Ch 10
Viewers 471

ငါးဆားနယ် ကိုယ်လုပ်တော်


အပိုင်း ၁၀






"ကျောက်သကြား " ဆိုသည်မှာ ဘာမှန်း ဧကရာဇ်မင်းမြတ် မသိရှိသော်လည်း၊ ၎င်းသည် သကြားဖြူနှင့် ဆင်တူသော အရာတစ်ခု ဖြစ်နိုင်ကြောင်း ခပ်ဝါးဝါးသာ ခန့်မှန်းနိုင်ခဲ့သည်။ သို့သော် နတ်ဘုရားတို့၏ ဆုလာဘ်မှာ မည်သည့်အခါမျှ ညံ့ဖျင်းလေ့မရှိသဖြင့် သူသည် ဝမ်းမြောက်ဝမ်းသာ လက်ခံလိုက်၏။ 



ဤတာဝန် အချိန်တိုအတွင်း ပြီးမြောက်သွားရခြင်းမှာ ကု မိသားစုက မြို့တော်အတွင်း ကောလာဟလများကို တကူးတက ဖြန့်ဝေခဲ့ခြင်းနှင့် သူတို့ ဖန်တီးထားသော နိမိတ်ကောင်းများကြောင့်လည်း ပါဝင်လေသည်။ 



သာမန်အရပ်သားများမှာ အတင်းအဖျင်း စကားများအပေါ် ယုံကြည်လွယ်ကြပြီး နတ်ဘုရားတို့၏ နိမိတ်များကို အလွန်အမင်း ယုံကြည်ကြသဖြင့် ကု မိသားစု၏ လုပ်ကြံပြောဆိုချက်များမှာ လူအများကို လွယ်လွယ်ကူကူပင် ဆွဲဆောင်နိုင်ခဲ့သည်။



အမှန်စင်စစ် ဤကိစ္စ၏ နောက်ကွယ်တွင် ကု မိသားစု တစ်ခုတည်း ရှိနေခဲ့ခြင်း မဟုတ်ပေ။ ဖေးလင်ယွဲ့၏ အချို့သော ကိုယ်လုပ်တော်များသည်လည်း တိတ်တဆိတ် ကူညီပေးခဲ့ကြသော်ငြား သူတို့၏ နည်းလမ်းများမှာ များစွာ ပို၍ သိုသိပ်လွန်းလှသဖြင့် မည်သည့် လက်စလက်နမျှ ကျန်ရစ်ခြင်း မရှိခဲ့ချေ။ ကု မိသားစု တစ်ခုတည်းနှင့်မူ ဤမျှ ကြီးမားသော ဂယက်ကို ဖန်တီးနိုင်မည် မဟုတ်ပေ။



သူတို့သည် မယ်တော်ကြီးအား ထောက်ထားသောအားဖြင့် သူက ကု မိသားစုအပေါ် သက်ညှာပေးလိမ့်မည်ဟု တွေးတောနေကြသား မသိရချေ။



ဖေးလင်ယွဲ့သည် စိတ်ထဲမှနေ၍ လှောင်ပြောင်လိုက်၏။ တချီမင်းဆက်သည် ကု မျိုးရိုးမဟုတ်ဘဲ ဖေး မျိုးရိုးသာ ဖြစ်သည်။ ကုဖေး၌ သားရတနာ မရှိသဖြင့် ကု မိသားစုက မည်မျှပင် ကြံစည်နေပါစေ၊ သူတို့သည် အခြားသူများအတွက်သာ လမ်းခင်းပေးနေခြင်း ဖြစ်ရာ တကယ့်ကို မိုက်မဲလွန်းလှသည်။ သူ၏မယ်တော်သည် ဦးလေးများအကြောင်း ပြောဆိုသည့်အခါ အဘယ်ကြောင့် ခပ်တည်တည် နေတတ်သည်ကို အံ့ဩစရာ မရှိတော့ချေ။



ယင်းနှင့် ဆန့်ကျင်ဘက်ဖြစ်သော ယွီမြောင်ဟွာမှာမူ စည်းစိမ်ဥစ္စာနှင့် အာဏာဂုဏ်ရည်များအပေါ် စိတ်ဝင်စားမှု လုံးဝမရှိဘဲ သူမ၏ နေ့စဉ် အကြီးမားဆုံးသော အခက်အခဲမှာ မည်သည့်ဟင်းလျာများကို မှာယူစားသောက်ရမည်ဆိုသည့် ကိစ္စသာ ဖြစ်နေလေ၏။



ယွီမြောင်ဟွာ၏ မျက်နှာလေးကို စိုက်ကြည့်ရင်း သူ၏ အမူအရာမှာ နူးညံ့သိမ်မွေ့သွားတော့သည်။ "မြောင်ဟွာ၊ မင်းက တကယ့်ကို အံ့ဩဖို့ကောင်းတဲ့သူပဲ"



