CHAPTER 21
Viewers 630

အခန်း ၂၁ မြှားကို ဟန့်တားမယ်

 

လင်းယွဲ့က နေ့လယ်စာနှင့်အတူ အိပ်ခန်းထဲသို့ ဝင်လာပြီး လဲ့ကျစ်တစ်ယောက် ကြောင်တောင်တောင် အမူအရာနှင့် ငြိမ်သက်စွာ ထိုင်နေသည်ကို တွေ့သွားခဲ့သည်။

 

"သခင်မ... ဘာဖြစ်လို့လဲ"

 

လင်းယွဲ့က သူမ ယူလာသော ထမင်းပန်းကန်များကို ချထားပြီး လဲ့ကျစ်ကို ဂရုတစိုက် မေးလိုက်သည်။

 

"သခင်မ နေမကောင်းဘူးလား"

လဲ့ကျစ်က ခေါင်းခါရင်း ပြန်ဖြေလိုက်သည်။

 

"ဘာမှ မဟုတ်ပါဘူး၊ မနေ့က ငါ မင်းကို ပြောခဲ့တာတွေကို မင်း စီစဉ်ပြီးပြီလား"

 

ထိုစကားကို ကြားပြီးနောက် လင်းယွဲ့က ခေါင်းညိတ်ပြလိုက်သော်လည်း သူမ၏အမူအရာက အနည်းငယ် ပုံမှန်မဟုတ်သလို ဖြစ်နေခဲ့သည်။

 

သူမက ပတ်ဝန်းကျင်ကို အကြိမ်ပေါင်းများစွာ ဂရုတစိုက် လှည့်ပတ်ကြည့်လိုက်သည်။ မည်သူမျှ မရှိကြောင်း အတည်ပြုပြီးနောက်တွင် သူမက အင်္ကျီလက်ဝထဲမှ ကြွေပုလင်းသေးသေးလေးကို ထုတ်လိုက်ပြီး အသံတိုးတိုးဖြင့် ပြောလာခဲ့သည်။

 

"ယုံချွမ်းခန်းမရဲ့သမားတော်ကတော့ ဒီဆေးက အထိရောက်ဆုံးလို့ ပြောတယ်"

 

“ဒါပေမယ့်.... သခင်မ…”

 

လင်းယွဲ့၏ပါးပြင်များက နီရဲပြီးရင်း နီရဲလာကာ သူမ၏လက်များကို မည်သည့်နေရာတွင် ထားရမှန်း မသိပုံဖြင့် ခေါင်းကုတ်နေသေးသည်။

 

“တကယ်လို့ အဲဒါက.... အရှင့်သားဆိုရင်… တော်ဝင်သမားတော်ကို ကြည့်ခိုင်းတာက ပိုကောင်းမှာမဟုတ်ဘူးလား”

 

"မကောင်းဘူး၊ အရှင့်သားက သူ့ကိုယ်သူ လေးစားမှုရှိတယ်"

 

လင်းယွဲ့က တခုခုကို တွေးနေရင်း မျက်တောင်ခတ်ကာ နှလုံးသားထဲမှ သက်ပြင်းချလိုက်သည်။ ထိုက်ဇီအိမ်တော်တွင် စည်းကမ်း အများကြီးရှိသော်လည်း ယခင် အစေခံများက စကားစမြည်ပြောသည့်အခါ ထိုအကြောင်းကို မကြာခဏ ဆွေးနွေးတတ်ကြသည်။

‘တာ့ချီရဲ့ တော်ဝင်မိသားစုမှာ ဘယ်ယောက်ျားက ကိုယ်လုပ်တော်တွေနဲ့ အိပ်ယာဝင်အစေခံတွေ မထားကြလို့လဲ။ ထိုက်ဇီကတော့ ဘာလို့ အမြဲတမ်း တစ်ယောက်တည်း နေရတာလဲ’

 

‘ခုတော့... အဖြေထွက်လာတယ်… အဲဒါက... ဒီလို ဖြစ်သွားတာလား... ထိုက်ဇီ အတွက် တော်တော်လေး ခက်ခဲခဲ့မယ်လို့ သူမ မမျှော်လင့်ထားမိဘူး။ သူ့မှာ နဂိုထဲက ခြေထောက်ပြဿနာ ရှိနေပြီး အခုတော့ သူ့ခန္ဓာကိုယ်ထဲမှာ လျှို့ဝှက်ရောဂါတစ်ခု ရှိနေတယ်လား။ ကံကောင်းတာက အခု ထိုက်ဇီဖေး ရှိနေပြီ။ ထိုက်ဇီဖေးက နတ်သမီးလေးလို စိတ်နှလုံးကောင်းရှိတယ်၊ ထိုက်ဇီဖေး ထိုက်ဇီရဲ့ဂုဏ်သိက္ခာကိုတောင် ထည့်သွင်းစဉ်းစားပေးပြီး ဆေးဝယ်ဖို့ သူမကို တိတ်တဆိတ် တောင်းဆိုတယ်’

 

လင်းယွဲ့ကတော့ ထိုက်ဇီအတွက်  ပိုကောင်းလာသည်ဟုသာ တွေးနေခဲ့သည်။

 

......။...........။........

 

စာကြည့်ဆောင်တွင်....

 

ဟော်တူက ဘီးတပ်ထိုင်ခုံကို ပြတင်းပေါက်ဘေးသို့ တွန်းလိုက်ပြီး ပြတင်းပေါက်အပြင်ဘက်မှ ဝင်လာသောလေအေးများကို သူ့မျက်နှာဆီသို့ တိုက်ခတ်စေလိုက်သည်။

 

အန်းရွှယ်က စားပွဲရှေ့တွင် မျက်မှောင်ကြုတ်ကာ ရပ်နေခဲ့သည်။ သူ အစီရင်ခံခြင်း ပြီးဆုံးသည်မှာ အချိန်အတော်ကြာခဲ့ပြီ ဖြစ်သော်လည်း အရှင့်သားက ဘာတွေတွေးနေမှန်းမသိဘဲ မျက်နှာဗလာဖြင့် ထိုင်နေခဲ့သည်။

 

