CHAPTER 36
Viewers 654

အခန်း ၃၆ ဓားဖြင့်ထိုးခြင်း

 

ပူနွေးသော စမ်းချောင်းလေးရှိရာ ဝင်းထဲသို့ သူ ဝင်လိုက်သည်နှင့် ပန်းပွင့်များ၏ ရနံ့က နှာခေါင်းဝသို့ ပျံ့လွင့်လာသည်။ သို့သော် အမည်မဖော်နိုင်သော အကြောင်းပြချက်တစ်ခုကြောင့် ရန်ဟမ့်၏ စိတ်ထဲသို့ ထိတ်လန့်မှုနှင့်အတူ အေးစက်စက် ခံစားချက်တစ်ခု ဝင်ရောက်လာသည်။

 

တံစက်မြိတ်များပေါ်တွင် သူ ခေါ်ဆောင်လာသော လျှို့ဝှက်သက်တော်စောင့်များ ရှိနေသည်ကို မြင်လိုက်ရမှသာ သူ အနည်းငယ် စိတ်သက်သာရာ ရသွားခဲ့သည်။

 

သူက တစ်ခါမြွေကိုက်ခံရဘူးလျှင် ဆယ်နှစ်လောက် ကြာအောင် ကြိုးကို မြင်သည်နှင့် ကြောက်နေတတ်သည်ဟူသော သဘောမျိုး ဖြစ်နေခဲ့သည်။ သူ ယနေ့တွင် အလွန်အမင်း စိုးရိမ်ပူပန်နေမိသဖြင့် မိမိကိုယ်မိမိ ပြန်လည်ကျိန်ဆဲကာ ငြီးတွားနေမိသည်။

 

"ရန်သခင်ကြီးတောင် ရောက်နေပြီပဲ"

 

နူးညံ့သိမ်မွေ့သော စကားသံက ရန်ဟမ့်၏ အတွေးများကို နောက်ပြန်ဆွဲထုတ်လိုက်ပြီး မကြာမီ နီညိုရောင်၀တ်စုံတစ်ခုက သူ့မြင်ကွင်းထဲသို့ ရောက်ရှိလာသည်။ အပန်းဖြေအိမ်ဝင်းအတွင်းရှိ စင်္ကြံများအားလုံးက လင်းလက်တောက်ပနေပြီး လဲ့ကျစ်၏ နှင်းဖြူရောင် ပါးပြင်များကို ပိုဝင်းပနေစေသည်။

 

ရန်ဟမ့်က ထိုနေရာတွင်ပင် အသက်ရှူရပ်မတတ် ငေးမောနေခဲ့ပြီး လဲ့ကျစ်၏ မျက်လုံးထောင့်မှ အညိုရောင်ဖျော့ဖျော့ အရိပ်လေးကို ကြည့်မိချိန်တွင်တော့ သူ၏ နှလုံးသားတစ်ခုလုံး တုန်လှုပ်သွားရသည်။

 

‘နတ်ဆိုးလို ညှို့ငင်နိုင်ပြီး ချစ်စရာကောင်းလွန်းတယ်’

 

ရန်ဟမ့်က နူးညံ့သိမ်မွေ့ပြီး အပြစ်ကင်းစင်သော အမျိုးသမီးများကို နှစ်သက်သော်လည်း ဤပုံစံကို မည်သည့် ယောက်ျားမျိုးကမှ တောင့်ခံနိုင်မည်မဟုတ်ပေ။ တစ်နည်းဆိုရသော် သူက ယောက်ျားအစစ်အမှန် မဟုတ်တော့သော်လည်း အလှတရားကြောင့် လှည့်ဖြားခံနေရသေးသည်။ သူ ဤမိန်းခလေးကို မကြည့်သင့်ဘူးဟု သူ့ကိုယ်သူ သတိပေးနေခဲ့သော်လည်း သူ၏ စိတ်ရိုင်းများကိုလည်း မထိန်းချုပ်နိုင်ခဲ့ပေ။

 

