Ch 4
Viewers 373

Ch-4

ရှန်ဟိုင်းမြို့တစ်မြို့လုံး ရုတ်ရုတ်သဲသဲဖြစ်သွားတော့သည်။ အထက်မှအောက်၊ လူကြီးမှလူငယ်၊ အမျိုးသား၊ အမျိုးသမီးတိုင်းသိသွားကြ၏။

ရှန်ဟိုင်းမြို့ရှိ ဖေ့မိသားစု၏ သားကြီးဖြစ်သူ ဖေ့ရှူချန်သည် သူ့တွင်းဘေးမှ မြက်ကိုစားသည့် ယုန်တစ်ကောင်အလား ရှဲ့မိသားစု၏အတုအယောင်အမွေဆက်ခံသူနှင့် ဖောက်ပြန်ပြီး ခုတင်ပေါ်တွင် လက်ပူးလက်ကျပ်မိသွားကာ ကိုယ်လုံးတီးဓာတ်ပုံများ အရိုက်ခံရပြီး လမ်းမများပေါ်တွင် ပျံ့နှံ့သွားခဲ့လေပြီ။

ရှဲ့လီက ဖေ့ရှူချန်နှင့် ရှဲ့စီလင်းတို့၏ ဖောက်ပြန်မှုကို စွပ်စွဲကာ သတင်းစာထဲတွင် ကွာရှင်းကြောင်းကြေညာချက် ထည့်လိုက်သည်။ ဤကဲ့သို့ ပေါက်ကွဲအားကောင်းလှသော သတင်းကြီးက လက်ဖက်ရည်ဝိုင်းများနှင့် ထမင်းစားပြီးချိန်များတွင် အပူတပြင်းဆွေးနွေးစရာခေါင်းစဉ်တစ်ခု ဖြစ်လာတော့၏။ အသံနိမ့်နိမ့်ဖြင့် ပြောဆိုသံများက လေထုထဲတွင် ပျံ့လွင့်နေလတော့သည်။

“ရှဲ့မိသားစုကပြန်တွေ့ခဲ့တဲ့ သမီးအရင်းက ဖေ့မိသားစုကို လက်ထပ်ပြီးနောက် မုဆိုးမတစ်ယောက်လို နေနေရတယ်လို့ ငါကြားဖူးတယ်၊ ဖေ့ရှူချန်က အဲဒီအတုအယောင်သမီးကို ပိုသဘောကျနေလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ”

“အိုး ဟုတ်ပါ့အေ၊ မုဆိုးမလိုနေရတာကို မေ့ထားလိုက်စမ်းပါ၊ အဲဒီဓာတ်ပုံတွေကို နင်တို့တွေ့ပြီးပြီလား၊ အိုး သူက မုဆိုးမဘဝနဲ့ဆို ပိုတောင်ကောင်းသေးတယ်”

“ဘုရားရေ အဲဒီဖေ့ရှူချန်က တကယ်ကိုပဲ စိတ်သဘောထားတင်မကဘဲ ညီလေးပါသေးတဲ့ လူယုတ်မာတစ်ယောက်ပဲ”

“ရုပ်ချောနေပေမယ့် ဒီလိုယောက်ျားမျိုးကို ဆက်သိမ်းထားလို့ မရဘူးလေ၊ လှပေမယ့်လည်း ညစာအတွက်မကောင်းဘူး”

သူတို့စကားပြောနေရင်း အကြောင်းအရာက လမ်းလွဲသွားတော့သည်။ ရှန်ဟိုင်းမြို့တစ်မြို့လုံးက ဖေ့ရှူချန်နှင့် ရှဲ့စီလင်းတို့၏ဖောက်ပြန်မှုအကြောင်းကို ဆွေးနွေးနေရာမှ ဖေ့ရှူချန်မှာ ညီလေးအလွန်သေးငယ်သော လူတစ်ယောက်ဖြစ်ကြောင်းကို ဆွေးနွေးသည့်ဘက်သို့ ပြောင်းလဲသွားလေ၏။

