အခန်း ၇
Viewers 535



ဘယ်လိုပဲဖြစ်ဖြစ် သူဟာ စီအီးအို (CEO) ဝတ္ထုတွေထဲက မင်းသားတစ်ယောက် ဖြစ်မလာနိုင်မှန်း ယူဇီ ကိုယ့်ကိုယ်ကိုယ် ကောင်းကောင်းသိသည်။


ယူချင်း တစ်ယောက် နိုင်ငံခြားကို ထွက်သွားပြီးတဲ့နောက် သူ့အတွက် ဘာပိုင်ဆိုင်မှုတစ်ခုမှ ချန်မထားခဲ့ပေ။ ‘အလိုလိုက်ခံရတဲ့ အာဏာရှင်လေး’ ဆိုတဲ့ အခွင့်အရေးမျိုး သူ လက်လွှတ်ခဲ့ရတာ ကြာပြီ ဖြစ်သည်။ 


ဘယ်လောက်ပဲ မျက်နှာပြောင်တိုက်ပါစေဦးတော့... ရှဲ့တုန်းချန် စိတ်ကူးယဉ်နေသလိုမျိုး သူ့အပေါ် ငွေတွေပုံအောပြီး အလိုလိုက်မယ့် သူဌေးကြီး ရင်းနှီးမြှုပ်နှံသူ ဆိုတာမျိုးကိုလည်း ရှာတွေ့နိုင်မှာ မဟုတ်တော့။


အထက်တန်းစား လူ့အသိုင်းအဝိုင်းဆိုတာ ရိုးရှင်းပြီး ရက်စက်တဲ့ အမှန်တရားတစ်ခု ရှိသည်။ အရှိန်အဝါနဲ့ အာဏာ ကုန်ဆုံးသွားတာနဲ့ မင်းအတွက် ဘယ်သူကမှ တစ်စက္ကန့်လေးတောင် အချိန်အပုပ်ခံမှာ မဟုတ်တော့။ ငွေကြေးအကြောင်း ဆိုရင်တော့ ပြောနေရုံနဲ့တင် သိသာလှသည်။


အခုဆိုရင် ယူမိသားစုရဲ့ စည်းစိမ်လက်ကျန်လေးကို အမှီပြုပြီး အသက်ဆက်နေရပြီး နာမည်မရှိတဲ့ ကောင်စားလေး ဒေးဗစ် ကပင် သူ့ခေါင်းပေါ်တက်ပြီး ပြဿနာရှာ ဗိုလ်ကျချင်နေပြီ မဟုတ်ပါလား။


ရှဲ့တုန်းချန်က ကားစတီရီယိုကို ဖွင့်လိုက်ရာ ယူဇီ တစ်ခါမှမကြားဖူးတဲ့ သီချင်းတစ်ပုဒ် ထွက်ပေါ်လာသည်။ သီချင်းသံစဉ်လေးက သာယာနာပျော်ဖွယ် ရှိသော်လည်း အသံအရည်အသွေးကတော့ သာမန်မျှသာ။


ရှဲ့တုန်းချန်သည် ယူဇီကို ခေါ်ဆောင်ကာ မော်တော်ယာဉ် စစ်ဆေးရေးဌာနသို့ နှစ်ပတ်လည် ကားစစ်ဆေးမှုလုပ်ရန် မောင်းနှင်လာခဲ့သည်။ အဟောင်းအနွမ်း ဒုတိယလက်ကျန် ကားအိုကြီးက ပြဿနာတွေ အတော်လေး များနေသဖြင့် ရှဲ့တုန်းချန်လည်း အနည်းငယ် စိုးရိမ်နေပုံရ၏။


ကားစစ်ဆေးရေးဌာနသည် မြို့ပြင်က စက်ရုံဟောင်းကြီးတစ်ခု၏ ဘေးတွင် ရှိပြီး၊ မွန်းလွဲပိုင်းအချိန် ဖြစ်သဖြင့် ကားအဝင်အထွက်များပြားကာ ဖုန်တလုံးလုံး ထနေသည်။


ယူဇီ ကားတံခါးကို ဖွင့်လိုက်ပြီး အလိုအလျောက်ပင် လက်ဖြင့် ယပ်ခတ်မိသွားသည်။


"ကျွန်တော့်ကို အပြင်မှာပဲ စောင့်နေနော်၊ ကားစစ်တာ သိပ်မကြာပါဘူး... ချက်ချင်းပြီးမှာ" ဟု ရှဲ့တုန်းချန်က မှန်တင်သည့် ခလုတ်ကို နှိပ်ရင်း သူ့ကို လှမ်းပြောသည်။


ယူဇီ ခေါင်းညိတ်ပြလိုက်၏။


ရှဲ့တုန်းချန် ကားမောင်းဝင်သွားသည်ကို ကြည့်ရင်း ယူဇီ ဘေးပတ်ဝန်းကျင်သို့ လမ်းလျှောက်လာမိရာ ဤနေရာသည် သူ့အတွက် အနည်းငယ် ရင်းနှီးနေသလို ခံစားရသည်။ တစ်ချိန်က ယူချင်းသည် ဤအနီးအနားတွင် အမိုးပွင့် တင်းနစ်ကလပ်တစ်ခု ထောင်ရန် စိတ်ကူးခဲ့ဖူးသည်။ ပိုက်ဆံရှာဖို့ မဟုတ်ဘဲ သူ့သူငယ်ချင်းတွေ ပျော်ပျော်ပါးပါး ကစားနိုင်ရန် သက်သက်သာ ဖြစ်သည်။ သို့သော် ကံဆိုးစွာဖြင့် ငွေကြေးစီးဆင်းမှု ကွင်းဆက် ပြတ်တောက်သွားခဲ့ပြီး ဤမြေကွက်ကြီးမှာ ယနေ့တိုင် အလဟဿ အလွတ်အတိုင်း ကျန်ရစ်ခဲ့ရခြင်း ဖြစ်၏။


