အခန်း ၃၈ ထူးဆန်းတယ်
မိုးစဲသွားပြီးနောက် မြို့ပြင်ဆင်ခြေဖုံးရှိ တောရိုင်းပန်းပင်များနှင့် ပေါင်းပင်များပေါ်တွင် ရေစက်လက်များ ဝေဆာနေသည်။ တိမ်မည်းများ လွင့်စင်သွားပြီး မနက်ခင်းနေခြည်က ကမ္ဘာလောကကို ပြန်လည်နိုးထစေရန် ဖြည်းညှင်းစွာ ထွက်ပေါ်လာသည်။
အတန်ကြာ တိတ်ဆိတ်နေပြီးနောက် လဲ့ကျစ်၏ လက်ချောင်းများ တောင့်တင်းလာပြီး နာကျင်လာသည်။ တစ်ညလုံး ကြုံတွေ့ခဲ့ရသမျှကြောင့် သူမ၏ ခန္ဓာကိုယ်တွင် အားအင်များစွာ မကျန်တော့ပေ။ သူမက ဟော်တူကို အနောက်မှ အချိန်အကြာကြီး တင်းတင်းကြပ်ကြပ် ဖက်ထားခဲ့သော်လည်း သူက လုံးဝ တုံ့ပြန်ခြင်း မရှိခဲ့ချေ။
သူမက ဤအပြုအမူဖြင့် 'ရှင်ထင်သလို ကျွန်မ ရှင့်ကို မရွံပါဘူး၊ မမုန်းပါဘူး' ဟု ရှင်းရှင်းလင်းလင်း သက်သေပြနေခြင်း ဖြစ်သည်။ ထက်မြက်လှသော ဟော်တူက သူမ၏ ဆိုလိုရင်းကို နားမလည်စရာ အကြောင်းမရှိပေ။ သို့သော် သူက တုံ့ပြန်မှု မရှိသည့်အပြင် သူမ၏ လုပ်ရပ်က သရုပ်ဆောင်နေခြင်းသာ ဖြစ်သည်ဟု ထင်နေပုံရပြီး အေးစက်နေဆဲပင်။
လဲ့ကျစ်က ရင်ထဲတွင် ချဉ်တက်လာကာ ဝမ်းနည်းစိတ်ဖြင့် ဖက်ထားသော လက်များကို ဖြည်းညှင်းစွာ လွှတ်ချလိုက်သည်။ သို့သော် သူမ၏ လက်ဖဝါးများ သူ့ခါးထက်မှ လျောကျသွားခါနီးတွင် ဟော်တူက သူမ၏ လက်ကို လှမ်းဆုပ်လိုက်သည်။
ဟော်တူ၏ လက်ဖဝါးက အမြဲတမ်း အေးစက်နေတတ်သော်လည်း ယနေ့တွင် ထိုအအေးဓာတ်က သူမ၏ နှလုံးသားအထိ စိမ့်ဝင်သွားနေသလို လဲ့ကျစ် ခံစားနေရသည်။ သူက သူမ၏ လက်ကို ဆုပ်ကိုင်ထားရင်း တစ်စုံတစ်ခုကို ရှာဖွေနေသကဲ့သို့ သူမ၏ မျက်ဝန်းများကို သူ့၏အနက်ရောင် မျက်လုံးများဖြင့် နက်နက်နဲနဲ စိုက်ကြည့်နေသည်။
ထိုအချိန်တွင် အန်းရွှယ်က ရထားလုံးဖြင့် ရောက်ရှိလာပြီး သူတို့ကို မနှောင့်ယှက်ဘဲ မနီးမဝေးတွင် ရပ်စောင့်နေသည်။
ဟော်တူက လဲ့ကျစ်၏ နီမြန်းနေသော မျက်ဝန်းများကို စိုက်ကြည့်နေသည်။ ထို့နောက် သူမ မတ်တပ်ရပ်နေသည့် အနေအထားက တစ်ဖက်သို့ အနည်းငယ် စောင်းနေသည်ကို သူ သတိပြုမိသွားသည်။ သူက သူ့မျက်လုံးကို အောက်စိုက်လိုက်ပြီး ဂရုတစိုက် ကြည့်လိုက်ရာ လဲ့ကျစ်က သူမ၏ခန္ဓာကိုယ်အလေးချိန်အားလုံးကို ညာခြေပေါ်တွင်သာ တင်ထားပြီး ဘယ်ခြေကိုတော့ မြေပြင်နှင့် မထိစေဘဲ ကြွထားသည်ကို တွေ့လိုက်ရသည်။
တံကောက်ကြော ပြတ်ဖူးသော အတွေ့အကြုံရှိသည့် ဟော်တူအတွက် ဤအသွင်အပြင်ကို ကြည့်ရုံဖြင့် သူမ ခြေချင်းဝတ် ခေါက်သွားခြင်း သို့မဟုတ် အဆစ်လွဲသွားခြင်း ဖြစ်မှန်း အတပ်သိလိုက်သည်။ သူက သူမ၏ လက်ကို ဆုပ်ကိုင်ထားရင်း ရထားလုံးဆီသို့ တွဲခေါ်ရန် ပြင်လိုက်သော်လည်း စိတ်ဆိုးနေသော လဲ့ကျစ်က သူ၏လက်ကို ပြင်းပြင်းထန်ထန် ပုတ်ချလိုက်သည်။
လမ်းက ကုန်းစောင်းဖြစ်နေပြီး မညီမညာ ဖြစ်နေကာ ရုတ်တရက် အပုတ်ခံလိုက်ရသော ဟော်တူက အနည်းငယ် ယိမ်းထိုးသွားသော်လည်း သူ၏ တုတ်ကောက်ကို အားပြုကာ ခိုင်ခိုင်မြဲမြဲ ပြန်ရပ်တည်နိုင်ခဲ့သည်။ သို့သော် လဲ့ကျစ်ကတော့ အခြေအနေ မကောင်းပေ။ သူမ၏ခြေချင်းဝတ်မှ နာကျင်မှုကြောင့် ဟန်ချက်ပျက်သွားပြီး နောက်သို့ ခြေလှမ်းအနည်းငယ် ဆုတ်သွားခဲ့ရသည်။