ဖေ့မိသားစုရော ရှဲ့မိသားစုပါ ရုတ်ရုတ်သဲသဲဖြစ်သွားကြသည်။ ဖေ့ရှူချန်က သေချင်စိတ်ပေါက်နေပြီး ရှဲ့စီလင်းကလည်း ကိုယ့်ကိုကိုယ်သတ်သေမည်ဟု ခြိမ်းခြောက်နေတော့၏။

ထိုအချိန်တွင် ဖေ့ကျန်းမင် (ချီယွဲ့ဟွာ၏ ယောင်္ကျား)ပြန်ရောက်လာခဲ့သည်။ ခက်ထန်သောသူ့အသံကြီးက အိမ်ခန်းထဲတွင် ပဲ့တင်ထပ်သွား၏။

“ယောက်ျားကောင်းတစ်ယောက်က ဒီလောက်ကိစ္စလေးကိုတောင် မဖြေရှင်းနိုင်ဘူးလား”

အိမ်ထောင်ဦးစီးပြန်ရောက်လာသည်ကို မြင်သောအခါ ချီယွဲ့ဟွာက ဖေ့ကျန်းမင်၏ရင်ခွင်ထဲသို့ ပြေးဝင်ကာ အကျယ်ကြီး ငိုယိုတော့သည်။

“ကျန်းမင် အဲဒီခွေးမလေးရှဲ့လီက ကောင်းကင်ကိုတောင်ပုန်ကန်နေပြီ၊ သူက ကျွန်မနဲ့ ရှူချန်ကို သေအောင်ရိုက်သတ်ဖို့ကြံစည်နေတာ”

ဖေ့ကျန်းမင်မှာ အသက်လေးဆယ်ကျော်အရွယ်ရှိပြီး မျက်ခုံးထူထူ၊ မျက်လုံးပြူးပြူးနှင့် လေးထောင့်ကျသောမျက်နှာပေါက်ရှိကာ အလွန်တည်ငြိမ်သူဖြစ်သည်။ သူက ချီယွဲ့ဟွာပခုံးကိုပုတ်ကာ နှစ်သိမ့်လိုက်၏။

“ကိုယ်ပြန်ရောက်နေပြီလေ မငိုနဲ့တော့၊ ကိုယ်တို့ဖေ့မိသားစုက ဘယ်လိုမုန်တိုင်းမျိုးတွေကို မဖြတ်သန်းခဲ့ရဖူးလို့လဲ၊ မိန်းမငယ်လေးတစ်ယောက်ရဲ့ လှည့်စားမှုကို ဘယ်လိုလုပ်ခံရနိုင်မှာလဲ”

ထို့အပြင် ရှဲ့လီမှာ ကျောရိုးမရှိသော မုန်လာဥတစ်လုံးသာဖြစ်သည်။ ပုံမှန်အားဖြင့် သူဆူပူလိုက်လျှင် လေတောင်မလည်ရဲသူဖြစ်သည်။ 

သူမက မည်သို့ကောင်းကင်ကို အပေါက်ဖောက်သည် ဖြစ်နိုင်မည်နည်း။ ဖေ့ကျန်းမင်က ယုံကြည်ချက်အပြည့်ရှိနေသည်။

ချီယွဲ့ဟွာက မျက်လုံးနားမှမျက်ရည်များကို သုတ်လိုက်၏။ သူမယောက်ျားက တကယ်ကို အရည်အချင်းရှိသူဖြစ်သည်။

သူမသားဖြစ်သူသာ ဖခင်ဖြစ်သူ၏တည်ငြိမ်မှု သုံးပုံတစ်ပုံခန့်ရှိလျှင် မည်မျှကောင်းလိုက်မည်နည်း။

ဖေ့မိသားစုတွင် မျိုးဆက်နည်းပါးသည်။ ဖေ့ကျန်းမင်၏မျိုးဆက်တွင် သူတစ်ဦးတည်းသာ သားယောက်ျားလေးဖြစ်၏။

