အခန်း (၅၈) မိတ်ဖက်အသစ်များ
Viewers 6k

"ငါပြောပြမယ်.. ငါက တိုင်းပြည်နဲ့ ပြည်သူကို အကျိုးပြုနိုင်တဲ့သူတွေကို တကယ်လေးစားတာ.. စစ်မြေပြင်မှာ တိုက်ပွဲဝင်နိုင်တဲ့ သူရဲကောင်းတွေကို အမြဲတမ်း အားကျခဲ့တာလေ.. ငါငယ်ငယ်တုန်းကဆိုရင် အဘိုးက အဲဒီလိုသူရဲကောင်းပုံပြင်တွေကို ခဏခဏ ပြောပြလေ့ရှိတယ်.. အဲဒီအချိန်တုန်းက ငါ့ကိုယ်ငါ နောင်တစ်ချိန်မှာ စစ်မြေပြင်ကို သွားနိုင်ရင် သိပ်ကောင်းမှာပဲလို့ တွေးခဲ့တာ"


ရှဲ့ရင်းသည် ဝေရော့အား သူမ၏ စိတ်ကူးအိပ်မက်များကို ပြောပြနေလေသည်။


ရှဲ့ရင်းသည် ဆက်လက်၍ နောင်တရနေသည့်လေသံဖြင့် ပြောလိုက်ပြန်သည်။


"နှမြောစရာကောင်းတာက ငါက မိန်းကလေးဖြစ်နေတာပဲ.. ကြီးလာတော့မှ မိန်းကလေးတွေ လုပ်လို့မရတဲ့အရာတွေ အများကြီးရှိတယ်ဆိုတာ ငါသိလိုက်ရတယ်.. စစ်မြေပြင်သွားဖို့ဆိုတာ ဝေးလို့၊ အိမ်တံခါးဝကနေ ထွက်ဖို့တောင် စည်းကမ်းတွေက အထပ်ထပ်ပဲ"


ထိုအခါ ဝေရော့သည် ခနဲ့သည့်အနေအထားဖြင့် ရယ်မိသွားသည်။ 


ဤရှဲ့မိသားစုမှ အမျိုးသမီးငယ်လေးမှာ တကယ်ကို စိတ်ဝင်စားဖို့ကောင်းလှသည်။ 


သူမသည် သာမန် အိမ်ထဲတွင်သာနေသော မိန်းကလေးများနှင့် တကယ်ပင် ကွဲပြားခြားနားလှပေသည်။


"နင် ဘာကိုရယ်တာလဲ" 


ရှဲ့ရင်းသည် ဝေရော့ရယ်လိုက်သည်ကို အံ့ဩစွာဖြင့် မေးလိုက်သည်။


"ငါ ရယ်တာမဟုတ်ပါဘူး.. အံ့သြသွားတာပါ.. ငါ နင့်စကားကို ထောက်ခံတယ်.. ငါ မြို့တောင်ဘက်က မြေကို စိုက်ပျိုးချင်တာတောင် မိဘတွေရဲ့ ခွင့်ပြုချက်ကို ယူရသေးတယ် မဟုတ်ရင် အပြင်ကို အလွယ်တကူ ထွက်လို့မရဘူးလေ မိဘတွေက သဘောတူရင်တောင် အပြင်ထွက်တိုင်း အိမ်က အထိန်းတော်ကို ခေါ်သွားရသေးတယ်"


"ဒါပေမဲ့ နင်ကတော့ အလုပ်တွေကို အကောင်းဆုံး လုပ်နိုင်ခဲ့တာပဲ.. ငါ့အမေ ပြောပြတာတော့ နင် အခုလို အောင်မြင်သွားရင် မြို့ထဲကလူတွေကို ကူညီနိုင်ပြီး လူအများကြီးကို ထမင်းကျွေးနိုင်မယ်တဲ့.. ဒီဂုဏ်ဒြပ်က နယ်စပ်ကို စောင့်ရှောက်ပြီး တိုင်းပြည်ကို ကာကွယ်နေတဲ့ စစ်သည်တော်တွေနဲ့ အတူတူပဲတဲ့"


