" ဘဝဆက်တိုင်း မေ့မရတဲ့ ရှစ်မျိုးစပ်အချဉ် " _ အခန်း ၁၀
Viewers 266



လုယုံကျန်းက ထိုမေးခွန်းကို ပြုံးလျက် မေးလိုက်ပြီး သူမအပေါ်ထားသည့် သူ၏အကြည့်များကလည်း နူးညံ့ပျော့ပျောင်းနေဆဲ ဖြစ်သည်။


 သို့သော်လည်း ကျန်းရှောင်ရို့ တစ်ကိုယ်လုံး စိမ့်ခနဲ ဖြစ်သွားပြီး လည်ပင်းကုတ်ဘက်မှ အေးစိမ့်မှုကို ခံစားလိုက်ရသည်။ သူသည် အလွန်အမင်း ဒေါသထွက်နေသည်ကို မနည်းအောင့်အီး ထိန်းချုပ်ထားရပုံပေါ်၏။


‘သူ ခုနက ဘာပြောလိုက်တာလဲ.. ခွေး?!ဟောင်တယ် ဟုတ်လား!!’


ကျန်းရှောင်ရို့၏ မျက်ဝန်းထဲမှ ဝေခွဲမရဖြစ်နေသော ဇဝေဇဝါအမူအရာကို ရိပ်မိသွားကာ လုယုံကျန်းက ခပ်တိုးတိုး နှာမှုတ်လိုက်ရင်း—


"စစ်တပ်ထဲမှာတုန်းကတော့ သူတစ်ပါးကို ခွေးလိုမျိုး လိုက်ပတ်ရမ်းပြီး နှိပ်စက်ညှဉ်းပန်းတတ်တဲ့ အပြုအမူတွေကို ‘ဟောင်တယ်’ လို့ပဲ ငါတို့ ခေါ်ကြတာ။"


အမှန်တော့ ဒါက သူ့ဘာသာ သုံးနေကျ အသုံးအနှုန်းတစ်ခုသာ ဖြစ်သည်။


သူမအပေါ် မကောင်းပြောဖူးကြသည့် နန်းတွင်းအစေခံများ၊ မိန်းမစိုးများ၊ အိမ်စေများနှင့် ကိုယ်လုပ်တော်များသာမက... သူမ၏ အရှိန်အဝါကို ခုတုံးလုပ်ပြီး လူမှုပတ်ဝန်းကျင် အထက်တန်းလွှာထဲ တိုးဝင်ချင်နေကြသည့် ကျန်းမိသားစုဝင်အားလုံးသည်လည်း ထိုအမျိုးအစားထဲတွင် အကျုံးဝင်ပေသည်။


 သူတို့၏ ဆူညံပွက်လောရိုက်နေမှုကို "ဟောင်တယ်" ဟု သုံးနှုန်းလိုက်ခြင်းကပင် ခွေးများကို စော်ကားရာ ရောက်နေဦးမည်။


ကျန်းရှောင်ရို့သည် သူ၏ရှင်းပြချက်ကို လက်ခံလိုက်ပြီး ခပ်ရိုးရှင်းရိုးရှင်းပင် ပြန်ဖြေလိုက်သည်။ "တကယ်တော့ ဒါက ဘာမှမဟုတ်ပါဘူး။"


သူမဘက်က အကျယ်တဝံ့ ဆက်မပြောချင်မှန်း သိသာနေသဖြင့် လုယုံကျန်းကလည်း ထပ်ပြီး အတင်းအကျပ် မမေးတော့ပေ။ ဘာပဲဖြစ်ဖြစ် ခုနက ဘာတွေဖြစ်ပျက်ခဲ့လဲ၊ ဘယ်သူက သူမကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်ခဲ့လဲဆိုတာကို သူ့နည်းသူ့ဟန်နှင့် စုံစမ်းသိရှိနိုင်မည့် လမ်းကြောင်းများ ရှိနေသည် မဟုတ်ပါလား။


ထိုအချိန်တွင် ရုံးတွင်းရှိ ဌာနအသီးသီးမှ ဝန်ထမ်းများ ဆင်းချိန်ဖြစ်သဖြင့် ဝင်ပေါက်နားက လမ်းကလေးမှာ လူအုပ်ကြီးနှင့် ချက်ချင်းဆိုသလို ပြည့်နှက်သွားတော့သည်။ လုယုံကျန်းက လူအုပ်ကြားထဲတွင် သူမ အတိုးအဝှေ့ မခံရစေရန်အတွက် သူ၏ခန္ဓာကိုယ်ဖြင့် တစ်ဖက်သို့ အသာအယာ တိုးကပ်ကာ ကာကွယ်ပေးထားလိုက်သည်။


သူတို့ပတ်ပတ်လည်တွင် လူအများ၏ စကားပြောသံများ ပျံ့လွင့်နေပြီး အများစုမှာ အခုမှအသစ်ထွက်ရှိထားသည့် လူငယ်လူရွယ်တို့၏ အချစ်ဇာတ်လမ်းရုပ်ရှင်ကို ကြည့်ရှုရန် ရင်ခုန်စိတ်လှုပ်ရှားစွာဖြင့် အကျိတ်အနယ် ဆွေးနွေးနေကြခြင်း ဖြစ်သည်။


ထိုနေ့မနက်က လက်မှတ်များပေးစဉ် သူပြောခဲ့သည့် စကားများကြောင့် ကျန်းရှောင်ရို့အတွက်မူ ယနေ့ည ရုပ်ရှင်ပွဲက ကပြဖျော်ဖြေပွဲတစ်ခုကို ကြည့်ရသလိုမျိုး ဖြစ်နေသည်။


