Ch 17
Viewers 136

Ch-17

• April 13 at 12:46 PM

စနစ်မှ ယွမ် (၁၀၀၀၀) အကုန်အကျခံပြီး ဖန်တီးပေးထားသည့် အွန်လိုင်းစတိုးသည် အလွန်ပင် ရိုးရှင်းလှပြီး မီနီပရိုဂရမ် လင့်ခ်တစ်ခုမျှသာ ဖြစ်သည်။

လောလောဆယ်တွင် အွန်လိုင်းစတိုး၌ အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် ဆိုသည့် ကုန်ပစ္စည်းတစ်ခုသာ ရှိပြီး အသေးစိတ်အချက်အလက်များမှာလည်း စစ်ဆေးရေးလက်မှတ်များစွာနှင့် ထုတ်ကုန်ဓာတ်ပုံ အနည်းငယ်သာ ပါ၏။

ဟဲယဲ့တည်းခိုခန်းသို့ အပြန်လမ်းတွင် စုဟယ် ဖုန်းမှာ မရပ်မနား မြည်နေတော့သည်။ လူအများအပြားက အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင်သည် ဟောက်ခြင်းကို တကယ်ကုသနိုင်ပါသလားဟု ဖုန်းဆက်မေးမြန်းနေကြခြင်းဖြစ်သည်။

ထိုအခါမှသာ ကျူးစီးစီးနှင့် ကျန်းရိချန်တို့ အဘယ်ကြောင့် ဤမျှများပြားသော ငွေကြေးကို အသုံးပြုကာ ထိုကုတင်ကို ဝယ်ယူခဲ့ကြသလဲဆိုသည်ကို စုဟယ် နားလည်သွားတော့သည်။

အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင်မှာ ဤကဲ့သို့ အာနိသင်ရှိနေသည် မဟုတ်ပါလား။

ကျူးစီးစီးနှင့် ကျန်းရိချန်တို့ ကြော်ငြာပေးမှုကြောင့် စနစ်က အသစ်စက်စက် ဖန်တီးပေးလိုက်သော မီနီပရိုဂရမ် စတိုးတွင် အော်ဒါ ပမာဏမှာ (၂၀) အထိ ရောက်ရှိနေပြီဖြစ်သည်။

အခြားဖောက်သည် အချို့လည်း ဟဲယဲ့တည်းခိုခန်းရှိ ရှုရှင်း ဇိမ်ခံအခန်း တွင် လာရောက်စမ်းသပ်အိပ်စက်လိုကြောင်း ဖုန်းဆက်ပြောဆိုလာကြ၏။

ယနေ့ညတွင် ဟဲယဲ့တည်းခိုခန်းသို့ ဧည့်သည် ငါးဦး ရောက်ရှိလာရန် မျှော်လင့်ရသည်။ လုပ်စရာ များပြားလှသော်လည်း စုဟယ်အတွက် တစ်ခုတည်းသော စိတ်သက်သာရာရစရာမှာ အွန်လိုင်းအော်ဒါများကို စနစ်က အလိုအလျောက် ပို့ဆောင်ပေးမည်ဖြစ်ရာ သူမအနေဖြင့် စိတ်ပူနေရန် မလိုခြင်းပင်။

စုဟယ် အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် ဝယ်ယူသူများထံမှ ရရှိသော ကြိုတင်ငွေများကို ယာယီအသုံးပြုကာ ဒုတိယထပ်ရှိ ကျန်ရှိနေသော နှစ်ယောက်အိပ်ခန်း (၁၄) ခန်းလုံးကို အဆင့်မြှင့်တင်လိုက်သည်။

အခန်းတိုင်းတွင် အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် နှင့် အသံတိတ် ပြတင်းပေါက် များကို တပ်ဆင်လိုက်၏။

အသုံးပြုသူအသစ် အထူးဈေးနှုန်း မရှိတော့သဖြင့် ကုတင်တစ်လုံးလျှင် ယွမ် (၃၀၀၀) နှင့် ပြတင်းပေါက် တစ်ချပ်လျှင် ယွမ် (၁၀၀၀) ကျသင့်သည်။

ဤတစ်ကြိမ်တွင် စုဟယ် အခန်းတွင်းရှိ ရေချိုးခန်းပြတင်းပေါက်များကိုပါ လဲလှယ်ပေးလိုက်ရာ အခန်းတစ်ခန်းလျှင် ပြင်ဆင်စရိတ် ယွမ် (၅၀၀၀) ကျသင့်ပြီး စုစုပေါင်း ယွမ် (၇၀၀၀၀) ကုန်ကျသွား၏။

