အခန်း ၁
Viewers 23



ဆောင်းဦးပေါက်ကတည်းက စတင်ရွာသွန်းခဲ့သော ထိုမြောက်ပိုင်းမြို့ပြ၏ မိုးစက်မိုးပေါက်များသည် ဘယ်သောအခါမှ ရပ်တန့်သွားမည့်ပုံမပေါ်ချေ။


ယူဇီ သည် တက္ကစီ၏ နောက်ခန်းထိုင်ခုံတွင် မှီထိုင်ရင်း ပြတင်းမှန်ကို အဆက်မပြတ် ရိုက်ခတ်နေသော မိုးရေစက်များကို ငေးကြည့်နေမိသည်။ မိုးသည်းထန်လွန်းလှသဖြင့် ခဏချင်းမှာပင် မှန်သားပြင်ထက်၌ ရေကန့်လန့်ကာကြီးတစ်ခု သဖွယ်ဖြစ်သွားပြီး အပြင်ဘက် မြင်ကွင်းတစ်ခုလုံးကို ဝေဝါးပျက်ပြယ်သွားစေတော့သည်။


ဤသည်မှာ ယခုလအတွင်း ယူဇီ ဒုတိယအကြိမ်မြောက် အိမ်ပြောင်းရခြင်း ဖြစ်၏။


အိမ်ပြောင်းသည်ဟု ဆိုရခြင်းထက် ယာယီတည်းခိုရာတစ်ခုမှ နောက်ထပ် တစ်ခုသို့ ရွှေ့ပြောင်းရခြင်းဟု ဆိုလျှင် ပိုမှန်လိမ့်မည်။ ထိုနေရာများထဲတွင် ‘အိမ်’ ဟု ခေါ်ဆိုနိုင်လောက်သည့် အမိုးအကာမျိုး တစ်ခုမျှမပါဝင်ခဲ့ချေ။ မနေ့ကအထိ သူသည် အတန်ငယ် အဆင့်မြင့်သော ဟိုတယ်တစ်ခုတွင် တည်းခိုနေသေးသော်လည်း ယနေ့နံနက်တွင်မူ သူ့ဘဏ်ကတ်အတွင်းရှိ ငွေလက်ကျန် မလုံလောက်တော့သဖြင့် အမြန်ဆုံး အခန်းဖယ်ပေးရန် အကြောင်းကြားခြင်း ခံခဲ့ရသည်။


မိုးမိထားသော လမ်းမကြီးများမှာ အလွန်ချောနေပြီး ရှေ့ဘက်တွင်လည်း ယာဉ်ကြောများ စတင်ပိတ်ဆို့နေပြီ ဖြစ်သည်။


ထိုစဉ် အနီးနားရှိ လမ်းကြောတစ်ခုထဲမှ အနက်ရောင်အွန်လိုင်းတက္ကစီတစ်စီးသည် သူတို့စီးလာသော ကားအရှေ့သို့ ရုတ်တရက် ညှပ်ဝင်လာရာ တိုက်မိလုနီးနီးပင် ဖြစ်သွားခဲ့ရသည်။


သူတို့ တက္ကစီဒရိုင်ဘာသည် စတီယာရင်ကို အမြန်ဆွဲလှည့်လိုက်ရပြီး ကားဟွန်းကိုလည်း ဒေါသတကြီး ဆက်တိုက်တီးတော့သည်။ ထို့အပြင် စိတ်မကျေနပ်နိုင်သေးဘဲ ကားမှန်ကိုပါချကာ ရှေ့ကကားကို လှမ်းအော်ဆဲလိုက်လေသည်။


"မင်း ရူးနေလား။ ကားကို စနစ်တကျမမောင်းတတ်ဘူးလား။"


ယူဇီ စိတ်ရှုပ်ထွေးစွာဖြင့် မျက်မှောင်ကြုတ်မိသွားသည်။


သူ ခေါင်းငုံ့ကာ ဖုန်းကို ကြည့်လိုက်သော်လည်း မည်သည့်မက်ဆေ့ မျှ ရောက်မနေပါ။ လမ်းညွှန်အက်ပ် (Navigation App) ထဲတွင်မူ ရောက်ရှိမည့်နေရာသို့ ရောက်ရန် သုံးကီလိုမီတာခန့် လိုသေးကြောင်း ပြသနေသည်။ ယူဇီက လမ်းပိတ်ဆို့မှုပြ မြေပုံကို ကြည့်လိုက်ရာ တစ်လမ်းလုံး အနီရောင်လိုင်းများဖြင့် ပြည့်နှက်နေ၏။


ဤလမ်းကြောင်းသည် သူနှင့် အလွန်ရင်းနှီးသော နေရာတစ်ခု ဖြစ်သည်။ တစ်ချိန်က သူဌေးသား အပေါင်းအသင်းများနှင့်အတူ ညသန်းခေါင်ယံအချိန်များတွင် ဤလမ်းမထက်၌ ကားပြိုင်မောင်းခဲ့ဖူးသည်။ ထိုစဉ်က လမ်းမကြီးများမှာ ဟာလာဟင်းလင်း ဖြစ်နေတတ်ပြီး လေထုကပင် ယခုထက်ပို၍ မွှေးပျံ့ဆွဲဆောင်မှုရှိခဲ့ဖူးသည်။