 သို့သော်လည်း ယခုအခါတွင် သူမ စိတ်ထဲ တော်တော်လေး ကသိကအောက် ဖြစ်နေရသည်။ စိတ်ထဲတွင် တစ်ခါတရံ ထူးဆန်းသော အတွေးအမြင်များ ဝင်ရောက်လာသည့်အပြင် ဘေးပတ်ဝန်းကျင်မှ ကြားနေရသော အချစ်အကြောင်း စကားသံများကလည်း သူမကို အနေရခက်စေသည်။


ထိုအခြေအနေကို ကျော်လွှားရန်အတွက် သူမဘက်ကပဲ ဦးအောင် အကြံပြုလိုက်သည်။ "ရှင့်ဘက်က ရုပ်ရှင်ကြည့်ဖို့ ဖိတ်တာဆိုတော့... ကျွန်မဘက်က ညစာပြန်ကျွေးပါရစေ၊ ဖြစ်မလားဟင်"


မသိမသာနှင့် သူမသည် သူ့အပေါ်တွင် ကျေးဇူးကြွေးများ အများကြီး တင်ရှိနေခဲ့ပြီဖြစ်ရာ ဤသို့ ထမင်းတစ်နပ် ပြန်ကျွေးလိုက်ခြင်းက သူမစိတ်ကို အနည်းငယ် ပေါ့ပါးသွားစေမည် ဖြစ်သည်။


လုယုံကျန်းက သူမ၏ မျှော်လင့်တကြီး ဖြစ်နေသော မျက်နှာလေးကို ကြည့်ကာ ပြုံးလိုက်ပြီး—


"ကောင်းသားပဲ၊ ခေါက်ဆွဲပဲ စားကြရအောင်။ ဒီနေ့တင် ရွာကလူတစ်ယောက်ဆီကနေ အချဉ်ထုပ် ရထားတာ ရှိတယ်၊ မင်းကို မြည်းစမ်းကြည့်စေချင်တယ်။"


ခေါက်ဆွဲပန်းကန်များ ရောက်လာသောအခါ လုယုံကျန်းက အချဉ်အိုးကို ဖွင့်လိုက်သည်။ သူ၏ တူကိုင်ပုံကိုင်နည်းက အလွန်ပင် ယဉ်ကျေးသိမ်မွေ့ပြီး သွယ်လျသော လက်ချောင်းများဖြင့် ဝါးတူကို ကျွမ်းကျင်စွာ အသုံးပြုကာ အချဉ်အနည်းငယ်ကို ညှပ်၍ သူမ၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။


"ဒီ ‘ရှစ်မျိုးစပ် အချဉ်’ ကို မြည်းကြည့်ပါဦး... ရွာက လူတစ်ယောက် လုပ်ပေးလိုက်တာ..."


သူသည် စကားထစ်တတ်သူ မဟုတ်သော်လည်း ယခုတစ်ကြိမ်တွင်မူ စကားလုံးများ အနည်းငယ် တုန့်ဆိုင်းသွားခဲ့သည်။


 ကျန်းရှောင်ရို့ တစ်လုပ်မြည်းကြည့်ပြီး "အရသာ အရမ်းရှိတာပဲ" ဟု မြူးကြွစွာ မပြောမချင်း သူ၏မျက်ဝန်းများထဲတွင် သတိမထားမိနိုင်လောက်သော မျှော်လင့်ချက်များနှင့် ပြည့်နှက်နေပြီး ထိုအခါမှသာ စိတ်အေးသွားဟန်ဖြင့် သက်ပြင်းချနိုင်တော့သည်။


ကျန်းရှောင်ရို့သည် ဆက်စားနေရင်း တဖြည်းဖြည်းနှင့် လက်နှေးသွားကာ—

"ဆန်းတော့ ဆန်းသား၊ ဒီအချဉ်အရသာက ဘာလို့ ဒီလောက်တောင် ရင်းနှီးနေရတာလဲမသိဘူး။ ဒါကို ‘ရှစ်မျိုးစပ် အချဉ်’ လို့ ခေါ်တာလား?"


သူမ ပန်းကန်ထဲကို အစားအစာ ထည့်ပေးနေသည့် သူ၏ အပြုအမူကပင် ဖော်မပြတတ်အောင် ရင်းနှီးလွန်းနေသလို ခံစားရသည်။


လုယုံကျန်းက တုန်ရင်နေသော သူ၏လက်ချောင်းများကို မနည်းထိန်းချုပ်ရင်း သူမအတွက် နောက်ထပ် ထပ်ထည့်ပေးလိုက်ကာ—


"ဟုတ်တယ်၊ ဒါကို လုပ်နည်းသင်ပေးတဲ့လူက သူမ အကြိုက်ဆုံး ပါဝင်ပစ္စည်း ရှစ်မျိုးကို ပေါင်းစပ်ပြီး လုပ်ထားတာမို့လို့ ‘ရှစ်မျိုးစပ် အချဉ်’ လို့ နာမည်ပေးထားတာတဲ့။ ဒီတစ်အိုးကို မင်းပဲ ယူထားလိုက်ပါ၊ ငါ့မှာ အများကြီး ရှိသေးတယ်။"


ဘဝတွေ ဘယ်နှခါပဲ ပြောင်းပါစေ... သူ အသည်းအသန် ဖျားနာနေစဉ်တုန်းက သူမက အဖြူရောင် ကြွေပန်းကန်လုံးလေးတစ်လုံးကို ကိုင်ကာ သူ့ထံ လျှောက်လာခဲ့သည့် ထိုမြင်ကွင်းကို သူ ဘယ်တော့မှ မေ့နိုင်မည်မဟုတ်ပေ။