ရှဲ့ရင်းသည်လည်း ထိုကဲ့သို့သော လူမျိုးကို အလေးစားဆုံး ဖြစ်လေသည်။


"နင်သာ စိတ်ဝင်စားရင် နင်လည်း ပါဝင်လို့ရပါတယ်" 


ဝေရော့သည် သူ၏အလုပ်ကို ပါဝင်ရန် အကြံပေးလိုက်သည်။

"ငါလည်း လုပ်လို့ရမှာလား" 


ရှဲ့ရင်းလည်း ဝေရော့ပြောလိုက်သည့် စကားကို အံ့အားသင့်စွာဖြင့် မေးလေသည်။


"ရတာပေါ့... မြို့တောင်ဘက်မှာ အပင်စိုက်ဖို့ မြေလွတ်တွေ အများကြီး ကျန်ပါသေးတယ်"


"ဒါပေမဲ့ မြို့တောင်ဘက်က မြေရိုင်းတွေက မြေမရှိတဲ့ လယ်သမားတွေ စိုက်ပျိုးဖို့အတွက် မဟုတ်ဘူးလား"


ရှဲ့ရင်းသည်လည်း သိချင်သည်များကို မေးပြန်သည်။


"မြို့တောင်ဘက်က မြေရိုင်းအများစုကို မြေမရှိတဲ့ လယ်သမားတွေနဲ့ အလုပ်လက်မဲ့ တံငါသည်တွေကို ပေးထားတာ မှန်ပါတယ်.. ဒါပေမဲ့ သူတို့ရဲ့ စိုက်ပျိုးစရိတ်က အကန့်အသတ်ရှိတော့ သူတို့ကို မြေမျက်နှာပြင်ကောင်းတဲ့နေရာ.. လမ်းမကြီး ဒါမှမဟုတ် ရေအရင်းအမြစ်နဲ့ နီးတဲ့နေရာ၊ ဒါမှမဟုတ် မြေပြန့်တဲ့နေရာတွေကိုပဲ ပေးထားတာ.. မြေမျက်နှာပြင် ရှုပ်ထွေးတဲ့နေရာတွေကိုတော့ မခွဲဝေရသေးဘူး"


"မြေမျက်နှာပြင် ရှုပ်ထွေးတဲ့နေရာတွေမှာရော ကောက်ပဲသီးနှံတွေ စိုက်လို့ရလား" 


ရှဲ့ရင်းလည်း ဝေရော့ပြောလိုက်သည်ကို အံ့ဩစွာဖြင့် မေးလေသည်။


"ရပါတယ်၊ ဒါပေမဲ့ စပါးလိုမျိုး စိုက်ဖို့တော့ မသင့်တော်ဘူး..ဘာလို့လဲဆိုတော့ အင်အားစိုက်ထုတ်ရမှုနဲ့ ပြုပြင်ထိန်းသိမ်းစရိတ်က အရမ်းမြင့်လို့ပဲ.. ငါတို့က ဝါးတွေ၊ မှိုတွေ၊ အမျိုးမျိုးသော သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေ ဆေးဘက်ဝင်အပင်တွေကိုတောင် စိုက်လို့ရတယ်"


ဝေရော့သည် စိတ်ဝင်တစား နားထောင်နေသော ရှဲ့ရင်းကို ကြည့်လိုက်ရာ သူမ၏ စိတ်ထဲတွင် အကြံအစည်တစ်ခု ပေါ်ပေါက်လာခဲ့ခြင်း ဖြစ်သည်။


ထို့ကြောင့် ဝေရော့သည် ရှဲ့ရင်းအား ဆက်ပြောလိုက်သည်။ 


"နင် တကယ်ပဲ စိတ်ဝင်စားတယ်ဆိုရင် ငါတို့ မိတ်ဖက် လုပ်ကြမလား"