နှမြောစရာကောင်းသည်မှာ... ထိုအနီရောင် ပြိုင်ကားလေးသည် လွန်ခဲ့သော လအနည်းငယ်ကတည်းက လေလံပစ်ခံလိုက်ရပြီဖြစ်သလို ‘သူဌေးသား’ ဟု ဆိုကြသော အပေါင်းအသင်းများကလည်း သူ့ကို အဆက်အသွယ် ဖြတ်တောက်သွားကြသည်မှာ ကြာပြီဖြစ်သည်။


ပိတ်ဆို့နေသော လမ်းဆုံကို ကျော်ဖြတ်ပြီးနောက် ဒရိုင်ဘာသည် လီဗာကို နင်းလိုက်ရာ ကားလေးသည် အရှိန်ဖြင့် ပြေးထွက်သွားတော့သည်။ ငါးမိနစ်ခန့်အကြာတွင် တက္ကစီသည် လမ်းဘေးတစ်နေရာ၌ ဘရိတ်အုပ်ကာ ရုတ်တရက် ရပ်တန့်သွား၏။


ကိုယ်ဟန်မထိန်းနိုင်လိုက်သော ယူဇီသည် အရှေ့သို့ ငိုက်ကျသွားပြီး အရှေ့ထိုင်ခုံရှိ ပလတ်စတစ်အကြည် အကာအရံနှင့် မျက်နှာချင်း တိုက်မိလုနီးနီးပင် ဖြစ်သွားသည်။


"ရောက်ပြီ။ ပိုက်ဆံပေးပြီး ဆင်းတော့"

ဒရိုင်ဘာသည် အားမနာလျှာမကျိုးဘဲ လှည့်ပြောလာသည်။


ယူဇီသည် ရင်ထဲမှ ဒေါသကို မြိုသိပ်ကာ ဖုန်းဖြင့် ငွေရှင်းလိုက်သည်။ ထို့နောက် ကားနောက်ဖုံးကိုဖွင့်၍ ခရီးဆောင်အိတ်ကို အားစိုက်ကာ မ, ချလိုက်ရ၏။


သူ့ရှေ့တွင် မြင်နေရသည်မှာ မြို့ပြင်ပတ်လမ်းရှိ မိုတယ်

အစုတ်အပြတ်လေးတစ်ခု။ ဆိုင်းဘုတ်ပေါ်ရှိ မီးလုံးတစ်ဝက်ခန့်မှာ ပျက်စီးနေပြီး စာလုံးငါးလုံးအနက် သုံးလေးလုံးခန့်သာ မှိန်ပျပျ လင်းနေတော့သည်။


မိုးက စဲသွားပြီဖြစ်သော်လည်း ကတ္တရာလမ်းမထက်၌ ရေများတင်ကျန်နေဆဲ။ လမ်းဘေးရှိ နီယွန်မီးရောင်စုံတို့သည် ရေအိုင်များထက်တွင် စူးရှစွာ ရောင်ပြန်ဟပ်နေကြသည်။ ယူဇီတစ်ယောက် ဤကဲ့သို့ ညစ်ပတ်စုတ်ပြတ်သော နေရာမျိုးသို့ တစ်ခါမျှ မရောက်ဖူးချေ။


လေထုတစ်ခုလုံး စိုထိုင်းဆများလွန်းလှပြီး ခြေဖဝါးအောက်ရှိ ရေမြောင်းဖုံးများဆီမှလည်း နံစော်သော အနံ့အသက်များ ထွက်ပေါ်နေသည်။


ဤခရီးဆောင်အိတ်ထဲတွင် သူ့ပိုင်ဆိုင်မှု အားလုံး ရှိနေသည်။ ယူဇီသည် လေးလံလှသောအိတ်ကို မနည်းမ, ပြီး မိုတယ်တံခါးဝတွင် ရပ်ကာ လူတစ်ယောက်ယောက် လာကြိုမည့်အရေးကို စောင့်ဆိုင်းနေမိသည်။ ငါးမိနစ်ခန့် ကြာသွားသည့်တိုင် မည်သူမျှ ထွက်မလာသဖြင့် ယူဇီသည် စိတ်မရှည်တော့ဘဲ ကောင်တာဘက်သို့ လှမ်းအော်လိုက်သည်။


"ဒီမှာ ဧည့်ကြို မရှိဘူးလား။"


ထိုမိုတယ်လေး၏ ဝန်ထမ်းဖြစ်ပုံရသော ထိုင်ခုံပက်လက်ပေါ်တွင် လှဲနေသည့် ထိပ်ပြောင်ပြောင်နှင့် အသက်လတ်ပိုင်း အမျိုးသားကြီးသည် သွားကြားထိုးတံကို ဝါးရင်း ဖြည်းညှင်းစွာ ထရပ်လာသည်။


သူက အပြင်သို့ ထွက်လာပြီး "ဘယ်သူက လီပင်းလဲ။ ဒီမှာ အဲဒီလိုလူ မရှိဘူး" ဟု ပေါ့ပျက်ပျက် ပြောလေသည်။


ယူဇီ သက်ပြင်းတစ်ချက်ကို အောင့်သက်သက် ချလိုက်ရင်း-


"ကျွန်တော်ပြောတာက... ဒီမှာ ခရီးဆောင်အိတ် ကူသယ်ပေးမယ့် အထမ်းသမား သီးသန့်မရှိဘူးလားလို့။"