အကြောင်းအရင်း မရှိဘဲ သူမ၏ ရင်ဘတ်ထဲတွင် နာကျင်မှုများ ပြည့်နှက်လာပြန်သည်။ သူမ၏ မြေခွေးမျက်လုံးလေးများတွင် စိတ်အနှောင့်အယှက်ဖြစ်မှုနှင့် ဝမ်းနည်းမှုများ ပေါ်ပေါက်လာသည်။ သူမက သူ့ကို ဂရုမစိုက်ဘဲ တွန်းဖယ်တတ်သူ မဟုတ်သော်လည်း သူ၏ အေးစက်စက် အမူအရာနှင့် စကားမပြောဘဲ နေခြင်းက သူမကို စိတ်မသက်မသာ ဖြစ်စေခဲ့သည်။
‘သေချာတာက သူ သူမကို နားလည်မှုလွဲနေပြီး အခု စကားတစ်ခွန်းမှ မပြောတော့ဘူး... ဒါက ဘာကိုဆိုလိုတာလဲ....’
"ရထားလုံးပေါ်အရင်တက်"
တိုးညှင်းသောအသံတွင် သိမ်မွေ့သော ဒုက္ခခံရမှုများ ရောနှောယှက်နွယ်နေသည်။
သို့သော် ဒေါသထွက်နေသော လဲ့ကျစ်က ထိုအသံကို သတိမထားမိဘဲ မျက်နှာလွှဲကာ ရထားလုံးနှင့် ဆန့်ကျင်ဘက်ဘက်သို့ လျှောက်သွားနေသည်။
‘လူတိုင်းမှာ ဒေါသမရှိဘူးလို့ သူ တကယ်ထင်နေခဲ့တာလား... ခြေလျင်လျှောက်ပြီး ပြန်ရရုံပဲ မဟုတ်ဘူးလား... တကယ်လို့ ခြေမသန်တဲ့သူတောင်လုပ်နိုင်ရင် ငါလည်း လုပ်နိုင်တယ်’
‘သူနဲ့အတူ ရထားလုံးမစီးချင်တော့ဘူး’
‘အဲ့လောက်တွေးရတာ ကြိုက်နေရင် တွေးချင်သလောက်သာ တွေးနေလိုက်တော့၊ ဟော်တူက ငါ သူ့ကို မုန်းနေတယ်လို့ ထင်နေတာမလား၊ အဲ့တော့ ငါ သူ့ကို မုန်းတီးမှုလို့ ခေါ်တဲ့ အကြည့်ကောင်းကောင်းနဲ့ ကြည့်ပေးလိုက်မယ်’
"လဲ့ကျစ်"
ဟော်တူက သူမကို အသံမာမာဖြင့် လှမ်းခေါ်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ သို့သော် သူ့ကို ဒုက္ခပေးလွန်းသည့် ပုံရိပ်လေးက နားမကြားသလို ပြုမူနေကာ ဒဏ်ရာရနေသည့်ခြေထောက်ကို မနာမကျင်ဟန်ဖြင့် အတင်းဆွဲပြီး ရှေ့သို့ ပြတ်ပြတ်သားသား ထွက်သွားခဲ့သည်။
သူမ၏ နာကျင်မှု မည်မျှပင်ဖြစ်နေစေကာမူ သူမ အလျင်အမြန် လျှောက်လှမ်းနေခဲ့ပြီး ဟော်တူအနေဖြင့် ခဏတာအတွင်း သူမကို လိုက်မမီနိုင်တော့ပေ။ သူက အေးစက်သော မျက်နှာဖြင့် ကျောက်စိမ်းဖြူတုတ်ကောက်ကို စိုက်ကြည့်နေခဲ့ပြီး သူ့ရင်ဘတ်ထဲတွင် ပေါ်ပေါက်နေပြီဖြစ်သော အတွေးများက ဤအချိန်တွင် အရိုင်းအစိုင်းများသဖွယ် တိုးထွက်ကြီးထွားလာတော့သည်။
‘ဒီအလွန်အကျွံ အတားအဆီးဖြစ်စေတဲ့ တုတ်ကောက်ကို တကယ်ပဲ လွှင့်ပစ်ချင်နေမိပြီ’
အဝေးမှ ရထားလုံးဘေးတွင် စောင့်နေသော အန်းရွှယ်ကတော့ ဤမြင်ကွင်းကို ကြည့်နေရင်း ခေါင်းနားပန်းကြီးနေရရှာသည်။
ထိုက်ဇီနှင့် ထိုက်ဇီဖေးတို့ ဘာလုပ်နေသည်ကိုလည်း သူ တကယ်နားမလည်နိုင်ဖြစ်နေရသည်။
‘အစကတော့ ထိုက်ဇီးဖေးက ထိုက်ဇီနောက်ကို လိုက်နေပြီး နောက်အခိုက်အတန့်မှာ ထိုက်ဇီက ထိုက်ဇီဖေးနောက်ကို ပြန်လိုက်နေပြန်တယ်၊ အပျော်ဆော့နေကြတာလား’
လူဖမ်းရန်နှင့် အရှုပ်အထွေးများကို ရှင်းထုတ်ပေးရန် တစ်ညလုံး အလုပ်ရှုပ်နေခဲ့ရသည့် အန်းရွှယ်က အမှန်ကယ်ကို အိပ်ချင်နေပြီ ဖြစ်သည်။ သူက ယခု စံအိမ်တော်သို့ ပြန်သွားပြီး အိပ်ရရန်သာ မျှော်လင့်နေခဲ့သည်။ ထို့ကြောင့် အဝေးမှ လူနှစ်ယောက်ကို လှမ်းကြည့်ရင်း သူ့မျက်ခုံးများက ရှုံ့တွနေလေသည်။
‘အကြာကြီး စနောက်နေကြတာ.... မပင်ပန်းကြဘူးလား...’