အမှန်တကယ်တွင် သူလည်း ပဟေဋ္ဌိ ဖြစ်နေခဲ့သည်။

 

‘ထိုက်ဇီဖေးက ဘာလုပ်ချင်နေတာလဲ’

 

‘ထင်ရှားတာက ထိုက်ဇီဖေးက အရှင့်သားဆီမှာ လက်နက်ချထားပြီးပြီလေ၊ ဒါပေမယ့် အခု ဘာလို့ အရှင့်သားကို လုပ်ကြံရန် တတိယမင်းသားနဲ့ ပူးပေါင်းနေရတာလဲ၊ ပြီးတော့ ထိုက်ဇီဖေးကိုယ်တိုင်လည်း တုန်လှုပ်ခြောက်ခြားနေပုံရတယ်။ ဘာပဲဖြစ်ဖြစ် အရှင့်သားရဲ့ အကျင့်စရိုက်အရ သူမကို မနက်ဖြန်အထိ နေခွင့်ပြုတော့မှာ မဟုတ်ဘူး။

 

ဒါဆို ကျင့်ရှင်းကရော....’

 

‘လွန်ခဲ့တဲ့ ရက်အနည်းငယ်အတွင်းမှာ ကျင့်ရှင်းရဲ့မျက်နှာပေါ်က အပြုံးတွေကို ပိုမြင်ခဲ့ရတယ်။ သူမက အရှေ့နန်းတော်မှာ အလုပ်လုပ်နေတုန်းကလို အသက်မရှိတဲ့ အသွင်အပြင်မျိုး မဟုတ်တော့ဘူး။ အရင်ကထက် အများကြီး ပိုလန်းဆန်းလာတယ်၊ ဒါပေမယ့် ထိုက်ဇီဖေး မရှိတော့ရင် ကျင့်ရှင်းက အရှေ့နန်းတော်ကို ပြန်သွားရမှာလား’

 

ထိုအကြောင်းကို တွေးမိချိန်တွင် အန်းရွှယ်လည်း အနည်းငယ် စိုးရိမ်သွားပြီး အလောတကြီး မေးလိုက်မိသည်။

 

“အရှင့်သားမှာ အဲဒီကိစ္စအတွက် ရည်ရွယ်ချက်တစ်ခုခုရှိနေတာလား”

 

ထိုသို့ ပြောပြီးမှ သူက မသင့်လျော်ဟု ခံစားလိုက်ရပြီး အလျင်အမြန် ထပ်ပြောလိုက်သည်။

 

 "ဒီလက်အောက်ငယ်သားက နယ်ကျွံသွားမိပါတယ်"

 

ဟော်တူက အဖြူရောင် ကျောက်စိမ်းဘီးတပ်ထိုင်ခုံကို လှည့်လာပြီး အန်းရွှယ်ကို စိုက်ကြည့်ကာ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်သည်။ ထိုနှစ်တွင် သွေးများပေကျံနေသော အန်းရွှယ်က ကျွန်ဈေးကွက်ရှိ ရာဇ၀တ်ကျွန်အုပ်စုတွင် ထင်ရှားပေါ်လွင်နေပြီး လွတ်ငြိမ်းချမ်းသာခွင့်ရခဲ့သည်။ ဟော်တူက သူ့ကို ရှာတွေ့ခဲ့ပြီး သူ့နောက်သို့ လိုက်ရန် တောင်းဆိုခဲ့သော်လည်း အန်းရွှယ်က ချက်ချင်းသဘောမတူခဲ့ပေ။ ဟော်တူက သူ့စိုးရိမ်မှုများကို မြင်နိုင်ခဲ့ပြီး ခပ်ပြုံးပြုံး ထပ်မေးခဲ့သည်။

 

"မင်းက ဘာကို လိုချင်တာလဲ၊ ဒီမင်းသားက မင်းကို ဆန္ဒတစ်ခု ဖြည့်ဆည်းပေးမယ်"

 

အန်းရွှယ်က ခဏလောက်စဉ်းစားပြီးမှ ပြန်ဖြေခဲ့သည်။

 

“ဒီအချိန်မှာ အားကိုးစရာလူ မရှိတဲ့ မိန်းကလေးတစ်ယောက်ရှိတယ်…”

 

စက္ကန့်ပိုင်းလေးအတွင်းမှာပင် ဟော်တူက နားလည်သွားခဲ့သည်။ ထိုအရာက အန်းရွှယ်တွင် အားနည်းချက် ရှိနေပြီး လူစိတ်က မှန်းဆရန် ခက်ခဲသည့်တိုင် အားနည်းချက်ရှိသူများကတော့ အသုံးချရန် ပိုလွယ်ကူနေခြင်းပင်။

 

ဤနှစ်များတစ်လျှောက်တွင် ဟော်တူက အန်းရွှယ်၏ဆန္ဒအတိုင်း သူ့၏အားနည်းချက်ကို အရှေ့နန်းတော်တွင် ထားနိုင်ရန် စီစဉ်ပေးခဲ့သည်။ သို့သော် ထိုမိန်းကလေးအကြောင်းနှင့် အန်းရွှယ်နှင့် ပတ်သက်ဆက်နွှယ်နေမှုများကိုတော့ သူ မစုံစမ်းခဲ့ပေ။ မည်သို့ပင်ဖြစ်စေ ထိုအရာက သူ့အတွက် အရေးမကြီးချေ။

 

လွန်ခဲ့သည့် ရက်အနည်းငယ်က အရှေ့နန်းတော်၏ ကျေးကျွန်များ ဒုက္ခရောက်ခဲ့ကြပြီး ထိုလူ မမျှော်လင့်ဘဲ ပတ်သက်လာသည်အထိ ထိုလူ၏အမည်က ကျင့်ရှင်းဟု ဟော်တူက မသိခဲ့ပေ။

 

လဲ့ကျစ်ကလည်း ထိုအချက်ကို မြင်သွားပြီး ထိုလူကို သူမဘက်၌ အလုပ်လုပ်ရန် တမင်ဆွဲခေါ်သွားမှန်း သိသာနေသည်။

 

‘သူ့ရဲ့ထိုက်ဇီဖေးက လူတွေရဲ့ နှလုံးသားကို ဘယ်လို အသုံးချရင် ပိုကောင်းမယ်ဆိုတာကို သူ့ထက်တောင် ပိုသိနေသေးတယ်။ ဘာမှ မရှိသေးတဲ့ ရက်အနည်းငယ်အတွင်းမှာ အမြဲတမ်း ဘာကိုမှ ဂရုမစိုက်တဲ့ ကျောက်ရုပ်ကောင် အန်းရွှယ်တောင် သူမအတွက် အမှတ်တမဲ့ စကားပြောပေးနေပြီ’

 

ဟက်...’

