မြေဆီလွှာပြုပြင်ခြင်း လုပ်ငန်းစဉ်ပြီးဆုံးသောအခါ ဝေရော့သည် အထိန်းတော်ကျန်း၊ အာကွေ့နှင့် ရှောင်ပါးတို့အား မြေညှိရန်နှင့် ရေသွင်းရန် ညွှန်ကြားလိုက်သည်။
ထို့နောက် သူမသည် မြို့တောင်ဘက်ရှိ ထိုမြေရိုင်းဆီသို့ နောက်တစ်ခါ ပြန်လာပြီး စပါးမျိုးစေ့ အိတ်ကြီးတစ်အိတ်ကို ယူဆောင်လာခဲ့သည်။
ဝေရော့သည် ထိုမျိုးစေ့များကို စိုက်ခိုင်းသောအခါ အထိန်းတော်ကျန်းမှ တွေဝေသွားပြီး ဖျောင်းဖျပြန်သည်။
"သခင်မလေး... စိတ်မရှိပါနဲ့နော် ဒီအချိန်မှာ စပါးစိုက်လို့ တကယ်ပဲ အဆင်ပြေပါ့မလား..တခြားသီးနှံ ပြောင်းစိုက်ရင်ရော ဘယ်လိုလဲဟင်"
"ဒါကိုပဲ စိုက်ပါ..မစိုးရိမ်ပါနဲ့၊ ဒါက ဟူကျိုးခရိုင်ကနေ ကျွန်မ ယူလာတဲ့ 'စပါးနှောင်း' မျိုးစေ့တွေပါ..အဲဒီမှာ စိုက်နေကြတာ အောင်မြင်နေပြီမို့ ဒီအချိန်မှာ စိုက်ရင် အတော်ပဲ"
ဝေရော့သည်လည်း အထိန်းတော်ကျန်း စိုးရိမ်နေသည်ကို ယုံကြည်မှုအပြည့်ဖြင့် ပြန်လည်ကာ ပြောလိုက်သည်။
အထိန်းတော်ကျန်းအနေဖြင့် ဝေရော့၏ အတွေးအခေါ်များမှာ တစ်ခါတစ်ရံတွင် ကြောင်တောင်တောင်နိုင်သည်ဟု ထင်သော်လည်း၊ ယခုအခါတွင်မူ သူမကို ယုံကြည်မှု ပိုရှိလာခဲ့သည်။
အာကွေ့နှင့် ရှောင်ပါးမှာမူ ဝေရော့ကို တက်ကြွစွာဖြင့် ပြောလေသည်။
"သခင်မလေး ပြောရင် အမှန်ပဲ၊ ကျွန်တော်တို့ စိုက်ပါ့မယ်"
ဝေရော့မှလည်း သူတို့နှစ်ဦးကို အားပေးလိုက်သည်။
"မင်းတို့နှစ်ယောက် သေချာသင်ယူထားကြ.. ဒီမြေ အောင်မြင်သွားရင် နောက်ထပ် မြေရိုင်းတွေ အများကြီး ဖော်ဦးမှာ အဲဒီအခါကျရင် မင်းတို့က တခြားအလုပ်သမားတွေကို ပြန်သင်ပေးရမယ့် 'ခေါင်းဆောင်'တွေ ဖြစ်လာမှာ"
ထိုစကားကြောင့် အလုပ်သမားနှစ်ဦးမှာ အလွန်စိတ်လှုပ်ရှားသွားပြီး စပါးမျိုးစေ့များကို စိုက်ပျိုးရန် အစွမ်းကုန် ကြိုးစားကြတော့သည်။
စိုက်ပျိုးပြီးနောက်တွင် စပါးပင်ပေါက်လေးများ ထွက်လာရန် ရက်သတ္တပတ် နှစ်ပတ်ခန့် စောင့်ကြည့်ရမည် ဖြစ်သည်။
မြေပြင်တွင် စိုက်ပျိုးရေးအလုပ်များ ပြီးသည့်နောက် ဝေရော့၏ အားလပ်သည့်နေ့တွင် ယွမ်ရှီးမှ သူမကို ခေါ်ယူကာ စကားပြောပြန်သည်။
အကြောင်းအရာမှာ ထုံးစံအတိုင်းပင် ခရိုင်ဝန်မင်းအိမ်တွင် စာသွားသင်ရန် ကိစ္စပင် ဖြစ်သည်။
ယွမ်ရှီးသည် ယခုတစ်ကြိမ်တွင်မူ အချိန်ဆွဲခွင့်မပေးတော့ကာ နောက်နှစ်ရက်အတွင်း အစီအစဉ်များ အပြီးသတ်မည် ဖြစ်ကြောင်း ပြတ်ပြတ်သားသား ပြောလိုက်သဖြင့် ဝေရော့လည်း ခေါင်းငြိမ့် သဘောတူလိုက်ရသည်။
