကြေညာဖို့ အစီအစဉ်ရှိလဲ။ ”
“ ပဲရစ်မှာ မိန်းကလေးရှားနဲ့
တွေ့တာကရော တကယ် တိုက်ဆိုင်မှုပဲလား။ ”
“ လူကြီးမင်းဖူ
‘ ကြီးပွားချမ်းသာ ချန်အန်း ’ မှာ ရင်းနှီးမြှုပ်နှံခဲ့တာ မိန်းကလေးရှားကြောင့်လား။
”
မေးခွန်းပေါင်းစုံက
ဖူမင်ရှစ်ထံ တစ်ခုပြီး တစ်ခု အဆက်မပြတ် ပစ်ဝင်လာသည်။ သို့သော် ဖူမင်ရှစ်ကတော့ ထိုမေးခွန်းတွေကို
ဂရုမစိုက်နိုင်တော့ပါ။ သူ့အဘိုး ပြောတဲ့ “ အသည်းကင်ဆာ ” ဆိုတဲ့ စကားတစ်ခွန်းတည်းကသာ
သူ့ခေါင်းထဲမှာ နေရာယူထားသောကြောင့် ကားထဲကို ဘယ်လို ရောက်လာသလဲ ဆိုတာတောင် မမှတ်မိပေ။
အနက်ရောင်
Maybach ကားလေးက သခင်ဖြစ်သူကို ကြိုပြီးသောအခါ လေဆိပ်ကနေ တည်ငြိမ်စွာ မောင်းထွက်လာခဲ့သည်။
ဖူမင်ရှစ်ကတော့ နောက်ခန်းထဲမှာ ထိုင်ရင်း အချိန်အတော်ကြာသည်ထိ အသိစိတ် မကပ်နိုင်ဘဲ
သတိလက်လွတ် ဖြစ်နေခဲ့လေသည်။
အသည်းကင်ဆာနှင့်
ပတ်သက်သော အချက်အလက်တွေကို သူ စတင်ရှာဖွေလိုက်သည်။
တစ်နာရီကျော် ကြာသောအခါ
Maybach ကားလေးသည် ခြံဝင်းကျယ်ကြီးနှင့် သပ်ရပ်ဆိတ်ငြိမ်သော ဖူမိသားစုအိမ်တော်ရှေ့တွင်
ရပ်တန့်သွား၏။ ဖူမင်ရှစ်သည် ကားထဲမှ ထွက်ကာ အမျိုးသားအစေခံတွေ ၊ အိမ်အကူတွေကို လျစ်လျူရှု၍
သူ့အဖိုး၏ အခန်းဆီသို့ တန်းတန်းမတ်မတ် လျှောက်ဝင်လာခဲ့ရာ နောက်ဖေးခြံဝင်းထဲရှိ ထနောင်းတုပင်အောက်မှာ
သူ့အဘိုးကို နောက်ဆုံးတော့ ရှာတွေ့သွားခဲ့သည်။
ဖူမင်ရှစ်၏ အဘိုးသည်
သူ၏ တစ်ဦးတည်းသောသား ၊ တစ်နည်းအားဖြင့် ဖူမင်ရှစ်၏ ဖခင်နှင့်အတူ စစ်တုရင်ကစားနေသည်။
အချမ်းသာဆုံး သားအဖနှစ်ယောက်သည် အပေါ့ပါး အရိုးရှင်းဆုံး အဝတ်အစားတွေကို ၀တ်ဆင်ထားသည်။
သူတို့ရဲ့ ဟန်ပန်အမူအရာတွေကြောင့်သာ မဟုတ်လျှင် သာမန် လူလတ်ပိုင်းအရွယ် သားအဖနှစ်ယောက်နှင့်
ပုံစံချင်း ထူးမခြားနားပင်။ ခြေသံကြားတော့ သူတို့နှစ်ယောက်လုံး ဖူမင်ရှစ်ကို တစ်ချက်
မော့ကြည့်ပြီးမှ စစ်တုရင် ဆက်ကစားကြသည်။
ဖူမင်ရှစ်သည် တံစက်မြိတ်အောက်ရှိ
သစ်သားထိုင်ခုံလေးကို ဆွဲယူကာ သူတို့၏ ကစားပွဲ တိတ်တဆိတ် ထိုင်ကြည့်နေလိုက်သည်။
“ မင်း တကယ့်ကို
