အခန်း (၃) အားလုံးကို ငါပိုင်ဆိုင်ချင်တယ်
Viewers 33

သူတို့နှစ်ယောက် တိတ်တဆိတ် ထမင်းစားနေကြစဉ်၊ ဟန်ကျန်းရွှယ်က ထူးဆန်းသော တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်သည်။ 


သူမသည် ဟင်းများကို ခပ်ယူရင်း မသိမသာလေသံဖြင့် “နာသေးလား” ဟု မေးလိုက်၏။


“အဟမ်း…” 


ကျန်းရှောင်သည် ဝက်သားနီချက်ကို အရသာရှိရှိ စားသောက်နေရင်း ဟန်ကျန်းရွှယ်၏ လက်ရာကောင်းမွန်မှုကို အံ့သြနေစဉ် သူမ၏စကားကြောင့် တုံ့ဆိုင်းသွားပြီးမှ “နည်းနည်းပါ” ဟု ပြန်ဖြေလိုက်သည်။


ဟန်ကျန်းရွှယ်၏ တည်ငြိမ်လှသော မျက်နှာထက်တွင် ဂရုဏာရိပ် အနည်းငယ် သန်းသွားသော်လည်း သူမ၏ ခံစားချက်ကို ဖုံးကွယ်ထားပုံရ၏။


သူမသည် စကားပြောရန် အနည်းငယ် ဟလိုက်ပြီးမှ ပုံမှန်အတိုင်းပင် “နောက်ဆိုရင် အဲဒီလို ဗီဒီယိုမျိုးတွေ ထပ်မရိုက်နဲ့တော့” ဟု ဆိုသည်။


“ဟုတ်ကဲ့"


ကျန်းရှောင်သည် ဝက်သားနီချက် တစ်တုံးနှင့် ထမင်းတစ်လုပ်ကို အားရပါးရ စားလိုက်ရင်း ဝမ်းသာလွန်း၍ မျက်ရည်ပင် ကျချင်လာသည်။ 


ဤမျှ ငယ်ရွယ်သော မိန်းကလေးတစ်ယောက်၏ လက်ရာက ဤမျှ ကောင်းလိမ့်မည်ဟု သူ တကယ်မထင်ထားမိပေ။


'ဒါဟာ သူမရဲ့ ကြယ်တာရာအတတ်ပညာများလား’ ဟုပင် သူ တွေးလိုက်မိသည်။


ဤဝက်သားနီချက်သည် အဆီပါသော်လည်း မအီဘဲ အလွန်ပင် အရသာရှိလှ၏။


ကျန်းရှောင် စားနေပုံကို ကြည့်ပြီး ဟန်ကျန်းရွှယ်က သူ့ကို သနားသွားမိသည်။ 


စိတ်တိုတိုနှင့် ခပ်ပြင်းပြင်း ရိုက်မိလိုက်သောကြောင့် သူ ကြောက်နေရှာသည်ဟု သူမ ထင်မှတ်သွားသည်။ 


သူမသည် ထမင်းစားဇွန်းများကို ချလိုက်ပြီး မီးဖိုချောင်ထဲမှ ထွက်သွားသည်။


ကျန်းရှောင်က စားလက်စ ရပ်ပြီး သူမကို ကြည့်လိုက်သည်။


'ဒီလိုပဲ ပြီးသွားတာလား၊ သူ စားတာ နည်းလှချည်လား၊ ဒါ နှမြောစရာကြီး မဟုတ်ဘူးလား'


သူမက မိမိကိုယ်ကိုယ်အတွက် မငဲ့ညှာရင်တောင်...


ကျန်းရှောင်သည် သူ၏ ထမင်းတစ်ပန်းကန်လုံးကို ကုန်အောင်စားပြီးနောက် ဟန်ကျန်းရွှယ်၏ ပန်းကန်လုံးသေးသေးထဲမှ ကျန်နေသော ထမင်းများကို ကြည့်ကာ ခဏမျှ တုံ့ဆိုင်းသွားသည်။ 


ထို့နောက် ပန်းကန်ကို ဆွဲယူကာ အငမ်းမရ စားပစ်လိုက်တော့၏။ပဝ


အချိန်ကြာလာသည်နှင့်အမျှ သူ၏ မှတ်ဉာဏ်အပိုင်းအစများ စုစည်းမိလာပြီး သူ၏ အပြုအမူများက ပို၍ သဘာဝကျလာသည်။ 


ဆင်ခြင်တုံတရားအရ သူသည် ဤမိသားစုနှင့် ဘာမှမပတ်သက်မှန်း သိသော်လည်း၊ စိတ်ခံစားချက်အရမူ ကျန်းရှောင်သည် ဇာတ်ကောင်ထဲသို့ တဖြည်းဖြည်း ရောက်ရှိသွားပြီ။


ဇာတ်ကောင်ထဲသို့ စီးမျောသွားခြင်း၏ အကျိုးဆက်မှာ... 


