အခန်း (၅၁) သူ့နည်းသူ့ဟန်ဖြင့် တုံ့ပြန်ခြင်း
Viewers 6k

"ဟွတ်... ဟွတ်... ဟွတ်..." 


ဝေကျင်းယီသည် ပြင်းထန်စွာ ချောင်းဆိုးလိုက်သောကြောင့် သူ၏ ပါးပြင်များမှာလည်း ရုတ်တရက် နီမြန်းလာသည်။ 


ထိုနီးမြန်းခြင်းသည် နားရွက်နောက်အထိပါ ပျံ့နှံ့သွားလေသည်။


"ဘာဖြစ်တာလဲ


ဝေရော့လည်း ထိုအဖြစ်အပျက်ကြောင့် စိုးရိမ်သွားသဖြင့် မေးလိုက်သည်။


"ဒီကိစ္စကို နောက်တစ်ခါ ထပ်မပြောနဲ့တော့.. ငါ့ရှေ့မှာတင်မကဘူး အပြင်လူတွေရှေ့မှာလည်း ဒါမျိုးပြောလို့ မဖြစ်ဘူး


ဝေကျင်းယီသည် တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။


"စိတ်မပူပါနဲ့၊ ကျွန်မမှာလည်း အပြင်မှာဆိုရင် အပြောအဆို ဆင်ခြင်တတ်တဲ့ အသိတရား ရှိပါတယ်


ဝေရော့သည်လည်း ပေါ့ပေါ့ပါးပါး ရယ်မောလိုက်ကာ ပြန်ဖြေလေသည်။ 


ထို့နောက် သူမသည် ဝေကျင်းယီအနားသို့ ကပ်သွားပြီး တိုးတိုးလေး ပြောလိုက်သည်။


"တခြားသူတွေကိုတော့ မပြောပါဘူး ဒါပေမဲ့ ဒုတိယအစ်ကိုရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံက တကယ်ကို အားကျစရာပဲနော်"


"ဝုန်း


ဝေကျင်းယီ၏ မျက်နှာမှာ ပြုတ်ထားသော ဂဏန်းနီကြီးကဲ့သို့ လုံးဝနီမြန်းသွားတော့သည်။ 


သူ၏ ရှက်သွေးဖြာနေသော ပါးပြင်များကို ကြည့်ကာ ဝေရော့မှ အားရပါးရ ရယ်ချပစ်လိုက်သည်။


“အို... ဒုတိယအစ်ကိုက တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ သူ့ညီမက သူ့ခန္ဓာကိုယ်ကို မြင်တာတောင် ဒီလောက် ရှက်နေတာ၊ နောက်ကျရင် မိန်းမယူရင် သူ ဘယ်လိုလုပ်မလဲ မသိဘူး” ဟု ဝေရော့တွေးလေသည်။


ရယ်မောပြီးနောက် ဝေရော့သည် အစောပိုင်းတွင် မေးနေသော မေးခွန်းကို ဆက်မေးလေသည်။


"ရှင်က နေ့တိုင်း စာဖတ်၊ စာရေးပဲ လုပ်နေတာကို ခန္ဓာကိုယ်မှာ ကြွက်သားတွေ ဘယ်လိုလုပ် ဒီလောက် ရှိနေရတာလဲဆိုတာ ကျွန်မကို မပြောရသေးဘူးနော်"


"ခန္ဓာကိုယ် ကြံ့ခိုင်အောင် လေ့ကျင့်တဲ့ နည်းလမ်းတွေ ရှိပါတယ်" ဟု ဝေကျင်းယီက ပြန်ဖြေလေသည်။


"ဒါဆို ရှင်က တကယ့်ကို ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနိုင်တာပဲ ဒီခြံလေးထဲမှာ နေတာတောင် ခန္ဓာကိုယ် အချိုးအစား မပျက်အောင် မမေ့မလျော့ လုပ်နိုင်တယ်ပေါ့


