အပိုင်း ( ၁၀ )
ကျန်းပေါင်က ရုပ်ရှင်ရုံကို အခုမှ ပထမဆုံးအကြိမ် ရောက်ဖူးခြင်း ဖြစ်သလို အဲ့ဒီလို ခမ်းနားလှပတဲ့ အပြာရောင် ဂါဝန်ရှည်ကြီးနှင့် သလင်းကျောက် ဖိနပ်လေးတွေကိုလည်း ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။ ထို့ပြင် ရုပ်ရှင်ရုံထဲမှာ နမ်းနေကြတဲ့ အတွဲတွေကိုလည်း ဘဝမှာ ပထမဆုံးအကြိမ်အဖြစ် မြင်လိုက်ရသည်။
သူမတို့ရဲ့ ရှေ့ခုံတန်းတွေကလည်း စုံတွဲခုံတွေ ဖြစ်ကာ ပထမတော့ ကောင်လေးက သူ့လက်ကို ကောင်မလေးရဲ့ပခုံးပေါ် တင်ထားသည် ၊ အဲ့လိုနှင့် ကောင်မလေးက ကောင်လေးရဲ့ ရင်ခွင်ထဲကို မှီလိုက်သည်။ ကျန်းပေါင်ကတော့ ထိုအနေအထားမှာ အတော်လေး ရှက်ရွံ့ပူထူနေခဲ့ပြီ ဖြစ်သော်လည်း ထိုအတွဲကတော့ တစ်ယောက်နှင့် တစ်ယောက် ပူးကပ်သည်ထက် ပူးကပ်သွားကာ အမှန်တကယ်ပဲ စတင် နမ်းရှိုက်ခဲ့ကြသည်။
ကျန်းပေါင် အမြန် ခေါင်းငုံ့လိုက်ရပါသည်။
နှလုံးတုန် ရင်ခုန်စေသော လေထုပတ်ဝန်းကျင်ဟာ ကူးစက်တတ်သည်။ ဖူမင်ရှစ်က ဘယ်ဘက်ခြေထောက်ကို ညာဘက်ခြေထောက်ပေါ် ချိတ်၍ တည်ငြိမ်အေးဆေးသော အမူအရာဖြင့် ထိုင်နေခဲ့ပေမဲ့ ထိုမြင်ကွင်းကြောင့် အာရုံပျံ့သွား၏။
ဆယ်နာရီကျော်ကျော်မှာ ရုပ်ရှင် ပြီးသည်။ ရုပ်ရှင်ရုံထဲကအထွက် မျက်နှာပေါ်ကို လာရောက်ကျီစယ်သွားသော လတ်ဆတ်သော ညလေပြည်ရဲ့ အထိအတွေ့က အေးမြနေသည်။
“ မင်း အဲ့ဒီရုပ်ရှင်ကို ကြိုက်လား။ ” ဖူမင်ရှစ်က ကားမောင်းသူထိုင်ခုံမှာ ထိုင်ရင်း သူမဘက်ကို လှည့်မေးလိုက်တော့ သူမက ခေါင်းညိတ်ပြသည်။
ဖူမင်ရှစ် ပြုံးလိုက်ပါသည်။ “ မင်း စာမေးပွဲဖြေပြီးရင် ငါ မင်းကို နောက်ထပ် ရုပ်ရှင်တစ်ကား ကြည့်ဖို့ ခေါ်သွားပေးမယ်။ ”
ပင်ပန်းနေပြီ ဖြစ်တဲ့ ကျန်းပေါင်က ပါးစပ်ကို လက်နှင့် အုပ်ရင်း သမ်းဝေလိုက်သည်။ သူမက စောစော အိပ်ရာဝင်ခြင်းနှင့် ကျင့်သားနေရနေပြီ ဖြစ်ပြီး စာမေးပွဲအတွက် ပြင်ဆင်နေတဲ့ ဒီတစ်လလုံး ည ( ၁၀ ) နာရီကို နောက်အကျဆုံးထားကာ အိပ်ရာဝင်လေ့ရှိသည်။
ဖူမင်ရှစ်က သူမအတွက် သီချင်းသံ ငြိမ့်ငြိမ့်လေးကို ဖွင့်ပေးလိုက်သည်။ ကျန်းပေါင်က ထိုင်ခုံကို မှီကာ သီချင်းသံကို နားထောင်ရင်း အိပ်ပျော်သွားခဲ့သည်။