ဂိမ်းအတွင်း သုံးစွဲမှုပမာဏ ယွမ် (၁၀၀၀၀) ပြည့်သွားပြီးနောက် ဂိမ်းဆိုင်တွင် ပစ္စည်းနေရာအသစ် နှစ်ခု ထပ်ပွင့်လာပြီး ပစ္စည်း (၅) မျိုးကို မြင်တွေ့နိုင်ရန်အတွက် Refresh လုပ်ရန် လိုအပ်သည်။

သို့သော် စုဟယ်သည် အိပ်ပျော်နေသော မင်းသမီးလေး၏ကုတင် ကို အများအပြား လိုအပ်နေသဖြင့် လောလောဆယ်တွင် ပစ္စည်းများကို Refresh မလုပ်လိုသေးပေ။

စုဟယ် လိုက်ကာကုမ္ပဏီတစ်ခုကိုလည်း ဖုန်းဆက်ခေါ်ယူကာ ယွမ် (၆၀၀၀) အကုန်အကျခံပြီး ဒုတိယထပ်ရှိ အခန်း (၁၅) ခန်းလုံး၏ လိုက်ကာများကို လဲလှယ်လိုက်သည်။ 

ယခုတစ်ခေါက် ရွေးချယ်ထားသော လိုက်ကာများမှာ ခရင်မ်ရောင် များဖြစ်ပြီး အနည်းငယ် ဝါကျင့်ကျင့်ဖြစ်နေသော ကြမ်းပြင်နှင့် လိုက်ဖက်ညီကာ ကျေးလက်ဆန်သော အလှတရားကို တိုးစေ၏။

စုဟယ်နှင့် ဟုန်လျန်တို့ သေချာစွာ သန့်ရှင်းရေးလုပ်မှုကြောင့် ဤ ရှုရှင်း ဇိမ်ခံအခန်း (၁၅) ခန်းမှာ နောက်ဆုံးတွင် ကြည့်ပျော်ရှုပျော် ရှိလာတော့သည်။

"နံရံတွေကိုပါ ဆေးသုတ်လိုက်ရရင် သိပ်ကောင်းမှာပဲ" 

ဟုန်လျန် သူမလက်ထဲမှ အဝတ်စုတ်ကို ချလိုက်ရင်း အနည်းငယ် အားမရသလို ခံစားလိုက်ရ၏။

ယခုအခါ ဒုတိယထပ်ရှိ အခန်း (၁၅) ခန်းမှာ အလွန်သန့်ရှင်းနေပြီး အသစ်လဲလှယ်ထားသော လိုက်ကာများ၏ နောက်ခံနှင့်အတူ နွေးထွေးကာ သပ်ရပ်နေသည်။

သို့သော် နံရံများရှိ ဆေးများမှာ နေရာအတော်များများတွင် ကွာကျနေသဖြင့် ဟုန်လျန်က ထိုသို့ ပြောဆိုမိခြင်းမှာလည်း မဆန်းပေ။

"နောက်မှ ပိုက်ဆံအဆင်ပြေတဲ့အခါ ဆေးပုံးအချို့ဝယ်ပြီး သုတ်လိုက်ကြတာပေါ့"

စုဟယ်က နံရံဆေးသုတ်ခြင်းနှင့် ပတ်သက်၍ ကျွမ်းကျင်ပြီးသားဖြစ်သည်၊၊ ဟဲယဲ့တည်းခိုခန်း နံရံများသည် နှစ်ပေါင်းမည်မျှကြာအောင် ဖာထေးထားမှန်း မသိရသလို သူမကိုယ်တိုင်လည်း အကြိမ်အနည်းငယ် ပြုလုပ်ခဲ့ဖူးသည်။

အကယ်၍ မီနီပရိုဂရမ်ပေါ်ရှိ လက်ရှိ ကုတင် ၂၀ သာ အောင်အောင်မြင်မြင် ရောင်းချနိုင်ခဲ့လျှင် စနစ်၏ ကော်မရှင်ခများကို နှုတ်ပြီးနောက် စုဟယ်သည် ယွမ် (၁၈၀၀၀၀) ရရှိမည်ဖြစ်သည်။

ထိုအချိန်ရောက်လျှင် သူမ နံရံဆေးသုတ်ရန် တစ်စုံတစ်ယောက်ကို ငှားရမ်းနိုင်လောက်အောင် ချမ်းသာလာနိုင်သည်။ အို... မဟုတ်သေး နံရံကပ်စက္ကူ တွေနဲ့ တိုက်ရိုက် လဲလှယ်ပစ်နိုင်ပေမည်။

