Ch 8
Viewers 374

Ch-8

• May 11 at 5:48 PM

ရှဲ့စီလင်း၏ ကျောရိုးတစ်လျှောက်တွင် ချွေးစေးများ စတင်စီးကျလာခဲ့ပြီဖြစ်သည်။ အဘိုးအို၏အကြည့်များက အလွန်စူးရှလွန်းလှပြီး သူမကို ချက်ချင်းပင် ဖောက်ထွင်းမြင်နိုင်စွမ်းရှိသကဲ့သို့ ခံစားရသဖြင့် သူမမှာ ဂနာမငြိမ်ဖြစ်လာရ၏။

“ရှောင်လီက မင်းတို့အနားမှာ ငယ်ငယ်ကတည်းက ကြီးပြင်းလာတာမဟုတ်တော့ မင်းတို့နဲ့အတူ ကြီးပြင်းလာတဲ့ စီလင်းနဲ့ ပိုရင်းနှီးတာ သဘာဝပါပဲ၊ ဒါပေမဲ့ မင်းမှတ်ထားရမှာက ရှောင်လီက မင်းရဲ့သွေးသားရင်း သမီးအရင်းပဲ၊ ရှဲ့မိသားစုရဲ့သွေးတွေစီးဆင်းနေတာ သူ့ဆီမှာပဲလေ၊ သူ ဆယ့်ရှစ်နှစ်တိုင်တိုင်ပျောက်ဆုံးနေခဲ့တာက ရှဲ့မိသားစုရဲ့ အမှားဖြစ်နေပြီ၊ အမှားပေါ် အမှားထပ်မဆင့်စေနဲ့”

အဘိုးရှဲ့က ရှဲ့ချင်စုန်ကို တစ်ချက်စိုက်ကြည့်ကာ ဆက်ပြောသည်။

“ရှောင်လီက ငါတို့ရှဲ့မိသားစုရဲ့ကလေးပဲ၊ သူ့ရဲ့ဂုဏ်သိက္ခာက မင်းရဲ့ဂုဏ်သိက္ခာကို ထိခိုက်စေတယ်၊ ထပ်ပြောရရင် အခု ရှန်ဟိုင်းတစ်မြို့လုံးက မင်းကိုအဖေဖြစ်ဖို့ မထိုက်တန်ဘူးလို့ ပြောနေကြပြီ၊ မင်းရဲ့နေရာကို မမေ့နဲ့၊ မင်းက ရှဲ့မိသားစုတစ်ခုလုံးရဲ့ ကံကြမ္မာကို ထမ်းပိုးထားရတာ”

ရှဲ့ချင်စုန်၏မျက်လုံးများ ချက်ချင်းပင် ရှင်းလင်းပြတ်သားသွားချေပြီ။

ထို့နောက် အဘိုးရှဲ့ထွက်သွားပြီး‌ ရှဲ့လီသာ ကျန်ရစ်ခဲ့သည်။ ရှဲ့ချင်စုန်က ခေါင်းငုံ့ကာ ရှဲ့လီကို သူကိုယ်တိုင် စတင်တောင်းပန်လာခဲ့၏။

“ရှောင်လီ၊ အဖေနဲ့အမေ တောင်းပန်ပါတယ်၊ အဖေ‌တို့ သမီးရဲ့ခံစားချက်တွေကို လျစ်လျူရှုခဲ့မိတယ်၊ သမီး အဖေ‌တို့ကို နားလည်ပေးရမယ်၊ ဒီနှစ်တွေမှာ အဖေ‌တို့အနားရှိနေခဲ့တာက စီလင်းလေ၊ ဒါကြောင့် သဘာဝအရ သူ့ကို နည်းနည်းပိုမျက်နှာသာပေးမိခဲ့တယ်၊ ဒါပေမဲ့ ရှောင်လီ စိတ်ချပါ၊ ဒီနေ့ကစပြီး ဒီနှစ်တွေတစ်လျှောက်လုံး သမီးဆုံးရှုံးခဲ့ရတဲ့ မေတ္တာတွေကို အဖေနဲ့အမေက ပြန်လည်ဖြည့်ဆည်းပေးသွားပါ့မယ်”

ရှဲ့ချင်စုန်သည် ရုတ်တရက် အသိတရားရသွားခြင်း သို့မဟုတ် အမှန်တကယ် နောင်တရသွားခြင်းမဟုတ်ကြောင်း ရှဲ့လီ ကောင်းစွာသိ၏။ သူသည် သူ့ကိုယ်ပိုင်ဂုဏ်သိက္ခာနှင့် ရှဲ့မိသားစု၏အနာဂတ် ထိခိုက်မည်ကို ကြောက်ရွံ့သွားခြင်းသာ။