မြောက်ပိုင်းမြို့တော်၏ ဆောင်းဦးလေက ပိုမိုကြမ်းတမ်းလာသည်။ ယူဇီ၏ ဆံပင်များ လေထဲတွင် ဖရိုဖရဲ လွင့်ပျံနေပြီး လမ်းဘေးရှိ ပရုတ်ပင်ကြီးများမှာလည်း လေတိုးသံဖြင့် တရှဲရှဲ မြည်ဟည်းနေကြသည်။


ယူမိသားစု၏ ဗီလာအိမ်ကြီး ရှေ့မျက်နှာစာ ဝင်းထဲတွင်လည်း ပရုတ်ပင်တစ်ပင် ရှိခဲ့ဖူးသည်။ ၎င်းကို သူ့အသက် ဆယ်နှစ်ပြည့် မွေးနေ့တုန်းက ရှန်ပင်း က အပြင်ကနေ သယ်ယူပြီး အမှတ်တရ စိုက်ပျိုးပေးခဲ့ခြင်း ဖြစ်၏။ ရာသီဥတု ဘယ်လိုပဲ ပြောင်းလဲပါစေ ထိုအပင်ကြီးမှာ ဆယ်စုနှစ်တစ်ခုကျော်တိုင် စိမ်းလန်းဝေဆာနေခဲ့သည်။


အဲဒီအပင်ကြီး အခု ဘယ်လို ရှိနေမလဲ မသိဘူး...


ယူဇီသည် အရှေ့က တောရိုင်းပရုတ်ပင်များကို ကြည့်ရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။


ကံကောင်းထောက်မစွာဖြင့် ရှဲ့တုန်းချန်က သူ့ကို ကြာကြာမစောင့်ခိုင်းဘဲ တစ်နာရီမပြည့်မီမှာတင် ပြန်ထွက်လာခဲ့သည်။

ရှဲ့တုန်းချန်က ကားမှန်ချကာ လှမ်းခေါ်သည် "သွားကြစို့။"


ယူဇီသည် ရှေ့ခန်းက ခရီးသည်ထိုင်ခုံတွင် ဝင်ထိုင်လိုက်စဉ် ကားမှန်၌ ကပ်ထားသည့် ကားစစ်ဆေးပြီးကြောင်း စတစ်ကာအသစ်လေးကို မြင်လိုက်ရသည်။ ဤကားအိုကြီးသည် နောက်ထပ် တစ်နှစ်တော့ အသက်ဆက်နိုင်ဦးမည်ပေါ့။


သို့သော် ကားထဲရောက်ပြီးမှ ရှဲ့တုန်းချန်သည် အိမ်ပြန်မည့် လမ်းအတိုင်း မောင်းမနေကြောင်း သူ သတိပြုမိသွားသည်။

"ငါကို ဘယ်ခေါ်သွားမလို့လဲ။"


"ဒီအနီးအနားမှာ ညဈေးတစ်ခု ရှိတယ်။"


"မိုးတောင်မချုပ်သေးဘူး... ညဈေးက ဖွင့်နေပြီလား" ယူဇီသည် ကားဒိုင်ခွက်ပေါ်က အချိန်ကို လှမ်းကြည့်လိုက်ရာ ညနေ ခြောက်နာရီတောင် မပြည့်သေးချေ။


"ဒါက တက္ကသိုလ်နယ်မြေက ညဈေးမို့လို့ စောစောဖွင့်တာ။"


ယူဇီသည် ပုံမှန်အားဖြင့် လူရှုပ်ပြီး လူပြွတ်သိပ်နေသည့် နေရာမျိုးကို မနှစ်သက်တတ်ပါ။ သို့သော်လည်း အခုအိမ်ပြန်ရင် ရင်ဆိုင်ရမှာက ဟိုငါးကန်အသေးလေးနဲ့ တီဗီအစုတ်လေးပဲ ရှိသည်။ ခဏမျှ စဉ်းစားပြီးနောက် သူ ငြင်းဆန်မနေတော့ဘဲ ရှဲ့တုန်းချန် မောင်းနှင်ရာနောက်သို့ လိုက်ပါရင်း ကားမှန်ပြတင်းတွင် ခေါင်းမှီကာ ငြိမ်သက်နေလိုက်တော့သည်။


ဒုတိယလက်ကျန် ကိုရိုလာ ကားလေးသည် မြို့စွန်တစ်လျှောက် အရှိန်အဟုန်ဖြင့် ပြေးလွှားရင်း လူသူကင်းမဲ့သော ဆင်ခြေဖုံးလမ်းများကို ဖြတ်ကျော်ကာ တက္ကသိုလ်နယ်မြေ၏ လမ်းကြားလေးများထဲသို့ ချိုးဝင်လိုက်သည်။