 

“ထွက်သွား”

 

သို့တိုင်အောင် အန်းရွှယ်က မျက်မှောင်ကြုတ်ရင်း ထပ်မေးလိုက်သေးသည်။

 

“ဒီလက်အောက်ငယ်သားက အဲ့ဒီလူသတ်သမားတွေကို ကြိုပြီး ကိုင်တွယ်သင့်လား”

 

"မလုပ်နဲ့၊ သူတို့ လာချင်မှတော့ လာခိုင်းလိုက်"

 

ဟော်တူက သူ့နှုတ်ခမ်းကို တွန့်ကွေးထားသော်လည်း သူ့မျက်လုံးများထဲတွင် အပြုံးများ ရှိမနေခဲ့ပေ။

 

...........။.......။.....

 

တစ်နေကုန် နှစ်ယောက်လုံး အတွေးကိုယ်စီ ရှိနေကြပြီး ညစာစားချိန်တွင် လဲ့ကျစ်က ထမင်းစားပွဲ၌ ငိုင်နေခဲ့သည်။ ဟော်တူ ညစာစားရန် မလာပါက ထိုလူကို နောက်ဖေးဥယျာဉ်သို့ မည်ကဲ့သို့ ချော့ပေးရမည်ကို သူမ စိုးရိမ်နေပြီး ထမင်းစားပွဲ၌ တွေးတောရင်း အသိလွတ်နေခဲ့သည်။

 

သူမ တွေးနေစဥ်မှာပင် ခန်းမအပြင်ဘက်မှ အစေခံတစ်ယောက်၏နှုတ်ခွန်းဆက်သံ ထွက်ပေါ်လာသည်။ လဲ့ကျစ်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူ့ကို ပြုံးပြကာ မတ်တပ်ထရပ်လိုက်သည်။ သူမက ဘီးတပ်ထိုင်ခုံကို စားပွဲနားသို့ ကျွမ်းကျင်စွာ တွန်းလာပြီးနောက် ဟော်တူအနားတွင် ဝင်ထိုင်လိုက်သည်။

 

နှစ်ယောက်လုံး စကားမပြောကြဘဲ ခန်းမတစ်ခုလုံး တိတ်ဆိတ်နေကာ စားပွဲပေါ်ရှိ ဟင်းပွဲများဆီမှ အငွေ့များ၏ လှပ်ခတ်မှုသာ ရှိနေခဲ့သည်။ လဲ့ကျစ်က ဟင်းချိုပန်းကန်ကို လှမ်းယူလိုက်ပြီး မွှေးကြိုင်သော ကြက်စွပ်ပြုတ်ကို ဟော်တူနှင့် သူမကိုယ်တိုင်အတွက် ပန်းကန်လုံးထဲသို့ ထည့်လိုက်သည်။

 

လဲ့ကျစ်က ကြက်စွပ်ပြုတ်ကို ကိုင်ထားရင်း ညင်သာစွာ မှုတ်လိုက်ပြီးမှ တစ်ငုံသောက်လိုက်သည်။ ဟင်းချိုထဲတွင် Gojiဘယ်ရီသီး၏အရသာ ရောစပ်ပါဝင်နေပြီး ပူနွေးမွှေးကြိုင်သည့်အရသာက လည်ချောင်းထဲသို့ စိမ့်ဝင်လာသည်။

 

"အဲဒီနေ့က အရှင့်သား "ထန်ရွှယ်" ကို တီးမှုတ်ခဲ့တာလား”

 

“အမ်း”

 

ဟော်တူက သူ့မျက်လုံးများကိုပင် မော့မလာဘဲ တိုးတိုးလေး ပြန်ပြောလိုက်သည်။

 

"အရှင့်သား ကျွန်မကို သင်ပေးပါလား"

 

လဲ့ကျစ်က အဖြူရောင်ကြွေ ဟင်းရည်ပန်းကန်ကို ချလိုက်ပြီး ထပ်ပြောလိုက်သည်။

 

"အဲဒီသီချင်းက အစ်မရဲ့ အကြိုက်ဆုံး သီချင်းပါ"

 

"ကောင်းပြီလေ"

 

ဟော်တူက ငွေတူများကို ချလိုက်ပြီး သူမကို ခေါင်းမော့ကြည့်လိုက်ရင်း ထပ်မေးလိုက်သည်။

 

"ဘယ်အချိန် သင်ချင်လဲ"

 

လဲ့ကျစ်က သူမ၏နှုတ်ခမ်းများကို ဖွဖွဖိထားရင်း သူမ၏နက်မှောင်သော မျက်ဆံများကို  ရွေ့လျားနေကာ တခုခုကို တွေးနေပုံဖြင့် ပြောလာခဲ့သည်။

 

“ဒီညဆိုရင်ရော... ဘယ်လိုလဲ၊ ဒီည အနောက်ဘက်ဥယျာဉ်မှာ သင်ပေးမယ်ဆိုရင် ရလား"

 

သူမက ပုလွေပညာကို တကယ်သင်ယူချင်နေပုံရပြီး သူမ၏နှင်းဖြူရောင်ပါးပြင်ပေါ်တွင် စိုးရိမ်မှုများ ရှိမနေခဲ့ပေ။ ဟော်တူက သူ့နှုတ်ခမ်းများကို တွန့်ကွေးလိုက်ပြီး သူ့မျက်လုံးထဲမှ စိတ်ပျက်မှုကို ဖုံးကွယ်ထားရန် မျက်လုံးကို အနည်းငယ် မှိတ်ထားလိုက်သည်။

 

“အမ်း...ရတယ်လေ”

 

......။.......။......