ထိုလူသည် နှာခေါင်းရှုံ့ကာ လှောင်ပြုံး ပြုံးလိုက်ပြီး ရှေ့က ဝတ်ကောင်းစားလှ ဝတ်ထားသော လူငယ်လေးကို မယုံကြည်နိုင်သလို စိုက်ကြည့်ကာ ပြောသည်။


"မင်း ခေါင်းရောကောင်းရဲ့လား။ ဒါက မိုတယ်ကွ၊ ကြယ်ငါးပွင့်ဟိုတယ် မဟုတ်ဘူး။ အိတ်သယ်ပေးမယ့် ဝန်ထမ်းက ဘယ်မှာရှိမှာလဲ။ တည်းချင်ရင် အိတ်ကို ကိုယ့်ဘာသာကိုယ် သယ်ပြီး ဝင်ခဲ့။"


ပြောပြီးသည်နှင့် သူ၏ ဝဖြိုးသော ကိုယ်လုံးကြီးကို လှုပ်ခါရင်း ကောင်တာဘက်သို့ ပြန်လှည့်သွားတော့သည်။


"မယုံနိုင်စရာပဲ..." ယူဇီသည် တိုးတိုးလေး ကျိန်ဆဲရင်း လက်သီးကို တင်းတင်းဆုပ်ကာ လက်တစ်ဖက်ဖြင့် ခရီးဆောင်အိတ်အကြီးကြီးကို မ, ပြီး ကျန်လက်တစ်ဖက်ဖြင့် စာရွက်စာတမ်းအိတ်ကို ဆွဲကာ ကိုယ်ကိုကိုင်း၍ ရှေ့သို့ လျှောက်လာခဲ့သည်။


သူ လှည့်အဝင်တွင်... စောစောက သူ ကားပေါ်ကဆင်းခဲ့သည့် လမ်းဘေး၌ အနက်ရောင်ကားတစ်စီး ဆိုက်ရောက်လာသည်ကို ဖြတ်ခနဲ မြင်လိုက်ရသည်။ ကားပုံစံက အတန်ငယ် ရင်းနှီးနေပြီး လမ်းတွင် သူတို့ကို ရုတ်တရက် ကျော်တက်သွားသည့် ကားနှင့် တူနေသည်။ သို့သော် ယူဇီသည် စိတ်မဝင်စားအားဘဲ စုပ်တစ်ချက်သပ်ကာ အတွင်းသို့သာ ဆက်ဝင်လာခဲ့တော့သည်။


မိနစ်သုံးဆယ်ခန့်အကြာတွင် သူသည် စင်္ကြန်လမ်းဆုံးရှိ အခန်းကျဉ်းလေးတစ်ခုထဲသို့ ခရီးဆောင်အိတ်ကို ကန်သွင်းလိုက်သည်။ ဤမျှ ဝေးလံခေါင်ဖျားသော မိုတယ်ငယ်လေးတွင်ပင် အခန်းများ ပြည့်နေလိမ့်မည်ဟု သူ မထင်ထားခဲ့မိချေ။ သူ နောက်ကျမှ ရောက်လာခြင်းကြောင့် မြောက်ဘက်မျက်နှာမူထားသော အခန်းကျဉ်းလေးကိုသာ ရခဲ့ခြင်းဖြစ်သည်။


စိုထိုင်းဆများလှသော ညဉ့်ဦးယံအချိန်သည် ဤအခန်းကျဉ်းလေးထဲတွင် ပို၍ပင် စေးကပ်ညစ်ပတ်ကာ အသက်ရှူရ ကြပ်လှသည်။


သူသည် အိတ်ကို ချထားပြီးနောက် အိတ်ထဲမှ တစ်ရှူးတစ်ရွက်ကို ထုတ်ကာ ဖိနပ်အောက်ခြေရှိ ရေကွက်များကို ဂရုတစိုက် သုတ်နေမိသည်။ သို့သော် မသုတ်ရသေးခင်မှာပင် ဘေးခန်းဆီမှ ထူးဆန်းသော အော်ဟစ်ညည်းတွားသံများကို ကြားလိုက်ရသည်။


ယူဇီ လှုပ်ရှားမှုတို့ကို ရပ်တန့်ကာ နားစွင့်ကြည့်လိုက်ရာ... ဘေးခန်းတွင် စုံတွဲတစ်တွဲ တည်းခိုနေပြီး ညရှစ်နာရီပင် မရှိသေးခင်မှာပင် အရှက်အကြောက်မရှိ လောကကြီးကို ဂရုမစိုက်ဘဲ အသံဗလံမျိုးစုံ ထွက်ပေါ်အောင် အချစ်ကြမ်းနေကြခြင်း ဖြစ်သည်။


သူသည် လက်ထဲက တစ်ရှူးကို အမှိုက်ပုံးထဲသို့ ဒေါသတကြီး လွှင့်ပစ်လိုက်ပြီး နားထင်ကို အသာဖိနှိပ်မိသည်။ ကုတင်ဘေးတွင် လှုပ်လီလှုပ်လဲ့ သစ်သားခုံလေးတစ်လုံး ရှိနေပြီး ယူဇီ ထိုခုံပေါ်တွင် ထိုင်ကာ ဖုန်းဖွင့်၍ ဘဏ်ကတ်ထဲက ငွေလက်ကျန်ကို စစ်ကြည့်လိုက်သည်။