ရှဲ့တုန်းချန်သည် လမ်းဘေးရှိ အဖြူရောင်စည်းများအတွင်း ကားကို ကျွမ်းကျင်စွာ ထိုးရပ်လိုက်၏။


ယူဇီက စနောက်လိုက်သည် "မင်း ကားမောင်းလိုင်စင်စာမေးပွဲကို ကောင်းကောင်း အောင်ခဲ့ပုံရတယ်နော်။"

ရှဲ့တုန်းချန်က ခေါင်းကို ကုတ်ရင်း "မဆိုးပါဘူး... တစ်ခါတည်းနဲ့ အောင်ခဲ့တာ။"


ယူဇီ လှိုက်လှိုက်လှဲလှဲ ရယ်မောလိုက်ပြီး သူ့ကို အနည်းငယ် ချီးကျူးလိုက်ရာ ထိုကောင်လေး ဂုဏ်ယူဝင့်ကြွား သွားပုံရသည်။


မိုးမချုပ်သေးသော်လည်း ညဈေးတန်းကြီးတစ်ခုလုံး လူများဖြင့် စည်ကား ဆူညံနေပြီဖြစ်သည်။ လမ်းဘေးဝဲယာတွင် ဆိုင်တွန်းလှည်းလေးများဖြင့် အကြော်အလှော်မျိုးစုံ၊ ချက်ပြုတ်ပြုတ်မျိုးစုံတို့ဖြင့် ပြည့်နှက်နေပြီး အိုးအမျိုးမျိုးမှ တဗွက်ဗွက်ဆူသံများနှင့်အတူ ဆီနံ့များ လေထုထဲ ပျံ့လွင့်နေသည်။


ယူဇီသည် လူအုပ်နှင့် ဝေးဝေးနေနိုင်ရန် လမ်း၏ အတွင်းဘက်အကျဆုံးနေရာမှ ကပ်၍ လျှောက်လာခဲ့သည်။

စင်စစ် ရှဲ့တုန်းချန်မှာမူ ဆန်အိုးထဲကျတဲ့ ကြွက်စုတ်လေးနှယ် ထိုလူအုပ်ကြီးထဲသို့ အလျင်အမြန်ပင် တိုးဝှေ့ဝင်ရောက် ပျောက်ကွယ်သွားတော့သည်။


ငါးမိနစ်ပင် မပြည့်မီမှာတင် သူသည် ဖန်ပုလင်းနှစ်ပုလင်းကို ကိုင်ကာ ပြန်ထွက်လာပြီး ပုလင်းတစ်လုံးကို ယူဇီ့ထံ လှမ်းပစ်ပေးလိုက်သည်။


ယူဇီ အလန့်တကြားဖြင့် လှမ်းဖမ်းလိုက်ရ၏။


"ဒါက ဘာလဲ" ယူဇီသည် ပုလင်းကို မြှောက်ပြီး အထဲသို့ ကြည့်လိုက်ရာ အမြှုပ်တစီစီ ထနေသော တစ်ပိုင်းတစ်စ ကြည်လင်သည့် အရည်များကို မြင်ရသည်။ "ဒါ... ဓာတုသကြားရည် အချိုရည်လား။"


ယူဇီသည် ထိုသို့သော လုပ်ငန်းသုံး အရည်ဖျော် အချိုရည်များကို တစ်ခါမှ မသောက်ဖူးချေ။ ထိုအရာများသည် ဈေးပေါသော ဓာတုသကြားအရသာသာ ရှိသည်ဟု သူ ခံစားရသောကြောင့် ဖြစ်သည်။


"မြည်းကြည့်ပါဦး၊ တကယ် သောက်လို့ကောင်းတယ်" ရှဲ့တုန်းချန်က ပုလင်းအဖုံးကို ဖောက်ပြီး တစ်ငုံ သောက်လိုက်ရာ သူ့လည်ချောင်းကြီး လှုပ်ရှားသွားသည်။


ရှဲ့တုန်းချန်၏ အရသာတွေ့လှသော မျက်နှာအမူအရာကြောင့် စုန်းဝင်စားခံလိုက်ရသလိုမျိုး ယူဇီလည်း စမ်းသောက်ကြည့်ချင်စိတ် ပေါ်လာသည်။ သူသည် ရှဲ့တုန်းချန်ကို အတုယူကာ ပုလင်းအဖုံးကို လှည့်ဖွင့်ပြီး တစ်ငုံ သောက်လိုက်၏။


ရှဲ့တုန်းချန်၏ မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေပြီး ယူဇီ့ထံမှ တုံ့ပြန်မှုကို စောင့်ဆိုင်းနေသည်။


တစ်ငုံ သောက်ပြီးနောက် ယူဇီ ဘာမှမပြောသေးဘဲ ပုလင်းထဲက အချိုရည်ကို နောက်ထပ်တစ်ငုံ ထပ်သောက်လိုက်သည်။ ယခုတစ်ကြိမ်မူ ပထမအကြိမ်ထက် ပို၍ ရှည်ကြာသွားသည်။


"ဘယ်လိုလဲ" ရှဲ့တုန်းချန်က မနေနိုင်ဘဲ တိုက်ရိုက် မေးလိုက်တော့သည်။


"မဆိုးပါဘူး" ယူဇီသည် ဖန်ပုလင်းကို ကြည့်ရင်း ထိုမှတစ်ဆင့် ရှဲ့တုန်းချန်၏ မျက်လုံးများကို လှမ်းကြည့်လိုက်သည်။