အစောကြီး ပြန်လာတာပဲ။ ငါ မင်းကို လန့်အောင် လုပ်လိုက်မိတာလား။ ” ဖူမင်ရှစ်၏ အဖိုးသည်
ကစားပွဲ တစ်ပွဲ ပြီးသွားသောအခါ စစနောက်နောက် ပြောသည်။
ဖူမင်ရှစ်ကတော့ လုံးဝ
မရယ်နိုင်ပါ။
ဖူမင်ရှစ်ရဲ့ အဘိုးကတော့
သူ့ထက် အများကြီး ပိုပြီး ပေါ့ပေါ့ပါးပါးနေတတ်ပုံပေါ်သည်။ သူက မြေးဖြစ်သူရဲ့ ပခုံးကို
ရယ်ရယ်မောမောနှင့် ပုတ်ရင်း “ စိတ်မပူပါနဲ့ ၊ ငါ့ရောဂါက အစောပိုင်းအဆင့်မှာပဲ ရှိသေးတယ်လို့
ဆရာဝန်က ပြောလိုက်တယ်။ ရောဂါပျောက်အောင် ကုသနိုင်ချေ များတယ်တဲ့။ ”
အစောပိုင်း ဆိုတာကို
ကြားလိုက်ရသဖြင့် ဖူမင်ရှီ၏ အမူအရာ အနည်းငယ် တိုးတက်လာခဲ့သည်။
ရောဂါအား စောစောစီးစီး
သိလိုက်ကြောင်း ကြားလိုက်ရသဖြင့် ဖူမင်ရှစ်ရဲ့ မျက်နှာက အနည်းငယ် ကြည်လင်သွားသည်။ သူက
ပုံမှန်နှင့် မတူဘဲ စကားတွေ အများကြီး ထူးထူးခြားခြား ပြောနေသော သူ့အဖိုးကို ကြည့်ကာ
ခဏလောက် တုံ့ဆိုင်းသွားပြီးမှ ခပ်တိုးတိုး ပြောလိုက်သည်။
“ အခုက စပြီး ဆေးလိပ်မသောက်နဲ့တော့။
ကျွန်တော်လည်း အဘိုးကို အချိန်ပိုပေးပြီး အဖော်ပြုပေးနိုင်အောင် ကြိုးစားပါ့မယ်။ ”
သူ့အဘိုးက သူ့ကို
အိမ်ထောင်ပြုဖို့ အမြဲတမ်း နားပူနားဆာလုပ်နေသောကြောင့် သူ အရင်တုန်းကဆို အိမ်ပြန်ဖို့
ရှောင်ရှားလေ့ရှိသည်။
ဖူမင်ရှစ်ရဲ့ အဘိုးက
ခြောက်ကပ်ကပ် ရယ်မောပြီး သူ့သားကို မြေးဖြစ်သူနှင့် စစ်တုရင် ကစားချင်ကြောင်း ပြောကာ
နှင်ထုတ်လိုက်သည်။
ဖူမင်ရှစ်ရဲ့ အဖေသည်
သူ့ရဲ့ ထူးချွန်သော သားကို ကြည့်ကာ ခပ်တိုးတိုး သက်ပြင်းချလိုက်မိသည်။
အဘိုးဖြစ်သူအတွက်
စိုးရိမ်ပူပန်မှုတွေနှင့် နစ်မွန်းနေတဲ့ ဖူမင်ရှစ်ကတော့ သူ့အဖေရဲ့ ပုံမှန်မဟုတ်တဲ့
အပြုအမူကို သတိမထားမိဘဲ စစ်တုရင်အရုပ်လေးတွေကို နေရာချနေခဲ့သည်။
ဖူမင်ရှစ်ရဲ့ အဘိုးက
စစ်တုရင်ခုံကို ကစားပွဲအတွက် အဆင်သင့်ဖြစ်စေရန် ပြင်ဆင်နေရင်းမှ ဖြည်းညင်းစွာ မေးသည်။
“ မင်းအဒေါ် ဘယ်လို ဆုံးသွားတာလဲ ဆိုတာ မှတ်မိသေးလား မင်ရှစ်။ ”
ဖူမင်ရှစ်၏ လှုပ်ရှားမှုများ
ရပ်တန့်သွားသည်။
သူ့မှာ သူ့အဖေထက်
