အခန်း (၃) ပထမကမ္ဘာ
ပထမဆုံးခြေလှမ်းသည် လှပလာရန်ဖြစ်သည်။ လှပသောမျက်နှာတစ်ခုသည် ပရိသတ်ထံမှ အမှတ်များစွာ ပိုရစေနိုင်ကြောင်း သူမကောင်းစွာသိသည်။ လူတို့သည် အပေါ်ယံရုပ်ရည်ကိုကြည့်၍ ဆုံးဖြတ်တတ်သည့်အကျင့်ရှိကြသည်မဟုတ်သလော။ ယခင်ဘဝကမူ ဤအကျဉ်းထောင်သဖွယ်ဘဝတွင် သူမသည် အလွန်ပင်ပန်းနွမ်းနယ်နေခဲ့ရသဖြင့် တိုက်ရိုက်ထုတ်လွှင့်မှုစတင်ချိန်တွင် သူမ၏မျက်နှာသည် ညစ်ပတ်ပေရေကာ အမာရွတ်များဖြင့် ပြည့်နှက်နေခဲ့သည်။ ဈေးကြီးသော အမှတ်တံဆိပ် အဝတ်အစားများကို ဆင်မြန်းထားသော်လည်း ငန်းတစ်ကောင်အဖြစ် ဟန်ဆောင်နေသည့် ဘဲရုပ်ဆိုးကဲ့သို့ ဖြစ်နေခဲ့ပြီး လူအများ၏ လှောင်ပြောင်စရာ ဖြစ်ခဲ့ရသည်။ သူမသည် ပရိသတ်တို့ အလိုရှိရာကိုသာ ပေးခဲ့မိသည်။
အကြောင်းစုံကို သူမ နားမလည်သော်လည်း ရလဒ်အနေဖြင့် သူမသည် ပထမဆုံးသော စမ်းသပ်မှုဆီသို့ မှတ်ဉာဏ်များမပျောက်ဘဲ ယခုကဲ့သို့ ပြန်လည်မွေးဖွားလာခဲ့သည်။ ကမ္ဘာကြီးကို ဖျက်ဆီးပစ်ချင်လောက်အောင် ဒေါသနှင့် အာဃာတများ ပြည့်နှက်နေသော်လည်း ထိုသို့ပြုလုပ်ခြင်းက အကျိုးမရှိမှန်း သူမ သိနေသည်။ အသက်ရှင်ကျန်ရစ်ပြီး မိမိကံကြမ္မာကို ပြောင်းလဲရန်အတွက် ဤဂိမ်း၏ စည်းမျဉ်းများကို သူမ လိုက်နာရမည်။ ကံကြမ္မာသည် ပရိသတ်များ၏လက်ထဲတွင် ရှိနေသည်။ သူမကို ၎င်းတို့ချစ်လာအောင်၊ ချစ်စရာကောင်းသည်ဟု ထင်လာအောင် လုပ်ရုံတင်မကဘဲ ၎င်းတို့က သူမကို ကိုးကွယ်ယုံကြည်ရာ ဖြစ်တည်မှုကဲ့သို့ မြင်လာစေရန် ဖန်တီးရပေလိမ့်မည်။ ထိုမှသာ ကမ္ဘာကြီးနှင့် ရင်ဆိုင်ရချိန်တွင် ၎င်းတို့က သူမဘက်မှ မားမားမတ်မတ် ရပ်တည်ကာ ကာကွယ်ပေးကြလိမ့်မည်။ ဤအရာများ အောင်မြင်ရန်အတွက် သူမသည် လှပသော လိမ်ညာမှုတစ်ခုအဖြစ် အသက်ရှင်နေထိုင်သွားရမည်။
အတုအယောင်ကမ္ဘာထဲတွင် အချိန်စီးဆင်းမှု မြန်ဆန်သော်လည်း ဆုန်ကျူယောင်သည် ထိုအထဲတွင် နေထိုင်နေရသဖြင့် အချိန်ကုန်မြန်သည်ဟု မခံစားရပေ။ သူမ ခဏတဖြုတ် အိပ်ပျော်သွားပြီးနောက် နောက်တစ်နေ့မနက်တွင် လျို့ယန်၏ နူးညံ့သောအသံကြောင့် နိုးလာခဲ့သည်။ အချိန်ကိုကြည့်လိုက်ရာ နံနက် ၆ နာရီ ၄၉ မိနစ် ရှိပြီဖြစ်သည်။ လျို့ယန်သည် ထမင်းစားခန်းရှေ့တွင် ဆုန်ကျူယောင်ကို စောင့်နေသည်။ သူမ၏ မျက်လုံးများ နီရဲဖောင်းအစ်နေပြီး သမီးဖြစ်သူကို မျက်ရည်ဝိုင်းလျက် ကြည့်ကာ မေးရှာသည်။