ဒါက ယွီကျဲယွီရဲ့ ငယ်မည်ဆိုတာ သူ မှတ်မိနေခဲ့တာပဲ မဟုတ်လား။



နန်းတွင်းသို့ ရောက်ရှိလာကတည်းက ယွီမြောင်ဟွာသည် သူမ၏ ရာထူးဂုဏ်ပုဒ်နှင့်သာ အခေါ်ခံခဲ့ရပြီး သူမ၏ စနစ်ကပင် သူမကို "Host" ဟုသာ ခေါ်လေ့ရှိသည်။ ထို့ကြောင့် တစ်ဦးတစ်ယောက်က ရုတ်တရက် သူမ၏ အမည်ကို ခေါ်လိုက်သံကို ကြားလိုက်ရသောအခါ သူမမှာ ခဏတာ မှင်သက်သွားပြီး သူမ၏ လှပသော မျက်နှာလေးပေါ်တွင် အံ့ဩမှုများ သိသိသာသာ ထင်ဟပ်သွားလေ၏။



[ဒါဆို ဧကရာဇ်က ငါ့နာမည်ကို သိနေတာပေါ့...]



[အဲဒါ သူက သင့်ကို အထူးတလည် ဂရုစိုက်နေလို့ပေါ့!] စနစ်က စိတ်အားထက်သန်စွာဖြင့် အောင်သွယ်တော် လုပ်ပေးလိုက်သည်။



[မဟုတ်ပါဘူး၊ အဲဒါ ဧကရာဇ်က မှတ်ဉာဏ်ကောင်းလို့နေမှာပါ]



အအေးနန်းဆောင်၌ ခြောက်လကြာ နေထိုင်ခဲ့ရခြင်းမှာ သူမအတွက် အကျိုးကျေးဇူး ရှိခဲ့သည်ဟု ယွီမြောင်ဟွာက ယုံကြည်ထားသည်။ ၎င်းက သူမအား ဧကရာဇ်၏ အာဏာစက်အကြောင်းကို ပိုနက်ရှိုင်းစွာ နားလည်လာစေခဲ့၏။ 



ဧကရာဇ်တစ်ပါးအနေဖြင့် ဖေးလင်ယွဲ့သည် လက်တစ်ဖျောက်တီးရုံနှင့် ကမ္ဘာကြီးကို ပြောင်းလဲပစ်နိုင်သလို သူမ၏ ကံကြမ္မာကိုလည်း အားစိုက်စရာမလိုဘဲ သတ်မှတ်ပေးနိုင်သူ ဖြစ်သည်။ 



ထိုအကြောင်းရင်းကြောင့်ပင် သူမသည် သူ၏ ချိုသာသော စကားများကို အလေးအနက် မထားနိုင်ခြင်း ဖြစ်၏။ ဤအကြောင်းကို စနစ်အား ရှင်းပြနေရန် မလိုပေ၊ အဘယ်ကြောင့်ဆိုသော် ၎င်းသည် အလွန်တရာ အပြောခက်လွန်းလှသောကြောင့် ဖြစ်လေသည်။



သူမက ထိုသို့ တွေးတောနေသော်လည်း ယွီမြောင်ဟွာ၏ မျက်နှာလေးတွင်မူ အလွန်အမင်း အံ့ဩဝမ်းသာသွားဟန်ကို ဖော်ပြထားပြီး သူမ၏ မျက်ဝန်းများတွင်လည်း ကြည်နူးမှု မျက်ရည်များ ဝေ့သီနေခဲ့သည်။ "အရှင်မင်းကြီးက ကျွန်တော်မျိုးမရဲ့ အမည်နာမကို သိနေလိမ့်မယ်လို့ တစ်ခါမှ မတွေးဝံ့ခဲ့ပါဘူး"



ဖေးလင်ယွဲ့ -  "…”



အကယ်၍ သူသည် နတ်ဘုရားနှင့် သူမ၏ စကားပြောဆိုသံကို ကြားဖြတ် မကြားခဲ့ရပါက သူမ၏ သစ္စာရှိမှုကို သူ တကယ်ပင် ယုံကြည်မိသွားနိုင်သည်။ သို့သော် ထားလိုက်ပါတော့။ သူမသည် သက်တောင့်သက်သာရှိသော ဘဝတစ်ခုကိုသာ လိုလားနေခြင်း ဖြစ်၏။ 



နန်းတွင်းရှိ အမျိုးသမီး အများအပြားက သူ့ကို ချစ်မြတ်နိုးကြရာ သူမ တစ်ဦးတည်းက သူ့ကို မချစ်ခြင်းမှာ သူ့အတွက် ဆုံးရှုံးမှု မဟုတ်ပေ။ ဆုလာဘ်များ ရရှိချိန်တွင် သူ့ကို သတိရပေးနေသရွေ့တော့ လုံလောက်လှပြီ ဖြစ်လေသည်။