 

ညစာစားပြီးနောက် လဲ့ကျစ်က မင့်လက်ဖက်ရည်အိုးကို သူမကိုယ်တိုင် ကြိုပြီး လင်းယွဲ့ ယူဆောင်လာသော ဆေးအားလုံးကို လက်ဖက်ရည်အိုးထဲသို့ လောင်းထည့်လိုက်သည်။

လီယောင်က လေးနက်သော အမူအရာဖြင့် အခန်းထဲသို့ ဝင်လာခဲ့သည်။ သူမလည်း တစ်နေ့လုံး စိတ်ပူနေပြီး မျက်ခွံများပင် တဆတ်ဆတ်တုန်နေခဲ့သည်။ သူမက သခင်မထံတွင် မည်သည့်အကြံအစည် ရှိနေသည်ကို သူမ မသိသော်လည်း သူမ စိတ်ထဲတွင် စိတ်မအေးနိုင် ဖြစ်နေခဲ့ရသည်။ ထိုအရာက အန္တရာယ်ရှိသော အစီအစဉ်တစ်ခု ဖြစ်မည်မှန်း သူမ အတတ်သိနေခဲ့သည်။

 

"အားလုံး စီစဉ်ပြီးပြီလား"

 

“ဟုတ်ကဲ့၊ စိတ်မပူပါနဲ့... သခင်မ"

 

လီယောင်က အသံတိုးတိုးဖြင့် နှစ်သိမ့်ပေးနေပြန်သည်။

 

"ဒီအစေခံနဲ့ ကျင့်ရှင်းက အိမ်အနောက်ဘက် ခြံဝင်းထဲက အစေခံအားလုံးကို ခေါ်ထုတ်ပြီးပါပြီ"

လဲ့ကျစ်က အပြုံးဖြင့် ခေါင်းငြိမ့် ပြလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် ဟော်တူက အိမ်တော်ရှိ အစေခံများ၏ တာဝန်ကို သူမဆန္ဒအတိုင်း ဆုံးဖြတ်နိုင်သည်ဟု ပြောခဲ့သည်။ ဤနည်းဖြင့် သူမလည်း ကြိုတင်စီစဉ်မှုများ ပြုလုပ်နိုင်ခဲ့သည်။

 

လီယောင်အတွက်တော့ ယနေ့ ဘာမှ ထူးထူးခြားခြား မရှိခဲ့ပေ။

 

ဤကဲ့သို့ သခင်နှင့် ကျွန်ဆက်ဆံရေးမျိုးဖြင့် သူမ ယနေ့ည တစ်ခုခုဖြစ်ခဲ့လျှင် လီယောင်၏အသက်ကို ကယ်တင်ရန် နည်းလမ်းရှာနိုင်မည်ဟု လဲ့ကျစ် တွေးနေခဲ့သည်။

 

“ကောင်းပြီလေ၊ အခု နောက်ကျနေပြီ၊ ပြန်သွားပြီး ကောင်းကောင်း အနားယူလိုက်တော့"

 

"ဒါပေမယ့် ဟန်ရှီ... "

 

လီယောင်က သူမ၏နှုတ်ခမ်းကို ကိုက်လိုက်ပြီး စိုးရိမ်တကြီး ပြောလိုက်သည်။

 

လဲ့ကျစ်က ထရပ်လိုက်ပြီး သူမ စိတ်သက်သာစေရန် ပခုံးကို ပုတ်ပေးလိုက်သည်။

 

လီယောင် ထွက်သွားပြီးနောက် လဲ့ကျစ်က အချိန်ကို တွက်ချက်လိုက်ပြီး  ဟန်ရှီရောက်ရန် နီးကပ်လာပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူမက လက်ဖက်ရည်ခွက်ကို ကောက်ယူပြီး အသက်ကို ပြင်းပြင်းရှူကာ ဖြည်းဖြည်းချင်း ထွက်လာခဲ့သည်။

 

ပြင်ပလေထုက တိတ်ဆိတ်ငြိမ်သက်နေပြီး ညစောင့်များမှ လွဲ၍ အခြားမည်သူမျှ မရှိပေ။

 

လဲ့ကျစ်က ဘာမှ မထူးခြားသလိုပုံဖြင့် အနောက်ဘက်ဥယျာဉ်သို့ လျှောက်သွားခဲ့သည်။ ဟော်တူက သူမထက် ကြိုစောရောက်နေပြီး သူမက လက်ဖက်ရည်ခွက်ကို ကျောက်စားပွဲပေါ်တင်ကာ သူ့ဆီသို့ တစ်လှမ်းချင်းလျှောက်သွားလိုက်သည်။ သူမက ထိုညကဲ့သို့ပင် သူမ၏ ချည်သားအင်္ကျီကို ချွတ်ကာ ဟော်တူ၏ပေါင်ပေါ်သို့ တင်ပေးလိုက်သည်။ ထို့နောက် သူမက လက်ဖက်ရည်ခွက်ကို ပေါ့ပေါ့ဆဆ ယူကာ ပူပူနွေးနွေး မင့်လက်ဖက်ရည်ကို ခွက်ထဲသို့ လောင်းထည့်လိုက်သည်။

 

လက်ဖက်ရည်ခွက်ကို ဟော်တူအား ပေးလိုက်ချိန်တွင် သူမ၏အသွင်အပြင်က အလွန် နူးညံ့နေသည်။

 

ဟော်တူက သူမကို တစ်ချက်ကြည့်လိုက်ပြီး လက်ဖက်ရည်ခွက်ကို ကြည့်လိုက်ပြန်သည်။ ကြည်လင်သော အညိုရောင်လက်ဖက်ရည်က ယခင်အတိုင်း မင့်ရနံ့ ပါဝင်နေသည်။ သူက ရယ်မောရင်း မေးလာခဲ့သည်။

 

“မင်း အဆိပ်ထည့်ထားတာလား”

 

"အဆိပ် မထည့်ထားပါဘူး"

 

လဲ့ကျစ်က သူမ၏နှုတ်ခမ်းလေးကို တွန့်ကွေးကာ မျက်တောင်လေး ပေကလပ်ပေကလပ် လုပ်နေခဲ့သည်။

 