သူ၏ တစ်ကိုယ်ကောင်းဆန်သော ရည်မှန်းချက်များကသာ ပထမဖြစ်နေဆဲပင်။

သူသည် ရှဲ့စီလင်းကို သမီးတစ်ယောက်အဖြစ် အမှန်တကယ် ချစ်ခင်ကောင်း ချစ်ခင်နိုင်သော်လည်း သူ့ကိုယ်ပိုင်ဂုဏ်သိက္ခာ၊ ရှဲ့မိသားစု၏အနာဂတ်တို့နှင့် နှိုင်းယှဉ်လိုက်လျှင် ရှဲ့စီလင်းမှာ အရေးပါမှု လျော့နည်းသွားခဲ့သည်။

ရှဲ့ချင်စုန်သည် တစ်ကိုယ်ကောင်းဆန်သူဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် အဘိုးရှဲ့က သူ့သားဖြစ်သူ၏ တစ်ကိုယ်ကောင်းဆန်မှုကိုသိရှိနေသောကြောင့် ထိုနောက်ဆုံးစကားများကို ပြောကြားခဲ့ခြင်းဖြစ်၏။

ရှဲ့ချင်စုန်က ရှဲ့လီအတွက် နေထိုင်စရာ စီစဉ်ပေးခဲ့ပြီး ရှဲ့စီလင်းကိုပင် သူမအိပ်ခန်းမှဖယ်ခိုင်းကာ ရှဲ့လီအတွက် ပေးလိုက်သည်။

“စီလင်း၊ ရှောင်လီက ငယ်ငယ်ကတည်းက အဖေနဲ့အမေအနားမှာမရှိခဲ့ဘူး၊ အခု အဖေနဲ့အမေက သူ့ကိုပိုပြီးအလိုလိုက်သင့်တယ်၊ သမီးကလည်း နားလည်ပေးသင့်တယ်၊ အဖေက သမီးနဲ့ ရှောင်လီ အခုကစပြီး သင့်သင့်မြတ်မြတ်နေသွားကြဖို့ကိုပဲ မျှော်လင့်တယ်”

ရှဲ့စီလင်းလက်သည်းများက သူမလက်ဖဝါးများထဲသို့ နက်ရှိုင်းစွာ စိုက်ဝင်သွားသည်။ လက်သည်းများ ကျိုးပဲ့သွားသည်ကိုပင် သူမ မခံစားမိချေ။  

အပြင်ပန်းတွင်မူ သူမက လိမ္မာရေးခြားရှိစွာဖြင့် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။

“အဖေ၊ သမီး နားလည်ပါတယ်၊ စောစောက သမီး အရမ်းစိတ်လှုပ်ရှားသွားလို့ပါ၊ ရှဲ့လီ ငါတို့ကတစ်နေ့တည်းမွေးတာဆိုပေမဲ့ နင်က ငါ့ထက်နှစ်နာရီစောမွေးတယ်နဲ့တူတယ်၊ ငါ နင့်ကို အစ်မလို့ပဲခေါ်ပါ့မယ်၊ အခုကစပြီး ငါတို့ ညီအစ်မအရင်းတွေလို နေသွားကြရအောင်”

ရှဲ့လီက မျက်ခုံးတစ်ဖက် ပင့်လိုက်မိ၏

‘တယ်လည်း သရုပ်ဆောင်ကောင်းတဲ့ ကောင်မလေးပါလား'

ရှဲ့လီက ရှဲ့စီလင်းကိုဖက်ထားရင်း မျက်ရည်များကို သုတ်လိုက်သည်။ သူမတွင်လည်း သရုပ်ဆောင်စွမ်းရည် အနည်းငယ်တော့ရှိပေ၏။

“နင်က ငါ့ရဲ့ညီမအရင်းလေးအတိုင်းပါပဲ၊ စီလင်း ငါ တောင်းပန်ပါတယ်၊ ဒီကိစ္စတစ်ခုလုံးက ငါ အရမ်းစိတ်လိုက်မာပါ လုပ်မိလို့ဖြစ်ရတာပါ၊ ငါ အဲဒီလိုမလုပ်ခဲ့သင့်ဘူး၊ ဒါပေမဲ့ နင်နဲ့ ငါ့ယောက်ျား ဖောက်ပြန်နေတာကို မြင်လိုက်ရတော့ ငါ အရမ်းဒေါသထွက်သွားလို့ပါ၊ ငါ စိတ်လွတ်သွားခဲ့တာ”

