CHAPTER 31
Viewers 619

အခန်း ၃၁ ရုပ်ဖျက်ခြင်း

 

နေရောင်မြင့်တက်လာပြီး  အလင်းရောင်များ ဖြာကျနေပြီ ဖြစ်သော်လည်း ကုတင်ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေသူများကတော့ နက်ရှိုင်းသော အိပ်မက်ကမ္ဘာထဲမှ နိုးထလာခြင်း မရှိကြသေးပေ။

 

“ဘုန်း”

 

မဟော်ဂနီရောင် တောက်ပြောင်နေသော တံခါးချပ်ကြီးမှာ အရှိန်ဖြင့် တွန်းဖွင့်ခြင်း ခံလိုက်ရသည်။ ဧကရီက ဖီးနစ်ဝတ်ရုံကို ဆင်မြန်းထားပြီး ခန့်ညားထည်ဝါစွာ ရှိနေသော်လည်း သူမ၏ မျက်နှာထက်တွင် ဖော်ပြ၍မရနိုင်သော ဒေါသရိပ်များ ပြည့်နှက်နေသည်။ သူမ၏ လှပသော မျက်ဝန်းအစုံက ကုတင်ပေါ်မှ ကြည့်မကောင်းလှသည့် မြင်ကွင်းကို စိုက်ကြည့်နေသည်။

 

လင်းဝမ်နင်က ဒေါသစိတ်ဖြင့် နာကျင်နေကာ သူမ၏မျက်လုံးများတွင် စိတ်ပျက်မှုများ ပြည့်နေခဲ့သည်။

 

‘သူမ တစ်ခုခု မှားခဲ့ပြီလား။ အမေတစ်ယောက်အနေနဲ့ သူမက သူမရဲ့စိတ်နှလုံးကို သူမသားအတွက် အကြွင်းမဲ့ မြုပ်နှံပြီး အရာအားလုံးကို  စီစဉ်ပေးခဲ့တယ်။ ဒါပေမယ့် သူမရဲ့သားကတော့ လုံးဝကို မိုက်မဲလွန်းပြီး သူမကို စိတ်ပျက်စေခဲ့တယ်’

 

‘ဘဝင်မြင့်တယ်၊ ရန်သူကို လျှော့တွက်တယ်၊ အပျော်အပါးမက်တယ်၊ လောဘကြီးတယ်၊ တကယ်တော့ သူမရဲ့သားက မသန်စွမ်းတဲ့သူလောက်တောင် အသုံးမကျဘူး’

 

“ဧကရီမယ်မယ်... မယ်မယ် စိတ်အေးအေးထားပါ၊ အနည်းဆုံးတော့ ဝမ်ရယ် နိုးလာတဲ့အထိ စောင့်ပေးပါဦး”

 

ချင်မော့မော့က လင်းဝမ်နင်၏နောက်ကို နှစ်ပေါင်းများစွာ လိုက်ပါခဲ့သူ ဖြစ်ပြီး သူမ တွေးနေသည့် အတွေးများကို ခန့်မှန်းနိုင်သည်။ သူမက ကုတင်ဘေးသို့ လျှောက်သွားပြီး ကျန်းမန်ကို ကုတင်ပေါ်မှ အတင်းဆွဲထုတ်လိုက်သည်။

 

ကြောက်လန့်တကြား အော်ဟစ်လိုက်သည့် ကရုဏာသက်ဖွယ် တောင်းပန် ငိုကြွေးသံများ ထွက်ပေါ်လာပြီး ကျင့်ရှန်းအိမ်တော်၏ အနောက်ဝင်းတွင် ကြီးမားသော ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပေါ်နေခဲ့သည်။

 

တံခါးအပြင်ဘက်တွင် ရပ်နေသော အစေခံများနှင့် နောက်လိုက်များလည်း အသက်တောင် မရှုရဲပဲ ခေါင်းများကိုသာ ငုံ့ပြီးရင်း ငုံ့ထားကြသည်။

 

ဟော်ရှက သူ့အဝတ်အစားများ သပ်ရပ်သွာအောင် အလျင်အမြန် ပြန်ဝတ်ပြီး စိတ်ပျက်လက်ပျက်ဖြင့် ဧကရီ၏ရှေ့တွင် ဒူးထောက်ထိုင်ချလိုက်သည်။

 

 "ဒီသားတော်က ကိုယ်ကိုကိုယ် မထိန်းနိုင်တာပါ၊ ဒါက သူ့ကြောင့် မဟုတ်ပါဘူး၊ ကျေးဇူးပြုပြီး မယ်တော်က သူ့ကို အရှက်ရအောင် မလုပ်ပါနဲ့”

 

ကျန်းမန်ကို ယခုနထဲက ဆွဲထုတ်သွားပြီး သူမကို မည်သို့ နှိပ်စက်မည်ကို သူ မသိနိုင်သေးပေ။

 

လင်းဝမ်နင်က ချင်မော့မော့ကို အနည်းငယ် ခေါင်းညိတ်ပြလိုက်သည်။ ချင်မော့မော့က သူမ ဆိုလိုသည့် အဓိပ္ပာယ်ကို ရှင်းရှင်းလင်းလင်း နားလည်နိုင်ပြီး သူမ၏အင်္ကျီလက်ဝထဲရှိ အမွှေးထုတ်ကို ချက်ချင်း ထုတ်ကာ ဟော်ရှအား လှမ်းပေးလိုက်သည်။

 

"ဝမ်ရယ်၊ အရှင်က ဒီနေရာကို ဘာလို့ ဒီလောက်တောင် စွဲလမ်းနေရတာလဲဆိုတာ တစ်ခါမှ မစဉ်းစားမိဘူးလား၊ အရှင်က တစ်ဖက်လူရဲ့ တွက်ချက်ခြင်းကို ခံလိုက်ရတာပါ"