"ကျွန်တော် ပြောသားပဲ ကောင်းပါတယ်လို့... ကျွန်တော် ငယ်ငယ်ကတည်းက ‘ဟုန်ပေါင်လိုင်’ ကို သိပ်ကြိုက်တာ။"


"ဟိုဘက်က ခုံမှာ သွားထိုင်နှင့်နော်၊ ကျွန်တော် ဟင်း သွားဝယ်လိုက်ဦးမယ်" ရှဲ့တုန်းချန်က တောင်ဘက်က လူနည်းနည်း ရှင်းသည့်နေရာကို လက်ညှိုးညွှန်ပြသည်။


ယူဇီ လှမ်းကြည့်လိုက်ရာ ထိုနေရာတွင် လူနည်းပြီး စားပွဲနှင့် ကုလားထိုင်များ တန်းစီရှိနေသည်ကို မြင်ရသည်။ သူ ခေါင်းညိတ်လိုက်ပြီး ရှဲ့တုန်းချန် လက်ထဲက ပုလင်းကို ညွှန်ပြကာ "ငါ့ကို ပေး... ငါ တစ်ခါတည်း သယ်သွားပေးမယ်" ဟု ဆိုသည်။


ရှဲ့တုန်းချန်က ပုလင်းကို သူ့ထံ လှမ်းပစ်ပေးပြီးနောက် စားစရာ ဝယ်ရန် ပြေးထွက်သွားတော့သည်။


ယူဇီသည် ထိုကောင်လေး၏ ကျောပြင်ကို ကြည့်နေမိသည်။ တက္ကသိုလ်ကျောင်းသား အုပ်စုကြားထဲတွင် သူသည် လုံးဝ ကွဲထွက်မနေဘဲ သဟဇာတ ဖြစ်နေ၏။ ယူဇီသည် ရှဲ့တုန်းချန် အသက်ဘယ်လောက်ရှိပြီလဲ ဆိုတာ အခုထိ သေချာမသိသေးပါ။ သို့သော် သူတို့နှစ်ယောက်စလုံး အလုပ်လုပ်လာတာ နှစ်အနည်းငယ် ရှိပြီဖြစ်၍ အသက်ချင်း တူလောက်မည်ဟု ထင်မိသည်။


မကြာမီ ယူဇီသည် အတော်အတန် သန့်ရှင်းသော စားပွဲတစ်လုံးကို ရှာတွေ့သဖြင့် ထိုင်လိုက်ပြီး တစ်ရှူးဖြင့် စားပွဲပေါ်က ဆီကွက်များကို ဂရုတစိုက် သုတ်သင်နေလိုက်သည်။


ဝေးကွာလှသော မိုးကုတ်စက်ဝိုင်းဆီတွင် နေဝင်ရိုးရီ အချိန် ရောက်လုနီးပြီ ဖြစ်၍ ညဈေးတန်းကြီးမှာလည်း ညဘက်၏ စည်ကားလှပသော ပုံရိပ်အဖြစ်သို့ စတင် ကူးပြောင်းလာခဲ့ပြီ ဖြစ်သည်။


၁၅ မိနစ်ခန့် ကြာပြီးနောက် ရှဲ့တုန်းချန်သည် ပလတ်စတစ်အိတ် နှစ်အိတ်ကို ကိုင်ကာ ပြန်ရောက်လာသည်။


သူသည် မျက်နှာချင်းဆိုင်က ပလတ်စတစ် ကုလားထိုင်ကို ဆွဲထုတ်ကာ ထိုင်လိုက်ပြီး လက်ထဲက ဗူးကို ဖွင့်လိုက်ရာ ပူနွေးလှသော အခိုးအငွေ့များ ချက်ချင်း ဝေမျှထွက်ပေါ်လာတော့သည်။


"ဒါက ဘာလဲ။"


"စတိတ် (Steak) လေ" ရှဲ့တုန်းချန်က ယူဇီ့ကို တစ်ခါသုံး တူတစ်စုံ ကမ်းပေးရင်း ပြောသည် "မင်း အရင်က စားဖူးတဲ့ အဆင့်မြင့် စတိတ်တွေလောက်တော့ ဘယ်ကောင်းပါ့မလဲ၊ ဒါပေမဲ့ ဒါလည်း တကယ် အရသာရှိတယ်ဆိုတာ ကျွန်တော် အာမခံတယ်။"


ယူဇီသည် အဆင့်မြင့် စားသောက်ဆိုင်ကြီးများစွာတွင် စတိတ်ကို စားဖူးသော်လည်း ကြက်ဥကြော်တစ်လုံး အပိုပါသည့် ဤ ၁၅ ဒေါ်လာတန် စတိတ်ဗူးမျိုးကိုမူ ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်သည်။


ပထမဆုံး တစ်ကိုက် ကိုက်ကြည့်လိုက်ရာ အသားက တကယ့် အသားတုံးစစ်စစ် မဟုတ်ဘဲ သာမန်မျှသာ ဖြစ်ကြောင်း သိသာသည်။ သို့သော် ၁၅ ဒေါ်လာဆိုသည့် ဈေးနှုန်းနှင့် ယှဉ်ကြည့်လျှင် ယူဇီ့အနေဖြင့် "တကယ်ကို စားလို့ကောင်းတယ်" ဟုပင် အကဲဖြတ်ရပေမည် ။