တစ်နာရီအကြာမှာတော့ Maybach ကားလေးက အပန်းဖြေစံအိမ်ရှေ့မှာ ရပ်တန့်သွားကာ ဖူမင်ရှစ်က သူ့ခါးပတ်ကြိုးကို ဖြုတ်၍ ကျန်းပေါင်ကို လှည့်ကြည့်လိုက်သည်။ ထိုင်ခုံက သက်သောင့်သက်သာရှိတဲ့အတွက် ကျန်းပေါင်ဟာ နိုးလာမည့် အရိပ်အယောင် လုံးဝ မပြဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခဲ့သည်။
ပြီးခဲ့တဲ့ တစ်လလုံး ကြိုးကြိုးစားစား စာလေ့လာခဲ့တာမို့ အိပ်လျှင်တောင် စာမေးပွဲဖြေနေရတဲ့ အိပ်မက်တွေ မက်သည်။ ဒီည ပထမဆုံးအကြိမ် ရုပ်ရှင်သွားကြည့်ရတာက သူမရဲ့ စိတ်နှင့် ခန္ဓာကို အလွန် ပေါ့ပါးသွားစေခဲ့၍ ခါတိုင်းထက် နှစ်ခြိုက်စွာ အိပ်ပျော်နေပါသည်။
ဖူမင်ရှစ်က ကားထဲမှာ သုံးမိနစ်နီးပါး ထိုင်နေပြီးမှ ကားပေါ်မှ ဆင်းကာ ခရီးသည်ထိုင်ခုံဘက်ကို ပတ်သွားလိုက်သည်။ ကျန်းပေါင်နှင့် ထိုင်ခုံကြားထဲကို သူ့လက်တစ်ဖက်ကို လျှိုသွင်းကာ ကျန်လက်တစ်ဖက်ဖြင့် သူမရဲ့ ခြေထောက်တွေကို မြှောက်ချီလိုက်သည်။ ဂရုတစိုက်ဖြင့် သူမကို ကားထဲကနေ ပွေ့ချီထုတ်ပြီး တစ်ဖက်ကို လှည့်လိုက်ချိန်မှာ အပန်းဖြေစံအိမ်ရဲ့ ဧည့်ခန်းထဲက လျှံထွက်နေတဲ့ မျက်စိစူးမတတ် မီးရောင်တွေကို သူ မြင်လိုက်ရ၏။ ဖူမင်ရှစ်သည် သူ့ရင်ခွင်ထဲက ကျန်းပေါင်ကို တစ်ချက် ငုံ့ကြည့်ကာ အဒေါ်ဝမ်အား မီးပိတ်ဖို့ လက်ဟန်ခြေဟန်နှင့် ပြောလိုက်သည်။
အဒေါ်ဝမ် ( ဝမ်မား ) က သူတို့နှစ်ယောက် စေ့စပ်တော့မည် ဆိုတဲ့ သတင်းကို သခင်ကြီးဖူဆီကနေ ကြားထားသည်။ ပထမတော့ ဖူမင်ရှစ်ကို သခင်ကြီးက အတင်း ဖိအားပေး၍ စိတ်မပါဘဲ လက်ခံလိုက်ရသည်ဟု ထင်ခဲ့သော်လည်း အခုတော့ ကျန်းပေါင်ကို ကားထဲကနေ အဖိုးတန် ရတနာတစ်ခုလိုမျိုး ဂရုတစိုက် ပွေ့ချီလာတဲ့ ဖူမင်ရှစ်ရဲ့ ပုံစံကို ကြည့်ကာ သခင်လေးဖူရဲ့ နှလုံးသားထဲက ခံစားချက်တွေကို နားလည်သွားသည်။
သူမ ဧည့်ခန်းထဲက မီးတွေကို အမြန် ပိတ်ပြီး မီးအိမ်တစ်လုံးတည်းသာ ချန်ခဲ့လိုက်သည်။
အဲ့ဒီတော့မှပဲ ဖူမင်ရှစ်က ကျန်းပေါင်ကို အိမ်ထဲသို့ ပွေ့ချီလာခဲ့သည်။ သူက လှေကားထစ်ပေါ်ကနေ တတိယထပ်အထိ တောက်လျှောက် တက်လာခဲ့သည်။ ကျန်းပေါင်ရဲ့ အိပ်ခန်းက သူ့အိပ်ခန်းဘေးမှာ ရှိသည်။ ဖူမင်ရှစ်က အခန်းတံခါးကို ပုခုံးနှင့် တွန်းဖွင့်လိုက်တော့ အပြင်ဘက်က လမ်းမီးရောင်တွေ ဝင်ရောက်လာကာ အခန်းထဲက ပရိဘောဂတွေကို လင်းကျင်းသွားစေသည်။ ဖူမင်ရှစ်က အိပ်ရာနားကို ချဉ်းကပ်လာခဲ့ပြီး သူမကို အိပ်ရာပေါ်မှာ အသာအယာ ချပေးလိုက်သည်။