ထို့ကြောင့် သူသည်လည်း နူးညံ့သောအမူအရာကို ဖော်ဆောင်လိုက်သည်။ "ဒီဧကရာဇ်ရဲ့ နှလုံးသားထဲမှာ မင်းလောက် ဘယ်သူ့ကိုမှ အနီးကပ် မထားဖူးဘူး"



ယွီမြောင်ဟွာသည် ချိုသာသော စကားလုံးများဖြင့် ပြန်တုံ့ပြန်ရန် ပြင်လိုက်သော်လည်း ထိုစကားများကို ပြောထွက်ရန် တွေးလိုက်ရုံနှင့်ပင် သူမမှာ အလွန်အမင်း အရှက်သည်းသွားကာ မြေလျှိုးချင်စိတ် ပေါက်သွားတော့၏။ ထို့ကြောင့် သူမသည် စကားပြောမည့်အစား ခေါင်းကိုသာ ငုံ့ထားလိုက်ပြီး ရှက်သွေးဖြာနေဟန် ဆောင်လိုက်လေသည်။



နေ့လယ်စာမှာ အချိန်ကိုက်ပင် ရောက်ရှိလာခဲ့သဖြင့် သူမအနေဖြင့် ဆက်သရုပ်ဆောင်နေစရာ မလိုတော့ချေ။



ဧကရာဇ်နှင့် အတူရှိနေရခြင်းမှာ အလွန်ပင် ပင်ပန်းနွမ်းနယ်လှပြီး အကောင်းဆုံး သရုပ်ဆောင်ပြရန် လိုအပ်သော်လည်း ကောင်းမွန်လှသော ဟင်းလျာများကို စတင် စားသုံးလိုက်သည့် အခိုက်အတန့်မှာပင် ယွီမြောင်ဟွာသည် အရာအားလုံးကို ကျေနပ်သွားရတော့၏။



၎င်းမှာ တကယ့်ကို အရသာရှိလှသည်။ အထူးသဖြင့် ပုစွန်နှင့် ဝက်ခြေထောက် အေးစပ်သည် သူမ၏ လျှာဖျားတွင် လတ်ဆတ်သော အချိုဓာတ်ကို ကျန်ရစ်စေခဲ့ပြီး မေ့မရနိုင်သော အရသာကို ပေးစွမ်းသည်။



စားသောက်ပြီးနောက် ဖေးလင်ယွဲ့သည် စာအုပ်နှင့် သကြားဖြူကို ယူဆောင်ကာ မထွက်ခွာမီ အမိန့်တော် တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ယနေ့မှစ၍ ယွီကျဲယွီသည် ကွေ့ဖေးတစ်ဦး၏ အခွင့်အရေးများကို ခံစားရမည်ဖြစ်ပြီး သူမအတွက် ကိုယ်ပိုင် မီးဖိုဆောင်တစ်ခုကိုလည်း ခွင့်ပြုပေးလိုက်၏။



ယွီမြောင်ဟွာအတွက်မူ ဤအရာသည် မမျှော်လင့်ထားသော ဝမ်းမြောက်စရာတစ်ခု ဖြစ်လာခဲ့သည်။ ရာထူးတိုးခြင်း မရှိဘဲ အခွင့်အရေးများသာ ရရှိခြင်းအပေါ် သူမ နားလည်ပါသည်။ ဘာပဲဖြစ်ဖြစ် သူမသည် ယခုလအတွင်းမှာပင် နှစ်ကြိမ်တိုင်တိုင် ရာထူးတိုးခဲ့ပြီးပြီ မဟုတ်ပါလား။ တစ်လအတွင်း သုံးကြိမ်တိုင်တိုင် ရာထူးတိုးခြင်းမှာ အလွန်အမင်း များပြားလွန်းလှသည်။ ထို့ကြောင့် လက်ဆုပ်လက်ကိုင်ပြနိုင်သော အကျိုးခံစားခွင့်များကို အရင် ရယူထားခြင်းမှာ လုံလောက်လှပြီ ဖြစ်လေသည်။



အရေးကြီးဆုံးအချက်မှာ သူမသည် ယခုအခါ ကိုယ်ပိုင် မီးဖိုဆောင်ကို ပိုင်ဆိုင်နိုင်ပြီဖြစ်ပြီး သူမ နှစ်သက်ရာကို စိတ်ကြိုက် မှာယူနိုင်ပြီ ဖြစ်ခြင်းပင်။



သူမသည် စိတ်ထဲမှနေ၍ မအံ့ဩဘဲ မနေနိုင်တော့ချေ။ ဧကရာဇ်မင်းမြတ်သည် တကယ့်ကို စံပြခေါင်းဆောင်ကောင်း တစ်ဦးဖြစ်ပြီး သူမအား ရက်ရက်ရောရော ဆုလာဘ်များ ပေးသနားခဲ့လေသည်။



[စနစ်... နင့်ရဲ့ ကလောင်နာမည်ကို ပြန်ပြီး အသုံးချရမဲ့အချိန် ရောက်ပြီ! စာကြည့်တိုက်ကို နောက်တစ်ခေါက် သွားကြရအောင်!]