 

ဟော်ရှ၏ မျက်နှာက ချက်ချင်း ပြာနှမ်းသွားသည်။

 

‘အဲ့လို ဖြစ်ခဲ့တာလား၊ သူ သူမကို စွဲလမ်းနေပြီး ညတိုင်း သူမ မရှိရင် အသက်မရှင်နိုင်သလိုဖြစ်နေခဲ့တာ အံ့သြစရာ မဟုတ်တော့ဘူး။’

 

"ရှအာ မင်းရဲ့အမှားကို မင်း သိပြီလား"

 

"သားတော် အမှားကို သိပါပြီ"

 

ဟော်ရှ၏အမူအရာက ညိုးငယ်နေသည်။

 

“ကောင်းပြီ၊ ဒီကိစ္စကို ဒီမှာတင် အဆုံးသတ်လိုက်မယ်၊ အခု အရေးကြီးဆုံးက ချင်းယန်ကို ပြန်ခေါ်ဖို့ ဝန်ကြီးချုပ်အိမ်တော်ကို သွားရမယ်၊ မင်း နားလည်လား”

 

ထိုစကားကို ကြားလိုက်ရချိန်တွင် ဟော်ရှတစ်ယောက် စိတ်ရှုပ်ထွေးသွားရပြန်သည်။

 

‘ရှန်းချင်းယန်က ထွက်သွားခဲ့တာလား’

 

လင်းဝမ်နင်၏ မျက်လုံးများက အေးစက်သွားပြီး ထပ်ပြောလာခဲ့သည်။

 

“မင်းက လက်ထပ်ပြီးတာ မကြာသေးဘူး၊ မင်းရဲ့ ဇနီးကို လျစ်လျူရှုပြီး ဒီလို နိမ့်ကျတဲ့ အစေခံနဲ့ ပျော်ပါးနေတယ်၊ ပိုပြီး အရေးကြီးတာက မင်းမိန်းမက မင်းကို ဖမ်းမိတာကိုတောင် ခံလိုက်ရသေးတယ်”

 

ထိုစကားက ဟော်ရှအတွက် မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားခဲ့သည်။

 

‘ဒါဆို ရှန်းချင်းယန်က သူတို့ကို ဖမ်းမိခဲ့တာပေါ့၊ ဒါပေမယ့် အဲ့လိုဆိုရင်တောင် သူမက ဝန်ကြီးချုပ်အိမ်တော်ဆီ ပြန်သွားစရာ လိုလို့လား၊ သူမက ပြန်သွားခဲ့တာလား၊ သူက ဝမ်ရယ်ဆိုတော့ အိမ်တော်ထဲမှာ မောင်းမမိဿံတွေ ထားတာ ထူးဆန်းလို့လား၊ သူမကပဲ သူ့ဆီ အရင်ရောက်လာပြီး သူကို သဘောကျကြောင်း စပြောခဲ့တာ အသိသာကြီးလေ၊ သူက သူမကို လက်ထပ်ပေးပြီး ကျင့်ရှန်းရဲ့တရားဝင် ဝမ်ဖေးဖြစ်အောင် လုပ်ပေးပြီးပြီပဲ၊ ဒါက လုံလောက်ပြီ မဟုတ်ဘူးလား....

 

ဒီမိန်းမက ဘာလို့ ဒီလောက် လောဘကြီးရတာလဲ’

 

ထိုသို့ တွေးမိလေလေ ဟော်ရှက သူ လဲ့ကျစ်အပေါ် ပို၍ ပို၍ အပြစ်ရှိသည်ဟု ခံစားလာရသည်။ သူ၏ကျစ်ကျစ်က အရှက်တရားများကို ကြံ့ကြံ့ခံပြီး လေးလံသော ဝန်ထုပ်ဝန်ပိုးများကို သည်းခံကာ လူရော စိတ်ပါ ထိခိုက်စေသည်အထိ သူ စေခိုင်းသမျှကို ထမ်းဆောင်ပေးနေခဲ့သည်။

 

‘မျှော်လင့်ထားသလိုပဲ၊ ဒါက ရှန်းချင်းယန်နဲ့ ဘယ်လိုမှ ယှဉ်လို့မရနိုင်တဲ့ ငယ်ချစ်ဦးတွေရဲ့ ချစ်ခင်မှုပဲ’

 

ဟော်ရှက သူ့ကို ဆေးခတ်ကာ တွက်ချက်ခဲ့သော "အစားထိုး" ကိုပင် အလွန်စိတ်ဆိုးနေခြင်း မရှိပေ။

 

'သူမက ငါ့ကို ချစ်လို့ တစ်ညလုံး အနားမှာ ရှိစေချင်ရုံပဲ ဖြစ်မှာပါ။ သူမက ငါ့ဆီက ဘာအဆင့်အတန်းမှ မတောင်းဆိုခဲ့သလို၊ အစားထိုး တစ်ယောက်အဖြစ် သတ်မှတ်ခံရတာကိုလည်း ဘာမှ မပြောခဲ့ဘူး။ ဒီလို မိန်းမမျိုးကမှ ချစ်ဖို့ကောင်းတာ'

 

‘ရှန်းချင်းယန်ကတော့ တံခါးပေါက်ကနေ ဖြတ်ဝင်လာတဲ့ ဝမ်ဖေးဖြစ်နေတောင် ဒီလို အသေးအဖွဲကိစ္စအတွက် မနာလို ဖြစ်ပြီး မိဘအိမ်ကို ပြန်သွားခဲ့တယ်၊ တော်တော် ဒေါသထွက်ဖို့ ကောင်းနေပြီ၊ သူမက ဝန်ကြီးချုပ်ရဲ့ သမီးဆိုပြီး ငါ့ကို ထိန်းချုပ်ဖို့  ကြိုးစားနေတာလား’