လဲ့ကျစ်က သူမ၏ နှုတ်ခမ်းထောင့်ကို အသာပင့်ကာ အပြုံးလေးဖြင့် အနားသို့ တိုးကပ်လာရင်း ခေါ်လိုက်ပြန်သည်။

 

"ရန်သခင်ကြီး"

 

ထိုအချိန်မှသာ ရန်ဟမ့် အသိပြန်ဝင်လာပြီး တိုးတိုးလေး ချောင်းဆိုးလိုက်သည်။ လဲ့ကျစ်၏အနီးအနားတွင် မည်သူမျှ မရှိသည်ကို မြင်လိုက်ရသောကြောင့် သူက ချက်ချင်း လှမ်းမေးလိုက်သည်။

 

"ထိုက်ဇီဖေး၊ လီယောင် ဘယ်မှာလဲ"

 

“ရန်သခင်ကြီး... ကျွန်မ နောက်ကို လိုက်ခဲ့ပါ၊ လီယောင်က ရှင့်ကို ရေပူစမ်းမှာ စောင့်နေပါတယ်"

 

လဲ့ကျစ်က လမ်းပြရန် ရှေ့မှ လှည့်ထွက်သွားပြီး ရန်ဟမ့်က နောက်မှ လိုက်ပါလာသည်။ ထိုအချိန်တွင် တောင်ပေါ်၌ မိုးရွာတော့မည့်အလား လေရူးများ အပြင်းအထန် တိုက်ခတ်လာသည်။ စစ်သားဟောင်းတစ်ဦးဖြစ်သည့် ရန်ဟမ့်က သာမန်လူများထက် သတိရှိသူဖြစ်သည်။ သူက ကြီးမားလှသော အိမ်တော်ကြီးထဲတွင် အစေခံတစ်ဦးမျှ မရှိသည်ကို သတိပြုမိသွားသည်။ ရေပူစမ်းကန်ရှိရာ တံခါးဝမှ နွေးထွေးသော အလင်းရောင်များ ထွက်ပေါ်နေသော်လည်း သူ၏ ရင်ထဲတွင် အုံ့မှိုင်းသော ခံစားချက်ကြီးတစ်ခု ကြီးစိုးနေဆဲပင်။ ထို့ကြောင့် သူက သူ့ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ရှေ့သို့ ဆက်မတိုးတော့ပေ။

 

ရန်ဟမ့် ရပ်တန့်သွားသည်ကို သိလိုက်ရသည့် လဲ့ကျစ်၏ နှလုံးသားကလည်း အေးခဲသွားရသည်။ အရာအားလုံးက သူမ ထင်ထားသလို ချောချောမွေ့မွေ့ ဖြစ်မလာနိုင်တော့ကြောင်း သူမ ရိပ်မိလိုက်သည်။ သူမလည်း သူမ၏ခြေလှမ်းကို ရပ်လိုက်ပြီး အနောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ရန်ဟမ့်က သူမအား သံသယအပြည့်ဖြင့် စိုက်ကြည့်နေသည်ကို တွေ့လိုက်ရသည်။

 

‘မဟုတ်သေးဘူး၊ ငါ ဒီအချိန်မှာ စိတ်လှုပ်ရှားလို့ မဖြစ်သေးဘူး’

 

လဲ့ကျစ်က  နူးညံ့သော အပြုံးလေးကို ဆင်မြန်းလိုက်ပြီး လှမ်းမေးလိုက်သည်။

 

"ဘာဖြစ်လို့လဲ သခင်ကြီး"

 

"ဘာလို့ ဒီမှာ လူတစ်ယောက်မှ မရှိတာလဲ"

 

“ရန်သခင်ကြီး မသိတဲ့အရာတွေ ရှိသေးတယ်လေ၊ ကျွန်မတို့ တွေ့ဆုံတဲ့အကြောင်းကို သူများတွေ သိသွားရင် အတင်းအဖျင်း ပြောကြလိမ့်မယ်၊ ပြီးတော့ ထိုက်ဇီကလည်း ဒီအကြောင်းကို မသိဘူး၊ ဒါကြောင့် လူတွေအားလုံးကို အိမ်နောက်ဖေး ဝင်းထဲမှာပဲ နေခိုင်းလိုက်တာပါ”