အသက် ( ၃ ) နှစ်ကြီးတဲ့ အဒေါ်တစ်ယောက် ရှိခဲ့ဖူးပါသည်။ သူ့အမေက သူမအကြောင်းကို သူ ငယ်ငယ်တုန်းက
ပြောပြဖူးသည်။ မင်္ဂလာဆောင်ခါနီး အချိန်လေးမှာမှ ကားမောင်းသင်ပြီး ကားမောင်းတတ်သွားတဲ့
သူ့အဒေါ်က မင်္ဂလာမဆောင်မီ ရက်အနည်းငယ် အလိုတွင် သူငယ်ချင်းများနှင့် အပြင်ထွက် အရက်သောက်ရင်း
အိမ်အပြန်လမ်းမှာ အရက်မူးမူးနှင့် အက်ဆီးဒင့်ဖြစ်ခဲ့သည်တဲ့။
ထိုအချိန်တုန်းက
သူ့အဖေက သူ့အမေနှင့် မတွေ့သေးသလို သူလည်း လူ့လောကထဲ မရောက်သေးတာကြောင့် သူ့မှာ တစ်ခါမှ
မတွေ့လိုက်ရတဲ့ အဒေါ်ဖြစ်သူအပေါ် လေးလေးနက်နက် ခံစားချက်တွေ မရှိပါ။
သူ့အဘိုးက အသည်းကင်ဆာဖြစ်နေတဲ့
အခုအချိန်မှာမှ ဟိုးရှေးပဝေသဏီကတည်းက ဆုံးသွားတဲ့ သူ့အဒေါ်အကြောင်း ဘာလို့ ရုတ်တရက်ကြီး
ပြောတာလဲ … ။ ရောဂါကြောင့် အတိတ်ကို လွမ်းဆွတ် သတိရသွားတာလား … ။
ဖူမင်ရှစ် ဘာမှ မတုံ့ပြန်နိုင်သေးမှာပဲ
သူ့အဘိုးက စကားဆက်သည်။ “ ကိုယ် လုပ်ခဲ့တဲ့ မကောင်းမှုတွေအတွက် ပြန်လည် ပေးဆပ်ရတယ် ဆိုတဲ့
စကားကို ယုံလား မင်ရှစ်။ ”
အဲ့ဒါက ဒီကိစ္စနဲ့
ဘာဆိုင်လို့လဲ … ။
ဖူမင်ရှစ်သည် သူ့အဘိုး
ထိုစကားတွေ ပြောနေတာကို နားမထောင်ချင်ပေ။ “ အခုခေတ်မှာ ဆေးပညာတွေက အရမ်း တိုးတက်နေပါပြီ။
အဘိုးသာ ဆေးကုသမှုခံယူမယ် ဆိုရင် … ”
သူ့အဘိုးက သူ့ကို
အပြုံးဖြင့် လက်ကာပြပြီး တားဆီးသည်။ ထို့နောက် မြေးဖြစ်သူကို တောက်ပသော မျက်လုံးများဖြင့်
ကြည့်သည်။ “ မင်း အတွေးလွန်နေပြီ။ ငါက ဒီအသက်အရွယ်မှာ သေမှာ မကြောက်ပါဘူး။ နောက်ထပ်
( ၂ ) နှစ် ၊ ဒါမှမဟုတ် ( ၂ ) နှစ်အောက် အသက်ရှင်ရလို့
ဘာမှ ထူးမသွားဘူး။ တကယ်တော့... လွန်ခဲ့တဲ့ ဆယ်စုနှစ်များစွာတုန်းက ငါ့ကို လူတစ်ယောက်က
အသက်စွန့်ပြီး မကယ်တင်ခဲ့ရင် ငါ စစ်မြေပြင်ထဲမှာ သေဆုံးသွားခဲ့လောက်ပြီ။ ”
ဖူမင်ရှစ်ရဲ့ မျက်နှာပေါ်မှာ
အံ့အားသင့်သော အရိပ်အယောင်တွေ ထင်ဟပ်သွားခဲ့သည်။
ဖူမင်ရှစ်ရဲ့ အဖိုးသည်
ထိုင်ခုံကို ဖြည်းညင်းစွာ မှီထိုင်လိုက်ရင်း စစ်တုရင်အရုပ်လေးကို လက်ထဲမှာ ကစားနေခဲ့သည်။
