အခန်း (၂၄) ဖခင်ဖြစ်သူ၏ ယုံကြည်မှု
Viewers 45

"ဟုတ်ပါတယ် ဖေဖေ..သမီး ဒီကိစ္စကို လိမ်ပြီးမပြောပါဘူး အကယ်၍ ဖေဖေ မယုံကြည်ဘူးဆိုရင် အကွက်ငယ်လေးတစ်ခုမှာ အရင်စမ်းသပ်ခွင့်ပေးပါ..အောင်မြင်ပြီဆိုမှ အကြီးအကျယ် စိုက်ပျိုးကြတာပေါ့"

ဝေရော့သည် ထိုသို့ပြန်ဖြေလိုက်ပြီး ဝေမင်ထင်ကို စိုးရိမ်စွာဖြင့် ကြည့်လိုက်သည်။ 

ထို့နောက် ဝေမင်ထင်သည် တည်ကြည်သော မျက်နှာထားဖြင့် မေးလေသည်။

"ရော့အာ... ဆားငန်မြေမှာ သီးနှံစိုက်ပျိုးနိုင်ဖို့ဆိုတာ ဘယ်လောက်အရေးကြီးတဲ့ ကိစ္စလဲဆိုတာ သမီးသိရဲ့လား" 

"သိပါတယ်ဖေဖေ..လွန်ခဲ့တဲ့ရက်ပိုင်းက မြို့မြောက်ဘက်ကို သွားတုန်းက လယ်သမားတွေနဲ့ တံငါသည်တွေ တောင်းရမ်းစားသောက်နေရတာကို သမီးမြင်ခဲ့ပါတယ်..အခြေအနေက အရမ်းဆိုးဝါးနေပြီ..အကယ်၍ ဒီမြေမှာ စိုက်ပျိုးနိုင်ခဲ့ရင် မိသားစုအတွက် ဝင်ငွေရရုံတင်မကဘဲ ရှင်းဆန်ခရိုင်ရဲ့ စားနပ်ရိက္ခာ ပြဿနာကိုပါ ဖြေရှင်းနိုင်မှာပါ.. သမီးကို အခွင့်အရေးတစ်ခု ပေးစေချင်ပါတယ်.. အကယ်၍ မအောင်မြင်ခဲ့ရင်လည်း ဘယ်လိုအပြစ်ပေးမှုကိုမဆို ခံယူဖို့ အသင့်ပါပဲ"

ဝေရော့၏ ပြန်လည်ပြောသော စကားကြောင့် ဝေမင်ထင် အံ့သြသွားရသည်။ 

သူသည် စည်းကမ်းကြီးသည့် ဖခင်တစ်ဦးဖြစ်သောကြောင့် သားသမီးများကို ချီးကျူးလေ့မရှိသော်လည်း ယခုဝေရော့၏ လုပ်ရပ်မှာ ချီးကျူးစရာပင် ကောင်းလှသည်။

"ကောင်းတယ်... အရမ်းကောင်းတယ်" 

စာတော်သော သားကြီး ဝေရိချန်ပင် မရခဲ့သည့် ဖခင်၏ချီးကျူးမှုကို ဝေရော့ရရှိလိုက်သည့်အတွက် ယွမ်ရှီးသည် အံ့ဩသွားလေသည်။

"သမီးမှာ ဒီလိုစိတ်ထားရှိတာ အရမ်းတန်ဖိုးရှိပါတယ်..ဖေဖေ ခရိုင်ဝန်နဲ့ ဒီကိစ္စကို ဆွေးနွေးပေးမယ်.. အောင်မြင်သည်ဖြစ်စေ မအောင်မြင်သည်ဖြစ်စေ သမီးရဲ့ ဒီလိုစေတနာမျိုးရှိတာကို ဖေဖေ သဘောကျတယ်"

ဝေရော့လည်း ထိုစကားကြောင့် အံ့ဩဝမ်းသာသွားလေသည်။

ဝေရော့သည် ဖခင်ဖြစ်သူမှ ယခုကဲ့သို့ အလွယ်တကူ ခွင့်ပြုပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။

ထို့နောက် ဝေမင်ထင်က ဆက်ပြောသည်။

"လယ်ယာစိုက်ပျိုးတာဟာ မြင့်မြတ်တဲ့ အလုပ်မဟုတ်ဘူးလို့ အချို့က ထင်ကြပေမယ့် ဒါဟာ ရှက်စရာအလုပ် မဟုတ်ပါဘူး..နိုင်ငံတော်နဲ့ ပြည်သူအတွက် အစာရေစာ ထုတ်လုပ်ပေးနိုင်တာဟာ ကောင်းတဲ့အမှုပဲ"

ဝေရော့ ပြန်သွားပြီးနောက် ယွမ်ရှီးသည် ဝေမင်ထင်၏ ဒဏ်ရာကို ဆေးထည့်ပေးရင်း စိုးရိမ်စကား ပြောလိုက်သည်။