စားပြီးသည်နှင့် ထသွားခြင်းပင်။ 


ပန်းကန်ဆေးဖို့လား၊ ဟက်... မရှိနိုင်ပါဘူး။


သို့သော် ကျန်းရှောင်သည် ပန်းကန်မဆေးဘဲ ထသွားမည့် အစီအစဉ်ကို လက်လျှော့လိုက်သည်။ 


သူသည် နဂိုက ကျန်းရှောင်ဖီ မဟုတ်သည့်အတွက် သူ၏ စရိုက်၊ အမူအရာနှင့် စကားပြောပုံ ကွဲပြားမှုများကို ဟန်ကျန်းရွှယ်က တစ်နေ့မဟုတ် တစ်နေ့ ရိပ်မိသွားမည်မှာ သေချာသည်။


ထိုသို့ဆိုလျှင် အပြောင်းအလဲအသေးလေးတွေကနေ ဘာလို့ မစတင်ရမှာလဲ၊ ဒါဆိုရင် ဟန်ကျန်းရွှယ်အတွက်လည်း လက်ခံရ ပိုလွယ်ကူလိမ့်မည်။ 


ထို့ကြောင့် သူ ပန်းကန်ဆေးရန် ဆုံးဖြတ်လိုက်သည်။


“ငါ့ထမင်းတွေ ဘယ်ရောက်သွားလဲ” ဟု ဟန်ကျန်းရွှယ်က အေးစက်စွာ မေးလိုက်သည်။ 


ကျန်းရှောင်သည် သူမ၏ တည်ကြည်အေးစက်သော အမူအရာကို ကျင့်သားရနေပြီ။


“မမ မစားတော့ဘူး ထင်လို့"


ကျန်းရှောင်က ပန်းကန်များ သိမ်းဆည်းရင်း ခဏရပ်ကာ ဖြေလိုက်သည်။


“အင်း"


ဟန်ကျန်းရွှယ်က ဘာမှ ထပ်ရှင်းမပြတော့ပေ။ 


သူမသည် အရာရာကို ဂရုမစိုက်တတ်သူ ဖြစ်သည်။ 


သူမက ကျန်းရှောင်ကို “ထိုင်ဦး” ဟု လက်ဟန်ပြလိုက်သည်။


“ဟုတ်ကဲ့"


ကျန်းရှောင်က ခိုင်းသည့်အတိုင်း ထိုင်လိုက်ရင်း ‘သူမ ငါ့ကို စကားပြောချင်လို့လား’ ဟု တွေးနေမိသည်။


ကျန်းရှောင်သည် ဤနေရာသို့ ရောက်ရှိနေပြီဖြစ်ရာ ဇာတ်ကောင်နှင့် အလိုက်လျောဆုံး ဖြစ်အောင် နေထိုင်ရန် အသင့်ရှိနေ၏။


ထို့ကြောင့် သူသည် လိမ္မာသယောင်နှင့် ထိုင်နေလိုက်သည်။


“ရော့၊ ဒါယူထား"


ဟန်ကျန်းရွှယ်က သူမ၏ လက်ဝါးကို ဖြန့်လိုက်ရာ ကြေးဝါရောင် တောက်ပနေသော ပုတီးစေ့လေး တစ်စေ့ ပေါ်လာသည်။


“ဒါက... ကြယ်တာရာပုတီးစေ့ လား"


ကျန်းရှောင်၏ မျက်လုံးများ တောက်ပသွားသည်။ 


သူသည် ကြယ်တာရာပုတီးစေ့များနှင့် မစိမ်းပေ။ 


ကျန်းရှောင်ဖီ၏ မှတ်ဉာဏ်ထဲတွင် ဟန်ကျန်းရွှယ်သည် သူ့ကို ကြယ်တာရာပုတီးစေ့ သုံးစေ့ ပေးခဲ့ဖူးသည်။ 