သူ့မြေးကို စက္ကန့် အနည်းငယ် ကြာအောင် ကြည့်နေပြီးမှ ရုတ်တရက် ပြုံးလိုက်ပြီး သူ့မျက်လုံးများသည်
ဟိုးအဝေးမှ ပြာမှုန်သော ကောင်းကင်ဆီသို့ ငေးမောကာ အတွေးမှတ်ဉာဏ်ထဲမှာ နစ်မြုပ်သွားသည်။
သူဟာ အသက် ( ၁၉
) နှစ်အရွယ်မှာ အိမ်ထောင်ကျခဲ့ပြီး သူ့ဇနီးက အိမ်ထောင်ကျပြီးနောက် နောက်တစ်နှစ်မှာ
ကိုယ်ဝန်ရှိလာခဲ့သည်။ ထို့နောက် သူ တပ်စုခေါင်းဆောင်ကြီးကျန်းရဲ့ လက်အောက်မှာ စစ်မှုထမ်းဖို့
အကြောင်းဖန်လာခဲ့သည်။ သူ့ထက် ( ၂ ) နှစ်သာ အသက်ကြီးတဲ့ တပ်စုခေါင်းဆောင်ကျန်းက ပညာနည်းပါးကာ
ဆင်းရဲနွမ်းပါးသည့် ကျေးလက်တောရွာမှ ဖြစ်သော်လည်း ဂျပန်လူမျိုးတွေနှင့် တိုက်ခိုက်ရသော
စစ်မြေပြင်မှာ ရဲစွမ်းသတ္တိအပြည့်နှင့် အကြောက်အလန့်ကင်းသည်။ တစ်ခါတုန်းက ဂျပန်တွေ
သူတို့ကို ကောင်းကင်ပေါ်ကနေ ဗုံးကြဲချချိန်မှာ တပ်စုခေါင်းဆောင်ကျန်းက သူ့ကို မြေပြင်ပေါ်
တွန်းချပြီး အသက်ကယ်ခဲ့သည်။
သူက ဒဏ်ရာ အနည်းငယ်သာ
ရခဲ့သော်လည်း ဒုဗိုလ်ချု့်ကျန်းကတော့ ဆေးကုသမှု ခံယူရန် မျှော်လင့်ချက်မရှိဘဲ ပြင်းထန်စွာ
ဒဏ်ရာရကာ အသက်ရှင်ရန် နှစ်ရက်သုံးရက်သာ ကျန်တော့၏။
ဖူမင်ရှစ်၏ အဘိုးသည်
တပ်စုခေါင်းဆောင်ကျန်း၏ အသက်ကယ်ပေးမှုကို ကျေးဇူးတင်သောအားဖြင့် သူ့ဘေးမှာ ရှိနေပေးခဲ့သည်။
ထိုအချိန်မှာ သူတို့ သွေးသောက်ညီအစ်ကိုနှစ်ယောက် သစ္စာကျိန်ဆိုခဲ့သည်။ အိမ်မှာ ကျန်ခဲ့တဲ့
တပ်စုခေါင်းဆောင်ကျန်းရဲ့ မိန်းမမှာ ကိုယ်ဝန်ရှိနေပြီး တပ်စုခေါင်းဆောင်ကျန်းက သူတို့သားသမီးတွေကို
ထိမ်းမြားလက်ထပ်စေရန် ဆန္ဒရှိနေတာမို့ အနာဂတ်မှာ ဖူမင်ရှစ်ရဲ့ မိန်းမက သမီးလေး မွေးလျှင်
တပ်စုခေါင်းဆောင်ကျန်းရဲ့ ( ၂ ) နှစ်အရွယ် သားနှင့် အိမ်ထောင်ချပေးဖို့ ကတိပြုခဲ့သည်။
ဖူမင်ရှစ်ရဲ့ အဘိုးဟာ
ချမ်းသာသော မိသားစုမှ ဆင်းသက်လာသည့် ပညာတတ် တစ်ယောက်ပီပီ လူကြီးမိဘတွေ စီစဉ်သော လက်ထပ်ပွဲတွေကို
သဘောကျမသော်လည်း တပ်စုခေါင်းဆောင်ကျန်းက သူ့အသက်သခင် ကျေးဇူးရှင် ဖြစ်ပြီး သေခါနီး
လူတစ်ယောက်ကို ငြင်းဆန်နိုင်တဲ့ နှလုံးသား မရှိ၍ ချက်ချင်း သဘောတူလိုက်သည်။ နောက်တစ်နေ့မှာ