တစ်ဝက်ခန့် စားပြီးနောက် သူ မော့ကြည့်ကာ မေးလိုက်သည် "မင်း ဘာလို့ ငါ့ကို ဒီနေရာကို ရုတ်တရက် ခေါ်လာတာလဲ။"


"မင်းကို ကြည့်ရတာ စိတ်မချမ်းသာပုံ ပေါက်နေလို့" ရှဲ့တုန်းချန်က ပြန်ဖြေသည်။


ယူဇီ ကိုယ့်မျက်နှာကိုယ် ပြန်ကိုင်ကြည့်မိပြီး "အဲဒါက အဲဒီလောက်တောင် သိသာနေလို့လား။"


ရှဲ့တုန်းချန် ခေါင်းညိတ်ပြသည် "မင်း စိတ်မကောင်းဖြစ်တဲ့ အချိန်တိုင်း အမြဲတမ်း ဒီလိုမျက်နှာမျိုး ဖြစ်နေတတ်တာ။"


ယူဇီ သိချင်စိတ် ဖြစ်သွားသည်။ ဤကောင်လေးက ကားမောင်းနေရင်းတောင် သူ့ရဲ့ ခံစားချက်ကို သတိထားမိနေတာလား။


"ငါ စိတ်မကောင်းဖြစ်ရင် ဘယ်လိုမျက်နှာပေါက် ဖြစ်နေလို့လဲ။"


ရှဲ့တုန်းချန်က သူ့မျက်တောင်ထောင့်ကို ဖိပြီး မျက်ခွံကို အနည်းငယ် ချလိုက်ပြသည် "ဒီလိုမျိုးလေ။ တစ်ခါတုန်းက နှစ်သစ်ကူးအကြိုညမှာ မင်း ဘယ်သူနဲ့ ရန်ဖြစ်လာလဲတော့ မသိဘူး... တစ်ညလုံး ဒီမျက်နှာနဲ့ပဲ။ ကျွန်တော်လည်း မင်းကို တင်ပြီး မြို့ပြင်ပတ်လမ်းအတိုင်း သုံးလေးပတ်လောက် မောင်းပေးခဲ့ရတယ်... ပြီးမှ အနောက်ဘက် ဆင်ခြေဖုံး ဗီလာအိမ်ကြီးဆီ ပြန်ပို့ပေးခဲ့တာ။"


"မင်း ငါနဲ့အတူ တစ်ညလုံး ရှိနေပေးခဲ့တာလား။"


"ဟုတ်တယ်။"


ယူဇီမှာ ထိုမှတ်ဉာဏ်ကို သိပ်ပြီး မမှတ်မိတော့ပေ။ အဓိကကတော့ သူသည် မိသားစုနှင့် ခဏခဏ ရန်ဖြစ်တတ်ပြီး နှစ်သစ်ကူးအကြိုညဆိုလျှင် ပို၍ ပဋိပက္ခ ဖြစ်ပွားတတ်သောကြောင့် ဖြစ်သည်။ နှစ်သစ်ကူး မိသားစု စုံညီညစာကို မစားဘဲ ထွက်ပြေးတာမျိုး သူ လုပ်ဖူးသည်။


သို့သော် ထိုနှစ်သစ်ကူးအကြိုညကို ဤကောင်လေးနှင့်အတူ ဖြတ်သန်းခဲ့ရလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့မိ။


မျက်နှာချင်းဆိုင်က လူအပေါ် ခဲခဲယဉ်းယဉ်း သိချင်စိတ် ဖြစ်ပေါ်လာသဖြင့် ယူဇီသည် အချိုရည်ကို တစ်ငုံသောက်ကာ မေးလိုက်သည် "ဒါနဲ့ မင်းမိသားစုကကော... နှစ်သစ်ကူး ညစာစားဖို့ အိမ်ပြန်လာဖို့ မတိုက်တွန်းကြဘူးလား။"


ရှဲ့တုန်းချန် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး နှုတ်ခမ်းကို တင်းတင်းစေ့ကာ အချိန်အနည်းငယ် ကြာမှသာ ပြန်ဖြေသည် "ဟင့်အင်း။"

ရှဲ့တုန်းချန်၏ ‘ဟင့်အင်း’ ဆိုသည့် အဖြေသည် ယူဇီ့မေးခွန်းထဲက ဘယ်အချက်ကို ဖြေလိုက်မှန်း ယူဇီ မသိရချေ။


သူ ထပ်ပြီးလည်း မမေးချင်တော့သဖြင့် လမ်းကြောင်းပြောင်းလိုက်သည် "ငါ မမေးရသေးဘူး... မင်း အသက် ဘယ်လောက်ရှိပြီလဲ။"


"ကျွန်တော်လား" ရှဲ့တုန်းချန်က သူ့နှာခေါင်းကို လက်ညှိုးထိုးပြသည်။


"မင်းမဟုတ်ရင် ဘယ်သူ ရှိဦးမလဲ။"


"ကျွန်တော် အသက် ၂၃ နှစ်။"