ထိုပုတီးစေ့များကြောင့်ပင် ကျန်းရှောင်ဖီသည် ကြယ်မှုန်အဆင့် အဆင့် ၂ သို့ ရောက်ရှိခဲ့ခြင်း။


ကံမကောင်းစွာဖြင့် ကျန်းရှောင်ဖီ၏ ပါရမီက နိမ့်ပါးလွန်းသောကြောင့် ကြေးဝါအဆင့် ကြယ်

တာရာ ပုတီးစေ့ သုံးစေ့စလုံးမှ စွမ်းအင်များကို ဖြုန်းတီးပစ်ခဲ့သည်။ 


ဟန်ကျန်းရွှယ်က ပုတီးစေ့များ ပေးခဲ့ခြင်းမှာ သူ၏ ကြယ်တာရာစွမ်းအားတိုးတက်စေရန်သာမက ကြယ်တာရာအတတ်ပညာတစ်ခုခု ရရှိစေရန်လည်း ရည်ရွယ်ခဲ့ခြင်း။


ကြယ်တာရာပုတီးစေ့များကို သီးခြားကမ္ဘာမှ သတ္တဝါများထံမှ ရရှိခြင်းဖြစ်သော်လည်း ထိုသတ္တဝါတိုင်းက ပုတီးစေ့ကို ထုတ်လုပ်နိုင်သည်တော့ မဟုတ်ပေ။ 


ထိုသတ္တဝါများ၏ ပုတီးစေ့များကို စုပ်ယူခြင်းသည် ကြယ်တာရာအတတ်ပညာများ ရရှိနိုင်မည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။


ကံမကောင်းသည်မှာ ကြယ်တာရာပုတီးစေ့ကို ရရှိထားပြီး စွမ်းအင်ကို သိရှိနေသည့်တိုင် ကြယ်

တာရာအတတ်ပညာကို ရရှိနိုင်စွမ်းမှာ အလွန်ပင် နည်းပါးလှ၏။


ထို့ကြောင့် ကြယ်တာရာအတတ်ပညာတစ်ခုကို ပိုင်ဆိုင်ရန်မှာ အလွန် စိန်ခေါ်မှုကြီးမားလှ၏။


ပို၍ အရေးကြီးသောအချက်မှာ နိုးထသူတစ်ယောက်သည် ကြယ်တာရာစွမ်းအား မြင့်တက်လာမှသာ ကြယ်တာရာအတတ်ပညာကို ပိုမိုရရှိနိုင်ခြင်းဖြစ်သည်။ 


ကြယ်တာရာစွမ်းအား အဆင့်များကို ကြယ်မှုန်အဆင့်၊ နက်ဗျူလာအဆင့်၊ ဂလက်ဆီအဆင့်၊ ကြယ်ကြွေအဆင့်၊ ကြယ်စင်အဆင့် နှင့် ထိုထက် မြင့်မားသောအဆင့်များဟု ခွဲခြားထားသည်။


လူတစ်ယောက်သည် ကြယ်တာရာစွမ်းအား မည်မျှပင် များပြားစေကာမူ၊ သူ၏ အဆင့်က ကြယ်မှုန်အဆင့်တွင်သာ ရှိနေပါက သူ၏ ကြယ်တာရာမြေပုံတွင် ကြယ်တာရာပုတီးစေ့ လေးစေ့ကိုသာ ထည့်သွင်းနိုင်ပြီး အတတ်ပညာ လေးမျိုးကိုသာ ရရှိနိုင်သည်။ 


စွမ်းအားပမာဏ နက်ဗျူလာအဆင့်သို့ ရောက်ရှိသွားမှသာ နောက်ထပ် အတတ်ပညာ လေးမျိုး ထပ်မံရရှိနိုင်လေ၏။


ဂလက်ဆီအဆင့်သို့ ရောက်သောအခါတွင်မူ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာပြီး နောက်ထပ် အတတ်ပညာ ရှစ်မျိုးအထိ ရရှိနိုင်မည်။


ကျန်းရှောင်အတွက်မူ ထိုအဆင့်များသည် အလှမ်းဝေးလွန်းနေသေးသည်။ 


ကြယ်တာရာပုတီးစေ့ သုံးစေ့ကို စုပ်ယူခဲ့ပြီးဖြစ်သော်လည်း မည်သည့် အတတ်ပညာမှ မရရှိခဲ့သော ကျန်းရှောင်ဖီသည် သာမန်လူတန်းစား တစ်ယောက်သာ ဖြစ်နေခဲ့၏။


