အပိုင်း ( ၁၂ )
ဧည့်ခန်းထဲ ရောက်နေတဲ့ သူနာပြုက ကျန်းပေါင်ရဲ့ ဖုန်းကောလ်ကို လက်ခံရရှိသည်နှင့် တစ်ပြိုင်နက် အဘိုးဖူနှင့် ဖူမင်ရှစ်ကို တစ်ချက် ကြည့်ပြီးမှ ခပ်လှမ်းလှမ်းကို သွားကာ ဖုန်းကိုင်လိုက်သည်။
“ မိန်းကလေးကျန်းလား။ ”
အမေရိကန်လူမျိုး ဖြစ်သော်လည်း သူနာပြုအမျိုးသမီးက တရုတ်စကားကို တော်တော်လေး ကျွမ်းကျင်စွာ ပြောတတ်သည်။
“ ကောင်းပါပြီ … ခဏလောက် စောင့်ပေးပါ။ ”
သူနာပြုသည် ဖုန်းချလိုက်ပြီးနောက် ဖူအမျိုးသား နှစ်ယောက်လုံးက သူမကို ကြည့်နေတာကို မြင်ရသောအခါ “ မိန်းကလေးကျန်းက နည်းနည်းလေး နေမကောင်းဖြစ်နေလို့တဲ့။ ကျွန်မ တစ်ချက်လောက် သွားကြည့်လိုက်ပါဦးမယ်။ ” ဟု အပြုံးလေးဖြင့် ပြောလိုက်တော့ “ ကျန်းပေါင် နေမကောင်းဖြစ်နေတာလား။ ” ဟု အဘိုးဖူက မျက်မှောင်ကြုတ်လျက် ပြန်မေးသည်။
သူနုာပြုက ကျန်းပေါင် ရှက်နေလောက်မယ်မှန်း သိနေတာမို့ အမှန်အတိုင်း မပြောပေ။ “ အရမ်း ဆိုးဆိုးဝါးဝါးကြီးတော့ မဟုတ်လောက်ပါဘူး။ ဒါဆို ကျွန်မ အရင်ဆုံး သွားကြည့်လိုက်ဦးမယ်နော်။ ” ဟုသာ ပြောကာ တောင်းပန်သော အပြုံးလေး တစ်ပွင့်ဖြင့် ပြုံးပြပြီးနောက် လှေကားပေါ်ကို တက်ခဲ့လိုက်သည်။ သို့သော် ကျန်းပေါင် နေတဲ့ လေးထပ်ကို တန်းမသွားဘဲ ဒုတိယထပ်ရှိ သူမရဲ့ အခန်းကို အရင်ဆုံး သွားခဲ့သည်။ လိုအပ်တဲ့ ဆေးဝါးပစ္စည်းကို အရင် ယူရမယ် မဟုတ်လား … ။
အဘိုးဖူက အကြည့်လွှဲလိုက်ပြီး ကိုယ်ပိုင် ဂျက်လေယာဉ်နှင့် ညတွင်းချင်း ရောက်ချလာတဲ့ မြေးဖြစ်သူကို “ မင်းလည်း တစ်ချက်လောက် သွားကြည့်လိုက်ဦး။ ” ဟု ပြောလိုက်သည်။
ဖူမင်ရှစ်က ဆိုဖာပေါ်မှ ထလိုက်ပြီး စိုးရိမ်မှု နည်းနည်းလေးမှ မပြသော မျက်နှာဖြင့် လှေကားပေါ်ကို ခပ်သွက်သွက် တက်ခဲ့လိုက်သည်။ ဖူမင်ရှစ် လေးထပ်ကို ရောက်သွားချိန်မှာ သူနာပြုက သူမရဲ့ အခန်းထဲမှာ ပစ္စည်းရှာနေဆဲသာ ရှိသေးသည်။ တံခါးနောက်မှာ ပုန်းကွယ်နေတဲ့ ကျန်းပေါင်က ခြေသံတွေကို ကြားသောအခါ သူနာပြု ရောက်လာတာလို့ ထင်သွားပြီး တံခါးနောက်ကနေ ရှက်ကိုးရှက်ကန်း ခေါင်းပြူထွက်လာခဲ့သည်။ ရောက်လာတဲ့ လူက ပေါ့ပေါ့ပါးပါး ဝတ်စားထားတဲ့ ဖူမင်ရှစ် ဖြစ်နေလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ … ။