ယူဇီ မျက်မှောင်ကုတ်သွားသည် "မင်း အသက် ၂၃ နှစ်ပဲ ရှိသေးတာ ဟုတ်လား။"


သူသည် မျက်နှာချင်းဆိုင်က လူကို မိမိနှင့် အသက်တူလောက်ပြီဟု အမြဲ ထင်ခဲ့သော်လည်း အမှန်တကယ်တော့ သူ့ထက် နှစ်နှစ်တောင် ငယ်နေသေးသည်။


ရှဲ့တုန်းချန် ခေါင်းညိတ်ပြ၏။


"ဒါဆို မဟုတ်သေးဘူး... မင်း အလုပ်စလုပ်တာ သိပ်စောတာပဲ" ယူဇီ အချိန်ကာလကို တွက်ချက်ကြည့်လိုက်သည်။ ရှဲ့တုန်းချန် သူ့အတွက် ကားစမောင်းပေးတုန်းက အသက် ၂၀ ခန့်သာ ရှိသေးသည်။ ပုံမှန်အားဖြင့် ထိုအသက်အရွယ်ဆိုလျှင် တက္ကသိုလ်တောင် ဘွဲ့ရဦးမှာ မဟုတ်သေးချေ။


ရှဲ့တုန်းချန်က လေသံတိုးတိုးဖြင့် ရှင်းပြသည် "ကျွန်တော် တက္ကသိုလ် မပြီးခဲ့ဘူး။"


ဖန်ပုလင်းသည် စားပွဲအနားစွန်းနှင့် ရိုက်မိပြီး ကလင်ခနဲ မြည်သွားသဖြင့် ယူဇီက ပုလင်းကို အတွင်းဘက်သို့ အသာတွန်းလိုက်သည်။

"ဘာလို့ မပြီးခဲ့တာလဲ။"


ရှဲ့တုန်းချန် ချက်ချင်း ပြန်မဖြေဘဲ မျက်လုံးချင်းဆုံရန် ရှောင်ဖယ်နေသည်။

"တကယ်တော့ မင်းသာ တက္ကသိုလ်ပြီးခဲ့ရင် အခုချိန်မှာ ရွေးချယ်စရာတွေ အများကြီး ရှိမှာ။ ကားမောင်းတဲ့အလုပ်က ရေရှည်အလုပ် မဟုတ်ဘူး" ယူဇီသည် သူ့မျက်နှာကို ကြည့်ရင်း ထိုသို့သော စကားမျိုးကို ခဲခဲယဉ်းယဉ်း ပြောမိခြင်း ဖြစ်သည်။


 မျက်နှာချင်းဆိုင်က လူသည် စိတ်ဓာတ်ကောင်းမွန်ပြီး အနည်းငယ် တုံးအအ နိုင်သော်လည်း ဉာဏ်မဆိုးလှကြောင်း သူ ခံစားမိသည်။ ဤမျှ ငယ်ရွယ်သေးသူတစ်ယောက် အသက်မွေးဝမ်းကျောင်းအတွက် ကားမောင်းတာတစ်ခုတည်းကိုပဲ လုပ်နေရသည်မှာ မတန်တဆ ဖြစ်လွန်းသည်ဟု သူ ထင်မိသောကြောင့် ဖြစ်၏။


"ဒီလိုပဲ အဆင်ပြေပါတယ်" ရှဲ့တုန်းချန်က ဘာမှ အများကြီး ထပ်မရှင်းပြတော့ဘဲ အချိုရည်ကို သောက်ရင်း အကြည့်ကို လွှဲပစ်လိုက်သည်။


ယူဇီ တစ်ခုခု ထပ်ပြောချင်သော်လည်း ပါးစပ်ဟပြီးမှ စကားလုံးများကို ပြန်မျိုချလိုက်ရသည်။ သူ့ရဲ့ လက်ရှိ အခြေအနေကလည်း သူတစ်ပါးကို ဆုံးမစကားပြောဖို့အတွက် ထူးထူးခြားခြား ဆွဲဆောင်မှု ရှိမနေပါလား။


သူသည် တရုတ်နိုင်ငံ၏ အကောင်းဆုံး စီးပွားရေးတက္ကသိုလ်တွင် ပညာသင်ကြားခဲ့သော်လည်း အခုချိန်မှာ အလုပ်မရှိဘဲ အခြားသူများကို မှီခိုနေရသည် မဟုတ်ပါလား။


တစ်ခါတရံမှာ လူတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုတွေဟာ ကံကြမ္မာရဲ့ အလှည့်အပြောင်းတွေ ရှေ့မှောက်မှာ အရေးမပါသလို ဖြစ်သွားတတ်စမြဲ။


မကြာမီ စကားဝိုင်းက ယူဇီထံသို့ ပြန်လည် ဦးတည်လာခဲ့သည်။


ရှဲ့တုန်းချန်က သူ့ကို ပြန်ကြည့်ကာ မေးသည် "အဲဒီနေ့က မင်း ဘာလို့ မိုတယ် (Motel) မှာ တည်းနေရတာလဲ။ မင်းမိသားစုမှာ အိမ်တွေ အများကြီး ရှိ...."