“မနေ့က နှင်းတောထဲမှာ ဘီလူးဖြူ အုပ်စုတစ်စုနဲ့ တွေ့ခဲ့တယ်၊ ဒီပုတီးစေ့က ဘီလူးဖြူ စုန်းမဆီက ရတာ” ဟု ဟန်ကျန်းရွှယ်က ရှားရှားပါးပါး စကားရှည်ရှည် ပြောလိုက်သည်။ 


သူမသည် ရှင်းပြပြီးနောက် တိတ်သွားပြီး ကြယ်တာရာ ပုတီးစေ့လေးကို ကျန်းရှောင်ရှေ့ရှိ စားပွဲပေါ်သို့ တင်ပေးလိုက်၏။


'ဘီလူးဖြူလား၊ ဒါက သာမန် ဘီလူးဖြူမဟုတ်ဘဲ ပိုပြီး ရှားပါးတဲ့ ဘီလူးဖြူစုန်းမဆီကလား'


“ဒါကို စုပ်ယူလိုက်၊ လူတစ်ယောက်နဲ့ တစ်ယောက်က ခန္ဓာကိုယ် တည်ဆောက်ပုံ မတူကြဘူး"


"တချို့လူတွေဆိုရင် ခန္ဓာကိုယ်ထဲမှာ ကြယ်တာရာမြေပုံတွေ ပွင့်နေပေမဲ့ ဘယ်တော့မှ ကြယ်တာရာအတတ်ပညာ မရတာမျိုး ရှိတတ်တယ်” 


ဟု ဟန်ကျန်းရွှယ်က ထပ်ပြောသည်။


‘သူမ ငါ့ကို နှစ်သိမ့်ပေးနေတာလား' ကျန်းရှောင်၏ မျက်နှာတွင် ထူးဆန်းသော အမူအရာ ပေါ်လာသည်။


ဤကြယ်တာရာပုတီးစေ့သည် မည်မျှ တန်ဖိုးရှိကြောင်း သူ၏ မှတ်ဉာဏ်ထဲတွင် ပြန်လည် ဆင်ခြင်မိပြီးနောက် သူ စိတ်ထဲမှ သက်ပြင်းချလိုက်မိ၏။


ကျန်းရှောင်က မလှုပ်မယှက် ရှိနေသည်ကို တွေ့သောအခါ သူ စိတ်ဖိစီးနေသည်ဟု ထင်ကာ သူမက ဆက်၍ နှစ်သိမ့်ပေးသည်။


"နင့်ရဲ့ ပါရမီက နိမ့်တယ်၊ နင့်ရဲ့ ကြယ်တာရာမြေပုံမှာ ကြယ်ကိုးလုံးပဲ ရှိတာက နင့်ရဲ့ ကန့်သတ်ချက်ကို သတ်မှတ်ပြီးသားပဲ"


"ဒါကြောင့် ဘာအတတ်ပညာမှ မရရင်တောင် အရမ်းကြီး ဝမ်းမနည်းပါနဲ့၊ အဆင်ပြေပါတယ်"


ကျန်းရှောင် ကြောင်သွားသည်။ 


သူသည် ခေါင်းမော့ကာ ဟန်ကျန်းရွှယ်ကို အကူအညီမဲ့စွာ ကြည့်လိုက်မိ၏။


သူမ စေတနာနှင့် ပြောနေခြင်းမှန်း သိသော်လည်း သူမ၏ စကားများက သူ့ကို စိတ်အနှောင့်အယှက် ဖြစ်စေသည်။


အမှန်ပင် ကျန်းရှောင်၏ ကြယ်တာရာမြေပုံသည် နက္ခတ်ခုနစ်လုံး ပုံသဏ္ဌာန်ရှိသော ကြယ်ကိုးလုံးနှင့် ဖွဲ့စည်းထားသည်။ 