ဝေရော့လည်း ဝေကျင်းယီ၏ အဖြေကို မှတ်ချက်ပေးလိုက်သည်။


"ငါက မင်းနဲ့ နည်းနည်းမှ မတူဘူးလေ အဲဒါကြောင့် ပေါ့ပေါ့ဆဆ နေလို့ မရဘူး


ဝေကျင်းယီသည် ခပ်တိုးတိုးပင် ပြောလိုက်သည်။ 


သူပြောနေခြင်းမှာ ဝေရော့ကို ပြောနေသည်လား သို့မဟုတ် မိမိကိုယ်ကိုယ် ပြန်ပြောနေသည်လားဟူ၍ မသဲကွဲလှပေ။


ဝေချင်းဝမ်သည် အခန်းထဲတွင် အကြာကြီး ငိုကြွေးနေခဲ့သဖြင့် ဝေရိချန်နှင့် ဝေယီလင်းတို့မှ တစ်ယောက်ပြီး တစ်ယောက် လာရောက် နှစ်သိမ့်ပေးကြသည်။ 


ယခင်နှင့် မတူသည်မှာ ယခုတစ်ကြိမ်တွင် ဝေချင်းဝမ်မှာ အကြာကြီး ငိုနေသော်လည်း စိတ်မသက်သာနိုင် ဖြစ်နေခြင်းပင် ဖြစ်သည်။ 


ထိုအချိန်တွင် ဝေရော့ ရောက်လာခဲ့သည်။


ဝေရိချန်နှင့် ဝေယီလင်းတို့ အခန်းထဲမှ ထွက်လာကြစဉ် ဝေရော့ကို မြင်လိုက်သောအခါ နှစ်ယောက်စလုံး၏ မျက်နှာများတွင် ထူးခြားသော အမူအရာများ ရှိနေသည်။


ဝေယီလင်းမှာမူ သူ၏ ခံစားချက်ကို မထိန်းချုပ်နိုင်သဖြင့် ဝေရော့ထံသို့ ပြေးသွားကာ မေးခွန်းထုတ်လေသည်။


"မင်း... မင်းက တကယ်ကို လူယုတ်မာပဲ.. ဝမ်ဝမ့်ဆီက ရှဲ့အိမ်တော်မှာ ပညာသင်မယ့် အခွင့်အရေးကို မင်း လုယူခဲ့တာပေါ့.. မင်းကြောင့် ဝမ်ဝမ်က အရမ်းဝမ်းနည်းပြီး ငိုနေရတာ"


ထိုအခါ ဝေရော့သည် တည်ငြိမ်စွာဖြင့် ဝေယီလင်းကို ကြည့်ကာ အေးအေးဆေးဆေး ပြန်ပြောလိုက်သည်။


"ပထမအချက်က... ရှဲ့မိသားစုက အစကတည်းက ငါ့ကိုပဲ ရွေးချယ်ခဲ့တာပါ.. မင်းတို့ဘာသာ မှားယွင်းပြီး တွေးတောခဲ့တာက ဘယ်လိုလုပ် ငါ့ရဲ့ အမှား ဖြစ်သွားရတာလဲ.. မင်းရဲ့ အတွေးကိုက မှားနေပြီ၊ ငါက ဘာမှမလုပ်ဘဲနဲ့ ဒီပြစ်မှုကြီးကို ခံနေရသလို ဖြစ်နေပြီ"


"ဒုတိယအချက်က... ငါ ဝမ်ဝမ်ကို လာတွေ့တာက ဘာလို့ လှောင်ပြောင်တာ ဖြစ်ရမှာလဲ.. သူက အရမ်းကြီး နစ်နာသွားလို့လား.. သူ ခရိုင်ဝန်မင်းအိမ်မှာ စာဆက်သင်လို့ ရတာပဲ မဟုတ်လား.. လွန်ခဲ့တဲ့ နှစ်တွေတုန်းကလည်း သူ အဲဒီမှာပဲ သင်ခဲ့တာလေ အဲဒီတုန်းက ဘာမှမဖြစ်ဘဲ အခုမှ ဘာလို့ နစ်နာတယ်လို့ ခံစားနေရတာလဲ"


