အခန်း ၁၉ ချိုမြိန်မှု
ရတနာခန်းမတွင် မွှေးပျံ့နေသော စန္ဒကူးနံ့သာ အများအပြား မီးရှို့ထားသည်။ ထိုကြောင့် အပူပေးမီးဖို မရှိသော်လည်း လူကို အနည်းငယ်နွေးထွေးစေနိုင်သည်။
လဲ့ကျစ်က ရှေးဟောင်းစင်တစ်ခုရှေ့တွင် ကျောက်စိမ်းဖြူတုတ်ကောက်တစ်ချောင်းဖြင့် ရပ်နေသော ဟော်တူကိုသာ မြင်နေရပြီး သူ ဘာကို ကြည့်နေမှန်း မမြင်ရပေ။ သူမ သူ့နံဘေးသို့ ဖြည်းညှင်းစွာ လျှောက်လာပြီး စင်၏ ပဉ္စမအလွှာဆီသို့ ကြည့်နေသော သူ့အကြည့်အတိုင်း လိုက်ကြည့်နေခဲ့သည်။
အတွင်းတွင် တောက်ပသော ပုလဲနှစ်လုံးပါသည့် လက်ရာမြောက်သော မဟော်ဂနီသေတ္တာတစ်လုံး ရှိနေသည်။
ထိုအရာက လဲ့ကျစ်၏မျက်နှာကို မည်းမှောင်သွားစေသည်။ တောက်ပသောပုလဲများက ဟော်ရှ၏ အကြိုက်ဆုံး စုဆောင်းမှုဖြစ်သည်။
ဟော်တူက မဟော်ဂနီသေတ္တာကို အမှတ်တမဲ့ ထုတ်ယူလိုက်ပြီး သူမကို လှမ်းမေးလိုက်သည်။
"ဒါကို တတိယညီတော်ရဲ့ မင်္ဂလာပွဲအတွက် ပေးရင် ဘယ်လိုလဲ"
တောက်ပသောပုလဲများ၏အလင်းရောင်က ပျော့ပျောင်းနေသော်လည်း ထိုအရာကို ကြည့်နေရသည့် လဲ့ကျစ်၏မျက်လုံးများက အနည်းငယ် နာကျင်လာသည်။
‘ဟော်ရှအတွက်ဆိုရင် အရမ်းကောင်းလွန်းနေတယ်...’
"အလဟသ ဖြစ်သွားမှာပေါ့"
သူမက ထိုသို့ပြောလိုက်ပြီး သစ်သားသေတ္တာကို ယူကာ မူလနေရာသို့ ပြန်ထားလိုက်သည်။
"လဲ့ကျစ်"
ဟော်တူက ပေါ့ပေါ့ပါးပါး ရယ်နေပြီး သူ့လက်ကို ဆန့်တန်းကာ သူမ၏လက်ကောက်ဝတ်လေးကို ဖမ်းကိုင်လိုက်သည်။
"မင်းက အရမ်းတွန့်တိုလွန်းတယ်"
‘ဒါပေမယ့် အဲ့ခွေးက ဒီလိုအရာတွေနဲ့ တကယ်ကို မထိုက်တန်ဘူး’
လဲ့ကျစ်က မှတ်ချက်ပေးရန် ငြင်းဆိုလိုက်ပြီး ရွေးချယ်မှုကို ဆက်လုပ်ရန် ဟော်တူကို ကူညီပေးနေသည်။ ရတနာခန်းမတွင် ရတနာများစွာရှိနေပြီး သူနှင့် ငယ်စဉ်ကတည်းက ဆယ်နှစ်ကျော် ငယ်ကျွမ်းတွေဖြစ်ခဲ့ဖူးသော လဲ့ကျစ်က ဟော်ရှ၏အကြိုက်နှင့် မကြိုက်သောအရာများကို ကောင်းကောင်း သိနေခဲ့သည်။ ထို့ကြောင့် ဟော်ရှ မကြိုက်ဆုံး ရွှေအသုံးအဆောင်များနှင့် ကျောက်စိမ်းသေရည်အိုးကို တမင်တကာ ရွေးချယ်ခဲ့သည်။
.......။......။........