ကျန်းပေါင်သည် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်လောက်အောင်ပင် ထိတ်လန့်သွားခဲ့ပြီး တစ်လှမ်းချင်း ချဉ်းကပ်လာသူကို ကြောင်အမ်းအမ်း စိုက်ကြည့်နေမိလေသည်။
ဖူမင်ရှစ်က သူမရဲ့ ကာတွန်းဝက်ဝံရုပ်လေးတွေ ပါသည့် ညအိပ်ဝတ်စုံလေးကိုရော ၊ ခိုးကြောင်ခိုးဝှက်နှင့် ခေါင်းလေး ထွက်ပြူကြည့်နေတဲ့ ချစ်စရာ ပုံစံလေးကိုရော ကြိုးစား၍ လျစ်လျူရှုကာ သူမကို တည်ငြိမ်စွာ ကြည့်လိုက်သည်။ “ မင်း နေမကောင်းဘူးလား။ ”
ရင်းနှီးကျွမ်းဝင်နေတဲ့ အသံကို ကြားတော့မှ ဒါက အိပ်မက် မဟုတ်သလို သူမ ထင်ယောင်ထင်မှားတွေ လျှောက်မြင်နေတာလည်း မဟုတ်ကြောင်း ကျန်းပေါင် သေချာသွား၏။ ချက်ချင်းပဲ တံခါးကို ဆွဲပိတ်ကာ ပိစိလေးသာ ဟ,ထားပြီး “ ဟင့်အင်း … ကျွန်မ နေကောင်းပါတယ်။ ရှင် ဒီကို ဘယ်တုန်းက ရောက်တာလဲ။ ” ဟု ခေါင်းလေးငုံ့၍ မေးလိုက်သည်။ သူမရဲ့ ညအိပ်ဝတ်စုံနောက်က အစွန်းအထင်းတွေအကြောင်း တွေးမိတော့ ကြမ်းပြင်မှာ အက်ကွဲကြောင်းလေးသာ ရှိရင် ကျန်းပေါင် ထိုအက်ကွဲကြောင်းထဲ တွားသွားဝင်ချင်စိတ်ပင် ပေါက်လာမိသည်။
ဖူမင်ရှစ်က သူမ ဘာလို့ ပုန်းနေတာလဲ ဆိုတာ မသိသောကြောင့် အကျိုးအကြောင်း မေးမြန်းဖို့ လုပ်နေတုန်းမှာပဲ သူနာပြုက လှေကားပေါ်ကို အပြေးအလွှား တက်လာခဲ့သည်။ တံခါးအပြင်မှာ ရပ်နေသော အမျိုးသားနှင့် တံခါးနောက်မှာ ပုန်းကွယ်နေသော မိန်းကလေးကို မြင်ချိန်မှာ သူနာပြု အရယ်မရပ်နိုင်တော့ပေ။ ထို့နောက် ကျန်းပေါင်အား “ ဆောရီးပါ မိန်းကလေးကျန်း ၊ ကျွန်မမှာ ကုန်နေတာကို မေ့သွားတယ်။ ခဏလောက် စောင့်ပါ ၊ ကျွန်မ ချက်ချင်း သွားဝယ်ပေးပါ့မယ်။ ” ဟု တောင်းပန်လိုက်သည်။
သူနာပြုအမျိုးသမီးက ဒီစုံတွဲလေးရဲ့ အနေရခက်နေသော ဇာတ်လမ်းကြားမှာ ဝင်မနှောင့်ယှက်၍ လှည့်ထွက်လာခဲ့ပေမဲ့ ဖူမင်ရှစ်က သူမကို “ နေဦး ” ဟု လှမ်းတားသောကြောင့် ဇဝေဇဝါဖြစ်သွားမိသည်။
ဖူမင်ရှစ်က အပြည့် စေ့ပိတ်လုနီးပါး ဖြစ်နေတဲ့ အခန်းတံခါးလေးကို နောက်တစ်ခေါက် ထပ်ကြည့်ကာ လှေကားထစ်တွေဆီသို့ လျှောက်သွားရင်း “ ခင်ဗျားက ကျွန်တော့်အဘိုးကိုပဲ ကြည့်ထားပေးပါ။ အဲ့ဒါတွေကို ကျွန်တာ် သွားဝယ်လိုက်ပါ့မယ်။ ” ဟု ပြောလိုက်သည်။
သူ ဒီသူနာပြုကို ဌားရမ်းထားရတဲ့ အဓိက အကြောင်းအရင်းက အရေးပေါ် အခြေအနေ တစ်ခုခု ဖြစ်လာခဲ့သည်ရှိသော် သူ့အဘိုးကို ( ၂၄ ) နာရီအပြည့် မျက်စိဒေါက်ထောက် ကြည့်ရှုစောင့်ရှောက်ပေးရန် ဖြစ်သည်။ အပန်းဖြေစံအိမ်ကနေ ဈေးဝယ်စင်တာအထိ သွားတာက နာရီဝက် ကြာမယ့် ခရီး ဖြစ်သည်။ ဖူမင်ရှစ် ဘယ်လို စွန့်စားမှုမျိုးမှ မလုပ်ချင်ပါ။