“ကျူယောင်... ဒီမနက် ဘာစားကြမလဲ”
မနေ့ညက ဗိုက်ဆာနေသော လျို့ယန်သည် ဆီဂျီးများဖြင့် ပေရေနေသော မီးဖိုချောင်ကိုကြည့်ကာ ဘာမှမစားတော့ဘဲ အိပ်ရာဝင်ခဲ့သည်။ အိပ်ရာပေါ်တွင် လဲလျောင်းရင်း ထိုညက ဖြစ်ပျက်ခဲ့သမျှနှင့် သမီးဖြစ်သူ၏ အေးစက်စက် အမူအရာတို့ကို တွေးတောကာ ကွယ်လွန်သူ ခင်ပွန်းကို လွမ်းဆွတ်လျက် ငိုကြွေးရင်း အိပ်ပျော်သွားခဲ့ခြင်းဖြစ်သည်။ မနက်နိုးလာတော့ သူမ ပို၍ ဗိုက်ဆာနေသည်။ ဆုန်ကျူယောင်သည် သူမကို ဂရုမစိုက်ဘဲ ရေချိုးခန်းထဲသို့ ဝင်သွားသည်။ သူမ၏ အခန်းထဲတွင် ရေချိုးခန်းမရှိပေ။ သူမအခန်းဆိုသည်မှာလည်း ပစ္စည်းဟောင်းများ စုပုံထားသည့် အခန်းငယ်လေးသာဖြစ်ပြီး သစ်သားတုံးများနှင့် စက်ပစ္စည်းများကြားတွင် ခုတင်ငယ်လေးတစ်လုံးကို အတင်းညှပ်ထည့်ထားရခြင်းဖြစ်သည်။ သူမသည် လူကုန်ကူးသူများထံမှ ငွေအနည်းငယ်ဖြင့် ဝယ်ယူလာသည့် ကလေးအလုပ်သမားတစ်ယောက်ကဲ့သို့ပင်။
ဤအရာအားလုံးသည် လက်တွေ့တွင် အဓိပ္ပာယ်မရှိဘဲ ယုတ္တိကင်းမဲ့လှသည်။ အစီအစဉ်အဖွဲ့သားများက သူမကို ဒုက္ခပေးရန်အတွက် ဤကဲ့သို့သော NPC မျိုးကို ထည့်သွင်းကာ အားစိုက်ဖန်တီးထားခြင်းဖြစ်သည်။ ဆုန်ကျူယောင်သည် သွားကို သေချာတိုက်၊ မျက်နှာသစ်ပြီးနောက် လျို့ယန်၏ အသားအရေထိန်းသိမ်းမှု ပစ္စည်းများကို တစ်လွှာချင်း အသေးစိတ် လိမ်းကျံလိုက်သည်။ လက်လိမ်းခရင်မ်ကိုလည်း မမေ့မလျော့ လိမ်းလိုက်သေးသည်။ နောက်ဆုံးတွင် ဆံပင်ကို သပ်ရပ်သော မြင်းမြီးပုံစံ ကျစ်ဆံမြီးကျစ်ပြီးမှ ရေချိုးခန်းထဲမှ ထွက်လာခဲ့သည်။ လျို့ယန်ကတော့ မနက်စာ ချက်ပေးမည့်သူကို စောင့်နေဆဲပင်။
ဆုန်ကျူယောင်သည်လည်း ဗိုက်ဆာနေပြီဖြစ်သည်။ သူမသည် ကျန်းကျန်းမာမာဖြင့် ကြီးပြင်းချင်သော်လည်း မီးခိုးနံ့များလည်း မခံနိုင်တော့ပေ။ ထို့ကြောင့် လျို့ယန်ကို တစ်ချက်ကြည့်ကာ ပြောလိုက်သည်။
“အပြင်မှာပဲ သွားစားရအောင်”
လျို့ယန် ခေတ္တမျှ ကြောင်အသွားပြီး ပြောလာသည်။
“ဒါပေမယ့် အမေတို့မှာ ပိုက်ဆံ သိပ်မကျန်တော့ဘူးလေ...”