 

ဟော်ရှက အံကြိတ်ထားပြီး သူ့နှလုံးသားထဲတွင် ရှန်းချင်းယန်အပေါ် အငြိုးအတေးများ ပိုတိုးလာခဲ့သည်။

 

လင်းဝမ်နင်က ဟော်ရှတွေးနေပုံကို ခန့်မှန်းနိုင်သည်။ သူမ၏သားက ကောင်းကင်ဘုံ၏ အချစ်ခံသားဖြစ်ခဲ့သော်လည်း အိမ်မှ ထွက်ခွာပြီး လီတိုင်းပြည်တွင် ဓားစာခံအဖြစ် နှစ်ပေါင်းများစွာ နေခဲ့ရသည်။ ထို့ကြောင့် သူမက သားဖြစ်သူကို အပြစ်မပေးရက်ပေ။

 

သူမက သက်ပြင်းတစ်ချက်ချကာ ထပ်ပြောလိုက်ပြန်သည်။

 

"ရှအာ၊ မင်း ချင်းယန် မကြိုက်ဘူးဆိုတာကို မယ်တော် သိပါတယ်၊ ဒါပေမယ့် မင်းက အခုမှ တာ့ချီကို ပြန်လာတာလေ၊ မင်းရဲ့အခြေခံအုတ်မြစ်က မတည်ငြိမ်သေးဘူး၊ ဝန်ကြီးချုပ်ရှန်းရဲ့ အာဏာကို ဆုပ်ကိုင်ထားဖို့ လိုနေသေးတယ်”

 

အချိန်အတော်ကြာပြီးနောက် ဟော်ရှက ခေါင်းညိတ်လိုက်သည်။

 

“သားတော် နားလည်ပါပြီ၊ သားတော် သူ့ကို ပြန်ခေါ်ဖို့ ဝန်ကြီးချုပ်အိမ်တော်ကို သွားလိုက်ပါ့မယ်"

 

သူ ထရပ်လိုက်ပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သူ့ခြေလှမ်းများ ပြန်ရပ်တန့်သွားကာ နောက်သို့ လှည့်ကြည့်လာပြန်သည်။ ထို့နောက် ညှိုးငယ်သော အရိပ်အယောင်များဖြင့် တောင်းဆိုလိုက်သည်။

 

"မယ်တော်.... ရှောင်ကျစ်ကို... လွှတ်ပေးနိုင်.....မလား"

 

တံခါးအပြင်ဘက်မှ နေရောင်ခြည်က တောက်ပစွာ ဖြာကျနေသော်လည်း ဟော်ရှကတော့ နေရောင်ဘက်သို့ ကျောခိုင်းထားသောကြောင့် သူ့မျက်နှာတစ်ခုလုံး မှောင်မိုက်နေလေသည်။

 

“မင်းက မင်းရဲ့ဂုဏ်အသရေကို သိနေသရွေ့ ငါက သူ့ကို အရှက်ရစေမှာ မဟုတ်ဘူး”

 

လင်းဝမ်နင်က သူမလက်ကို ဝှေ့ယမ်းရင်း ထပ်ပြောလိုက်သည်။

 

“စိတ်မပူပါနဲ့၊ ငါ သူ့ကို မင်းနဲ့အတူ နေခွင့်ပေးမယ်"

 

ကျေနပ်လောက်သောအဖြေကို ရရှိပြီးနောက် ဟော်ရှက အလွန်ဝမ်းမြောက်သွားပြီး လူကို ပြန်ခေါ်ရန် ၀န်ကြီးချုပ်အိမ်တော်သို့ ပျော်ပျော်ရွှင်ရွှင်ထွက်သွားတော့သည်။

 

နက်ပြာရောင် မြေခွေးသားမွေးအပေါ်ရုံအင်္ကျီကို ဝတ်ထားသည့် ဟော်ရှ၏ နောက်ကျောကို ကြည့်နေသည့် လင်းဝမ်နင်တော့က သက်ပြင်းချလိုက်ပြန်သည်။

 

‘သူမရဲ့သားက ဟော်ချန်ယွင်နဲ့ တော်တော်တူတယ်။ အရင်တုန်းက ဟော်ရှ လဲ့ကျစ်ကို ချစ်မိပြီး ကြီးကျယ်တဲ့အရာတွေကို ရရှိဖို့ ခက်ခဲမှာကို သူမ ကြောက်ရွံ့ခဲ့ဖူးတယ်။

 

အဲဒါကြောင့် သူမ ကျန်းမန်ကို ရှာဖွေပေးခဲ့တာ၊ အခုတော့......

 

ဟုတ်ပါတယ်လေ၊ ဟော်ချန်ယွင်ရဲ့သားက ဘယ်လိုလုပ်ပြီး တခြားသူကို ချစ်မြတ်နိုးတတ်တဲ့သူ ဖြစ်လာနိုင်မှာလဲ’

 

သိသာတာကတော့ သူမ အလွန်အမင်း စိုးရိမ်မိသွားတာပါပဲ....’

 

.......။........။.......