ရတနာခန်းမမှ ထွက်လာပြီးနောက် လဲ့ကျစ်က ကျင့်ရှင်းနှင့် လင်းယွဲ့တို့ လက်နှစ်ဘက်လုံးအပြည့် ရိက္ခာသေတ္တာများ သယ်ဆောင်လာသည်ကို တွေ့လိုက်ရသည်။ သူမနှင့် ဟော်တူကို တွေ့ပြီးနောက် မိန်းကလေးနှစ်ဦးက သူမတို့၏မျက်နှာပေါ်ရှိ အပြုံးများကို ရုတ်သိမ်းကာ အရိုအသေပေးရန် အမြန် လျှောက်လာခဲ့ကြသည်။
လဲ့ကျစ်က သူမ၏စီးပွားရေးအတွက် ဟော်တူထံမှ အကူအညီတောင်းရန် ရည်ရွယ်ချက်မရှိသော်လည်း ၎င်းကို ဖုံးကွယ်ထားရန်တော့ မတွေးထားပေ။
"ဒီနေ့ ဘာတွေရခဲ့လဲ"
လဲ့ကျစ်က အပြုံးလေးဖြင့် လှမ်းမေးလိုက်သည်။
"သခင်မ၊ ဒါက မကြာသေးမီက မြို့ထဲက အရောင်းရဆုံးဆိုင်မှာ နံမည်ကြီးနေတဲ့ ကျင်းကျိသကြားလုံးပါ"
လင်းယွဲ့က ပြန်ဖြေလာသည်။
"ဒီအစေခံနဲ့ ကျင့်ရှင်းတို့က ဆိုင်ထဲမှာ အချိန်အတော်ကြာ အတူနေပြီး စောင့်ကြည့်ခဲ့တာ၊ ဖြတ်သန်းသွားလာတဲ့ ယောက်ျား၊ မိန်းမနဲ့ ကလေးတွေ အားလုံး အဲ့ဆိုင်ထဲကို သွားကြည့်ကြတာကို တွေ့လိုက်ရတယ်"
လင်းယွဲ့၏ အပြုံးကြောင့် အမြဲတမ်း သီးသန့်နေတတ်သည့် ကျင့်ရှင်းလည်း ယခုအချိန်တွင် တော်တော်ကို စိတ်အေးလက်အေး ဖြစ်နေပုံရသည်။
"ကျင်းကျိသကြားလုံးဆိုင်မှာ သကြားလုံးနဲ့ သကြားပါတဲ့ သစ်သီးဝလံတွေအပြင် အခွံမာသီးတွေလည်း အများကြီး ရှိတယ်၊ ဒီအစေခံနဲ့ လင်းယွဲ့က သခင်မ စမ်းစားကြည့်လို့ရအောင် ပြန်ယူလာဖို့ အရမ်းရောင်းကောင်းတဲ့စားစရာတချို့ကို ရွေးပြီး ဝယ်လာခဲ့တယ်”
လဲ့ကျစ်က အပြုံးဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ကောင်မလေးနှစ်ယောက်က အမှန်တကယ် ထက်မြက်သောကြောင့် သူမ စိတ်သက်သာရာ ရသွားခဲ့သည်။
သူမ၏ဘေး၌ ဟော်တူ ရှိနေသောကြောင့် လဲ့ကျစ် သူမတို့နောက်သို့ မလိုက်သွားနိုင်သေးပေ။ ဟော်တူက ဤချိုမြိန်လွန်ကဲသော အဆာပြေမုန့်များကို လုံးဝ မကြိုက်ကြောင်း သူမ သိထားသောကြောင့် ယဉ်ကျေးဟန်ဆောင်ကာ လှမ်းမေးလိုက်သည်။
"အရှင့်သားရော အတူတူ မြည်းကြည့်ချင်လား"
ဟော်တူက သူမ၏မျက်လုံးများထဲ၌ တောက်ပနေသည့် ညစ်တစ်တစ် အရိပ်အယောင်ကို မြင်နေရသော်လည်း သူမ မျှော်လင့်ထားသည့်အတိုင်း မဖြစ်စေရန် တမင်တကာ လက်ခံလိုက်သည်။
“အင်း”
“…”
ညမိုးချုပ်ချိန်နီးလာသည်နှင့်အမျှ နေဝင်ချိန်က နွေးထွေးမှုကို ယူဆောင်သွားပြီး ကောင်းကင်တွင် နှင်းပွင့်များ လွင့်ပျံလာသည်။ အစပိုင်းတွင် သူမက အဆာပြေမုန့်များ မြည်းစမ်းရန် ဥယျာဉ်ကို သွားချင်သော်လည်း ယခု အိပ်ခန်းထဲသို့သာ ပြန်ဝင်လာခဲ့ရသည်။