ဖေ့ကျန်းမင်သည်လည်း အသုံးမကျသူဖြစ်ပြီး ငယ်စဉ်ကတည်းက စာကို သေသေချာချာမသင်ခဲ့ပေ။

အိမ်နီးချင်းများကို လိမ်လည်ခြင်း၊ အတန်းဖော်များကို လှည့်စားခြင်း၊ ဆွေမျိုးများ၏ဖောက်ပြန်မှုများကို စီစဉ်ပေးခြင်း၊ နားပင်းသူများကို လှည့်စားခြင်း၊ ဆွံ့အသူများကို လိမ်လည်ခြင်း၊ အဘွားအိုများ၏အတွင်းခံများကိုပင် ဆွဲချွတ်ခြင်းစသည့် ရှက်ဖွယ်ကောင်းသော လုပ်ရပ်များကို အများအပြားလုပ်ခဲ့ဖူး၏။

ငယ်စဉ်ကတည်းက ဖေ့မိသားစုဘိုးဘေးကြီးက သူ့ကို အထင်အမြင်သေးခဲ့သည်။ သို့သော် ကံကောင်းထောက်မစွာ သူက တစ်ဦးတည်းသောသားဖြစ်နေရာ ဖေ့မိသားစု၏ များပြားသောဥစ္စာဓနများမှာ နောက်ဆုံးတွင် သူ့လက်ထဲသို့ ရောက်ရှိသွားခဲ့ရ၏။

ဖေ့ကျန်းမင်က ချီယွဲ့ဟွာကိုဆိုဖာပေါ်တွင်ထိုင်ရန် ခေါ်သွားလိုက်သည်။

“ဘယ်လိုတွေ ဖြစ်ခဲ့တာလဲဆိုတာ အသေးစိတ် ပြောပြစမ်းပါ”

သူ့ချွေးမ ရှဲ့လီကြောင့် အိမ်တွင် ပြဿနာတစ်ခုခုဖြစ်ခဲ့သည်ကို သူကြားထားသော်လည်း အသေးစိတ်ကိုမူ မသိရသေးချေ။

ဖေ့ရှူချန်က စကားပြောရန်ခက်ခဲနေသဖြင့် ခေါင်းငုံ့ကာ နှုတ်ဆိတ်နေသည်။

ချီယွဲ့ဟွာက အဖြစ်အပျက်များကို အစမှအဆုံး အသေးစိတ်ပြန်လည်ပြောပြလေသည်။

*ဘုန်း*

ဖေ့ကျန်းမင် မျက်လုံးများပြူးကျယ်သွားပြီး မေ့လဲသွားတော့သည်။

ချီယွဲ့ဟွာကငိုယိုရင်း ဖေ့ကျန်းမင်ပါးစပ်ထဲသို့ထည့်ပေးရန် နှလုံးရောဂါအတွက် အရေးပေါ်ဆေးများကို ရှာဖွေတော့သည်။

“ကျန်းမင် ကျန်းမင်”

ဖေ့ရှူချန်က အိမ်ရှိအစေခံအား လူနာတင်ယာဉ်ကို အမြန်ခေါ်ရန် အလောတကြီးအမိန့်ပေးလိုက်၏။

“အဖေ အဖေ”

ဖေ့ကျန်းမင်မှာ ဒေါသထွက်လွန်းသဖြင့် ပါးစပ်မှအမြှုပ်များပင် ထွက်နေလေပြီ။ ရှဲ့မိသားစုဘက်တွင်လည်း ဖခင်ရှဲ့ချင်စုန်နှင့် မိခင်ဝူဖုန်းရောင်တို့မှာ ဒေါသထွက်နေကြသည်။ 

ဤကိစ္စ၏လက်သည်မှာ ရှဲ့လီဖြစ်ကြောင်းသိလိုက်ရသောအခါ သူမကို သတ်ပစ်ချင်စိတ်များပင် ပေါက်လာကြ၏။ ဝူဖုန်းရောင်က ရှဲ့စီလင်း၏အခန်းတံခါးကို အသာခေါက်လိုက်သည်။