 

ရန်ဟမ့်၏ သံသယများမှာ ပျောက်ကွယ်မသွားသေးသည်ကို မြင်နိုင်သည့် လဲ့ကျစ်က သူ့ကို ထပ်မတိုက်တွန်းတော့ဘဲ အေးအေးဆေးဆေး ထပ်ပြောလိုက်သည်။

 

“သခင်ကြီးက သံသယတွေ ရှိနေတယ်ဆိုရင်လည်း ဒီမှာ ခဏထိုင်စောင့်နေပေးပါ၊ ကျွန်မ လီယောင်ကို ဒီနေရာကို လာဖို့ သွားခေါ်ပေးပါ့မယ်”

 

ရန်ဟမ့်က အနီးရှိ အဆောင်ငယ်လေးထဲသို့ ဝင်လိုက်သော်လည်း စိတ်မချသဖြင့် လုံးဝ မထိုင်ဘဲ မတ်တပ်ရပ်လျက်သာ စောင့်ဆိုင်းနေလေသည်။

 

ထိုအဆောင်လေး၏အလယ်တွင် ကျောက်စားပွဲတစ်ခုရှိနေပြီး စားပွဲပေါ်မှာ သေရည်အိုးတစ်လုံး ရှိသည်။ လဲ့ကျစ်က သေရည်အိုးကို အမှတ်တမဲ့ ကောက်ယူလိုက်ပြီး သေရည်အနည်းငယ်ကို ခွက်တစ်ခွက်ထဲသို့ လောင်းထည့်ကာ ရန်ဟမ့်ကို ဧည့်ခံလိုက်သည်။

 

"ရန်သခင်ကြီး၊ သောက်ပါဦး"

 

ရန်ဟမ့်က သေရည်ခွက်ကို လှမ်းယူလိုက်သော်လည်း မသောက်သေးဘဲ သံသယစိတ်ဖြင့် ခွက်ကိုသာ စိုက်ကြည့်နေသည်။ ထိုအချိန်တွင် လဲ့ကျစ်က ရန်ဟမ့်၏ အနောက်သို့ တောက်ပသော မျက်လုံးများဖြင့် လှမ်းကြည့်ကာ မေးလိုက်ပြန်သည်။

 

"လီယောင် မင်း ဘာလို့ ထွက်မလာသေးတာလဲ"

 

ရန်ဟမ့်က သတိလက်လွတ်ဖြစ်သွားပြီး သူမ ကြည့်နေသည့် ဦးတည်ရာအတိုင်း နောက်သို့ လှည့်ကြည့်လိုက်သည်။

 

လဲ့ကျစ်က ထိုအခွင့်အရေးကို လက်လွှတ်မခံဘဲ လက်ကိုင်ပုဝါနှင့် ဓားမြှောင်ကို အမြန်ထုတ်ကာ ရန်ဟမ့်အနားသို့ တိုးကပ်လိုက်သည်။ သူမအတွက် အခွင့်အရေးက ဤတစ်ကြိမ်သာ ရှိသဖြင့် သူမ တစ်ချက်တည်းနှင့် အပြတ်ရှင်းရန် ဆုံးဖြတ်ထားသည်။ ကံကောင်းထောက်မစွာဖြင့် ရန်ဟမ့်တွင် ဒဏ်ရာဟောင်းများ ရှိနေဆဲ ဖြစ်သည်။ လဲ့ကျစ်က တုံ့ဆိုင်းမနေဘဲ ရန်ဟမ့်၏ ဒဏ်ရာရှိရာ ခန္ဓာကိုယ်အောက်ပိုင်းကို အားကုန်သုံး၍ ကန်ထုတ်လိုက်သည်။

 

"အား"

 