 

နူးညံ့သိမ်မွေ့သော ကျောက်စိမ်းမျက်နှာဖုံးကို ပြန်ဆင်မြန်းထားပြီးသည့် ဟော်ရှက ဝန်ကြီးချုပ်အိမ်တော်တွင် အရာရာကို ပါးနပ်စွာ ကိုင်တွယ်နိုင်ခဲ့သည်။

 

ရှန်းဟွိုက်က အမှန်တကယ်ပင် ဒေါသထွက်နေခဲ့သည်။

 

ဝန်ကြီးချုပ်၏ ဇနီးသည်က စောစီးစွာ ကွယ်လွန်သွားပြီး ရှန်းဟွိုက်က နောက်အိမ်ထောင် မပြုတော့ဘဲ တစ်ဦးတည်းသော သမီးဖြစ်သူ ရှန်းချင်းယန်ကိုသာ အဖိုးတန် ရတနာလေးသဖွယ် အလွန်အမင်း ချစ်မြတ်နိုးခဲ့သည်။

 

သို့သော် မနေ့ညကမှ လက်ထပ်လိုက်သည့် သမီးလေးက မျက်ရည်များဖြင့် အိမ်တော်သို့ ပြန်ရောက်လာခဲ့သည်။ ရှန်းဟွိုက်လည်း ဖြစ်ပျက်သမျှကို ကြားသိရပြီး ဒေါသများ တဟုန်းဟုန်း တောက်လာခဲ့သည်။ သို့သော်လည်း သူ ဘာမှ မတတ်နိုင်ခဲ့ပေ။

 

‘ချင်းယန်နဲ့ ဟော်ရှကို ကွာရှင်းခွင့်ပေးလိုက်ရင် ကောင်းမလား။ ဒါဆို သူ့သမီးလေး အနာဂတ်မှာ ဘယ်လို ရပ်တည်နိုင်တော့မှာလဲ၊ ပြီးတော့ နောင်တချိန် သူ မရဏပြည်ကို ရောက်တဲ့အခါ သူ့ဇနီးကို ဘယ်လို ရှင်းပြရမှာလဲ’

 

ကံကောင်းထောက်မစွာဖြင့် ဟော်ရှက စိတ်ရင်းမှန်ဖြင့် လာရောက်တောင်းပန်ခဲ့သည်။

ရှန်းဟွိုက်ကလည်း ဟော်ရှ၏ ရပ်တည်ချက်နှင့် အရည်အချင်းကို အကဲခတ်နိုင်ခဲ့သည်။ ဟော်ရှက စိတ်သဘောထား မတည်ငြိမ်သေးသော လူငယ်တစ်ဦးသာ ဖြစ်နေသေးသော်လည်း နောင်တွင် ပိုကောင်းလာမည်ဟု သူ ယူဆခဲ့သည်။ သူသာ ဟော်ရှကို အစွမ်းကုန် ကူညီပေးခဲ့လျှင် ဟော်ရှ အာဏာရလာသည့်အခါ သူ့သမီးကလည်း တိုင်းပြည်၏ မိခင်၊ ဧကရီ ဖြစ်လာပေလိမ့်မည်။

 

‘သူ့သမီးလေးက ဒီတာ့ချီမှာ ဂုဏ်သရေအရှိဆုံး အမျိုးသမီး ဖြစ်လာဖို့ ထိုက်တန်တယ်’

 

ထို့ကြောင့် ရှန်းဟွိုက်က သူ့၏မကျေနပ်မှု အနည်းငယ်ကို လေသံမာမာဖြင့် ဖော်ပြပြီးနောက် ဟော်ရှကို အတွင်းခန်းထဲသို့ ဝင်ခွင့်ပြုလိုက်သည်။

 

ရှန်းချင်းယန်က မျက်လုံးများမှိတ်ထားပြီး သေမင်းတမန်လို ဖြူဖျော့သော မျက်နှာဖြင့် ပန်းထိုးခေါင်းအုံးပေါ်တွင် လှဲလျောင်းနေသည်။ သူမ တံခါးဖွင့်သံကို ကြားနေရသော်လည်း အခန်းထဲသို့ ဝင်လာသူကို လုယင်ဟု ယူဆထားပြီး မျက်လုံးပင်င် ဖွင့်မကြည့်ခဲ့ပေ။

 

"ပြန်ထွက်သွား...ငါ ဘာမှ မစားချင်ဘူး"

 

"ဘာလို မစားရမှာလဲ"

 

နူးညံ့သိမ်မွေ့သော အသံကို ကြားလိုက်ရသဖြင့် ရှန်းချင်းယန်က သူမ၏မျက်လုံးများကို မယုံကြည်နိုင်စွာ ဖွင့်လိုက်ပြီး နူးညံ့သိမ်မွေ့သော အမူအရာအပြည့်နှင့်လူက သူမ၏မျက်လုံးများရှေ့တွင် ရှိနေပြီ ဖြစ်သည်။ ဟော်ရှက သူ့လက်ကို မြှောက်လိုက်ပြီး သူမပါးကို ဖွဖွလေး ပွတ်သပ်ပေးလိုက်သည်။

 

“အဲ့ဒါဆို ကိုယ် စိတ်မကောင်းဖြစ်ရမှာပေါ့”

 

အခန်းထဲတွင် စန္ဒကူးနံ့ သင်းပျံ့နေပြီး အပူပေးမီးဖိုက တလက်လက် တောက်လောင်နေသည်။

 

ရှန်းချင်းယန်၏ အေးစက်နေသော နှလုံးသားကလည်း အနည်းငယ် ပြန်ပူနွေးလာသည်။ သို့သော် ရုတ်တရက် ယောက်ျားတစ်ယောက်၏ အက်ရှရှအသံနှင့် အမျိုးသမီးတစ်ယောက်၏ နူးညံ့သော ညည်းညူသံများ ထွက်ပေါ်လာသလို သူမ ခံစားလိုက်ရသည်။

 

သူမက ရုတ်တရက် သတိဝင်လာပြီး သူ့လက်ကို ဆွဲခွာဖို့ သူမလက်ကို မြှောက်လိုက်သည်။

 

“ကျွန်မကို မလှည့်စားပါနဲ့တော့။ ရှင်က.... ကျွန်မကို မ…”

 

သူမ၏ စကားမဆုံးခင် ဟော်ရှက သူမထံသို့ ချဉ်းကပ်လာပြီး သူမ၏နှုတ်ခမ်းကို သူ့နှုတ်ခမ်းဖြင့် ပိတ်ထားလိုက်သည်။