“ ဟုတ်ကဲ့ … ကောင်းပါပြီ။ ” သူနာပြုအမျိုးသမီး အရမ်းကို စဉ်းစားချင့်ချိန်တတ်တဲ့ လူငယ်လေးကြောင့် အရင်ဆုံး အံ့အားသင့်သွားပြီးမှ အိပ်ခန်းတံခါးကို လေးစားအားကျသော အကြည့်ဖြင့် ကြည့်ကာ ထွက်ခွာသွားသည်။ ကျန်းပေါင်ကတော့ အဲ့ဒါကို မမြင်လိုက်ဘဲ တံခါးနောက်မှာ ပုန်းကွယ်နေရင်း မျက်နှာတွေရော ၊ လည်ပင်းတွေပါ နီရဲနေခဲ့သည်။
နာရီဝက်အကြာမှာ သူမရဲ့ အခန်းတံခါးရှေ့ကို ဖူမင်ရှစ် ပြန်ရောက်လာပြီး ခပ်ဖွဖွ တံခါးခေါက်၍ “ ငါ တံခါးရှေ့မှာ ထားခဲ့မယ်။ မင်းကိုယ်တိုင် ယူလိုက်နော်။ ” ဟု အသံတိုးတိုးဖြင့် ပြောသည်။
ဖူမင်ရှစ်သည် ဈေးဝယ်အိတ်ကို တံခါးရှေ့မှာ ချခဲ့ပြီးနောက် အောက်ထပ်ကို ပြန်ဆင်းလာခဲ့သည်။
ကျန်းပေါင်က ခဏလောက် ဒွိဟဖြစ်နေပြီးမှ တံခါးဖွင့်ကာ အောက်ကို ငုံ့ကြည့်လိုက်တော့ အနီရောင် ၊ အစိမ်းရောင် အထုပ်တွေနှင့် ပြည့်နှက်နေသော ဈေးဝယ်အိတ်ကြီး တစ်လုံးကို တွေ့လိုက်ရလေသည်။ တစ်အိတ်လုံး လစဉ်သုံးပစ္စည်းတွေချည်းသာ … ။
ကျန်းပေါင်သည် ရေချိုးခန်းထဲမှ ထွက်လာသောအခါ ဖုန်းထဲကို မက်ဆေ့ခ်ျဝင်သံ ကြားလိုက်ရ၏။ သူမ အိပ်ရာဘေးစားပွဲကို သွားပြီး ဖုန်းကို ကောက်ကိုင်လိုက်တော့ ဖူမင်ရှစ်က
[ အဘိုးက မင်းကို အအေးမိနေတယ်လို့ ထင်နေတာ။ ] ဟု စာပို့ထားတာကို တွေ့ရသည်။
ကျန်းပေါင်တစ်ယောက် ပိုလို့တောင် ရှက်ရွံ့သွားမိကာ အိပ်ရာပေါ်မှာ ထိုင်ရင်း [ ကျေးဇူးပါ။ ] ဟု စာပြန်ပို့လိုက်သည်။
ဖူမင်ရှစ်ကလည်း [ မနက်စာစားဖို့ အောက်ကို ဆင်းလာခဲ့။ ] ဟု ချက်ချင်းပဲ စာပြန်သည်။
ကျန်းပေါင်သည် အိပ်ရာပေါ်မှ ချက်ချင်း ထကာ အိပ်ရာသိမ်း ၊ အဝတ်အစားလဲ၍ အောက်ထပ်ကို ဆင်းလာခဲ့လိုက်သည်။ ဧည့်ခန်းထဲကို ရောက်တော့ ကော်ဖီဝိုင်းမှာ ထိုင်ကာ အဘိုးဖူအတွက် ပန်းသီးအခွံနွှာပေးနေတဲ့ ဖူမင်ရှစ်ကို မြင်လိုက်ရသည်။ သူက ဆံပင်တိုတိုကို သပ်သပ်ရပ်ရပ် ညှပ်ထားပြီး နွေဦးလေပြည်ကဲ့သို့ လန်းဆန်းတက်ကြွနေသည်။ ပန်းသီးအခွံနွှာခြင်းကိုသာ အာရုံစူးစိုက်ထားတဲ့ သူ့ဘေးတစောင်း မျက်နှာက ချောမောလှသည်။
ကျန်းပေါင်က ဆိုဖာနောက်ကနေ တမင် ကွေ့ပတ်လျှောက်သွားကာ အဘိုးဖူရဲ့ ဘေးမှာ ဝင်ထိုင်လိုက်တော့ အဘိုးဖူက ပါးလေးတွေ နီရဲနေတဲ့ သူမကို လှည့်ကြည့်ပြီး “ နင် ဖျားနေတာလား။ ” တအံ့တဩ မေးသည်။