စုဟယ် သူမ ခေါင်း‌လေးကို လက်ဖြင့်ပုတ်လိုက်၏။

"သွားကြစို့၊ နင့် အခန်းကို သွားပြင်ကြမယ်"

ဟုန်လျန် အခန်းကို ပထမထပ်သို့ ပြောင်းရွှေ့ပေးထားပြီး ၎င်းမှာ မူလက စုဟယ်တို့ မိသားစု ဧည့်ဝန်ဆောင်မှုအခန်း ဖြစ်သဖြင့် ဧည့်ခန်းများနှင့် နှိုင်းယှဉ်လျှင် လူနေအိမ်နှင့် ပိုတူသည်။

ညနေ (၆) နာရီ အချိန်တွင် ဧည့်သည်များမှာ တစ်ဦးပြီးတစ်ဦး ရောက်ရှိလာကြ၏။

"မင်္ဂလာပါရှင်၊ ရှုရှင်း ဇိမ်ခံအခန်းကို ဘိုကင် တင်ထားတာလား။ ကျမနောက်ကို လိုက်ခဲ့ပါရှင်"

သူတို့ မှတ်ပုံတင်များကို စစ်ဆေးပြီးနောက် စုဟယ် ဧည့်သည်နှစ်ဦးကို ဒုတိယထပ်သို့ ခေါ်ဆောင်သွားသည်။

ထိုဧည့်သည်နှစ်ဦးမှာ တစ်ဦးက ဝပြီး တစ်ဦးက ပိန်ပါ၏။

ပိန်သောဧည့်သည်မှာ ဝူချန်ကော် ဖြစ်ပြီး ဝသောသူမှာ ချန်ကန်း ဖြစ်သည်။

ချန်ကန်းနှင့် ဝူချန်ကော်တို့သည် ဂရုထဲရှိ ကျန်းရိချန် စာကို မြင်ပြီးနောက် အံ့သြဖွယ်ကောင်းလှသည်ဟု ချီးကျူးခံထားရသော မွေ့ရာကို စမ်းသပ်ရန် ဟဲယဲ့တည်းခိုခန်းသို့ လာခဲ့ကြခြင်းပင်။

သူတို့နှစ်ဦးစလုံး နှစ်ပေါင်းများစွာ ဟောက်တတ်သူများဖြစ်ပြီး ရိုးရာကုထုံးများမှာလည်း ထိရောက်မှု မရှိခဲ့ပေ။

ဝူချန်ကော်၏ အခြေအနေမှာ ပိုမိုရှုပ်ထွေးသည်။ သူက မဝသလို ခန္ဓာကိုယ်တွင်လည်း အဆီ များများစားစား မရှိပေ။ 

ချန်ကန်းကဲ့သို့ ဝသောသူများမှာ ဝိတ်ချခြင်းဖြင့် ဟောက်ခြင်းကို သက်သာစေနိုင်သော်လည်း သူ့အတွက်မူ မည်သည့်အရာမှ အလုပ်မဖြစ်ခဲ့ချေ။

"အစ်ကိုတို့ရေ... ကျွန်တော် ဟဲယဲ့တည်းခိုခန်းကို ရောက်ပါပြီ။ အစ်ကိုကန်း နဲ့ ကျနော် တစ်ယောက် တစ်ခန်းစီ ယူထားတယ်။ ကဲ... ကြည့်လိုက်ကြဦး၊ အခန်းပုံစံက ဒီလိုပါ" 

ဝူချန်ကော် အခန်းထဲသို့ ရောက်သည်နှင့် ဗီဒီယိုအတိုလေးတစ်ခု ရိုက်ကာ ဂရုထဲသို့ ချက်ချင်း ပို့လိုက်၏။

ချန်ကန်းကလည်း ချက်ချင်းပင် လိုက်ပို့လိုက်သည်။

"ကျွန်တော့် အခန်းလည်း ပုံစံတူပါပဲ၊ အားလုံးက အသစ်တွေလိုပဲ ကြည့်ကောင်းတယ်"

ဂရုထဲမှ အဖွဲ့ဝင်တစ်ဦးက ပြန်ပြော၏။

"ကျွန်တော် မနက်ဖြန်အတွက် အခန်းတစ်ခန်း ဘိုကင်တင်ထားတယ်၊ ကျွန်တော့် မိဘတွေကိုပါ ခေါ်လာပြီး စမ်းသပ်ခိုင်းမလို့၊ ကျွန်‌တော်တို့ မိသားစု သုံးယောက်လုံးက ဟောက်ကြတာကိုး "