ပူနွေးသော နေရောင်က တဖြည်းဖြည်း ပေါ်လာပြီး ကောင်းကင်ကြီးက တောက်ပလာသည်။ သို့သော် နောက်ဆုံးတွင် ဆောင်းရာသီ ဖြစ်နေသေးသောကြောင့် အအေးဓာတ်က ပြင်းထန်နေဆဲဖြစ်ပြီး လေအေးများလည်း တိုက်ခတ်နေဆဲပင်။
လဲ့ကျစ်က ဒေါသတကြီး ပြေးထွက်လာခဲ့ပြီး သူမ၏ သွယ်လျသော ခန္ဓာကိုယ်တွင် သေချာမချည်ထားမိသော အပေါ်ရုံချည်ထည်အင်္ကျီက လေနှင့်အတူ လွင့်သွားခဲ့သည်။ သို့သော် ရုတ်တရက် လဲ့ကျစ်၏ ခြေလှမ်းများက မြေပြင်တွင် ကပ်သွားသကဲ့သို့ ရပ်တန့်သွားသည်။ သူမရှေ့တွင် ဘာမှမရှိသော်လည်း မမြင်နိုင်သော နံရံတစ်ခု ရှိနေသကဲ့သို့ သူမရှေ့သို့ တိုးမရတော့ပေ။
ယခင်က ထိုက်ဇီအိမ်တော်ထဲမှ ရေပူစမ်းတွင် ရေစိမ်ရင်း ထူးဆန်းသည့် တွန်းအားတစ်ခုက သူမကို မြှောက်တင်ကာ ရေကန်ထဲကို ခြေလွတ်လက်လွတ် ပြုတ်ကျပြီး ဟော်တူရင်ခွင်ထဲကို အလိုအလျောက် တိုးဝင်မိသည့် ပုံရိပ်က သူမစိတ်ထဲမှ ထွက်ပေါ်လာသည်။
အတွင်းအင်အားကို လေ့ကျင့်သူများက ချီကို စုစည်းပြီး အားအဖြစ်သို့ ပြောင်းလဲကာ သတ်မှတ်ထားသော အကွာအဝေးအတွင်းမှ လူ သို့မဟုတ် အရာဝတ္ထုများကို ထိန်းချုပ်နိုင်သည်ဟု သူမ၏အစ်ကိုတော်ထံမှ သူမ ကြားသိခဲ့ရသည်။ သူမ၏ အစ်ကိုတော်က ငယ်စဉ်ကတည်းက အတွင်းစွမ်းအားကို လေ့ကျင့်ခဲ့သော်လည်း အရာဝတ္ထုများကိုသာ ထိန်းချုပ်နိုင်ခဲ့ပြီး အရာဝတ္ထုများကိုသာ လေထဲသို့ တက်လာအောင် အတွင်းစွမ်းအားဖြင့် လှည့်ပတ်ဝဲပျံအောင် ပြုလုပ်နိုင်ခဲ့သည်။
‘ဒါပေမယ့် ဟော်တူရဲ့အတွင်းအားက ဘာလို့ ဒီလောက် အားကောင်းနေရတာလဲ’
ဟော်တူ သူမရှေ့သို့ လှမ်းလာချိန်တွင်တော့ ထိုပိတ်ဆို့ထားသော အင်အားက ကွယ်ပျောက်သွားပြန်သည်။ အအေးမိခြင်းကြောင့်လား၊ စိတ်လှုပ်ရှားခြင်းကြောင့်လား မသိနိုင်သော်လည်း လဲ့ကျစ်တစ်ယောက် ချောင်းတဟွတ်ဟွတ် ဆိုးလာခဲ့သည်။
ဟော်တူက သူမ၏ကျောပြင်လေးကို အသာအယာပုတ်ပေးကာ လည်ပင်းနောက်ဘက်ကိုလည်း ညင်ညင်သာသာ ပွတ်သပ်ပေးနေသေးသည်။ လဲ့ကျစ် ငြိမ်သက်မနေပဲ သူ့လက်မောင်းကို တွန်းလိုက်သည်။
"လွှတ်ပေး၊ အေးနေပြီ၊ အေးနေပြီလို့"
ဟော်တူက လွှတ်မပေးဘဲ ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ပြီး လဲ့ကျစ် သူ့အနားသို့ ပိုကပ်လာစေရန် ခွန်အားတစ်ခု ထပ်ဖြည့်လိုက်သည်။ သူတို့၏ နှာသီးဖျားလေးများ အနည်းငယ် ထိမိသွားပြီး နွေးထွေးသော အသက်ရှုသံများလည်း ရောယှက်သွားသည်။
သူက သူမနှာခေါင်းဖျားကို သူ့ နှာသီးဖျားလေးဖြင့် အမှတ်မထင် အသာအယာပွတ်သပ်ကာ ချော့မော့သောလေသံဖြင့် ပြောလာခဲ့သည်။
“ဒုက္ခပေးနေတာတွေကို ရပ်လိုက်တော့နော်”
နံနက်ခင်း နေရောင်ခြည်အောက်တွင် ဟော်တူ၏ မျက်နှာက ပို၍ပင် တောက်ပချောမောနေသည်။ လဲ့ကျစ်က သူ့မျက်ဝန်းများထဲမှ နူးညံ့မှုကို မြင်လိုက်ရပြီး သူမ၏နှလုံးသား ခုန်လှုပ်သွားသော်လည်း သူမ၏ အခြေအနေကို ပြန်သတိရကာ မျက်လုံးကို လွှဲလိုက်သည်။ ထို့နောက် မျက်လွှာချကာ ခြေလှမ်းနှစ်လှမ်းလောက် နောက်ပြန်ဆုတ်ပြီး သူနှင့် ခပ်ခွာခွာနေလိုက်သည်။