ရှဲ့လီက ဤသို့ပြောလိုက်သည်နှင့် ရှဲ့စီလင်းနှုတ်ခမ်းများ ဒေါသကြောင့် တုန်ယင်သွားသော်လည်း ဟန်ဆောင်ပြုံးပြကာ ညီအစ်မမေတ္တာကို ဆက်လက်ထိန်းသိမ်းထားသည်။

“အစ်မ ငါ တောင်းပန်ပါတယ်”

“အမလေး အဲဒီလိုမပြောပါနဲ့၊ ငါတို့က ခွဲခြားလို့မရတဲ့ ညီအစ်မအရင်းတွေလေ၊ နင့်ဟာက ငါ့ဟာ ငါ့ဟာက နင့်ဟာပဲ၊ ယောက်ျားတစ်ယောက်လောက်ကတော့ အစ်မက နင့်ကိုပေးလိုက်ပါ့မယ်၊ ခြေသုံးချောင်းပါတဲ့ ဖားပြုတ်ကိုရှာရခက်ပေမဲ့ အမြစ်သေးတဲ့ယောက်ျားတွေကတော့ ပေါမှပေါပဲ”

ရှဲ့လီက နှိမ့်ချသောမျက်နှာထားဖြင့် ခုံးရုံက သစ်တော်သီးပေးကမ်းလိုက်သကဲ့သို့သောဟန်ပန်မျိုးကို ဖမ်းထားလေသည်။ ကလေးနှစ်ယောက် နှိမ့်ချစွာဖြင့် သင့်သင့်မြတ်မြတ်ရှိနေသည်ကို မြင်သောအခါ ရှဲ့ချင်စုန်နှင့် ဝူဖုန်းရောင်တို့မှာ အလွန်အမင်း စိတ်သက်သာရာရသွားကြ၏။ ရှဲ့စီလင်းမှာတော့ ဒေါသထွက်လွန်းသဖြင့် စကားများပင် အစီအစဉ်မကျတော့ချေ။

“ဟားဟားဟား ကျေးဇူးတင်ပါတယ် အစ်မ၊ ဒါဆိုရင်လည်း ငါ ဝမ်းသာအားရ လက်ခံလိုက်ပါ့မယ်”

ပြောပြီးမှသာ သူမအဓိပ္ပါယ်မရှိသည့် စကားများ ပြောလိုက်မိမှန်းသတိထားမိသွားသည်။ သူမသည် ကြက်ခိုးရန် ကြိုးစားရင်း ဆန်ပါဆုံးရှုံးလိုက်ရသည်နှင့် အမှန်တကယ်ပင် တူနေချေပြီ။

ပြီးခဲ့သောအကြိမ်က သူမနှင့် ဖေ့ရှူချန်တို့ ချစ်တင်းမနှီးနှောမီတွင် သူမက တမင်တကာ လူတစ်ယောက်ကိုခိုင်း၍ ရှဲ့လီကို ဖုန်းဆက်ခေါ်ခိုင်းခဲ့ခြင်းဖြစ်သည်။

အ‌ကြောင်းမှာ ရှဲ့လီက သူမနှင့် ဖေ့ရှူချန်တို့ ခုတင်ပေါ်တွင် လူးလှိမ့်နေသည်ကို အတိအကျ မြင်တွေ့စေရန်ပင်။ ရှဲ့လီ၏ အားနည်းသောစရိုက်လက္ခဏာအရ သူမ သေချာပေါက် ဒေါသထွက်မည်ဖြစ်သည်။ 

အကောင်းဆုံးအခြေအနေတွင် ပြင်းထန်စွာဖျားနာမည်ဖြစ်ပြီး အဆိုးဆုံးအခြေအနေတွင် သေဆုံးသွားမည်ဖြစ်သည်။

သူမက ရှဲ့မိသားစုတွင် အခိုင်အမာ နေရာယူထားပြီးသားဖြစ်၏။ အကယ်၍ သူမက ရှဲ့လီကိုသေအောင်ကြံစည်နိုင်ခဲ့လျှင် သူမအတွက်ခြိမ်းခြောက်မှုကို ထာဝရဖယ်ရှားပစ်နိုင်မည်ဖြစ်သည်။

သို့သော် ထိုနေ့က မည်သို့ဖြစ်သွားသည်မသိ။ ရှဲ့လီသည် သိုင်းနတ်ဘုရားကြီးပူးကပ်သွားသကဲ့သို့ ဖေ့ရှူချန်ကို ဆွဲယူကာ သတိလစ်သည်အထိ ရိုက်နှက်ပစ်ခဲ့သည်။  