အဘိုးဖူ ဘာမှ မမေးခင်အထိ အဆင်ပြေသေးသော်လည်း သူ့မေးခွန်းကြောင့် ကျန်းပေါင်ရဲ့ မျက်နှာက ပိုလို့တောင် နီရဲတက်လာခဲ့သည်။ သူမက ခေါင်းငုံ့ပြီး “ နည်းနည်းပါ။ ” ဟု ပြန်ဖြေလိုက်သည်။
“ မနက်စာ စားပြီးရင် ဆေးသောက်ဖို့ မမေ့နဲ့နော်။ ”
အဘိုးဖူက အပြုံးလေးဖြင့် ဂရုတစိုက် ပြောတာကို ကျန်းပေါင် ခေါင်းညိတ်ပြလိုက်သည်။ အဲ့ဒီနောက် ပန်းသီးစိပ်လေးတွေကို စက်ဝိုင်းပုံ သပ်သပ်ရပ်ရပ် စီထားတဲ့ သစ်သီးပန်းကန်ပြားလေးက သူမရှေ့ကို ရောက်လာခဲ့သည်။ ပန်းကန်ပြားကို ကိုင်ထားတဲ့ လက်က ဖြူဖွေးသွယ်လျနေသည်။
ကျန်းပေါင်သည် သူမကို ဂရုစိုက်ပေးနေတဲ့ လူကြီးမင်းဖူကို ယောင်လို့တောင် မော့မကြည့်ရဲဘဲ ကျေးဇူးပါဟု ခပ်တိုးတိုး ပြောလိုက်သည်။ ပန်းသီးစိပ်လေးကို သွားကြားထိုးတံနှင့် ထိုးပြီးနောက် အဘိုးဖူရဲ့ အရိပ်အောက်မှာပဲ နေကာ တိတ်ဆိတ်စွာ စားနေလိုက်သည်။
“ မင်းက အခုတလော ပရောဂျက်အသစ်တစ်ခုနဲ့ အလုပ်ရှုပ်နေတာ မဟုတ်ဘူးလား မင်ရှစ်။ ဘာလဲ … ငါနဲ့ တွေ့ချင်လို့ လာခဲ့တာလား။ ” အဘိုးဖူက ပန်းသီးစိပ်လေးကို တမြုံ့မြုံ့ ဝါးနေရင်းမှ မြေးဖြစ်သူအား ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
ဖူမင်ရှစ်က သစ်သီးပန်းကန်ပြားလေးကို ကျန်းပေါင်ရှေ့သို့ တွန်းပို့ပေးရင်း သူမကို တစ်ချက် စောင်းငဲ့ကြည့်သည်။ “ စာမေးပွဲရလဒ်တွေက မနက်ဖြန် ထွက်မှာ ဆိုတော့ ကျွန်တော် ကျန်းပေါင်ကို လာခေါ်တာပါ။ ”
“ ရှင် ကျွန်မအတွက် ကြည့်ပေးမယ်လို့ ပြောထားတာ မဟုတ်ဘူးလား။ ” ကျန်းပေါင်သည် ခုနတုန်းက အပေါ်ထပ်မှာ အရှက်ကွဲခဲ့တာကို မေ့လျော့သွားကာ သူ့ကို နားမလည်နိုင်စွာ မေးလိုက်မိသည်။ သူမ ဒီအပန်းဖြေစံအိမ်မှာ အရမ်းကြီး မနေရသေးပါ။ ဒီမှာ သဘောကောင်း ကြင်နာတတ်တဲ့ အဘိုးဖူ ရှိသလို ပန်းခြံထဲမှာ အိမ်မွေးတိရစ္ဆာန်လေးတွေကို အတူတူ ကျောင်းသည့် အသိမိတ်ဆွေ အသစ်တွေလည်း ရထားတာမို့ သူမ ဒီမှာ ထပ်ချင်နေသေးသည်။
သူမ တရုတ်ပြည်ကို မပြန်ချင်သေးတာ သိသာထင်ရှားပါသည်။ အဘိုးဖူက ဆိုဖာကို အေးအေးဆေးဆေး မှီကာ သူ့ဘေးက လူငယ်လေး နှစ်ယောက်ကို ကြည့်နေပြီးမှ ကျန်းပေါင်အား နူးညံ့သော လေသံဖြင့် သတိပေးလိုက်သည်။ “ စာမေးပွဲရလဒ်တွေကို ကြည့်ပြီးရင် နင် မေဂျာရွေးဖို့ လိုသေးတယ်။ မေဂျာရွေးတဲ့အခါ အဲ့ဒီမှာ လူကိုယ်တိုင် ရှိနေဖို့ လိုတယ်။ ”