 

ခန္ဓာကိုယ်မှ နှလုံးသားအထိ တုန်လှုပ်သွားရသော ရှန်းချင်းယန်က ဟော်ရှ၏ မျက်ဝန်းများထဲမှတစ်ဆင့် သူမ၏ မျက်နှာလေး ရှက်သွေးဖြန်းကာ နီမြန်းသွားသည်ကို ရှင်းလင်းစွာ မြင်နေရသည်။ သူ့အနမ်း၏ ပြင်းပြမှုနှင့် နူးညံ့မှုကို သူမ ခံစားနေရသည်။

 

“တောင်းပန်ပါတယ် ယန်ယန်”

 

အနမ်းများအပြီးတွင် ဟော်ရှက သူမ၏ နှုတ်ခမ်းများကို လက်ဖြင့် အသာအယာ အုပ်ကိုင်ကာ တီးတိုးပြောလိုက်ပြန်သည်။ သူမ၏ မျက်ဝန်းမှ မျက်ရည်ပူများ စီးကျလာသည်။ ရှန်းချင်းယန်၏ နှလုံးသားက တစ်လှည့်စီ ခံစားနေရသော်လည်း သူ့အပေါ် ထားရှိသော အချစ်ကြောင့် သူမ၏စိတ်နှလုံး ပျော့ပြောင်းသွားခဲ့ရသည်။

 

လမင်းကြီးက တောက်ပလွန်းသဖြင့် ကြယ်တာရာတို့ပင် ပျောက်ကွယ်လုနီးပါး ဖြစ်နေခဲ့သည်။ ထိုည၏ လမင်းက ယခင်ကထက် ပိုဝိုင်းစက်နေသယောင် ရှိနေလသည်။

 

ညစာစားပြီးနောက် ဟော်ရှက ရှန်းချင်းယန်နှင့်အတူ ဝန်ကြီးချုပ်အိမ်တော်မှ ပြန်ထွက်ခွာလာခဲ့ပြီး သူ့၏အိမ်တော်ဆီသို့ တန်းတန်းမတ်မတ် ပြန်လာခဲ့သည်။

 

ညနက်ချိန်တွင် ရှန်းချင်းယန်က မှုန်ဝါးသောမျက်လုံးများဖြင့် သူမရှေ့မှ လူကို စိုက်ကြည့်နေသည်။

 

‘နောက်ဆုံးတော့ သူနဲ့ သူမ တစ်သားတည်းဖြစ်သွားခဲ့ပြီ’

 

နူးညံ့သော အနမ်းများက သူမ၏ ပါးပြင်၊ နှုတ်ခမ်းနှင့် နားရွက်များအနှံ့ ကျရောက်လာခဲ့သည်။ ကြယ်များ လင်းလက်နေချိန်တွင် သူမက ချစ်သူကို ကျေနပ်စွာ ဖက်တွယ်ရင်း အိပ်မောကျသွားခဲ့သည်။

 

ရှန်းချင်းယန် အိပ်ပျော်သွားကြောင်း သေချာသွားသည့်အခါ ဟော်ရှက သူ တနေကုန်ဝတ်ထားသည့် မျက်နှာဖုံးကို ဆုတ်ဖြဲလိုက်သည်။ သူက ရှန်းချင်းယန်ကို အမူအရာမဲ့သော မျက်နှာဖြင့် စိုက်ကြည့်နေခဲ့သည်။ သူမ၏ မျက်နှာထက်တွင် သူ ဖန်တီးခဲ့သော အနီကွက်များဖြင့် ရှိနေဆဲပင်။ သူက သူမ ဖက်ထားသော သူ့လက်ကို ရွံရှာစွာ ဆွဲထုတ်လိုက်ပြီး သူမနှင့် ခပ်ခွာခွာဖြစ်သွားအောင် နေရာရွေ့လိုက်သေးသည်။

 

'ဒီလောက်ဆို မင်း ကျေနပ်သင့်ပြီ မဟုတ်လား'

 

ဟော်ရှက သူ့ရင်ဘတ်ထဲမှ အရှက်ရမှုကို မျိုသိပ်ထားလိုက်သည်။ ယနေ့တွင် သူက တတိယမင်းသား ကျင့်ရှန်းဝမ် မဟုတ်ဘဲ တစ်ဖက်မိန်းကလေး စိတ်ကျေနပ်စေရန် အစွမ်းကုန် ကြိုးစားပေးနေရသည့် ဖျော်ဖြေရေးသမားတစ်ဦးကဲ့သို့ ခံစားနေရသည်။ မချစ်မနှစ်သက်ရသူနှင့် အတူနေရခြင်းက မည်မျှအထိ စိတ်ပျက်စရာကောင်းကြောင်း သူ ကိုယ်တိုင် သိရှိလာခဲ့ရသည်။

 

'ဒါဆိုရင် ကျစ်ကျစ်ရော... သူမလည်း ဒီလိုမျိုးပဲ စိတ်ဆင်းရဲနေရှာမှာလား'

 

ထိုအတွေးက ဟော်ရှ၏ နှလုံးသားကို နာကျင်သွားစေသည်။ ဟော်တူက ရှန်းချင်းယန်ထက် အဆတစ်ရာ ပိုခက်ခဲမည်ဟု သူ ထင်နေခဲ့သည်။

 

‘ဒီလို နေထိုင်ရတာ တစ်ညတာပဲ ရှိသေးတာ‌တောင် သူ သည်းမခံနိုင်လောက်အောင် စိတ်မသက်မသာဖြစ်နေခဲ့ရတယ်၊ ကျစ်ကျစ်က အဲ့လိုနေထိုင်ရတာ  ကြာနေပြီ မဟုတ်ဘူးလား.....