"အစ်ကိုကန်း ဒီည အိပ်နေတာကို Live လွှင့်မှာလား" 

တစ်စုံတစ်ယောက်က စနောက်လိုက်သည်။

ချန်ကန်းက ရယ်မောရင်း ကျိန်ဆဲလိုက်၏။

"ဒီကောင်တွေကတော့ ငါ့ကိုတောင် စနေကြပြီ"

သူက ဂရုထဲတွင် ပြန်ဖြေလိုက်သည်။

"ငါ Live မလွှင့်တော့ပါဘူး၊ ဒါပေမဲ့ အိပ်နေစဉ် အသက်ရှူရပ်ခြင်း စောင့်ကြည့်စက် ပါလာတယ်၊ မနက်ဖြန်မနက်ကျရင် အချက်အလက်တွေကို တင်ပေးမယ် "

နောက်တစ်ယောက်က စိတ်သဘောထားကောင်းသော ဝူချန်ကော်ကို တိုက်တွန်းလိုက်သည်။

"ကောင်းပြီလေ၊ ဒါဆိုရင် ကျွန်တော်ပဲ Live လွှင့်လိုက်မယ်။ အားလုံးပဲ လာကြည့်ပြီး အကြံပေးကြဦးနော်"

ချန်ကန်းနှင့် ဝူချန်ကော်တို့အပြင် အခြားသော ဇနီးမောင်နှံ သုံးစုံလည်း လာတည်းကြသည်။

တက်ကြွနေသော ချန်ကန်းနှင့် ဝူချန်ကော်တို့နှင့် မတူသည်မှာ ထိုဇနီးမောင်နှံ သုံးစုံထဲမှ ခင်ပွန်းများမှာ မျက်နှာပျက်နေကြပြီး သူတို့ ဇနီးများက အတင်းအကျပ် ခေါ်လာခြင်း ခံရသည့်ပုံစံမျိုး ဖြစ်နေ၏။

"အို... မင်းကတော့ ဘယ်လို အဓိပ္ပာယ်မရှိတဲ့ ကြော်ငြာတွေကို ဖတ်လာပြန်ပြီလဲ။ မွေ့ရာတစ်ခုက ဟောက်တာကို ကုသနိုင်တယ် ဟုတ်လား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ " 

ဖန်လုံ ဟု အမည်ရသော အမျိုးသားတစ်ဦးက တိုးတိုးလေး ညည်းတွားလိုက်သည်။

သူ့ဇနီး ရှောင်ချင်း ၏ မျက်စောင်းကို ရရှိပြီးနောက်မှသာ သူသည် ဒုတိယထပ်သို့ မလိုမတူစွာ လမ်းလျှောက်တက်သွားတော့၏။

ဖန်လုံအနေဖြင့် သူ့ဇနီး ရှောင်ချင်းက အဘယ်ကြောင့် မြို့တစ်ပတ်ပတ်ကာ ထိုကဲ့သို့သော တည်းခိုခန်းလေးသို့ လာရောက်အိပ်စက်ရသလဲဆိုသည်ကို တကယ်ပင် နားမလည်နိုင်ပေ။

ရှောင်ချင်းကတော့ လိမ်ညာခံလိုက်ရပြီမှာ သေချာသည်။

ထိုဇနီးမောင်နှံတို့၏ အငြင်းပွားမှုကို စုဟယ်က ဝင်ရောက်စွက်ဖက်ခြင်း မပြုပေ။ အိပ်ပျော်နေသော မင်းသမီးလေး၏ ကုတင် က သူတို့ကို အံ့အားသင့်စေလိမ့်မည်ဟု သူမ ယုံကြည်နေသည်။

ဝူချန်ကော်သည် Douyin ပေါ်တွင် Live စတင်လွှင့်လိုက်ပြီး ခေါင်းစဉ်ကို "ဟောက်ခြင်းကို ကုသပေးတဲ့ မွေ့ရာ" ဟု ပြောင်းလဲလိုက်သည်။

"အစ်ကိုတို့ရေ... ကျွန်တော် အခု Live လွှင့်နေပါပြီ။ အချိန်ရှိရင် လက်ဆောင်လေးတွေ ပေးသွားကြဦးနော်" 