ဖုန်းမျက်နှာပြင်ပေါ်က ဂဏန်းတွဲလေးသည် စိတ်ပျက်စရာကောင်းလောက်အောင် တိုတောင်းလွန်းလှသည်။ သူ ခဏမျှ စဉ်းစားပြီးနောက် ဖုန်းcontactsမှ အမည်တစ်ခုကို ရှာကာ ဖုန်းခေါ်ဆိုလိုက်၏။ ဖုန်းသည် တတီတီနှင့် အကြိမ်ကြိမ် မြည်နေသော်လည်း မည်သူမျှ ကိုင်မည့်ပုံမပေါ်ချေ။ အချိန်အတော်ကြာမှ နူးညံ့သော အမျိုးသမီးအသံဖြင့် အလိုအလျောက် အကြောင်းပြန်သံ ထွက်ပေါ်လာသည်။


"လူကြီးမင်း ခေါ်ဆိုသော ဖုန်းမှာ လိုင်းပြင်ပသို့ ရောက်ရှိနေပါသဖြင့်..."


ယူဇီသည် သွားဖြင့် နှုတ်ခမ်းကို သွေးထွက်မတတ် ကိုက်လိုက်မိသည်။


သေစမ်း ! သူသည် ဒေါသအဟုန်ဖြင့် လင်းနေဆဲဖုန်းကို ကြမ်းပြင်ပေါ်သို့ ရိုက်ခွဲပစ်လိုက်သည်။ သို့သော် သုံးစက္ကန့်မျှအကြာတွင် သူသည် ဖြည်းညှင်းစွာ ကိုယ်ကိုကိုင်းကာ ဖုန်းကို ပြန်ကောက်ပြီး ပျက်စီးသွားခြင်း ရှိ၊ မရှိကို စိုးရိမ်တကြီး စစ်ဆေးနေမိပြန်သည်။


ဦးလေးများ၊ ဒေါ်လေးများ... တစ်ချိန်က သူနှင့် အလွန်ရင်းနှီးခဲ့ကြသော ထိုဆွေမျိုးများသည် ယခုအခါတွင်မူ သူ့ကို တမင်တကာ ရှောင်ဖယ်ကာ အဆက်အသွယ် ဖြတ်တောက်နေကြပြီဖြစ်သည်။


လွန်ခဲ့သော နှစ်နှစ်ခန့်က မြို့အနောက်ဘက်ဆင်ခြေဖုံးရှိ သူတို့မိသားစု၏ ဗီလာအိမ်ကြီးတွင် ကျင်းပခဲ့သော နှစ်သစ်ကူးအကြို ညစာစားပွဲ၌ ထိုဆွေမျိုးများ၏ ဖားယားတတ်သော မျက်နှာပေးများကို ယူဇီ မှတ်မိနေဆဲပင်။ ထိုစဉ်က သူတို့သည် ဝိုင်ခွက်များကိုယ်စီ ကိုင်မြှောက်ကာ ပင်မဝိုင်းသို့ လာရောက်၍ သူ့ကို ဘယ်တစ်ယောက်၊ ညာတစ်ယောက် ဝိုင်းဝန်းမြှောက်ပင့် အိုင်တင်လုပ်ခဲ့ကြဖူးသည်။


သို့သော်လည်း... သူ့အရင်းအမြစ်ဖခင်ဖြစ်သူ ယူချင်း ၏ ရင်းနှီးမြှုပ်နှံမှုများ ဆက်တိုက်ရှုံးနိမ့်ပြီး ယူမိသားစု တစ်ခုလုံး ဒေဝါလီခံလိုက်ရချိန်တွင်မူ ထိုဆွေမျိုးများသည် သူ့ဘဝထဲမှ လျှပ်တစ်ပြက်အတွင်း ပျောက်ကွယ်သွားခဲ့ကြလေသည်။


သူ့ကို ပို၍ အံ့အားသင့်စေသည်မှာ ဤပြဿနာအားလုံးကို ဖန်တီးခဲ့သော ဖခင်ဖြစ်သူ ယူချင်းသည် မိသားစုပိုင်ဆိုင်မှု အားလုံးကို ရောင်းချကာ ကြွေးမြီအချို့ကို ဆပ်ပြီးနောက်... ကျန်ရှိသော ငွေကြေးများနှင့်အတူ လက်ရှိဇနီးအသစ်၊ သားငယ်လေးတို့ကို ခေါ်ဆောင်ကာ ကီလိုမီတာ ထောင်ပေါင်းများစွာ ဝေးကွာသော ပြည်ပနိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သွားခြင်းပင် ဖြစ်သည်။


ယူချင်းသည် မိထွေးဖြစ်သူ၏ ဝေးလှသော ဆွေမျိုးတစ်ဦးထံတွင် ခိုလှုံရန် သွားရောက်ခြင်းဖြစ်ကြောင်း ယူဇီ နောက်မှ သိရသည်။ ဖခင်ဖြစ်သူ ယူချင်းတွင် အခြားအရည်အချင်း မရှိသော်လည်း ချမ်းသာသော အသိုင်းအဝိုင်း နောက်ခံရှိသူများကို ရှာဖွေတွယ်ကပ်ရာတွင်မူ အလွန်ပါးနပ်သူတစ်ဦး ဖြစ်သည်။