သူမသည် စာကြည့်တိုက်၌ သကြားဖြူ ဖော်စပ်နည်းကို တွေ့ရှိခဲ့သည်ဟူသော သတင်း ပျံ့နှံ့သွားသည်နှင့် ထိုနေရာသို့ လူအများ တိုးဝှေ့လာကြမည်မှာ သေချာလှသည်။



ယွီမြောင်ဟွာသည် သံသယဝင်ခံရမည်ကို မစိုးရိမ်ပေ။ အဆိုပါ စာကြည့်တိုက်ကို တချီမင်းဆက်အား တည်ထောင်သူ ဘိုးဘေးကြီးက တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး လွန်ခဲ့သော ရာစုနှစ်အတွင်း တစ်ပြည်လုံးရှိ ရှေးဟောင်းကျမ်းစာပေါင်း လေးသိန်းကျော်ကို စုဆောင်းထားရှိခဲ့ခြင်း ဖြစ်သည်။ အတတ်ပညာ အရှိဆုံးသော ပညာရှိကြီးများပင်လျှင် ထိုစာအုပ်များ၏ တစ်ရာခိုင်နှုန်းကိုတောင် ဖတ်ဖူးသည်ဟု မပြောနိုင်ကြချေ။



သူမအနေဖြင့် ဘာမှ ကြောက်စရာ မရှိတော့ပါ!



စနစ်သည်လည်း ထပ်တူပင် စိတ်လှုပ်ရှားနေခဲ့၏။ ၎င်း၏ ပါးနပ်လှသော အမည်ဖြစ်သည့် "ပါးနပ်စွာ ဆုံးဖြတ်တတ်သော စနစ်" ဆိုသည့် အမည်မှာလည်း သမိုင်းတွင် ကျန်ရစ်နိုင်ဖွယ် ရှိနေလေသည်။



……



"အပြင်မှာ တကယ်ပဲ သတင်းတွေ ပျံ့နေပြီလား"



ချင်းယီ နန်းဆောင်တွင် ကုဖေးသည် နန်းတွင်းစားဖိုဆောင်မှ ပို့ပေးလိုက်သော အေးစက်လှသော လိုင်ချီးယိုကို စားသုံးနေသည်။ လတ်ဆတ်သော လိုင်ချီးသီးများမှာ သူမ၏ အဆင့်အတန်းနှင့် မကိုက်ညီသော ဇိမ်ခံပစ္စည်းများ ဖြစ်ပြီး သယ်ယူပို့ဆောင်ရန်အတွက် များပြားလှသော အရင်းအမြစ်များ လိုအပ်သည်။ လိုင်ချီးယိုဟု ခေါ်ဆိုသော အရာမှာ အမှန်စင်စစ် ဆီးသီးအနှစ်ကို ရေခဲမှုန့်များနှင့် ရောစပ်ထားခြင်းသာ ဖြစ်၏။ ကုဖေးသည် ဤအချိုပွဲကို နှစ်သက်သော်လည်း၊ ရေခဲများလွန်းပါက ဗိုက်နာမည်ကို စိုးရိမ်သဖြင့် အလွန်အကျွံ မစားဝံ့ချေ။



သူမသည် သူမ၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာပြီး တစ်နေ့တွင် သူမ၏ မောင်နှမဝမ်းကွဲ ဖြစ်သော ဧကရာဇ်အတွက် သားရတနာတစ်ပါး ဖွားမြင်ပေးနိုင်ရန် မျှော်လင့်နေဆဲ ဖြစ်သည်။



သားရတနာအကြောင်း တွေးလိုက်မိသောအခါ သူမ၏ မျက်ဝန်းများမှာ နာကျည်းမှုများဖြင့် မှောင်မှောင်သွားခဲ့ရသည်။ မိဖုရားခေါင်ကြီးသာ မရှိခဲ့ပါက သူမ၏ ကလေးမှာ အသက်ရှင်နေဦးမည် ဖြစ်၏။ ထိုနေ့တွင် မိဖုရားခေါင်ကြီး၏ နန်းဆောင်မှ အစေခံမလေး တစ်ဦးသည် ဇရပ်အနီးတွင် ရှိနေခဲ့ကြောင်း သူမ အတည်ပြုပြီးသား ဖြစ်သည်။ မိဖုရားခေါင်ကြီးသည် သူမ၏ မမွေးသေးသော ကလေးမှာ အိမ်ရှေ့မင်းသား၏ ရာထူးကို ခြိမ်းခြောက်လာမည်ကို ကြောက်ရွံ့သဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်ရမည်။ သို့သော် ဧကရာဇ်မင်းမြတ်မှာမူ မိဖုရားခေါင်ကြီး၏ ဟန်ဆောင်မှုများကြောင့် မျက်စိကွယ်နေခဲ့ပြီး သူမအား ကြင်နာတတ်ကာ သဘောထားကြီးသူဟု ဆက်လက် ယုံကြည်နေဆဲ ဖြစ်လေသည်။