ဝူချန်ကော်သည် Live လွှင့်နေသော လင့်ခ်ကို လူနာဂရုထဲသို့ မျှဝေလိုက်သည်။

Live ကြည့်ရှုသူ အရေအတွက်မှာ ချက်ချင်းပင် (၃၀)သို့ ခုန်တက်သွားပြီး ဝူချန်ကော် တည်နေရာကို ဖွင့်ထားသဖြင့် လမ်းသွားလမ်းလာ အချို့လည်း မတော်တဆ ဝင်ရောက်ကြည့်ရှုလာကြသည်။

"မွေ့ရာ ရောင်းနေတာလား "

တစ်ဦးက စာပို့လိုက်သည်။

"ဖြတ်သွားဖြတ်လာ အစ်ကိုတို့ရေ... အသည်း လေးတွေ ပေးသွားကြပါဦး ကျွန်တော် မွေ့ရာရောင်းနေတာ မဟုတ်ပါဘူး၊ ဝယ်ဖို့ လာတာပါ။ ဒီမွေ့ရာက ဟောက်တာကို ကုသနိုင်တယ်လို့ ဆိုလို့ ကျွန်တော့်ဂရုထဲက အဖွဲ့ဝင်တွေက စမ်းသပ်ခိုင်းလို့ ရောက်နေတာပါ။ Live ထဲက မိသားစုတို့ရေ... ကျွန်တော့်အတွက် သက်သေအဖြစ် ကြည့်ပေးကြပါဦး "

ဝူချန်ကော် စာတိုလေးများကို ကြည့်ရင်း ပြန်ဖြေလိုက်သည်။

"ကဲ... အစ်ကိုတို့ရေ၊ ကျွန်တော် အိပ်တော့မယ်"

ဝူချန်ကော်က ဖုန်းကို အားသွင်းကြိုးထိုးကာ ထောင့်တစ်ခုတွင် အနေအထား ညှိလိုက်သည်။

သူသည် ခေါင်းအုံးကို ပုတ်လိုက်ပြီး အနေအထားကို ပြင်လိုက်သည်။

သူသည် မျက်စိမှိတ်လိုက်ပြီး တိတ်ဆိတ်သွားတော့သည်။

"သူ အိပ်ပျော်သွားပြီလား သိပ်မြန်လွန်းတာပဲ၊ ဒါက အတုပဲ ဖြစ်ရမယ် " 

Live ကြည့်နေသူတစ်ဦးက မယုံကြည်ပေ။

"သူ တကယ် အိပ်ပျော်သွားတာပါ၊ သူ့ရဲ့ အသက်ရှူနှုန်းက အတော်လေး တည်ငြိမ်နေတယ်" 

တစ်စုံတစ်ယောက်က ဝူချန်ကော်၏ အိပ်စက်နေသော ပုံစံကို လေ့လာရင်း ပြောလိုက်သည်။

ဂရုထဲတွင်လည်း တက်ကြွစွာ ဆွေးနွေးနေကြသည်

"သူ တကယ် မဟောက်တော့ဘူး ထင်တယ်၊ ဒါပေမဲ့ အသက်ရှူသံ နည်းနည်းတော့ ရှိနေသေးတယ်"

"ကျွန်တော် အရင်က ဝူလေး ဟောက်တာကို ကြားဖူးတယ်၊ ဂရုထဲမှာ ဗီဒီယိုတောင် ရှိနိုင်သေးတယ်။ ဒီအာနိသင်က တကယ်ကို ထူးခြားလွန်းတယ် " 

အချို့လူများမှာ မအောင့်နိုင်တော့ဘဲ မီနီပရိုဂရမ်ပေါ်တွင် အော်ဒါ တင်လိုက်ကြပြီဖြစ်သည်။

အချို့ကမူ ပိုမို ဆင်ခြင်တုံတရား ရှိကြသည်။

"မလောကြနဲ့ဦး၊ မလောကြနဲ့ဦး၊ ခဏလောက် ထပ်စောင့်ကြည့်ကြရအောင်။ ဒါက အစပိုင်းမှာပဲ အာနိသင်ရှိတာလည်း ဖြစ်နိုင်တာပဲ။ သန်းခေါင်ယံလောက်ကျမှ ထပ်ကြည့်ကြတာပေါ့ "

ဝူချန်ကော်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်သွားပြီး လန်းဆန်းမှုကို အပြည့်အဝ ခံစားနေရသည်။ 