"ဒါပေမယ့် တခြားတစ်ခု ထည့်ထားတယ်၊ အရှင့်သား၊ စမ်းသောက်ကြည့်ပါလား”

 

ဟော်တူက ပြန်မဖြေဘဲ ပြုံးလိုက်ပြီး လက်ဖက်ရည်ကို မော့သောက်လိုက်သည်။

 

ထိုအချိန်မှာသာ လဲ့ကျစ်လည်း သက်ပြင်းတစ်ချက်ချလိုက်ရသည်။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း တစ်ယောက်နှင့်တစ်ယောက် ပြောဆိုဆက်ဆံပြီးနောက်တွင် ဟော်တူက ဂုဏ်ယူဝင့်ကြွားတတ်သော်လည်း တာဝန်သိတတ်သူဖြစ်ကြောင်း သူမ မြင်နိုင်ခဲ့သည်။ သူမ အမှန်အတိုင်း ပြောသည်ဖြစ်စေ မပြောသည်ဖြစ်စေ သူက မထီမဲ့မြင်ပြုပြီး သောက်လိမ့်မည်ဟု လောင်းကြေးထပ်ကာ သူမ အမှန်တရားကို တမင်တကာပြောခဲ့သည်။

 

 “ထိုက်ဇီဖေးက ဒီည ပုလွေပညာကို မသင်ချင်ဘူးလား"

 

လေအေးများတိုက်ခတ်လာသည်နှင့်အမျှ သူမ၏ ချည်သားအင်္ကျီကို ချွတ်ထားပြီး နှင်းဖြူရောင်ဝတ်စုံကိုသာ ဝတ်ဆင်ထားသည့် လဲ့ကျစ်က အအေးဒဏ်ကြောင့် တုန်ယင်လာကာ သူမ၏ကိုယ်လေးကို ကျုံပြီး လက်များကို ပွတ်ရင်း ကျောက်ထိုင်ခုံပေါ်တွင် ငြိမ်ငြိမ်းလေး ထိုင်နေခဲ့သည်။ ထို့နောက် သူမက တိုးတိုးလေး ပြန်ဖြေလိုက်သည်။

 

“တကယ်တော့ ကျွန်မ သင်ယူချင်တယ်၊ ဒါပေမယ့် ဒီည အချိန်မလုံလောက်မှာကိုတော့ ကျွန်မ ကြောက်နေမိတယ်”

 

"အိုး"

 

လဲ့ကျစ်က နှုတ်ခမ်းကို သပ်လိုက်ပြီး ထပ်မေးလိုက်သည်။

 

"အရှင့်သား သိနေတာကြာပြီ မဟုတ်လား"

 

ထိုစကားကို ကြားပြီးနောက် ဟော်တူက သူ၏မက်မွန်ပွင့်မျက်လုံးများဖြင့် လဲ့ကျစ်၏မျက်နှာကို မော့ကြည့်ကာ ဂရုတစိုက် အကဲခတ်နေသည်။ သူ အံ့အားသင့်နေသော်လည်း သူ့မျက်နှာပေါ်ရှိ အမူအရာကိုတော့ မမြင်နိုင်ပေ။

 

‘သူမက ဘာလုပ်ချင်တာလဲ’

 

ထိုအချိန်တွင် သူ့လက်များ ပူနွေးလာပြီး လဲ့ကျစ်က သူ့လက်ကို လှမ်းကိုင်လိုက်မှန်း သူ သိလိုက်ရသည်။

 

လဲ့ကျစ်က ဟော်တူ၏နောက်ကွယ်မှ ခေါင်မိုးကို စိုက်ကြည့်နေပြီး အရိပ်အချို့က သူတို့၏ ခေါင်းများကို ဖြည်းညှင်းစွာ ထုတ်ဖော်လာခဲ့သည်။

 

ဟော်တူက ခေါင်းကိုပင် မလှည့်ဘဲ တည်တည်ငြိမ်ငြိမ် ပြောလာခဲ့သည်။

 

"ဒီမင်းသားရဲ့လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားရင် အိမ်ခေါင်မိုးပေါ်က အမှိုက်အုပ်စုက ဒီမင်းသားရဲ့အသက်ကို သတ်နိုင်မယ်လို့ ထိုက်ဇီဖေး ထင်နေတာလား"

 

လဲ့ကျစ်က အပြုံးဖြင့် ခေါင်းခါလိုက်သည်။

 

အိမ်ခေါင်မိုးပေါ်ရှိ  လျှို့ဝှက်အစောင့်များက အလွန်သန်မာကြပြီး သူတို့၏ လေးများဖြင့် ဟော်တူကို ချိန်ရွယ်ထားချိန်တွင် သူမက သူ့လက်များကို ပြတ်ပြတ်သားသား ဆုပ်ကိုင်ထားသည်။

 

ငွေရောင်မြှားတစ်စင်း လေထဲမှ ဖြတ်သန်းလာနေပြီး ထိုအရာက သူ့နောက်တွင် ရှိနေသော်လည်း ဟော်တူက လျင်မြန်သောမြှားမှ ယူဆောင်လာသော လေကို ခံစားနိုင်သေးသည်။ သူ့မျက်လုံးများတွင် ရက်စက်မှုအရိပ်အယောင်များ ပေါ်လာပြီး သူ၏ဘယ်ဘက်လက်ဖဝါးတွင် သူ၏ အတွင်းအားကို စုစည်းလိုက်သည်။

 

ပျံသန်းလာသော ငွေရောင်မြှားကို မြင်နေရသည့် လဲကျစ်က အချိန်ကို တွက်ချက်ကာ ချက်ချင်း ထရပ်လိုက်ပြီး ဟော်တူကို အနောက်သို့ ပြန်တွန်းလိုက်သည်။ ငွေရောင်မြှားက သူမ၏ပါးလွှာသောပခုံးလေးကို ဖြတ်သွားကာ သွေးစအချို့ လွင့်စင်သွားသည်။

 