ဒဏ်ရာဟောင်း ပြန်ပွင့်သွားပြီး စူးရှသော နာကျင်မှုကြောင့် ရန်ဟမ့် အဆောင်ထဲမှ လွင့်စင်ထွက်သွားသည်။ သူ ဒေါသတကြီး ကျိန်ဆဲရင်း ပြန်ထရန် ကြိုးစားလိုက်သော်လည်း မထနိုင်တော့ပေ။ သူက အစောင့်များကို ခေါ်ရန် "လာ..." ဟု အော်လိုက်သော်လည်း စကားလုံးမဆုံးမီမှာပင် သေရည်နံ့ပြင်းပြင်း စွတ်ထားသော လက်ကိုင်ပုဝါက သူ့ပါးစပ်နှင့် နှာခေါင်းပေါ်သို့ ကျရောက်လာသည်။

 

သေရည်ထဲတွင် ဆေးရောထားသဖြင့် ရန်ဟမ့် ခေါင်းမူးလာသည်။ သူက လဲ့ကျစ်၏ လက်ကို ဆုပ်ကိုင်ကာ ရုန်းကန်သော်လည်း အားအင်ကုန်ခမ်းသွားခဲ့သည်။ သူ အံ့ဩနေသည်မှာ တံစက်မြိတ်ပေါ်ရှိ လျှို့ဝှက်သက်တော်စောင့်များ ဆင်းမလာခြင်းပင်။

 

‘သူ အသံမထွက်နိုင်ရင်တောင် လျှို့ဝှက်သက်တော်စောင့်တွေက ဒီလိုကြီးမားတဲ့ လှုပ်ရှားမှုကြီးကို လုံးဝ သတိမထားမိနိုင်စရာ အကြောင်းမရှိဘူးလေ’

 

ထိုအချိန်တွင် တံစက်မြိတ်ပေါ်၌ လဲလျောင်းနေသော လျှို့ဝှက်သက်စောင့်လေးယောက်ကလည်း ပြင်းထန်စွာ အဆိပ်သင့်နေပြီး နာကျင်မှုအပြည့်ဖြင့် ရုန်းကန်နေရသည်။ သူတို့ တံစက်မြိတ်ပေါ်တက်လာပြီးနောက် လေးလံသောရနံ့ကို အနံ့ခံလိုက်မိကြသည်။ သို့သော် သူတို့က ရန်သခင်ကြီး၏ လှုပ်ရှားမှုများကို စိတ်နှလုံးအကြွင်းမဲ့ စောင့်ကြည့်နေသောကြောင့် ထိုအကြောင်းကို သိပ်မစဉ်းစားခဲ့ကြပေ။ သို့သော် သူတို့၏ ခေါင်းများ တဖြည်းဖြည်း နှောက်ကျိလာပြီး အဆုံးတွင် လည်ချောင်းထဲ၌ ချိုမြိန်သွားကာ ပါးစပ်ထောင့်မှ အနက်ရောင်သွေးများ စီးကျလာသည်။

လဲ့ကျစ်က ရန်ဟမ့်၏ ရင်ဘတ်ပေါ်သို့ ဒူးထောက်ထားပြီး သူ့ကို ဖိထားကာ သူ့၏ကုတ်ခြစ်ရုန်းကန်မှုများကို လျစ်လျူရှုထားသည်။ သူ သူ့ပါးစပ်နှင့် နှာခေါင်းကို လက်နှစ်ဖက်ဖြင့် အုပ်ထားပြီး ထိတ်လန့်တကြား ဖြစ်နေသည်ကို သူမ စိုက်ကြည့်နေခဲ့သည်။

 

ထို့အပြင် သူမ၏ စိတ်ထဲမှလည်း လှောင်ရယ်နေသေးသည်။

 

‘အခုတော့ နင်လည်း အဲ့နေ့က ငါ့အစ်မ ခံစားခဲ့ရတဲ့ ထိတ်လန့်မှုကို နားလည်လောက်ပြီပေါ့’

 

ရန်ဟမ့်၏ မျက်ဆံများ တဖြည်းဖြည်း မှေးမှိန်လာချိန်တွင် လဲ့ကျစ်က လက်တစ်ဖက်ကို လွှတ်လိုက်ပြီး ဓားမြှောင်ကို မြဲမြဲဆုပ်ကာ သူ၏ နှလုံးသားတည့်တည့်သို့ အားကုန် ထိုးစိုက်လိုက်သည်။ ရန်ဟမ့်၏ မျက်လုံးများ ပြူးကျယ်သွားကာ တစ်ချက်တည်းဖြင့် အသက်ပျောက်သွားတော့သည်။