‘ငါ မကြည့်ရဲတော့ပါဘူးနော်’
ယခု ပထမဆုံး အလင်းရောင်ရောက်လာချိန်တွင် သူမ မနေ့ညကလို မနေနိုင်တော့ပေ။
လဲ့ကျစ်က သူမ၏နှုတ်ခမ်းကို ဖွဖွကိုက်လိုက်ပြီးမှ ဒေါသကို ရုတ်သိမ်းလိုက်သည်။
"အိမ်တော်ကို ပြန်ကြမယ်"
သူမက မောပန်းနွမ်းနယ်ဟန်လေးဖြင့် တိုးညှင်းစွာ ပြောလိုက်ပြီး ရထားလုံးဆီသို့ ဦးတည်လိုက်သည်။ သို့သော် ဟော်တူက သူမ၏ လက်ကောက်ဝတ်ကို လှမ်းဖမ်းကာ သူမကို သူ့ဘက်သို့ ပြန်လှည့်စေပြန်သည်။ သူ၏ ပူလောင်နေသော အကြည့်များကြောင့် လဲ့ကျစ်၏ ရင်ထဲတွင် တစ်ဖန် လှုပ်ခတ်သွားရပြန်သည်။
"ဒေါသထွက်နေသေးလား"
“အင်း”
လဲ့ကျစ်က မဆိုင်းမတွ ခေါင်းညိတ်လိုက်သည်။
သူမ၏ ပွင့်လင်းလှသော အဖြေကြောင့် ဟော်တူပင် အံ့အားသင့်သွားရသည်။
‘သူ့မှာ အမျိုးသမီးတွေနဲ့ ပတ်သတ်ပြီး အတွေ့အကြုံ မရှိဘူးဆိုရင်တောင် အရင်တုန်းက အဘိုးကြီးရင် ငြီးတွားပြောဆိုနေတာကို ကြားဖူးခဲ့သေးတယ်၊ မိန်းခလေးအများစုက အတူတူပဲတဲ့၊ သူတို့ စိတ်ဆိုးရင်တောင် စိတ်မဆိုးဘူးလို့ တမင်တကာ ပြောလေ့ရှိတယ်ဆိုပဲ။
‘ဒါပေမယ့် သူ့ရဲ့ မြေခွေးလေးကတော့ ဒီလို လှည့်ကွက်တွေကို လှည့်ပတ်တက်ပုံ မပေါ်ဘူး’
"အရှင့်သားရော ပင်ပန်းနေပြီလား"
လဲ့ကျစ်က သူမ၏ လက်ချောင်းထိပ်ကလေးများဖြင့် ဟော်တူ၏ ရင်ဘတ်မှ အဝတ်အစားများကို အသာအယာ ထိတွေ့လိုက်ပြီး မနေ့က သူ သူမကို မေးခဲ့သည့် လေသံအတိုင်း ပြန်လည်မေးမြန်းလိုက်သည်။
သူ တိတ်ဆိတ်နေသည်ကို မြင်လိုက်ရချိန်တွင် လဲ့ကျစ်က သက်ပြင်းချရင်း ထပ်ပြောလိုက်သည်။
"အရှင့်သားရဲ့စိတ်ထဲမှာ တစ်ခုခုရှိနေရင် ထိန်းထားစရာ မလိုပါဘူး၊ ကျွန်မ အရင်တုန်းက ပြောခဲ့သလိုပဲ ကျွန်မက အရှင့်သားကို မဟာမိတ်အဖြစ် သတ်မှတ်ထားတာ၊ အရှင့်သား မပျော်တာရှိရင် ဒါမှမဟုတ် အဆင်မပြေတာရှိရင် ကျွန်မကို တိုက်ရိုက်ပြောလို့ရပါတယ်”
ထိုနောက် လဲ့ကျစ်က ကောင်းကင်ကို မော့ကြည့်လိုက်ပြီး သူမ ရှေ့ဆက်ရမည့်လမ်းကို တွေးနေမိသည်။
‘သူမ လျှောက်နေတဲ့လမ်းက အရမ်းအန္တရာယ်များပြီး ဘယ်နေ့မှပြီးဆုံးမယ်ဆိုတာ သူမကိုယ်တိုင်လည်း မသိပါဘူး၊ အဲ့ဒါကြောင့် သူမ အခုလိုမျိုး အဓိပ္ပာယ်မဲ့တဲ့ နားလည်မှုအလွဲတွေနဲ့ အချိန်မဖြုန်းချင်တော့ဘူး။
“လျှို့ဝှက်ခန်းထဲမှာတုန်းက သွေးနံ့က ပြင်းထန်လွန်းလို့ ကျွန်မ ပျို့အန်တာကို မထိန်းနိုင်ခဲ့ဘူး၊ ကျွန်မက ပုံမှန်ပြန်ဖြစ်သွားတော့ အရှင့်သားက မရှိတော့ဘူး"
ခေတ္တမျှ စကားရပ်ထားပြီးနောက် သူမက ဝမ်းနည်းသောလေသံဖြင့် ဆက်ပြောလာပြန်သည်။
“ကျွန်မတို့ အတူတူ ထွက်လာခဲ့ကြတာဆိုတော့.... ကျွန်မတို့ လုံးဝ မခွဲဘဲ အမြဲတမ်းအတူတကွ ရှိနေပြီး အတူတူ ပြန်ထွက်ခွာရမယ် ထင်ထားခဲ့တာ၊ ဒါပေမယ့် အရှင့်သားက ကျွန်မကို အဲ့ဒီမှာထားခဲ့တယ်..."