“ပိုက်ဆံမရှိရင် ရှာပေါ့။ သမီးက အသက် ၁၀ နှစ်ပဲ ရှိသေးတာ။ အမေက လူကြီး၊ သမီးကို ပြုစုစောင့်ရှောက်ဖို့က အမေ့တာဝန်လေ” ဆုန်ကျူယောင်က ပြန်ပြောကာ လှည့်ထွက်သွားသည်။ ၎င်းတို့မိသားစုတွင် စုဆောင်းငွေအများစု ဆုံးရှုံးသွားသော်လည်း လုံးလုံးလျားလျား မွဲတေနေသည်အထိတော့ မဟုတ်ပေ။ လျို့ယန်၏ လက်ထဲတွင် လျှို့ဝှက်ထားသော ကိုယ်ပိုင်ငွေ အနည်းငယ် ရှိနေသေးမှန်း သူမ သိသည်။
လျို့ယန်သည် ဆုန်ကျူယောင်၏ ကျောပြင်ကို ကြည့်ရင်း အလွန်ပင် ဝမ်းနည်းအားငယ်သွားသည်။ ဆုန်ကျူယောင်ကတော့ သူမကို ကြည့်ရင်း ‘လာပြန်ပြီ အဲ့ဒီမျက်နှာ’ ဟု စိတ်ထဲက ကျိန်ဆဲနေမိသည်။ ၎င်းတို့နှစ်ဦး ရွာထဲတွင် ဆယ်စုနှစ်တစ်ခုကြာ ဖွင့်လှစ်ထားသည့် မနက်စာဆိုင်သို့ သွားကြလေသည်။ ဆိုင်သည် အရောင်းသွက်လှပြီး စားပွဲများ ပြည့်နေသဖြင့် အခြားလူများနှင့် ဝိုင်းမျှစားလိုက်ရသည်။ ရွာသားအားလုံး၏ အကြည့်များ ထိုသားအမိနှစ်ယောက်ထံ ရောက်နေပြီး အဓိကအားဖြင့် အလှအပကြောင့် နာမည်ကြီးသည့် လျို့ယန်ထံ စုပြုံနေသည်။ 'အသားဖြူရင် အလိုလို လှနေတတ်သည်' ဆိုသည့် စကားအတိုင်း ဝတ်စုံဖြူလေး ဝတ်ဆင်ကာ ခေါင်းတွင် အသုဘပန်းဖြူလေး ပန်ထားသော လျို့ယန်သည် ပို၍ ထင်ပေါ်နေသည်။
လျို့ယန်သည် စိတ်မသက်မသာဖြစ်ကာ ဆုန်ကျူယောင်အနားသို့ ကပ်နေမိသော်လည်း ဆုန်ကျူယောင်ကမူ ပတ်ဝန်းကျင်ကို ဂရုမစိုက်ဘဲ ပေါက်စီနှင့် ပဲနို့ကိုသာ အေးအေးဆေးဆေး စားသောက်နေသည်။ ယခင်ကကဲ့သို့ သူစိမ်းများကို ဝံပုလွေငယ်တစ်ကောင်လို ခက်ထန်သော အကြည့်များဖြင့် ပြန်မကြည့်တော့ပေ။ ထိုစဉ် လျို့ကော်ချင်းဆိုသည့် ဝတ်စုံပြည့် ဝတ်ဆင်ထားသော လူလတ်ပိုင်း အမျိုးသားတစ်ဦး ဆိုင်ထဲသို့ ပြုံးဖြီးဖြီးဖြင့် ဝင်လာသည်။
“ညီမလေး... မင်းက ဒီမှာကိုး။ အိမ်ကိုသွားတာ ဘယ်သူမှမရှိလို့ မနည်းလိုက်ရှာနေရတာ”
သူသည် ရိုးသားလှသော ရွာသားများကြားတွင် ထင်းနေပြီး လူတကာ၏ လေးစားအားကျသော အကြည့်များကြောင့် ရင်ကိုကော့ကာ မာန်တက်နေသည်။ ကျေးလက် အကြွေးဝယ်သမဝါယမအသင်းက ဝန်ထမ်းတစ်ဦးမျှသာ ဖြစ်သော်လည်း သူကိုယ်သူ ပညာတတ် လူကုံထံတစ်ဦးဟု မှတ်ယူထားကာ ရွာသားများကို အထင်သေးတတ်သူဖြစ်သည်။ လျို့ကော်ချင်းကို မြင်လျှင်မြင်ခြင်း လျို့ယန်၏ မျက်နှာတွင် အားကိုးသော အပြုံးများ ပေါ်ပေါက်လာသည်။
“ကိုကြီး...”