သူတို့ ထွက်ခွာမသွားမီ ယူချင်းသည် ယူဇီထံသို့ အသံမက်ဆေ့ခ်ျတစ်ခုသာ ချန်ထားခဲ့သည်။ အနှစ်ချုပ်မှာ... ယူဇီအနေဖြင့် ပြည်တွင်း၌သာ စိတ်အေးလက်အေး နေရစ်ခဲ့ရန်နှင့် နောက်တစ်နှစ်ကြာလျှင် သူ့ကို ပြန်လာခေါ်မည်ဟူ၍ ဖြစ်သည်။


ယူဇီသည် ထိုကဲ့သို့သော လှည့်စားမှုမျိုးနှင့် အလွန်ရင်းနှီးပြီးသား ဖြစ်သည်။ ဖခင်ဖြစ်သူသည် မိခင်ဖြစ်သူနှင့် ကွာရှင်းစဉ်ကလည်း ဤကဲ့သို့သော မုသားစကားမျိုးဖြင့် သူ့ကို ဖျောင်းဖျခဲ့ဖူးသည်။ မိခင်နှင့် ခေတ္တခဏသာ ခွဲခွာရမည်ဖြစ်ပြီး ခရီးတစ်ခု သွားခြင်းသာဖြစ်ကြောင်း ပြောခဲ့သော်လည်း... တစ်နှစ်အကြာ ပြန်လာချိန်တွင်မူ ဗိုက်ကြီးနေသော ဇနီးအသစ်တစ်ယောက် ပါလာခဲ့သည်။


နောက်ပိုင်းတွင် ယူဇီ နားလည်လာရသည်မှာ... သူ့ဖခင်သည် အရည်အချင်းမရှိသော လူဖျင်းတစ်ယောက်ဖြစ်သော်လည်း ‘မိန်းမဆီက ထိုင်စားရမည့်ကံ’ (Soft Rice) တော့ အပြည့်အဝ ပါလာသူဖြစ်သည်။


ယူချင်းသည် ရှန်းပင်း နှင့် လက်ထပ်စဉ်ကလည်း ရှန်း မိသားစု ၏ ကြွယ်ဝမှုကြောင့် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး ရှန်း မိသားစုပိုင် ဟိုတယ်နှစ်လုံး၏ စီမံခန့်ခွဲခွင့်ကို ရယူကာ နှစ်နှစ်မပြည့်မီ အချိန်အတွင်းမှာပင် မြောက်ပိုင်းမြို့ပြ၏ နာမည်ကြီး သူဌေးကတုံး ဖြစ်လာခဲ့သည်။


ရှန်းပင်း နှင့် အဆင်မပြေဖြစ်ပြီး လမ်းခွဲပြီးနောက်တွင်လည်း ယူချင်းသည် အိမ်နီးနားချင်းမြို့မှ လင်ကွာထားကာ စိတ်ဒဏ်ရာရနေသော သူဌေးသမီးလေးတစ်ဦးကို သူ၏ ရုပ်ရည်ကောင်းမှုဖြင့် ချက်ချင်း ညှို့ယူဖမ်းစားကာ ဗိုက်ကြီးစေပြီး အိမ်ထောင်ပြုခဲ့ပြန်သည်။


ယူဇီသည် ရေချိုးရန်အတွက် သူ၏ ရေချိုးပစ္စည်းများကို ကိုင်ကာ ကျဉ်းမြောင်းလှသော ရေချိုးခန်းထဲသို့ ဝင်လာခဲ့သည်။ မီးလုံးကိုဖွင့်ပြီး မှန်ထဲတွင် မိမိကိုယ်ကိုယ် ပြန်ကြည့်မိ၏။ ဖခင်ဖြစ်သူက သူ့အတွက် ချန်ထားခဲ့သော တစ်ခုတည်းသောအရာမှာ ဤရုပ်ရည်သွင်ပြင်သာ ဖြစ်သည်။ ယူချင်းသည် ငယ်စဉ်က လူမိုက်တစ်ယောက် ဖြစ်ခဲ့သော်လည်း ရုပ်ရည်မှာမူ ရုပ်ရှင်မင်းသားတစ်မျှ ခန့်ညားလှပသည်။ ထို့ပြင် မိခင်ဖြစ်သူ ရှန်းပင်း ၏ လှပသော အလှအပများကိုပါ အမွေဆက်ခံထားသဖြင့် ယူဇီသည် မိဘနှစ်ပါးစလုံး၏ အားသာချက်များကိုသာ ရရှိထားခဲ့သည်။


သို့သော် နှမြောစရာကောင်းသည်မှာ ဤရုပ်ရည်သည် သူ တစ်ချိန်က ခံစားခဲ့ဖူးသော စည်းစိမ်ချမ်းသာများကို ပြန်လည် မယူဆောင်ပေးနိုင်တော့ခြင်းပင် ဖြစ်သည်။