ကောင်မလေးနှစ်ယောက်က သကြားမုန့်များကို ပန်းကန်သေးသေးလေးများဖြင် လှလှပပ စီထည့်လာပြီး စားပွဲပေါ်သို့ တင်ပေးကာ သူမတို့ အနားယူရန် ပြန်ထွက်သွားကြသည်။
လဲ့ကျစ်က မက်မွန်သီးသကြားလုံးတစ်လုံးကိုယူကာ ပါးစပ်ထဲထည့်လိုက်ပြီး သူမ၏ပါးစပ်ထဲတွင် ချိုချိုချဥ်ချဉ်အရသာများ ပြည့်နှက်သွားသည်။
"အရသာရှိလိုက်တာ အရမ်းအရသာရှိတယ်"
သူမက ယခင်ကတည်းက သကြားကပ်အသီးအနှံများကို စားရခြင်းကို ကြိုက်နှစ်သက်ပြီး တာ့ချီ၏ သကြားကပ်အသီးအနှံများက တာ့လီနှင့် မတူဘဲ အလွန်အရသာ ရှိနေခဲ့သည်။ လဲ့ကျစ်က အမျိုးအစားတစ်ခုစီကို ဂရုတစိုက် မြည်းစမ်းကြည့်နေခဲ့သည်။
"အရှင့်သားက ဘာလို့ မစားတာလဲ"
ဟော်တူက ထိုင်နေပြီး အရသာ မမြည်းသေးသည်ကို မြင်လိုက်ရသောကြောင့် လဲ့ကျစ်က သကြားလုံးတစ်ပိုင်းကို ယူလိုက်ပြီး သူ့နှုတ်ခမ်းနားသို့ ကပ်ပေးလိုက်သည်။
"အရှင့်သား... မြည်းကြည့်လေ"
မွှေးပျံ့လွန်းသော ရနံ့က သူ့နှာခေါင်းဆီသို့ လွင့်ပျံလာသောကြောင့် ဟော်တူက ၎င်းကို ရွံရှာစွာ ကြည့်ပြီး ငြင်းဆန်လိုက်သည်။
“မစားဘူး…”
သို့သော် သူ ပါးစပ် ဖွင့်လိုက်သည်နှင့် သူ့နှုတ်ခမ်းနားရှိ လက်ကလေးက သကြားလုံးကို သူ့ပါးစပ်ထဲသို့ အလျင်အမြန် ထည့်ပေးလိုက်သောကြောင့် ချိုမြိန်သော အရသာက ချက်ခြင်း ပြည့်လျှံလာသည်။ ဟော်တူ၏မျက်နှာက စက္ကန့်ပိုင်းအတွင်း မဲမှောင်သွားသည်။
‘ဒီအရသာက ငယ်ငယ်က သူ စားဖူးတဲ့ သကြားလုံးနဲ့ အရမ်းတူနေတယ်’’
‘သူ့မှတ်ဥာဏ်ထဲမှာ ဒီလိုမျိုး လူတစ်ယောက် ရှိခဲ့ဖူးတယ်၊ သူမက သူ့လက်ထဲကို သကြားလုံးဘူးသေးသေးလေး ထည့်ပေးပြီး ပြောခဲ့သေးတယ်။
“ရှောင်တူ၊ ငါ မကြာခင်ပြန်လာခဲ့မယ်" တဲ့’
‘သူ နာနာခံခံ ခေါင်းညိတ်ပြခဲ့ပေမယ့် အဲ့လူကတော့ သူ သကြားလုံးတစ်ဗူးလုံး စားကုန်သွားတဲ့အထိ ပြန်မလာခဲ့ဘူး’
‘အဲ့အချိန်က စပြီး သူ သကြားလုံးနဲ့ ချိုမြိန်တဲ့အရာတွေကို မုန်းတီးလာခဲ့တယ်’
ဟော်တူ၏မျက်နှာက ပိုမှိုင်းညို့လာပြီး အေးစက်နေပြီ ဖြစ်သော်လည်း သူ၏အဖြူရောင်မျက်နှာက ယခုအချိန်တွင် အနည်းငယ် ဖျော့တော့တော့ ဖြစ်နေသည်။ သူမ၏ဟာသက သူ့ကို စိတ်မသက်မသာဖြစ်သွားစေမှန်း နားလည်သွားသည့် လဲ့ကျစ်လည်း ထိတ်လန့်သွားရသည်။
သူမ တုန်တုန်ယင်ယင်ဖြင့် ခေါင်းငုံ့ကာ သူမ၏အမှားကို ဝန်ခံရန် သူ့အနားသို့ တိုးကပ်လာခဲ့သည်။
"တောင်းပန်ပါတယ်၊ ကျွန်မ မရည်ရွယ်ခဲ့ပါဘူး"
သို့သော် မည်သည့်တုံ့ပြန်မှုမျှ မရှိခဲ့ပေ။
"အရှင့်သား မစားချင်ရင် ထွေးထုတ်လိုက်နော်"