ကျန်းပေါင်က သူမရဲ့ ကျောပြင်အောက်မှာ နူးညံ့တဲ့ အိပ်ရာရဲ့ အထိအတွေ့ကို ခံစားလိုက်ရသောကြောင့် သက်သောင့်သက်သာရှိသော အသံတိုးတိုးလေး ထွက်ပေါ်လာခဲ့သည်။ ထို့နောက် တစ်ဖက်ကို လှည့်သွားကာ ဘယ်ဘက်ခြေထောက်ကို ဆန့်ထုတ်၍ ညာဘက်ခြေထောက်ကို မြှောက်ကြွကာ တကယ့်ကို လွတ်လွတ်လပ်လပ် အိပ်မောကျနေခဲ့သည်။ ဖူမင်ရှစ်က သူမကို အိပ်ရာဘေးမှာ ရပ်ကြည့်ရင်း ပြုံးနေမိသည်။
သူမကို ကြည့်ရင်း ရုပ်ရှင်ရုံထဲက စုံတွဲတစ်တွဲရဲ့ ပြင်းပြင်းပြပြ အနမ်းတွေ အကြောင်း သတိရသွားသည်။ ဖူမင်ရှစ်သည် ထိုအချိန်မှာ သူမကို နမ်းချင်စိတ်ဝင်လာခဲ့သော်လည်း ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းချုပ်ခဲ့ပါသည်။ သူမရဲ့ ကောလိပ်ဝင်ခွင့် စာမေးပွဲက တကယ့်ကို နီးကပ်နေပြီမို့ စာမေးပွဲမဖြေခင်မှာ သူမကို အာရုံပျက်ပြားအောင် မလုပ်ချင်ပေ။
ဖူမင်ရှစ်သည် သူမအတွက် လိုက်ကာတွေကို ကူညီဆွဲပိတ်ပေးပြီးနောက် အခန်းထဲမှ တိတ်တဆိတ် ထွက်ခွာလာကာ သု့နောက်က အခန်းတံခါးကို ညင်သာစွာ ပိတ်ခဲ့လိုက်သည်။
~
ကျန်းပေါင်သည် အတော်လေး နေမြင့်သည်အထိ အိပ်ပျော်နေခဲ့ပြီး မနက် ဆယ်နာရီကျော်မှ နိုးလာခဲ့သည်။ မျက်လုံးတွေကို ပွတ်သပ်ရင်း အခုတော့ ရင်းနှီးကျွမ်းဝင်နေပြီ ဖြစ်သော အခန်းကို ဝေ့ဝဲကြည့်ကာ မနေ့ညတုန်းက ဖူမင်ရှစ်နှင့်အတူ ရုပ်ရှင်သွားကြည့်ပြီးတော့ သူ့ကားထဲမှာ အိပ်ပျော်သွားခဲ့တာကို ပြန်သတိရသွားသည်။ အဲ့ဒီနောက်ပိုင်းကိုတော့ သူမ မမှတ်မိတော့ပါ။
ကျန်းပေါင်က အိပ်ရာထဲမှာ ခဏလောက် တွေဝေစွာ လဲလျောင်းနေပြီးမှ အိပ်ရာထကာ ရေမိုးချိုး၍ တီရှပ်တစ်ထည်နှင့် ဘောင်းဘီတိုလေးကို လဲဝတ်လိုက်သည်။ သူမသည် စိတ်ထဲမှာ လန်းဆန်းသွားကာ အောက်ကို ဆင်းလာခဲ့လျှင် ခွေးကလေး ဟွီသန်းရဲ့ ဝမ်းဗိုက်ကို ကုတ်ခြစ်နေသည့် အဒေါ်ဝမ်ကို တွေ့လိုက်ရ၏။
အဒေါ်ဝမ်က “ မိန်းကလေး နိုးပြီပဲ။ အဒေါ်လည်း မိန်းကလေးကို အခုလေးတင် လာနိုးဖို့ လုပ်နေတာ။ ” ဟု အပြုံးလေးဖြင့် ပြောလိုက်သည်။
“ သခင်လေးဖူ ဘယ်မှာလဲ။ ” ကျန်းပေါင်က အပန်းဖြေစံအိမ်ရဲ့ အပြင်ဘက်ကို ဇဝေဇဝါ မျက်လုံးများဖြင့် လှမ်းကြည့်လိုက်သည်။