မိုတယ်၏ ရေချိုးခန်းထဲတွင် နှစ်ပေါင်းများစွာ စိမ်ထားသော ချဉ်ဖတ်အိုးကဲ့သို့ အနံ့အသက်ဆိုးများ ထွက်ပေါ်နေသဖြင့် ယူဇီ စက္ကန့်ပိုင်းမျှနှင့်ပင် ပျို့အန်ချင်စိတ် ဖြစ်ပေါ်လာရသည်။ ထိုစဉ် ဘေးခန်းက စုံတွဲသည် ပုံစံပြောင်းလိုက်ကြပုံရပြီး ရေချိုးခန်းနံရံတစ်ခုသာ ခြားထားသဖြင့် ညည်းတွားသံများသည် ပိုမိုကျယ်လောင်စွာ ထွက်ပေါ်လာပြန်သည်။


ယူဇီသည် စိတ်မထိန်းနိုင်တော့ဘဲ နံရံကို လက်ဖြင့် အရှိန်အဟုန်ပြင်းစွာ ရိုက်ချလိုက်တော့သည်။


ဒုန်း!


အသံမှာ အလွန်ကျယ်လောင်သွားပြီး နံရံတစ်ခုလုံးပင် တုန်ခါသွားသယောင် ရှိသည်။ ဘေးခန်းဆီမှ အသံများ ချက်ချင်း တိတ်ဆိတ်သွားတော့သည်။


သူ ရေချိုးသန့်စင်ပြီးနောက် ကုတင်ပေါ်သို့ ပြန်လာကာ မိုတယ်၏ ကြမ်းတမ်းလှသော အခင်းများကို ကြည့်ရင်း စိတ်ကို အတတ်နိုင်ဆုံး လျှော့ချကာ လှဲချလိုက်သည်။


အခန်းကျဉ်းလေး၏ မျက်နှာကျက်တွင် မှိုများ တက်နေပြီး နံရံမှ ထုံးသုတ်လွှာအချို့မှာလည်း ကွာကျလုနီးနီး လေထဲတွင် တွဲလောင်း ခါယမ်းနေ၏။


ယူဇီ မျက်စိမှိတ်လိုက်စဉ် ဖုန်းထဲတွင် မြင်ခဲ့ရသော ဘဏ်အကောင့် လက်ကျန်ငွေကို သတိရကာ မျက်လုံးများ ရုတ်တရက် ပြန်ပွင့်လာရသည်။ သူသည် ယနေ့တစ်နေ့လုံး အိတ်ပိုး၊ အိမ်ပြောင်းဖြင့် အလုပ်ရှုပ်နေခဲ့ရသဖြင့် ဘာမှ ကောင်းကောင်းမွန်မွန် မစားရသေးချေ။ ယခု ကုတင်ပေါ်တွင် လှဲနေစဉ်မှာပင် ဗိုက်က ဆာလောင်မွတ်သိပ်လာရသည်။


သူ ကုတင်ပေါ်မှ လူးလဲထကာ အိတ်ကိုဆွဲပြီး အောက်ထပ်သို့ ဆင်းလာခဲ့သည်။ မိုတယ်ဘေးတွင် စုတ်ပြတ်နေသော စားသောက်ဆိုင်တစ်ဆိုင် ရှိပြီး ဆိုင်ရှင်အမျိုးသမီးက ပြုံးရွှင်စွာဖြင့် ဧည့်သည်များကို လှမ်းခေါ်နေသည်။ ယူဇီ ခြေတစ်လှမ်း လှမ်းဝင်ပြီးမှ ချက်ချင်း ပြန်ဆုတ်လိုက်ရ၏။ ထိုနေရာ၏ ပတ်ဝန်းကျင် ညစ်ပတ်မှုက သူ့ကို ခြေချရန်ပင် ခက်ခဲစေသည်။


သူသည် လမ်းတစ်ဝက်ခန့်အထိ ဆက်လျှောက်လာခဲ့ပြီးနောက် ၂၄ နာရီဖွင့်သည့် စတိုးဆိုင်လေးတစ်ခုကို မနည်းရှာဖွေတွေ့ရှိခဲ့သည်။ ယူဇီသည် ဆိုင်ထဲတွင် လှည့်ပတ်ကြည့်ရှုကာ စင်ပေါ်မှ ပေါင်မုန့်တစ်လုံးနှင့် နို့တစ်ပုလင်းကို ယူလိုက်သည်။


သူသည် ကောင်တာရှေ့တွင် ရပ်ရင်း မိမိဖုန်းထဲ၌ ငွေအများကြီးမရှိတော့ကြောင်းနှင့် လာမည့်ရက်အနည်းငယ်အတွက် အခန်းခ ပေးရဦးမည်ကို သတိရကာ အိတ်ထဲမှ ပိုက်ဆံအိတ်ကို နှိုက်လိုက်သည်။ ပိုက်ဆံအိတ်ထဲတွင် ငွေစက္ကူအချို့ ကျန်သေးသည်ကို သူ မှတ်မိနေသည်။


သူ ပိုက်ဆံအိတ်ကို ဖွင့်ကာ အမြန်ရေတွက်ကြည့်လိုက်ရာ ယွမ်ငါးရာခန့် ကျန်ရှိနေသေး၏။ သူသည် ငွေစက္ကူတစ်ရွက်ကို ထုတ်၍ ငွေကိုင်စာရေးမထံသို့ ကမ်းပေးလိုက်သည်။