ထိုညင်သာပျော့ပျောင်းသော ဆန်ပြုတ်ဖြူဖြူပေါ်တွင် ပန်းရောင်သန်းနေသော အချဉ်ဖတ်လေး အနည်းငယ် မျောလျက်ရှိနေခဲ့သည်။


သူမက ဒါဟာ သူမကိုယ်တိုင် လုပ်ထားတဲ့ ‘ရှစ်မျိုးစပ် အချဉ်’ ဖြစ်ပြီး ဒါကို စားလိုက်ရင် အမြန်သက်သာလာလိမ့်မယ်လို့ သူ့ကို ပြောခဲ့ဖူးသည်။


ထိုအရသာက... ဘဝဆက်တိုင်း သူ ဘယ်တော့မှ မေ့ဖျောက်၍မရနိုင်သော အရသာပင် ဖြစ်သည်။


သူတို့နှစ်ဦးသည် အဝတ်အစားနှင့် အသုံးအဆောင်များကို သပ်ရပ်အောင် ပြင်ဆင်ပြီးနောက် ရှုန့်ထိုက်ရုပ်ရှင်ရုံဆီသို့ ထွက်လာခဲ့ကြသည်။


ဤရုပ်ရှင်ပြသပွဲတွင် ထိုင်ခုံအများစုမှာ သက်ဆိုင်ရာ လုပ်ငန်းခွင် အသီးသီးမှ ပေးထားသော အခမဲ့လက်မှတ်များ ဖြစ်ကြသဖြင့် လက်မှတ်တန်းစီသည့် နေရာတွင် လူအများအပြားသည် ဝန်ထမ်းယူနီဖောင်းများ ဝတ်ဆင်ထားကြပြီး ရုပ်ရှင်နှင့်ပတ်သက်သည့် သတင်းများကို စိတ်လှုပ်ရှားစွာ ပြောဆိုနေကြသည်။


ထိုသို့ ဆူညံပွက်လောရိုက်နေသော လူအုပ်ကြီးကြားတွင် လုယုံကျန်းသည် ရုပ်ရှင်ရုံ၏ ဝန်းကျင်အခြေအနေကို အကဲခတ် စောင့်ကြည့်နေခဲ့သည်။ သူသည် လူမှုရေးကိစ္စများတွင် သိပ်ပြီး ပြောဆိုဆက်ဆံလေ့မရှိသော်လည်း ဤကဲ့သို့သော အတွေ့အကြုံသစ်များကိုမူ မည်သည့်ခံစားချက်ကိုမျှ အမူအရာမပြဘဲ အေးအေးဆေးဆေးပင် ကျော်ဖြတ်နိုင်စွမ်း ရှိသူဖြစ်သည်။


ခဏမျှ တိတ်တဆိတ် အကဲခတ်ပြီးနောက် "ချိန်းတွေ့" နေကြသော စုံတွဲများသည် ရုပ်ရှင်ရုံနောက်ဘက်ရှိ မုန့်ဆိုင်ငယ်လေးသို့ အရင်သွားကာ မုန့်နှင့် အအေးများ ဝယ်လေ့ရှိကြောင်း သူ သတိပြုမိသွားသည်။ ထို့ကြောင့် သူက သူမဘက်သို့ အသာငုံ့ကာ—


"ဒီမှာပဲ ခဏစောင့်နေနော်၊ ငါ မုန့်သွားဝယ်လိုက်ဦးမယ်။"


ကျန်းရှောင်ရို့က "မလိုပါဘူး" ဟု အပြေးအလွှား ငြင်းလိုက်သော်လည်း ကောင်တာဘက်သို့ လှည့်ထွက်သွားသော သူ့ကို တားမရလိုက်ပေ။


မုန့်ဆိုင်လေးထဲတွင် လူများဖြင့် ပြည့်နှက်နေသည်။ သူ့အလှည့် ရောက်လာသော အခါတွင် ဆိုင်ရှင်က လိမ္မော်ရည် နှစ်ပုလင်းနှင့်အတူ သစ်သီးခြောက်နှင့် ဘဲဂလိုင်ခြောက်များ ထည့်ထားသော ညိုမှိုင်းမှိုင်း စက္ကူအိတ်ကို အဆင်သင့် ပြင်ပေးရင်း ကောင်တာမှန်ကို ပုတ်ကာ ပြောလိုက်သည်။


"၈ ယွမ်ကျပါတယ်။ ၆ ယွမ်ကတော့ ပုလင်းဖိုး စပေါ်ငွေနော်။ ပုလင်းပြန်အပ်ရင် ၆ ယွမ် ပြန်ရလိမ့်မယ်။"


လုယုံကျန်းက လိမ္မော်ရည်ပုလင်းပေါ်က စာလုံးများကို တစ်ချက်ကြည့်လိုက်ပြီး ပြန်တွန်းပေးလိုက်ကာ—


"အားနာပါတယ်၊ ကျွန်တော့်ရည်းစားက လိမ္မော်ရသာ မကြိုက်လို့ပါ။ တခြား အရသာတစ်ခုခုနဲ့ လဲပေးလို့ ရမလားခင်ဗျာ "


ကျန်းရှောင်ရို့သည် လိမ္မော်သီး မစားတတ်ပေ။


ဆိုင်ရှင်က နှာခေါင်းတစ်ချက်ရှုံ့ပြီး မျက်ခုံးပင့်ကာ—

"မဝယ်ရင်လည်း ဖယ်ဦးဗျာ၊ နောက်လူတွေ လာပါစေ..."