“ သခင်လေးက ကုမ္ပဏီကို မနက် ( ၇ ) နာရီကတည်းက ထွက်သွားပြီ။ သူ ဒီနေ့ နေ့ခင်းကျရင် အိမ်ပြန်လာပြီး မိန်းကလေးကို လာခေါ်မယ်လို့ ပြောသွားတယ်။ ”
ကျန်းပေါင်သည် သူ အိမ်မှာ မရှိတော့ပြီမို့ စိတ်ရှုပ်ထွေးစွာ ခေါင်းကုတ်လိုက်မိသည်။ အဒေါ်ဝမ်က သူမရဲ့ အတွေးတွေကို ခန့်မှန်းနိုင်ပုံဖြင့် ဖူမင်ရှစ်ရဲ့ ကောင်းကွက်တွေကို စိတ်အားထက်သန်စွာ ချီးကျူးဖို့ သူမနားကို အပြေးအလွှား ရောက်လာခဲ့သည်။ “ မိန်းကလေးက ဒီလထဲ အရမ်း စာကြိုးစားထားတော့ မနေ့တုန်းက ကားထဲမှာ ပင်ပန်းပြီး အိပ်ပျော်သွားတယ်လေ။ သခင်လေးဖူက မိန်းကလေးကို မနှိုးဘဲနဲ့ အပေါ်ထပ်အထိ ပွေ့ချီသွားပေးခဲ့တာ ၊ ဧည့်ခန်းထဲက မီးရောင်တွေကြောင့် မိန်းကလေး အနှောင့်အယှက်ဖြစ်မှာ စိုးလို့ အဒေါ့်ကို အဲ့ဒီမီးတွေကိုတောင် ပိတ်ခိုင်းသေးတယ်။ ”
ကျန်းပေါင်သည် ထိတ်လန့်တကြား ထရပ်ကာ လှေကားထစ်တွေဆီ အလိုလို အကြည့်ရောက်သွားမိသည်။ ပထမထပ်ကနေ တတိယထပ်အထိဆို အမြင့်ကြီးပါပဲလား … ဖူမင်ရှစ်က တကယ်ကြီး ….. ။ အဲ့ဒါနဲ့တောင် သူမကတော့ ဘာတစ်ခုမှ မမှတ်မိပါ။ ရှက်စရာကောင်းလိုက်တာ … ။
ကျန်းပေါင်သည် ထိုင်ခုံမှာ ခဏ ထိုင်နေပြီးနောက် အဒေါ်ဝမ်နှင့်အတူ နေ့လယ်စာ စားခဲ့သည်။ နေ့လယ်စာ စားပြီးတော့ မနက်ဖြန် ကောလိပ်ဝင်ခွင့် စာမေးပွဲအတွက် ယူသွားဖို့ လိုအပ်တဲ့ ပစ္စည်းတွေကို အဒေါ်ဝမ်နှင့်အတူ သေချာ စစ်ဆေးလိုက်သည်။ အထူးသဖြင့် စာမေးပွဲ ဝင်ရောက်ဖြေဆိုခွင့်လက်မှတ်ကို မေ့ကျန်ခဲ့လို့ မဖြစ်။ ကျန်းပေါင်ဟာ အဲ့ဒီလို စာမေးပွဲကြီးအတွက် အနည်းငယ် စိတ်လှုပ်ရှားနေဆဲ ဖြစ်ကာ စာကျက်တာကိုလည်း အာရုံမစူးစိုက်နိုင်ပေ။
ထို့ကြောင့် ဟွီသန်းကို ခေါ်ကာ ခြံထဲမှာ လမ်းလျှောက်ပေးပြီး နောက်ဖေးခြံဝင်းထဲရှိ ဘဲခြံထဲက ဘဲငန်းဖြူကြီး ( ၇ ) ကောင်ဆီ သွားရောက်လည်ပတ်ဖို့ ဆုံးဖြတ်ခဲ့သည်။
နေ့မွန်းတည့်ချိန်အရောက်မှာတော့ ဖူမင်ရှစ်က သူမကို လာခေါ်ခဲ့သည်။ အပန်းဖြေစံအိမ်က စာမေးပွဲဖြေဆိုရမည့် နေရာနှင့် အလှမ်းဝေးလွန်းတဲ့အတွက် ဖူမင်ရှစ်က စာမေးပွဲစင်တာအနီးရှိ ဟိုတယ်တစ်ခုမှာ သူမအတွက် ဘိုကင်တင်ပေးထားသည်။
“ မင်းမှာ လိုအပ်တဲ့ ပစ္စည်းတွေ အကုန်လုံး ပြည့်စုံပြီလား။ ” ဝတ်စုံပြည့် ဝတ်ဆင်ထားတဲ့ ဖူမင်ရှစ်က ကားဘေးမှာ ရပ်နေပြီး လက်တစ်ဖက်ကို ဘောင်းဘီအိတ်ကပ်ထဲ ထည့်ထားလျက် ကျန်းပေါင်ရဲ့ လက်ထဲက ခရီးဆောင်အိတ်ကို ကြည့်ရင်း မေးသည်။