သူမက တိုးတိုးလေး ပြောနေပြီး အနည်းငယ်တုန်နေသော သူမ၏လက်လေးကို သူ့နှုတ်ခမ်းနားသို့ ကပ်ပေးလိုက်ပြန်သည်။
နောက်အခိုက်အတန့်တွင် ဟော်တူက သူမ၏လက်ကို ဆုပ်ကိုင်လိုက်ပြီး သူမကို အပြင်းအထန် ဆွဲယူလိုက်သည်။ သူမ သတိပြန်ဝင်လာချိန်တွင် ဟော်တူ၏ နှုတ်ခမ်းများက သူမ၏နူတ်ခမ်းများပေါ်သို့ ကျရောက်နေပြီဖြစ်ကာ သူတို့၏ အသက်ရှုသံများလည်း ရောယှက်နေခဲ့သည်။ သူ၏ အနက်ရောင်မျက်လုံးများထဲမှ အံ့အားသင့်နေသော သူမ၏အမူအရာကို သူမ ပြန်မြင်နေရသည်။
ပူပြင်းသည့် စမ်းရေကန်တွင် ရှိနေခဲ့ကြသည့် နောက်ဆုံးအကြိမ်က အနမ်းနှင့် မတူဘဲ ဤတစ်ကြိမ်တွင် သူက စိတ်အားထက်သန်စွာဖြင့် ပြင်းပြင်းထန်ထန် နမ်းရှိုက်နေခဲ့သည်။
‘သေချာတာပေါ့၊ သူ ဒေါသထွက်နေတယ်’
သူက ကျန်ရှိနေသော သကြားလုံးများကို သူမ၏ပါးစပ်ထဲသို့ တွန်းထုတ်ရန် သူ့လျှာဖျားကို အသုံးပြုနေမှန်း လဲ့ကျစ် ခံစားနေရသည်။ လိုင်ချီးသကြားလုံးက နူးညံ့ပြီး မွှေးနေကာ သကြားလုံး အရည်ပျော်သွားသည်အထိ သူက သူမကို လွှတ်မပေးခဲ့ချေ။
ဟော်တူက သူမ၏တောက်ပသောနှုတ်ခမ်းများကို လက်ညှိုးဖြင့် ပွတ်သပ်နေသောကြောင့် လဲ့ကျစ်၏မျက်နှာလေး ပိုနီရဲလာသည်။
"မင်း နောက်တစ်ခါ လုပ်ရဲသေးလား"
သူ့လေသံက ပေါ့ပေါ့ပါးပါးပင်။
လဲ့ကျစ်က ခေါင်းကို ပြင်းပြင်းထန်ထန် ခါယမ်းလိုက်သည်။
‘မလုပ်ရဲဘူး၊ လုံးဝ မလုပ်ရဲတော့ဘူး၊ ဒီအရူးရဲ့ စိတ်နေစိတ်ထားက ခန့်မှန်းရခက်လွန်းတယ်’
ခဏအကြာတွင် လဲ့ကျစ်က ဤထူးဆန်းသောလေထု သက်တောင့်သက်သာ ဖြစ်သွားစေရန်အတွက် အကြောင်းအရာပြောင်းဖို့ ဆုံးဖြတ်လိုက်သည်။
"အရှင့်သား၊ ဒီလို သရေစာဆိုင်လေးဖွင့်မယ်ဆိုရင် ဘယ်လိုထင်လဲ"
လဲ့ကျစ်က လုပ်ငန်းအတွေ့အကြုံမရှိသဖြင့် သက်ပြင်းချရင်း မေးလိုက်ပြန်သည်။
နောက်ဆုံးတွင် ဟော်တူ၏ မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာသည်။
‘ဟက်... သူမက ဆိုင်ဖွင့်ချင်နေတာပေါ့၊ အဲ့လိုဆိုင်မျိုးက အမြတ်နည်းပြီး လည်ပတ်မှု မြန်ဆန်တာကြောင့် အမြတ်အစွန်း လုံးဝမရှိဘူး။ ခေတ်မီတဲ့ ဆိုင်တစ်ဆိုင် ထပ်တိုးလာရင် ကျန်တဲ့ဆိုင်တွေ အမြတ်အစွန်း ရဖို့ ပိုခက်ခဲလာလိမ့်မယ်’
‘သူမလို အတွေ့အကြုံမရှိတဲ့သူဆို ဒုက္ခရောက်မှာ သေချာနေတယ်’
ထိုအကြောင်းကို တွေးနေရင်း ဟော်တူက လေးလေးနက်နက် စဥ်းစားနေဟန်ဖြင့် တွေးတွေးဆဆ ပြောလာခဲ့သည်။
"ဒီမင်းသားက ထိုက်ဇီဖေးရဲ့အကြံအစည် အရမ်းကောင်းတယ်လို့ ထင်မိတယ်"
‘သူမ ရှုံးရှုံး မြတ်မြတ် သူ့အတွက် အရေးကြီးလို့လား...