"ပြီးတော့ ရှဲ့မိသားစုက ဝမ်ဝမ်ကို ရွေးတယ်လို့ မင်းတို့ ထင်နေတုန်းက ငါ့ကို ခရိုင်ဝန်မင်းအိမ်မှာ စာသွားသင်ဖို့ စီစဉ်ခဲ့ကြတယ်လေ.. အဲဒီတုန်းကတော့ ခရိုင်ဝန်မင်းအိမ်က ဆရာမက တော်ပါတယ်လို့ မင်းတို့ ပြောခဲ့ကြတယ် မဟုတ်လား.. အခု ဝမ်ဝမ် သွားရမယ်ဆိုတော့မှ ဘာလို့ နစ်နာသွားရတာလဲ"


ဝေရော့သည် ဝေယီလင်း၏ စွပ်စွဲချက်များကို အေးအေးဆေးဆေးပင် ပြန်လည် ချေပလိုက်ပြီး ပြုံးလျက် ကြည့်နေသည်။


"အဲဒါက မတူဘူးလေ ငါ့အစ်မက မင်းထက် ပိုတော်တယ်၊ သူကပဲ ရှဲ့အိမ်တော်ကို သွားသင့်တာ


ဝေယီလင်းသည်လည်း ဒေါသတကြီးဖြင့် ပြန်လည်ကာ အော်ပြောလေသည်။


"အော်... ဒါဆို မင်းတို့အားလုံးက ငါ့ကို လိမ်ခဲ့ကြတာပေါ့ ငါနဲ့ ဝေချင်းဝမ်အပေါ် တရားမျှတအောင် ဆက်ဆံပါ့မယ်ဆိုတာတွေက အလိမ်အညာတွေပေါ့ ဟုတ်လား တကယ်တော့ မင်းတို့ရဲ့ စိတ်ထဲမှာ ငါတို့ နှစ်ယောက်ကို ဘယ်တုန်းကမှ တန်းတူ မထားခဲ့ဘူးပဲ ငါ့မှာ တစ်ခုခုဖြစ်ရင်တော့ အေးဆေးပဲ၊ ဝေချင်းဝမ်မှာ တစ်ခုခုဖြစ်ရင်တော့ နစ်နာသွားရတာပေါ့ ဟုတ်လား"


ဝေရော့သည် ဝမ်းနည်းစရာ စကားများကို ပြောနေသော်လည်း သူမ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု အမြဲရှိနေလေသည်။ 


သူမ၏ ကြည်လင်သော မျက်လုံးများမှာ ဝေညီအစ်ကိုနှစ်ယောက်၏ စိတ်ထဲမှ အတွေးများကို ထိုးဖောက်မြင်နေသည့်အလား တောက်ပနေလေသည်။


ဝေရိချန်နှင့် ဝေယီလင်းတို့လည်း ထိုသို့ဝေရော့ပြောနေသည်များကို ကြားလိုက်ရသဖြင့် ဆွံ့အသွားကြသည်။ 


အထူးသဖြင့် ဝေရိချန်သည် အပြစ်ရှိသလို ခံစားရသဖြင့် ဝေရော့၏ မျက်လုံးများကိုပင် မကြည့်ရဲတော့ပေ။


ထိုအခါ ဝေရော့မှ ဝေရိချန်၏ အခြေအနေကို တွေ့လိုက်ရသဖြင့် ပြုံးလိုက်ပြန်သည်။


 "စိတ်မကောင်းမဖြစ်ပါနဲ့၊ ငါတို့ကို တန်းတူ ဆက်ဆံပေးဖို့ မတောင်းဆိုပါဘူး တစ်မျိုးပြောပြီး တခြားတစ်မျိုး မလုပ်ကြဖို့ပဲ လိုချင်တာပါ မင်းတို့ လုပ်ချင်သလိုသာ လုပ်ကြပါ"


ထို့နောက် ဝေရော့သည် ဝေယီလင်းကို ငုံ့ကြည့်ကာဖြင့် ထပ်မံကာ ပြောလိုက်ပြန်သည်။


"ပြီးတော့ မင်းလည်းပဲ... 'နှစ်မျိုးနှစ်စား'မဖြစ်ပါနဲ့ ဝေချင်းဝမ်အတွက် စံနှုန်းတစ်ခု၊ ငါ့အတွက် စံနှုန်းတစ်ခု မထားပါနဲ့ ငါ မင်းအပေါ် ဘာမှ အကြွေးမတင်ထားဘူး"