 

သူ ကျစ်ကျစ်ကို လျော်ကြေးပေးရမယ်’

 

‘အခုအချိန်မှာ သူ သူမကို အိမ်တော်ထဲအထိ ခေါ်ဖို့ မဖြစ်နိုင်သေးပေမယ့် အနည်းဆုံးတော့ သူမကို ပျော်ရွှင်အောင် လုပ်ပေးရမယ်။ ကျစ်ကျစ်အတွက် အစိုးရိမ်ရဆုံးသူက လဲ့ကျင်းဆိုတာကို သူ သိတယ်၊ အဲ့တော့ သူမရဲ့အစ်မကို မကြာခဏ သွားကြည့်ခွင့်ပြုလိုက်မယ်’

 

.......။.......။......

ကျွန်ဈေးအတွင်း၌...

 

ဤအခိုက်အတန့်တွင် လဲ့ကျစ်က သူမကိုယ်သူမ အလွန်ပင် အသုံးမကျသလို ခံစားနေရသည်။

 

ရန်ဟမ့်၏မတော်တဆမှုသတင်းကို ကြားပြီးကတည်းက သူမ သူ့ကိုသတ်ပစ်မည့် အစီအစဉ်အား ခေတ္တဆိုင်းငံ့ထားခဲ့သည်။ သို့သော်လည်း သူမ၏ ကလဲ့စားချေရန် အစီအစဉ်ကိုတော့ မရပ်တန့်နိုင်ပေ။ ကျင့်ရှင်းနှင့် လင်းယွဲ့က သူမကိုယ်စား ဆိုင်ဖွင့်ရန်အတွက် အလုပ်များနေသည်။ သူမက ရွေးချယ်ထားသော ဆိုင်၏အခြေအနေများ၊ ဆိုင်အတွက် ကူညီရန် လျာထားသောလူများနှင့် အခြားအရာများကို တစ်ခုပြီး တစ်ခု နှိုင်းယှဉ်ရန်သာ လိုအပ်သည်။ လတဝက်အတွင်းတွင် သူမ၏ဆိုင်ကို ဖွင့်နိုင်ပေလိမ့်မည်။

 

သို့သော် သူမကိုယ်စား မည်သူမျှ မလုပ်နိုင်သော ကိစ္စတစ်ခု ရှိနေသေးသည်။

 

ထိုအရာက သိုင်းပညာ ကျွမ်းကျင်သည့် အခြေခံလူတန်းစားတစ်ချို့ ရနိုင်ရန် ဖြစ်သည်။

 

လဲ့ကျစ်က ဟော်တူကို ထာဝရ အားကိုးလို့ မရနိုင်ဘူးဟု တွေးထားခဲ့သည်။ သူမတွင်လည်း ကိုယ်ပိုင်အင်အားစု ရှိထားသင့်ပြီး ဤကဲ့သို့သော လောကကြီးတွင် သိုင်းပညာရှင်များကိုသာ ယုံကြည်နိုင်သည်ဟု သူမ ထင်နေပြန်သည်။

 

 

သို့သော်လည်း ထူးချွန်သော သိုင်းပညာရှင်များကို ရနိုင်ရန် ခဲယဉ်းလွန်းပြီး သူတို့က ငွေရှိတိုင်း ဝယ်ယူနိုင်သော အရာဝတ္ထုပစ္စည်းများ မဟုတ်ပေ။ လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း နံနက်စောစောအချိန်တွင် ခြံဝင်းထဲ၌ ရဲမက်များကို လေ့ကျင့်ပေးနေသည့် အန်းရွှယ်ကို သူမ မြင်တွေ့ခဲ့ရသည်။ အန်းရွှယ်ကဲ့သို့သော လူမျိုးက ရန်သူတစ်ရာကိုပင် တစ်ကိုယ်တည်း ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။ လဲ့ကျစ်က "အန်းရွှယ်"လို လက်အောက်ငယ်သား ဆယ်ယောက်လောက် ရနိုင်လျှင် ကောင်းမည်ဟု စဥ်းစားနေခဲ့သည်။

 

သူမအနေဖြင့် အငိုက်ဖမ်း တိုက်ခိုက်ရန်မှလွဲ၍ အခြားရွေးချယ်စရာ မရှိသောကြောင့် ဟော်ရှ၏ ခွေးအသက်ကို နှုတ်ယူရန်အတွက် "အန်းရွှယ်" ဆယ်ယောက်ရှိလျှင် လုံလောက်ပေလိမ့်မည်။

 

“အင်း…”

 

လဲ့ကျစ်က ဆယ်ကြိမ်မြောက် သက်ပြင်းကို ချလိုက်ပြန်သည်။ သူမက သူမ၏ရှေ့မှ ရွှေဖရုံသီးမုန့်ပန်းကန်ကို ငွေရောင်ဓားငယ်လေးဖြင့် ထိုးလိုက်ပြီး ဟော်တူကို လှည့်ကြည့်ကာ သွေးတိုးစမ်းချင်သည့်လေသံဖြင့် လှမ်းမေးလိုက်သည်။

 

“အရှင့်သား၊ ဒီအန်းရွှယ်လို ရတနာကို ဘယ်မှာ ရှာတွေ့ခဲ့တာလဲ”

 

ထိုစကားကို ကြားလိုက်ချိန်တွင် ဟော်တူက ငွေတူများကို ပြန်ချလိုက်ပြီး သူ့မျက်လုံးများကို ပင့်တင်ကာ လဲ့ကျစ်ကို အေးတိအေးစက် ကြည့်လာခဲ့သည်။

 

‘အန်းရွှယ်က ဘယ်လိုရတနာမျိုးမို့လို့လဲ’

 

“ကျွန်ဈေးမှာ ဒီလိုလူတွေ အများကြီးရှိတယ်”

 