လဲ့ကျစ်က သူမ၏မျက်လုံးများထဲမှ ဝမ်းနည်းမှုကို ဟော်တူ မမြင်စေရန် မျက်လွှာချလိုက်ပြန်သည်။ လျှို့ဝှက်အခန်းထဲ၌ သူ ချန်ထားခဲ့သည့် နေရာလွတ်ကို ပြန်တွေးမိချိန်တွင် နာကျင်ရသည့် ခံစားချက်က ရုတ်တရက် ထွက်ပြန်ပေါ်လာသည်။
‘တကယ်တော့... သူမက အမြဲတမ်း ‘ကျန်နေခဲ့ရသူ’ပဲ....
တိုင်းပြည်ပျက်ပြီးနောက်မှာ ဖခမည်းတော်၊ မယ်တော်နဲ့ အစ်ကိုတော် ကွယ်လွန်သွားပြီး သူမ ကျန်ခဲ့ရတယ်၊ အစ်မတော်ကလည်း သူမ ဘယ်သူလဲဆိုတာကိုတောင် မမှတ်မိသေးသလို သူမရဲ့ ယောင်းမတော်နဲ့ ယုအာတို့ ဘယ်မှာရှိတယ်ဆိုတာ သူမ မသိရသေးဘူး။
သူမ တစ်ယောက်တည်း ကူကယ်ရာမဲ့ဖြစ်နေခဲ့ပြီး သူမပတ်ဝန်းကျင်မှာ ဘယ်သူမှ မရှိတော့ဘူး။ သူမတစ်ယောက်တည်း ဆက်လျှောက်ဖို့ အစီအစဉ်တွေ ချမှတ်ထားခဲ့ပေမယ့် သူမ ဝမ်းမနည်းတတ်တော့ဘူးလို့တော့ မဆိုလိုဘူးလေ။
လဲ့မျိုးနွယ်နဲ့ ဟော်မျိုးနွယ်ကြားမှာ မြင့်မားတဲ့ တံတိုင်းတစ်ခု ရှိနေတာကိ သူမ သိနေပေမယ့် ဟော်တူက သူမကို ထပ်ခါတလဲလဲ ကူညီပေးခဲ့တာကြောင့် သူမက သူကို အမှန်တကယ် မိတ်ဆွေတစ်ယောက်လို သတ်မှတ်ထားခဲ့တာပါ’
လဲ့ကျစ်၏ စကားများကြောင့် ဟော်တူ၏နှလုံးသားလည်း ဆစ်ခနဲ နာကျင်သွားရသည်။
‘တကယ်တော့ ချန်ထားခံခဲ့ရပြီး စွန့်ပစ်ခံရတဲ့ ခံစားချက်ကို သူလည်း ကောင်းကောင်းသိတာပေါ့၊ ဒါပေမယ့် ဒီနေ့ သူ ဘာလို့ အဲ့လို လုပ်ခဲ့မိတာလဲ’
သူက ရှေ့သို့ တစ်လှမ်းတိုးလိုက်ပြီး လဲ့ကျစ်ကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းကာ တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။ သူ၏ နှလုံးခုန်သံများက သူမအား တောင်းပန်နေသလို မြန်ဆန်နေပြီး သူမ၏ နားရွက်နားသို့ ကပ်ကာ တိုးညှင်းသော လေသံဖြင့် ပြောလိုက်သည်။
"တောင်းပန်ပါတယ်"
‘ဒီတစ်ကြိမ်ပါပဲ၊ နောက်တစ်ကြိမ် မဖြစ်စေရတော့ဘူး’
သူ၏ နွေးထွေးသော ပွေ့ဖက်မှုအောက်တွင် လဲ့ကျစ်၏ ရင်ထဲမှ ဝမ်းနည်းရိပ်များ တဖြည်းဖြည်း အရည်ပျော်သွားသည်။ ခဏအကြာတွင် သူမလည်း သူ့ကျောပြင်ကို ပြန်လည်ပွတ်သပ်ပေးရင်း တိုးတိုးလေး ပြန်ပြောလိုက်သည်။
"ကျွန်မ ခွင့်လွှတ်ပါတယ်"
‘မိတ်ဆွေတွေအနေနဲ့ ဒီလိုအရာတွေကို စိတ်ထဲမထားသင့်ဘူးမလား’
......။.....။......