လက်ရှိတွင် မျက်နှာသာပေးခံနေရသော ယွီကျဲယွီနှင့် နှိုင်းယှဉ်လျှင် ကုဖေးသည် မိဖုရားခေါင်ကြီးကို ပို၍ မုန်းတီးမိသည်။ အကယ်၍ ယွီကျဲယွီနှင့် မိဖုရားခေါင်ကြီးတို့ အချင်းချင်း တိုက်ခိုက်ကြမည်ဆိုပါက သူမအနေဖြင့် မီးလောင်ရာ လေပင့်ပေးရန် ဝန်လေးမည် မဟုတ်ပေ။



သူမ၏ လူယုံတော်က ခေါင်းညိတ်လိုက်သည်။ "လမ်းတွေပေါ်မှာတော့ ဒီအကြောင်းတွေပဲ ပြောနေကြတာပါ။ မနက်ပိုင်း ညီလာခံမှာ နန်းတွင်း ယဇ်ပူဇော်ရေးဌာနရဲ့ ဒုတိယဝန်ကြီးက အရှင်မင်းကြီးကို လူသိရှင်ကြား ဂုဏ်ပြုခဲ့တယ်လို့ ကျွန်တော်မျိုးမ ကြားခဲ့ရပါတယ်"



ကုဖေးသည် မျက်မှောင်ကြုတ်လိုက်၏။ ဒုတိယဝန်ကြီးလား။ သူနှင့် ကု မိသားစုအကြား မည်သည့် ပတ်သက်မှုရှိသည်ကို သူမ မသိရှိထားပေ။ ဖြစ်နိုင်သည်မှာ သူသည် ဧကရာဇ်မင်းမြတ်အား မျက်နှာချိုသွေးနေခြင်းသာ ဖြစ်ပေလိမ့်မည်။



သူမ၏ အစေခံမလေး ရွှေ့မင်က သူမ၏ သံသယကို ထုတ်ဖော်ပြောဆိုလိုက်သည်။ "မယ်မယ်... ဘာလို့ ယွီကျဲယွီကို ကူညီပေးနေတာလဲ။ ဒါက ဆက်ဖြစ်နေမယ်ဆိုရင် အသိဉာဏ်မရှိတဲ့ လူအုပ်ကြီးက သူ့ကို နတ်သမီးတစ်ပါးလို တကယ်ပဲ ကိုးကွယ်လာကြပါလိမ့်မယ်"



ဒါက သူမအတွက် မထိုက်တန်တဲ့ အခွင့်အရေးတွေကို ပေးလိုက်တာ မဟုတ်ဘူးလား။



နံနက်ခင်း ဂါရဝပြုချိန်များတွင် သူမ သခင်မနှင့် ယွီကျဲယွီတို့အကြား တင်းမာမှုများကို ကြည့်ခြင်းအားဖြင့် ကုဖေးသည် သူမအား မုန်းတီးနေသည်မှာ သိသာထင်ရှားလှသည်။



အမှန်တရားကို သူမတစ်ဦးတည်းသာ မြင်နိုင်သည်ဟူသော ခံစားချက်ကို နှစ်ခြိုက်စွာ ခံစားရင်း ကုဖေး၏ နှုတ်ခမ်းထက်တွင် ပြုံးယောင်သန်းလာခဲ့သည်။ "သူ့ရဲ့ ဂုဏ်သတင်း မြင့်တက်လာလေလေ၊ မိဖုရားခေါင်ကြီးက သူ့ကို ပိုပြီး မုန်းတီးလာလေလေပဲ။ သူ့မှာ ကိုယ်ဝန်ရှိလာပြီဆိုတာ သိလိုက်တာနဲ့ မိဖုရားခေါင်ကြီးက သေချာပေါက် လှုပ်ရှားတော့မှာ။ အဲဒီအချိန်ကျမှ ဧကရာဇ်က မိဖုရားခေါင်ကြီးရဲ့ ပင်ကိုယ်ဗီဇကို မြင်သွားလိမ့်မယ်။ ယွီကျဲယွီအတွက်ကတော့... အမှားဟာ အမှားပဲလေ။ သူ့ကို အခု မြှင့်တင်ပေးထားလေလေ၊ နောက်မှ ပြုတ်ကျတဲ့အခါ ပိုပြီး နာကျင်ရလေလေပဲ ဖြစ်မှာ"