"မိတ်ဖက်" 


ရှဲ့ရင်းသည် ဝေရော့ကို စပ်စုသောမျက်လုံးများဖြင့် ကြည့်လိုက်သည်။


"နင်က စိုက်ပျိုးရေးမှာ မကျွမ်းကျင်ဘူး ငါကတော့ ဒီအလုပ်တွေမှာ တော်ပေမဲ့ ဝေအိမ်တော်မှာ ငါ့ရဲ့လွတ်လပ်မှုနဲ့ အချိန်က အကန့်အသတ် ရှိနေတယ် ငါ့လက်အောက်မှာရှိတဲ့ လူအင်အားကလည်း နည်းတယ်.. ငါတို့သာ ပူးပေါင်းလိုက်ရင် တစ်ယောက်ရဲ့ အားသာချက်ကို တစ်ယောက်က ယူပြီး အားနည်းချက်ကို ဖြည့်ဆည်းပေးလို့ရတယ်.. ရတဲ့ငွေကိုတော့ အင်အားစိုက်ထုတ်မှု အချိုးအစားအတိုင်း ခွဲယူတာပေါ့..ဘယ်လိုလဲ"


"ငါက အပင်စိုက်ရတာကို မကြိုက်ပေမဲ့ နင်ပြောတာကတော့ တကယ်ကို စိတ်ဝင်စားဖို့ကောင်းတယ်" 


ရှဲ့ရင်းမှာ စိတ်အားထက်သန်မှုများဖြင့် ပြည့်နှက်သွားသည်။


ရှဲ့ရင်းသည် အဘိုးအဘွားများနှင့် မိဘများ၏ အလိုလိုက်မှုအောက်တွင် ကြီးပြင်းလာသူဖြစ်သည်။ 


ထို့ကြောင့် သူမတွင် နေ့စဉ်သုံးစွဲရန် ငွေကြေးမပြတ်လပ်သော်လည်း မိမိဘာသာ ငွေရှာရမည့်ကိစ္စအပေါ်တွင်မူ အသစ်အဆန်းအဖြစ် စိတ်လှုပ်ရှားနေခြင်း ဖြစ်သည်။ 


အထူးသဖြင့် ယခုအခါ သူမသည် စိုက်ပျိုးရေးအပေါ် အမြင်တစ်မျိုး ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။


"ဒါဆိုရင် ငါတို့ ဘာစိုက်သင့်တယ်လို့ နင်ထင်လဲ" 


ရှဲ့ရင်းလည်း သိချင်စိတ်ဖြင့် မေးပြန်သည်။


"ဆေးဘက်ဝင် အပင်အချို့ စိုက်လို့ရတယ် စစ်ပွဲတွေကြောင့် ဆေးဝါးသုံးစွဲမှုက အရမ်းမြင့်မားနေတယ် မြို့ထဲမှာလည်း ဆေးဝါးဈေးနှုန်းတွေက အမြဲတမ်း ကြီးနေတာလေ ငါတို့ ဆေးပင်တွေစိုက်ပြီး ရောင်းရင် ငွေရနိုင်တယ် အကယ်၍ တိုက်ပွဲမှာ လိုအပ်လာရင်လည်း ငါတို့က မူရင်းဈေးအတိုင်းပေးလို့ရတာပဲ ဒါမှ တပ်ထဲမှာ အသက်ကယ်ဆေးတွေ မပြတ်လပ်မှာ" 


ဝေရော့သည်လည်း သူ၏အစီအစဉ်အတွေးများကို ချပြ အကြံပြုလိုက်သည်။


"ဒါ သိပ်ကောင်းတာပဲ.. ငွေလည်း ရှာနိုင်သလို စစ်သည်တွေကိုလည်း ကူညီနိုင်တာပေါ့" 


ရှဲ့ရင်းသည် ဝေရော့အစီအစဉ်များကို ပို၍ စိတ်ဝင်စားလာပြီး စမ်းသပ်ကြည့်ချင်စိတ်ပင် ပြင်းပြလာသည်။