ငွေကိုင်ဝန်ထမ်းလေးသည် အတန်ငယ် အံ့အားသင့်သွားပုံရသည်။ အဘယ်ကြောင့်ဆိုသော် ယခုခေတ်တွင် လက်ငင်းငွေစက္ကူဖြင့် ပေးချေသူ အလွန်ရှားပါးနေပြီ ဖြစ်သောကြောင့်တည်း။ သူမသည် ငွေစက္ကူကို ကိုင်ကာ ဆိုင်တွင်းရှိ မီးရောင်အောက်တွင် အကြိမ်ကြိမ် မြှောက်ကြည့်ပြီးမှသာ ငွေစစ်ဖြစ်ကြောင်း အတည်ပြုကာ အကြွေများကို ပြန်အမ်းလေသည်။


ယူဇီသည် အကြွေများကို သေချာစွာ ပြန်လည်ရေတွက်ပြီးမှ ပိုက်ဆံအိတ်ထဲသို့ ထည့်လိုက်သည်။


သူသည် ပေါင်မုန့်နှင့် နို့ပုလင်းကို ကိုင်ကာ ကုန်စုံဆိုင်ထဲမှ ထွက်လာခဲ့သည်။


ဝု ဝု...


သူ မိုတယ်ဘက်သို့ ပြန်လှည့်အထွက်တွင် အနီးနားမှ ခွေးဟောင်သံ နှစ်ချက်ကြောင့် အာရုံစိုက်မိသွားသည်။


ကုန်စုံဆိုင်အပြင်ဘက်တွင် ညစ်ပတ်ပေရေနေသော လမ်းဘေးလေလွင့်ခွေးအိုကြီးတစ်ကောင် ဝပ်နေပြီး ၎င်း၏ အမွှေးအမျှင်များမှာ ကြမ်းတမ်းကာ ခန္ဓာကိုယ်အနှံ့ ဒဏ်ရာဒဏ်ချက် အမာရွတ်များဖြင့် ပြည့်နှက်နေသည်။


ခွေးကြီးသည် ယူဇီ့လက်ထဲက ပေါင်မုန့်ကို သနားစရာမျက်လုံးများဖြင့် စိုက်ကြည့်နေရှာသည်။


ယူဇီသည် စိတ်ဓာတ်ကျနေသော်လည်း...


ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ပေါင်မုန့်ကို နှစ်ပိုင်းဖဲ့၍ ခွေးအိုကြီးအရှေ့ရှိ ပန်းခင်းထဲသို့ ပစ်ကျွေးလိုက်သည်။


လေလွင့်ခွေးကြီး၏ မျက်လုံးများ ချက်ချင်း တောက်ပသွားပြီး ၎င်း၏ မသန်စွမ်းသော ခြေထောက်များကို တရွတ်တိုက်ဆွဲကာ ပေါင်မုန့်ဆီသို့ အပြေးအလွှား သွားရောက် စားသောက်တော့သည်။ ဘေးနားရှိ ပေါင်မုန့်အစအနလေးများကိုပင် လျှာဖြင့် ရက်ရက်ရောရော လိုက်လံစားနေရှာသည်။


ခွေးကြီး စားသောက်နေသည်ကို ကြည့်ပြီးနောက် ယူဇီ ထရပ်ကာ ပြန်ရန်အပြုတွင်... ရုတ်တရက် အနက်ရောင် အရိပ်တစ်ခုသည် သူ့ဘေးမှ ဝှေ့ခနဲ ဖြတ်ပြေးသွားခဲ့သည်။ ယူဇီသည် ပြင်းထန်သော ပွတ်တိုက်မှုကို ခံစားလိုက်ရသဖြင့် ချက်ချင်း လှည့်ကြည့်ကာ ဒေါသတကြီး ကျိန်ဆဲလိုက်သည်။


"တောက်! မင်း မျက်လုံးမပါဘူးလား။ လမ်းကို ကြည့်မလျှောက်ဘူးလား။"


သို့သော်... ဆယ်စက္ကန့်ခန့် ကြာပြီးနောက်တွင်မူ သူ တစ်ခုခုကို ရုတ်တရက် သတိပြုမိသွားကာ မိမိအိတ်ကို စမ်းကြည့်လိုက်သည်။


သူ့ပိုက်ဆံအိတ် ခိုးခံလိုက်ရပြီ။


ယူဇီသည် ချက်ချင်းပင် လှည့်၍ ထိုသူခိုးနောက်သို့ ပြေးလိုက်တော့သည်။ မှောင်မိုက်သော ညဉ့်နက်သန်းခေါင်ယံတွင် သူ့ဖနောင့်သံများက လမ်းမထက်၌ တချက်ချက် မြည်ဟီးနေ၏။


ထိုလူသည် ဝါရင့်သူခိုးတစ်ဦး ဖြစ်ပုံရပြီး အလွန် လျင်မြန်စွာ ပြေးနိုင်သည်။ လမ်းကြားလေးနှစ်ခုကို ကွေ့ပတ်ပြေးသွားပြီးနောက်တွင်မူ ထိုသူခိုးသည် အရိပ်ပင်မမြင်ရတော့ဘဲ အစအန ပျောက်ကွယ်သွားတော့သည်။


ယူဇီသည် လမ်းကြားဝတွင် ရပ်ကာ ဒူးနှစ်ဖက်ကို လက်ဖြင့် ထောက်ထားရင်း အမောဆို့ကာ လည်ချောင်းတစ်ခုလုံး မီးလောင်မတတ် ခံစားနေရသည်။ သူ ခေါင်းမော့ကာ အုတ်နံရံအနီကြီးကို လက်သီးဖြင့် ပြင်းထန်စွာ ထိုးချလိုက်သည်။


"တောက်... မကောင်းဆိုးဝါးကောင်!"