ကျန်းပေါင်က သူမ မေဂျာရွေးရဦးမည် ဆိုတာကို နောက်ဆုံးတော့ သတိရသွားပြီး နာခံစွာ ခေါင်းညိတ်လိုက်တော့မှ ဖူမင်ရှစ်က “ ငါတို့ ညစာ စားပြီးရင် ပြန်မယ်။ ” ဟု ဆက်ပြောလိုက်သည်။
ကျန်းပေါင်မှာ ကန့်ကွက်စရာ မရှိပါ။
အဘိုးဖူက သဘောထားကွဲလွဲမှုတွေ မရှိတော့တာကို မြင်တော့ ကျန်းပေါင်ကို ကြားဖြတ်မေးလိုက်သည်။ “ နင် ဘယ်မေဂျာ ရွေးမလဲ ဆိုတာ ဆုံးဖြတ်ပြီးပြီလား။ ”
ကျန်းပေါင်က တက္ကသိုလ်မေဂျာတွေနှင့် ပတ်သက်လို့ ဘာတစ်ခုမှ မသိပါ။ အရင်တုန်းက ဖူမင်ရှစ်ကို ထိုအကြောင်း မေးကြည့်တုန်းက အောင်စာရင်းထွက်လာမှပဲ စဉ်းစားဖို့ ပြောခဲ့သည်။ ကွန်ပျူတာသိပ္ပံမေဂျာကို ယူထားတဲ့ သူမတို့ရွာက ကောင်မလေးတစ်ယောက် အခုဆို တစ်လကို ယွမ် ( ၁၀၀၀၀ ) လောက် လစာရနေသည့် အကြောင်းကို သတိရသွားသောအခါ ကျန်းပေါင်က အဘိုးဖူရဲ့ အမြင်ကို ခပ်တိုးတိုး မေးလိုက်သည်။ “ ကွန်ပျူတာသိပ္ပံ မေဂျာဆိုရင်ရောဟင်။ ”
အဘိုးဖူက အတော်လေး အံ့အားသင့်သွားသည်။ “ နင် ဘာလို့ အဲ့မေဂျာ ရွေးချင်တာလဲ။ ”
ကျန်းပေါင် ရှက်ကိုးရှက်ကန်း ပြုံးလိုက်သည်။ “ ကျွန်မတို့ရဲ့ ရွာက ကောင်မလေးတစ်ယောက်က ကွန်ပျူတာသိပ္ပံ မေဂျာယူထားတာလေ။ တော်တော်လေး လစာကောင်းတယ်။ ”
အဘိုးဖူဟာ ရိုးစင်းလွန်းတဲ့ ကလေးမလေးကို ကြည့်ကာ ရယ်ချင်စိတ်ကို မနည်း ထိန်းချုပ်လိုက်ရပြီး ခပ်တိုးတိုး ချောင်းဟန့်လိုက်သည်။ “ မေဂျာရွေးတယ် ဆိုတာ ကိုယ့်ဝါသနာအပေါ် မူတည်ပြီးတော့ပဲ ရွေးသင့်တယ် ၊ လစာ အနည်းအများအပေါ် မူတည်ပြီး ရွေးရမှာ မဟုတ်ဘူး။ မလောပါနဲ့ ကျန်းပေါင်။ နင် ဘာကို ဝါသနာပါလဲ ဆိုတာ အချိန်ယူပြီး သေချာလေး စဉ်းစားပေါ့။ ပိုက်ဆံရှာပြီး ပင်ပန်းစရာကောင်းတဲ့ ဘဝမျိုးကို နေထိုင်ဖြတ်သန်းဖို့တော့ မစဉ်းစားနဲ့။ ”
အဘိုးဖူရဲ့ စကားကလည်း အဓိပ္ပာယ်ရှိသည်။ ကျန်းပေါင်သည် ပြတင်းပေါက် အပြင်ဘက်ကို ငေးကြည့်ရင်း မေဂျာရွေးခြင်း အကြောင်းနှင့် ပတ်သက်လို့ အတွေးစတွေ ပြန့်ကျဲနေခဲ့သည်။
ဟွီသန်းက သူတို့ မနက်စာစားပြီးတဲ့ အချိန်ထိ သူ့သခင်ဘေးမှာ အစာစားဖို့ စောင့်ဆိုင်းနေခဲ့သည်။ အဘိုးဖူက ဟွီသန်းနှင့် ဆော့ကစားပြီးနောက် ဖူမင်ရှစ်အား “ ခဏနေရင် ခဏနေရင် ကျန်းပေါင်ကို ခွေးကျောင်းဖို့ ခေါ်သွားပေးလိုက်။ ငါ့မှာ ဒီနေ့ လုပ်စရာ ရှိလို့ အပြင်မထွက်တော့ဘူး။ ” သူက ဒီလူငယ်စုံတွဲလေးတွေကို နှစ်ယောက်တည်း သီးသန့်အချိန်တွေ ပိုပေးချင်နေတာပါ။