ထိုသို့ပြောလိုက်သည်နှင့် သူ့နောက်က လူအုပ်ကြီးက ရှေ့ကို တိုးဝှေ့လာကြသည်။ လုယုံကျန်းက တိုးဝှေ့လာသော လူအုပ်ကို အကာအကွယ်ပေးသလို ခိုင်ခိုင်မတ်မတ် ရပ်ခံထားလိုက်ပြီး ဆိုင်ရှင်၏ မလေးမစား မျက်နှာထားကို အေးစက်စက် အကြည့်ဖြင့် စိုက်ကြည့်လိုက်သည်။


ဘေးပတ်ဝန်းကျင်တစ်ခုလုံး ဆူညံနေသော်လည်း သူ၏ အသံက ဆိုင်ရှင်၏ နားထဲသို့ စူးစူးရှရှ ပြတ်ပြတ်သားသား တိုးဝင်သွားသည်။


"တခြား အအေးနှစ်ပုလင်းနဲ့ လဲပေးပါ။"


ဆူညံပွက်လောရိုက်နေသော မုန့်ဆိုင်လေးသည် ထိုခဏ၌ ချက်ချင်းဆိုသလို တိတ်ဆိတ်သွားပြီး သူ၏အသံတစ်ခုတည်းသာ လွှမ်းမိုးသွားသလို ခံစားရစေသည်။ 


ဆိုင်ရှင်က မှင်တက်ကာ ကြည့်နေစဉ်မှာပင် လုယုံကျန်းက ဖွင့်ပြီးသား လိမ္မော်ရည်ပုလင်းများကို မုန့်ဝယ်ရန် ရှေ့သို့ တိုးဝှေ့လာသော အမျိုးသားတစ်ဦးထံ ကမ်းပေးလိုက်ပြီး—


"ရော့ဗျာ၊ ခင်ဗျားအတွက်။ စားပြီးရင် ဖန်ပုလင်းလေး ပြန်အပ်ပေးဖို့ မမေ့နဲ့ဦး။"


ထို့နောက် သူက ငွေကို ကောင်တာပေါ် တင်ပေးလိုက်ရာ ယခုတစ်ကြိမ်တွင်မူ ဆိုင်ရှင်သည် ဘာစကားမျှ မဆိုဘဲ အသာတကြည်ပင် တခြားအအေး နှစ်ပုလင်းကို လဲလှယ်ပေးလိုက်တော့သည်။


လုယုံကျန်းက ပုလင်းများကို ယူကာ လှည့်ထွက်လာခဲ့ပြီး ထိုလူ၏ နောက်ကျနေသော ကျေးဇူးတင်စကားကို လက်တစ်ချက် ပြရုံသာ တုံ့ပြန်လိုက်ကာ နောက်သို့ လှည့်မကြည့်တော့ဘဲ လက်မှတ်တန်းစီရာနေရာသို့ လျှောက်လာခဲ့သည်။


"သွားရအောင်။"


သူက တည်ငြိမ်သောအမူအရာကို ထိန်းထားရင်း တခြားလူများ လုပ်သလိုမျိုး လက်မှတ်ကို စစ်ဆေးသူထံ ကမ်းပေးလိုက်ပြီး လက်မှတ်ဖြတ်ပိုင်းလေးကိုမူ သူ၏ အင်္ကျီရင်ဘတ်အိတ်ကပ်ထဲရှိ ကလောင်တံအိမ်ထဲသို့ သေသေချာချာ ထိုးထည့်လိုက်သည်။


ကျန်းရှောင်ရို့က အအေးပုလင်းကို လှမ်းယူရင်း အံ့သြတကြီး ရေရွတ်လိုက်သည်။ "အိုး... ရှင်ဝယ်လာတဲ့ အအေးက တိုက်ဆိုင်လှချည်းလား!"


"ဘာဖြစ်လို့လဲ?" လုယုံကျန်းက ရုပ်ရှင်ရုံအတွင်းရှိ ထိုင်ခုံနေရာချထားပုံများကို လိုက်လံကြည့်ရှုနေပြီး လက်မှတ်ပေါ်က တန်းနံပါတ်နှင့် ခုံနံပါတ်များက ဘာကို ဆိုလိုသည်လဲဆိုတာကို အမြန် နားလည်အောင် ကြိုးစားနေရသည်။

ဒါက တကယ့်ကို တိုက်ဆိုင်မှုတစ်ခုပင်။ ခန္ဓာကိုယ်ပိုင်ရှင်ဟောင်းက ရုပ်ရှင်ကြည့်ဖူးသည့် အတွေ့အကြုံ သိပ်မရှိဘဲ စစ်တပ်ထဲတုန်းက ကြည့်ခဲ့ရသည့် အကြိမ်အနည်းငယ်မှာလည်း ခုံနံပါတ်များကို သိပ်ဂရုစိုက်စရာ မလိုခဲ့သဖြင့် ယခုအခါ အသုံးချနိုင်မည့် အတွေ့အကြုံမျိုး မရှိဖြစ်နေသည်။


လုယုံကျန်း အာရုံမစိုက်မိသည်ကို တွေ့ရသဖြင့် ကျန်းရှောင်ရို့က မော့ကြည့်ကာ ပြုံးလိုက်ရင်း—


"ဘာမှမဟုတ်ပါဘူး။"


သူမ ပြောချင်သည်က တခြားလူတွေအားလုံး လိမ္မော်ရည် သောက်နေကြချိန်တွင် သူတို့နှစ်ယောက်တည်းကသာ ဆားဓာတ်ပါတဲ့ ဆော်ဒါရေကို သောက်နေရသည့် တိုက်ဆိုင်မှုကိုသာ ရည်ညွှန်းခြင်း ဖြစ်သည်။