သူမ ထုတ်မပြောခဲ့သော အချက်မှာ သူမသည် အတုအယောင် ကိုယ်ဝန်ရစေသော ဆေးကို ပြင်ဆင်ထားပြီး ဖြစ်ခြင်းပင်။ ကု မိသားစုသည် ယွီကျဲယွီ၏ နန်းဆောင်တွင် လူတစ်ဦးကို စိမ့်ဝင်စေခဲ့ပြီးဖြစ်ရာ၊ မကြာမီ ထိုဆေးကို တိုက်ကျွေးတော့မည် ဖြစ်သည်။



ရွှေ့မင်သည် စကားပြောရန် ပြင်လိုက်သော်လည်း ချက်ချင်းပင် ပြန်ငြိမ်သွားခဲ့သည်။ သူမ၏ သခင်မသည် အနည်းငယ် နုနယ်လွန်းလှသည်ဟု သူမ ခံစားမိသည်။ ဧကရာဇ်မင်းမြတ်သည်ပင် ယခင်ဧကရာဇ်၏ အိပ်မက်အရ ယွီကျဲယွီကို မြှောက်စားခဲ့ခြင်း ဖြစ်ရာ၊ သူ၏ သိက္ခာအတွက်ကြောင့် သူသည် မိမိပြောခဲ့သော စကားကို ပြန်ပြင်လိမ့်မည် မဟုတ်ပေ။ 



လွန်ခဲ့သော နှစ်နှစ်အတွင်း ကုဖေးသည် သူများအပေါ် ကဲ့ရဲ့လိုစိတ်များဖြင့် ပို၍ ရူးသွပ်လာခဲ့သည်။ ရွှေ့မင်သည် ယခင်က သူမအား အကျိုးအကြောင်းပြ၍ ဖျောင်းဖျရန် ကြိုးစားခဲ့ဖူးသည်။ အစေခံမလေးမှာ မိဖုရားခေါင်ကြီး၏ နန်းဆောင်မှ ဖြစ်နေရုံနှင့် မိဖုရားခေါင်ကြီးက နောက်ကွယ်က ပါဝင်သည်ဟု မဆိုနိုင်ကြောင်း ပြောပြခဲ့၏။ 



အိမ်ရှေ့မင်းသား၏ ရာထူးမှာလည်း ခိုင်မာပြီးသား ဖြစ်ရာ မိဖုရားခေါင်ကြီးအနေဖြင့် အဘယ်ကြောင့် မမွေးသေးသော ကလေးတစ်ဦးကို ပစ်မှတ်ထားကာ လက်ညစ်ပတ်ခံမည်နည်း။ သို့သော် ကုဖေးသည် နားမထောင်သည့်အပြင် ရွှေ့မင်ကိုပင် သံသယဝင်လာခဲ့သည်။ 



နောက်ဆုံးတွင် ရွှေ့မင်သည် သူမ၏ သံသယများကို ထုတ်မပြောတော့ဘဲ သခင်မ၏ စကားကိုသာ မြှောက်ပေးလိုက်တော့၏။ "မယ်မယ်က တကယ့်ကို ဉာဏ်ကောင်းတာပဲ။ ကျွန်တော်မျိုးမကတော့ ဒီလိုကိစ္စတွေကို ဘယ်လိုမှ နားမလည်နိုင်ပါဘူး"



ကုဖေး ခေါင်းခါယမ်းလိုက်သည်။ "မင်း သင်ယူရအုံးမှာတွေ အများကြီး ရှိသေးတယ်"



ရွှေ့မင်က ပြန်လည်ဖြေကြားခဲ့၏။ "ဉာဏ်ရည်ဆိုတာ မွေးရာပါပါပဲ။ ကျွန်တော်မျိုးမ ဘယ်လောက်ပဲ ကြိုးစားပါစေ၊ သခင်မကို မမီနိုင်ပါဘူး။ သခင်မရဲ့ အသိဉာဏ် ဆယ်ပုံတစ်ပုံလောက်ကို သင်ယူနိုင်ရင်တောင် ဘုရားပေးတဲ့ ကောင်းချီးပါပဲ"



သူမ၏ အစေခံမလေး၏ ချီးမွမ်းစကားကြောင့် ကျေနပ်သွားကာ ကုဖေး၏ မျက်ဝန်းများမှာ ဂုဏ်ယူဝင့်ကြွားမှုများဖြင့် ဝေ့သီသွားလေ၏။