ပါးစပ်ထဲမှာ အစားအသောက်တွေကို ဝါးနေတဲ့ ဖူမင်ရှစ်က ကျန်းပေါင်ဘက်ကို လှည့်ကြည့်ကာ ‘’ အင်း ’ လို့ ခေါင်းညိတ် အသံပြုလိုက်သည်။
ကျန်းပေါင်က ဗိုက်ထဲမှာ အောင့်မျက်နာကျင်နေတုန်းပဲ ဖြစ်သည်။ အစတုန်းက ဖူမင်ရှစ်ကို အဘိုးဖူနှင့်အတူ ခွေးကျောင်းထွက်ပေးဖို့ အကူအညီတောင်းရန် တွေးထားခဲ့သော်လည်း အဘိုးဖူရဲ့ စကားကို ကြားပြီးနောက်မှာ စကားလုံးတွေကို တိတ်တဆိတ် မျိုချလိုက်ပြီး မနက်စာစားပြီးနောက် ဖူမင်ရှစ်နောက်ကို တိတ်ဆိတ်စွာ လိုက်ခဲ့ရသည်။
ဟွီသန်းက တံခါးဝသို့ စိတ်လှုပ်ရှားစွာ ပြေးသွားသည်။ ဖူမင်ရှစ်က ကျန်းပေါင်နှင့် စကားပြောချင်သော်လည်း သူ လှည့်ကြည့်လိုက်တဲ့အခါ သူမရဲ့ ဖြူဖတ်ဖြူရော် ဖြစ်နေသော မျက်နှာကို မြင်လိုက်ရ၏။ သူမက ဒီလို မနက်ခင်း စောစောစီးစီးကြီးမှာ အမှန်တကယ်ပင် နဖူးပေါ်မှာ ချွေးပြန်နေသည်။
ဖူမင်ရှစ်က “ နေမကောင်းဘူးလား။ ” ဟု မျက်မှောင်ကြုတ်လျက် မေးသောအခါ ကျန်းပေါင်က ခေါင်းငုံ့ထားရင်းမှ ခေါင်းညိတ်ပြလိုက်သည်။ သူမ ဆက်ပြီး တောင့်ခံချုပ်တည်းမထားနိုင်တော့ပါ။
“ မင်း နေမကောင်းတာကို ဘာလို့ မပြောတာလဲ။ ” ဖူမင်ရှစ်က သူမဘေးကို လျှောက်လာပြီး အနည်းငယ် အေးစက်နေတဲ့ အသံဖြင့် ပြောသည်။
ကျန်းပေါင်က လေသံပျော့လေးဖြင့် လိမ်ညာလိုက်ရသည်။ “ ကျွန်မ အခုမှ စပြီး နေရတာ မသက်မသာ ဖြစ်လာတာပါ … ”
ဖူမင်ရှစ်ကတော့ သူမရဲ့ စကားကို မယုံကြည်ဘဲ ခန္ဓာကိုယ်ကို ရုတ်တရက် ငုံ့ကိုင်းကာ ကျန်းပေါင်ကို ဘာမပြော ညာမပြောနှင့် ပွေ့ချီလိုက်လေသည်။ ကျန်းပေါင်သည် ကမ္ဘာကြီး ချာချာလည်သွားသလို ခံစားလိုက်ရပြီး သတိပြန်ကပ်ချိန်မှာ ဖူမင်ရှစ်ကြောင့် အလွန် ထိတ်လန့်သွား၍ ဗိုက်တောင် ဆက်မနာတော့ပေ။ ဘေးဘီဝဲယာကို မျက်နှာရဲရဲနှင့် အထိတ်တလန့် ကြည့်ရင်း အထစ်ထစ် အငေါ့ငေါ့ ပြောမိသည်။ “ ကျွန်မ လမ်းလျှောက်နိုင်ပါတယ် ၊ အောက်ပြန်ချပေးပါ။ ”