"အားလုံး လေလံပစ်ခံလိုက်ရပြီ" ယူဇီက ဘာမှမဟုတ်သလိုမျိုး ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည် "ငါ့အဖေ ချန်ထားခဲ့တဲ့ အကြွေးတွင်းကြီးကို ဖို့ဖို့အတွက်ပေါ့။"


"ဒါဆို ဉီးလေးယူကကော..." ရှဲ့တုန်းချန်က သတိကြီးစွာဖြင့် မေးသည် "မင်းအဖေကို ပြောတာပါ။"


"သူ နိုင်ငံခြား ထွက်သွားပြီ။"


သူသည် ယူချင်း ချန်ထားခဲ့သော အသံမက်ဆေ့ခ်ျ (Voice Message) ကို ဖွင့်ပြီး အသံချဲ့လိုက်သည်။

နားထောင်ပြီးနောက် ရှဲ့တုန်းချန်က သူ့ကို တစ်ချက် လှမ်းကြည့်သည် "သူ တစ်ယောက်တည်း သွားတာလား။ ဘာလို့ မင်းကို တပါတည်း ခေါ်မသွားတာလဲ။"


ယခုတစ်ကြိမ်တွင်မူ ယူဇီ တစ်ယောက် ဆွံ့အသွားရသည့်အလှည့် ဖြစ်သည်။


သူ့ကို ဘာကြောင့် ချန်ထားခဲ့သလဲ ဆိုတာကို သူ တစ်ခါမှ မတွေးချင်ခဲ့ဖူးပါ။ သူသည် ဟိုရွှေ့ဒီပြောင်း နေထိုင်ရင်း, တစ်ဖက်မှလည်း ထိုအထီးကျန်လှသော အသံမက်ဆေ့ခ်ျလေးကို ဆုပ်ကိုင်ကာ ဒါဟာ သူ့ကံကြမ္မာပဲဟု ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေခဲ့ခြင်း ဖြစ်သည်။


သို့သော် ထိုမေးခွန်း၏ အဖြေကို အများကြီး စဉ်းစားနေစရာ မလိုပါ၊ အလွန် ထင်ရှားလှပေသည်။


သူသည် ယူချင်း နှင့် ရှန်ပင်း တို့၏ တစ်ဦးတည်းသော သားဖြစ်သည်။ အိမ်က မယားကြီးနေရာကို အခြားတစ်ယောက်နှင့် လဲလှယ်လိုက်ပြီ ဆိုစေဦးတော့... ယူချင်းသည် သူ့ကို ပြည်တွင်းမှာ ဒီအတိုင်း လုံးဝ စွန့်ပစ်ထားခဲ့မှာ မဟုတ်ချေ။


ထိုအကြောင်းကို တွေးမိရင်း သူ ရယ်မောလိုက်ရာ မျက်ဝန်းလေးများ ကွေးညွတ်သွားသည် "ဘာလို့လဲဆိုတော့ ငါက သောက်ကျိုးနည်း လိင်တူချစ်သူ (Homosexual) တစ်ယောက် ဖြစ်နေလို့ပေါ့။"


ရှဲ့တုန်းချန် ပါးစပ်ထဲက အချိုရည်များ အပြင်သို့ ပန်းထွက်လုနီးပါး ဖြစ်သွားသည်။ ယူဇီ ဤမျှအထိ ပွင့်ပွင့်လင်းလင်း ပြောချင်ပြောလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့မိ။


သူ ယူဇီ့အတွက် ကားမောင်းပေးခဲ့စဉ်တုန်းကတော့ ဤသခင်လေးသည် ခန့်မှန်းရခက်သော စိတ်ဆိုးဒေါသ အမူအရာမျိုး ရှိတတ်သည်ဟုသာ သိထားခဲ့ခြင်း ဖြစ်သည်။


ယူဇီနှင့် ပတ်သက်သည့် ကောလာဟလအချို့ကို သူ ကြားဖူးသော်လည်း ထိုစဉ်က သူ အလေးအနက် မထားခဲ့မိချေ။


ယခုအချိန်တွင်မူ ဤစကားကို သူ့ပါးစပ်မှ တိုက်ရိုက် ကြားလိုက်ရသဖြင့် အနည်းငယ် တုန်လှုပ်သွားရသည်။

"မင်း ရွံစရာကောင်းတယ်လို့ ထင်လား" ယူဇီက အေးအေးဆေးဆေး မေးလိုက်သည်။


"မဟုတ်ပါဘူး... အဲဒါက... ကျွန်တော် မင်းရဲ့ အတွေးလိုင်းကို အမီမလိုက်နိုင်လို့ပါ" ရှဲ့တုန်းချန်က သူ့နဖူးကို ပုတ်ရင်း ပြောသည် "ဒါပေမဲ့ သူက... ဒီအကြောင်းပြချက် တစ်ခုတည်းနဲ့တော့ ဒီလို လုပ်မှာမဟုတ်ပါဘူး... ဟုတ်တယ်မလား။"


"သူ လုပ်တယ်" ယူဇီက သူ့စကားကို ဖြတ်ပြောလိုက်သည်။


ယူချင်း၏ မျက်စိထဲတွင် သူ့ရဲ့ အခြေခံ အကျဆုံး ရည်ရွယ်ချက်ကတော့ အရှိန်အဝါနဲ့ စည်းစိမ်ရှိတဲ့ အမျိုးသမီးတစ်ယောက်ကို လက်ထပ်ရန်၊ သားသမီးမွေးရန်နှင့် မိသားစု အမွေအနှစ်ကို သဘာဝအတိုင်း ဆက်ခံရန် ဖြစ်သည်။ 