ထို့နောက် ညစာစားချိန်တွင် မိသားစုဝင်အားလုံး စုံစုံလင်လင်ရှိနေစဉ် ဝေချင်းဝမ်မှ သတင်းတစ်ခု ပြောပြလာသည်။
"အမေ... မြောက်ဘက်က ရှဲ့မိသားစုက ဆရာမတစ်ယောက် ငှားထားတယ်တဲ့ အဲဒါ ကျော်ကြားလှတဲ့ မစ္စဝမ်စိုက်ဝေ လို့ ကြားတယ်"
"တကယ်လား"
ယွမ်ရှီး၏ မျက်လုံးများ တောက်ပသွားကာ အံ့ဩတကြီး မေးလေသည်။
ဝမ်စိုက်ဝေသည် ကျန်းစုနှင့် ကျဲ့ကျန်းနယ်တစ်ဝိုက်တွင် အလွန်ကျော်ကြားသော ပညာတတ်အမျိုးသမီးတစ်ဦး ဖြစ်သည်။
သူမသည် နာမည်ကြီး ပညာတတ်မျိုးနွယ်မှ ဆင်းသက်လာသူဖြစ်ပြီး၊ သူမ၏ ယခင်အလုပ်ရှင်မှာ နန်းတွင်း၌ ရာထူးကြီးမြင့်သော ရွှမ်မိသားစုပင် ဖြစ်သည်။
သူမထံတွင် ပညာသင်ခွင့်ရခြင်းမှာ ဂုဏ်ယူစရာတစ်ခုသာမက မြို့တော်သို့ ပြန်ရောက်သည့်အခါတွင်လည်း လူတကာ အားကျမည့် အခွင့်အရေးကို ရမည် ဖြစ်သည်။
"မစ္စဝမ်သာ ရှဲ့အိမ်တော်ကို ရောက်နေရင် ဝမ်ဝမ်... သမီးကို အဲဒီမှာ သွားတက်ခွင့်ရအောင် အမေ နည်းလမ်းရှာရမယ်"
ယွမ်ရှီးသည် ဝမ်းသာအားရဖြင့် ပြောလိုက်သည်။
မိခင်ဖြစ်သူ ပြောလိုက်သည်ကို ဝေယီလင်းမှလည်း ထောက်ခံလိုက်သည်။
"ဟုတ်တယ် အမေ၊ အစ်မဝမ်ဝမ်က ပါရမီရှိတာပဲ၊ အဲဒီဆရာမက အစ်မကို သင်ပေးရတာ သဘောကျမှာ သေချာတယ်"
ဝေချင်းဝမ်သည်လည်း မျှော်လင့်ချက်အပြည့်ဖြင့် မိခင်ဖြစ်သူကို ကြည့်နေသည်။
အခန်းထဲတွင်ရှိနေသော လူငါးဦးအနက် လေးဦးမှာ ဝေချင်းဝမ်အတွက် စိတ်လှုပ်ရှားနေကြပြီး ဝေရော့တစ်ဦးတည်းသာ အေးအေးဆေးဆေး လက်ဖက်ရည် သောက်နေသည်။
ဝေရော့သည် ထမင်းစားဆောင်မှ ထွက်လာစဉ် ဝေရိချန်သည် နောက်မှ လိုက်လာပြီး တောင်းပန်စကား ဆိုလိုက်သည်။
"ရော့အာ... တောင်းပန်ပါတယ်"
"ဘာအတွက်လဲ"
"မစ္စဝမ်ရဲ့ စာသင်ဝိုင်းမှာ ဝမ်ဝမ်တက်ဖို့ပဲ ငါတို့ ပြောနေကြတာလေ... အမှန်က မစ္စဝမ်က ကျောင်းသားရွေးချယ်ရာမှာ အရမ်းစည်းကမ်းကြီးတယ်... အဲဒါကြောင့်..."
"ကျွန်မက အရည်အချင်း မမှီဘူးလို့ ပြောချင်တာ မဟုတ်လား"
ဝေရော့သည် သူ မပြောဝံ့သော စကားကို ဖြတ်၍ ပြောလိုက်သည်။
ဝေရိချန်သည် ဝေရော့ပြောလိုက်သည်ကို စိတ်မကောင်းစွာဖြင့် ကြည့်နေသော်လည်း ဝေရော့မှာမူ ဂရုစိုက်ခြင်း အလျဉ်းမရှိပေ။
သူမ၏ စိတ်ထဲတွင် တွေးနေသည်မှာ ဝေကျင်းယီ ပြောခဲ့သော "နာမည်ကြီးဆရာမ" အကြောင်းကိုသာ ဖြစ်သည်။
---------------------------------------------------------------
------------------------------------------------------------------------