ဟော်တူ၏ လေသံက အေးစက်တည်ငြိမ်နေပြီး  ထပ်မေးလာပြန်သည်။

 

"မင်း စိတ်ဝင်စားလို့လား"

 

လဲ့ကျစ်က သူ့နှုတ်ခမ်းကို တွန့်ကွေးရင်း သူမ၏မျက်လုံးများမှ ရွှင်မြူးမှုကို ဖုံးကွယ်မထားဘဲ ခေါင်းညိတ်လိုက်သည်။

 

“ကျွန်မ... ကျွန်ဈေးကို သွားကြည့်လို့ ရမလား”

 

“သွားလို့ရတယ်၊ ဒီမင်းသားက မင်းကို ချုပ်နှောင်ထားတာမှ မဟုတ်တာ”

 

"အရှင့်သားရော ကျွန်မနဲ့အတူ လိုက်ပေးမှာလား"

 

လဲ့ကျစ်က မျှော်လင့်တကြီး မေးလိုက်ပြန်သည်။

 

ဟော်တူ၏နှာခေါင်းအောက်တွင် ရဲမက်များကို တိတ်တဆိတ် ပြုစုပျိုးထောင်ရန် သူမ တွေးခဲ့ဖူးသော်လည်း ထိုအရာက အလွန်ခက်ခဲမှန်း သိသာလွန်းနေသည်။ ထိုအတွက်ကြောင့် လဲ့ကျစ်က ရိုးရိုးသားသားဖြင့် ဟော်တူကို သူမနှင့် အတူလိုက်ပေးရန် ဖိတ်ခေါ်လိုက်မည်။

 

‘အန်းရွှယ်လို အရည်အချင်းရှိတဲ့သူကို ရွေးချယ်နိုင်ခဲ့တာက သူ့မှာ ထူးထူးခြားခြား ကောင်းမွန်တဲ့ အမြင်ရှိတယ်လို့ ပြသနေတာ မဟုတ်ဘူးလား’

 

“မလိုက်ဘူး”

 

“…”

 

ဟော်တူက သူမကို ပြတ်ပြတ်သားသား ငြင်းဆိုလိုက်သဖြင့် သူမ ဘာမှ မတတ်နိုင်ခဲ့ပေ။ သို့သော် ကံကောင်းသည်မှာ သူက အန်းရွှယ်ကို သူမနှင့်အတူ လိုက်ပါရန် စီစဉ်ပေးခဲ့ခြင်းပင်။

 

ထို့ကြောင့်လည်း ဤညနက်သန်းခေါင်တွင် လဲ့ကျစ်တစ်ယောက် စိတ်လှုပ်ရှားစွာဖြင့် ကျွန်ဈေးသို့ ရောက်ရှိနေခဲ့ခြင်းပင်။ လဲ့ကျစ်က ချမ်းသာသော ကုန်သည်တစ်ဦး၏ ဇနီးပုံစံ ၀တ်ဆင်ထားပြီး အန်းရွှယ်အပါအဝင် အခြားအစေခံသုံးယောက်နှင့်အတူ မြင့်မားသော စင်မြင့်ပေါ်တွင် ထိုင်နေခဲ့သည်။

 

ကွင်းပြင်ရှိ ကျွန်များက အနီးကပ်တိုက်ပွဲများအတွင်း တစ်ဦးချင်း တိုက်ခိုက်နေကြပြီး အနိုင်ရသော ကျွန်များက မြင့်မားသော စင်မြင့်ပေါ်တွင်ထိုင်နေသော မှူးမတ်များ၏ ရွေးချယ်ခြင်းကို ခံရရန် အရည်အချင်းပြည့်မီသည်။ ကျွန်တစ်ဦးကို လိုချင်သူ များပြားနေပါက အမြင့်ဆုံးဈေး ပေးနိုင်သူကသာ ရရှိမည်ဖြစ်သည်။

 

ပွဲစဉ်များကို တပွဲပြီး တစ်ပွဲ စောင့်ကြည့်နေခဲ့သော်လည်း လဲ့ကျစ်အတွက် ကျေနပ်ဖွယ်ရလဒ်ကို မတွေ့ခဲ့ရပေ။ သူမ အနည်းငယ် မောပန်းနွမ်းနယ်လာချိန်တွင် ပိန်ပိန်ပါးပါးနှင့် နက်မှောင်သောအသားအ‌ရေရှိသည့် အသက် တစ်ဆယ့်သုံးနှစ်ခန့် လူငယ်လေးက ထွားကျိုင်းသော ကျွန်ကို တိုက်ခိုက်ရန် ကွင်းလယ်သို့ ဝင်လာခဲ့သည်။ ခွန်အားကွာခြားမှု အလွန်များသောကြောင့် စင်မြင့်ပေါ်ရှိ လူအများအပြားက ထိုလူငယ်လေးအတွက် စိတ်မဝင်စားသည့်တိုင် မျက်တောင်မခတ် ကြည့်နေကြဆဲပင်။

 

အချက်ပေးသံ ကြားလိုက်ရပြီး တခဏအကြာမှာပင် လူငယ်လေးက သန်မာထွားကျိုင်းသော လူကြီးကို မြေပြင်ပေါ်သို့ အရှိန်ဖြင့် လှဲချလိုက်သည်။

 

လဲ့ကျစ်က တခဏချင်း လန်းဆန်းသွားပြီး ခေါင်းလှည့်ကာ မေးမြန်းလိုက်သည်။

 

“ရှောင်အန်း၊ ဒီကလေးက ကောင်းတယ်လို့ မင်း ထင်လား"

 

သို့သော်လည်း အန်းရွှယ်၏ မျက်လုံးများက သူမ၏နံဘေးမှ ကျင့်ရှင်းထံသို့သာ ရောက်ရှိနေပုံရသည်။

 