မှေးမှိန်နေသော ကြယ်ကိုးလုံးသည် အတတ်ပညာ ကိုးမျိုးကိုသာ ကိုယ်စားပြုသည်။ 


ထို့အတူပင် ၎င်းသည် တိုးတက်မှု၏ အမြင့်ဆုံး ကန့်သတ်ချက်ကိုလည်း ဆိုလိုခြင်း။


ရိုးရိုးရှင်းရှင်း ပြောရလျှင် ကျန်းရှောင်သည် မည်သို့ပင် ကြိုးစားစေကာမူ အတတ်ပညာ ကိုးမျိုးထက် ပို၍ မရနိုင်တော့ပေ။ 


ယေဘုယျအားဖြင့် ကြယ်တာရာနေရာအရေအတွက်သည် ပါရမီကို ဖော်ပြခြင်းဖြစ်သည်။


၎င်းသည် နိုးထသူတစ်ယောက် ရရှိနိုင်မည့် အတတ်ပညာ အရေအတွက်ကိုသာမက သူ မည်မျှအထိ တိုးတက်နိုင်သည်ကိုပါ ပြသပေး၏။


ဤအချက်များသည် စမ်းသပ်မှုပေါင်း များစွာမှတစ်ဆင့် လူသားတို့ သတ်မှတ်ထားသော စံနှုန်းများ ဖြစ်သည်။


ကြယ်တာရာနေရာ ၂၀ ရှိသော နိုးထသူတစ်ယောက်နှင့် ၁ နေရာသာ ရှိသော နိုးထသူတို့သည် အရည်အသွေးတူ ကြယ်တာရာပုတီးစေ့များကို စုပ်ယူပါက၊ ၂၀ ရှိသူက အတတ်ပညာ ရရှိရန် ပို၍ လွယ်ကူသည်။


ကျန်းရှောင်၏ မြေပုံမှာ နက္ခတ်ခုနစ်လုံးပုံစံဖြစ်ပြီး ဟန်ကျန်းရွှယ်၏ မြေပုံမှာမူ တောက်လောင်နေသော အဖြူရောင် မီးတောက်ပုံစံဖြစ်သည်။ 


တိုက်ပွဲများအတွင်း သူမ၏ ကြယ်တာရာမြေပုံသည် ကြောက်မက်ဖွယ်ကောင်းလှ၏။


သူမတွင် ကြယ်တာရာနေရာ စုစုပေါင်း ၃၀ အထိ ရှိသည်။ 


ထိုအရေအတွက်သည် သူမ ရရှိနိုင်မည့် အတတ်ပညာနှင့် ပါရမီကို ဖော်ပြနေခြင်း။


ကျန်းရှောင်သည် စားပွဲပေါ်မှ ကြယ်တာရာပုတီးစေ့ကို ကောက်ယူလိုက်ရာ၊ မစုပ်ယူရသေးခင်မှာပင် သူ၏ စိတ်ထဲတွင် ပုံရိပ်တစ်ခု ပေါ်လာသည်။


ဘီလူးဖြူစုန်းမ ကြယ်တာရာပုတီးစေ့ (ကြေးဝါအဆင့်)


ကြယ်စင်အတတ်ပညာ -


၁။ ကောင်းချီးပေးခြင်း : ပစ်မှတ်၏ သက်စောင့်စွမ်းအားကို နှေးကွေးစွာ ပြန်လည် ဖြည့်တင်းပေးခြင်း (ကြေးဝါအဆင့်၊ အဆင့်မြှင့်တင်နိုင်သည်)


၂။ လှည့်စားခြင်း : ရန်သူကို ဇဝေဇဝါဖြစ်စေရန် ပုံရိပ်ယောင်တစ်ခု ဖန်တီးခြင်း (ကြေးဝါအဆင့်၊ အဆင့်မြှင့်တင်နိုင်သည်)


၎င်းတို့ကို အတူတကွ စုပ်ယူလိုပါသလား။


‘ဒါက ဘာကို ဆိုလိုတာလဲ၊ ငါ စုပ်ယူချင်သလား'


'အတူတကွ၊ ဒါက ဘာကို ပြတာလဲ'


'အတတ်ပညာ နှစ်မျိုးလုံးကို ကြယ်တာရာနေရာ တစ်ခုတည်းမှာ ထားလို့ရတယ်လို့ ဆိုလိုတာလား'


အခြားသူများသည် ပုတီးစေ့ရှိသော်လည်း တစ်သက်လုံး အတတ်ပညာ တစ်ခုမှ မရနိုင်ကြဘဲ၊ သူကမူ တိုက်ရိုက် စုပ်ယူနိုင်နေသည်။ 