ထိုအချိန်တွင် မြင်းခွာသံများ နီးကပ်လာသည်။ အခြေအနေကို အကဲခတ်နေသော အန်းရွှယ်က သူတို့နှစ်ဦး ပြန်လည်သင့်မြတ်သွားပြီဟု ဆုံးဖြတ်ပြီးမှ ရထားလုံးကို ဖြည်းညှင်းစွာ မောင်းနှင်လာခဲ့ခြင်းပင်။
ထိုအသံကို ကြားမှပင် နှစ်ယောက်သား ဘေးတွင် တတိယလူ ရှိနေသည်ကို သတိရသွားကာ လူချင်း အမြန်ပြန်ခွာလိုက်ကြသည်။ အေးစက်သော ဆောင်းလေက သူတို့ကြားမှ ဖြတ်သန်းသွားသော်လည်း နားရွက်ဖျားများမှ နီရဲနေသည့် အပူရှိန်ကိုတော့ မဖယ်ရှားနိုင်ခဲ့ပေ။
နှစ်ယောက်သား ရထားလုံးပေါ်သို့ ရောက်ရှိသွားမှသာ အန်းရွှယ်လည်း သက်ပြင်းတစ်ချက်ကို အားပါးတရ ချနိုင်သွားသည်။ သူက သမ်းဝေနေသော သူ့မျက်လုံးများကို ဖြေလျှော့ကာ မြင်းကို ကြာပွတ်ဖြင့် အသာတို့ရင်း ပြုံးပြုံးကြီး လှည်းမောင်းနေလေသည်။
.......။.......။......
ထိုက်ဇီ စံအိမ်တော်တွင်...
လီယောင်က စိုးရိမ်တကြီးဖြင့် ခြံဝင်းအတွင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။ လင်းယွဲ့နှင့် ကျင့်ရှင်းတို့ကလည်း ဖြစ်ပျက်ခဲ့သမျှကို အသေးစိတ် မသိသော်လည်း အိမ်ရှေ့စံမင်းသားနှင့် အိမ်ရှေ့စံကြင်ယာတော်တို့ တစ်ညလုံး ပြန်မလာခြင်းက ပုံမှန်မဟုတ်မှန်း သိနေကြပြီး ရင်တထိတ်ထိတ် ဖြစ်နေကြရသည်။
နှင်းဖြူရောင်ဝတ်စုံနှင့် လဲ့ကျစ်၏ အရိပ်အယောင်လေးကို မြင်လိုက်ရမှ သူမတို့သုံးယောက်စလုံး အသက်ရှူချောင်သွားကြပြီး ရှေ့သို့ အပြေးအလွှား သွားရောက်ဂါရဝပြုလိုက်ကြသည်။ သူမတို့အားလုံးက သူမတို့၏သခင်မ ထိခိုက်မည်ကို စိုးရိမ်နေပြီး အထူးသဖြင့် လီယောင်က လဲ့ကျစ်ကို စိုက်ကြည့်အကဲခတ်နေသည်။
‘ဒဏ်ရာဟောင်းက မပျောက်သေးဘဲ ဒဏ်ရာအသစ်ထပ်ထည့်ရရင် ထိုက်တန်ပါ့မလား’
သို့သော် ဟော်တူ၏ တည်ရှိမှုကြောင့် သူမတို့ အနားလည်း သိပ်မကပ်ရဲကြချေ။
“အားလုံး ထွက်သွား”
ဟော်တူက အေးစက်စွာ အမိန့်ပေးလိုက်သည်။
အစေခံသုံးယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ တွန့်ဆုတ်နေကြသေးသည်။ သူမတို့၏ ခြေလှမ်းများက လဲ့ကျစ်ကို ထားခဲ့ရန် ဝန်လေးနေပုံရသည်။ လဲ့ကျစ်က သူမတို့၏ စိုးရိမ်မှုကို မြင်နိုင်ပြီး နွေးထွေးသော အပြုံးဖြင့် ဝင်ပြောလိုက်သည်။
“မင်းတို့အားလုံး အရင်သွားနားကြပါ၊ ငါ အဆင်ပြေတယ်”
ထိုအခါမှ လီယောင်က သက်ပြင်းတစ်ချက်ချကာ ကျန်နှစ်ယောက်ကို ခေါ်ပြီး နောက်ပြန်ဆုတ်သွားကြသည်။
ဟော်တူက လဲ့ကျစ်၏ မျက်နှာကို အဓိပ္ပါယ်နက်နဲသော မျက်လုံးများဖြင့် ကြည့်နေပြန်သည်။
‘သူမမှာ မှော်အတတ်မျိုးရှိပုံရတယ်၊ လူတွေက သူမအပေါ် စွဲလန်းနေကြပြီ’