 

ဟော်တူက တစ်စုံတစ်ဦးကို ကားစင်တွင် ချုပ်နှောင်ထားပြီး လေးဖြင့် ပစ်သတ်ရန် အတင်းအကျပ် စေခိုင်းခဲ့သည့် အချိန်ကလွဲပြီး လဲ့ကျစ် တစ်ခါမျှ လူမသတ်ဖူးခဲ့ပေ။ သို့သော်လည်း ယခုအခါ သူမ၏ မျက်နှာပေါ်သို့ စေးကပ်သော သွေးပူများ လွင့်စင်လာသည်ကို သူမ ခံစားလိုက်ရသည်။ သူမ၏ ညာလက်တွင်လည်း သွေးများဖြင့် စိုရွှဲနေပြီ ဖြစ်သည်။

 

"‌ဗုန်း"

 

ထိုအချိန်တွင် သူမနောက်မှ တစ်စုံတစ်ယောက် မြေပြင်ပေါ်သို့ ကျလာသည့် အသံထွက်မျိုး ထွက်လာခဲ့သည်။

 

လဲ့ကျစ် လှည့်ကြည့်လိုက်ချိန်တွင် အနက်ရောင်ဝတ် လျှို့ဝှက်ကိုယ်ရံတော်တစ်ဦးက နောက်ဆုံးထွက်သက်အတွက် ရုန်းကန်နေရင်း သူ့သခင်ကို ကယ်တင်ရန် ကြိုးစားနေသည်ကို သူမ တွေ့လိုက်ရသည်။ သူမက ထိုသူ၏ နာကျင်မုန်းတီးနေသော မျက်လုံးများကို တိတ်တဆိတ် ပြန်စိုက်ကြည့်နေခဲ့သည်။ ထိုလူက ဓားကို ဆွဲကာ သူမထံသို့ လာရန် ကြိုးစားနေသော်လည်း ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် သွေးအမည်းများကို ထွေးထုတ်ကာ မှောက်လျက်လဲကျ သေဆုံးသွားသည်။

 

အိမ်တော်ကြီးအတွင်း ပြန်လည်တိတ်ဆိတ်သွားပြန်သည်။ သေဆုံးနေသော အလောင်းငါးလောင်းနှင့်အတူ သွေးညှီနံ့များက လေထဲ၌ အပြင်းအထန် ပျံ့လွင့်နေသည်။

 

ထိုအချိန်တွင် တစ်နေ့တာလုံး အောင့်ထားသမျှ မိုးအားလုံးကို စုပြုံရွာချလိုက်သကဲ့သို့ ကောင်းကင်ယံမှ မိုးများ သည်းထန်စွာ ရွာသွန်းချလိုက်သည်။  လဲ့ကျစ်က မူးဝေစွာဖြင့် မိုးရေထဲတွင် မတ်တပ်ရပ်နေပြီး သူမ၏ခန္ဓာကိုယ်တစ်ခုလုံး စိုရွှဲနေသည်။

 

‘ဟုတ်တယ်၊ ကောင်းကင်ဘုံကတောင် ငါ့ကို ကူညီပေးခဲ့တယ်၊ မိုးသာ သည်းသည်းတန်ထန် မရွာရင် ဒီပတ်ဝန်းကျင်က သဲလွန်စတွေအားလုံးကို ငါ ဘယ်လို ဖယ်ရှားပစ်နိုင်မှာလဲ’

 

‘ငါ အောင်မြင်သွားပြီ’

 

သို့သော်လည်း လဲ့ကျစ်၏ဦးနှောက်က အာရုံငါးပါးလုံး ဆုံးရှုံးသွားသလိုမျိုး ဖြစ်နေပြီး သူမ၏အသိစိတ်များ အနည်းငယ် ဝေဝါးနေသည်။