‘ကောင်းပြီ၊ အန်းရွှယ်က ကွင်းပြင်က တိုက်ပွဲကို လုံးဝ မကြည့်နေခဲ့ပုံပဲ’

 

သို့သော် ထိုအရာက အန်းရွှယ်အတွက် မတရားစွပ်စွဲမှုတစ်ခုသာ ဖြစ်ပေလိမ့်မည်။ သူ၏ စိတ်အာရုံက ကွင်းထဲတွင် ရှိမနေသယောင် ထင်ရသော်လည်း သူက အခြေအနေအရပ်ရပ်ကို ရှင်းလင်းစွာ အကဲခတ်နိုင်ခဲ့သည်။

 

"သခင်မ... ဒီလူကို သုံးလို့ ရပါတယ်"

 

အန်းရွှယ်၏ စကားကို ကြားရမှပင် လဲ့ကျစ်လည်း စိတ်အေးသွားရသည်။ သူမက လက်ကို အလျင်အမြန် မြှောက်လိုက်ပြီး ဝယ်ယူမည့် ဈေးနှုန်းကို ခေါ်လိုက်သည်။ သို့သော် ထိုလူငယ်လေး၏ အရည်အချင်းကို သဘောကျသူများပြားလှသဖြင့် လူတိုင်းက အပြိုင်အဆိုင် ဈေးတိုးပေးနေကြပြီး အလျှော့ပေးမည့်သူ မရှိသလောက်ပင်။

 

သို့သော် လဲ့ကျစ်က အနိုင်ရရန် ဆုံးဖြတ်ထားခဲ့သည်။

 

သူမက အံကြိတ်ကာ ဈေးတိုးပေးလိုက်သည်။

 

“ငွေစငါးရာ”

 

ထိုအသံ ထွက်ပေါ်လာပြီးနောက် ကျွန်ဈေးတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။ ကျွန်တစ်ယောက်က မည်မျှပင် အစွမ်းထက်နေပါစေ ငွေစငါးရာဆိုသော ပမာဏက အလွန်များပြားလှသည်ဟု လူတိုင်းက တွက်ဆလိုက်သောကြောင့်ပင်။

 

“ငွေစငါးရာ... တစ်ကြိမ်”

 

“ငွေစငါးရာ...နှစ်ကြိမ်”

 

လဲ့ကျစ်၏ မျက်နှာတွင် အောင်နိုင်သူ၏ အပြုံးတစ်ခု ပေါ်လာသည်။ သူမ ဆိုင်ဖွင့်ရန်အတွက် လိုအပ်သော အထွေထွေအသုံးစရိတ်များအပြင် လူဝယ်ရန်အတွက် သူမတွင် ငွေလျန်နှစ်ထောင်သာ ကျန်နေတော့သည်။ သူမ အနည်းဆုံး လူငါးဦးခန့် ဝယ်ယူရန် ရည်ရွယ်ထားသဖြင့် လူတစ်ယောက်အတွက် ငွေငါးရာ သုံးစွဲခြင်းက သူမ သတ်မှတ်ထားသည့် အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်သည်။

 

လဲ့ကျစ်တစ်ယောက် မည်သူမျှ သူမထံမှ လုယူနိုင်တော့မည်မဟုတ်ဟု တွေးတောရင်း “အတည်ပြုလိုက်ပြီ” ဟူသော စကားလုံးကို ကျေနပ်စွာ စောင့်ဆိုင်းနေခဲ့သည်။

 

သို့သော် ကံမကောင်းစွာဖြင့်  သူမထက် ခြေတစ်လှမ်း ပိုမြန်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

 

“ငွေစတစ်ထောင်”

 

ထိုအသံက အရမ်းရင်းနှီးနေသောကြောင့် လဲ့ကျစ်တစ်ယောက် ကျိန်ဆဲမိလုနီးနီး ဖြစ်သွားရပြန်သည်။ သူမ ဒေါသတကြီး လှည့်ကြည့်လိုက်ချိန်တွင် ခရမ်းရောင်ဖျော့ဖျော့ ဝတ်စုံကို ဝတ်ဆင်ထားသည့် ဟော်တူကို တွေ့လိုက်ရသည်။ သူ၏ ခါးတွင် ရွှေချည်ပန်းထိုးထားသော ခါးစည်းကို ပတ်ထားသဖြင့် မြင့်မြတ်သောအသွင်ကို ပို၍ ပေါ်လွင်စေသည်။

 

သူ၏ လက်ထဲတွင် ကျောက်စိမ်းဖြူ တုတ်ကောက်တစ်ချောင်းကို ကိုင်ဆောင်ထားသော်လည်း မြင့်မားသော စင်မြင့်ထက်တွင် ထိုင်နေသူများအကြား သူ၏ တည်ရှိမှုက ထင်ရှားလွန်းလှသည်။

 

လဲ့ကျစ်က မကျေမနပ်ဖြင့် သူမ၏နှုတ်ခမ်းလေးကို ခပ်ဖွဖွဖိကာ ကိုက်လိုက်ပြန်သည်။

 

 

‘သူ မလာဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား...

 

အိုး... ဘာလို့ ခုမှလာပြီး လူကို လုချင်နေသေးတာလဲ...’

 

.......။......။......

 

ဒီစာရေးသူမှာ ပြောစရာရှိပါတယ်။

 

ဟော်ရှ : မတွေ့တာကြာပြီနော်၊ ငါ့ကို အရမ်းလွမ်းနေလား၊ ကောင်မလေးတွေရဲ့ နှလုံးသားထဲမှာ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် အနေနဲ့ မင်းတို့ အားလုံး ငါ့ကိုချစ်တယ်ဆိုတာ ငါ သိပါတယ်.....

 

ရှောင်တူ နှင့် ကျစ်ကျစ် : ………

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