"နင် သဘောတူတယ်ဆိုရင် ခရိုင်အစိုးရနဲ့ စကားပြောရမှာတင်မဟုတ်ပဲ လယ်ကွင်းထဲမှာ အလုပ်လုပ်ဖို့ လူတွေလည်း လွှတ်ရလိမ့်မယ် အလုပ်စရာတွေ အများကြီးပဲနော်" 


ဝေရော့သည်လည်း ထပ်မံကာ သတိပေးလိုက်သည်။


"အဲဒါက ပြောနေဖို့ လိုသေးလို့လား.. ငါ နင့်ကို နောက်နေတာ မဟုတ်ဘူးနော်..ငါ ရှဲ့ရင်း... လုပ်မယ်ဆိုရင် ကြီးကြီးမားမား ဖြစ်အောင် လုပ်မှာ..ခဏနေဦး..ငါ အမေ့ကို သွားပြောလိုက်ဦးမယ်.. အမေက သဘောမတူရင် ငါ အဘိုးဆီ စာရေးပြီး တိုင်ပစ်မယ်" 


ရှဲ့ရင်းသည် ဗိုလ်ကျသည့်လေသံဖြင့် ပြန်ဖြေလိုက်သည်။


အမှန်မှာ ရှဲ့ရင်းသည် အတည်သဘောဖြင့် ပြောနေခြင်းလည်း ဖြစ်သည်။


"နောက်ထပ် အခြေအနေတစ်ခု ရှိသေးတယ် ငါတို့ ဒါတွေ ပူးပေါင်းလုပ်တဲ့အခါ နင် ငါ့အတွက် လျှို့ဝှက်ထားပေးဖို့ လိုတယ် အပြင်လူတွေကို ပြောလို့မရသလို ငါ့မိသားစုက ဘယ်သူ့ကိုမှလည်း ပြောလို့မဖြစ်ဘူး"


ဝေရော့ဘက်မှလည်း သူမဖြစ်ချင်သည်ကို တောင်းဆိုသည်။


"ဘာလို့လဲ အပြင်လူတွေကိုတော့ ငါ မပြောပါဘူး ဒါပေမဲ့ နင့်မိသားစုဝင်တွေကိုကျ ဘာလို့ ပြောလို့မရတာလဲ" 


ရှဲ့ရင်းသည် ဝေရော့ပြောလိုက်သည်ကို နားမလည်နိုင်သဖြင့် မေးလေသည်။


"အကယ်၍ ငါ့မိသားစုဝင်တွေ သိသွားပြီး ငါ့ညီမကပါ ပါဝင်ချင်တယ်လို့ ပြောလာရင် ဘယ်လိုလုပ်မလဲ" 


ဝေရော့သည် ရှဲ့ရင်းမကြိုက်သည့် အကြောင်းအရာတစ်ခုကို မေးလိုက်သည်။


"မရဘူး ငါ သူမကို မကြိုက်ဘူး..သူမက အရမ်းအလုပ်ရှုပ်တယ် လေတိုက်ရင်တောင် လဲကျတော့မယ့်အတိုင်းပဲ ပြီးတော့ ငါ့ကို အမြဲတမ်း အားနည်းတဲ့အကြည့်နဲ့ ကြည့်နေတာ.. အရင်က ငါ သူမကို လျစ်လျူရှုထားတာကိုတောင် ငါကပဲ သူမကို ရိုက်နှက်ထားသလိုမျိုးနဲ့ ဝမ်းနည်းပြနေသေးတာ" 


ရှဲ့ရင်းလည်း ဝေချင်းဝမ်အား မကြိုက်သည့်အကြောင်းကို ပြတ်ပြတ်သားသား ပြောလေသည်။


"ဒါပေမဲ့ တစ်စုံတစ်ယောက်က သိသွားပြီး ငါ့မိသားစုက ငါ့ကို အမိန့်ပေးလာရင် ငါ ငြင်းဖို့ ခက်လိမ့်မယ်" 