“လာ... သွားရအောင်။ ငါ မင်းကို ပြောစရာရှိတယ်” လျို့ယန်တစ်ယောက် မနက်စာပင် ကုန်အောင်မစားရသေးခင် အတင်းဆွဲခေါ်ခံလိုက်ရသည်။
ဆုန်ကျူယောင်သည် ဂရုမစိုက်ဘဲ ဆက်လက်စားသောက်နေပြီး လျို့ယန် ချန်ထားခဲ့သည့် ပေါက်စီကိုပင် ယူစားလိုက်သည်။ လျို့ကော်ချင်းသည် လျို့ယန်ကို ဆွဲခေါ်သွားပြီးမှ ဆုန်ကျူယောင် လိုက်မလာကြောင်း သတိပြုမိကာ ဆိုင်ထဲသို့ ပြန်ပြေးလာသည်။ “ဒီကလေးမလေးတော့... အမေ ထွက်သွားတာတောင် မသိဘူး၊ တကယ့် ထုံထုံအအပဲ။ လူစိမ်းတွေ နောက်ပါသွားရင် ဘယ်လိုလုပ်မလဲ” ဆူပူရင်း ဆုန်ကျူယောင်၏ လက်မောင်းကို အတင်းဆွဲလေသည်။
လတ်လတ်ဆတ်ဆတ် ထည့်ထားသောကြောင့် ပူလောင်နေဆဲဖြစ်သော ပဲနို့သည် လျို့ကော်ချင်း ဆွဲလိုက်သည့်အရှိန်ကြောင့် သူမလက်ပေါ် ဖိတ်စင်သွားပြီး ချက်ချင်းပင် နီရဲသွားသည်။ ဆုန်ကျူယောင်၏ မျက်လုံးများတွင် ဒေါသအရိပ်အမြွက်များ ချက်ချင်း ဖြတ်သန်းသွားသည်။ ပူလောင်နေသည့်တိုင် ဘာမှမဖြစ်သကဲ့သို့ ပဲနို့ပန်းကန်ကို မြဲမြဲကိုင်ကာ လျို့ကော်ချင်း ဆွဲရာနောက်သို့ လိုက်သွားလေသည်။ ထို့နောက် ကျန်နေသော ပဲနို့ပူပူများကို လျို့ကော်ချင်းအပေါ်သို့ ပက်လိုက်သည်။
“အား!” လျို့ကော်ချင်း၏ ဘောင်းဘီသည် ပဲနို့ပူပူများဖြင့် စိုရွှဲသွားပြီး အသားနှင့် ကပ်သွားသည်။ သူသည် ဆုန်ကျူယောင်၏ လက်ကို လွှတ်ချကာ ပူလောင်လွန်းသဖြင့် ဟိုခုန်ဒီခုန် ဖြစ်နေတော့သည်။
ထို “ပညာတတ် လူကုံထံကြီး” ၏ အရှက်ရနေပုံကိုကြည့်ပြီး ဆိုင်ထဲက လူများ ဟားတိုက်ရယ်မောကြသည်။ လွန်ခဲ့သော ဆယ်နှစ်က ရွာ၏ လက်ချိုးရေတွက်ရသော တက္ကသိုလ်ကျောင်းသားတစ်ဦးဖြစ်ခဲ့သဖြင့် လျို့ကော်ချင်းသည် အမြဲ အလေးအမြတ် ထားခံရသူဖြစ်သည်။ ယခုမူ အရှက်တကွဲ ဖြစ်သွားသဖြင့် ဆုန်ကျူယောင်ကို စူးစူးဝါးဝါး စိုက်ကြည့်ကာ ထွက်ပြေးသွားတော့သည်။