 

သူမ အားမရှိတော့သလို ထိုင်ချလိုက်ပြီး မျက်လုံးများ မှိတ်ကာ မျက်နှာကို ကောင်းကင်သို့ မော့ထားလိုက်သည်။ အေးစက်သောမိုးရေများက သူမ၏ ပါးပြင်များကို ဆေးကြောပေးနေပြီး သွေးများအားလုံးကို ဖယ်ရှားပစ်လိုက်သည်။

 

ထိုအချိန်တွင် ရုတ်တရက် ထွက်ပေါ်လာသော ခြေသံတချို့ကို လဲ့ကျစ် ကြားလိုက်ရသည်။ တုတ်ကောက်နှင့် မြေပြင်ကို ထိလိုက်သည့် ထိုသိမ်မွေ့သောအသံကို သူမ ရင်းနှီးပြီးသား အသံဖြစ်နေပြန်သည်။

 

‘ငါ ထင်ယောင်ထင်မှားတွေ ဖြစ်နေတာလား’

 

သို့သော် နောက်အခိုက်အတန့်တွင် သူမ၏ ခေါင်းပေါ်သို့ ကျဆင်းနေသော မိုးရေစက်များ ရုတ်ချည်း ပြတ်တောက်သွားသည်။ လဲ့ကျစ် မော့ကြည့်လိုက်ချိန်တွင် ထီးတစ်ချောင်းကို ကိုင်ကာ သူမကို တိတ်ဆိတ်စွာ ငုံ့ကြည့်နေသည့် ဟော်တူကို တွေ့လိုက်ရသည်။

 

"မင်းဘာသာ မတ်တပ်ရပ်နိုင်သေးလား"

 

မိုးရေကြောင့် အေးစက်နေ၍လား မသိနိုင်သော်လည်း ထိုစကားသံထဲမှ နွေးထွေးမှုကို လဲ့ကျစ် ခံစားလိုက်ရသည်။ သူမက ခေါင်းညိတ်လိုက်ပြီး မတ်တပ်ထရပ်လိုက်သည်။ ထီးက သိပ်မကြီးသဖြင့် သူမ၏ စိုစွတ်ညစ်ပတ်နေသော ခန္ဓာကိုယ်မှ ရေများ ဟော်တူကို ထိသွားမည်အား သူမ စိုးရိမ်မိသွားပြန်သည်။ ထို့ကြောင့် သူမ အလျင်အမြန် နောက်သို့ ဆုတ်ကာ မိုးရေထဲသို့ ပြန်ခြေချလိုက်သည်။

 

သူမ တစ်ကိုယ်လုံး ညစ်ပတ်နေပြီး စိုစွတ်နေသောကြောင့် သူမ ဘယ်လောက် ရှက်စရာကောင်းနေမှန်း မသိနိုင်တော့ပေ။ ဟော်တူကတော့ သူမနှင့် လုံးဝ ဆန့်ကျင်ဘက် ဖြစ်နေပြီး သပ်ရပ်သန့်ရှင်းသော ကြက်သွေးရောင်အင်္ကျီကို ၀တ်ဆင်ထားသည်။ လဲ့ကျစ်တစ်ယောက် အလွန်စိတ်ရှုပ်သွားရပြန်သည်။

 

‘သူက ဘာလို့ ဒီမှာ ရှိနေတာလဲ’

 

ဟော်တူ၏ မျက်လုံးများက လေးနက်လာပြီး ထီးကို ရှေ့သို့ ရွှေ့ကာ ထပ်ပြောလာပြန်သည်။

 

"ထီး လာကိုင်ပေး"

 

လဲ့ကျစ်က ခေါင်းညိတ်ကာ ထီးကို လှမ်းယူလိုက်သော်လည်း သူမ၏ ခန္ဓာကိုယ်က အေးစက်တောင့်တင်းနေသဖြင့် ကောင်းကောင်း မလှုပ်ရှားနိုင်သေးပေ။

 