သူ့ရဲ့ ခန္ဓာကိုယ်ဟန်က ကျန်းပေါင်အား စိတ်လှုပ်ရှားစေသည်။ အဒေါ်ဝမ်က သူမရဲ့ ခရီးဆောင်အိတ်ကို နောက်တစ်ခေါက် ထပ်စစ်ဆေးဖို့ တိုက်တွန်း၍ နောက်ဆုံးအနေဖြင့် အိတ်ကို ဖွင့်ကာ အတည်ပြု စစ်ဆေးလိုက်ရသည်။
သူမမှာ လိုအပ်တဲ့ ပစ္စည်းတွေအားလုံး အပြည့်အစုံရှိပါသည်။ ဖူမင်ရှစ်က သူမရဲ့ ခရီးဆောင်အိတ်ကို သယ်ပြီး ကားနောက်ခန်းထဲ သွားထည့်ကာ သူမကို အရင်ဆုံး ကားထဲ ဝင်ဖို့ လက်သန်ခြေဟန်နှင့် ပြောသည်။
စာမေးပွဲဖြေဆိုရတော့မည် ဆိုတဲ့ လေးလံဖိစီးသော အသိက ကျန်းပေါင်အား မနေ့ညတုန်းက အဖြစ်အပျက်ကို မေးမြန်းဖို့ မေ့လျော့သွားစေခဲ့သည်။ ဖူမင်ရှစ်ကလည်း ဘာမှ မပြောပါ။ ခဏကြာတော့ ကားက ဟိုတယ်တစ်ခုရှေ့မှာ ရပ်သွားကာ ဖူမင်ရှစ်က ဟိုတယ်အပြင်ဘက်မှာ အနက်ရောင်ဝတ်စုံနှင့် ရပ်နေတဲ့ လူကို ညွှန်ပြရင်း “ မင်း အဲ့ဒီလူကို မှတ်မိသေးလား။ ” ဟု မေးသည်။
ကျန်းပေါင်က သူ ညွှန်ပြသော နေရာကို လှမ်းကြည့်လိုက်တော့ သူမကို ခေါ်ဖို့ ရွာကို ရောက်လာတုန်းက အတူပါလာတဲ့ ဖူမင်ရှစ်ရဲ့ ဒရိုင်ဘာဖြစ်ကြောင်း ချက်ချင်း မှတ်မိသွားသည်။
“ သူ့မျိုးရိုးနာမည်က လီတဲ့။ သူက မင်းအဘိုးရဲ့ သက်တော်စောင့်ပဲ။ လာမယ့် သုံးရက်အတွင်း သူက မင်းကို ဂရုစိုက်ပေးလိမ့်မယ်။ မင်း တစ်ခုခု လိုအပ်ရင် သူ့ကိုသာ ပြောလိုက်။ ပြီးတော့ မင်း အခန်းထဲက မထွက်ခင် သူ့ကို အပေါ်ထပ်ကို တက်လာပြီး မင်းကို အရင် လာခေါ်ခိုင်း။ ” ဖူမင်ရှစ်က သူ့စကားကို ကျန်းပေါင် သေချာ နားမလည်တာကို မြင်တော့ ဟိုတယ်ထဲကို အဆက်မပြတ် ဝင်ထွက်သွားလာနေတဲ့ ကျောင်းသားတွေနှင့် မိဘတွေဘက်ကို မေးငေါ့ပြလိုက်သည်။ “ ဟိုတယ်ထဲမှာ စာမေးပွဲဖြေမယ့် ကျောင်းသားတွေ ၊ သူတို့မိဘတွေနဲ့ ပြည့်နေတာ။ အကုန်လုံးက အရမ်း စိတ်အားထက်သန်နေကြတော့ အလွယ်တကူ ပြဿနာတက်တာမျိုး ရှိနိုင်တယ်။ ”
အခုမှ ကျန်းပေါင် သဘောပေါက်သွား၏။
ဖူမင်ရှစ်က “ ဒီနေရာမှာ ရှိနေတဲ့ တချို့လူတွေက ငါ့ကို မှတ်မိနိုင်လို့ ငါ လောဆလာဆယ်တော့ ကားထဲမှာပဲ နေဦးမယ်။ မင်းရဲ့ နောက်ဆုံးစာမေးပွဲ ဖြေပြီးတဲ့ ရှစ်ရက်နေ့ ရောက်ရင် ငါ မင်းကို လာခေါ်မယ်။ ” ဟု ထပ်ဖြည့်ပြောသည်။
ကျန်းပေါင်က ဒုတိယအကြိမ် ခေါင်းညိတ်ပြလိုက်ပြီး “ ဒါဆို ကျွန်မ … သွားရတော့မလား။ ” ဟု မေးသည်။
