အခန်း (၁၅) အနည်းငယ်နေရခက်သွားသော အခြေအနေ
Viewers 26

ဝေရော့သည် ရင်ကျူးယွမ်ကို ပထမဆုံးအကြိမ် ရောက်လာစဉ်တွင် ဒီဝါးတောလေးကို သတိပြုမိခဲ့ခြင်း ဖြစ်သည်။ 


ထိုစဉ်က မျှစ်လေးများမှာ မြေပေါ်တွင်မထွက်သေးသော်လည်း၊ ယနေ့ ပြန်လာချိန်မှာတော့ မျှစ်များမှာမူ သူမ၏ လက်မောင်းခန့်အထိ ရှည်ထွက်နေပြီဖြစ်သည်။ 


ထိုမျှစ်လေးများကို ယခု မစားလျှင် ရင့်သွားတော့မည် ဖြစ်သည်။


ဝေကျင်းယီသည် စာရေးနေခြင်းကို ထပ်မံရပ်တန့်လိုက်ရပြီး ဝေရော့ကို မော့ကြည့်လိုက်လေသည်။


"မင်းသဘောပဲ" ဟု ပြောလိုက်လေသည်။ 


သူ၏ မျက်နှာထက်တွင် သူစိမ်းဆန်မှုနှင့် အေးစက်မှုတို့ ရှိနေဆဲဖြစ်သည်။ 


သူသည် ဝေရော့နှင့် စကားမပြောချင်သည့်အတွက် အမြန်အဆန်ပင် သဘောတူလိုက်တော့သည်။


"ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် အစ်ကိုကြီးနှစ်... ခဏနေရင် အရသာရှိတဲ့ မျှစ်ဟင်းတစ်ပွဲ ပြန်ပို့ပေးပါ့မယ်" 


ဝေရော့သည် ကျေးဇူးတင်စကား ပြောပြီးသည်နှင့် ဝါးတောအတွင်းသို့ပြေးဝင်သွားကာ ဝါးအရင့်များကို ခူးကာ မီးဖိုခန်းအတွင်းသို့ ပြန်လည် ဝင်သွားတော့သည်။


မီးဖိုချောင်ထဲမှ မွှေးကြိုင်သောရနံ့များ ဆက်တိုက်ရနေသည့်အတွက် စာရေးရာတွင် အာရုံမစိုက်နိုင်သော ရှောင်ပေ့မှာ နှာခေါင်းတရှုံ့ရှုံ့နှင့် တံတွေးမြိုချနေတော့သည်။


သူ၏သခင်လေးမှာမူ အာရုံစူးစိုက်မှု အလွန်ကောင်းလှသည်။ 


ဤမျှပြင်းထန်သော အနံ့မျိုးရှိနေသော်လည်း တုန်လှုပ်မှုမရှိကာ လက်ရေးမှာမူ တည်ငြိမ်နေဆဲပင် ဖြစ်သည်။ 


ရှောင်ပေ့မှာမူ ဗိုက်မဆာသေးသော်လည်း ထိုအနံ့ကြောင့်ပင် ဗိုက်ထဲတွင်ရှိသော နတ်မင်း၅ပါးမှာ လှုပ်ခါနေတော့သည်။


ခဏအကြာတွင်မူ ဝေရော့နှင့် ရှို့မေတို့ ထွက်လာကြပြီး ဝေရော့သည်လည်း ဆော့စ်ပန်းကန်များတင်ထားသော လင်ဗန်းကို ကိုင်ထားသည်။


ရှို့မေမှာမူ အငွေ့တထောင်းထောင်းထနေသည့် အိုးကြီးကို မလာလေသည်။ 


ယင်းအိုးထဲမှ အမွှေးနံ့များမှာ ဆက်တိုက်ထွက်နေခြင်းဖြစ်သည်။


သူတို့နှစ်ဦး ဇရပ်ထဲ ဝင်လာသောအခါ ရှောင်ပေ့မှနေ၍ အံ့သြတကြီးဖြင့် မေးလေသည်။


"သခင်မလေး... ဘာလုပ်မလို့လဲခင်ဗျာ"


"အော် နင်တို့နဲ့အတူ ဟော့ပေါ့စားမလို့လေ... အရင်ဆုံး စားပွဲပေါ်က စုတ်တံတွေ မှင်တုံးတွေနဲ့ စာရွက်တွေကို သိမ်းလိုက်ဦး" 


ဝေရော့သည် ဇရပ်ထဲတွင်ရှိနေသော ကျောက်စားပွဲကို ညွှန်ပြလိုက်လေသည်။


ယခုအခါတွင် ဝေကျင်းယီမှာ စာရေးနေသည် ဖြစ်သောကြောင့် သူ၏ စာရေးကိရိယာများမှာ အပြည့်ဖြစ်နေတော့သည်။