ဝေရော့သည်လည်း အကြောင်းအရာအမှန်ကို ဆက်လက်ရှင်းပြသည်။


"ဒါဆိုရင်တော့ လျှို့ဝှက်ထားတာပဲ ကောင်းပါတယ်.. လျှို့ဝှက်ချက်ပေါ့ ခဏနေရင် အမေ့ကို ပြောတဲ့အခါမှာလည်း လျှို့ဝှက်ထားပေးဖို့ ငါမှာလိုက်မယ်" 


ရှဲ့ရင်းလည်း ဝေရော့၏ ဆန္ဒကို သဘောတူလိုက်သည်။


"ကောင်းပါပြီ အရင်ဆုံး နင့်မိသားစုရဲ့ သဘောတူညီချက်ကို ယူပါဦး ပြီးမှ ငါတို့ ဘယ်လိုဆက်လုပ်မလဲဆိုတာ ဆွေးနွေးကြတာပေါ့" 


ဝေရော့လည်း ဝေချင်းဝမ်ကို အိမ်နှင့်အရင်တိုင်ပင်ရန် ပြောလိုက်သည်။


ရှဲ့ရင်းနှင့် ပူးပေါင်းဆောင်ရွက်ခြင်းသည် ဝေရော့အတွက် အားသာချက်များစွာ ရှိသည်။ 


ပထမအချက်မှာ ရှဲ့ရင်း၏ စရိုက်မှာ သူမနှင့် အကြိုက်ချင်း တူညီခြင်းဖြစ်ပြီး၊ ဒုတိယအချက်မှာ ရှဲ့ရင်းတွင် နောက်ခံနှင့် အရည်အချင်းရှိသဖြင့် သူမ၏ မိတ်ဖက်ဖြစ်ရန် သတ်မှတ်ချက်များနှင့် ကိုက်ညီခြင်းဖြစ်သည်၊ တတိယအချက်နှင့် အရေးကြီးဆုံးအချက်မှာ သူမအနေဖြင့် ဝေမိသားစုကို ရှောင်လွှဲနိုင်ခြင်းပင် ဖြစ်သည်။


ယခင် မြို့တောင်ဘက် မြေရိုင်းဖော်ထုတ်မှုတွင် အစိုးရနောက်ခံ လိုအပ်သဖြင့် ဝေမိသားစုမှတစ်ဆင့် အစိုးရနှင့် ဆက်သွယ်ခဲ့ရသည်။ 


ယခုအခါတွင်မူ သူမသည် ဝေမိသားစုကို ကျော်လွန်ပြီး ရှဲ့ရင်းကို အသုံးချကာ မြေကွက်အသစ် ဖော်ထုတ်နိုင်သည့်အပြင် သူမ၏ ဝင်ငွေအတွက်လည်း အပိုအစိတ်အပိုင်းတစ်ခု တိုးပွားလာစေနိုင်မည်ဖြစ်သည်။


ရှဲ့ရင်းသည် ပုံမှန်အားဖြင့် ပျင်းရိသော်လည်း၊ သူမ လုပ်ချင်သည့်အရာနှင့် တွေ့ပြီဆိုလျှင် အချိန်ဆွဲရသည်ကို မကြိုက်ပေ။ 


နေ့လယ်စာစားချိန် အနားယူစဉ်အတွင်း သူမသည် သခင်မကြီးရှဲ့ ထံသို့သွားကာ သူမ၏ အတွေးအမြင်များကို ပြောပြခဲ့သည်။