အိုး၊ မဟုတ်သေးဘူး သူမ သူဆီက အရင်းအနှီး ချေးထားတယ်လေ။ အရေးကြီးပုံရတယ်....
အိုး အဲဒါက ပိုတောင်ကောင်းသေးတယ်....
ငွေတွေ ဆုံးရှုံးပြီး ပြန်မဆပ်နိုင်ရင် ပိုကောင်းတယ်....’
ဟော်တူ၏မျက်နှာတွင် ထိုသို့သော ကြင်နာသောအပြုံးကို တွေ့ရခဲသော်လည်း လဲ့ကျစ်က သူမ၏ နှလုံးသားထဲအထိ အေးစိမ့်နေအောင် ရင်ထိတ်သွားမိသည်။
......။.......။......
ဤသကြားလုံးမုန့်များကို မြည်းစမ်းကြည့်ရန်အတွက် လဲ့ကျစ်တစ်ယောက် သူမ၏ဗိုက်ကို ပေါက်ကွဲလုနီးပါး ဖြစ်စေခဲ့ပြီး ညစာစားချိန်အတွင်း တစ်လုပ်ပင် မစားနိုင်တော့ပေ။
ကျင့်ရှင်းက ဆူးပန်းလက်ဖက်ရည်ကို ဂရုတစိုက် ယူလာပေးပြီး သူမကို တိုက်ကျွေးခဲ့သည်။ ထို့နောက် သူမ အဝတ်အစားလဲရာတွင် အဆင်ပြေအောင် ကူညီပေးခဲ့သည်။ လဲ့ကျစ်က ကျင့်ရှင်းကို ကိုယ်ရေးကိုယ်တာအစေခံတစ်ဦး၏အလုပ်များ လုပ်ခွင့်ပေးထားခဲ့သည်။ ထိုမိန်းကလေးက စကားသိပ်မပြောသော်လည်း လူများ၏ အပြောအဆိုနှင့် အမူအရာကို ကောင်းကောင်းသိနေခဲ့သည်။
(ဆူးပန်းလက်ဖက်ရည်ဆိုတာ Hawthorn Berry tea ပါ၊ Hawthorn ဆိုတာက အဖြူရောင်ပန်းလေးတွေပါတဲ့ ဆူးပင်တမျိုးပါ၊ သူ့ရဲ့အသီးက အနီရောင်ဘယ်ရီသီးနဲ့ ဆင်တူပါတယ်၊ အဲဒါနဲ့ လက်ဖက်ရည်လုပ်ထားတာပါ။ အစာခြေအားကောင်းပြီး နှလုံးရောဂါနဲ့ ကျောက်ကပ်အတွက် ကောင်းတယ်လို့ ယူဆကြပါတယ်)
လဲ့ကျစ်က ကြေးဝါမှန်ရှေ့တွင် ထိုင်နေရင်း လက်ဖက်ရည်ကို ဖြည်းဖြည်းချင်း သောက်နေကာ သူမနောက်၌ ဆံပင်ဖြီးပေးနေသည့် ကျင့်ရှင်းကို မှန်ထဲမှ အကဲခတ်နေခဲ့သည်။ ကလေးမလေးက လှပသောအသွင်အပြင် ရှိပြီး နူးညံ့သိမ်မွေ့သော စိတ်နေသဘောထားကလည်း ပေါ်လွင်လွန်းလှသည်။
"ကျင့်ရှင်း မင်းရဲ့ဇာတိက ဘယ်မှာလဲ"
လဲ့ကျစ်က အသေးအဖွဲကိစ္စလေးများကို စူးစမ်းဟန်ဖြင့် စမေးလိုက်သည်။
"မိသားစုထဲမှာ လူဘယ်နှစ်ယောက်ရှိလဲ"
ထိုစကားကို ကြားပြီးနောက် သစ်သားဘီးကို ကိုင်ထားသည့် ကျင့်ရှင်း၏လက်လည်း ခဏရပ်သွားခဲ့သည်။ သူမ၏မျက်နှာပေါ်မှ အပြုံးက မှိန်ဖျော့သွားပြီး မျက်ခုံးကလည်း အနည်းငယ် တွန့်သွားခဲ့သည်။