ဖူမင်ရှစ်သည် သူမကို ကြည့်ရင်း ရုတ်တရက်ဆိုသလို အနည်းငယ် စိုးရိမ်စိတ်ဝင်လာမိသည်။ သူမကို စိတ်အေးလက်အေးနေဖို့ အားပေးချင်ပေမဲ့ အဲ့လို ပြောတာက သူမကို ဖိအားပေးရာရောက်မှာလည်း စိုးရိမ်သည်။ ဖူမင်ရှစ်က သူမအတွက် ကားတံခါး ဖွင့်ပေးရင်း “ ကိစ္စ တစ်ခုခု ရှိတာနဲ့ ငါ့ကို အချိန်မရွေး ဖုန်းဆက်လိုက်နော်။ ” ဟု သူမရဲ့ နားရွက်နားကို ကပ်၍ ပြောလိုက်သည်။
သူ့ရဲ့ ဝင်လေထွက်လေ နွေးနွေးက သူမရဲ့ နားရွက်အောက်ဖျားလေးကို ပွတ်တိုက်သွားသောကြောင့် ကျန်းပေါင်တစ်ယောက် စကားလုံးနှင့် ဖော်ပြလို့ မရလောက်အောင်ပင် နှလုံးခုန်မြန်လာမိသည်။ သူမ ‘ အင်း ’ တစ်ခွန်းတည်းသာ ဝတ်ကျေတန်းကျေ ပြန်ပြောကာ ကားထဲက ချက်ချင်း ဆင်းခဲ့လိုက်၏။
ဖူမင်ရှစ်ကတော့ ကျန်းပေါင် သက်တော်စောင့်လီနှင့်အတူ ဟိုတယ်ထဲကို ဝင်ရောက်ပျောက်ကွယ်သွားချိန်ထိ နောက်ကြည့်မှန်ထဲကတစ်ဆင့် ကြည့်နေပြီးမှ ဖြည်းဖြည်းချင်း မောင်းထွက်လာခဲ့လိုက်သည်။
~
ကျန်းပေါင်ရဲ့ ဟိုတယ်အခန်းက ဇိမ်ခံပစ္စည်းတွေနှင့် ပြည့်စုံလှသည်။ သူမ အခန်းထဲမှာ လှည့်ပတ်ကြည့်ပြီးနောက် ဘာမှ လုပ်စရာ မရှိသည်နှင့် ပုံနှိပ်စာအုပ်တွေကို ဖွင့်ကာ မနက်ဖြန် ဖြေရမယ့် ဘာသာစကားနှင့် စာပေ စာမေးပွဲအတွက် နောက်ဆုံးမိနစ် ပြန်လည် ကြည့်ရှုခြင်းတွေ လုပ်နေလိုက်သည်။ ကံကောင်းလို့ပဲလားတော့ မသိဘဲ စာပြန်ကြည့်ရင်း သူမ မဖြစ်မနေ ကျက်မှတ်ထားရမည့် ကဗျာစာသား တချို့ကို အခန့်သင့် တွေ့ရသည်။
ကျန်းပေါင်သည် ကဗျာကို ပြန်လည်ဖတ်ရှုပြီးသောအခါ ညစာစားပြီး အိပ်ရာထဲမှာ လဲလျောင်းရင်း ခဏလောက် စာဆက်ဖတ်ခဲ့သည်။ ဖူမင်ရှစ်ထံမှ သူမ အိပ်ပြီလားလို့ လှမ်းမေးသော မက်ဆေ့ခ်ျဝင်လာချိန်မှာ ( ၉ ) နာရီထိုးခါနီးပါပြီ။
ကျန်းပေါင် : အခုပဲ အိပ်တော့မလို့ပါ။
ဖူမင်ရှစ်က သူမကို မယုံကြည်တာ သိသာထင်ရှားသော်လည်း ထိုအကြောင်းကို ဆက်မပြောတော့ဘဲ ကြက်သွန်မြိတ် တစ်ချောင်းနှင့် ကြက်ဥ နှစ်လုံးရဲ့ ဓာတ်ပုံကို အွန်လိုင်းပေါ်ကနေ သွားရှာလာခဲ့သည်။
အဲ့ဒီလို အင်တာနက် ဟာသတွေက မထူးဆန်းသော်လည်း ဖူမင်ရှစ်ကတော့ အခုမှ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်ကာ အသံထွက်၍ပင် ရယ်မောမိသွားပြီး [ 150 မှတ်လား။ ] ဟု စာပြန်ပို့လိုက်သည်။