“ဦးလေး... ပဲနို့ နောက်တစ်ခွက် ထပ်ပေးပါ” ဆုန်ကျူယောင်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဗိုက်ဝအောင် စားသောက်ပြီးနောက် အိမ်ပြန်ရောက်သော် လျို့ကော်ချင်းသည် ဧည့်ခန်းထဲတွင် မျက်စိပျက် မျက်နှာပျက်ဖြင့် ထိုင်နေသည်။ လျို့ယန်ကတော့ ရှိုက်ကြီးတငင် ငိုကြွေးရင်း ပုခုံးများ တုန်ယင်နေသဖြင့် အမျိုးသားများ သနားစရာ အသွင်အပြင်မျိုးပင်။
“ဘာလို့ ငိုနေတာလဲ” လျို့ကော်ချင်းက မေးလိုက်သည်။
“ငါက မင်းကောင်းကျိုးအတွက် ပြောနေတာလေ။ ကြည့်စမ်း... အခုအခြေအနေနဲ့ မင်း ဘာလုပ်နိုင်မှာလဲ။ ဒီလို ချမ်းသာတဲ့ မိသားစုက မင်းကို လက်ထပ်ချင်တဲ့အပြင် သမီးပါတာကိုလည်း လက်ခံတာက ရှားမှရှားပဲ။ ဘာကို မကျေနပ်နိုင်ရတာလဲ”
“ကျွန်မ ယောက်ျားဆုံးတာ နှစ်လပဲ ရှိသေးတယ်လေ၊ အခု နောက်အိမ်ထောင်ပြုရမယ်တဲ့လား” လျို့ယန်က အက်ရှရှအသံဖြင့် ပြန်ပြောလိုက်သည်။
“လူတွေ ကျွန်မကို ဘာပြောကြမလဲ။ ကျွန်မ သူတို့ကို ဘယ်လို မျက်နှာပြရမလဲ”
“သေချာစဉ်းစားစမ်းပါ” လျို့ကော်ချင်းက ဆိုသည်။ “အဲ့ဒီမိသားစုက ငါတို့ရွာကပဲ။ သူတို့အိမ်နဲ့ အမျိုးတော်ချင်တဲ့ အမျိုးသမီးတွေမှ အများကြီး။ မင်းလို မုဆိုးမတစ်ယောက်အတွက် ဒါက ကောင်းချီးပဲ။ ဒီအခွင့်အရေး လက်လွတ်သွားရင် နောက်ထပ် ရှိမှာမဟုတ်ဘူး” လျို့ကော်ချင်း၏ မျက်လုံးများတွင် ခြိမ်းခြောက်သည့် အရိပ်အမြွက်များ ပေါ်လာပြီးနောက် ချက်ချင်းပင် လေသံကို ပြောင်းလိုက်သည်။
“ဒါက ထားပါတော့... မင်းယောက်ျား မသေခင်က ငါ့ဆီက ယွမ် ၂၀၀၀၀ ချေးထားတယ်၊ နှစ်လအတွင်း ပြန်ဆပ်မယ် ပြောတာပဲ။ အခု ငါ အရေးတကြီး လိုနေပြီ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့ကို ပြန်ဆပ်ဖို့ လုပ်ထား”
လျို့ယန်သည် သူ့ကို မယုံကြည်နိုင်သလို စိုက်ကြည့်လိုက်သည်။
“ကိုကြီး... ကျွန်မမှာ အခု ပြန်ဆပ်ဖို့ ပိုက်ဆံမရှိတာ ကိုကြီးလည်း သိသားပဲ...”