ညက မှောင်လွန်းနေသောကြောင့် အိမ်ခေါင်မိုးပေါ်မှ လုပ်ကြံသူများအနေဖြင့် ဤမြင်ကွင်းကို မြင်နေရသည့်တိုင် ဟော်တူက သူ့အတွက် မြှားကို ပိတ်ဆို့ဖို့ လဲ့ကျစ်အား ဆွဲယူလိုက်သည်ဟု ထင်သွားကြသည်။ သူတို့တယောက်ကို တယောက် ပြန်ကြည့်လိုက်ပြီး စိတ်ပျက်လက်ပျက်ဖြင့် အမြန် ထွက်ပြေးသွားကြတော့သည်။ ဤထိုက်ဇီဖေးက တတိယမင်းသား၏ နှလုံးသည်းပွတ် ဖြစ်မှန်း သူတို့အားလုံး သိကြပြီး ယခု သူမ မည်သို့ အဆုံးသတ်မည်ကို သူတို့လည်း မသိနိုင်တော့ပေ။ ထိုငွေမြှားတွင် အဆိပ်များ သုတ်လိမ်းထားခဲ့သည်။

 

သူမ၏နှင်းရောင်ဝတ်စုံတွင် သွေးများ စွန်းထင်းနေပြီး လဲ့ကျစ်ကိုယ်တိုင်လည်း သူမ၏ညာဘက်ပခုံးမှ စူးရှသောနာကျင်မှုကို ခံစားနေရသည်။

 

ဟော်တူ၏မက်မွန်ပွင့်သဏ္ဍန်မျက်လုံးများတွင် ပထမဆုံးအကြိမ်အဖြစ် အံ့သြမှုနှင့် စိတ်ရှုပ်ထွေးမှုများ ထွက်ပေါ်လာသည်။

 

“မင်း ဘာလုပ်နေတယ်ဆိုတာကို မင်းသိလား”

 

ထို့သို့ပြောပြီးနောက် လူကို သူ့ဆီသို့ ဆွဲယူလိုက်သည်။

 

"သိတယ်"

 

လဲ့ကျစ်၏မျက်နှာက သေမင်းတမန်လို ဖြူဖျော့နေပြီး သူမ၏ ချယ်ရီနှုတ်ခမ်းများက ခရမ်းရောင် ပြောင်းလာခဲ့သည်။ သူမက သူမ၏ဝင်သက်ထွက်သက်ကို တည်ငြိမ်အောင် ထိန်းထားရင်း ထပ်ပြောလိုက်သည်။

 

"အခုတော့ ကျွန်မရဲ့အသက်က အရှင့်သားက ကျွန်မကို ကယ်တင်ဖို့ ဆန္ဒရှိ၊ မရှိ ဆိုတဲ့အပေါ်မှာပဲ မူတည်တော့တယ်"

 

ဟော်တူက သူမ၏မျက်နှာကို မြင်နေရုံဖြင့် ငွေမြှားပေါ်ရှိ အဆိပ်က အလွန်ပြင်းထန်မှန်း သိနိုင်သည်။ ထို့ကြောင့် ယခုအချိန်တွင် သူ ဤရူးသွပ်နေသည့်မိန်းမနှင့် ရန်ဖြစ်ရန် အချိန်မရှိတော့ပေ။

 

"ကိုယ့်နောက်ကနေ လိုက်ခဲ့"

 

သူ့မျက်နှာက အုံ့မှိုင်းနေပြီး ထပ်ပြောလာပြန်သည်.

 

"ဒီမင်းသားက ခြေမသန်တဲ့လူ၊ မင်းကို သယ်မသွားနိုင်ဘူး"

 

လဲ့ကျစ်က ရယ်မောလိုက်ပြီး ယိုင်နဲ့သော ခြေလှမ်းများဖြင့် သူ့နောက်သို့ လိုက်သွားခဲ့သည်။

 

လဲ့ကျစ် သူ့နောက်မှ လိုက်လာခဲ့ပြီး ဆေးခန်းတံခါးကို တွန်းဖွင့်လိုက်ကာ သူမကိုယ်သူမ ထိန်းမထားနိုင်တော့ဘဲ နူးညံ့သော ကုတင်ပေါ်သို့ ထိုင်ချလိုက်ပြီး အနားယူလိုက်သည်။

 

ဟော်တူက ဆေးယူရန် တုတ်ကောက်ကို မှီခိုပြီး ထရပ်လိုက်သော်လည်း ပထမဆုံးဆေးပုလင်းကို လှမ်းယူနေရင်း သူ့ခန္ဓာကိုယ်မှ ထူးဆန်းသော အပူတစ်ခု ထွက်ပေါ်လာသည်။ သူက နူးညံ့သောကုတင်ပေါ်ရှိလူကို စိုက်ကြည့်ရန် ခေါင်းမော့လိုက်ပြန်သည်။

 

‘သူမက သူ့ကို အဆိပ်ခတ်ဖို့ တကယ် သတ္တိရှိတယ်လား။

 

မဟုတ်ဘူး၊ အဲဒါ အဆိပ်မဟုတ်ဘူး။

 

သူ့ခန္ဓာကိုယ်ရဲ့ တုံ့ပြန်မှုနဲ့ ခံစားချက်ပေါ် မူတည်ပြီး ဒီဆေးက...’

 

ထိုအချိန်တွင် လဲ့ကျစ်ကခည်း သူ့ကို လှမ်းကြည့်နေသည်။ သူတို့ မျက်လုံးချင်းဆုံမိသည့်အချိန်တွင် သူမက သူ့ကို မကြောက်တော့ဘဲ အပြစ်ကင်းစင်သည့် လေသံဖြင့် သတိပေးလိုက်သည်။

 

"လက်ဖက်ရည်ထဲမှာ တစ်ခုခုထည့်ထားတယ်လို့ ကျွန်မ အရှင့်သားကို ပြောခဲ့တယ်လေ"

 

‘အဲဒါက.... အဆိပ် မဟုတ်ဘူးနော်၊ စိတ်ကြွဆေးလေး နည်းနည်းပါ....’