သူ၏ မူလအစီအစဉ်မှာ ယူဇီ့ကိုလည်း သူ့လမ်းစဉ်အတိုင်း ပုံတူကူးခိုင်းပြီး မြောက်ပိုင်းမြို့တော်က ချမ်းသာတဲ့ မိန်းကလေးတစ်ယောက်ကို လက်ထပ်ခိုင်းရန် ဖြစ်သည်။ သို့မှသာ မိသားစု ပိုင်ဆိုင်မှုကို သားစဉ်မြေးဆက် ဆက်ခံနိုင်ရုံသာမက အခြားသူများ၏ စည်းစိမ်ကိုပါ ရယူနိုင်မည် ဖြစ်သည်။


သို့သော် ယူဇီ တစ်ယောက် စောစောစီးစီး လိင်တူချစ်သူအဖြစ် ဖွင့်ဟဝန်ခံ (Come out) လိုက်ခြင်းက သူ့ကို အရာရာ စိတ်တိုင်းမကျ ထိန်းချုပ်ရခက်ခဲမှု ဖြစ်စေခဲ့သည်။ သူ၏ အစီအစဉ်များအားလုံး တိုက်ရိုက် ပျက်စီးသွားခဲ့ရတော့သည်။


"ငါက ဂေး (Gay) တစ်ယောက် ဖြစ်နေတော့ ငါ့ဘဝမှာ လက်ထပ်ဖို့ ဒါမှမဟုတ် သားသမီးမွေးဖို့ ဆိုတာ မဖြစ်နိုင်တော့ဘူး။ သူ့အတွက်တော့ ငါဟာ လူတစ်ယောက်အနေနဲ့ ဘာတန်ဖိုးမှ မရှိတော့ဘူးပေါ့" ယူဇီက ဆိုသည်။


ရှဲ့တုန်းချန်၏ အကြည့်များ တုန်လှုပ်သွားပြီး သူ့ကို မျက်လုံးချင်း တည့်တည့် ဆုံကြည့်ရန် ဝံ့ရဲပုံမရတော့ချေ။


"ဘာလဲ... မင်း ငါ့ကို သနားလို့လား။"


ရှဲ့တုန်းချန် ခေါင်းညိတ်ပြမိသော်လည်း သူ့ကို ဘယ်လို နှစ်သိမ့်ရမှန်း မသိဖြစ်နေသည်။


ယူဇီက ပခုံးတွန့်ပြလိုက်ပြီး ဘာမှမဖြစ်သလို အမူအရာမျိုး လုပ်နေသည် "ငါတို့လို မိသားစုမျိုးက လူတွေဟာ စီးပွားပျက်တာနဲ့ ထိုက်တန်ပါတယ်။ သနားနေစရာ မလိုပါဘူး။"


ရှဲ့တုန်းချန် အလျင်အမြန် ခေါင်းခါပြသည် "မဟုတ်တာ။ ကျွန်တော်ကတော့ မင်းကို လူကောင်းတစ်ယောက်လို့ ထင်ပါတယ်။"


"ငါ မင်းကို ဟိုတုန်းက ပိုက်ဆံ ငါးထောင် ချေးပေးခဲ့ဖူးလို့လား။"

"အဲဒါတစ်ခုတည်းကြောင့် မဟုတ်...."

ရှဲ့တုန်းချန် ထပ်မရှင်းပြတတ်တော့ဘဲ စကားလုံးများကို လမ်းတစ်ဝက်မှာတင် ရပ်တန့်လိုက်သည်။


သူသည် ထိုအသံမက်ဆေ့ခ်ျထဲက အကြောင်းအရာကို တွေးမိပြီး လွှဲမေးလိုက်သည် "သူက နောက်တစ်နှစ်နေရင် မင်းကို ပြန်လာခေါ်မယ် ပြောတယ်မလား။ အဲဒီကျရင် မင်း နိုင်ငံခြားကို လိုက်သွားမှာလား။"


ယူဇီသည် ဤအကြောင်းအရာကို ဆက်ပြီး မဆွေးနွေးချင်တော့သဖြင့် ပေါ့ပေါ့ပါးပါးပင် ပြန်ဖြေလိုက်၏ "အနာဂတ်အကြောင်း ဘယ်သူ သိနိုင်မှာလဲ။"


ကောင်းကင်ယံကြီးမှာ လုံးဝ မှောင်မိုက်သွားခဲ့ပြီ ဖြစ်၍ ညဉ့်အမှောင်ထုသည် လမ်းမထက်သို့ လွှမ်းခြုံလာခဲ့ပြီ ဖြစ်သည်။ ပတ်ဝန်းကျင်တစ်ခုလုံးတွင် ဈေးသည်များ၏ အော်ဟစ်ရောင်းချသံများနှင့် ဈေးဆွဲဝယ်ယူနေကြသော ကျောင်းသားများ၏ ဆူညံသံများဖြင့် ပြည့်နှက်နေတော့သည်။


ရှဲ့တုန်းချန်သည် အချိုရည်ကို တစ်ငုံ သောက်လိုက်စဉ် သူ့မျက်ဝန်း အကြည့်တို့မှာ ခဏမျှ မှေးမှိန်အုံ့ဆိုင်းသွားခဲ့လေသည်။