သူက သူမ၏လက်ကိုဆွဲကာ အိပ်ခန်းဆောင်အတွင်းသို့ ခေါ်ဆောင်သွားပြီး ကုတင်ဆီသို့ တိုက်ရိုက်လျှောက်သွားခဲ့သည်။
"အရင် ရေချိုးမလား"
လဲ့ကျစ်က မေးလိုက်ပြန်သည်။
အပြင်အင်္ကျီများကို ချွတ်လိုက်ပြီးနောက် သူတို့နှစ်ဦး ကုတင်ပေါ်သို့ လှဲလျောင်းလိုက်ကြသည်။ မနေ့ညက ရေပူစမ်းတွင် စိမ်ခဲ့ကြသော်လည်း လျှို့ဝှက်ခန်းမှ သွေးညှီနံ့များက ကိုယ်ပေါ်တွင် စွဲကျန်နေသလို ခံစားနေရဆဲပင်။
"နိုးမှပဲ ချိုးတော့မယ်"
ဟော်တူက ပျင်းရိဟန်ဖြင့် တုံ့ပြန်လာသည်။
“အိုး…”
လဲ့ကျစ်က မျက်တောင်လေးခတ်ကာ စဉ်းစားနေပြန်သည်။
“ဒါဆို အရှင့်သား ဒီနေ့ မနက်ညီလာခံ မသွားဘူးလား”
လဲ့ကျစ်က ဤမေးခွန်းအတွက် အဖြေကို အချိန်အတော်ကြာကတည်းက သိချင်နေခဲ့ခြင်း ဖြစ်သည်။
‘ဟော်တူ နေ့တိုင်း ညီလာခံသွားတာကို သူမ မတွေ့ခဲ့ရဘူး၊ ထီးနန်းအမွေကို ဆက်ခံသူဖြစ်ပြီး သူ အဲ့လောက်တောင် ပျင်းရိနေတာလား’
‘သူ တကယ်ရော ဧကရာဇ်ဖြစ်ချင်ရဲ့လား’
“မသွားဘူး”
ဟော်တူက တိုတိုတုတ်တုတ် ဖြေရင်း သူမကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်သည်။ သူမ၏ အဆုံးမရှိသော မေးခွန်းများကို ဤနည်းဖြင့် ရပ်တန့်စေကာ သက်တောင့်သက်သာရှိသော အနေအထားကို ရှာပြီး မျက်လုံးမှိတ်ထားလိုက်သည်။
လဲ့ကျစ်က သူမ၏ဦးခေါင်းကို သူ၏ရင်ခွင်ထဲ၌ မြှုပ်ထားမိပြီး သူမ၏နှင်းဖြူရောင်ပါးပြင်လေးများက သူ၏ရင်ဘတ်နှင့် ထိကပ်နေကာ နီရဲလာတော့သည်။
‘အခု ငါတို့ကြားမှာ ဘယ်လိုတွေ ဖြစ်သွားတာလဲ’
သူမ ဟော်တူ၏ရင်ဘတ်ကို တွန်းရန် ကြိုးစားသော်လည်း အင်အားချင်းမမျှပေ။
'ထားလိုက်ပါတော့... ငါလည်း တကယ်ပင်ပန်းနေပြီပဲ၊ မိတ်ဆွေတွေကြားမှာ ဒီလောက် ရင်းနှီးတာ အရေးမကြီးပါဘူးလေ'
အတန်ကြာသောအခါ အခန်းတွင်း၌ မှန်မှန်ထွက်ပေါ်နေသော အသက်ရှူသံများသာ ကျန်ရစ်သည်။ ဟော်တူက သူ့မျက်လုံးများကို အသာဖွင့်လိုက်ပြီး လဲ့ကျစ်၏ အိပ်ပျော်နေသော မျက်နှာလေးကို ငေးကြည့်နေသည်။ သူမ၏ ပုံရိပ်လေး သူ၏မျက်ဝန်းများထဲ၌ ထာဝရစွဲမြဲသွားစေရန် အကြည့်မခွာဘဲ ငေးကြည့်နေပြီးမှ သူ့နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် သူမကို ပိုမိုတင်းကျပ်နေအောင် ပွေ့ဖက်လိုက်ပြီး သူကိုယ်တိုင်လည်း အိပ်စက်ခြင်းထဲသို့ ကျရောက်သွားခဲ့သည်။
နေမင်းကြီးက ကောင်းကင်အလယ်သို့ ရောက်ရှိလာပြီး နေဝင်ချိန်အထိ တရွေ့ရွေ့ ပြောင်းလဲသွားသော်လည်း အမြဲတမ်း နိုးကြားလွန်းတတ်သော ထိုလူနှစ်ယောက်ကတော့ တစ်ဦးကို တစ်ဦး ပွေ့ဖက်ထားရင်း နိုးထရန် မေ့လျော့နေသည်အထိ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေကြသည်။
......။......။......