 

ထိုစကားကို ပြောပြီးသောအခါ သူမက သူမပုခုံးပေါ်မှ ငွေရောင်မြှားကို ကိုင်လိုက်ပြီး ထိုမြှားကို ဆတ်ခနဲ ဆွဲထုတ်ပစ်လိုက်သည်။ မူလက ဒဏ်ရာကို မြှားဖြင့် ပိတ်ဆို့ထားပြီး သွေးစအနည်းငယ်သာ ထွက်နေခဲ့သည်။ ယခု မြှားကို ဆွဲထုတ်လိုက်သည်နှင့် တပြိုင်နက် ဒဏ်ရာမှ သွေးမည်းများက ပွက်ပွက်ဆူနေသော ရေများကဲ့သို့ စီးကျလာသည်။

 

ဟော်တူကလာ်း သူ၏မျက်ခုံးအလယ်ဗဟိုမှ နာကျင်မှုကို ခံစားနေရသည်။ သူ့လက်ထဲမှ ကြွေပုလင်းကို ဘေးဖယ်ထားလိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှ အပူများကို ထိန်းကာ လဲ့ကျစ်ဆီကို လျှောက်သွားလိုက်သည်။ ထို့နောက် သူ့၏အေးစက်နေသော အဖြူရောင်လက်ချောင်းများဖြင့် သူမမေးစေ့ကို ညှစ်လိုက်ပြီး ဆွဲမော့လိုက်သည်။

 

"မင်း သေချင်နေတာလား"

 

သူက သူမ၏လည်ပင်းကို ဆုတ်ကိုင်ရန် သူ့လက်ချောင်းများကို အောက်သို့ ရွှေ့လိုက်ပြန်သည်။

 

‘သူ ဒီထက်ပိုပြီး အားနည်းနည်းနဲ့ ထပ်ဖိလိုက်ရင်...’

 

"ဘာလို့ ဒီလောက်တောင် အနှောင့်အယှက်ပေးနိုင်ရတာလဲ"

 

သူ့အသံက အက်ရှနေပြီး ပြတ်သားလှသည်။

 

"ဒီမင်းသားက မင်းကို ဖြည့်ဆည်းပေးနိုင်တယ်"

 

“ဟုတ်ပါတယ်၊ အရှင့်သား လုပ်နိုင်မှာပါ”

 

လဲ့ကျစ်၏ မျက်နှာတွင် ကြောက်ရွံ့သော အမူအရာကို မမြင်ရပေ။ ထိုအစား သူမက ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သေးသည်။

 

"မင်္ဂလာဆောင်ညမှာ ကျွန်မ အရှင့်သားနဲ့ အိပ်ဖို့ ပြန်လှည့်မလာရင် အစောကြီးထဲက ကျွန်မ သေနေလောက်ပြီ"

 

သူမက ကိုယ်ခံပညာကို တစ်ခါမျှ မလေ့ကျင့်ဖူးသော်လည်း သူမ၏အစ်ကိုတော်က လက်ဖဝါးတွင် မည်သို့အတွင်းအားစုရသည်ကို သင်ကြားပြသဖူးသည်။ မင်္ဂလာဆောင်ညတွင် ဟော်တူက သူမ၏နောက်ကွယ်မှ အတွင်းအားများကို စုဆောင်းနေကြောင်း သူမ ခံစားနိုင်ခဲ့သည်။

 

ဟော်တူ၏မျက်လုံးများက အေးစက်နေဆဲဖြစ်သော်လည်း သူမ၏လည်ပင်းကို ဆုပ်ကိုင်ထားသည့်လက်က အနည်းငယ် ပြေလျော့သွားသည်။

 

ဤအခိုက်အတန့်တွင် လဲ့ကျစ်က သူ့လက်ကို ဆုပ်ကိုင်လိုက်ပြီး နူးညံ့သော ကုတင်ပေါ်သို့ ဆွဲတင်လိုက်ကာ ထပ်ပြောလိုက်ပြန်သည်။

 

"ဘာပဲဖြစ်ဖြစ် အရှင့်သားရဲ့ခန္ဓာကိုယ်ပေါ်က ဆေးကို ဖြေရှင်းဖို့ အရှင့်သားက ကျွန်မကို လိုအပ်တယ်"

 

ဟော်တူကတစ်ယောက် ဒေါသထွက်နေသော်လည်း ရယ်လည်း ရယ်ချင်နေခဲ့သည်။

 

"ကိုယ့်ကိုကိုယ် အရမ်းအထင်ကြီးမ‌နေနဲ့၊ ဒီအိမ်တော်မှာ မိန်းမတွေ အများကြီးပဲ”

 

“ဟုတ်တယ်”

 

လဲ့ကျစ်က ခေါင်းညိတ်ရင်း ထပ်ပြောလိုက်သည်။

 

"ဒါပေမယ့် ဒီအချိန်မှာ သူတို့အားလုံး အနောက်ဘက်ခြံဝင်းထဲမှာ ရှိနေပြီး အရှင့်သားအတွက် နောက်ကျသွားပြီ"

 

ဟော်တူက ပြန်မဖြေဘဲ သူမ၏မျက်နှာကို ဗလာသက်သက် စိုက်ကြည့်နေသည်။ မင်္ဂလာဆောင်ညထက်စာလျှင် သူမ ကိုယ်အလေးချိန် အများကြီး ကျသွားပုံရသည်။ သူမ၏ ဖြူဖွေးသော ပါးပြင်များက အရောင်အသွေး လုံးဝကင်းစင်နေပြီး ပါးနပ်ပြီး ဖြတ်ဖိုးဉာဏ်ရှိပုံရသည့် မြေခွေးမျက်လုံးတောက်တောက်လေးများကလည်း ယခုအချိန်တွင် ဝမ်းနည်းနေပုံဖြင့် မှိုင်းဝေနေသည်။

 

“မင်း အများကြီး လုပ်ထားပြီးမှ အခု မင်းရဲ့အသက်ကိုတောင် မလိုချင်တော့ဘူးလား၊ မင်းက ဘာလိုချင်တာလဲ"

 

"အရှင့်သားက တခြားသူတွေကို တောင်းပန်ရတာကို မကြိုက်ဘူး"

 

လဲ့ကျစ်က နာကျင်မှုကို တောင့်ခံရင်း တုန်တုန်ယင်ယင်ဖြင့် ဆက်ပြောလိုက်သည်။

 