တပ်စုခေါင်းဆောင်ကျန်း သေဆုံးသွားသည်။ ဖူမင်ရှစ်ရဲ့ အဘိုးကတော့ နောက်ထပ် ( ၃ ) နှစ်ကြာအောင်
ဆက်လက်တိုက်ခိုက်ပြီးမှ အိမ်ပြန်လာခဲ့သည်။
သူ စစ်ထဲ ရောက်နေချိန်မှာ
သူ့ဇနီးသည်က အသားဖြူဖြူနှင့် ချောမောလှပသော သမီးလေးတစ်ယောက်ကို အမှန်တကယ်ပဲ မွေးဖွားခဲ့ရာ
သူ အိမ်ပြန်ရောက်သွားတော့ သူ့သမီးအသက်က ( ၄ ) နှစ်တောင် ရှိနေပါပြီ။ သူက သူ့သမီးကို
ဆင်းရဲနွမ်းပါးသော ရွာလေးမှ တစ်စုံတစ်ဦးနှင့် တစ်နေ့မှာ လက်ထပ်ပေးဖို့ စီစဉ်ထားကြောင်း
သိသောအခါ သူ့ဇနီးက သမီးဖြစ်သူကို ပွေ့ချီပြီး သူ့ကို ထားခဲ့မည်ဟု ငိုကြီးချက်မနှင့်
အော်ဟစ်ခြိမ်းခြောက်ခဲ့သည်။ ဇနီးသည်နှင့် သမီးဖြစ်သူအပေါ် အပြစ်ရှိသလို ခံစားလိုက်ရသော
ဖူမင်ရှစ်၏ အဘိုးသည် တပ်စုခေါင်းဆောင်ကျန်းလည်း အခု မရှိတော့ပါဘူးဟု တွေး၍ သဘောတူညီချက်ကို
မေ့ပစ်လိုက်သည်။
ဇာတ်လမ်းရဲ့ ထိုအပိုင်းကို
ရောက်သောအခါ သူ့အဘိုးရဲ့ မျက်နှာပေါ်မှာ မျက်ရည်တွေ စီးကျလာခဲ့သည်။ “ ဒါက ကတိဖျက်ခဲ့တဲ့
ပြန်လည် ပေးဆပ်ရတာပဲ မင်ရှစ်။ ငါက ငါတို့ရဲ့ သဘောတူညီချက်ကို လမ်းတစ်ဝက်မှာ ချိုးဖျက်ခဲ့ပြီး
ငါ့ကို အသက်ကယ်ခဲ့သူအပေါ် သစ္စာပျက်ကွက်ခဲ့တယ်။
အဲ့ဒါကြောင့် ကောင်းကင်ဘုံက မင်းအဒေါ်ကို မင်္ဂလာဆောင်ခါနီး အချိန်မှာ အက်ဆီးဒင့်ဖြစ်အောင်
လုပ်ပြီး မင်းအဘွားနဲ့ ငါ့ကို တစ်သက်လုံး နောင်တတွေနဲ့ ရှင်သန်စေခဲ့တာ။ အခုတော့ ကောင်းကင်ဘုံက
ငါ့အပြစ်တွေကို ပြန်လည် သတိရစေခဲ့ပြီ … ”
ကံကြမ္မာ ၊ သို့မဟုတ်
အပြစ်ဒဏ်ခတ်ခံရခြင်းကို အယုံအကြည်မရှိသော ဖူမင်ရှစ်က “ ဒါတွေ အားလုံးက တိုက်ဆိုင်မှုသက်သက်ပါပဲ
အဘိုး ၊ လျှောက်အတွေးမလွန်ပါနဲ့။ ” ဟု ပြောကာ အဘိုးဖြစ်သူကို နှစ်သိမ့်ပြီး အကြောင်းပြချက်ပေးဖို့
ထရပ်လိုက်သည်။
“ တစ်နိုင်ငံလုံးမှာ
နှစ်စဉ် လူပေါင်း သောင်းနဲ့ချီပြီး အရက်မူးပြီး ကားမောင်းရင်း သေဆုံးနေကြတာပါ။ အဒေါ်ရဲ့
မတော်တဆမှုက မတော်တဆမှု ဆိုတာထက် မပိုပါဘူး။ အဘိုး အသည်းကင်ဆာဖြစ်တာကလည်း ဆေးလိပ် အလွန်အကျွံ
သောက်လို့ ဖြစ်တာပါ …”