 ဆားဆော်ဒါက အရသာ သိပ်မရှိလှသော်လည်း သူမက လိမ္မော်ရည်ကို ပို၍ပင် မုန်းတီးသေးသည်။


"ကျွန်မတို့ ခုံနံပါတ်က ဘယ်လောက်လဲဟင်?" သူမ မေးလိုက်သည်။


"တန်း ၁၀၊ ခုံ ၁ နဲ့ ခုံ ၃။"


လုယုံကျန်းက တန်း ၁၀ ကို ရှာတွေ့သွားပြီး ခုံနေရာကို ဝေ့ဝဲရှာဖွေနေစဉ် ကျန်းရှောင်ရို့က အလယ်ဗဟိုရှိ ထိုင်ခုံနှစ်ခုံကို လက်ညှိုးထိုးပြကာ—

"ဟိုမှာ! အလယ်တည့်တည့်မှာပဲ၊ အကောင်းဆုံးနေရာပဲ!" ဟု ပြောလာသည်။


သူတို့ ထိုင်ပြီးမကြာမီမှာပင် ရုပ်ရှင်ရုံ၏ ဘေးတစ်ဖက်တစ်ချက်စီရှိ မီးများ မှိန်သွားကာ ရုပ်ရှင်အစစာတန်းများ စတင်တက်လာတော့သည်။ ဆူညံနေသော ရုပ်ရှင်ရုံကြီးသည် ချက်ချင်းဆိုသလို တိတ်ဆိတ်သွားပြီး ထိုင်ခုံများ ရွှေ့ဆွဲသံများသာ ပဲ့တင်ထပ်နေတော့သည်။


သူတို့ကြည့်နေသည့် ရုပ်ရှင်မှာ "ရှောင်လင်ကျောင်းတော်" ဟု ခေါ်သည့် သိုင်းရုပ်ရှင် ဖြစ်သည်။ လုယုံကျန်းသည် ပိတ်ကားထက်တွင် ရှေးဟောင်းဝတ်စုံများ ဝတ်ဆင်ထားသည့် သရုပ်ဆောင်များကို မြင်လိုက်ရသောအခါ စိတ်ထဲ ဒိန်းခနဲ ဖြစ်သွားပြီး သူ၏ အံ့သြတုန်လှုပ်မှုကို ဖုံးကွယ်မထားနိုင်တော့ပေ။


ရုပ်ရှင်ဆိုသည်မှာ တကယ်ကို မှော်ဆန်လှပေသည်။ လွန်ခဲ့သော နှစ်ပေါင်းရာချီက လူမှုပတ်ဝန်းကျင် အခြေအနေကို မျက်ဝါးထင်ထင် ပြန်လည်ပုံဖော်ပေးနိုင်သည် မဟုတ်ပါလား။


သူ အလွန်အမင်း အာရုံစိုက်နေသည်ကို သတိပြုမိသဖြင့် ကျန်းရှောင်ရို့လည်း ပိတ်ကားထက်သို့ အာရုံပြောင်းကာ အာရုံစိုက်ကြည့်ရှုတော့သည်။


ရုပ်ရှင်ကြည့်နေရင်း သူမသည်လည်း တခြားပရိသတ်များနည်းတူ စက္ကူအိတ်ကို ဖွင့်ကာ မုန့်များကို မြည်းစမ်းရင်း သူ့ကိုလည်း ကမ်းပေးလိုက်သည်။ သစ်သီးခြောက်နှင့် ဘဲဂလိုင်ခြောက်များမှာ အိမ်တွင် ခဲခဲယဉ်ယဉ်သာ ဝယ်စားဖြစ်သည့် မုန့်မျိုး ဖြစ်သည်။


စားနေရင်းနှင့် သူမသည် မိမိကိုယ်မိမိ ဤမျှလောက်အထိ ပေါ့ပေါ့ပါးပါးနှင့် ပျော်ပျော်ရွှင်ရွှင် မနေခဲ့ရသည်မှာ ကြာပြီဖြစ်ကြောင်း ရုတ်တရက် သတိပြုမိသွားသည်။ ရှောင်းယုကျွမ်းနှင့် အတူတူ လျှောက်လည်သည့် အခါမျိုးတွင်ပင် ဤကဲ့သို့ ကောင်းမွန်သော ရှုန့်ထိုက်ရုပ်ရှင်ရုံမျိုးကို မလာဖြစ်သလို ရုပ်ရှင်ကြည့်ရင်း မုန့်ဝယ်စားဖို့လည်း တွန့်တိုခဲ့ဖူးသည်။


သူ့အပေါ်မှာ အနိုင်ကျင့်သလို အခွင့်အရေး ယူမိနေတာတွေက နည်းနည်း များသွားပြီလားဟု သူမ တွေးမိသည်။

ထိုသို့တွေးတောရင်း သူမသည် မှောင်ရိပ်ထဲတွင် လုယုံကျန်းကို မသိမသာ ခိုးကြည့်လိုက်မိသည်။


သူက ပိတ်ကားကိုသာ စိုက်ကြည့်နေပြီး ပုံမှန်အားဖြင့် တည်ကြည်အေးစက်လှသော သူ၏မျက်ဝန်းများသည် ဇာတ်လမ်းထဲတွင် နစ်မျောနေသည့်အလား တောက်ပနေသည်။


သူမ၏ အကြည့်ကို သိရှိသွားသည့်အလား လုယုံကျန်းက ငုံ့ကြည့်လာရာ မှောင်မိုက်နေသော အမှောင်ထုထဲတွင် သူတို့နှစ်ဦး၏ အကြည့်များ ဆုံစည်းသွားကြသည်။


သူမ စိတ်ထဲတွင် ကသိကအောက် ဖြစ်သွားကာ တိုးတိုးလေး မေးလိုက်သည်။ "ရုပ်ရှင်က ကောင်းရဲ့လား?"