သို့သော် သူမ၏ စိတ်ကောင်းနေမှုမှာ ကြာရှည်မခံခဲ့ပေ။



မကြာမီမှာပင် ဧကရာဇ်မင်းမြတ်သည် နန်းတွင်း ဘဏ္ဍာတိုက်ကို ဖွင့်လှစ်ကာ ယွီကျဲယွီအား ဆုလာဘ်များစွာ ထပ်မံ ပေးသနားလိုက်သည်ဟူသော သတင်းကို သူမ ကြားသိလိုက်ရသည်။



ဒါနဲ့ဆို ဘယ်နှစ်ကြိမ်တောင် ရှိသွားပြီလဲ။



အဆင့်မြင့် ပိုးထည်များ၊ ကျောက်သံပတ္တမြားများ ထည့်ထားသော သေတ္တာများ၊ ရှားပါး ဆေးဖက်ဝင် အပင်များ... မနှစ်က ဖန့် တိုင်းပြည်မှ ပို့သလိုက်သော တန်ဖိုးကြီး ချုံးမင် ခေါင်းအုံးနှင့် တောက်ပြောင်သော ငှက်မွှေးများဖြင့် ရက်လုပ်ထားသော လိုက်ကာများပင် ပါဝင်လေ၏။



ကုဖေး နန်းတွင်းသို့ ရောက်ရှိလာခဲ့သည့် နှစ်များတစ်လျှောက် ရရှိခဲ့သော ဆုလာဘ်အားလုံးကို ပေါင်းလိုက်လျှင်တောင်၊ ယွီကျဲယွီ တစ်နေ့လယ်အတွင်း ရရှိလိုက်သည့်အရာများကို မမီနိုင်ချေ။



ကုဖေးသည် ယွီကျဲယွီကို မိဖုရားခေါင်ကြီးနှင့် တိုက်ခိုက်စေရန် မြှောက်ပင့်ပေးရန် ရည်ရွယ်ထားသော်လည်း ယွီကျဲယွီ မျက်နှာသာရလေလေ သူမ၏ အစီအစဉ်များ အောင်မြင်လေလေ ဖြစ်သော်လည်း၊ လက်တွေ့ အခြေအနေကို လက်ခံရန်မှာမူ သူမအတွက် အလွန် ခက်ခဲနေလေသည်။



ဧကရာဇ်မင်းမြတ်၏ သိသိသာသာ မျက်နှာသာပေးမှုမှာ သည်းမခံနိုင်စရာပင်။ ထိုသူသည် ယွီကျဲယွီကို အလွန်အမင်း ချစ်မြတ်နိုးလွန်းသဖြင့် မျှတယောင်ပင် ဟန်မဆောင်နိုင်တော့ခြင်းလော။



သူ၏ ဘက်လိုက်မှုမှာ ပစ္စည်းဥစ္စာ ဆုလာဘ်များတွင်သာ ရပ်တန့်မနေခဲ့ပေ။ ယွီကျဲယွီအား ကိုယ်ပိုင် မီးဖိုဆောင် ခွင့်ပြုလိုက်သည့်အပြင် ကွေ့ဖေး တစ်ဦး၏ အခွင့်အရေးများကိုပါ ပေးအပ်လိုက်ကြောင်း ကုဖေး မကြာမီ သိရှိသွားခဲ့လေ၏။



"ယွီကျဲယွီက ဘယ်လို မြှူဆွယ်တဲ့ မှော်အတတ်ကို သုံးလိုက်လို့ ဧကရာဇ်က စည်းမျဉ်းတွေကို ဒီလောက်အထိ ချိုးဖောက်နေရတာလဲ" ကုဖေးက ဒေါသတကြီး ရေရွတ်လိုက်ရာ သူမ၏ လှပသော မျက်နှာလေးမှာ ဒေါသကြောင့် ပုံပျက်သွားတော့၏။



ရွှေ့မင်သည် သူမ ကြားခဲ့ရသော ကောလာဟလများကို အလျင်အမြန် ပြန်ပြောပြလိုက်သည်။ "ကျွန်တော်မျိုးမ ကြားတာကတော့ ယွီကျဲယွီက သကြားဖြူ ဖော်စပ်နည်းကို ဆက်သခဲ့လို့တဲ့။ အရှင်မင်းကြီးက အလွန်အမင်း ဝမ်းသာသွားပြီး သူ့ကို ရက်ရက်ရောရော ဆုချလိုက်တာပါ"



ကုဖေးမှာ ဆွံ့အသွားရ၏။ "သူက ဒီဖော်စပ်နည်းကို ဘယ်ကနေ ရတာလဲ"



အကယ်၍ သူမတွင် ဤနည်းလမ်း ရှိနေခဲ့ပါက အအေးနန်းဆောင်သို့ နှင်ထုတ်ခံရစဉ်က အဘယ်ကြောင့် အသုံးမပြုခဲ့သနည်း။