ဝေယီလင်းသည်လည်း ထပ်မံကာ မေးလေသည်။ 


"မင်းမှာ တာဝန်မရှိရင်တောင် အခု သူ့ကို လာလှောင်တာက ဘာသဘောလဲ သူ့ကို တမင် ဝမ်းနည်းအောင် လုပ်တာလား


"လှောင်စရာ ဘာရှိလို့လဲ.. သူက ခရိုင်ဝန်မင်းအိမ်မှာ စာဆက်သင်ရတာပဲလေ ခရိုင်ဝန်မင်းအိမ်မှာ စာသင်တာက လှောင်စရာလား.. အဲဒါဆို အစကတည်းက မင်းတို့ ငါ့ကို လှောင်နေခဲ့တာပေါ့ ဟုတ်လား ဝေချင်းဝမ်နဲ့ မင်းက စာရေးကိရိယာတွေ ယူလာပြီး ငါ့ဆီ လာခဲ့တာက တကယ်တော့ ငါ့ကို လာလှောင်ခဲ့ကြတာလား


ဝေရော့သည် ဖြစ်ခဲ့သမျှကို မေးခွန်းပြန်ထုတ်လိုက်လေသည်။


"မင်း... မင်း


ဝေယီလင်းမှာမူ ဝေရော့၏မေးခွန်းထုတ်ခြင်းကို ပြန်ပြောနိုင်ခြင်းမရှိကာ မျက်နှာလေး နီမြန်းသွားရလေသည်။


ခဏလောက်ကြာသောအခါတွင် ဝေရိချန်မှ အားနာနေသော လေသံဖြင့် စကားဆိုလိုက်သည်။


“ရော့အာ... ညီမလေး ပြောတာ မှန်ပါတယ် ဒီကိစ္စမှာ အစ်ကိုတို့ ဘက်လိုက်ခဲ့မိတာ အမှန်ပဲ ယီလင်း ပြောတာတွေကလည်း တော်တော်လေး မှားယွင်းနေတယ် အစ်ကို သူ့ကို ဆုံးမလိုက်ပါ့မယ်


"ဟုတ်ကဲ့၊ အစ်ကိုကြီးက တရားမျှတပြီး ပြောတဲ့အတိုင်း တည်တဲ့သူတစ်ယောက်ဖြစ်လို့ ကျွန်မ ယုံကြည်ပါတယ်


ဝေရော့လည်း အစ်ကိုဖြစ်သူပြေသောစကားကို ပြုံး၍ ပြန်ပြောလိုက်သည်။ 


ထို "တရားမျှတမှု" နှင့် "ပြောသည့်အတိုင်း တည်ခြင်း" ဆိုသော စကားလုံးများမှာ ဝေရိချန်၏ နှလုံးသားကို ဓားဖြင့် နှစ်ချက် မွှန်းလိုက်သကဲ့သို့ ခံစားရစေသည်။


ဝေရိချန်သည် သူတို့ ညီမနှစ်ယောက်လုံးကို တန်းတူ ဆက်ဆံပါသည်ဟု အမြဲပြောနေသော်လည်း၊ လက်တွေ့တွင် ဝမ်ဝမ်ကိုသာ အမြဲ ရွေးချယ်တတ်ပြီး ဝမ်ဝမ်သည် ရော့အာထက် သာလွန်သည်ဟု စိတ်ထဲမှ စွဲမြဲနေသည်ကို သတိပြုမိသွားသည်။


"တောင်းပန်ပါတယ်၊ အစ်ကို့ဘက်က အားနည်းချက်တွေ ရှိခဲ့တယ်


ဝေရိချန်လည်း တောင်းပန်စကား ဆိုလိုက်သည်။ 


ဝေရော့သည် ထိုစကားကို ပြန်ဖြေခြင်းမရှိကာ ဝေချင်းဝမ်၏ အခန်းဘက်ကို ကြည့်လိုက်ပြီး… 


"ဒီနေ့ ကျွန်မ လာတာက ဝမ်ဝမ် စာသင်ရင် ဘာတွေယူသွားရမလဲဆိုတာကို လာမေးတာပါ ဒါပေမဲ့ အခုတော့ ကျွန်မက သိပ်ပြီး ကြိုဆိုခြင်း မခံရဘူး ထင်တယ်၊ အဲဒါကြောင့် ဒုတိယအစ်ကို့ကိုပဲ သွားမေးလိုက်ပါတော့မယ်" ဟု ဆိုကာ လှည့်ထွက်လာခဲ့သည်။