သခင်မကြီးရှဲ့သည် ဤအရာမှာ ကောင်းမွန်သောအချက်ဟု ထင်မြင်မိသည်။ 


ဝေမိန်းကလေး၏ အောင်မြင်မှုများကို လူတိုင်း မြင်တွေ့ခဲ့ကြပြီးသားဖြစ်သည်။ 


ထို့ကြောင့် သူမ၏ သမီးဖြစ်သူသည် ဝေမိန်းကလေးနောက်လိုက်၍ အဓိပ္ပာယ်ရှိသော အရာတစ်ခုခု လုပ်ဆောင်ခြင်းမှာ အကျိုးရှိပြီး အန္တရာယ်မရှိကြောင်းကို သူမ သိပေသည်။


ထို့ပြင် ဤကိစ္စမှာ ရှဲ့မိသားစုအတွက် အရေးကြီးကိစ္စလည်း မဟုတ်ပေ။


သူမသည် ရှဲ့မိသားစုထံမှ ငွေထုတ်ယူရန်ပင် မလိုသည့်အပြင် သူမ၏ ကိုယ်ပိုင် အသုံးစရိတ်ထဲမှ ငွေအချို့ကို သမီးဖြစ်သူအတွက် ထုတ်ပေးလိုက်ရုံသာ ဖြစ်သည်။


သခင်မကြီးရှဲ့ သဘောတူသည်ကို မြင်ရသဖြင့် ရှဲ့ရင်းမှာ အလွန်ဝမ်းသာသွားသည်။


"ကျေးဇူးတင်ပါတယ် အမေ" 


ရှဲ့ရင်းသည် သခင်မကြီးရှဲ့ကို ဖက်ကာ ပါးကို နမ်းလိုက်သည်။


"ဒီမျောက်မလေး... အမေ ပြောမယ်နော်..လုပ်မယ်ဆိုမှတော့ ဝေမိန်းကလေးလိုမျိုး အောင်မြင်မှုတွေရအောင် လုပ်ရမယ်.. လမ်းခုလတ်မှာတော့ ထွက်မပြေးနဲ့ဦး" 


သခင်မကြီးရှဲ့လည်း သူမကို ဆုံးမစကားပြောပြီး မှာကြားလိုက်သည်။


သခင်မကြီးရှဲ့သည် ငွေကြေးအပေါ် ဂရုမစိုက်သော်လည်း သူမ၏ သမီးဖြစ်သူ အကျင့်ကောင်းများ ရရှိလာရန်သာ မျှော်လင့်မိသည်။


"အမေ စိတ်မပူပါနဲ့၊ သမီး ဘယ်တုန်းက ထွက်ပြေးဖူးလို့လဲ.. ထွက်ပြေးတဲ့ အပြုအမူကို သမီး အမုန်းဆုံးပဲ"


"သမီးကပဲ ထွက်မပြေးဘူး ပြောသေးတယ် မနှစ်က မြို့တော်မှာတုန်းက အမေ သမီးကို ပန်းလှေလည်ပတ်ဖို့ ခေါ်သွားတာ အပြင်သွားရမယ့် အချိန်ကျတော့ သမီးက ဗိုက်နာတယ်ဆိုပြီး လိမ်ညာပြီး မလိုက်ဘဲ နေခဲ့တာလေ" 


သခင်မကြီးရှဲ့မှ ဖြစ်ပျက်ခဲ့သမျှကို ပြောလိုက်သည်။


"အဲဒါက... အဲဒါက တခြားစီပါ..."


"ကဲပါ၊ ကဲပါ၊ ဒီတစ်ခါတော့ အမေ သမီးကို ယုံကြည်ပေးလိုက်မယ်.. ဒါနဲ့ သမီးအစ်ကိုလည်း နောက်ရက်အနည်းငယ်အတွင်း ရှင်းဆန်ခရိုင်ကို ရောက်လာလိမ့်မယ်..သမီး လုပ်စရာရှိတာရှိရင် သူ့ကို အကူအညီတောင်းလို့ရတယ်" 


သခင်မကြီးရှဲ့သည် သမီ

းဖြစ်သူကို သဘောကျဟန်ဖြင့် ပြုံးကာ ပြောလိုက်သည်။

----------------------------------------------------------------------------------------------------------------