"မင်းတို့ဘာသာ အဆောင်ကို ပြန်ယူသွားပြီး စားလိုက်ပါ…ငါမလိုဘူး" 


ဝေကျင်းယီသည် အေးစက်စွာဖြင့် ပြန်လည်ကာ ပြောလိုက်လေသည်။


"ဒါတော့ မဖြစ်ဘူးလေ အစ်ကို့အတွက်လည်း ပါပါတယ်လို့ ကျွန်မပြောထားပြီးသားလေ..စကားတည်ရမှာပေါ့ မဟုတ်ရင် ကျွန်မက အစ်ကို့ဆီကနေ အလကား အခွင့်ကောင်းယူသလို ဖြစ်နေမှာပေါ့.. ကျွန်မက သူများအပေါ် အမြတ်ထုတ်ရတာ မကြိုက်ဘူး" ဟု ဝေရော့က ဆိုလိုက်သည်။ 


'အငှားရှိလျှင် အပြန်ရှိရမည်' ဟူသော စကား၏နောက်ကွယ်တွင် နောင်တွင်လည်း မီးဖိုချောင်ကို ဌားသုံးဦးမည်ဟု စကားဦး သန်းထားသည်နှင့်တူသည်။


"ပြီးတော့ လူလေးယောက်စာ ချက်ထားတာလေ… အစ်ကိုမစားရင် အကုန်နှမြောစရာကြီး ဖြစ်ကုန်မှာပေါ့ ဒီပင်လယ်စာတွေကို တံငါသည်တွေက အသက်စွန့်ပြီး ဖမ်းထားရတာ ကောင်းကောင်းစားပေးမှ သူတို့ကို အားနာရာမရောက်မှာ"


“လူလေးယောက်စာ”


ရှောင်ပေ့သည် ထိုစကားကိုကြားလိုက်သည်နှင့် အံ့သြသွားသည်။ 


“သူ့အတွက်လည်း ပါတာလား... သူက အစေခံတစ်ယောက်လေ...”


ထိုအချိန်တွင် ဝေကျင်းယီသည် ဝေရော့ကို တစ်ချက်ကြည့်လိုက်သည်။ 


တစ်ခုခု ပြန်ပြောချင်သော်လည်း ပြောမနေတော့ကာ စားပွဲပေါ်မှ စာအုပ်နှင့် စာရေးကိရိယာများကို သိမ်းဆည်းပေးလိုက်ပြီး နေရာဖယ်ပေးလိုက်လေသည်။


ရှို့မေသည် အိုးကို စားပွဲပေါ်တင်လိုက်လေသည်။ 


အိုးထဲမှ နီရဲနေသော ဆီများကို မြင်သောအခါ ဝေကျင်းယီလည်း မျက်မှောင်ကြုတ်သွားလေသည်။ 


ဝေရော့သည် ဆော့စ်ပန်းကန်များကို ချပေးရင်းဖြင့် "ဒါက ကျွန်မရဲ့ လျှို့ဝှက်ဆော့စ်ပဲ..အစ်ကိုကြီးနှစ် မြည်းကြည့်ရမယ်နော်" ဟု ဆိုသည်။ 


ထိုဆော့စ်မှာမူ သူမ၏ ကိုယ်ပိုင်ပဲငါးပိရည်ကို အခြေခံကာ ကြက်သွန်မြိတ်နှင့် ကြက်သွန်ဖြူထောင်းလေးများ ထည့်ထားခြင်းဖြစ်သည်။


မလှုတ်မယှက်ဖြစ်နေသော ဝေကျင်းယီကြောင့် ဝေရော့မှာ တူလေးဖြင့် ငါးတစ်ဖဲ့ကို ယူကာ ဆော့စ်ဖြင့် တို့လိုက်ပြီး ဝေကျင်းယီပန်းကန်ထဲသို့ ထည့်ပေးလိုက်လေသည်။ 


ဝေရော့၏ အတင်းအကျပ် တိုက်တွန်းမှုကြောင့် ဝေကျင်းယီသည် ငါးဖဲ့လေးကို ပါးစပ်ထဲ ထည့်လိုက်သည်။


ခဏအကြာတွင် ဝေကျင်းယီသည် ရုတ်တရက်ပင် ချောင်းအပြင်းအထန် ထ ဆိုးလေတော့သည်။ 


ဝေရော့လည်း လန့်သွားကာ အလောတကြီးဖြင့် ရေငှဲ့ပေးလိုက်ပြီး ကျောကို ပွတ်ပေးလိုက်လေသည်။ 