လဲ့ကျစ်က သူမခေါင်းကို လှည့်ကာ အပြုံးဖြင့် ထပ်ပြောလိုက်သည်။
"ငါက ဒီအတိုင်း ပေါ့ပေါ့ပါးပါး မေးလိုက်တာပါ၊ မင်း မပြောချင်ရင် မပြောပါနဲ့၊ အဆင်ပြေပါတယ်"
သို့သော်လည်း ကျင့်ရှင်း၏ မျက်လုံးများက တဖြည်းဖြည်း နီရဲလာသည်။ ထို့နောက် သူမက ရှိုက်သံလေးဖြင့် ပြောလာခဲ့သည်။
“ဒီအစေခံက သခင်မကို ပြန်မဖြေချင်တာ မဟုတ်ပါဘူး၊ ဒီအစေခံကြောင့်ပါ... ဒီအစေခံက အဲဒါတွေကို မသိတော့ဘူး..."
လဲ့ကျစ်က သူမကို ထိုင်ခုံပေါ် ထိုင်ခိုင်းလိုက်ပြီး လက်ကိုင်ပုဝါကို ထုတ်ကာ သူမကို ပေးလိုက်သည်။
“အချိန်ယူပါ၊ အလျင်စလိုမလုပ်နဲ့”
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဒီအစေခံ အပြင်းဖျားပြီး အိပ်ရာက နိုးလာတော့ ဘာမှ မမှတ်မိတော့ဘူး၊ နောက်ပိုင်းမှာ ကျွန်မအဒေါ်လို အယောင်ဆောင်တဲ့လူက ကျွန်မကို တော်ဝင်နန်းတော်မှာ ရောင်းစားလိုက်တယ်၊ နန်းတော်တာဝန်ခံမော့မော့က ဒီအစေခံကို အရှေ့နန်းတော်မှာ ခစားဖို့ တာဝန်ချပေးခဲ့တာပါ”
‘ဒီလို ဖြစ်လာတယ်ပေါ့။ ကျင့်ရှင်း တွေ့ကြုံခဲ့ရတဲ့အရာက ရှားပါးတဲ့ သတိမေ့ရောဂါတစ်မျိုးပဲ။ ဒါဆို သူမရဲ့အတိတ်က အန်းရွှယ်နဲ့ ဘယ်လို ပတ်သတ်နေနိုင်လဲ’
လဲ့ကျစ်လည်း ရုတ်တရက် ခေါင်းကိုက်လာရသည်။ သူမအတွက် ဤအကျွမ်းတဝင်မရှိသော တာ့ချီတွင် သူမ ပတ်ဝန်းကျင်ရှိ လူတိုင်းက လျှို့ဝှက်ဆန်းကြယ်နေခဲ့သည်။
#######
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။
ကျစ်ကျစ်က ပြီးပြည့်စုံတဲ့ သူရဲကောင်းဆန်တဲ့သူ မဟုတ်ပါဘူး။ သူမက သူ့တိုင်းပြည်ကို ဆုံးရှုံးပြီးမှ အလျင်အမြန် ရင့်ကျက်လာခဲ့ရတာပါ၊ အဲဒါကြောင့် သူမက ပိုသတိထားပြီး သံသယနဲ့ နေထိုင်မှာပါ။ သူတပါးကို ယုံကြည်ဖို့ ခက်ခဲမှာပါ။
ပြောချင်တာက အရှင့်သားအိမ်ရှေ့စံအတွက် သူ့ဇနီးလေးကို လိုက်ဖမ်းဖို့ အရမ်းရှည်လျားတဲ့လမ်းရှိနေတယ်ဆိုတာက အမှန်ပဲလို့ ပြောချင်ပါတယ်။ ဟား...ဟား..ဟား!
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