"ကောင်းပါတယ်။" သူ၏ နှုတ်ခမ်းထောင့်စွန်းလေးများ အနည်းငယ် လှုပ်ရှားသွားပြီး သူမ၏ မျက်ဝန်းများကို စိုက်ကြည့်ကာ ပြုံးလိုက်ရင်း—


"ငါ့ကို ဘဲဂလိုင်ခြောက်လေး ပေးပါဦး။"


သူ့မှာ အပန်းဖြေစရာ ဝါသနာဟူ၍ သိပ်မရှိခဲ့ပေ။ လွန်ခဲ့သော ဘဝတုန်းက အန္တရာယ်များလှသော ရာထူးနေရာကို တစ်သက်လုံး ရယူထားခဲ့ရသဖြင့် အသက်ရှင်သန်နိုင်ရေးအတွက် အမြဲတမ်း တည်ငြိမ်ပြီး သတိရှိနေခဲ့ရကာ သူတစ်ပါးကို မပြတ်လှည့်စားသလို မိမိကိုယ်တိုင်လည်း အလှည့်စားခံရမည့် ဘေးမှ အမြဲ အကြံထုတ် ကာကွယ်ခဲ့ရသည်။


အပန်းဖြေခြင်း ဆိုသည်မှာ... သူ၏ ကလေးဘဝတုန်းကသာ ရှိခဲ့ဖူးသည့်အရာ ဖြစ်သည်။


ဤဘဝ၏ ကံကြမ္မာကောင်းကြောင့်သာ... သူမနှင့်အတူ ဘေးချင်းယှဉ်ထိုင်ပြီး ဤကဲ့သို့သော အနုပညာရသ မြင်ကွင်းကျယ်ကြီးကို ခံစားခွင့် ရရှိနေခြင်း ဖြစ်သည်။ လုယုံကျန်းသည် တစ်ခါမျှ မခံစားဖူးသေးသော စိတ်အေးချမ်းမှုနှင့် ပျော်ရွှင်မှုကို ခံစားလိုက်ရသည်။


"အော်... ရော့။" ကျန်းရှောင်ရို့သည် မျက်နှာတစ်ခုလုံး ပူထူသွားသလို ခံစားလိုက်ရပြီး စက္ကူအိတ်ကို သူ့ထံ ကမ်းပေးလိုက်သည်။


စေးပျစ်လှသော အမှောင်ထုထဲတွင် အမြင်အာရုံက ဝေဝါးနေသော်လည်း တခြားသော အာရုံခံစားမှုများကမူ ပိုမိုထက်မြက်နေတတ်သည်။ သူတို့၏ လက်နှစ်ဖက် ထိမိသွားကြရာ ကြီးမားပြီး နွေးထွေးသော လက်ဖဝါးကြီးက သူမ၏ လက်ဖမိုးတစ်ခုလုံးကို ငုံ့ခြုံဆုပ်ကိုင်မိသွားပြီး သူမလက်ထဲမှ လျှောကျလုနီးပါး ဖြစ်သွားသော စက္ကူအိတ်ကို ချက်ချင်းဆိုသလို ဖမ်းကိုင်လိုက်သည်။


သူမသည် လျှပ်စစ်ဓာတ်လိုက်သွားသလိုမျိုး လက်ကို အမြန် ပြန်ရုပ်သိမ်းလိုက်မိပြီး ရင်ဘတ်ထဲတွင်လည်း တဒိန်းဒိန်းနှင့် ခုန်လှုပ်သွားရသည်။


သူကမူ တည်တည်ငြိမ်ငြိမ်ပင် စက္ကူအိတ်ထဲမှ မုန့်ကို နှိုက်ယူကာ စားနေသည်ကို သူမ သတိပြုမိသည်။ စောစောက ခေါက်ဆွဲစားတုန်းကလည်း လုယုံကျန်း၏ စားသောက်ပုံ အမူအရာက အလွန်ပင် ယဉ်ကျေးသိမ်မွေ့ပြီး ကြည့်ကောင်းလှကြောင်း သူမ သတိထားမိခဲ့သည်။


 သာမန် ခေါက်ဆွဲဆိုင်လေးထဲတွင် ထိုင်နေစဉ်မှာပင် သူသည် ပတ်ဝန်းကျင်နှင့် မလိုက်ဖက်အောင် ထူးခြားနေခဲ့သလိုမျိုး... ယခု ပိတ်ကားမှ အရောင်ပြန်ဟပ်မှုသာ ရှိတော့သည့် မှောင်မှိန်နေသော ရုပ်ရှင်ရုံထဲတွင်လည်း ထို့အတူပင်။


 ထိုဖျော့တော့တော့ အလင်းရောင်အောက်တွင် သူသည် စက္ကူအိတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး ကျန်လက်တစ်ဖက်၏ သွယ်လျသော လက်ချောင်းများဖြင့် ဘဲဂလိုင်ခြောက်ကို အသာအယာ ညှပ်ယူစားနေပုံမှာ ရှေးဟောင်း ပန်းချီကားတစ်ချပ်ထဲမှ ထွက်ပေါ်လာသည့် လူသားတစ်ဦးနှယ်။