သူအိပ်ပျော်နေစဉ်အတွင်း Live ကြည့်ရှုသူ အရေအတွက်မှာ တဖြည်းဖြည်း တိုးပွားလာပြီး ရာနှင့်ချီသော လူများမှာ သူ့ကိုကြည့်ရင်း တစ်ညလုံး မအိပ်ဘဲ စောင့်ကြည့်နေကြသည်ကို သူ မသိလိုက်ပေ။

နောက်တစ်နေ့မနက်တွင်တော့ မည်သည့်စကားမှ ပြောနေရန် မလိုတော့ဘဲ မီနီပရိုဂရမ်ပေါ်ရှိ အော်ဒါအရေအတွက်မှာ တစ်ရာကျော်သွားတော့သည်။

နံနက်ခင်း အလင်းရောင်အောက်တွင် ဝူချန်ကော် လန်းဆန်းစွာဖြင့် နိုးလာခဲ့သည်။

သူသည် ကိုယ်လက်လှုပ်ရှားကာ ယခင်က မခံစားဖူးသော နံနက်ခင်း နိုးကြားမှုကို ခံစားလိုက်ရသည်။

"ဝါး... ကျွန်တော် မနေ့ညက မအိပ်ချင်သေးဘူး၊ ဒါပေမဲ့ Live လွှင့်နေတဲ့သူရဲ့ အသက်ရှူသံက ပုံမှန်ဖြစ်လွန်းလို့ ကျနော်လည်း မသိလိုက်ဘဲ အိပ်ပျော်သွားတယ်။ အခု စောစောနိုးလာလို့ ချက်ချင်း ပြန်ဝင်ကြည့်တာ"

"ကျွန်တော် ညဘက်မှာ အကြိမ်ပေါင်းများစွာ ဝင်ကြည့်တယ်၊ Live လွှင့်တဲ့သူက တကယ်ပဲ တစ်ချက်မှ မဟောက်ဘူး "

"ညသန်းခေါင်လောက်မှာ အသက်ရှူသံ အနည်းငယ် ကျယ်လာတယ်၊ ဒါပေမဲ့ အဲဒါက ဟောက်သံ မဟုတ်သေးဘူး "

ဝူချန်ကော်က သူ့Live မျက်နှာပြင်ကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။ 

Live ထဲတွင် ကြည့်ရှုသူ ရာနှင့်ချီ၍ ရှိနေဆဲပင်။ သူ လက်ဆောင် အဖြစ် ယွမ် ဆယ်ဂဏန်းလောက်တောင် ရလိုက်သေး၏။

"ကျွန်တော် အခု ယုံချန် က ဟဲယဲ့တည်းခိုခန်းမှာ ရှိနေတာပါ။ မွေ့ရာကို ဒီမှာပဲ ဝယ်လို့ရပါတယ်။ အားလုံးပဲ စိတ်ဝင်စားရင် လာစမ်းကြည့်ကြပါ "

ဝူချန်ကော် ဝမ်းသာအားရ ပြောလိုက်သည်။

လက်ဆောင်ရရှိထားသော ယွမ် ဆယ်ဂဏန်းကို ကြည့်ပြီး သူ့စိတ်ထဲတွင် အကြံတစ်ခု ပေါ်လာသည်။

"ဒီညကျရင် အိမ်ပြန်အိပ်မယ်၊ ပြီးတော့ လူတိုင်းကို ကျနော့်ရဲ့ ပုံမှန်ဟောက်သံကို နားထောင်ခိုင်းမယ် " 

ဝူချန်ကော်သည် ကြည့်ရှုသူများနှင့် ခဏတာ စကားပြောပြီးနောက် စိတ်မပါစွာ Live ကို ပိတ်လိုက်သည်။

အခြားအခန်းတစ်ခုတွင် ချန်ကနလည်း သူ အိပ်နေစဉ် အသက်ရှူရပ်ခြင်း စောင့်ကြည့်စက်မှ အချက်အလက်များကို ဝမ်းသာအားရ ကြည့်နေမိ၏။

သူ ဟောက်တတ်ခြင်းကြောင့် အိပ်ပျော်နေစဉ် အသက်ရှူရပ်သွားတတ်သဖြင့် ထိုစက်ကို ဝယ်ယူထားခြင်း ဖြစ်သည်။ 

သို့သော် ဤတစ်ကြိမ်တွင် အချက်အလက်များက သူ့ကို အလွန်အံ့အားသင့်စေ၏၊၊ သူ အိပ်နေစဉ် တစ်ကြိမ်မျှပင် အသက်ရှူရပ်ခြင်း မရှိခဲ့ပေ။