ထိုမျှနှင့်ပင် ဆိုးရွားနေပြီဖြစ်သော်လည်း ထိုမိန်းမယုတ်က လျှို့ဝှက်စွာ ဓာတ်ပုံများရိုက်ယူပြီး ရှန်ဟိုင်းတစ်မြို့လုံးသို့ ဖြန့်ကြဲပစ်ခဲ့သေး၏။

ရှဲ့စီလင်းက သူမနှုတ်ခမ်းကို တင်းတင်းကိုက်ထားလိုက်မိသည်။ သူမ ကိုယ့်သေတွင်းကိုယ်ပြန်တူးမိခဲ့ခြင်းမှာ အမှန်ပင်။

သူမက အချိန်ကာလကို တွက်ချက်ကြည့်လိုက်မိသည်။ ထိုအဘိုးကြီးရှဲ့ပုယိုမှာ အသက်ရှည်ရှည်နေရတော့မည်မဟုတ်ပေ။

မသေဆုံးမီ သူက ရှဲ့လီအတွက် ကြီးမားသော ရတနာသိုက်ကြီးတစ်ခုကို ချန်ရစ်ခဲ့ပေလိမ့်မည်။ အချိန်တန်လျှင် ထိုရတနာသိုက်ကို သူမကိုယ်တိုင်လုယူမည်ဖြစ်သည်။ 

သူမ၏ရည်မှန်းချက်က ကြီးမားသည်။ ရှဲ့ချင်စုန်ဖြစ်ဖြစ် ဝူဖုန်းရောင်ဖြစ်ဖြစ် ဖေ့ရှူချန်ဖြစ်ဖြစ် ဂရုစိုက်စရာမလိုပေ။ သူတို့သည် စာအုပ်ထဲမှစက္ကူဇာတ်ကောင်များမျှသာ ဖြစ်သည်။

ဟုတ်ပေ‌၏။ ရှဲ့စီလင်းသည် ကူးပြောင်းလာသူတစ်ဦးဖြစ်၏။

ဝါရင့်သရုပ်ဆောင်နှစ်ဦးဖြစ်သော ရှဲ့လီနှင့် ရှဲ့စီလင်းတို့ ညီအစ်မမေတ္တာသရုပ်ဆောင်မှုကို အဆုံးသတ်ပြီးနောက် သူတို့အခန်းအသီးသီးသို့ ပြန်သွားကြသည်။ 

ရှဲ့လီက ရှဲ့စီလင်း၏မင်းသမီးလေးခုတင်ပေါ်တွင် လှဲလျောင်းကာ မျက်နှာကျက်ကို စိုက်ကြည့်နေမိသည်။

အချိန်အတန်ကြာပြီးနောက် သူမပြုံးလိုက်၏။

ကူးပြောင်းခြင်းအပေါ် ထပ်ဆင့်ကူးပြောင်းခြင်း

မူလဇာတ်လမ်းထဲတွင် ရှဲ့စစ်လင်းသည် ကူးပြောင်းလာသူဖြစ်သည်။ 

သူမ၏ဘုရားသခင်ကဲ့သို့ ကြိုသိမြင်နိုင်သောရှုထောင့်ကို အားကိုးကာ မူလဇာတ်လိုက်မင်းသမီးဖြစ်သော ရှဲ့လီကို အသေခံဇာတ်ပို့ဇာတ်ကောင်အဖြစ်သို့ ပြောင်းလဲပစ်ရန် ကြံစည်ခဲ့၏။ 

မူလပိုင်ရှင်နှင့်သက်ဆိုင်သော အရာအားလုံးကို သူမကလုယူခဲ့သည်။ အဆုံးတွင် သူမက ဖေ့ရှူချန်နှင့်ပူးပေါင်းကာ မူလပိုင်ရှင်သေဆုံးစေရန် စီစဉ်ခဲ့၏။ ထိုအစီအစဉ်အတွင်း သူမသည် မိသားစုပိုင်ဆိုင်မှုအားလုံးကို ယူဆောင်ကာ ဖေ့ရှူချန်နှင့်အတူ ဟောင်ကောင်သို့ထွက်ပြေးခဲ့ပြီး ချောမွေ့အောင်မြင်သောဘဝကို ဖြတ်သန်းခဲ့သည်။

ရှဲ့လီက မျက်လုံးများကို မှိတ်လိုက်၏။

ဤတစ်ကြိမ်တွင်တော့ ဘုရားသခင်၏ရှုထောင့်ကို ပိုင်ဆိုင်သူက သူမကိုယ်တိုင်ဖြစ်နေ‌ခဲ့ချေပြီ။