ရွှေ့မင် ရှင်းပြခဲ့သည်။ "မနေ့က နန်းတွင်း စာကြည့်တိုက်က စာအုပ်တစ်အုပ်ထဲမှာ တွေ့ခဲ့တာလို့ ပြောကြပါတယ်။



ယွီကျဲယွီသည် စာကြည့်တိုက်သို့ မနေ့ကမှ ပထမဆုံးအကြိမ် သွားရောက်ခဲ့ပြီး အချိန်ဖြုန်းရန်အတွက် စာအုပ်အချို့ကို ပေါ့ပေါ့ပါးပါး ငှားရမ်းခဲ့ခြင်း ဖြစ်သည်။ သို့သော် မည်သို့ပင်ဖြစ်စေ သူမသည် သကြားဖြူ ဖော်စပ်နည်းကို မတော်တဆ တွေ့ရှိသွားခဲ့သည်။ ဤသတင်းသာ အရပ်ထဲသို့ ပျံ့သွားပါက လူအများက ယွီကျဲယွီသည် တကယ့်ကို နတ်ဘုရားတို့၏ ကောင်းချီးကို ခံစားရသူဟု ယုံကြည်သွားကြမည်မှာ သေချာလှလေ၏။



ဒါက ဘယ်လိုလုပ်ပြီး တရားမျှတမှာလဲ။



ဘာလို့ သူမ ဖြစ်နေရတာလဲ။



ကုဖေးသည် သူမ၏ ဒေါသကို မထိန်းနိုင်တော့ချေ။ "ဒီစာကြည့်တိုက်က ပညာရှိတွေနဲ့ အရာရှိတွေ ဒီနှစ်တွေမှာ ဘာတွေ လုပ်နေကြတာလဲ။ သူတို့ ဒီစာအုပ်တွေကို ဆယ်စုနှစ်ချီပြီး လေ့လာခဲ့ကြတာတောင် ဘယ်လိုလုပ်ပြီး ဒါကို လွတ်သွားရတာလဲ"



အခုတော့ ယွီကျဲယွီက ဘာမှအားမစိုက်ဘဲ ဆုလာဘ်တွေကို ရသွားခဲ့ပြီ။



ရွှေ့မင် အကြံပြုလိုက်သည်။ "မယ်မယ် ကျွန်တော်မျိုးမတို့လဲ စာကြည့်တိုက်ကို သွားကြမလား"



ကုဖေးက သူမအား စိုက်ကြည့်လိုက်၏။ "သွားပြီး ဘာလုပ်မှာလဲ။ ယွီကျဲယွီကို လိုက်အတုခိုးရမှာလား။ ငါ့မှာလဲ သိက္ခာရှိသေးတယ်!"



ရွှေ့မင် တုံ့ဆိုင်းစွာဖြင့် ပြန်ပြောခဲ့သည်။ "တခြား ကိုယ်လုပ်တော်တွေ အများကြီးကတော့ စာကြည့်တိုက်ကနေ စာအုပ်ငှားဖို့ အရှင်မင်းကြီးဆီက ခွင့်ပြုချက် ရထားကြပြီလို့ သိရပါတယ်"



သို့သော် ရာထူးနိမ့်သော ကိုယ်လုပ်တော်များသာ သွားရောက်ကြခြင်း ဖြစ်သည်။ ရာထူးကြီးသူများမှာမူ ဤမျှ အသည်းအသန် ဖြစ်နေဟန် မပြလိုသဖြင့် မာန်မာန ရှိနေကြဆဲပင်။



ကုဖေး လှောင်ပြောင်လိုက်သည်။ "သူတို့အားလုံးက အ,အတွေပဲ။ သူတို့က နောက်ထပ် ယွီကျဲယွီ တစ်ယောက် ဖြစ်လာနိုင်မယ်လို့ တကယ်ပဲ ထင်နေကြတာလား။ သူတောင်မှ ကံကောင်းလို့ စာအုပ်တစ်အုပ်ကို တွေ့သွားတာ၊ ဒုတိယအကြိမ်ဆိုတာ ရှိလာမှာ မဟုတ်ဘူး!"



"အကယ်၍ သူသာ နောက်ထပ်စာအုပ်တစ်အုပ်ကို ရှာတွေ့အုံးမယ်ဆိုရင်၊ ငါ ဒီပန်းကန်ကိုပဲ စားလိုက်တော့မယ်!" သူမက စားပွဲပေါ်ရှိ ပန်းကန်ပြားကို လက်ညှိုးထိုးကာ ကြုံးဝါးလိုက်လေ၏။



ယွီကျဲယွီ အပေါ် ကံတရားက နှစ်ကြိမ်တိုင်တိုင် ပြုံးပြလိမ့်မည်ဟု သူမ မယုံကြည်နိုင်ပေ။ သူမက ကောင်းကင်ဘုံရဲ့ ချစ်သမီးတော်များ ဖြစ်နေလို့လား။