“အခုမရှိရင် နောင်ရော ရှိလာမှာလား” လျို့ကော်ချင်းက ပြင်းထန်စွာ ပြောလိုက်သည်။
လျို့ယန်သည် ဘာမှပြန်မပြောနိုင်တော့ပေ။ ‘ဟုတ်သားပဲ... ပိုက်ဆံက ဘယ်က ရမှာလဲ’
လျို့ကော်ချင်းက သူ့ညီမအကြောင်း မသိဘဲ နေပါ့မလား။ ဤကိစ္စ အထမြောက်တော့မည်ကို သူသိသဖြင့် ချန်မိသားစုထံမှ ကော်မရှင်ခများကို စိတ်အေးလက်အေး ယူဆောင်ကာ လျို့ယန်နှင့် ချန်လောင်အာတို့အတွက် အောင်သွယ်ရန် စီစဉ်လိုက်တော့သည်။ သူသည် ချက်ချင်း အဖြေမတောင်းတော့ပေ။ ရလဒ်က သိသာနေပြီးသားမို့ ထွက်သွားရန် ပြင်ဆင်စဉ် တံခါးဝတွင် သူ့ကို စိုက်ကြည့်နေသော ဆုန်ကျူယောင်ကို မြင်လိုက်ရသည်။
“နင် လူကြီးကို နှုတ်မဆက်တတ်ဘူးလား”
ဆုန်ကျူယောင်သည် အေးစက်စက် အပြုံးဖြင့် သူ့ဘေးမှ နှာခေါင်းရှုံ့လျက် လှည့်ထွက်သွားသည်။ လျို့ကော်ချင်းသည် ဒေါသထွက်ကာ သူမကို အဆုံးအမ မရှိသည့် ကလေးဟု ဆဲဆိုသော်လည်း ဆုန်ကျူယောင်ကတော့ ဘာမှမဖြစ်သလိုပင်။ လျို့ကော်ချင်းသည် တတွတ်တွတ် ညည်းတွားရင်း ထွက်သွားလေသည်။ ဆုန်ကျူယောင်သည် တစ်မျိုးကြီး ထူးဆန်းနေသည်ဟု လျို့ကော်ချင်း ခံစားလိုက်ရသည်။ သို့သော်လည်း ဆယ်နှစ်အရွယ် ကလေးတစ်ယောက်ဟု တွေးတောကာ သူ့အတွေးကို သူ ပြန်ပယ်ချလိုက်သည်။
ဆုန်ကျူယောင်သည် ငိုယိုနေသော လျို့ယန်ကို ကြည့်ကာ ရေအေးတစ်ခွက် ငှဲ့သောက်လိုက်သည်။ ‘ရေများများသောက်တာ ကျန်းမာရေးအတွက် ကောင်းတယ်’
အစီအစဉ်အဖွဲ့သားများ၏ ဒီဇိုင်းရေးဆွဲမှုသည် ဆုန်ကျူယောင် ခံစားရသည့် ဒုက္ခကို တဖြည်းဖြည်း တိုးမြှင့်သွားရန် ဖြစ်သည်။ သူမ၏ စိတ်ဓာတ်ကို အမြစ်ကနေ ဖျက်ဆီးပစ်ရန်အတွက် ‘ဒုက္ခတစ်ခုထက် တစ်ခု ပိုဆိုးလာခြင်း’ ကို ခံစားစေလိုခြင်းဖြစ်သည်။ ဖခင်ဖြစ်သူ ရှိစဉ်က သူမသည် အာဟာရချို့တဲ့ပြီး ပင်ပန်းရုံသာ ဖြစ်ခဲ့သည်။ ဖခင်ကွယ်လွန်ပြီးနောက်တွင်မူ ဒုက္ခပေးတတ်သော လျို့ယန်သည် သူမအတွက် အနှောင်အဖွဲ့နှင့် ငရဲတစ်ခုဖြစ်လာသည်။ မူလအတိုင်းဆိုလျှင် လျို့ယန်သည် စက်ရုံပိုင်ရှင်ဖြစ်ပြီး ရွာတွင် အချမ်းသာဆုံးဖြစ်သည့် ချန်လောင်အာနှင့် လက်ထပ်ရမည်ဖြစ်သည်။