“စီလင်း စီလင်း တံခါးမြန်မြန်ဖွင့်ပါကွယ်၊ အဖေနဲ့အမေ့ကို စိတ်ပူအောင်မလုပ်ပါနဲ့”

ရှဲ့ချင်စုန်နှင့် ဝူဖုန်းရောင်တို့သည် ငယ်စဉ်ကတည်းက သားတစ်ယောက် ဆုံးရှုံးခဲ့ရပြီး နောက်ပိုင်းမှ သမီးတစ်ယောက်သာရခဲ့ခြင်းဖြစ်သည်။ 

ဝူဖုန်းရောင်၏ကျန်းမာရေး ထိခိုက်သွားသဖြင့် ထပ်မံကိုယ်ဝန်ဆောင်ရန် ခက်ခဲသွားခဲ့ရာ ဤသမီးလေးကို သူတို့၏မျက်လုံးထဲမှ မျက်ဆန်လေးကဲ့သို့ မြတ်နိုးတန်ဖိုးထားခဲ့ကြ၏။ 

ဆယ့်ရှစ်နှစ်တိုင်တိုင် ယုယစွာပြုစုပျိုးထောင်ခဲ့ပြီးမှ သူတို့သွေးသားရင်း မဟုတ်ကြောင်း သိလိုက်ရမည်ဟု မည်သူက ထင်မည်နည်း။ 

သို့သော် အနည်းဆုံးတော့ ရှဲ့စီလင်းက သူတို့နှင့် အတူဆက်နေရန် တောင်းဆိုခဲ့ပြီး သူတို့ကိုသာ မိဘများအဖြစ် အသိအမှတ်ပြုခဲ့သည်။ ထိုဆယ့်ရှစ်နှစ်မှာ လုံးဝအချည်းနှီးတော့မဖြစ်ခဲ့ချေ။

ဤအဖြစ်အပျက်ပြီးနောက် ရှဲ့စီလင်းက ကိုယ့်ကိုကိုယ်သတ်သေမည်ဟု ခြိမ်းခြောက်ခဲ့သည်။ သူတို့က သူမကိုချော့မော့ပြောဆိုခဲ့ရသော်လည်း ယခုအခါ သူမက အခန်းထဲတွင် ပုန်းအောင်းနေပြီး အပြင်ထွက်လာရန် ငြင်းဆန်နေပြန်သည်။

ရှဲ့ချင်စုန်၏မျက်နှာအမူအရာက အေးစက်ပြီး ခက်ထန်နေကာ သူ၏စကားများတွင် နွေးထွေးမှုတစ်စက်မျှ မပါဝင်ပေ။

“ဖုန်းရောင်၊ ရှဲ့လီ ဘယ်ရောက်နေလဲဆိုတာစုံစမ်းဖို့ လူတစ်ယောက်ကိုစီစဉ်လိုက်၊ ဘယ်လိုပဲဖြစ်ဖြစ် သူ့ကိုအိမ်ပြန်ခေါ်လာခဲ့၊ ငါသူ့ခြေထောက်တွေကို ရိုက်ချိုးပစ်မယ်”

သူသည် တောမှရောက်လာသော ထိုသမီးရင်းကို သိပ်သဘောမကျချေ။ သူမက ကျောရိုးမရှိသောလယ်သမားတစ်ယောက်နှင့်တူပြီး အသိဉာဏ်နည်းပါးသော အနံ့များထွက်နေကာ သူတို့အနီးတွင်ကြီးပြင်းလာသော ရှဲ့စီလင်းနှင့် လုံးဝနှိုင်းယှဉ်၍မရပေ။

ကြည်လင်ပြတ်သားသော မိန်းကလေးအသံတစ်သံက သူတို့နားထဲသို့ ဝင်ရောက်လာသည်။

“အဖေ အမေ သမီးပြန်ရောက်ပြီ”

ရှဲ့ချင်စုန်နှင့် ဝူဖုန်းရောင်တို့က မော့ကြည့်လိုက်ကြသ၏။ ရှဲ့လီ ပြန်ရောက်လာပြီဖြစ်သည်။