“ ဘာပဲဖြစ်ဖြစ် ငါကတော့
ကောင်းကင်ဘုံက ငါ့ကို ဒဏ်ခတ်တာလို့ပဲ ယုံကြည်တယ်။ ငါ မတည်နိုင်တဲ့ ကတိတစ်ခုကို မပေးခဲ့သင့်ဘူး။
အဲ့ဒီကတိကို အသက်ရှင်နေချိန်မှာ မဖြည့်ဆည်းပေးနိုင်ခဲ့ရင် ငါ သေသွားတဲ့အခါ တမလွန်မှာ
တပ်စုခေါင်းဆောင်ကျန်းကို ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ၊ ငါတို့တပ်စုထဲက ညီအစ်ကိုတွေကိုရော
ဘယ်လို မျက်နှာချင်းဆိုင်ရမလဲ။ ” ဖူမင်ရှစ်၏ အဖိုးသည် မျက်ရည်များကို ပွတ်သုတ်ပြီး
သူ့မြေးကို ပြတ်ပြတ်သားသား လှမ်းကြည့်လိုက်သည်။
ဖူမင်ရှစ်တစ်ယောက်
စိုးရိမ်တကြီး မျက်မှောင်ကြုတ်လိုက်မိသည်။ “ ဒါပေမဲ့ … ”
အဘိုးကတော့ သူ့လက်ကို
စိတ်အားထက်သန်စွာ ဆုပ်ကိုင်ရင်း တောက်ပသော မျက်လုံးများဖြင့် စကားဖြတ်ပြောခဲ့သည်။ “ ငါ စုံစမ်းပြီးပြီ မင်ရှစ်။ တပ်စုခေါင်းဆောင်ကျန်းရဲ့
သားက ဆုံးပါးသွားပြီ ဆိုပေမဲ့ ဒီနှစ်ထဲမှာ အသက် ( ၂၀ ) လောက် ရှိတဲ့ မြေးမလေး တစ်ယောက်
ကျန်ခဲ့တယ် ၊ မင်းနဲ့ ကွက်တိပဲ။ မင်းအဒေါ်ရဲ့ ကိစ္စက မင်းအဘိုးရဲ့ အမှားပဲ ၊ အခု သူ့မြေးမလေးက
လျှိုမြောင်ထဲမှာ တစ်ယောက်တည်း နေ,နေတယ်။ မင်း အဲ့ကောင်မလေးကို လက်ထပ်ပြီး ဂရုစိုက်ပေးလိုက်ရင်
တပ်စုခေါင်းဆောင်ကျန်းက နောက်ဘဝ ရောက်နေရင်တောင် ငါ့ကို ခွင့်လွှတ်ပေးလောက်တယ်။ ”
လျှိုမြောင်ထဲမှာ
နေတဲ့ တောသူမနဲ့ လက်ထပ်ရမယ်တဲ့လား … ။ ဖူမင်ရှစ်တစ်ယောက် အထိတ်တလန့် ဖြစ်သွားမိသည်။
ရှန်းရှစ်အုပ်စုရဲ့ စီအီးအို ဖြစ်လာပြီးနောက်ပိုင်း ဟန်အမူအရာပျက်လောက်အောင် ထိတ်လန့်ဖူးတာ
ဒါ ပထမဆုံးအကြိမ် ဖြစ်သည်။
သို့သော် ဖူမင်ရှစ်ရဲ့
အဘိုးကတော့ သူမြေးရဲ့ ပဲရစ်က အရှုပ်တော်ပုံအကြောင်း တွေးမိကာ မျက်နှာမည်းမှောင်သွားသည်။
“ အဲ့ဒီ ရှားယင် ဆိုတဲ့ ကောင်မလေးက မင်းနဲ့ ဘယ်လို ပတ်သက်တာလဲ။ ”
“ သတင်းထောက်တွေက
လုပ်ကြံဖန်တီးပြီး သတင်းရေးထားတာပါ။ ကျွန်တော်တို့က တက္ကသိုလ် အတူတူ တက်ခဲ့ပေမယ့် ကျောင်းသားဘဝတုန်းက
သူ့ကို လုံးဝ မသိခဲ့ဘူး။ ” ဟု ဖူမင်ရှစ်က အမှန်အတိုင်း ဖြေလိုက်သည်။