"ရှင်ကလည်းလေ... ရော့အာက မိန်းကလေးတစ်ယောက်လေ..တစ်နေကုန် လယ်ထဲဆင်းနေရင် နောင်တစ်ချိန် သူ့ဂုဏ်သတင်းအတွက် မကောင်းမှာ စိုးရိမ်မိတယ်"

ဝေမင်ထင်သည် သက်ပြင်းချလျက် ပြောလိုက်လေသည်။

"ရော့အာက တောမှာ ကြီးပြင်းလာတာ..သူ့ကို ဝမ်ဝမ်လိုမျိုး ဖြစ်အောင် အတင်းအကျပ် လုပ်ခိုင်းတာက သူ့အတွက် ပိုပြီး အနေခက်စေလိမ့်မယ်..လူတွေဟာ ဗိုက်ဝမှသာ အနုပညာနဲ့ ယဉ်ကျေးမှုအကြောင်း တွေးနိုင်ကြတာပါ ဗိုက်မဝရင် ဒါတွေက အပိုတွေပဲ အခုချိန်မှာ ပြည်သူတွေအတွက် အရေးကြီးဆုံးက စားဝတ်နေရေးပဲလေ"

ယွမ်ရှီးသည် ထိုစကားကို ကြားလိုက်ရသောအခါ အံ့ဩသွားလေသည်။

ဝေရော့ တွေးခေါ်ပုံနှင့် ခင်ပွန်းဖြစ်သူ၏ တွေးခေါ်ပုံမှာ တူညီနေသည်ကို ယွမ်ရှီး သတိထားမိသွားလေသည်။

နောက်တစ်နေ့ မနက်တွင် ဝေမင်ထင်သည် စခန်းချရာနေရာသို့ မသွားခင် ခရိုင်ဝန်အိမ်တော်သို့ ဝင်ကာ မြို့တောင်ဘက် မြေရိုင်းကိစ္စကို ပြောဆိုခဲ့သည်။ 

ခရိုင်ဝန်သည်လည်း ဝေမိသားစုမှ တာဝန်ယူမည်ဆိုလျှင် တောင်ဘက်တံခါးမှ ဝင်ထွက်သွားလာခွင့်ပေးလိုက်လေသည်။

ဝေမင်ထင်ထံမှ သတင်းစကားကိုကြားရသောအခါ ယွမ်ရှီးလည်း ဝေရော့အား ခေါ်ယူကာ ပြောလိုက်လေသည်။

"ရော့အာ... သမီးဖေဖေက ခွင့်ပြုချက် ရခဲ့ပြီတဲ့…သမီး အဲဒီမှာ စမ်းသပ်စိုက်ပျိုးလို့ ရပြီ..ဒါပေမဲ့ သမီးအရွယ်က အခုချိန်မှာ ပညာသင်ရမယ့် အရွယ်လေ…အမေက သမီးကို ဝမ်ဝမ်တို့နဲ့အတူ ခရိုင်ဝန်အိမ်တော်မှာ ပညာသင်စေချင်တယ်"

ဝေရော့သည် မိခင်ပြောသောစကားကို ကြားသည်နှင့် ချက်ချင်းပင် ငြင်းဆိုလိုက်သည်။

"ကျွန်မ အဲဒီကို မသွားချင်ဘူး..သူတို့နဲ့ ကျွန်မက မတူဘူးလေ..အတင်းအကျပ် သွားသင်ရင်လည်း အဆင်ပြေမှာ မဟုတ်ဘူး..ကျွန်မ ကျွမ်းကျင်တဲ့ အလုပ်ကိုပဲ လုပ်ပါရစေ"

ထို့နောက် ယွမ်ရှီးသည် ထပ်မံကာ နားချသည်။

"ဝေမိသားစုရဲ့ သမီးတစ်ယောက်အနေနဲ့ အခြေခံ စာပေနဲ့ ယဉ်ကျေးမှုတော့ တတ်ထားသင့်တယ်လေ..ဝမ်ဝမ်လောက် မတတ်ရင်တောင် အထိုက်အလျောက်တော့ သိထားရမယ်"

"ဒါဆိုရင်လည်း ကျွန်မ ခရိုင်ဝန်အိမ်တော်ကို မသွားပါရစေနဲ့.. အဲဒီက ဆရာကြီးဖု သင်တာတွေကို ကျွန်မ လိုက်နိုင်မှာ မဟုတ်ဘူး" ဟု ဝေရော့က ဆင်ခြေပေးလိုက်သည်။ 

သူမ၏ အဓိက ရည်ရွယ်ချက်မှာ ဝေချင်းဝမ်၊ ချန်ကျီလန်တို့နှင့် ဝေးဝေးနေရန်သာ ဖြစ်သည်။

------------------------------------------------------------------------------------------------------------------------

------------------------------