ဖူမင်ရှစ်က မူရင်းဓာတ်ပုံထဲက ကြက်ဥတစ်လုံးဘေးမှာ နောက်ထပ် ကြက်ဥ ငါးလုံးကိုပါ ဖိုတိုရှော့လုပ်လိုက်ချိန်မှာတော့ ကျန်းပေါင် ရယ်ရလွန်း၍ ဗိုက်တွေတောင် အောင့်လာပြီး [ ဟားဟားဟား ] လို့ စာပြန်လိုက်၏။
ဖူမင်ရှစ် : [ စောစောအိပ်။ ကောင်းသော ညပါ။ ]
ကျန်းပေါင် : [ အင်း ၊ ကောင်းသော ညပါ။ ]
ကျန်းပေါင်သည် သူတို့နှစ်ယောက် အပြန်အလှန် ပို့ထားသော မက်ဆေ့ခ်ျလေးတွေကို ကြည့်ကာ ဖုန်းကို ပိတ်လိုက်ပြီး နောက်တစ်ခေါက် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားခဲ့လေသည်။
( ၇ ) ရက်နေ့မှာတော့ ဘာသာစကားနှင့် သင်္ချာစာမေးပွဲကို မနက်ပိုင်းနှင့် နေ့ခင်းပိုင်း ခွဲ၍ ဖြေဆိုခဲ့ရသည်။ နေ့ခင်းပိုင်း စာမေးပွဲဖြေပြီးသွားတော့ သက်တော်စောင့်လီက ကျန်းပေါင်ကို ဟိုတယ်ကို ပြန်လိုက်ပို့ပေးသည်။ ကျန်းပေါင်သည် အခန်းထဲကို ပြန်ရောက်သည်နှင့် စာရွက်နှင့် ဘောပင်ကို ထုတ်ကာ သိပ်မသေချာတဲ့ မေးခွန်း တချို့ကို ပြန်လည်တွက်ချက်ကြည့်လိုက်၏။ နှစ်ပုဒ် မှန်ပေမဲ့ တစ်ပုဒ်ကတော့ သေချာပေါက် မှားနေသည်။
ကျန်းပေါင်သည် အနည်းငယ် စိတ်ဓာတ်ကျသွားကာ အိပ်ရာထဲမှာ ခဏလောက် လဲလျောင်းရင်း မနက်ဖြန် ဖြေရမယ့် သိပ္ပံစာမေးပွဲအတွက် ပြင်ဆင်ရန် စာမေးပွဲအဖြေလွှာတွေကို ထုတ်လိုက်သည်။
ထိုညမှာ ဖူမင်ရှစ်က အရင်ညတုန်းကထက် တစ်နာရီ စော၍ ဂွတ်နိုက်လို့ စာပို့ခဲ့အတွက် ကျန်းပေါင်လည်း စောစော အိပ်ရာဝင်ခဲ့သည်။
နောက်တစ်နေ့မှာတော့ သိပ္ပံစာမေးပွဲကို အင်္ဂလိပ်စာ စာမေးပွဲကို မနက်ပိုင်းနှင့် နေ့ခင်းပိုင်း ခွဲ၍ ဖြေဆိုရသည်။ သူမက ဝေါဟာရတွေ အများကြီး သိထားသလို ဂရမ်မာကိုလည်း အခြေခိုင်ခိုင် ပိုင်နိုင်သည် ၊ ပြီးတော့ အရေးစွမ်းရည်က သူမရဲ့ အားသာချက် ဖြစ်သည်။ ဒါပေမဲ့ သူမရဲ့ နားထောင်မှုစွမ်းရည်ကတော့ အားနည်းပြီး အင်္ဂလိပ်စကားပြော အသံဖိုင်ကို တစ်ခေါက်သာ ဖွင့်ပြတာမို့ နောက်တစ်ခေါက် ပြန်နားထောင်ပြီး အဖြေတွေကို စစ်ဆေးဖို့ အခွင့်အရေး မရှိပေ။
ကျန်းပေါင်သည် အဖြေလွှာကို အပ်ရင်း သူမ သိပ်မသေချာတဲ့ နားထောင်မှုစွမ်းရည် မေးခွန်းအရေအတွက်ကို ရေတွက်ကြည့်ကာ တဖြည်းဖြည်း ပိုစိတ်ဓာတ်ကျလာမိသည်။