“ဒီည အရှင့်သားကို ကျွန်မ ကြံစည်ခဲ့ပေမယ့် ယောက်ျားတွေက မိန်းကလေးတွေရဲ့ ပထမဆုံးအကြိမ်နဲ့ သူတို့ရဲ့ ပထမဆုံးမိန်းခလေးကို အမြဲအလေးအနက်ထားလေ့ရှိတယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ကျွန်မ ဖတ်ဖူးတယ်၊ ဒီနွေဦးညတစ်ညတာအတွက် အရှင့်သားက ကျွန်မအစ်မရဲ့အသက်ကို ကယ်တင်ပြီး သူ့ကို လွတ်မြောက်စေဖို့ ကျွန်မ မျှော်လင့်တယ်”

 

“အိုး”

 

အမြဲတမ်း ဖြူဖပ်ဖြူရော်ဖြစ်နေသော ဟော်တူ၏မျက်နှာက နီရဲလာပြီး သူ့တစ်ကိုယ်လုံးလည်း ပူလောင်လာသည်။

 

"ဟော်ရှကိုရော ဘယ်လိုလုပ်မှာလဲ၊ သူ့ကို မသတ်တော့ဘူးလား"

 

လဲ့ကျစ်က ယုံကြည်မှုများ ပြည့်နေသည့် အပြုံးလေးဖြင့် ထပ်ပြောလိုက်သည်။

 

"အရှင့်သားက သူ့ကို သတ်လိမ့်မယ်"

 

ဟော်ရှ၏ လူသတ်သမားက ယနေ့ညတွင် ဖြစ်ပျက်သမျှကို အသေအချာ သတင်းပြန်ပို့မည် ဖြစ်သည်။ သူမ သေဆုံးသွားလျှင် ဟော်ရှက ဤအကြွေးကို ဟော်တူ့အပေါ်တွင် သေချာပေါက် မှတ်တမ်းတင်ထားမည် ဖြစ်သည်။ ဟော်ရှကဲ့သို့ ကြောင်သူတော်တစ်ယောက်က သူ့ကိုယ်သူ ချစ်ခင်ဂုဏ်ယူကာ ဟော်တူကို လက်စားချေရန် အမြဲတမ်း သတ်ပစ်ချင်နေလိမ့်မည်။ ဤသို့သော လူကို  ဟော်တူကလည်း လွှတ်ပေးထားမည်မဟုတ်ပေ။

 

ယနေ့ည၏အစီအစဉ်က သူမအသက်ကို အခြေခံကာ အလောင်းအစား လုပ်ခဲ့သည်ဟု ပြောနိုင်သော်လည်း အမှန်တကယ်တွင် ငှက်သုံးကောင်ကို ကျောက်ခဲတစ်လုံးတည်းဖြင့် သတ်ပစ်ရန် ကြိုးစားခဲ့ခြင်းပင်။

 

"စကားမစပ် လီယောင်လည်း ရှိသေးတယ်၊ ကျွန်မ သူ့ကို စမ်းသပ်ပြီးပြီ၊ သူက အသုံးပြုလို့ ရသေးတယ်၊ ကျွန်မ သေသွားပြီးရင် အရှင့်သားက အိပ်ခန်းထဲက ခေါင်းအုံးအောက်က စာကို ယူပြီး ပေးလိုက်ပါ၊ သူ အရှင့်သားနောက်ကို လိုက်လိမ့်မယ်၊ အရှင့်သားက လီယောင်ကို ကောင်းကောင်း ဆက်ဆံမယ်လို့လည်း ကျွန်မ မျှော်လင့်တယ်၊ သူက ကံမကောင်းတဲ့ သူပါ...”

 

လဲ့ကျစ်၏ နဖူးတွင် ချွေးများ ရွှဲလာပြီး သူမ၏ ပခုံးပေါ်ရှိ ဒဏ်ရာက နာကျင်မှုကြောင့် ထုံနေပြီ ဖြစ်သည်

 

"ပြီးတော့.... ကျင့်ရှင်း..."

 

"ပါးစပ်ပိတ်ထား"

 

ဟော်တူက သူမ ပြောသမျှစကားတိုင်းကို မကြားချင်တော့သလို သူမဆီမှ ဘာစကားကိုမှလည်း နားမထောင်ချင်တော့ပေ။ သူက လက်ကို ဆန့်လိုက်ပြီး လဲ့ကျစ် ကုတင်ပေါ်တွင် မှောက်ရက်လဲလျောင်းသွားစေရန် တွန်းတင်လိုက်သည်။ ထို့နောက် မြှားထိခံထားရသော သူမ၏နောက်ကျောပုခုံးကို ဆုတ်ဖြဲလိုက်သည်။ သူမ၏ ပခုံးက သွေးစွန်းနေပြီ ဖြစ်သည်။

 

သူက အေးစက်သောလေကို ရှုသွင်းရင်း မေးလိုက်ပြန်သည်။

 

"ဘာမှားလို့လဲ"

 

မှောက်ခုံလဲလျောင်းနေသည့်လူက ပါးစပ်ပိတ်ရန် မရည်ရွယ်ထားကြောင်း သိသာနေသည်။ သူ မျှော်လင့်ထားသည့်အတိုင်း သူမက အေးအေးဆေးဆေး လေသံဖြင့် ပြောလာခဲ့သည်။

 

"အရှင့်သားက ဒီလိုကိုယ်ဟန်အနေအထားကို သဘောကျတာလား"

 

ဟော်တူတစ်ယောက် သူ့ခန္ဓာကိုယ်တွင်းရှိ ဆေးဝါးများ၏ အာနိသင်များကို ဖိနှိပ်ရန် သူ့အတွင်းအားကို အသုံးပြုနေရသော်လည်း ဤလူက သူ့ကို ဆန့်ကျင်နေပုံရပြီး သူ့ကို ကျီစယ်နေသေးသည်။

 

သူ အလွန်အကျွံ ဒေါသထွက်သွားပြီး အံကြိတ်ကာ ဆဲဆိုလိုက်သည်။

 

"အရူးမ"

 

…..။......။.......

 

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်....

 

ဟော်တူ : အံ‌ရောပဲ....ငါ နားမလည်နိုင်လောက်အောင် အံသြနေပြီ....

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