ဝေရော့ ထွက်မသွားခင်တွင် အခန်းဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။ 


ဝေချင်းဝမ်သည် အထဲမှနေ၍ နားထောင်နေမှန်း သူမသိသောကြောင့် ဖြစ်သည်။ 


သူမ ဒီနေ့ လာခြင်းမှာလည်း ထိုနေ့တွင် ဝေချင်းဝမ် လာပေးခဲ့သော "လက်ဆောင်" ကို ပြန်ပေးဖို့ပင် ဖြစ်သည်။ 


ထိုနေ့မှာမူ ဝေချင်းဝမ်သည် သူမအပေါ် စေတနာထားသည့်အလား ပြောခဲ့သော်လည်း၊ ယခု အခြေအနေ ပြောင်းလဲသွားသည့်အခါတွင်မူ သူမကို လှောင်ပြောင်သူဟု ချက်ချင်း သတ်မှတ်လိုက်ကြလေသည်။


သူမသည် ဝေချင်းဝမ်နှင့် မျက်နှာသာပေးမှုများကို ယှဉ်ပြိုင်လိုစိတ် လုံးဝမရှိသော်လည်း၊ ဝေချင်းဝမ်သည် သူမကို အရှေ့တွင်သာမက နောက်ကွယ်မှာပါ စော်ကားနိုင်သည်ဟု ဆိုလိုခြင်းမျိုးလည်း မဟုတ်ပေ။ 


သို့ပေမဲ့ ပေးဆပ်စရာရှိသည်များကိုမူ ပေးဆပ်ရမည်မှာ အမှန်ပင် ဖြစ်သည်။


နှစ်ရက်အကြာတွင် ဗိုလ်မှူးအိမ်တော်၏ တံခါးဝ၌ ရထားလုံး အကြီးတစ်စီးနှင့် အငယ်တစ်စီး ရပ်ထားသည်။ 


ထို့နောက် ဝေချင်းဝမ်နှင့် ဝေရော့တို့ တစ်ပြိုင်နက်တည်း ထွက်လာကြသည်။ 


ယွမ်ရှီးသည် သမီးနှစ်ယောက်ကို လိုက်ပို့ရာတွင် စိတ်ထဲ၌ အမျိုးမျိုး ခံစားနေရသည်။


ဝေချင်းဝမ်သည် ရထားလုံးပေါ် တက်ခါနီးတွင် ဝေရော့သည် သူမကို လှမ်းတားလိုက်သည်။


"စိတ်မရှိပါနဲ့ ဝမ်ဝမ်..အမေ ပြောခဲ့သလိုပဲ... ရှဲ့အိမ်တော်က ဝေးတဲ့အတွက် ရထားလုံးအကြီးကို ရှဲ့အိမ်တော် သွားမယ့်သူက စီးရမှာပါ အဲဒါကြောင့် ဒီရထားလုံးအကြီးကို အစ်မပဲ စီးလိုက်ပါ့မယ်"


ဝေရော့သည် ထိုစကားကို အေးဆေးစွာ ပြောလိုက်သော်လည်း ဝေချင်းဝမ်၏ မျက်နှာမှာမူ ပို၍ပင် ဖြူလျော့သွားလေသည်။ 


ထို့နောက် ဝေရော့လည်း ယခင်အချိန်အခါက မိခင်ဖြစ်သူတို့ စီစဉ်ပေးခဲ့သည့်အတိုင်း ထိုရထားလုံးအကြီးပေါ်သို့ ကျေနပ်စွာ တက်သွားလေတော့သည်။

------------------------------------------------------------------------------------------------------------------------------------------------------------