ဖူမင်ရှစ်က သူမရဲ့ စကားကို လျစ်လျူရှုပြီး အပန်းဖြေစံအိမ်သို့ ခြေလှမ်းကျဲများဖြင့် ခံစားချက်ကင်းမဲ့စွာ လျှောက်သွားခဲ့သည်။ ကျန်းပေါင်သည် အလွန် အနေရခက်နေပြီး မြေပြင်ပေါ်ကို ခုန်ချဖို့ ဆက်တိုက် ကြိုးစားနေပေမဲ့ နှစ်ကြိမ်တိတိ ရုန်းကန်ပြီးနောက် ဖူမင်ရှစ်က သူမကို ရုတ်တရက်ပဲ ပိုလို့တောင် တင်းကြပ်စွာ ပွေ့ချီခဲ့သည်။ အငိုက်မိသွားတဲ့ ကျန်းပေါင်ဟာ သူ့ရင်ဘတ်နှင့် ဝင်တိုက်မိကာ အနည်းငယ် နာကျင်သွားရသည်။ တစ်ချိန်တည်းမှာပဲ ခန္ဓာကိုယ်အောက်ပိုင်းက နောက်ထပ် နာကျင်မှုလှိုင်း တစ်လှိုင်း လှိုက်တက်လာသောကြောင့် နှုတ်ခမ်းကိုက်ပြီး အညံ့ခံလိုက်တော့သည်။ ဖူမင်ရှစ်ရဲ့ ပခုံးကို မှီထားစဉ်မှာ သူမရဲ့ ရင်ခုန်သံက အထိန်းအချုပ်မရှိ ပရမ်းပတာ ခုန်ပေါက်နေခဲ့သည်။
ဧည့်ခန်းထဲမှာ ထိုင်နေဆဲ ဖြစ်တဲ့ အဘိူးဖူက ကျန်းပေါင်ကို သူ့မြေး ပွေ့ချီလာတာကို မြင်တော့ သတင်းထူးကို တွေ့မြင်ကြားသိလိုက်ရသကဲ့သို့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။
အခုအချိန်မှာ ကျန်းပေါင်ရဲ့ မျက်နှာ တစ်ခုလုံးက ဖူမင်ရှစ်ရဲ့ ကျယ်ပြန့်မာကျောသော ပခုံးထဲမှာ နစ်ဝင်နေခဲ့သည်။ ဖူမင်ရှစ်က သူမကို လှေကားပေါ် ပွေ့ချီသယ်သွားချိန်မှာ ကျန်းပေါင်က သူ့ကို ဒုက္ခမပေးချင်သလို သူ ခြေလှမ်း တစ်ချက် မှားသွားသည်နှင့် နှစ်ယောက်လုံး ပြုတ်ကျမှာကိုလည်း စိုးရိမ်သောကြောင့် အသံတိုးတိုးလေးနှင့် ထပ်မံ ဖြောင်းဖြလိုက်သည်။
“ လှုပ်စိလှုပ်စိ လုပ်မနေနဲ့။ ” ဖူမင်ရှစ်ကတော့ ခြေလှမ်းတွေကို မရပ်ဘဲ သူမရဲ့ ခေါင်းပေါ်မှ စီးမိုး၍ ခပ်တိုးတိုး ပြောသည်။ ကျန်းပေါင်သည် အောက်က လှေကားထစ်တွေကို ငုံ့ကြည့်ကာ နောက်ထပ် မလှုပ်ရဲတော့ပေ။
သူတို့ သုံးထပ်ကို ရောက်တော့မှ ဖူမင်ရှစ်ရဲ့ နည်းနည်းလေး မောပန်းလေးလံနေသော အသက်ရှူသံကို တစ်စွန်းတစ်စ ကြားလိုက်ရသည်။ ကျန်းပေါင်က ထိုအချိန်ထိ မလှုပ်ရဲသေးဘဲ လေးထပ်ကို ရောက်တော့မှ “ ကျွန်မ အခု အဆင်ပြေသွားပါပြီ။ ” ဟု ပြောလိုက်သည်။
ဖူမင်ရှစ်ကတော့ သူမရဲ့ စကားကို မကြားသလိုပင် သူမရဲ့ အိပ်ခန်းထဲကို တန်းတန်းမတ်မတ် ဝင်သွား၏။ ကျန်းပေါင်က အိပ်ရာကို တိတ်တဆိတ် လှမ်းကြည့်လိုက်တော့ သန့်ရှင်းသပ်ရပ်အောင် ပြုပြင်ထားပြီးတာကို တွေ့လိုက်ရသည်။ အိပ်ရာခင်း အသစ် ၊ စောင်အသစ်တွေကို တွေတော့မှ စိတ်သက်သာရာရသွားသော သက်ပြင်းလေးကို မှုတ်ထုတ်နိုင်သည်။
ဖူမင်ရှစ်က သူမကို အိပ်ရာပေါ် ချပေးပြီးနောက် ကျန်းပေါင်သည် ကျေးဇူးတင်စကားက လွဲလို့ ဘာပြောရမှန်း မသိဘဲ သူမရဲ့ လက်နှစ်ဖက်ကို တင်းကြပ်စွာ ထွေးယှက်ဆုပ်ကိုင်ထားမိသည်။