ကျန်းရှောင်ရို့သည် သူတို့နှစ်ဦး၏ မိသားစု နောက်ခံသမိုင်းကြောင်း ကွာခြားချက်ကို တစ်ကျော့ပြန် သတိပြုမိကာ စိတ်မကောင်း ဖြစ်သွားရပြန်သည်။ သူမ တွေးမိသည်မှာ... အကယ်၍ ရှောင်းယုကျွမ်းသာ လုယုံကျန်းနှင့် တွေ့ခဲ့မည်ဆိုပါက သူမကို "စမ်းပြီး တွဲကြည့်ပါလား" ဟု တိုက်တွန်းဝံ့မည့် သတ္တိမျိုး ရှိလိမ့်မည် မဟုတ်ပေ။


သို့သော်လည်း နောက်တစ်ခဏတွင် လုယုံကျန်းက စက္ကူအိတ်ကို သူမထံ ပြန်ကမ်းပေးရင်း အသာအယာ ငုံ့ကာ တိုးတိုးလေး ပြောလာသည်။


"ငါ အကြောပါတဲ့ အဖတ်တွေကို အကုန် ဖယ်ပေးထားတယ်။ ကျန်တာတွေက အသားချည်းပဲမို့လို့ အားမနာတမ်း စားနော်။"


သူ၏ အသံခပ်တိုးတိုးက သူမ၏ နားသယ်စပ်ကို လာရောက်ပွတ်သပ်သွားသလို ခံစားရစေသည်။


သူသည် အမြဲတမ်း ဤမျှလောက်အထိ အလိုက်သိတတ်သူဖြစ်ရာ သူ အနားသို့ တိုးကပ်လာသည့်တိုင်အောင် သူမကို စိတ်အနှောင့်အယှက် မဖြစ်စေခဲ့ပေ။ သို့သော်လည်း ကျန်းရှောင်ရို့မှာ ခဏမျှ မှင်တက်သွားရသည်။


‘သူ ခုနက မုန့်တောင်းသွားတာက... ငါ့အတွက် အကြောတွေကို ဖယ်ပေးဖို့ ဆန်ခါတင် လုပ်ပေးတာလား?’


ဒီလိုခေတ်ကာလမျိုးတွင် မိသားစုတိုင်း၌ စားဝတ်နေရေး အထောက်အပံ့များ ကျပ်တည်းနေကြရာ စားစရာရှိနေခြင်းကပင် ကံကောင်းလှပြီ ဖြစ်သည်။ သို့သော်လည်း သူမကမူ အစားအသောက် ဂျီကျတတ်ဆဲ ဖြစ်ပြီး အကြောပါသော အသားများကို လုံးဝ မစားတတ်ပေ။


လွန်ခဲ့သော အချိန်တုန်းက မိခင်ဖြစ်သူက အမဲကမ္ဘာ့အူစုံပြုတ် တစ်အိုး ချက်ပေးရာ တစ်မိသားစုလုံး မြိန်ရည်ယှက်ရည် စားသောက်ခဲ့ကြသော်လည်း သူမတစ်ယောက်တည်းသာ မျိုချရ ခက်ခဲနေခဲ့ဖူးသည်။


ပိတ်ကားထက်တွင်မူ မင်းသားဖြစ်သူက အရက်မူးပြီး တောင်ပေါ်က လိမ့်ကျလာသည့် အခန်း ပြသနေသဖြင့် ပရိသတ်များအားလုံး ဝါးလုံးကွဲမတတ် ရယ်မောနေကြသည်။


ကျန်းရှောင်ရို့သည် အတွေးများကို အမြန် ပြန်ရုပ်သိမ်းလိုက်ပြီး စိတ်ထဲရှိသည့်အတိုင်း နှုတ်က လွှတ်ခနဲ မေးလိုက်မိသည်။ "ရှင်က... ကျွန်မအတွက် သီးသန့် ဖယ်ပေးတာလား?"


"အင်း။ မိန်းကလေးတွေက အကြောတွေကို ကြိုက်မှာမဟုတ်ဘူးလို့ တွေးမိလို့ပါ။"


ပရိသတ်များ၏ ပွဲကျသံများကြောင့် လုယုံကျန်း၏ အသံမှာ အနည်းငယ် တိုးသွားပြီး ဝေဝေဝါးဝါးသာ ကြားလိုက်ရသည်။


"ရှောင်လင်ကျောင်းတော်" ရုပ်ရှင်က တကယ်ကို ကြည့်ကောင်းလှပေသည်။ ရုပ်ရှင်အဆုံးသတ် သီချင်း လာနေသည့်တိုင် ပရိသတ်များမှာ ပြန်ချင်စိတ်မရှိဘဲ ဇာတ်လမ်းထဲ မျောနေကြဆဲ ဖြစ်သည်။ သို့သော်လည်း သူတို့နှစ်ဦးကမူ အချိတ်အဆက်မိမိဖြင့် ရုပ်ရှင်ခန်းမထဲမှ အတူတူ အမြန် ထွက်လာခဲ့ကြသည်။


လုယန်းကျန်းက ကျန်းရှောင်ရို့ကို တံခါးဝနားတွင် ခဏစောင့်ခိုင်းပြီး သူက ဖန်ပုလင်းများ ပြန်အပ်ရန် ထွက်သွားသည်။


သူသည် ငွေအမ်းပေးနေသော ဆိုင်ရှင်ထံမှ ပိုက်ဆံကို လှမ်းယူလိုက်စဉ် အမျိုးသားတစ်ဦးက လူအုပ်ကြားထဲမှ တိုးဝှေ့ထွက်လာပြီး သူ့ပုခုံးကို လာပုတ်ကာ—


"ဟေး... သူငယ်ချင်း! နေကောင်းလား။"


လုယုံကျန်း လှည့်ကြည့်လိုက်သောအခါ စိမ်းသက်သော အမျိုးသားတစ်ဦးက သူ့ထံ လက်ကမ်းပေးနေသည်ကို တွေ့ရပြီး ထိုသူ၏ ရုပ်ရည်က တစ်နေရာရာတွင် မြင်ဖူးသလိုလို ရှိနေသည်။


 သူသည် ဤကဲ့သို့ လက်ဆွဲနှုတ်ဆက်သည့် အလေ့အထမျိုးကို ရင်းနှီးကျွမ်းဝင်မှု မရှိသဖြင့် လက်ပြန်မပေးဘဲ အသာအယာသာ ပြုံးပြလိုက်ရင်း—


"ကျွန်တော်တို့ သိကြလို့လားခင်ဗျာ?"