ချန်လောင်အာသည် လျို့ယန်ကို ယခင်ကတည်းက မျက်စိကျနေခြင်းဖြစ်သည်။ အခွင့်အရေးရသည်နှင့် လျို့ကော်ချင်းကို ပွဲစားလုပ်ခိုင်းကာ လက်ထပ်ရန် စီစဉ်ခဲ့သည်။ ချန်လောင်အာ၏ ဇနီးဟောင်းသည် အိမ်တွင်းအကြမ်းဖက်မှုကြောင့် သေဆုံးခဲ့ရသည်ကို သိသော်လည်း လျို့ကော်ချင်းသည် ငွေမက်သဖြင့် ညီမဖြစ်သူကို အကျပ်ကိုင်ကာ လက်ထက်ခိုင်းခဲ့ခြင်းဖြစ်သည်။ မိခင်က နောက်အိမ်ထောင်ပြုလျှင် သမီးဖြစ်သူသည်လည်း လိုက်ရပေလိမ့်မည်။ ဤသည်မှာ ဒုတိယအဆင့် ငရဲ၏ အစပျိုးမှုဖြစ်သည်။ ချန်လောင်အာသည် လက်ထပ်ပြီးစတွင် လျို့ယန်အပေါ် ကောင်းသော်လည်း မကြာမီတွင် သူ၏ စရိုက်မှန် ပေါ်လာကာ ရိုက်နှက်နှိပ်စက်တော့သည်။ လျို့ယန်ကို ကာကွယ်ပေးရင်း ဆုန်ကျူယောင်သည်လည်း အရိုးကျိုးသည်အထိ ရိုက်နှက်ခံခဲ့ရသည်။
ဆုန်ကျူယောင် ထက်အသက် နှစ်နှစ်ကြီးသည့် ချန်လောင်အာ၏ သားသည်လည်း ဖခင်စရိုက်အတိုင်းပင်။ ရုပ်ဆိုးကာ ရန်ခဏခဏ ဖြစ်တတ်သူဖြစ်သည်။ ချမ်းသာသော်လည်း ၎င်းတို့၏ နာမည်ဆိုးကြောင့် မည်သူကမျှ ထိုမိသားစုနှင့် လက်ထပ်မည်မဟုတ်ပေ။ ထို့ကြောင့် ချန်မိသားစုမှ အဘွားအိုသည် ဆုန်ကျူယောင်ကို ၎င်းတို့မြေးအတွက် ကြိုတင်သိမ်းထားသော သတို့သမီးအဖြစ် သတ်မှတ်ကာ ထွက်ပြေးသွားမည်စိုးသောကြောင် ရွာအပြင်ပင် မထွက်ခိုင်းဘဲ အမြဲစောင့်ကြည့်ခဲ့သည်။ ဤငရဲသည် ဆုန်ကျူယောင် အသက် ၁၆ နှစ်အထိ တည်မြဲခဲ့သည်။ နောက်ဆုံးတွင် လျို့ယန်သယ ထွက်ပြေးသွားပြီး မြို့ကြီးတစ်မြို့၏ မိုးသည်းထန်သော ညတစ်ညတွင် သူဌေးတစ်ဦး၏ ကားနှင့် တိုက်မိရာမှ ထိုသူဌေးက သူမကို သဘောကျကာ ကယ်တင်ခဲ့ခြင်းဖြစ်သည်။
ဆုန်ကျူယောင်သည် မျက်လွှာကို အသာချလိုက်သည်။ ယခုမူ အစီအစဉ်အဖွဲ့က သတ်မှတ်ထားသော ကံကြမ္မာအတိုင်း သူမ လျှောက်လှမ်းမည်မဟုတ်ဘဲ ဤလှောင်အိမ်ထဲမှ ထွက်သွားချင်သည်။
“ယောင်ယောင်... အမေတို့ ဘယ်လိုလုပ်ကြမလဲ” လျို့ယန်က သူမထံမှ နှစ်သိမ့်စကားကို စောင့်ဆိုင်းနေရင်း တိုးတိုးလေး မေးလိုက်သည်။