သူ့လက်ဆစ်များမှာ ကြမ်းတမ်းလှသော နံရံနှင့် ပွတ်တိုက်မိကာ အရေပြားများ ပွန်းပဲ့သွားပြီး စိတ်အခြေအနေမှာလည်း အောက်ဆုံးအဆင့်သို့ ထိုးဆင်းသွားရတော့သည်။


လူတွေ ပြောလေ့ရှိကြသည့် ‘အဆိုးတွေ ဆက်တိုက်ကြုံရခြင်း’ ၊ ‘မိုးရွာရင် မုန်တိုင်းဆင်ခြင်း’ နှင့် ‘နတ်ဆိုးကြယ်မိုးပေါ်က ကျလာခြင်း’ ဆိုသည်များကို ယနေ့တစ်ရက်တည်းနှင့် သူ အကုန်လုံး လက်တွေ့ခံစားလိုက်ရပြီ ဖြစ်သည်။


မိုတယ်သို့ ပြန်ရောက်သောအခါ ယူဇီသည် ကျန်ရှိနေသော ပေါင်မုန့်အစအနကို ကုတင်ဘေးရှိ စားပွဲပေါ်သို့ ပစ်တင်လိုက်သည်။ ထို့နောက် နို့ကို အနည်းငယ် မော့သောက်ကာ ကုတင်ပေါ်သို့ ပစ်လှဲချလိုက်တော့သည်။


အသက် ၂၅ နှစ်အရွယ် သက်တမ်းအတွင်း ဤကဲ့သို့ စုတ်ပြတ်သတ်သော အခြေအနေမျိုးနှင့် ကြုံတွေ့ရခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်သည်။ အပြင်ထွက်လိုက်ရုံမျှဖြင့် ယွမ်ငါးရာ ဆုံးရှုံးသွားခဲ့ရပြီး ယခု သူ့ထံတွင် ကျန်ရှိသော ငွေကြေးမှာ ဤနေရာ၌ ရက်အနည်းငယ်မျှသာ တောင့်ခံနိုင်မည့် ပမာဏ ဖြစ်သည်။ ဖခင်ဖြစ်သူမှာလည်း အစအန ပျောက်ချက်သားကောင်းနေပြီး ဆွေမျိုးသားချင်း အားလုံးကလည်း သူ့ကို ဂျပိုး၊ ပိုးဟပ်များကဲ့သို့ ဝေးဝေးမှ ရှောင်ဖယ်နေကြသည်။


တီ...


ယူဇီတစ်ယောက် စိတ်ပျက်အားငယ်စွာဖြင့် ခေါင်းထဲ ဗလာဖြစ်နေစဉ်မှာပင် သူ့ဖုန်းသည် ရုတ်တရက် မြည်လာခဲ့သည်။ သူ ဖုန်းကိုဆွဲယူကာ လော့ခ်ဖွင့်ကြည့်လိုက်ရာ...

မထင်မှတ်ဘဲ မက်ဆေ့ခ်ျတစ်ခု ရောက်နေခြင်း ဖြစ်သည်။


[နေစရာ မရှိရင် ကျွန်တော့်ဆီမှာ လာနေလို့ရတယ် - ရှဲ့တုန်းချန်]


ဤစိမ်းသက်သော ဖုန်းနံပါတ်ကို ကြည့်ရင်း ယူဇီ စဉ်းစားမိသည်မှာ... ယခုခေတ် လိမ်လည်လှည့်စားသူများ (Scammers) က ဤမျှအထိ လှည့်ကွက် ဆန်းသစ်လာကြပြီလားဟူ၍ ဖြစ်သည်။


နောက်ပြီး... ‘ရှဲ့တုန်းချန်’ ဆိုတာ ဘယ်သူလဲ။


သူသည် ဖုန်းကို ကိုင်ထားရင်း ထိုမက်ဆေ့ခ်ျကို မိနစ်ဝက်ခန့် စိုက်ကြည့်နေမိသည်။ အေးလေ... ဒီလို လိမ်လည်တဲ့လူနဲ့ စကားပြောပြီး အချိန်ဖြုန်းတာလည်း မဆိုးပါဘူးလေဟု တွေးကာ သူ တစ်ဖက်သို့ ပြန်စာပို့လိုက်သည်။


[ဘယ်သူလဲ]


သို့

သော်... နှစ်စက္ကန့်မျှပင် မကြာလိုက်ဘဲ ဖုန်းမျက်နှာပြင်သည် ပြန်လည် လင်းထိန်လာခဲ့သည်။ တစ်ဖက်မှ စာလုံးသုံးလုံးတည်းဖြင့် တိုတိုတုတ်တုတ် ပြန်စာ ပို့လာခဲ့လေသည်။


[မင်းရဲ့ ဒရိုင်ဘာဟောင်း။]