ဟော်တူက သူမကို ကြည့်ကာ သက်ပြင်းချလိုက်ပြီး ထီးကို ပြန်ယူကာ ဘေးသို့ ပစ်ချလိုက်သည်။ ထို့နောက် သူမကို ရေပူစမ်း အဆောက်အအုံဆီသို့ ခေါ်ဆောင်သွားသည်။

 

"အထဲဝင်ပြီး အဝတ်အစား အရင်လဲလိုက်"

 

ဟော်တူက တံခါးကို တွန်းဖွင့်ရန် ပြင်လိုက်သော်လည်း လဲ့ကျစ်က သူ၏ လက်ကောက်ဝတ်ကို လှမ်းကိုင်ကာ တားဆီးလိုက်သည်။

 

"တခြားတစ်နေရာကို သွားရအောင်၊ အထဲက ရေပူစမ်းမှာ အဆိပ်တွေ ရှိနေတယ်"

 

ကြက်သွေးရောင်အင်္ကျီလက်ဝများက သူမ၏စိုစွတ်နေသော လက်ဖဝါးနှင့် ထိမိသွားပြီး လက်အနားကွပ်ပေါ်တွင် ရေအစွန်းအထင်းများ ပျံ့နှံ့သွားသည်။ လဲ့ကျစ်က သူ့လက်ကို အမြန် ပြန်လွှတ်လိုက်သည်။ သူမ၏ လက်သည်းအောက်တွင် သွေးများ စွန်းထင်းကျန်နေသည်ကို သူမ မြင်လိုက်ရပြီး အနည်းငယ် အားနာသလို ခံစားနေရပြန်သည်။

 

“တောင်းပန်ပါတယ်၊ အရှင့်သား၊ ကျွန်မနဲ့အတူ လိုက်ပြီး အဝတ်သစ်တွေ လဲလိုက်ပါ”

 

ဟော်တူက တံစက်မြိတ်အောက်နှင့် မြေပြင်ပေါ်ရှိ အေးစက်သွားသော အလောင်းများကို အေးစက်စွာ တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် တံခါးဝရှိရာသို့ အကြည့်ရွှေ့လိုက်ပြန်သည်။

 

ဒီခွေးသားကို သတ်ဖို့ သူမ ဘယ်လောက်ကြိုးစားအားထုတ်ခဲ့ရတာလဲ’

 

‘သေတမ်းစာတောင် ရေးခဲ့သေးတယ်’

 

လဲ့ကျစ် တစ်ဖက်သို့ လှည့်ကြည့်လိုက်စဉ် သူမ၏ နောက်ကျောဘက်မှ နားဝင်ချိုလှသော အသံတစ်သံ ထွက်ပေါ်လာသည်။

 

"လဲ့ကျစ်... ပင်ပန်းနေပြီလား"

 

‘ပင်ပန်းနေပြီလား.... တဲ့.....’

 

ထိုစကားတစ်ခွန်းတည်းနှင့်ပင် လဲ့ကျစ်၏ ရင်ထဲသို့ ဝမ်းနည်းမှုများ အရှိန်အဟုန်ဖြင့် တိုးဝင်လာပြီး ငိုချင်စိတ်ကို အောင့်ထား၍မရတော့ပေ။ မိုးမလင်းခင်ကတည်းက သူမ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်က တစ်စက္ကန့်မျှပင် အနားမရဘဲ တင်းခံထားခဲ့ရသည်။

 

သူမထံမှ ပြန်လည်ဖြေကြားသံ မကြားရသဖြင့် ဟော်တူက ထပ်မံမေးမြန်းလိုက်သည်။

 

"မင်း... ဘာဆက်လုပ်ချင်သေးလဲ"

 

လဲ့ကျစ်က သူ ဘာကို ဆိုလိုမှန်း နားလည်နိုင်သည်။ ရန်ဟမ့်ကို သုတ်သင်ပြီးရုံနှင့် ကိစ္စက မပြီးသေးပေ။ စက်ဆုပ်ရွံရှာဖွယ်ကောင်းသော ရှန်းယိတပ်မှ အဓမ္မကောင်များ ကျန်ရှိနေသေးသည်။ သို့သော် ရန်ဟမ့်ကို ကိုယ်တိုင်သတ်လိုက်ရသည့် ဖြစ်ရပ်က သူမကို လူရော စိတ်ပါ အစွမ်းကုန် မောပန်းနွမ်းနယ်စေခဲ့ပြီ ဖြစ်သည်။