စာမေးပွဲခန်းကအထွက် အဖြေတွေကို ဆွေးနွေးနေတဲ့ တခြား ကျောင်းသူ ၊ ကျောင်းသားတွေရဲ့ စကားသံတွေကို ကြားလိုက်ရချိန်မှာတော့ သူမ မရေမရာဖြစ်နေတဲ့ မေးခွန်းတွေအားလုံးကို ပေါက်ကရတွေ ဖြေဆိုခဲ့မိပြီ ထင်တယ်လို့ ခံစားလိုက်ရသည်။
ကျန်းပေါင်ဟာ ပိုလို့တောင် စိတ်ဓာတ်ကျသွားခဲ့ပြီး ဖူမင်ရှစ် သူမကို ဒီနေ့ လာကြိုမည်လို့ ပြောထားတာကိုတောင် မေ့လျော့တဲ့အထိ အာရုံပျံ့လွင့်နေခဲ့သည်။ အကျင့်ပါနေတဲ့အတိုင်း စာမေးပွဲခန်းထဲက ထွက်လာပြီးနောက် သက်တော်စောင့်လီကို လှည့်ပတ်ရှာလိုက်သည်။
ထိုအချိန်မှာပဲ တစ်ယောက်ယောက်က “ ကျန်းပေါင် ” ဟု သူမရဲ့ နာမည်ကို ဘယ်ဘက်ကနေ လှမ်းခေါ်၏။ ကျန်းပေါင် ဖျတ်ခနဲ လှည့်ကြည့်လိုက်တော့ ထိုလူနှင့် ဝင်တိုက်မိတော့မလို ဖြစ်သွားသည်။ သူမ မော့ကြည့်လိုက်လျှင် အနက်ရောင် အနောက်တိုင်းဝတ်စုံနှင့် ရုပ်အချောဆုံး သက်တော်စောင့် တစ်ယောက်ပမာ မြင့်မတ်စွာ ရပ်နေတဲ့ ဖူမင်ရှစ်ကို တွေ့လိုက်ရသည်။
ဖူမင်ရှစ်သည် သူမနှင့် နှစ်ရက်ကြာ မတွေ့ရတဲ့နောက် ပြန်တွေ့ချိန်မှာ သူမကို ကြည့်ရတာ ပိန်သွားသလို မျက်နှာလည်း သိပ်မကောင်းဘူးလို့ ခံစားရသည်။ သူမရဲ့ တွန့်ချိုးထားသော မျက်ခုံးတွေကို ကြည့်လိုက်ရုံနှင့် နောက်ဆုံး စာမေးပွဲကို ကောင်းကောင်း မဖြေနိုင်ခဲ့တာ ဖြစ်နိုင်ကြောင်း သိလိုက်သည်။
“ မင်း ဒီည ဘာစားချင်လဲ။ ” ဖူမင်ရှစ်က သူ့လက်တစ်ဖက်ကို သူမရဲ့ ပခုံးပေါ် တင်လျက် သူမအား သူ့ရင်ခွင်ထဲသို့ ဆွဲခေါ်လိုက်သည်။
စာမေးခန်းထဲက အလျှိုလျှို ထွက်လာတဲ့ ကျောင်းသားတွေနှင့် ပြတ်သိပ်ဝင်ရောက်လာတဲ့ မိဘတွေကြောင့် လူတွေ ပြည့်ကြပ်နေသည်။ ကျန်းပေါင်က ဖူမင်ရှစ်ဟာ သူမကို လူတိုးဝှေ့ခံရခြင်းမှ ကာကွယ်ပေးဖို့ ကြိုးစားနေတယ်လို့သာ ယူဆလိုက်ကာ ငြိမ်ငြိမ်လေး နေပြီး “ ဘာဖြစ်ဖြစ် ရပါတယ်။ ” ဟု စိတ်မပါလက်မပါ ပြန်ပြောလိုက်သည်။ စာမေးပွဲ မဖြေနိုင်ခဲ့၍ အစာ စားချင်စိတ်လည်း မရှိပါ။
“ ဒါဆို အသားကင်သွားစားရအောင်။ ” ကျန်းပေါင်ရဲ့ အသံထဲက စိတ်ပျက်အားလျော့နေမှုကို နားလည်တဲ့ ဖူမင်ရှစ်က သူမရဲ့ ပခုံးကို ခပ်ဖွဖွ ဖျစ်ညှစ်လိုက်သည်။ ကျန်းပေါင်ကတော့ နှုတ်ခမ်းတွေကို ခပ်တင်းတင်း စေ့ပိတ်ထားခဲ့ပါသည်။ သူ ဘယ်လိုပဲ အကြံပေးပါစေ ၊ သူမက အစားအသောက်နှင့် ပတ်သက်လို့ စိတ်လှုပ်ရှားမှာ မဟုတ်ပေ။
***