“ အရင်ဆုံး အနားယူလိုက်ဦး။ မင်း ညရောက်တဲ့အထိ မသက်သာသေးရင် ငါတို့ မနက်ဖြန်မှ ပြန်လို့ ရတယ်။ ” ဖူမင်ရှစ်က အိပ်ရာဘေးမှာ ထိုင်ချလိုက်ပြီး သူမရဲ့ မျက်လုံးတွေထဲကို ကြည့်ရင်း ပြောသည်။
ကျန်းပေါင်ကတော့ သူ့ကို မကြည့်ရဲပါ။ ခေါင်းငိုက်စိုက်ချထားသည်မှာ မေးစေ့က ရင်ဘတ်ကို ထိလုနီးပါး။ “ ကောင်းပါပြီ။ ”
ဖူမင်ရှစ်က သူမကို တစ်မိနစ်လောက် စိုက်ကြည့်နေပြီးမှ အခန်းထဲက ထွက်လာခဲ့လိုက်သည်။ အခန်းတံခါးကို ပြန်ပိတ်ပေးရင်း သူ့ကို ရည်ရွယ်ချက်ရှိရှိ ရှောင်ရှားနေတဲ့ ကျန်းပေါင်ရဲ့ အပြုအမူအကြောင်း တွေးမိသောအခါ သူ ဇဝေဇဝါမဖြစ်မိဘဲ မနေနိုင်ပေ။ သူ့စိတ်ကို လုံလောက်တဲ့ အနေအထားထိ ရှင်းရှင်းလင်းလင်း မဖော်ပြရသေးလို့လား ၊ ဒါမှမဟုတ် ကျန်းပေါင်က သူ့ကို အခုအချိန်မှာ လက်မခံနိုင်သေးလို့ တမင် မသိချင်ယောင်ဆောင်နေတာလား … ။ သူကပဲ အရမ်း စိတ်စောနေတာများလား … ။
အိပ်ခန်းထဲက ကျန်းပေါင်သည် အောက်ထပ်ကို ဆင်းသွားတဲ့ ဖူမင်ရှစ်ရဲ့ ခြေသံတွေကို နားထောင်ရင်း စိတ်ထဲမှာ ခံစားချက်တွေ ရှုပ်ထွေးနေလျက် အိပ်ရာထဲမှ တွားသွားထွက်လာလိုက်သည်။ သူမရဲ့ အဘိုးက ဖူမိသားစုကို ကူညီပေးခဲ့တဲ့အတွက် အဘိုးဖူနှင့် ဖူမင်ရှစ်ဟာ သူမကို သူတို့ရဲ့ သွေးသားရင်း တစ်ယောက်ကဲ့သို့ပင် အထူးတလည် ကောင်းကောင်းမွန်မွန် ဆက်ဆံပေးကြသည်။
ဒါပေမဲ့ သူမကတော့ အထူးသဖြင့် ဖူမင်ရှစ်နှင့် အတူရှိနေချိန်မှာ သိပ်အသက်ရှူမဝဘဲ မွန်းကြပ်သည်။ လူချမ်းသာတွေဟာ တကယ့်ကို အပူအပင်ကင်းကာ ကုံလုံပြည့်စုံသော ၊ သက်သောင့်သက်သာရှိသော လူနေမှုဘဝကို နေထိုင်ကြသည်။ သူတို့ရဲ့ ညအိပ်ဝတ်စုံ တစ်ထည်တည်းကပင် ရွာမှာ ( ၁ ) နှစ် ၊ ( ၂ ) နှစ်စာ ကုန်ကျစရိတ်နှင့် ညီမျှသည်။ ဒါပေမဲ့ အဲ့ဒီ ပိုက်ဆံတွေက သူမနှင့် မသက်ဆိုင်ပါ။
အိမ်က ဘယ်လောက်ပဲ အကောင်းစား ဖြစ်နေပါစေ ၊ ဖုန်းက ဘာ်လောက်ပဲ ဈေးကြီးပါစေ ၊ ကျန်းပေါင်ကတော့ စိတ်အတွင်းထဲမှာ ဘဝအတွက် လုံခြုံစိတ်ချမှုကို မခံစားရပါ။ အခု သူမမှာ အလုပ်မရှိတာမို့ ဖူမိသားစုနှင့် အတူနေဖို့က လွဲလို့ တခြား ရွေးချယ်စရာ မရှိ။ သို့သော်လည်း ကျန်းပေါင်သည် အမြန်ဆုံး တက္ကသိုလ်တက်ရဖို့ မျှော်လင့်နေမိသည်။ အဲ့ဒါဆို သူမ ကျောင်းအဆောင်မှာ နေပြီး အချိန်ပိုင်းအလုပ်လေးတွေ လုပ်ရင်း မုန့်ဖိုးရှာလို့ ရသည်။ ပြီးတော့ ဘွဲ့ရသည်နှင့် တစ်ပြိုင်နက် ကိုယ့်အားကိုယ်ကိုးနိုင်ဖို့ အလုပ်ရှာမည်။
***