 

​‘နောက်ထပ်ဆက်လျောက်ရမယ့်​လမ်းက ပိုခက်​မှာ မဟုတ်ဘူးလား’

 

‘ဒါပေမယ့် သူမ နောက်ဆုတ်ဖို့ မဖြစ်နိုင်တော့ဘူးလေ’

 

လဲ့ကျစ်က ညင်ညင်သာသာ တိုက်ခတ်နေသောကြောင့် လေကြောင့်  မြေပြင်ပေါ်တွင် ဖြစ်ပေါ်နေသော တံလျပ်များကို ကြည့်ပြီး အခိုင်အမာ ပြန်ရပ်တည်ရန် ကြိုးစားလိုက်သည်။

 

ခဏတာတိတ်ဆိတ်သွားပြီးနောက် ဟော်တူက ရှေ့သို့ တိုးလာပြီး လဲ့ကျစ်ကို အနောက်မှ တင်းတင်းကျပ်ကျပ် ပွေ့ဖက်လိုက်သည်။ သူ၏ သန်မာသော လက်တစ်ဖက်က သူမ၏ သွယ်လျသော ခါးအထက်ပိုင်းကို ရစ်ပတ်လိုက်ပြီး သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။

 

သို့သော် ဤမျှနှင့် မလုံလောက်သေးသလို သူ ခံစားနေရဆဲပင်။ လက်တစ်ဖက်တည်းဖြင့် ပွေ့ဖက်ထားရခြင်းက သူမနှင့် သူ့ကြားတွင် အလှမ်းဝေးကွာနေသလို ခံစားချက်မျိုး ပေးနေလေသည်။ သူက တုတ်ကောက်ကို ကိုင်ထားရသော အခြားလက်တစ်ဖက်ကို ငုံ့ကြည့်လိုက်ပြီး သူ၏ မျက်နှာထားက အေးစက်ခက်ထန်သွားပြန်သည်။

 

လဲ့ကျစ်က သူ၏ ခွန်အားနှင့် နွေးထွေးမှုကို ခံစားလိုက်ရသော်လည်း သူမ၏ စိုစွတ်ညစ်ပေနေသော အဝတ်အစားများက ဟော်တူ၏ သန့်ရှင်းသော ဝတ်ရုံကို စွန်းထင်းသွားမည်အား သူမ စိုးရိမ်နေပြန်သည်။ သူမ၏ နှလုံးသားက တုန်လှုပ်နေပြီး သူမ၏ခါးကို ဖက်ထားသော သူ၏လက်ကို ပြန်လည်အုပ်ကိုင်ရန် သူမ၏လက်လေးကို မြှောက်လိုက်မိသည်။

 

ဟော်တူက သူမကို အဘယ်ကြောင့် ဤကဲ့သို့ ပွေ့ဖက်ထားသည်ကို သူမ အတိအကျ မသိနိုင်သော်လည်း သူ့ရင်ခွင်ထဲတွင် ရှိနေရသည်က ကြောက်ရွံ့မှုနှင့် စိတ်မသက်မသာဖြစ်မှုများ အရည်ပျော်ကျသွားသလို ခံစားရစေသည်။ အေးခဲနေသော သူမ၏ခြေလက်များလည်း သွေးပြန်ပတ်လာပြီး နွေးထွေးလာသည်။

 

ထို့နောက် နွေးထွေးသော အသက်ရှုသံက သူမ နားထဲသို့ တိုးဝင်လာပြီး ရင်းနှီးသော လေသံတွင် ဆွဲဆောင်မှုရှိသော အရိပ်အမြွက်များ ရောထွေးနေသည်။

 

"လဲ့ကျစ်၊ မင်း... ဖြတ်လမ်း သုံးချင်လား"

 

🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