နောက်ပိုင်းမှာ ရှားယင်က
အနုပညာလောကမှာ ကျော်ကြားလာတော့မှ သူမအကြောင်းကို ကြားဖူးသော်လည်း နာမည်ကို သိသည် ဆိုရုံမျှသာ
ဖြစ်သည်။ ပဲရစ်မှာ ကျင်းပတဲ့ ဧည့်ခံပွဲမှာ ရှားယင်က သူမကိုယ်သူမ လာမမိတ်ဆက်ရင် သူလည်း
သူမကို မှတ်မိမှာ မဟုတ်ပေ။
သူ့လက်ထောက်က ရှားယင်ဟာ
ဖူမင်ရှစ်တို့ကုမ္ပဏီမှ ရင်းနှီးမြုပ်နှံထားသော ဇာတ်လမ်းတွဲရဲ့ ခေါင်းဆောင်မင်းသမီး
ဖြစ်ကြောင်း သတိပေး၍ ယဉ်ကျေးမှုအရ သူမနှင့် စကား နည်းနည်းပါးပါး ပြောဖြစ်ခဲ့သည်။ ထိုမြင်ကွင်းကို
ပါပါရာဇီတွေက ဓာတ်ပုံရိုက်ပြီး လူထုကို အာရုံဖမ်းစားနိုင်မယ့် သတင်းတစ်ပုဒ် လုပ်ကြံဖန်တီးလိမ့်မည်ဟု
သူတို့ မမျှော်လင့်ခဲ့ပါ။
သူ့မြေးက ဒီနှစ်တွေတစ်လျှောက်လုံးမှာ အမျိုးသမီးများကို
စိတ်မဝင်စားဘဲ အလုပ်ကိုသာ အာရုံစိုက်နေသောကြောင့် ဖူမင်ရှစ်၏ အဘိုးကလည်း သူ့စကားကို
ယုံကြည်သည်။ သူက ချက်ချင်းပဲ တပ်စုခေါင်းဆောင်ကျန်းရဲ့ မြေးမလေးဆီ စကားလမ်းကြောင်း
ပြန်လှည့်လိုက်သည်။ “ အဲ့ဒီ ကောင်မလေးက ထက်ထက်မြတ်မြတ် သွက်သွက်လက်လက်လေး။ သူ့ကိုသာ
အဝတ်အစားကောင်းကောင်းတွေ သေချာ ဆင်ပေးလိုက်ရင် တီဗီထဲက ရုပ်ရှင်မင်းသမီးတွေနဲ့ နင်လားငါလားပဲ။
ဟုတ်သားပဲ ၊ ငါ့စားပွဲပေါ်မှာ သူ့ဓာတ်ပုံ ရှိတယ် … ခဏလေးစောင့်။ ”
မြေးဖြစ်သူအား သူ့ဆန္ဒကို
ဖြည့်ဆည်းခိုင်းရန် စိတ်မရှည်နိုင်အောင် ဖြစ်နေသော ဖူမင်ရှစ်၏ အဘိုးသည် စိတ်လှုပ်ရှားစွာဖြင့်
အခန်းထဲသို့ ဖျတ်လတ်သော ခြေလှမ်းများဖြင့် ဝင်သွားသည်။
ဖူမင်ရှစ်သည် သူ့အဘိုး
အခန်းထဲ ဝင်သွားတာကို ကြည့်ကာ ပြောစရာစကားတွေ ပျောက်ဆုံးနေမိသည်။ သူ့အဖေလည်း သူ့လိုပဲ
အိမ်ကို အပြေး ပြန်လာခဲ့တာကြောင့်သာ မဟုတ်ရင် ၊ တပ်စုခေါင်းဆောင်ကျန်းရဲ့ မြေးမလေးရဲ့
နိမ့်ကျတဲ့ မိသားစုနောက်ခံက သူ့အဘိုးရဲ့ မြေးချွေးမ ရွေးချယ်တဲ့ နေရာမှာ သတ်မှတ်ထားသော
ပုံမှန် စံချိန်စံနှုန်းတွေနှင့် သွေဖီနေတာကြောင့်သာ မဟုတ်ရင် အဘိုးက ကင်ဆာဖြစ်နေသည်ဟု
လိမ်ပြောပြီး သူ့ကို အိမ်ထောင်ချပေးဖို့ အကွက်ဆင်နေတာလို့ ဖူမင်ရှစ် ထင်သွားမှာပါ။
***