ချန်ချန်းသည် ထိုလူ၏ မြင့်မြတ်တည်ကြည်လှသော အရှိန်အဝါကြောင့် ခဏမျှ မှင်တက်သွားပြီး စကားလုံးများ ပျောက်ရှသွားရသည်။


"အော်... ခုနတုန်းက ခင်ဗျား ကျွန်တော့်ကို လိမ္မော်ရည် နှစ်ပုလင်း ပေးခဲ့တယ်လေ။ အဲဒါ ပုလင်းဖိုး လာပေးတာပါ။" သူက အိတ်ကပ်ထဲမှ ပိုက်ဆံကို နှိုက်ယူကာ ရေတွက်ပြီး ကမ်းပေးလိုက်သည်။


လုယုံကျန်းက လက်ယမ်းပြကာ ငြင်းပယ်လိုက်ပြီး—


"မလိုပါဘူးဗျာ။ လက်ဆောင်ပေးတယ်လို့ပဲ သဘောထားလိုက်ပါ၊ ကျွန်တော့်ရည်းစားက လိမ္မော်ရသာ မကြိုက်လို့ပါ။"


"အော်... အော်... ကောင်းပါပြီ။"


ချန်ချန်းလည်း ထိုလူက အတင်းအကျပ် ငြင်းဆန်နေသဖြင့် ဆက်မပေးတော့ပေ။


"အစ်ကို ချန်ချန်း... အဆင်သင့်ဖြစ်ပြီလား?" အင်္ကျီကော်လံအကျယ်ကြီး ဝတ်ဆင်ထားသော မိန်းကလေးတစ်ဦးက လူအုပ်ကြားထဲမှ တိုးဝှေ့ထွက်လာကာ—

"ကျွန်မတို့ နောက်ထပ် လမ်းလျှောက်ကြဦးမလား?"


သူ့အဖော် ရောက်လာသည်ကို မြင်သောအခါ လုယုံကျန်းက ခေါင်းတစ်ချက်ညိတ်ပြပြီး နောက်သို့ ဆုတ်ကာ ကျန်းရှောင်ရို့ စောင့်နေသည့် နေရာသို့ လျှောက်လှမ်းသွားတော့သည်။


ချန်ချန်းသည် လူအုပ်စီးဆင်းမှုကြားတွင် သူ့နောက်ကနေ မီတာအနည်းငယ်အကွာမှ လိုက်ပါလာခဲ့သည်။


 လုယုံကျန်းက ဝင်ပေါက်နားတွင် ရပ်နေသော ဆွဲဆောင်မှုရှိပြီး ရင်းနှီးလွန်းလှသည့် ကျောပြင်လေးဆီသို့ ခြေလှမ်းများကို အရှိန်မြှင့် လျှောက်သွားရင်း... 


ခပ်တိုးတိုးနှင့် သိမ်မွေ့စွာ ပြောလိုက်သည့် စကားသံကို ကြားလိုက်ရသည်။


"အိမ်ပြန်ကြစို့လား။"


ထိုအခိုက်အတန့်တွင် ချန်ချန်းသည် ဘေးနားက မိန်းကလေး၏ စကားသံကို လုံးဝ မကြားရတော့ဘဲ ရှေ့ကလူကို အမှီလိုက်ပြီး ဘယ်သူလဲဆိုတာကို မျက်ဝါးထင်ထင် မြင်ချင်စိတ်များသာ စိုးမိုးသွားသဖြင့် ခြေလှမ်းများကို ခပ်သွက်သွက် လှမ်းလိုက်တော့သည်။


ရှုန့်ထိုက်ရုပ်ရှင်ရုံ၏ အဓိကဝင်ပေါက်မှ ထွက်လိုက်သည်နှင့် အနောက်ဘက်သို့ သွယ်တန်းနေသော လမ်းမကြီးကို ဆီးကြိုလျက်သား တွေ့ရသည်။ ညကောင်းကင်ယံအောက်တွင် လမ်းဘေးမီးတိုင်များ၏ အလင်းရောင်ကြောင့် သစ်ပင်ရိပ်များသည် ရိုမန်းတစ်ဆန်စွာ လှုပ်ခါနေကြသည်။


သူ အမှန်တကယ် နှစ်သက်စွဲလမ်းခဲ့ရသော မျက်နှာလေးက ထိုအမျိုးသားဘက်သို့ လှည့်သွားပြီး ကျန်းရှောင်ရို့က ပြုံးလျက် ပြန်လည်ဖြေကြားလိုက်သည်ကို မြင်လိုက်ရသည်။


"ဟုတ်ကဲ့... သွားကြတာပေါ့။"


ထိုအခိုက်အတန့်တွင်... ချန်ချန်းတစ်ယောက် မိမိ၏ နှလုံးသားလေး ဝေဒနာပြင်းစွာဖြင့် ကြေကွဲပျက်စီးသွားသည့် အသံကို အတိုင်းသား ကြားလိုက်ရလေတော့သည်။