နောက်နှစ်ရက်တာ အချိန်အတောအတွင်း စံအိမ်တော်ဝင်းအတွင်း၌ ရှားရှားပါးပါး ငြိမ်သက်အေးချမ်းနေခဲ့သည်။ လဲ့ကျစ်က သူမ၏ တင်းမာနေသော အာရုံကြောများကို အနည်းငယ် ဖြေလျှော့ထားသော်လည်း ဤသည်မှာ မုန်တိုင်းမလာမီ ခေတ္တဆိတ်ငြိမ်နေခြင်းသာ ဖြစ်ကြောင်း သူမ ကောင်းကောင်းကြီး သိနေခဲ့သည်။
သုံးရက်မြောက်သောနေ့၏ ညနေခင်းတွင် လီယောင်က လေးနက်သောအမူအရာဖြင့် ရောက်လာပြီး သတင်းပို့နေခဲ့သည်။
"သခင်မ... ဟော်ရှက သခင်မကို တွေ့ချင်တယ်လို့ သတင်းပို့ခိုင်းလိုက်ပါတယ်"
သခင်မနှင့် ရင်ဖွင့်ပြီးနောက် လီယောင်က လဲ့ကျစ်၏ စကားအရ ဟော်ရှကို သူ၏ နာမည် အပြည့်အစုံဖြင့် စတင်ခေါ်ဝေါ်ခဲ့သည်။ သူမလည်း ထိုကဲ့သို့သော လူယုတ်မာမျိုးက လေးစားသမှု ဂုဏ်ပုဒ်များနှင့် မထိုက်တန်ဟု ခံယူလိုက်သောကြောင့်ပင်။
လဲ့ကျစ်က မအံ့သြဘဲ အလွယ်တကူ ခေါင်းညိတ် သဘောတူလိုက်သည်။
ရန်ဟမ့်နှင့် ရန်ဟမ့်နှင့် ထိုလူသုံးဦး ပျောက်ဆုံးသွားသည်မှာ ရက်အနည်းငယ် ရှိပြီ ဖြစ်သည်။ သူတို့က ရှန်းယိစစ်တပ်၏ အရေးပါသူများဖြစ်သဖြင့် သူတို့၏ပျောက်ဆုံးမှုက ရုတ်ရုတ်သဲသဲ ဖြစ်နေမည်မှာ အမှန်ပင်။ ဧကရာဇ်က စုံစမ်းရန် အမိန့်ပေးမည် ဖြစ်သော်လည်း ဟော်တူက သဲလွန်စများကို အစဖျောက်ထားသဖြင့် ဘာမှ ရှာတွေ့နိုင်မည် မဟုတ်ချေ။
သို့သော် ဟော်ရှကတော့ ဤလူများနှင့် လဲ့ကျစ်၊ လဲ့ကျင်းတို့ကြားမှ ရန်ငြိုးကို သိထားသူဖြစ်ရာ သူမကို သံသယဖြစ်လာမည်မှာ အနှေးနှင့်အမြန်ပင်။
‘လောကကြီးမှာ တိုက်ဆိုင်မှုတွေ ရှိတတ်ပေမယ့် တိုက်ဆိုင်လွန်းတဲ့အခါမှာတော့ ဒါက လူကနေ လုပ်တာပါပဲ’
"ကောင်းပြီ... ငါနားလည်ပြီ"
လဲ့ကျစ်က မှန်တင်ခုံရှေ့တွင် ထိုင်ကာ ချိန်းထားသည့်နေရာသို့ သွားရန် ပြင်ဆင်နေသည်။ ထိုစဉ် ဟော်တူက အခန်းထဲသို့ အေးအေးဆေးဆေး ဝင်လာခဲ့သည်။
‘ဒီအချိန်ဆိုရင် သူ စာဖတ်ခန်းမှာ ရှိနေသင့်တာ မဟုတ်ဘူးလား’
ဟော်တူက မှန်တင်ခုံနားသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာပြီး ကြေးဝါမှန်ထဲမှ ခေါင်ရမ်းပန်းပုံမျက်နှာလေးကို စိုက်ကြည့်လိုက်သည်။ လဲ့ကျစ်က သူမ၏ဆံပင်ကို မထုံးမီတွင် သူက သူမကို ပြုံးပြနေပြီး သူမ၏အနက်ရောင်ဆံပင်ရှည်များကို လှမ်းကိုင်လိုက်သည်။
"မင်း ဟော်ရှကို သွားတွေ့မှာလား"
သူက ရုတ်တရက် မေးလာခဲ့သည်။
“ဟုတ်ကဲ့”
ဟော်ရှနှင့် သူမ တွေ့ဆုံခြင်းကို သူ စိတ်မဝင်စားမှန်း သိနေသောကြောင့် လဲ့ကျစ်က အပြုံးလေးဖြင့် အလွယ် ပြန်ဖေလိုက်သည်။
‘ဘာပဲဖြစ်ဖြစ် သူမ ပြန်လာရင် ဟော်ရှပြောသမျှကို သူ့ကို ပြန်ပြောပြမှာပဲလေ’
ခေတ္တနားပြီးနောက် သူမက ပေါ့ပေါ့ပါးပါး ထပ်မေးလိုက်သည်။
“အရှင့်သားက အတူတူသွားချင်လို့လား”
“အမ်း”
လဲ့ကျစ်က သူ့ကို အံ့အားတကြီး လှည့်ကြည့်လိုက်သည်။
ရေပူစမ်းအပန်းဖြေအိမ်မှ ပြန်လာပြီးနောက် ဟော်တူ အနည်းငယ် ထူးဆန်းပုံပေါက်နေသည်ဟု သူမ အမြဲခံစားခဲ့ရသည်။
‘သူ အရင်ကနဲ့ မတူဘူးလို့ ထင်နေရတယ်။ ဒါပေမယ့် သေသေချာချာ စဉ်းစားတော့လည်း အကြောင်းပြချက်ကို မစဉ်းစားနိုင်ပြန်ဘူး’
.......။.....။....
ဒီစာရေးသူမှာ ပြောစရာရှိပါတယ်....
ကျစ်ကျစ် : မိတ်ဆွေကြီးရေ... တို့တွေ တစ်သက်လုံး အတူတူ နေသွားကြမယ်နော်။
ဟော်တူ : ဘယ်သူက မင်းနဲ့ မိတ်ဆွေဖြစ်ချင်လို့လဲ....
ရှောင်အန်းရွှယ် : အိပ်နေတယ်၊ လာမနှောင့်ယှက်နဲ့။
===
ဟော်ရှ : အားလုံးက ငါ့ကို လွမ်းနေမယ်ဆိုတာ ငါ သိပါတယ်။
အားလုံး : ထွက်သွားးးးးး!!!
🌟🌟🌟🌟🌟 Thank you for always being my greatest supporter. 🌟🌟🌟🌟🌟