အဆင့်မြှင့်တင်နိုင်သည် ဆိုသော အကွက်က ကျန်းရှောင်ကို ဇဝေဇဝါ ဖြစ်စေသည်။ 


အခြားသူများ အတတ်ပညာ ရရှိသောအခါ ၎င်း၏အဆင့်သည် ရရှိစဉ်က အဆင့်မှာပင် ရပ်တန့်နေပြီး တိုးတက်ရန် လမ်းစမရှိပေ။ 


သို့သော် ကျန်းရှောင်ကမူ အဆင့်မြှင့်တင်နိုင်သည်တဲ့လား။


‘ဒါက ဘယ်လိုမျိုး အသာစီးရမှုကြီးလဲ'


'လွန်ခဲ့တဲ့ သုံးရက်က စနစ်ရနဲ့ မိတ်ဆက်ပြီးတော့ ကျန်းရှောင်ဖီ စိတ်ဓာတ်ကျသွားတာလား'


'တောက်... သူက တကယ်ကို ပါရမီပါတဲ့သူပဲ'


“နှမြောမနေနဲ့၊ စုပ်ယူလိုက်၊ ငါ နောက်ထပ် သွားတိုက်ခိုက်ပြီး ယူပေးနိုင်တယ်”ဟု ဟန်ကျန်းရွှယ်က သူမ၏ မောင်ဖြစ်သူ၏ ပါရမီကို သိနေသည့်အတွက် စိတ်မရှည်သလို လက်ဟန်ပြရင်း ပြောလိုက်သည်။


ဟန်ကျန်းရွှယ်က ဆက်ပြောသည်။


"ဘီလူးဖြူစုန်းမမှာ အတတ်ပညာ နှစ်မျိုးရှိတယ်၊ တစ်ခုက ဒဏ်ရာရတဲ့ အသင်းဖော်ကို ကုသပေးနိုင်တာ၊ နောက်တစ်ခုက ပုံရိပ်ယောင် ဖန်တီးတာ"


"အဲဒီ စွမ်းဆောင်ရည်တွေက အရမ်းကောင်းတယ်...”


စကားပြောနေရင်း၊ တုံ့ဆိုင်းနေသော ကျန်းရှောင်၏ လက်ထဲရှိ ကြယ်တာရာပုတီးစေ့သည် ကြယ်မှုန်များအဖြစ် ပြောင်းလဲသွားပြီး သူ၏ ရင်ဘတ်ထဲသို့ စီးဝင်သွားသည်ကို ဟန်ကျန်းရွှယ် တွေ့လိုက်ရသည်။


ဟန်ကျန်းရွှယ်သည် မည်မျှပင် တည်ငြိမ်အေးစက်သူ ဖြစ်ပါစေ၊ ယခုအခါ သူမ မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေ၏။


သူမက ခေါင်းလေးစောင်းကာ “နင် အတတ်ပညာတစ်ခုခု ရလိုက်လား” ဟု မေးလိုက်သည်။


ကြယ်မှုန်များ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်ကို ခံစားရင်း ကျန်းရှောင်က မျက်လုံးဖွင့်ကာ ခေါင်းညိတ်ပြလိုက်သည်။


ဟန်ကျန်းရွှယ်၏ မျက်လုံးများ တောက်ပသွားပြီး သူမ၏ မျက်နှာသည်လည်း အေးစက်မှု လျော့ပါးသွားသည်။ 


ကမ္ဘာလောကကြီး တစ်ခုလုံး နွေးထွေးသွားသကဲ့သို့ပင်။ 


ကျန်းရှောင်သည် ကြင်နာသော အကြည့်ဖြင့် ကြည့်နေသည့် မိန်းကလေးကို ကြည့်ကာ ချက်ချ

င်းပင် စိတ်ကြည်လင်သွား၏။


ဟန်ကျန်းရွှယ်က တိုးတိုးလေး မေးလိုက်သည်။ 


“ဘယ်အတတ်ပညာကို ရလိုက်တာလဲ”

ဘယ်အတတ်ပညာလဲ"


ကျန်းရှောင်ဖီမှာတော့ အတိတ်က ရွေးချယ်စရာ မရှိခဲ့ပေ။


'ဒါပေမဲ့ ငါ ကျန်းရှောင်ကတော့... အားလုံးကို ငါပိုင်ဆိုင်ချင်တယ်'