အချိန်အတော်ကြာမှ ဝေကျင်းယီလည်း သက်သာသွားလေသည်။


ချောင်းဆိုးလိုက်သည့်အတွက် ဝေကျင်းယီလည်း သွေးလည်ပတ်မှုအားကောင်းသွားသည့်အလား မျက်နှာများ နီမြန်းသွားလေတော့သည်။


ဝေကျင်းယီလည်း တူကို ချလိုက်ပြီး "မင်းတို့ပဲ စားကြတော့" ဟု ပြောကာ အခန်းထဲသို့ ပြန်ဝင်သွားတော့သည်။


ထိုအရာမှာ ရုတ်တရက် အနေခက်သွားသည့် အခြေအနေပင်ဖြစ်သည်။


ထို့ကြောင့် ရှောင်ပေ့သည် ဝေရော့ကို အားနာစွာဖြင့် ရှင်းပြသည်။


"သခင်မလေး... စိတ်မရှိပါနဲ့.. ကျွန်တော့်သခင်လေးက အစားအသောက် အပေါ့ပဲ စားတတ်တာပါ..ဒီလို အစပ်တွေကို သူ မစားနိုင်ဘူး"


"ကျွန်မ သေချာမစဉ်းစားမိလို့ပါ နောက်တစ်ခါကျရင် သူ့အတွက် တခြားအရသာရှိတာလေးတွေ လုပ်ပေးမယ်" ဟု ဝေရော့က ဆိုသည်။


“နောက်တစ်ခါ ရှိသေးတာလား”


ထိုစကားကို ကြားလိုက်ရသဖြင့် ရှောင်ပေ့လည်း မျက်လုံးပြူးလျက်ဖြင့် မေးလိုက်လေသည်။


နောက်ဆုံးတွင် ဝေရော့နှင့် ရှို့မေတို့သည်သာလျှင် ဗိုက်ကားအောင် စားလိုက်ကြတော့သည်။ 


စားပြီးနောက်တွင် ဝေရော့သည် ရှို့မေကို သိမ်းဆည်းခိုင်းလိုက်ပြီး သူမသည် အဆောင်ကို ပြန်ကာ စာရွက်လိပ်တစ်ခုကို ယူလာပြီး ဝေကျင်းယီ၏ စာရေးကိရိယာများကြားထဲ ထည့်ပေးခဲ့သည်။


ဝေရော့ ပြန်သွားပြီးနောက် ဝေကျင်းယီသည် အပြင်ထွက်လာပြီး စာရေးရန် ပြင်ဆင်နေစဉ်တွင် ထိုစာရွက်လိပ်လေးကို တွေ့လိုက်ရသည်။ 


စာရွက်မှာမူ အလွန်နူးညံ့ချောမွေ့လှပြီး သူ၏ စားပွဲပေါ်တွင်ရှိနေသော အခြားစာရွက်များနှင့် သိသိသာသာကိုပင် ကွာခြားနေလေသည်။


"ဒီစာရွက်က ဘယ်က ရတာလဲ"


"သခင်မလေးအစ်မကြီး လာထားသွားတာပါ ခုနကကိစ္စအတွက် တောင်းပန်တဲ့အနေနဲ့တဲ့" 


ဝေကျင်းယီ မေးလိုက်သည်ကို ရှောင်ပေ့မှ ပြန်ဖြေလေသည်။


"ဒါ စစ်ပေါင်ကျဲက စာရွက်ပဲ" 


ဝေကျင်းယီသည် ထိုစာရွက်ကို ကြောင်လျက်သား အနေအထားဖြင့် ကြည့်နေလေသည်။


"စစ်ပေါင်ကျဲ..အဲဒါ သခင်ကြီးက သခင်လေးတို့ကို ပေးဖူးတဲ့ စာရွက်မဟုတ်လား..အစ်ကိုကြီး ဝေရိချန်တောင် အဲဒီစာရွက်မျိုး ထပ်ဝယ်ချင်လို့ ဟူကျိုးအထိ လူလွှတ်ရှာခိုင်းတာ ဝယ်မရခဲ့ဘူးလေ..သခင်မလေးအစ်မကြီးဆီမှာ ဒါမျိုး ဘယ်လိုလုပ် ရှိနေတာလဲ" 


ရှောင်ပေ့လည်း စာရွက်ကိုကြည့်ကာ နားမလည်နိုင်သည့် ပုံစံဖြင့် ရေရွတ်မိနေတော့သည်။

------------------

-------------------------------------------------------------------------------------------------------------------